Ch 11
Viewers 5k

Chapter -11

[စည်းကမ်းကို သင်ယူနည်း]



ယွမ်လော့ရီတစ်ယောက် အိမ်အပြန်လမ်း၌ သူမ၏ အစ်ကိုကြီးကို အကဲခတ်နေခဲ့၏။ မကြာသေးမီက သူတို့၏ ဆက်ဆံရေးမှာ အတော်လေး တိုးတက်လာသော်လည်း ယွမ်အောင်းမှာ ယွမ်လော့ရီအဖို့ အလွန် ခန့်မှန်းရ ခက်နေဆဲပင်။


ဤဖြစ်စဥ်၏ အကြောင်းရင်းမှာ ယွမ်လော့ရီမှ ယွမ်အောင်းအား ထိုးဖောက် မမြင်နိုင်သောကြောင့်ဖြစ်သည်။ ယွမ်အောင်းမှာ ကျန်သော အစ်ကိုလေးဦးထက် ဟန်ဆောင်ရာ၌ ပိုမို ကျွမ်းကျင်ပြီး သူ၏ အမှောင်ခြမ်းက ရက်စက်ခြင်း သက်သက်ဖြင့် ကန့်သတ်ထားခြင်း မရှိချေ။


ယွမ်အောင်းသည် ထုံးစံအတိုင်း သူ၏ တက်ဘလက်ကို တိတ်ဆိတ်စွာ ကြည့်၍ သူ့ လက်ချောင်းများက ရံဖန်ရံခါ မျက်နှာပြင်ပေါ်၌ ပွတ်ဆွဲနေ၏။


ယွမ်လော့ရီက ပို၍ နီးနီး ကြည့်ရန် ရှေ့သို့ တိုးသွားလာခဲ့သည်။ တက်ဘလက်တွင် ရောင်စုံ မျဉ်းကွေးများ အထပ်ထပ်ကို ပြနေပြီး အင်မတန် ရှုပ်ထွေးပုံရသည်။


ယွမ်အောင်းက ယွမ်လော့ရီတစ်ယောက် ပို၍ ရှင်းရှင်းလင်းလင်း မြင်နိုင်ရန် သူ၏ တက်ဘလက်ကို ချလိုက်ကာ


“မင်း အနာဂတ်မှာ စီးပွားရေးကို သင်ချင်လား"


ယွမ်လော့ရီက နောက်ဆုတ်လိုက်သည်။


"ဟင့်အင်း"


ထိုအရာများက ပထမတစ်ချက် ကြည့်လိုက်သည်နှင့် အလွန် စိတ်ရှုပ်စရာ ကောင်းပုံရသည်။


သို့သော် သူမ၏ အစ်ကိုကြီးက တကယ်ပင် အံ့သြစရာ ကောင်းချေ၏။ ယွမ်မိသားစုမှ သားအကြီးဆုံးအနေဖြင့် သူသည် ယွမ်မိသားစု၏ ပိုင်ဆိုင်မှု အများစုကို ထိန်းချုပ်ထားသည်။ 


ယွမ်အောင်းမှာ များသောအားဖြင့် ဤလုပ်ငန်းများကို စီမံခန့်ခွဲနေရသဖြင့် အလွန် အလုပ်များပြီး နိုင်ငံရပ်ခြားသို့ မကြာခဏ ခရီးသွားလေ့ရှိ၏။ သူ၏ ညီမလေးနှင့်အတူ အပြင်ထွက်၍ ကစားရန် အချိန်ရှာရသည်မှာ သူ့အတွက် မလွယ်လှချေ။


အိမ်ပြန်ရောက်ပြီးနောက် ယွမ်အောင်းသည် အလုပ်လုပ်ရန် ပြန်သွားရ၏။ ယွမ်လော့ရီမှာမူ သူမ၏ အခန်းထဲသို့ ပြန်လာပြီး အိပ်ရာပေါ်တွင် လှဲ၍ အနားယူလေသည်။


နောက်တစ်နေ့၌ တနင်္လာနေ့သို့ တစ်ဖန် ရောက်ရှိလာပြန်၏။ သို့သော် ဤတစ်ကြိမ်တွင် ယွမ်လော့ရီတစ်ယောက် သူမ၏ နှလုံးသားထဲ၌ မည်သည့် မကျေနပ်မှုကိုမှ မခံစားရချေ။ 


အကြောင်းမှာ အတန်းD ၌ နံနက်ပိုင်း ကိုယ်ပိုင်စာကြည့်ချိန် လုံးဝ မရှိသောကြောင့်ပင်။ ခုနစ်နာရီတွင် သူမသည် အိပ်ရာနှင့် မခွာသေးပေ။


သူမ၏ ဖုန်းက ရုတ်တရက် တုန်ခါသွားသဖြင့် ဖွင့်ကြည့်လိုက်ရာ ယွီဟွား ပေးပို့သော စာတစ်စောင်ကို တွေ့လိုက်ရသည်။


"ယွမ်လော့ရီ ကျောင်းမြန်မြန်လာခဲ့၊ နင် ကျောင်းထုတ်ခံရတော့မယ်"


"နင် အင်္ဂလိပ်စာ စာမေးပွဲမှာ ခိုးချခဲ့တယ်လို့ တစ်ယောက်ယောက်က နာမည်မဖော်ဘဲ တိုင်ထားတယ်၊ အဲဒါကြောင့် ပထမအကြိမ်မှာ သုညရပြီး ဒုတိယအကြိမ်မှာ ၁၀၀ ရတာတဲ့"


"ဒီကိစ္စက ကျောင်းမှာ တောမီးလို ပျံ့နေပြီ"


ယွမ်လော့ရီတစ်ယောက် အလွန် အံ့အားသင့်သွား၏။ သူမ အင်္ဂလိပ်စာ အစား စာမေးပွဲ ဖြေဆိုစဉ်က ဆရာမစု၏ မျက်စိအောက်တွင် ရှိခဲ့သည်။ သူမက မည်သို့ ခိုးချနိုင်မည်နည်း။


ပျင်းရိစွာ အကြောဆန့်ပြီးနောက် ယွမ်လော့ရီမှာ အိပ်ရာမှ မထချင်ဘဲ တွားသွား၍ ထွက်လာ၏။ သူမသည် သွားတိုက်ခြင်း၊ မျက်နှာသစ်ခြင်း၊ ခေါင်းဖြီးခြင်းနှင့် ကျောင်းဝတ်စုံဝတ်ခြင်း အစရှိသော နေ့စဉ်လုပ်ငန်းစဥ်များကို ဖြည်းဖြည်းချင်း လုပ်ဆောင်ပြီးနောက် သူမ၏ ကျောပိုးအိတ်ကို ဆွဲယူကာ အောက်ထပ်သို့ ဆင်းလာခဲ့သည်။


ယွမ်အောင်းက စောင့်နှင့်ပြီးသားပင်။ ယနေ့၌ သူသည် အနက်ရောင် တရုတ်စတိုင် လည်ပင်းကော်လံဖြင့် အင်္ကျီကို ဝတ်ဆင်ထားရာ သူ၏ နက်နဲဆန်းကြယ်သော စိတ်နေသဘောထားနှင့် လိုက်ဖက်နေ၏။ ၎င်းက ယွမ်အောင်းမှာ နောက်ကွယ်မှ အရာအားလုံးကို ထိန်းချုပ်ထားသော ကြော့ရှင်းသည့် အုပ်စိုးသူအလားပင်။


ယွမ်လော့ရီက သူ၏ အနားသို့ ပြေးသွားလိုက်သည်။ 


"အစ်ကိုကြီး၊ ဒီနေ့ ညီမလေးကို ကျောင်းလိုက်ပို့မှာလား"


ယွမ်အောင်းက ပြော၏။ 


“အင်း ကျောင်းက ကိုကို့ကို လာဖို့ အကြောင်းကြားထားတယ်"


ယွမ်လော့ရီက မေးလိုက်သည်။ 


“ညီမလေး စာမေးပွဲ စာခိုးချလို့ ကျောင်းထုတ်ခံရတော့မှာလား"


သူသည် ယွမ်လော့ရီ၏ ခေါင်းကို ထိ၍ 


"စိတ်မပူပါနဲ့၊ ဒီနေ့ ယွမ်ဖာ့လည်း လာမှာ၊ ညီမလေး ခိုး မချခဲ့ဘူးဆိုတာ ကိုကိုယုံတယ်"


ယွမ်လော့ရီတစ်ယောက် စိတ်ထဲ၌ စိုးရိမ်စိတ် အနည်းငယ် ဝင်လာ၏။ ဒုတိယအစ်ကို ယွမ်ဖာ့မှာ စိတ်မတည်ငြိမ်သူ ဖြစ်ပြီး ယွမ်လော့ရီသည် သူ့အား အတော်လေး ကြောက်ရွံ့လေသည်။


ကားထဲသို့ ဝင်၍ ကျောင်းသို့ ရောက်သည့်အခါ ထုံးစံအတိုင်း ကျောင်းသားများက ယွမ်လော့ရီကို မြင်သည်နှင့် ထွက်ပြေးကြ၏။ သို့သော် ယနေ့၌ သူတို့မှာ ပို၍ မြန်မြန် ပြေးကြရာ တစ်စုံတစ်ဦးက သူတို့နောက်မှ ဓားဖြင့် လိုက်နေသကဲ့သို့ပင်။


အဘယ်ကြောင့်ဆိုသော် သူမ၏ အစ်ကိုကြီး ယွမ်အောင်းက သူမ ဘေး၌ ရှိနေသောကြောင့်ဖြစ်၏။


ကျောင်းအုပ်ကြီးရုံးခန်းသို့ ရောက်သောအခါ၌ ကျောင်းအုပ်ကြီးအပြင် မုတ်ဆိတ်ဖြူနှင့် အဘိုးကြီး သုံးဦးလည်း ရှိနေ၏။ သူတို့၏ ပင်လယ်ကဲ့သို့ များပြားနေသော ဆံပင်များကို ကြည့်၍ ကျောင်းအုပ်ချုပ်ရေးမှ အဖွဲ့ဝင်များ ဖြစ်လိမ့်မည်ဟု ယူဆရသည်။


ယွမ်အောင်းသည် အထက်တန်းလွှာ သားတစ်ဦးကဲ့သို့ ခန့်ညားစွာဖြင့် ယဉ်ကျေးမှုအပြည့် ခါးကိုင်း၍ အရိုအသေ ပေးလိုက်၏။


“အားလုံးပဲ မင်္ဂလာနံနက်ခင်းပါ"


ကျောင်းအုပ်ကြီးက စိတ်လှုပ်ရှားစွာ မတ်တပ်ထရပ်လိုက်ရင်း 


"ယွမ်အောင်း မင်း ရောက်လာပြီပဲ၊ ဒီကိစ္စကြောင့် ငါ တကယ်ပဲ စိတ်မကောင်း ဖြစ်ရတာကို မင်းသိပါတယ်၊ ဒါပေမဲ့ လူတွေရဲ့ ထင်မြင်ချက်က အရမ်းများနေတာ၊ လူတိုင်းက ယွမ်လော့ရီ စာမေးပွဲ စာခိုးချခဲ့လို့ ကျောင်းထုတ်ခံရသင့်တယ်လို့ ပြောနေကြတယ်”


ယွမ်အောင်းက မေးလေသည်။ 


"ဒါဆို သူ့ကို ကျောင်းထုတ်ဖို့ စီစဉ်နေတာလား"


ကျောင်းအုပ်ကြီးက ပြန်ပြော၏။


“ဒီလောက် ကြီးမားတဲ့ ဆုံးဖြတ်ချက်ကို ငါ တစ်ယောက်တည်း ဘယ်လိုလုပ် ချနိုင်မလဲ၊ အဲဒါကြောင့် ငါ ဒီနေ့ ဒီခေါင်းဆောင် သုံးယောက်ကို အထူးတလည် ခေါ်လိုက်ပြီး ဒီကိစ္စကို ဘယ်လို ကိုင်တွယ်ရမလဲဆိုတာ အတူတူ ဆွေးနွေးကြမလို့"


ယွမ်အောင်းက လှည့်ကြည့်လိုက်သည်။ ကျောင်းခေါင်းဆောင် သုံးဦးစလုံးသည် ယွမ်မိသားစု၏ ပြိုင်ဘက်အဖွဲ့များမှ ပုဂ္ဂိုလ်များပင်။


အသက်အကြီးဆုံး ကျောင်းခေါင်းဆောင်က ပြောလာ၏။


"ယွမ်လော့ရီ ခိုးချတာက ငါတို့ ကျောင်းရဲ့ ပုံရိပ်ကို ထိခိုက်စေတယ်၊ အခု မင်းတို့ ယွမ်မိသားစု ဆန္ဒအလျောက် နုတ်ထွက်မယ်ဆိုရင်တော့ နှစ်ဦးနှစ်ဖက် အဆင်ပြေပါလိမ့်မယ်၊ ဒါပေမဲ့ ငါတို့တွေ စုံစမ်းစစ်ဆေးမှုကို ဖွင့်ချလိုက်ရင်တော့ နှစ်ဖက်စလုံးအတွက် အဆင်မပြေ ဖြစ်သွားလိမ့်မယ်"


ယွမ်အောင်းက ဆိုဖာပေါ်၌ တည်တည်ငြိမ်ငြိမ် ထိုင်ချလိုက်ပြီး ယွမ်လော့ရီက သူ၏ ဘေး၌ ထိုင်လိုက်သည်။


သူက ပြောလေ၏။


“ခင်ဗျားတို့ မှားနေတာပဲ၊ ကျွန်တော်တို့ ဖွင့်ချလိုက်ရင် ခင်ဗျားတို့ အကုန်လုံး အဆင်မပြေဖြစ်သွားမှာ"


ခေါင်းဆောင်ဖြစ်သူက မေးလာသည်။


 "မင်း ဘာကိုဆိုလိုတာလဲ"


ယွမ်အောင်းက သူ၏ နာရီကို ကြည့်လိုက်ပြီး ဖြည်းညှင်းစွာ ပြောလိုက်သည်။ 


"ခဏနေရင် ရှေ့နေ ရောက်လာလိမ့်မယ်"


ကျောင်းအုပ်ကြီး၏ မျက်နှာအမူအရာက ခဏတာ တောင့်တင်းသွားပြီးနောက် ထိတ်လန့်သွား၏။ 


“ဘုရားရေ၊ ယွမ်ဖာ့ လာတော့မှာလား”


ယွမ်အောင်းက ပြန်ပြောလေသည်။


"ယွမ်ဖာ့ တစ်ယောက်တည်း မဟုတ်ဘူး၊ လော့ရီကို မှားပြီး စွပ်စွဲခဲ့တဲ့ ကျောင်းသူလည်း ရောက်လာလိမ့်မယ်၊ သူ ဘယ်သူလဲဆိုတာ ကျွန်တော် သိပြီးပြီးမလို့ ကျွန်တော့် ညီမလေးကို မှားပြီး စွပ်စွဲခဲ့ကြောင်းလည်း သက်သေပြနိုင်တယ်"


"ဘန်း!”


တံခါးမှာ အတင်းအကျပ် တွန်းဖွင့်လိုက်ပြီးနောက် ဒုတိယအစ်ကို ယွမ်ဖာ့က ဝင်ပေါက်တွင် ရပ်နေ၏။ သူသည် ယွမ်လော့ရီကို ကြည့်ကာ ပြဇာတ်တစ်ခုတွင် သရုပ်ဆောင်နေသကဲ့သို့ လက်များကို ဒရာမာဆန်ဆန် ဖွင့်ဟလိုက်သည်။


"အိုး ကိုကို့ရဲ့ ချစ်လှစွာသော ညီမလေး၊ မင်း ပြဿနာအချို့နဲ့ ရင်ဆိုင်နေရတယ်လို့ ကိုကို ကြားလိုက်ရတော့ မင်းရဲ့ ဒုတိယအစ်ကို ဖြစ်တဲ့ ကိုကိုက ဘယ်လိုလုပ် ရပ်ကြည့်နေနိုင်ပါ့မလဲ"


ယွမ်ဖာ့တွင် မြေခွေးကဲ့သို့သော ရှည်လျားလှပသည့် မျက်လုံးများ ရှိ၏။ ထောင့်စွန်းများ၌ အနည်းငယ် ကော့နေပြီး အမြဲတစေ ယုတ်မာကောက်ကျစ်သော အလင်းရောင်က တောက်ပနေသည်။


သူသည် သူတို့ ဖေဖေယွမ်၏ အရပ်ရှည်ရှည်၊ ခြေထောက်ရှည်ရှည် ပုံသဏ္ဍာန်ကို အမွေဆက်ခံခဲ့၏။ မြန်ဆန်သော ခြေလှမ်း အနည်းငယ်ဖြင့် သူသည် ယွမ်လော့ရီ ရှေ့သို့ ရောက်လာသည်။


သူ့ ခန္ဓာကိုယ်ကို ကျော့ရှင်းစွာ ကိုင်းညွှတ်၍ လက်ကို ဆန့်ထုတ်လိုက်၏။ ကျွမ်းကျင်စွာ လှည့်လိုက်ပြီးနောက် ပန်းနုရောင် နှင်းဆီပန်းတစ်ပွင့်အား ဖန်တီး၍ ယွမ်လော့ရီ၏ အဝတ်များပေါ်တွင် တပ်ဆင်ပေးလိုက်သည်။


သူသည် ငါးမန်းကဲ့သို့သော ယုတ်ညံ့သည့် အပြုံးကို ပြုံးလိုက်ပြီးနောက်


"ကိုကိုတို့ ပြန်ဆုံတွေ့ခြင်းအတွက် လက်ဆောင်ပေါ့၊ ညီမလေး ကြိုက်ရဲ့လား"


ယွမ်လော့ရီက သတိဖြင့် နောက်ဆုတ်သွားခဲ့သည်။ သူမ၏ ဒုတိယအစ်ကိုမှာ အကြောင်းမဲ့ လက်ဆောင် မပေးတတ်ချေ။ သူသည် မကောင်းမှုတစ်ခုခုအား တစ်ဖန် လုပ်ဆောင်ရန် ကြံရွယ်နေပြီး သူ ကြံစည်နေသည့် မည်သည့် မကောင်းမှုမဆို ယွမ်လော့ရီတစ်ယောက် ငိုရပေလိမ့်မည်။

 

သို့သော်လည်း ယနေ့၌ အစ်ကိုကြီး ယွမ်အောင်း ရှိနေသည်ဖြစ်ရာ ယွမ်လော့ရီတစ်ယောက် သူမ၏ ဒုတိယအစ်ကိုက အလွန်အကျွံ လုပ်လိမ့်မည် မဟုတ်ဟု ခံစားရ၏။


ယွမ်ဖာ့၏ မျက်လုံးများက ယွမ်လော့ရီအပေါ်၌ စူးစိုက်စွာ စွဲမြဲနေ၏။ သူ ခပ်တိုးတိုးရယ်လိုက်ပြီးနောက်


"မင်းက တကယ်ကို ချစ်စရာကောင်းတာပဲ၊ အခုထိ ကိုကို့ ကို ဒီလို ကြောက်နေတုန်းပဲ"


သူသည် ယွမ်လော့ရီ၏ ခေါင်းကို ပွတ်သပ်ရန် လက်လှမ်းလေ၏။


ယွမ်အောင်းက ယွမ်ဖာ့ကို အေးစက်စွာ ကြည့်လိုက်သည်။


"မင်း အကွာအဝေးကို ထိန်းသိမ်းဖို့ သင် သင့်တယ်"


ယွမ်ဖာ့၏ လက်က ယွမ်လော့ရီ ခေါင်းနှင့် တစ်လက်မ အကွာတွင် ရပ်တန့်နေ၏။ 


"မင်း ငါ့ကို သိပါတယ်၊ ငါက အစွဲအလန်းကြီးတဲ့သူလေ၊ တခြားသူတွေ ချမှတ်ထားတဲ့ စည်းကမ်းတွေကို ငါ ဘယ်တော့မှ သင်ယူမှာ မဟုတ်ဘူး"


ယွမ်ဖာ့သည် သူ၏ ညီမလေးကို ထိတွေ့ရန်အတွက် ပေးရမည့် တန်ကြေးကို အကဲဖြတ်နေပြီး ယွမ်အောင်းမှာတော့ ထိုတန်ကြေးမှာ ကြီးမားလိမ့်မည်ဟု သူ့ မျက်လုံးများဖြင့် ပြောပြနေခြင်းပင်။


ယွမ်ဖာ့သည် ယွမ်လော့ရီ၏ မုန့်များကို ခိုးရသည်ကို အနှစ်ခြိုက်ဆုံးဖြစ်ပြီး ယွမ်အောင်းကို ဒေါသထွက်အောင် လုပ်ရသည်ကို နှစ်သက်သဖြင့် သူသည် မိသားစုတစ်ခုလုံး၏ အရိုက်ခံရဆုံးသူ ဖြစ်ခဲ့ရသည်။


သို့သော် ယင်းက သူ့အား မပြိုလဲစေခဲ့ပေ။ ဆန့်ကျင်ဘက်အားဖြင့် ၎င်းက သူ့အား အလွန် အကောင်းမြင်စေခဲ့ပြီး သေခြင်း၏ အစွန်းတစ်ဖက်အား စမ်းသပ်ခြင်းကိုပင် နှစ်သက်စေခဲ့၏။


ရှေ့နေဖြစ်လာပြီးနောက် ယွမ်ဖာ့သည် မျှော်လင့်ချက်ကင်းမဲ့သော အခြေအနေများမှ ပြန်လည် တန်ပြန်တိုက်ခိုက်ခြင်းကိုလည်း နှစ်သက်ခဲ့၏။ တရားရုံးထဲမှ ရှင်ခြင်းနှင့် သေခြင်းအား ရုန်းကန်ရသည့် ခံစားချက်မှာ ကလေးဘဝ၌ သူ သေလုမြောပါး အရိုက်ခံခဲ့ရသည့် အချိန်များကို သတိရစေသည်ဟု သူ ပြောဖူးသည်။ ယွမ်ဖာ့မှာ ၎င်းကို အလွန် ပျော်မွေ့နေခဲ့၏။


သို့သော် ယခုအခါ အစ်ကိုကြီးက သူ့အား ရိုက်နိုင်ရုံသာမက ယွမ်အောင်းမှာ ယွမ်မိသားစု၏ အဆက်အသွယ်များကိုပါ အသုံးပြု၍ သူ့အား ပိတ်ပင်နိုင်ပြီး အသက်မွေးဝမ်းကြောင်းကို ထိခိုက်စေနိုင်သည်။


ထို့ကြောင့် ယွမ်ဖာ့တစ်ယောက် သူ၏ လက်ကို ရုတ်သိမ်းလိုက်၏။ ယောကျ်ားတစ်ယောက်က ဘယ်အချိန်တွင် လက်နက်ချရမည်ကို သိသည်။


ပြီးပြည့်စုံသော အခွင့်အလမ်း ရလာသည့်အခါ သူသည် သူ့အတွက် ထိုက်တန်သော ချိုမြိန်သည့် အသီးကို ခူးယူပေလိမ့်မည်။


နောက်ထပ် လူနှစ်ဦးက ကျောင်းအုပ်ကြီးရုံးခန်းထဲသို့ အလျင်အမြန် ဝင်လာကြပြီး အမျိုးသမီးတစ်ဦးက မှတ်စုစာအုပ်ကို ကိုင်ဆောင်ထားကာ အမျိုးသားတစ်ဦးက ဗီဒီယိုရိုက်ထားသည့် ကင်မရာကို ကိုင်ဆောင်ထား၏။ သူတို့သည် တက္ကသိုလ်မှ ဘွဲ့ရပြီးခါစ ကျောင်းသားများကဲ့သို့ ဖြစ်နေပြီး ပညာသင်နေဆဲ အရိပ်အယောင်များ ရှိနေဆဲပင်။


ထိုနှစ်ဦးသည် ယွမ်ဖာ့၏ ဥပဒေအကြံပေး လက်ထောက်များဖြစ်ကြ၏။ သူတို့သည် ယွမ်ဖာ့၏ ဘေးသို့ အလုအယက် ရောက်လာကြပြီး အမိန့်ကို စောင့်ဆိုင်းနေကြသည်။


ယွမ်ဖာ့သည် လက်ထောက်အသစ်များ၏ မသေမသပ်ဖြစ်မှုကို အနည်းငယ် စိတ်ပျက်နေ၏။ သူ၏ အဝတ်အစားများကို ခါလိုက်ပြီး တင့်တယ်စွာ လှည့်၍ ကျောင်းအုပ်ကြီးထံသို့ လျှောက်သွားလိုက်သည်။ 


"ဒါနဲ့ ကျောင်းအုပ်ကြီး မတွေ့ရတာ ကြာပြီပဲ၊ ခင်ဗျားကို အရမ်း သတိရနေခဲ့တာ၊ ကျွန်တော် ထွက်သွားတုန်းက ခင်ဗျားမှာ ဆံပင်တစ်ဝက် ရှိပါသေးတယ်၊ အခု ကျန်တဲ့ တစ်ဝက် ဘယ်ရောက်သွားတာတုန်း"


ကျောင်းအုပ်ကြီးက ဒေါသထွက်သွားသော်လည်း ဝမ်းသာမိ၏။ ယွမ်ဖာ့သည် သူ၏ ထိပ်တန်းကျောင်းသားများထဲမှ တစ်ဦး ဖြစ်သော်လည်း စာရိတ္တစံနှုန်း လုံးဝ မရှိသောကြောင့် သူ့အား အနာကျင်ရဆုံးသူလည်း ဖြစ်သည်။ သူသည် အမှန်စင်စစ် လူယုတ်မာပင်။


"ဘာဖြစ်ခဲ့လည်းဆိုတာကို မင်းလည်း ကောင်းကောင်းသိပါတယ်၊ ငါ ငယ်ငယ်တုန်းက အရမ်း ချောခဲ့တဲ့သူပါ ဒါပေမဲ့ မင်းတို့ ယွမ်ညီအစ်ကို ငါးယောက်ရဲ့ ညှဉ်းပန်းနှိပ်စက်မှုကြောင့် အခုလို ဖြစ်နေရတာ၊ အခု မင်းရဲ့ ယွမ် မင်းသမီးလေးကလည်း တစ်ရက်တည်းနဲ့ ဒီလို ကိစ္စကြီး ဖြစ်အောင် လုပ်နိုင်တဲ့အတွက် မြို့ထဲမှာ ပြောစရာ ဖြစ်နေပြန်ပြီ ငါ့ဘဝ တစ်ခုလုံးကို မင်းတို့ ယွမ်မိသားစုက ဖျက်ဆီးပြစ်နေတယ်လို့တောင် ခံစားနေရပြီ”