(43)
Viewers 5k

Chapter (43)

မြောက်ဘက်မှာ ငါးတွေရှိတယ်



ထိုနေ့တွင်ပင် လီကျင်လုံက ချန်အန်းသို့ ပြန်သွားရန် စပြောလာခဲ့သည်။ ထို့အပြင် ဟုန်ကျွင့်နှင့်အတူ အရသာရှိသော အစားအစာများ ရှာဖွေရန် နှင့် ချင်းရှူံကို စောင့်နေပေးရန် ဆုံးဖြတ်ထားသည်။ နောက်ဆုံးတော့ ဟုန်ကျွင့်လည်း မနေ့ညက စိုးရိမ်မှုတွေကို ဖယ်ထားနိုင်ခဲ့ပြီး ငါးကြင်းနတ်ဆိုးနဲ့အတူ ထွက်လာခဲ့သည်။ ချင်းရှူံက ဘယ်မှာစောင့်နေတယ်ဆိုတာ အရေးမကြီးပေမယ့် သူလာတဲ့အခါ ရွှေတောင်ပံက သဘာဝအတိုင်း ပေါ်လာလိမ့်မည်။ ဒါပေမဲ့ လိရှန်းတောင်ထက် နတ်ဆိုးနှင်ဌာနက ပိုသက်တောင့်သက်သာ ရှိနေတုန်းပဲ။


မနေ့ညက ချန်အန်းမြို့မှာ နှင်းတွေကျထားတာကြောင့် နေ့ခင်းဘက်မှာတော့ လမ်းမတွေပေါ်မှာ ရွှံ့တွေနဲ့ ပြည့်နေ၏။ တံစက်မြိတ်တွေကလည်း နှင်းတွေ ရွှဲနေကာ နှင်းအသစ်တွေတော့ မကျလာသေးချေ။ လီကျင်လုံက ဟုန်ကျွင့်ကို ငါးခုန်နဂါးတံခါး စားသောက်ဆိုင်ဆီ ခေါ်သွားကာ စားပွဲဝိုင်းတစ်ဝိုင်းမှာ နေရာယူလိုက်သည်။ ဘာပဲဖြစ်ဖြစ် အခုတော့ ခေါင်းဆောင်က ချမ်းသာနေပြီဆိုတော့ ရိုးရိုးရေကိုပဲ မှာ​သောက်စရာ မလိုတော့ဘူးလေ။ 


ဟုန်ကျွင့်ကတော့ အားထိုက် နှင့် အခြားသူများ ထွက်ခွာသွားခြင်းအတွက် ဝမ်းနည်းစရာ ကောင်းကြောင်း တွေးလိုက်မိသည်။ သူတို့နှစ်ယောက် ထမင်းစားနေရင်း တရုတ်နှစ်သစ်ကူးအကြောင်း ပေါ့ပေါ့ပါးပါး စကားတွေပြောဖြစ်ကြသည်။ 


ဟုန်ကျွင့်သည် မနေ့ညက တစ်ညတာ ကုန်လွန်လာသည်နှင့်အမျှ လီကျင်လုံနှင့် သူ၏ဆက်ဆံရေးသည် ထူးထူးခြားခြား ပြောင်းလဲသွားပုံရသည်ဟုသာ ခံစားလာခဲ့ရသည်။ လူတိုင်း ရန်ဖြစ်ဖူးပေမယ့် လီကျင်လုံက သူတို့ဌာနထဲ ဝင်လာချိန်ကစလို့ သူတို့ ထွက်သွားချိန်အထိ အမြဲတမ်း ​လောင်တဖြစ်ပြီး သူက အခု အစ်ကိုကြီးတစ်ယောက်လိုလည်း ဖြစ်နေကာ မိသားစုဝင်တွေကြား ရင်းနှီးမှုလို ပိုသိသာလာ၏။


လီကျင်လုံ: "ချင်းရှုံ မလာဘူးဆိုရင်... ငါတို့ ချန်အန်းမှာပဲ နှစ်သစ်ကူးကို ဖြတ်ကျော်ကြမလား"


ဟုန်ကျွင့်: "ကျွန်​တော်တို့ ယောင်ကျင်း နန်းတော်မှာ နှစ်သစ်ကူး မကျင်းပဖူးဘူး... ခင်ဗျား အိမ်ပြန်ချင်လို့လား"


"ငါက ဝမ်းကွဲအိမ်မှာနေတာ....အရင်က တခြားတစ်ယောက်ရဲ့အမိုးအောက်မှာ နေခဲ့ဖူးပေမယ့် နတ်ဆိုးနှင်ဌာနမှာ နေရတာ ပိုကြိုက်ပါတယ်"


ဟုန်ကျွင့်လည်း လီကျင်လုံက ထိုနေရာကို အိမ်အဖြစ် ရှုမြင်ကြောင်း သိသော်လည်း မိသားစုနှင့်အတူ ရှိ​နေရာ နေရာသည်သာ အိမ်ဖြစ်ကြောင်း သူ တဖြည်းဖြည်း နားလည်လာ၏။ ချုံမင် မနေ့ညက သူ့ကို ​ပြန်မခေါ်သွားခဲ့တော့ သူလည်း လီကျင်လုံအား တစ်ယောက်တည်း မနေ​စေတော့ရန် မျှော်လင့်ချက် အနည်းငယ် ပေးခဲ့သည်။ ဒီလိုမှမဟုတ်ရင် ဌာနကို ပြန်ရောက်တဲ့အခါ အားလုံးက ဗလာ​​ကြီး ဖြစ်​စေပြီး သိပ်ပြီးစိတ်ဝင်စားစရာ မရှိနိုင်တော့ပေ။ 


သူတို့နှစ်ဦးသည် ငါးခုန်နဂါးတံခါးမှ ထွက်ခွာသွားပြီး တစ်ဖန် အနောက်ဈေးမှ ထွက်ခွာခါနီးတွင် စာအုပ်ဆိုင်၏ တစ်ဖက်တစ်ချက်ရှိ ဆိုင်အပြင်ဘက်တွင် တန်းစီကာရပ်နေသော လူတန်းကို ရုတ်တရက်တွေ့လိုက်ရသည်။


"ဘာအရသာရှိတာတွေ ရောင်းနေကြတာလဲ" 


ဟုန်ကျွင့်သည် လူတွေ တန်းစီနေတာကို တွေ့တာနဲ့ အရသာရှိတာ တစ်ခုခုရှိမှန်း တန်းသိသည်။ လီကျင်လုံခမျာ ရယ်ရမလား ငိုရမလား မသိတော့ပါ။ 


"မင်းအခုနက စားထားတာ မလုံလောက်ဘူးလား?"


"ကျွန်တော် 70% ပဲပြည့်သေးတာ..." 


ဟုန်ကျွင့်က သူ့ဗိုက်ကို ထိပြီး ပြန်ဖြေ၏။


လီကျင်လုံလည်း သွားဝယ်ဖို့ကလွဲလို့ ရွေးချယ်စရာ မရှိတော့ပေ။ ဘယ်သူက လက်အောက်ငယ်သား ဖြစ်ပြီး ဘယ်သူက သူ့အထက်အရာရှိလဲ မသိ။ သူဘာကြောင့် ဟုန်ကျွင့်ပေးတဲ့ တာဝန်ကို ထမ်းဆောင်​နေရတာလဲ။ ဒါပေမဲ့ သူ့အဖွဲ့က အဆုံးသတ်ကို ရောက်သွားပါပြီ။ 


တံခါးမှာ အလံနှစ်ချောင်း ချိတ်ဆွဲထားပြီး ဘယ်ဘက်မှာ "မင်္ဂလာနေနဲ့ လ" နဲ့ "စကြဝဠာကို ခရီးသွားခြင်း" လို့ ရေးထားတဲ့ အလံကိုတော့ ညာဘက်မှာ ချိတ်ဆွဲထားပါ၏။


"ဒီမှာ ဗေဒင်ဟောသေးတာလား" 


လီကျင်လုံက အရမ်းအံ့သြသွားသည်။


"ဘယ်လောက်မှန်လဲ!.."


ဟုန်ကျွင့်က မြင်းဇတ်ကြိုးဆွဲချပြီး သူတို့တွေက အစားအသောက်တွေ မရောင်းဘူး ဆိုတာကို မြင်တော့ သူက “သွားရအောင်” လို့ ဆော်ဪလိုက်သည်။ 


"ခေါင်းဆောင်လီ... မင်း အိမ်ထောင်ရေးမှာ မင်းရဲ့ကံကို တွက်ချင်လား ဒါမှမဟုတ် တရားဝင် ရာထူးအတွက် တွက်ကြည့်ချင်လား?"


တစ်စုံတစ်ယောက်က အရွှန်းဖောက်လာသည်။ လီကျင်လုံ ခဏမျှ တုံ့ဆိုင်းသွား၏။ အစက သူထွက်သွားချင်သော်လည်း လွဲချော်သွားပြန်လျှင်လည်း သနားစရာကောင်းသည်ဟု ခံစားမိတာကြောင့် ရပ်နေလိုက်သည်။ ဟုန်ကျွင့်ကတော့ သူ့ကံကြမ္မာကို မမေးမြန်းချင်ပါ။ သူသည် အနာဂတ်ကို လုံးဝ မသိချင်ဘဲ ပျော်ရွှင်မှုတွေထဲမှာသာ ပါဝင်နိုင်မည်ဟု တွေးထားသူ ဖြစ်သည်။ 


"ခေါင်းဆောင် ဘာမေးချင်တာလဲ" 


ဟုန်ကျွင့်လည်း တန်းစီရင်း လီကျင်လုံကို မေးလိုက်သည်။ လီကျင်လုံ ဒီကိစ္စကို သိပ်မစဉ်းစားထားဘဲ ငြိမ်သက်နေရာ ဟုန်ကျွင့်ကပဲ ဆက်မေးလာသည်။


"အိမ်ထောင်ရေးအကြောင်း မေးချင်တာလား?"


လီကျင်လုံက ရုတ်တရက် : "ငါတို့ကံကြမ္မာ ဘယ်လောက် ဝေးသွားမလဲဆိုတာ ကြည့်ရအောင်"


ဟုန်ကျွင့် စကားတွေ ရပ်လိုက်သည်။ ထိုအခိုက် လီကျင်လုံက သူ့ပုခုံးကို ဖက်ပြီး ညီအကိုနှစ်ယောက်လိုမျိုး သူ့ကိုမှီပြီး ပြောလာ၏။ 


"ငါတို့ နတ်ဆိုးနှင်ဌာနမှာ စတွေ့တုန်းက မော့ရစ်ကန်းနဲ့ တခြားသူတွေက တစ်နေ့ ထွက်သွားမယ်ဆိုတာ ငါသိတယ်... ဒါပေမယ့် အကြောင်းတစ်ခုခုကြောင့် မင်းထွက်မသွားဘူးလို့လည်း အမြဲခံစားခဲ့ရဖူးတယ်"


ဟုန်ကျွင့်က ပြုံးပြီး "ကျွန်​တော် အိမ်ပြန်ရင် ခင်ဗျားကိုပါ ခေါ်သွားမယ်... ချန်အန်းကို ပြန်ချင်ရင်လည်း အတူတူ ဆင်းလို့ရပြီ"


ထူးဆန်းတာက သူတို့နှစ်ယောက် တန်းစီရပ်ပြီးတာနဲ့ အထဲမှာ ဗေဒင်ဆရာက ပိုမြန်လာပြီး စကားနည်းနည်းကြာမှ သူတို့အလှည့်ရောက်လာရာ ထူးဆန်းလှ၏။ ဘယ်သူအရင် သွားသင့်တယ် ဆိုတာ တုံ့ဆိုင်းနေချိန်ကြစဥ် လီကျင်လုံက ဟုန်ကျွင့်ကို အရင်သွားစေချင်ပေမယ့် အထဲကလူက အရင်ဆိုလာသည်။ 


"ခေါင်းဆောင်လီက ကျေးဇူးပြုပြီး အရင်လာပါ"


"သူက ခင်ဗျားနာမည်ကို တကယ်သိတယ်!" ဟုန်ကျွင့် အံ့သြစွာဖြင့်။ 


"နားနဲ့ မျက်လုံးတွေက စူးရှတယ်" လီကျင်လုံက တိုးတိုးလေး ပြောသည်။ 


"အပြင်က လူတွေရဲ့အသံကို ကြားလိုက်တာ ဖြစ်မယ်"


ထိုသို့ပြောပြီးနောက် ဆိုင်ထဲသို့ဝင်ကာ မြင်ကွင်းတစ်ခုကို ဖြတ်ကျော်သွားပြီးနောက် ဘေးတစ်ဖက် တစ်ချက်တွင် ကန့်လန့်ကာ တစ်ခုနှင့် သူ့ရှေ့တွင် တံခါးတစ်ချပ် ရှိနေသည်။


“ဒီမှာ အရင်လာထိုင်ပါ” 


တစ်ဖက်လူက တိုးတိုးလေး ပြောလာသည်။


လီကျင်လုံ ကန့်လန့်ကာထဲသို့ လှမ်းဝင်လိုက်သည်နှင့် တစ်ခဏချင်းပင် ပတ်ဝန်းကျင်က တိတ်ဆိတ်သွားပြီး မှော်စက်ဝိုင်းထဲသို့ ဝင်သွားသကဲ့သို့ ပတ်ဝန်းကျင်က အသံများအားလုံး ပျောက်ကွယ်သွားကာ အရာအားလုံး ထူးထူးခြားခြား တိတ်ဆိတ်သွားသည်။


တစ်ဖက်လူ: “အသံလုံတဲ့ ပင်လယ်... အပြင်က အသံကို မကြားနိုင်သလို အတွင်းကလည်း အပြင်ကအသံကို မကြားရဘူး”


စားပွဲ၏ ဆန့်ကျင်ဘက်တွင် ဖြူစင်သော အသားအရည်၊ ပျော့ပျောင်းပြီး အနက်ရောင် အထည်အစင်းများ နှင့် ဝတ်ရုံ၊ မျက်လုံးများကို ဖုံးအုပ်ထားသော အနက်ရောင် ပိတ်စည်းနှင့် ကျောက်စိမ်းကဲ့သို့ နူးညံ့သော နှုတ်ခမ်းများကိုသာ ဖော်ထားသော ယောက်ျားပျိုတစ်ယောက် ထိုင်နေ၏။


လီကျင်လုံ ရုတ်​တရက်​ သတိဝင်လာသည်​။ မိစ္ဆာ တစ်ကောင်လား။


"လီကျင်လုံ... ချန်အန်း နတ်ဆိုးနှင်ဌာနရဲ့ အထူးသံတမန် ငါမင်းကို သိနေတာကြာပြီ.... ငါက ယွမ်ခွင်းပါ..."


လီကျင်လုံလည်း ထိုသူသည် တူညီသော လူတစ်ဦး ဖြစ်ကြောင်း မမျှော်လင့်ထားတာကြောင့် လေးနက်သော လေသံဖြင့် ပြန်မေးလိုက်သည်။ 


"ဒီကသခင်လေးက ဘယ်သူလဲ"


"အိမ်နောက်ဖေးမှာ စောင့်နေတဲ့လူရှိတယ်... သူတို့က မင်းကို သဘာဝအတိုင်း ဖြေလိမ့်မယ်" ယွမ်ခွင်းက တိုးတိုးလေးပဲ ပြောပြီး။


"မင်းဘာမေးချင်တာလဲ"


လီကျင်လုံ ရုတ်တရက် စကားမပြောတော့ဘဲ ယွမ်ခွင်းကိုသာ သံသယဖြင့် ကြည့်နေရာ တစ်ဖက်လူက ဖြည်းညှင်းစွာ ထပ်ပြောလာခဲ့သည်။  


"ကံကြမ္မာအကြောင်း မမေးချင်ဘူးလား"


လီကျင်လုံ - "မင်း ဟုန်ကျွင့်ကို သိလား မင်းကလည်း မိစ္ဆာတစ်ကောင်လား"


"ကံကြမ္မာက မင်းရဲ့စိတ်ထဲမှာ" 


ထိုသူက သူ့ခေါင်းကို အကြာကြီး လှည့်လိုက်ပြီး "ထျန်းပေါင်ရဲ့ဆယ့်လေးနှစ်... အဲဒီ့နောက် တစ်နှစ်လောက်ကြာရင်တော့ မင်းသတိထားပြီး လုပ်ရမယ်"


ဟုန်ကျွင့် အသက်ပြင်းပြင်း ရှူလိုက်သော်လည်း ယွမ်ခွင်းက သူ့လက်ကို ဆန့်ထုတ်လိုက်ပြီး လက်တစ်ဖက်က လက်တစ်ဖက်၏ တံတောင်ဆစ်ကို ထောက်ကာ လက်ချောင်း ဖြူများကို ဖြန့်ကာ လီကျင်လုံ၏ ရင်ဘတ်ကို ဖိလိုက်သည်။


လီကျင်လုံ နောက်ပြန်ဆုတ်သွားသည်။ 


"မင်းရဲ့အင်္ကျီကို မြန်မြန်ချွတ်လိုက်ပါ... မင်းနောက်ကလူတွေ စောင့်နေတုန်းပဲ" 


"မင်း ဘာလုပ်ချင်​နေတာလဲ" လီကျင်လုံက ရဲရဲကြီး မေးလိုက်သည်။ 


"ဒါကို အတွေးတစ်ခုတည်းနဲ့ ဖြေရှင်းလို့ရတယ်"


လီကျင်လုံ : "..."


လီကျင်လုံ မသိစိတ်က သူ့လက်များကို မြှောက်လိုက်ပြီး ဝတ်ရုံကြိုးတွေကို ဖြည်လိုက်​တော့သည်။


ယွမ်ခွင်း: "မှန်တယ် ကမ္ဘာပေါ်က အရာအားလုံးဟာ အတွေးတစ်ခုနဲ့ မွေးဖွားလာသလို အတွေးတစ်ခုနဲ့လည်း ပျက်စီးသွားခဲ့တယ်"


လီကျင်လုံ သူ့အဝတ်အစားတွေကို ချွတ်လိုက်ပြီး ဘယ်ဘက်ရင်အုံကို ဖွင့်​ပေးလိုက်သည်။ 


"မင်း ငါ့ရဲ့ နှလုံးမီးအိမ်ကို မြင်ချင်နေတာလား"


ယွမ်ခွင်းက အဖြေမပေးဘဲ "ကံကြမ္မာ၊ ဘဝနဲ့ သေဆုံးမှု၊ အောင်မြင်မှု ဒါမှမဟုတ် ကျရှုံးမှုတွေ.... ကမ္ဘာကြီးက ဇောက်ထိုးပြောင်းသွားပြီ... ကမ္ဘာကြီးက ပြောင်းလဲသွားတယ် အားလုံးက ဒီအတွေးနဲ့ပဲ" ။


ထိုစကားဖြင့် ယွမ်ခွင်းသည် သူ၏ဓားလက်ချောင်းကို ဆွဲကိုင်လိုက်ပြီး ပြေးလမ်းတစ်ခုကို ညင်သာစွာဆွဲထုတ်ကာ ရှေ့သို့တွန်းထုတ်သည်။ အဲဒီနောက် လီကျင်လုံ၏ ဘယ်ဘက်ရင်ဘတ်ပေါ်တွင် တံဆိပ်တပ်လိုက်သည်။ လီကျင်လုံ ပူလောင်တဲ့ ဝေဒနာကို ခံစားလာရတာမို့ ခေါင်းမော့ကာ မေးလိုက်သည်။ 


"ဒါက ဘာလဲ?!"


"မင်းနောက်မှ သိလိမ့်မယ်"


လီကျင်လုံ: "မင်း……"


"ငါ ပြောပြီးပြီ" ယွမ်ခွင်းက သူ့လက်ကို ရုတ်သိမ်းရင်း လီကျင်လုံဆီသို့ သူ့မျက်လုံးများကို လှည့်စေလိုက်သည်။ 


"ပေးချေတော့"


လီကျင်လုံလည်း လေးလေးနက်နက် မျက်မှောင်ကြုတ်ပြီး "ဘယ်လောက်လဲ?"


"ကတိတစ်ခုဆွဲ... မင်း ငါ့အ​ပေါ် အလောင်းတစ်ခု အကြွေးတင်ထားတယ်... အချိန်တန်ရင် ငါလာကောက်မယ်.... ရေးလိုက်"


"ဘယ်သူ့ခန္ဓာကိုယ်လဲ?"


ယွမ်ခွင်းက မျက်ခုံးပင့်လိုက်ပြီး "ရေးလိုက်ရုံပါပဲ... အတိုချုပ်ပြောရရင် ငါမင်းကို လူသတ်ခွင့် မပေးဘူး မင်းဆီက လူသေတစ်ယောက်အတွက်ပဲ ငါတောင်းမှာ... ယုံချင်မှယုံ မယုံချင်ရင် မယုံနဲ့ မင်းအပေါ်မှာပဲ မူတည်တယ်"


ခဏအကြာတွင် လီကျင်လုံ၏ အသက်ရှုသံများ တဟုန်ထိုး လျင်မြန်လာကာ မျက်မမြင်လူကို မျက်နှာချင်းဆိုင်ကာ စိုက်ကြည့်နေသည်။ ယွမ်ခွင်း စာရွက်တစ်ရွက်ကို ဖြန့်လိုက်သော် လီကျင်လုံက "ငါ ယွမ်ခွင်းကို အလောင်းတစ်လောင်း အကြွေးတင်ပါတယ်" လို့ ရေးလိုက်လေသည်။ ယွမ်ခွင်းက သူ့လက်ဝါးကို ဖိချလာလေသည်။ ဘာကြောင့်လဲဆိုတာ မသိပေမယ့် သူ့လက်ဝါးရာတွေကို ထူးထူးခြားခြား ပုံစံတွေ ရှိနေသည်။ 


သူ ဘာလုပ်နေတာလဲ။ 


လက်ဝါးရာများကို နှိပ်ပြီးနောက် လီကျင်လုံလည်း အနည်းငယ် နိုးလာသည်။


"အိမ်နောက်ဖေးကိုသွားပါ... မင်းက တော်တဲ့ကလေးပဲ မင်းသွားရမယ့်လမ်းက အဝေးကြီးကျန်သေးတယ်"


လီကျင်လုံသည် ဤယွမ်ခွင်းဟာ နတ်ဆိုးတစ်ကောင်ဖြစ်ခဲ့လျှင် ဟုန်ကျွင့်နှင့် တန်ပြန် ဆွေးနွေးပြီး တတ်နိုင်သမျှ အမြန်ဆုံး ပြန်သွားရမည် ဟု တွေးကာ နောက်ပြန်ဆုတ်သွားသည်။ ဤမိစ္ဆာက သူ့အတွက် ဘာမှလုပ်မပေးနိုင်ဘူး။ သူ မတ်တပ်ထရပ်ပြီး ကန့်လန့်ကာကို ထွက်သွားတော့ အနီးနားတစ်ဝိုက်က အသံတွေ ရုတ်တရက် ပြန်ထွက်လာပြီး "နောက်တစ်​ယောက်" ဟု ကျယ်လောင်စွာ ပြောနေသည့် ယွမ်ခွင်းအသံကို ကြားလိုက်ရသည်။


လီကျင်လုံ ခေါင်းလှည့်ကြည့်တော့ ဟုန်ကျွင့် ဝင်လာတာကို မြင်လိုက်ရကာ ယွမ်ခွင်းကလည်း နှိုးဆော်လာ၏။ 


"မင်းဘာလို့ မြန်မြန် မထွက်သွား​သေးတာလဲ... မင်းသက်တောင့်သက်သာရှိဖို့ တစ်ချိန်လုံး တစ်နေရာတည်းမှာ နေမလို့လား"


သို့နှင့် လီကျင်လုံလည်း အိမ်နောက်ဖေးသို့ ဝင်ရန်မှလွဲ၍ ရွေးချယ်စရာ မရှိတော့ပေ။ ထိုနေရာကို ရောက်တဲ့အခါ ဟင်းလင်းပြင်တွင် ရပ်နေသော အမျိုးသားတစ်ဦးကို တွေ့လိုက်ရသည်။ ၎င်းက သူ ဝင်လာသည်ကို မြင်သောအခါ ဖြည်းညှင်းစွာ ခေါင်းညိတ်လိုက်သည်။


"ကံကြမ္မာကို ပြောပြတဲ့ ငါ့ပတ်ဝန်းကျင်က လူတွေက ဘေးတံခါးကို အမြဲသုံးတယ်" လို့ လူငယ်က ယဉ်ကျေးစွာနဲ့ ပြော၏။


"ငါမင်းကို စောင့်နေတာကြာပြီ လီကျင်လုံ..."


ထိုလူငယ်သည် အရပ်ရှည်သည်။ အရပ်က ကိုးပေနီးပါးရှည်သော လီကျင်လုံ ကဲ့သို့ပင်။ နက်နဲသော မျက်နှာသွင်ပြင်နှင့် သူ့မျက်လုံးများတွင် ရွှေရောင်ဖျော့ဖျော့ ရှိနေသည်။ ယခုအချိန်တွင် သူသည် ရင်ဘတ်ဗလာ၊ ကောင်းစွာသတ်မှတ်ထားသော ဝမ်းဗိုက်ကြွက်သားများ၊ ဂျုံရောင်အသားအရည်နှင့် ခါးတစ်ဝိုက်တွင် ရွှေရောင်ချယ်လှယ်ထားသည့် နက်မှောင်သော ဝတ်ရုံကို ပေါ့ပေါ့ပါးပါး အမူအယာဖြင့် ဝတ်ဆင်လျက် မတ်တပ်ရပ်နေ၏။ 


ကမ္ဘာကြီးကို လွှမ်းမိုးထားတဲ့ ရောင်ဝါမျိုးကိုလည်း ထုတ်လွှတ်လျက် ရှိရာ လီကျင်လုံသည် ဟုန်ကျွင့်ရဲ့ လုံခြုံရေးအတွက် ချက်ချင်းပင် စိုးရိမ်စပြုလာပြီး သူ့ကိုယ်သူ နောက်ပြန်ဆုတ်ကာ နဂါးနက်လားဟု တွေးလိုက်မိသည်။ 


အပြင်မှာရော ဘယ်သူရှိ​နေတာလဲ။


“အင်း... အဲဒါ နဂါးနက် မဟုတ်ဘူး” 


လူငယ်က ပြော၏။ လီကျင်လုံလည်း ထိုလူက သူ့စိတ်ကို ဖတ်တတ်မှန်း သိတာကြောင့် အံ့သြသွားသည်။ 


ဘယ်လို မိစ္ဆာမျိုးလဲ။


"ဟုတ်တယ်" လူငယ်က ခေါင်းညိတ်ပြီး ဆက်ပြောသည်။ 


"အပြင်ကလူက မင်းရဲ့အနာဂတ်ကို မြင်နိုင်တယ်... မင်းရဲ့စိတ်နှလုံးကိုတော့ ငါက မြင်နိုင်တယ် ငါတို့ကို မိစ္ဆာတွေလို့ သတ်မှတ်လို့မရပေမယ့်... ရံဖန်ရံခါ လူတွေကို ငါစားလိမ့်မယ် အခု​တော့ လူတွေကို မစားဘူး"


"ခင်ဗျား ဘယ်သူလဲ" 


လီကျင်လုံဟာ နောက်ဆုံးတော့ ၎င်း၏ အင်္ကျီမပါသော ခန္ဓာကိုယ်နှင့် တော်ဝင်စကတ်ပုံစံသည် မနေ့ညက လီရှန်တောင်၏ မြင့်မားသော ချောက်ကမ်းပါးတွင် တွေ့လိုက်ရသော လူကို သတိရသွားစေသည်။ သူတို့ရဲ့ ပုံစံတွေက အရမ်းဆင်တူသည်လေ။ 


"မင်းထင်တာ မှန်တယ်... ငါတို့မှာ အချိန်သိပ်မရှိဘူး ငါ့တူလေးရဲ့ နားရွက်ကို ထပ်ပြီး အဖြတ်မခံရအောင် လှုပ်ရှားမှုအနည်းငယ် လေ့လာကြည့်ရအောင်"


လီကျင်လုံ: "..."


......


ဟုန်ကျွင့်သည် ကာထားသော ဖန်သားပြင်ကို လှည့်ကြည့်လိုက်ပြီး 'ဟိုမှာ တစ်ယောက်ယောက်ရှိလား' လို့ မေးလိုက်၏။


"ဒီမှာ" ယွမ်ခွင်းက ကန့်လန့်ကာ နောက်ကွယ်ကနေ လှမ်းပြောလေသည်။ 


"မင်းဘယ်ကို ကြည့်နေတာလဲ ဟင်းလင်းပြင်ကို မသွားနဲ့... မင်းကို ဖမ်းမိသွားမှ ငါ့ကို အပြစ်မတင်နဲ့"


ဟုန်ကျွင့် : "???"


"ခင်ဗျားက ဗေဒင်ဆရာလား" ဟုန်ကျွင့် ကန့်လန့်ကာထဲ ဝင်ထိုင်လိုက်သည်။


"မင်း အရမ်းဉာဏ်ကောင်းတယ်"


ဟုန်ကျွင့်လည်း တခစ်ခစ်ရယ်ရင်း ခေါင်းကို ငုံ့ကြည့်လိုက်တော့ လီကျင်လုံ ရေးထားတဲ့ စာရွက်ကို တွေ့သွားသည်။ 


"ဒါက ဘာလဲ"


ယွမ်ခွင်းက စကားတစ်ခွန်းမှ မပြောဘဲ စာရွက်ကို ဖယ်လိုက်ပြီး "ဘာပြောပြော မင်းက ဘာမေးချင်တာလဲ"


ဟုန်ကျွင့် ခေါင်းကုတ်ပြီး "ကျွန်​တော့်အဖေကို ဒီတစ်သက် ထပ်တွေ့နိုင်သေးလား?"


"မင်းအဖေက စိတ်ဆိုး​နေတယ်..."


"အော့.... ကျွန်တော် သူ့ကို စိတ်မချမ်းသာအောင် လုပ်ခဲ့တာပါ" 


"စိုးရိမ်မှုတွေ အားလုံးက နှလုံးသားက ထွက်လာတာ... ကိုယ့်ကိုကိုယ် နှောင့်ယှက်နေစရာ မလိုဘူး မင်းအဖေက မင်းကို ချစ်တုန်းပါပဲ"


"လူလိမ်" ဟုန်ကျွင့်၏ မျက်လုံးများ နီရဲလာပြီး။ 


"မနေ့ညက သူ ကျွန်တော့်ကို အော်နေသေးတယ်"


"မင်းဘာမေးချင်သေးလဲ"


"ဒါဆို ကျွန်တော် အိမ်ပြန်နိုင်မှာလား... အိမ်ပြန်ရင် ခေါင်းဆောင်နဲ့ ခွဲရမှာလား" 


ဟုန်ကျွင့် စိတ်မသက်မသာနဲ့ မေးရှာ၏။ 


"မင်း အိမ်​ပြန်ခေါ်တဲ့ နည်းအပေါ် မူတည်တယ်"


ဟုန်ကျွင့် နားမလည်သော်လည်း ယွမ်ခွင်းက မေးလာသည်။


"မင်းဘာမေးချင်သေးလဲ"


ဟုန်ကျွင့် ခဏလောက် စဉ်းစားပြီး။ 


"မရှိတော့ပါဘူး"


"ဒီငါးကြင်းကို မင်း မြန်မြန်ကျင့်​​ကြံခိုင်းပြီး ကုသိုလ်​တော်​တွေ စုခိုင်းရမယ်" 


"ကျောက်ကျစ်လုံ... ဟေး မင်းအကြောင်း ပြောနေတာဟ"


ဟုန်ကျွင့် သူ့အိတ်ထဲက ကျောက်ကျစ်လုံကို လှုပ်နှိုးလိုက်သည်။ ငါးကြင်းနတ်ဆိုးက တစ်မှေးအိပ်နေတာမလို့ ပါးစပ်ကို ဖွင့်ဟထားပြီး ခေါ်သံကြားတော့ ယွမ်ခွင်းကို မော့ကြည့်လိုက်သည်။ 


ယွမ်ခွင်း : "မင်းက ဘယ်လိုမျိုး သီလကို ပြီးမြောက်အောင် လုပ်တာလဲ... ဒီလိုပုံစံက တော်တော် မိုက်မဲတာပဲ"


ငါးကြင်းနတ်ဆိုး: "..."


ငါးကြင်းနတ်ဆိုးခမျာ ခဏလောက် ကြောင်အနေပြီးမှ ရုတ်တရက် ထအော်လေ၏။ 


"အရှင်ခွင်း! အရှင်ခွင်း! ခင်ဗျားက အရှင်ခွင်းမလား"


ယွမ်ခွင်း မျက်မှောင်ကြုတ်ပြီး ပြန်ဆိုသည်။ 


"ဆွဲဆောင်မှု ကင်းမဲ့ရုံတင်မကဘူး ဒီလို ပါးစပ်လည်း ရှိသေးတယ်" 


"ခွင်း??.. ခင်ဗျားက နတ်ဘုရားခွင်းလား" ဟုန်ကျွင့်လည်း အံ့သြသွားပြီး။ 


"ခင်ဗျား ဘာလို့ ချန်အန်းကို လာတာလဲ... ချင်းရှူံ ဘယ်မှာလဲ"


ချင်းရှူံမှာ မြောက်ပင်လယ်က ခွင်း ဆိုတဲ့ အရင်းနှီးဆုံး သူငယ်ချင်းတစ်ယောက် ရှိတယ်ဆိုတာ သိထားပေမယ့် ထိုသူက အလယ်ပိုင်းလွင်ပြင်ကို ရောက်ခဲပါ၏။


ငါးကြင်းနတ်ဆိုးက အလျင်စလို ဒူးထောက်ပြီး "ဒီငယ်သားက တောင်းပန်ပါတယ်... ကျွန်​​တော့ကို ရှင်းရှင်းလင်းလင်း လမ်း​ပြပေးပါဦး..."


ဟုန်ကျွင့်: "ခင်ဗျားတကယ် နတ်ဘုရားခွင်းလား ချင်းရှုံ ဘယ်မှာလဲ ကျွန်​တော့်ကို မြန်မြန်ပြောစမ်းပါ... အဖေကိုရော တွေ့ဖူးလား"


"အကုန် ပါးစပ်ပိတ်ထား!" 


ယွမ်ခွင်း စိတ်မရှည်တော့ချေ။ ငါးကြင်းနတ်ဆိုးသည် ဟုန်ကျွင့်အိတ်ထဲသို့ ချက်ချင်း ပြန်ဝင်သွားကာ လီရှန်​တောင်ကရလာသော ငါးအစာဗူးကိုထုတ်ကာ လက်နှစ်ဖက်လုံးကို ကိုင်ကာ ပေးလေ၏။ 


"နတ်ဘုရားခွင်း... ဒါက လက်ဆောင်လေးတစ်ခုပါ... ကျွန်တော် နဂါးဖြစ်ချင်တယ် ဒါ​ပေမဲ့ လူတောင် မဖြစ်​နိုင်​ဘူး ​ကျေးဇူးပြုပြီး ကျွန်တော့်ကို လမ်းညွှန်ပေးပါ...."


"အဲဒါကို မစားဘူး" လို့ ယွမ်ကန်းက ငါးကြင်းနတ်ဆိုးကြောင့် စိတ်ဆိုးသွားပြီး 


"လူရှစ်ဆယ့်တစ် ယောက်ကို ကယ်တင်လိုက်... သူတို့ကို ကယ်တင်ပြီးရင် ငါ့ဆီ ပြန်လာခဲ့... မင်းကိုယ်မင်းပဲ အားကိုးရမှာ ဘယ်သူမှ မကူညီနိုင်ဘူး"


"မင်းကတော့..." ယွမ်ခွင်းသည် သူ့လက်ထဲမှာ တစ်စုံတစ်ခုကို ကိုင်ထားပြီး စားပွဲပေါ်ကို တစ်ချက်ပုတ်လိုက်၏။


"နှစ်နှစ်လောက်ကြာရင် ယောင်ကျင်း နန်းတော်ကို သဘာဝအတိုင်း ပြန်နိုင်လိမ့်မယ်" လို့ပြောလိုက်တယ်။


"တကယ်လား?"


"မင်း ငါ့အရည်အချင်းကို မေး​မြန်းနေတာလား" 


ယွမ်ခွင်း ပေါက်ကွဲလုမတတ် ဖြစ်လာပြီ။ ဟုန်ကျွင့်လည်း သူ့လက်ကို အလျင်စလို ဝှေ့ယမ်းလိုက်ပြီး မဟုတ်ဘူး ဟု ကမန်းကတမ်း ပြောလိုက်ရသည်။ 


"ငါးကြင်းက ငါးစာကို ထားခဲ့....မင်းကတော့..."


ဟုန်ကျွင့်: "ကျွန်​တော့်မှာ ပိုက်ဆံရှိတယ်"


"မင်းငါ့ကို စာတစ်စောင် ရေးပေးခဲ့ရမယ်... မင်းငါ့ကို ဝိညာဉ်တစ်ခု ပေးရမယ်..."


"ဟင်?"


"ရေး!"


ဟုန်ကျွင့် ထိတ်လန့်သွားပြီး စာရွက်ပေါ်မှာ အမြန် ချရေးကာ သူ့လက်ဗွေရာကို တစ်ချိန်တည်းမှာ နှိပ်လိုက်ရသည်။ အဲဒီနောက် ယွမ်ခွင်းဆီက စကားသံကို ကြားလိုက်ရသည်။ 


"နောက်ဆုံးတော့ ငါတို့အားလုံးစုပြီးပြီ"


"ဘယ်သူ့ဝိညာဉ်လဲ" 


"ဒါက မင်းပိုင်တာ မဟုတ်ဘူး... လီကျင်လုံလည်း မဟုတ်ဘူး မင်းကို အိမ်နောက်ဖေးမှာ စောင့်နေတဲ့သူ ရှိတယ်... သွားလိုက်ပါ"


ဟုန်ကျွင့် အိမ်နောက်ဖေးသို့ ရောက်ရှိလာသောအခါ ချင်းရှုံကို တွေ့သွား၏။ သူက ရုတ်တရက် လှမ်းအော်လိုက်စဥ် ချင်းရှူံက လီကျင်လုံလက်သီးချက်ကို ခံယူဖို့ သူ့ကိုယ်ဟန်အနေအထားကို ​ပြင်ထားသည်။ ဆန့်ကျင်ဘက်အနေနဲ့ လီကျင်လုံရဲ့ အော်ဟစ်သံကိုသာ ကြားလိုက်ရကာ ချင်းရှူံက သူ့နဖူးကို ရိုက်ချလိုက်ပေသည်။ 


"ဖေဖေ ဘယ်မှာလဲ" 


"မသိဘူး" 


ချင်းရှူံသည် နောက်ဆုံး တိုက်ကွက် လှုပ်ရှားမှုနှစ်ခုကို ပြီးအောင်လုပ်ပြီးနောက် လီကျင်လုံဘက်ကို လှည့်ပြောလေ၏။ 


"မှတ်မိ​ပြီလား?"


"သင်ယူခဲ့ပါပြီ" 


လီကျင်လုံလည်း လက်သီးဆုပ်ပြီး ပြောလိုက်သည်။ ထို့နောက် ချင်းရှူံက ဟုန်ကျွင့်ဘက်လှည့်ကာ။ 


"အရင်တုန်းက မင်း သိုင်း မသင်ပေးဘူးဆိုပြီး အမြဲတမ်း နှောင့်ယှက်ခဲ့တယ်... အခု ငါသင်ပေးမယ် သတိထားပါ လီကျင်လုံ မင်းအားရင် သူ့ကို ဒီထက်ပိုလေ့ကျင့်ဖို့ တိုက်တွန်းရမယ်"


လီကျင်လုံလည်း ဟုတ်ကဲ့လို့ ထပ်ဖြေပြီး ဘေးကနေ ရပ်ကြည့်နေလိုက်သည်။


ဟုန်ကျွင့် စိတ်အေးအေးထားပြီး စတင်လှုပ်ရှားလိုက်သည်။ သူက ချင်းရှူံရဲ့နောက်ကို အရင်က မိုင်ထောင်ပေါင်းများစွာ ပျံသန်းနိုင်တဲ့ လှည့်ကွက်တွေ အတိုင်း ကစားရင်း ရွှေ့သွားခဲ့သည်။ ချင်းရှုံဟာ လီကျင်လုံကို တစ်မျိုး သင်ပေးခဲ့ပေမယ့် အခုတော့ သူရဲ့ ရပ်တည်ချက်က ပြောင်းလဲခဲ့ပါ​ပြီ။ သူ့လက်သီးတွေကိုဖွင့်ပြီး။ 


"ဒီလက်သီးသိုင်းကို မင်းအဖေက သူအသက်ရှင်နေချိန်က သုံးခဲ့တာ... သူ့ရဲ့အမြင့်ဆုံးစွမ်းအားကို အသုံးချဖို့အတွက် နတ်အလင်း ငါးရောင်နဲ့ ပေါင်းစပ်ရတယ်..." 


"အွန်း" 


"လက်သီးသိုင်း ပညာတစ်ခုလုံးမှာ လှုပ်ရှားမှုနှစ်ခုပဲရှိတယ်။ တစ်ခုက 'လွှတ်ချတာ' နဲ့ နောက်တစ်ခုက 'စုဆောင်းတယ်' တဲ့... ကမ္ဘာပေါ်က အစွမ်းထက်ဆုံး မှော်လက်နက်မှာ ချုပ်နှောင်မှုတချို့ ရှိတတ်ပေမယ့် မိစ္ဆာနဲ့ နတ်ဆိုးတွေမှာလည်း ရှိတတ်တယ်"


သူက ပြောရင်း သူ့လက်ကို ဦးစွာဖြန့်ကာ။ 


"မင်း လွှတ်လိုက်တဲ့အခါ အဆုံးမရှိတဲ့ ထာဝရဆန်းကြယ်တံခါး လိုမျိုး အရာခပ်သိမ်းကို လွှမ်းခြုံထားတယ်။ မင်းရုပ်သိမ်းလိုက်တဲ့အခါ မုန်ညင်းစေ့တွေကို လက်ခံတဲ့ စူးမုအာတောင်နဲ့တူတယ်.... ဂရုစိုက်ရမယ် မင်း​တို့​ရဲ့​တောင်​တွေ​နဲ့ ပင်လယ်​တွေ​က​တော့ အရာရာ​ကို စုဆောင်း​ပြီး အချည်း​နှီး​ ဖြစ်​သွား​တာမျိုး မဖြစ်စေနဲ့”


ဟုန်ကျွင့်သည် ချင်းရှူံအတိုင်း လှည့်လိုက်ပြီး သူ့လက်ဖဝါးများ ဖြန့်ကာ သူ့လက်ဖဝါးများကို စူးစိုက်စွာကြည့်ကာ သူ့လက်ဖဝါးထဲတွင် အလင်းငါးရောင် ဖြာထွက်နေသည်။


"ထောင်နဲ့ချီတဲ့ အပြောင်းအလဲတွေ အားလုံးက ဒီပုံစံနှစ်ခုနဲ့ အတူတူပဲ....မင်းဒါကို မှန်မှန်ကန်ကန် သုံးနိုင်ရင် လှိုင်းလုံးကြီးတွေကို ရိုက်နိုင်ပြီး တောင်တွေကို ဖြိုခွင်းနိုင်တယ်... အဲဒါကို မှန်မှန်ကန်ကန် လွှတ်လိုက်မယ်ဆိုရင် မိုးခြိမ်းသံတွေကို ပိတ်ဆို့ပြီး ထိုက်ဟန်​တောင်ထိပ်ကိုတောင် ဖြိုခွဲပစ်နိုင်တယ်..."


ဟုန်ကျွင့် ခြေလှမ်းမှားပြီး လှည့်ကြည့်လိုက်သော အစိမ်းရောင် အမျိုးသားသည် ရွှေရောင်အတောင်ပံများ ဖြန့်ထားကာ ဟုန်ကျွင့်ကတော့ သိုင်းပညာကို လေ့ကျင့်ရင်း ကျက်သရေရှိလှသော ဒေါင်းတစ်ကောင်လို ငြိမ်သက်နေသည်။


"မင်း သင်ယူပြီးပြီလား?" ချင်းရှူံက မေး၏။


"ကျွန်တော် နည်းနည်း ပိုသိလာပါပြီ... အခုနတုန်းက နတ်ဘုရားခွင်းက ပြောတယ်..."


"ဖြည်းဖြည်းလေ့ကျင့်ပါ... နောက်မှတွေ့မယ် ငါ့တူလေး" 


ကောင်းကင်ယံမှာ မထင်မှတ်ပဲ ဘီလူးကြီးနှစ်ကောင် တစ်ချိန်တည်း ပျောက်ကွယ်သွားကြလေရာ လီကျင်လုံနဲ့ ဟုန်ကျွင့် တစ်ယောက်ကို တစ်ယောက် ဆွံ့အစွာ ကြည့်နေကြရလေသည်။ နေ့ခင်းဘက် ဆိုသော်လည်း ဟုန်ကျွင့်မှာ သူအိပ်မက်ထဲတွင် ရောက်နေကဲ့သို့ မယုံနိုင်လောက်အောင် အံ့သြသွားသည်။ သို့သော် နောက်ဆုံးတော့ လီကျင်လုံနှင့်အတူ နတ်ဆိုးနှင်ဌာနသို့ ပြန်လာခဲ့ရ၏။ 


ငါးကြင်းနတ်ဆိုးလည်း တုံ့ဆိုင်းသွားကာ ၎င်း၏ခြေလှမ်းများပင် ရှုပ်ယှက်ခတ်​နေသည်။


"သူ ခင်ဗျားကို ဘာလုပ်လိုက်တာလဲ"


"နှလုံးမီးအိမ်မှာ အမှတ်အသားတစ်ခု ချန်ထားခဲ့တယ်"


"ကျွန်​​တော့်ကို ကြည့်​ခွင့်​​ပေး..."


လီကျင်လုံ ဖွင့်ပြလိုက်တော့ လီကျင်လုံ ရင်ဘတ်ပေါ်တွင် မီးတောက်ကဲ့သို့ ပျံသန်းနေသော အမှတ်အသားတစ်ခုကို တွေ့လိုက်ရသည်။


"ခင်ဗျားရဲ့နှလုံးသားကို ကာကွယ်ဖို့ လုပ်ထားတဲ့ မှော်စာလုံးပေါင်းတစ်ခု ဖြစ်နိုင်တယ်... ချင်းရှူံက ခင်ဗျားကို ဘာသင်ပေးတာလဲဟင်"


လီကျင်လုံက အနည်းငယ်ပြုံးပြီး "လက်ဝါးသိုင်း နည်းနည်းနဲ့ ဓားသိုင်း နည်းနည်း" 


"ကျောက်ကျစ်လုံ မင်းအဆင်ပြေလား"


ထို့နောက် ဟုန်ကျွင့် ငါးကြင်းနတ်ဆိုးဘက် လှည့်အော်လိုက်သည်။ ငါးကြင်းနတ်ဆိုးသည် နတ်ဘုရားခွင်း၏ မထီမဲ့မြင်ပြုခြင်းကို ခံခဲ့ရသောကြောင့် အနည်းငယ် စိတ်ဓာတ်ကျ​နေကာ ကယ်တင်ရှင် ဗုဒ္ဓ၏ အရိုးများကို ပွေ့ဖက်ကာ ပြောရှာသည်။ 


“လူတွေကို ကယ်တင်ချင်ပါတယ်” 


ထိုအချိန်တွင် တံခါးအပြင်ဘက်မှ တစ်စုံတစ်ယောက်က တံခါးခေါက်လာ၏။ 


"ဌာနခေါင်းဆောင်! နတ်ဆိုးနှင် ဌာနခွဲက ခေါင်းဆောင်လီ!" 


အသံအရ ထိုလူက တလီတရားရုံးက ဟွမ်ရုံ ဖြစ်ပုံရသည်။ လီကျင်လုံလည်း တံခါးကိုဖွင့်ပြီး လူကို ဝင်ခွင့်ပြုလိုက်သည်။ ဟွမ်ရုံသည့ ထူထဲသော သားမွေးကုတ်အင်္ကျီကို ၀တ်ထားပြီး သူဝင်လာသောအခါ မောပန်းနွမ်းနယ်နေကာ အသက်လုရှူရင်း ပြောလာ၏။ 


"အနောက်မြောက်ပိုင်းမှာ ပြဿနာ ကြီးကြီးမားမား ဖြစ်ပျက်နေပြီ... လင်းယုန်ငှက်က တစ်ရက်နဲ့တစ်ည ပျံသန်းနေခဲ့ရတယ်တဲ့... မင်း ဝန်ကြီးဌာနကို သွားရမယ် ငါနဲ့ စစ်ချီ..သွားရအောင်.... သွားမယ် သွားမယ် အကုန်သွားမယ်"


လီကျင်လုံ မျက်မှောင်ကြုတ်လိုက်သည်။


........


နေဝင်ရီတရောမှာ တမင်နန်းတော်ရဲ့ ထိပ်မှာ။


ချုံမင်၊ ချင်းရှုံနှင့် ယွမ်ခွင်းတို့သည် နေရောင်ခြည်ဖြင့် ထွန်းလင်းတောက်ပလျက် ရှိသော စဉ့်ကြွပ်ပြားများပေါ်တွင် ထိပ်ပေါ်တွင် ရပ်နေကြသည်။


ယွမ်ခွင်း: "ဒါက သူ့ကံကြမ္မာအပေါ်မှာ မူတည်တယ်... ကောင်းကင်နတ်ဆိုး အသက်ပြန်ရှင်လာတဲ့အခါ အရာအားလုံးက ကောင်းကင်အလိုထက် ပိုဆိုးသွားမှာကို ကြောက်ရတယ်"


ထိုအခါ ချုံမင်က ဒေါသတကြီးနဲ့ ​ပြန်ပြောသည်။ 


"ငါ သူ့ကို ယောင်ကျင်း နန်းတော်ဆီ ပြန်ခေါ်သွားချင်တာ.... ဒီတစ်သက်မှာ တောင်ပေါ်ကနေ ဘယ်တော့မှ ဆင်းခွင့်မပြုဘူး... နတ်ဆိုးတွေ ဘယ်လောက်ပဲ အားကောင်းနေပါစေ သူ့ကို ဘာလုပ်နိုင်မှာလဲ .... ခုန်ရွှမ်းသာ ငါ့စကားကို နားထောင်ပြီး ယောင်ကျင်း နန်းတော်မှာနေဖို့ ဆန္ဒရှိနေရင်....အဲ ဒီအမျိုးသမီးကို မချစ်ရင် ဒီနေ့က ဘယ်လိုလုပ် ဖြစ်လာမှာလဲ”


ချင်းရှူံ: "ချုံမင် ပွဲတော်ပြီးရင် ငှက်ကလေးတွေ အသိုက်ထဲက ထွက်သွားတာ သဘာဝကျပါတယ်.... မင်းရဲ့ နိဗ္ဗာန်ရောက်ဖို့ နီးလာပြီ အဲဒီအချိန်အထိ ဘယ်သူက သူ့ကို ကာကွယ်နိုင်မှာလဲ"


ယွမ်ခွင်းရဲ့ မျက်ကန်းက လေထဲမှာ တဖျပ်ဖျပ် ခတ်နေပြီး။


"နှလုံးမီးအိမ်ကို လူမှားပေးမိပေမယ့် လီကျင်လုံရဲ့ အသွင်အပြင်ကို သူ ထိန်းထားနိုင်သရွေ့တော့ အချိုးအကွေ့တစ်ခုက မဖြစ်လာနိုင်တာတော့ မဟုတ်ဘူး..."


"ငါ့ရဲ့ မျှော်လင့်ချက်ကို သေမျိုးတစ်ယောက်ရဲ့ ကိုယ်ပေါ်မှာ မထားချင်ဘူး!" ချုံမင် ဒေါသတကြီး ​အော်ပြောလိုက်သည်။


ချင်းရှူံ: "ဒါကြောင့် မင်း ဟုန်ကျွင့်ကို ရွေးခိုင်းတာမလား.... အတိုချုပ်ပြောရရင် မင်း အဆင်မပြေသရွေ့ လူတိုင်းကို စိတ်မသက်မသာ ဖြစ်အောင် လုပ်နေမှာပဲ"


"မင်း..." 


ချုံမင်သည် ချင်းရှူံရဲ့ မျက်လုံးတွေကို ကြည့်ပြီး စိုးရိမ်တကြီးနဲ့ အသက်ရှူထုတ်လိုက်သည်။


ချင်းရှူံ: "ဒီနေ့ ဟုန်ကျွင့် ပြောတာကို မင်းလည်း ကြားတယ် မဟုတ်လား"


ယွမ်ခွင်းက မျက်မှောင်ကြုတ်ကာ "တစ်ခါတစ်လေ မင်းတို့ ငှက်တွေကို တကယ်စိတ်ရှုပ်တယ်... သူတို့က တစ်နေကုန် တေးဆိုနေကြတာ... ငါ့ရဲ့ ဦးစားပေးက နဂါးနက်ကို ရှာဖို့ပဲ...သူ ဘယ်ဘက်ကို လွတ်သွားပါလိမ့်..."