Ch 12
Viewers 5k

Chapter - 12 

[ဘာမှမကျန်တော့ဘူး]



ယွမ်ဖာ့က သူ့ ရင်ဘတ်ပေါ်သို့ လက် တင်လိုက်ပြီး စိုးရိမ်နေသည့် ပုံစံဖြင့်


“ကျောင်းအုပ်ကြီး ကျွန်တော်ရဲ့ ညီမလေးက အားနည်းလွန်းတယ်၊ သူ့စိတ်က အဖြူထည်လေး ပြီးတော့ အရမ်း အငိုသန်ခဲ့တာမလို့ ကျွန်တော့်ကို အတော်လေးစိုးရိမ်စေခဲ့တယ်၊ သူကျောင်းစတတ်တဲ့ ညတုန်းကဆို ကျွန်တော် စိတ်လှုပ်ရှားလွန်းလို့ အိပ်လို့တောင်မပျော်ခဲ့ဘူး ဒါပေမဲ့ ကျောင်းအုပ်ကြီးရဲ့စကားကြောင့် ကျွန်တော် ပိုနေလို့ကောင်းသွားခဲ့တာတော့ အမှန်ပဲ”


တစ်စက္ကန့်အတွင်း၌ပင် သူ၏ အမူအယာကို ပြောင်းလိုက်ပြီးနောက်  နတ်ဆိုးဆန်ဆန် ပြုံးနေပြန်၏။ သူ ယွမ်လော့ရီအား ကြည့်လိုက်ကာ


“ညီမလေး ကျောင်းအုပ်ကြီးက ဘာလို့ အသက်ရှူနေရသေးတာလဲ၊ သူ့ကို သေတဲ့ အထိ နှိပ်စက်ဖို့အတွက် ညီမလေး အစွမ်းကုန် ကြိုးစားရမယ်နော်”


ကျောင်းအုပ်ကြီးမှာ အလွန်ပင် ဒေါသထွက်နေပြီး သူ၏ မျက်နှာမှာ ရဲတွတ်နေသည်။


“ယွမ်ဖာ့၊ ယွမ်လော့ရီရဲ့ စိတ်ထဲကို ထူးဆန်းတဲ့ အကြံအစည်တွေနဲ့ ခေါင်းဆေးမနေနဲ့ အခု သူ့မှာ အသိစိတ်ရှိနေတုန်းပဲ၊ မင်းပြောနေတာတွေ အကုန်လုံးက နတ်ဆိုးဆန်တဲ့နည်းလမ်းတွေပဲ အမှန်တရား‌တွေ၊ ကြင်နာမှုတွေနဲ့ အလှတရားတွေကမှ လောကရဲ့ မှန်ကန်တဲ့ နည်းလမ်းတွေပဲ”


ယွမ်ဖာ့က လက်ခုပ်တီးလိုက်ကာ


“ဝိုး တကယ်ကို လေးစားစရာပဲ၊ ကျောင်းအုပ်ကြီး ခင်ဗျား အလုပ်လုပ်နေတာ နှစ်သုံးဆယ်ကျော်တောင် ရှိနေပြီပဲဟာ ရက်စက်ကြမ်းကြုတ်တဲ့ လူနေမှုဘဝထဲကို ကျောင်းသားတွေ ဝင်သွားပြီး မြင့်မြတ်တဲ့ စိတ်ကူးတွေကနေ နိမ့်ကျတဲ့ လက်တွေ့ဘဝထဲကို ရောက်သွားတာမျိုး မြင်ဖူးမှာပဲလေ၊ ကျောင်းအုပ်ကြီး ပျိုးထောင်ခဲ့တဲ့ ကျောင်းသားတွေက အသက်ရှင်ဖို့အတွက် သူတို့ရဲ့ သူဌေးတွေကို မြှောက်ပင့်နေရတာတောင်မှ ကျောင်းအုပ်ကြီးက အမှန်တရား၊ ကြင်နာမှုနဲ့ အလှတရားတွေက ရှိနေသေးတယ်လို့ ထင်နေသေးတာလား”


သူ၏ အကြည့်မှာ ကျောင်းခေါင်းဆောင် သုံးဦးထံသို့ ကျရောက်သွားခဲ့၏။


“လေးစားစရာကောင်းတဲ့ ခေါင်းဆောင်ကြီးတွေ၊ ခင်ဗျားတို့ထဲမှာ လောဘကြီးတဲ့ နှလုံးသားနဲ့ လူကောင်းတစ်ယောက်လို ပုံစံ ဟန်မဆောင်ဖူးကြတဲ့သူ ရှိလား ခင်ဗျားတို့ အကုန်လုံးနဲ့ ယှဥ်ရမယ်ဆိုရင် ကျွန်တော်ကမှ ကျွန်တော်လိုချင်တဲ့အရာတွေအတွက် တိုက်ရိုက် သွားတတ်တဲ့ လူမျိုးပဲ” 


တိုက်ရိုက်ကြီး နာမည်တပ်ခံလိုက်ရသည့် ကျောင်းခေါင်းဆောင်များမှာ ဒေါသထွက်သွားခဲ့သည်။ သူတို့မှာ ကျောင်းအုပ်ကြီးကပင် လေးစားစွာ ဆက်ဆံရသည့် ဝါရင့်ပုဂ္ဂိုလ်များဖြစ်၏။ ဤလူငယ်လေး ယွမ်ဖာ့မှာမူ သူတို့အား လူမြင်ကွင်း၌ ရှုံ့ချရဲလေသည်။


ကျောင်းခေါင်းဆောင်ထဲမှ တစ်ဦးက ပြောလိုက်သည်။ 


“လူငယ်လေး ငါမင်းကို ပိုပြီးတော့ ဥာဏ်ရှိရှိနေဖို့ အကြံပေးတယ်၊ ငါက မင်းမမွေးခင်ကတည်းက မင်းအဘိုးနဲ့ ရန်ဖြစ်နေခဲ့တာ”


ယွမ်ဖာ့ မထီမဲ့မြင်ပြုကာ 


“လူအိုကြီး ကျွန်တော်လည်း ခင်ဗျားကို ပိုပြီးဥာဏ်ရှိရှိနေဖို့ အကြံပေးလိုက်မယ်၊ ခင်ဗျားလည်း ကျွန်တော့် ညီမလေးက မခိုးချခဲ့ဘူး ဆိုတာကို သိနေတာပဲ ဒါပေမဲ့ ခင်ဗျား အကျိုးအမြတ်ရဖို့အတွက် သူ့ကို ချောက်ချခဲ့တာလေ၊ ခင်ဗျားလွန်လာမယ်ဆိုရင် ထောင်ထဲမှာ အဆုံးသတ်သွားရလိမ့်မယ်”


ကျောင်းခေါင်းဆောင် သုံးဦးမှာ ဒေါသဖြင့် အံကြိတ်နေကြသော်ညား တစ်ဖက်မှ သူတို့အား ပြန်တိုက်ခိုက်ရန် စကားရသွားမည်စိုး၍ ဘာမှ မပြောရဲကြတော့ပေ။


တရားစီရင်ရေးပိုင်း၌ ယွမ်ဖာ့မှာ အမှန်တရားအား ဖော်ထုတ်ရာနှင့် ကျူးလွန်သူများအား ဖော်ထုတ်ရာတွင် ကျွမ်းကျင်သည့် သူတစ်ဦးဖြစ်သည်။ ထောင်ထဲရောက်နေသည့် ခေါင်းဆောင်တစ်ဝက်လောက်မှာ သူကြောင့်ပင် ဖြစ်၏။ ထို့ကြောင့် ခေါင်းဆောင်အများအပြားမှာ သူရောက်လာသည်ကို ကြားသည်နှင့် သူတို့၏ ပိုင်ဆိုင်မှုများအား စွန့်လွှတ်ကာ ထွက်ပြေးကြလေသည်။


“ဗုန်း!”


ကျောင်းအုပ်ကြီးရုံခန်း၏ တံခါးမှာ ကြမ်းတမ်းစွာ ကန်ဖွင့်ခံလိုက်ရကာ ကြမ်းတမ်းသည့် အမျိုးသားတစ်ဦး ဝင်လာခဲ့၏။


ကျောင်းအုပ်ကြီးမှာ နာကျင်စွာ သက်ပြင်းချလိုက်သည်။ 


ရွှေနန်းမူသစ်သားတံခါးမှာ ယနေ့တွင် နှစ်ကြိမ်တိုင်တိုင် ဆိုးရွားစွာ တွန်းဖွင့် ခံခဲ့ရလေသည်။ နောက်တစ်ကြိမ် ယွမ်မိသားစု ကိစ္စများအား ဖြေရှင်းလျှင် သင်ကြားရေးဒါရိုက်တာ၏ ရုံးခန်းအား သူသုံးမှ ဖြစ်မည်။ 


ကောင်းမွန်သည့် ကံကြမ္မာအား မျှဝေ၍ မရနိုင်သော်ညား ဆိုးရွားသည့် ကံကြမ္မာကိုတော့ အတူတူ ကြံ့ကြံ့ခိုင်ရင်ဆိုင်ရမည် ဖြစ်သည်။


ထိုအမျိုးသားမှာ စာရွက်တစ်ရွက်အား ဆွဲယူပြီး ကြမ်းတမ်းစွာ ခါယမ်းနေ၏။


“ယွမ်ဖာ့ ခွေးကောင်လေး၊ မင်းကများ ငါ့ကို ရှေ့နေကနေတစ်ဆင့် စာပို့ရဲတဲ့အပြင် ငါ့သမီးကိုပါ မှားစွပ်စွဲရဲတယ်ပေါ့လေ”


ပန်းရောင် လိပ်ပြာဖဲပြားလေးအား တပ်ထားသည့် ကလေးမလေး တစ်ဦးသည်လည်း လိုက်ဝင်လာခဲ့သည်။ သူမမှာ အတန်းCမှ မာမိန်ဖြစ်ကြောင်း ယွမ်လော့ရီ မှတ်မိသွား၏။


သူမသည် ပုံမှန်အားဖြင့် စာလေ့လာလေ့ မရှိဘဲ စုရွှင်းထံမှ အမြင်ကောင်းရစေရန် အချိန်ဖြုန်းလေ့ရှိသည်။ ကံမကောင်းစွာဖြင့် စုရွှင်းမှာ သူမအား အထင်သေးသည့်အပြင် ပုံမှန်အားဖြင့် သူမနှင့် မဆက်ဆံပေ။ 


မာမိန်သည် ဒုတိယအကောင်းဆုံး အဖြစ်သာ နေနိုင်ခဲ့ပြီး စုရွှင်း၏ နောက်လိုက်တစ်ဦး ဖြစ်လာခဲ့၏။ မုန့်များ၊ သောက်စရာများဝယ်ပေးကာ အစေခံတစ်ဦးကဲ့သို့ ဝန်ဆောင်မှုပေးနေရလေသည်။


မာမိန်မှာ သူမအား ခိုးချသည်ဟု မှားယွင်းစွပ်စွဲခဲ့သူ ဖြစ်ကြောင်း ယွမ်လော့ရီ သဘောပေါက်သွားခဲ့၏။


အလျင်အမြန် ဝင်ရောက်လာသူမှာ မာမိန်၏ ဖခင်ဖြစ်လောက်ပြီး မီးသွေးလုပ်ငန်း၌ ချမ်းသာကြွယ်ဝသည့် စီးပွားရေးသမား တစ်ဦးဖြစ်သည်။


မာမိန်၏ မိခင်သည်လည်း အပြေးအလွှား ဝင်လာခဲ့၏။ သူမ၏ ဒေါက်ဖိနပ်မှာ တဒေါက်ဒေါက် အသံထွက်နေခဲ့သည်။ သူမ၏ မဆင်မခြင် နေတတ်သည့် ခင်ပွန်းနှင့် မတူဘဲ ယွမ်မိသားစုအား ဆန့်ကျင်ခြင်းမှာ ဆိုးရွားသည့် အကျိုးဆက်များ ရှိလာမည်ကို ရှင်းရှင်းလင်းလင်း သဘောပေါက်လေ၏။


သူမက စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။


“အထင်လွဲနေတာ တစ်ခုခုရှိနေတယ်လို့ ထင်ပါတယ်၊ ကျွန်မရဲ့ သမီးလေးက အရမ်းကြင်နာတတ်တာ သူက ဘယ်လိုလုပ် ယွမ်မိသားစုရဲ့ သမီးလေးကို မှားစွပ်စွဲရမှာလဲ”


ဖေဖေမာက ပြောလိုက်သည်။


“မင်းတို့ပြောတာ ငါသမီးလေးက သူ့ကို စွပ်စွဲဖို့ အတွက် အမည်မသိစာတစ်စောင် ရေးခဲ့တယ်လို့ ပြောတယ်မလား၊ သက်သေရှိလို့လား”


ယွမ်ဖာ့က ယွမ်အောင်းအား ကြည့်လိုက်ကာ 


“အို သက်သေလာနေပြီလား”


ယွမ်အောင်းက ပြန်ဖြေလေ၏။ 


“ရောက်လာတော့မယ်”


ယွမ်ဖာ့က ပြောလိုက်သည်။


“ငါထပ် မစောင့်နိုင်တော့ဘူး၊ မင်းဘာလို့ သူတို့ကို မြန်မြန်လာဖို့ ဖုန်းမဆက်ရမှာလဲ”


ယွမ်အောင်းက သက်ပြင်းချလိုက်ကာ


“မင်းဘယ်တော့မှ စိတ်ရှည်တတ်ဖို့ကို သင်နိုင်မယ် မထင်ဘူး”


နာရီအား တစ်ချက်ကြည့်လိုက်ပြီးနောက်


“ကောင်းပြီ အချိန်ပြည့်သွားပြီ”


သူ့စကား ဆုံးသည်နှင့်တစ်ပြိုင်နက် လူတိုင်း၏ ဖုန်းများမှာ မြည်လာသောကြောင့် အမျိုးမျိုးသော ringtone များမှာ ဖရိုဖရဲဖြစ်နေသည့် သီချင်းသံကဲ့သို့ပင် ဖြစ်နေသည်။ လူတိုင်းသည် စစ်ကြည့်ဖို့ရာ သူတို့၏ ဖုန်းများအား ထုတ်လိုက်၏။ ဤသည်မှာ စောင့်ကြည့်ရေးကင်မရာမှ ဗီဒီယိုပင်ဖြစ်သည်။ 


သူတို့ဖွင့်ကြည့်လိုက်ရာ ဗီဒီယိုထဲတွင် မာမိန်အား ပြန်သထား၏။


မာမိန်က ပြောလိုက်သည်။


“ယွမ်လော့ရီက ဘယ််လိုဖြစ်ပြီး အင်္ဂလိပ်မှာ ရုတ်တရက်ကြီး အမှတ်တစ်ရာ ရသွားတာလဲ၊ သူ့ရဲ့ အင်္ဂလိပ်စာက အမြဲတမ်း ဆိုးရွားနေတာလေ၊ သူ ခိုးချခဲ့တာပဲ ဖြစ်ရမယ်” 


ကောင်ကလေး တစ်ဦးမှ 


“နင်ဘာလုပ်မှာလဲ၊ နင့်မှာ ဘာသက်သေမှ မရှိဘူးလေ”


မာမိန်သည် သူမ၏ မျက်လုံးအား လှိမ့်လိုက်ကာ


“ငတုံး ငါတို့မှာ သက်သေမရှိဘူးဆိုရင် ငါတို့တွေ ဖန်တီးလိုက်လို့ မရဘူးလား၊ ငါ အမည်မသိစာတစ်စောင် ရေးလိုက်မယ် အဲဒါကို ပို့ပြီးတာနဲ့ ယွမ်လော့ရီတော့ သွားပြီပဲ ဟားဟား၊ သေစမ်း တစ်နေ့လုံး ဝိုင်းဖယ်ခံထားရတဲ့ပုံ ဟန်ဆောင်နေလိုက် ငါ သူ့ကို သွားနှုတ်ဆက်ပေမဲ့ သူက ငါ့ကို လုံးဝ လျစ်လျူရှုခဲ့တာလေ၊ ငါ့လိုလူမျိုးက အတန်းAနဲ့ပဲ ထိုက်တန်တာ”


မေမေမာမှာ လန့်ဖျပ်သွားခဲ့ပြီး သူမ၏ ပါးစပ်အား လက်နှစ်ဖက်လုံးနှင့် ကာထားလေသည်။ သူမ၏ အရှေ့၌ များသောအားဖြင့် ယဥ်ကျေးတတ်သည့် သမီးမှာ ထိုကဲ့သို့ ဆိုးရွားသည့် စကားအားပြောမည်ဟု မထင်ထားခဲ့ပေ။


သူမ မာမိန်အား ဆွဲလိုက်သည်။


“သမီးဘယ်လိုလုပ် ဒီလို ကိစ္စမျိုးကို လုပ်နိုင်ရတာလဲ”


မာမိန်မှာ စကားမပြောနိုင်ပေ။ ရှေနေ့၏ စာသား လက်ခံရရှိကတည်းက သူမမှာ အလွန်ကြောက်နေပြီ ဖြစ်၏။ ထိုစာမှာ အမည်မသိစာ ဖြစ်သင့်လေသည်။ ထိုကြောင့်သူမ မှားယွင်းစွာ စွပ်စွဲရဲခြင်းဖြစ်၏။ ယွမ်မိသားစုမှ စောင့်ကြည့်ရေးကင်မရာ ဗီဒီယိုအား ရှာတွေ့ရှိသွားမည်ဟု မမျှော်လင့်ထားခဲ့ပေ။


မာမိန်သည် ကျယ်လောက်စွာ ငိုယိုကာ


“သမီးထပ်ပြီး မလုပ်တော့ပါဘူး”


ခိုင်မာသည့် သက်သေအထောက်အထားအားမြင်၍ ဖေဖေမာမှာ ချက်ချင်းပင် ပြောင်းသွားကာ


“တကယ်လို့ ငါ့ရဲ့သမီးက မှားစွပ်စွဲခဲ့တဲ့ သူဆိုရင်တောင်မှ သူက ဆယ့်နှစ်နှစ်ပဲ ရှိသေးတာ ဘာမှ နားမလည်သေးဘူး၊ ကလေးတစ်ယောက်ကို တိုက်ခိုက်ဖို့အတွက် အရွယ်ရောက်ပြီးသား လူတွေက ဝိုင်းပြောနေကြတာလား၊ မင်းတို့ရဲ့ ကိုယ်ကျင့်တရားက ဘယ်မှာလဲ” 


ယွမ်အောင်းက ပျင်းရိစွာ ပြောလိုက်သည်။


“ခင်ဗျားရဲ့ ကလေးလို ကျွန်တော်တို့ကလေးကို မပျိုးထောင်ခဲ့တာနဲ့တင် ကျွန်တော်တို့မှာ ကိုယ်ကျင့်တရားရှိတယ်ဆိုတာကို ပြပြီးနေပြီ မဟုတ်ဘူးလား”


ဖေဖေမာသည် တစ်ခဏမျှ ပြောစရာစကား ပျောက်ရှသွားပြီးနောက် သူ၏ ဒေါသကို ထိန်းနိုင်ခဲ့၏။


“သူက ကလေးတစ်ယောက်ပဲ ရှိသေးတယ် သူ့မှာ ဘယ်လိုလုပ် အငြိုးအတေးတွေ ရှိနိုင်မှာလဲ မင်းရဲ့ ရှေ့နေ့စာက ဘာသဘောလဲ၊ တရားဥပဒေက ဆယ့်နှစ်နှစ် ကလေးတစ်ယောက်ကိုတော့ တာဝန်ခံခိုင်းမှာ မဟုတ်ဘူးမလား”


ယွမ်ဖာ့က အေးစက်စွာ သရော်လိုက်သည်။


“ခင်ဗျားမှာ ဥပဒေ သတိလေးရှိနေသေးတာ ကျွန်တော် အံ့ဩမိတယ် သိလား၊ တရားခံ ဥပဒေကနေတော့ အပြစ်မပေးနိုင်လောက်ပေမဲ့ နိုင်ငံသား ဥပဒေကို ကျွန်တော်တို့သုံးလို့ရသေးတယ်လေ”


ယွမ်လော့ရီထံသို့ လျှောက်သွားရင်း သူပြောလာ၏။


“ခင်ဗျား သမီးရဲ့ လုပ်ရပ်တွေက ကျွန်တော့် ညီမလေးအတွက် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ ဖြစ်စေခဲ့တယ်၊ သူ့မှာ ပညာရေးနဲ့ ပတ်သက်ပြီး စိတ်ဖိစီးမှုတွေ ရှိနေပြီးသားဟာကို ဒီအဖြစ်ဆိုးကြီး ပြီးသွားတော့ သူက စိတ်ပိုင်းဆိုင်ရာ ပြိုလဲမတတ်ကို ဖြစ်နေပြီ”


ယွမ်ဖာ့က ယွမ်လော့ရီ၏ နား အနားသို့ တိုးကာ တိုးတိုးလေးပြောလိုက်သည်။


“ငိုလိုက် ညီမလေး”


ယွမ်လော့ရီ လန့်ဖျပ်သွားသည်။ ထိုတောင်းဆိုမှုမှာ ရုတ်တရက် ဆန်လွန်း၏။ လွယ်ကူစွာ မျက်ရည်ဝဲအောင် လုပ်နိုင်သော်ညား စိတ်ခံစားမှု မရှိဘဲ သူမ မငိုချနိုင်ပေ။


ယွမ်ဖာ့က ပြောလိုက်သည်။


“ညီမလေး ဝှက်ထားတဲ့ အကန့်အသတ်ထုတ် Callebaut ချောကလက်တွေကို ကိုကိုတိတ်တိတ်လေး ခိုးစားထားတယ်”


ယွမ်လော့ရီမှ မေးလေ၏။


“တစ်ခုမှ မကျန်တော့ဘူးလား”


ယွမ်ဖာ့က ပြောလိုက်သည်။


“မကျန်တော့ဘူး”


ယွမ်လော့ရီ၏ မျက်လုံးများမှာ ချက်ချင်းနီရဲလာပြီး သူမပါးပြင်ပေါ်တွင် မျက်ရည်များကျလာခဲ့ကာ နှလုံးသားတစ်လုံး ပျောက်ဆုံးသွားသည့်နှယ် ခံစားလိုက်ရသည်။ သူမ၏ အမူအယာမှာလည်း အုံ့မှိုင်းနေ၏။


ယွမ်ဖာ့က ပြုံး၍: “တော်တယ်”


သူ၏ လက်ထောက်နှစ်ဦးမှာ ထိုနေရာ၌ ရပ်မြဲ ရပ်နေသေးသည်ကို တွေ့သောအခါ စိတ်မရှည်သည့်ဟန်ဖြင့် လက်ယပ်ခေါ်လိုက်ပြီး


“မြန်မြန် သက်သေယူကြလေ”


ထိုမှသာ လက်ထောက်နှစ်ဦးမှာ တုံ့ပြန်လာခဲ့သည်။ တစ်ဦးမှာ အသံဖမ်းစက်အား ဖွင့်ကာ တစ်ဦးမှာ ယွမ်လော့ရီ၏ ကြေကွဲဝမ်းနည်းစွာ ငိုကြွေးနေခြင်းအား ရိုက်ကူးဖို့ရာအတွက် ဗီဒီယို ကင်မရာအား ဖွင့်လိုက်လေ၏။


ယွမ်ဖာ့သည် ဖေဖေမာအား တရားဝင်စာရွက်စာတမ်း တစ်ခု ကမ်းပေးလိုက်သည်။


“ကျွန်တော် ညီမလေးရဲ့ အေဂျင့်တစ်ယောက် အနေနဲ့ ခင်ဗျားကို စိတ်ပိုင်းဆိုင်ရာ ထိခိုက်စေမှုအတွက် လျော်ကြေးပေးဖို့ ပြောချင်တယ် ပြီးတော့ သတ်မှတ်ထားတဲ့ မီဒီယာမှာ လူသိရှင်ကြား တောင်းပန်ပေးရမယ်”


ဖေဖေမာမှာ လျော်ကြေးပမာဏအား မြင်လိုက်ချိန်တွင် သူ၏ မျက်နှာမှာ ဒေါသများဖြင့် နီရဲသွားခဲ့သည်။စာရွတ်စာတမ်းအား ဘောလုံးတစ်လုံးကဲ့သို့ လုံးလိုက်ပြီး မြေပြင်ပေါ်သို့ ပစ်ပေါက်လိုက်ကာ


“ဒီလောက်ပိုက်ဆံ အများကြီး တောင်းရအောင် မင်းရူး‌နေတာလားကွ”


ယွမ်ဖာ့က ပြောလိုက်သည်။:


“ကျွန်တော် ခင်ဗျားရဲ့ ကုမ္ပဏီအကောင့်ကို စစ်ဆေးပြီးသွားပြီ၊ ခင်ဗျားရဲ့ လက်ရှိပိုင်ဆိုင်မှုနဲ့ဆိုရင်တော့ ပေးနိုင်ပါတယ်”


ဖေဖေမာမှာ ဒေါသတကြီးဖြင့် အော်ဟစ်လိုက်၏။


“ငါမတတ်နိုင်ဘူးလို့ ပြောနေလို့လား၊ ငါပြောနေတာက မင်းကရူးနေတာပဲလို့ ဒါက ကလေးတွေကြားထဲက ရန်ပွဲအသေးလေးပဲလေ အဲဒါကို မင်းက ငါ့ကို ဒီလောက်အများကြီး ပေးစေချင်နေတာလား၊ ငါလည်း ရှေ့နေငှားလို့ရတယ် ဒီလို အလွန်အကျွံတောင်းဆိုမှုမျိုးနဲ့ မင်းနိုင်ဖို့ဆိုတာ မဖြစ်နိုင်ဘူး” 


ယွမ်ဖာနှင့်ယွမ်အောင်းမှာ တစ်ဦးကိုတစ်ဦး ပြုံးပြလိုက်ကြ၏။ 


ယွမ်မိသားစုက ဘယ်တုန်းကများ ကျိုးကြောင်းစီလျော်ဖူးလို့လဲ။


နောက်မှချမ်းသာလာတဲ့ လူတွေက ဒီလိုစည်းကမ်းတွေကို နားမလည်နိုင်လောက်ဘူး။ 


အကယ်၍ သူတို့သာ နာနာခံခံနှင့် ပိုက်ဆံအား ပေးလိုက်မည်ဆိုလျှင် ယွမ်မိသားစု၏ လက်တုံ့ပြန်မှုမှာ ထိုနေရာမှာတင် ရပ်သွားမည်ဖြစ်သည်။


ယွမ်ဖာ့က ပြောလိုက်သည်။


“ကော ငါမင်းရဲ့ ထောက်ပံ့မှုနဲ့ နည်းနည်းလောက် အန္တရာယ်ရှိတာ ကစားလိုက်လို့ရလား”


ယွမ်အောင်းမှ ပြောလိုက်သည်။


“ငါမင်းကို အမြဲတမ်း ထောက်ပံ့ပေးနေမယ်”


မိသားစု၏ ပိုက်ဆံနှင့် အဆက်အသွယ်များအား တာဝန်ယူထားရသည့် အကြီးဆုံးအစ်ကိုမှာ လက်ခံလိုက်ပြီဖြစ်၍ ယွမ်ဖာ့မှာလည်း မတုံ့ဆိုင်းနေတော့ပေ။


တရားဥပဒေမှာ အကြမ်းဖက်မှု မပါဝင်ပါက စွန့်ပစ်စက္ကူပုံကြီး တစ်ပုံသာဖြစ်၏။


သေချာ တွေးကြည့်ရမည်ဆိုလျှင် ယွမ်မိသားစု၏ အပြည့်အဝထောက်ပံ့မှုမပါဘဲနှင့် ယွမ်ဖာ့သည်လည်း ထိုကဲ့သို့ များပြားသည့် လူများအား ထောင်ထဲသို့ ပို့နိုင်မည် မဟုတ်ချေ။