Chapter -10
[သိုးနှင့် ဝံပုလွေ]
နေ့လယ် ၁၂ နာရီတွင် အပန်းဖြေဥယျာဉ်တစ်ခု၏ ဝင်ပေါက်၌ အနက်ရောင် ဆွီဒင်ကားတစ်စီး ထွက်ပေါ်လာလေ၏။
ယာဉ်မောင်း ရှောင်ဖန်းသည် ကားပေါ်မှ ဆင်းလာပြီးနောက် တံခါး ဖွင့်ပေးလာ၏။ ယွမ်အောင်းက ဦးစွာ ကားထဲမှ ထွက်လာသည်။
သူသည် ဂုဏ်သရေရှိကာ ခန့်ညားလှပြီး သူ၏ နက်မှောင်သော မျက်လုံးများက ညကဲ့သို့ ငြိမ်သက်အေးချမ်းနေ၏။ ပြိုင်ဖက်ကင်းစွာ ဆွဲဆောင်မှု ရှိသော်လည်း အေးစက်သော အန္တရာယ်ခံစားမှုက လေးစားအားကျသူများကို ရပ်တန့်၍ အဝေးမှ ကြည့်ရှုစေကာ အနားသို့ မချဉ်းကပ်ရဲစေပေ။
ဝန်ဆောင်မှုပေးသော အမျိုးသမီး ဝန်ထမ်းများ၏ အသက်ရှူသံများက ခေတ္တခဏ ရပ်တန့်သွားသည်။
မိန်းကလေးတစ်ဦးက ယွမ်အောင်းကို တွေဝေမိန်းမော၍ စိုက်ကြည့်နေရာ ကြီးကြပ်သူက သူမအား တိတ်တိတ်ကလေး ကန်လိုက်ရ၏။ ထိုအခါမှသာ ထိုမိန်းကလေးသည် သူမ ၏ အပြုအမူမှာ မည်မျှ ရိုင်းစိုင်းသည်ကို သဘောပေါက်သွားပြီး ထိတ်လန့်တကြား ခေါင်းငုံ့လိုက်လေသည်။
ယွမ်အောင်းသည် အလွန်ပင် လေးစားခံရသော ဧည့်သည်တော် ဖြစ်ပေ၏။ သူဌေးက ဝန်ထမ်းများကို သူ့အား လက်ခံတွေ့ဆုံရန် စီစဉ်ထားပြီး ယွမ်မိသားစု၏ အကြီးဆုံးသားမှာ အမျိုးသမီးများမှ အနှောင့်အယှက်ပေးခြင်းကို လွန်စွာ ရွံရှာကြောင်းကိုလည်း အလေးအနက် ပြောကြားထားသည်။ သူတို့၌ မသင့်လျော်သည့် အတွေးများ မရှိခြင်းက အကောင်းဆုံးပင်။
ယွမ်လော့ရီသည် ယွမ်အောင်းဘေးတွင် အလွန်လက်ရာမြောက်ပြီး သိမ်မွေ့သော ကြွေရုပ်လေးတစ်ရုပ်အလား ရပ်နေရာ လူအများ၏ ချစ်ခင်မြတ်နိုးမှုကို အလွယ်တကူ နှိုးဆွပေးနိုင်ပေသည်။
ဝန်ဆောင်မှုပေးသူများကလည်း သူမအား စိုက်မကြည့်ရဲကြပေ။ သူမသည် ယွမ်မိသားစု၏ လက်ဖဝါးပေါ်မှ အဖိုးတန်ရတနာဖြစ်ကြောင်း လူတိုင်း သိကြ၏။ သူမအပေါ် ရိုင်းစိုင်းမိပါက မည်သည့် ကောင်းကျိုးမှ ရှိမည် မဟုတ်ချေ။
အရောင်းလမ်းညွှန် အစ်မဖန်းက လျှောက်လာပြီးနောက်
"မင်္ဂလာပါရှင့်၊ ကျွန်မက ဒီနေ့အတွက် ဝန်ဆောင်မှု ပေးမယ့်သူပါ၊ ဘာများ ကူညီပေးရမလဲရှင့်"
ယွမ်အောင်းက ပြော၏။
"ကျွန်တော့် ညီမလေးကို အပြင်ခဏ ထွက်ကစားဖို့ ခေါ်လာခဲ့တာ"
သူက ယွမ်လော့ရီအား ကြည့်လိုက်ပြီးနောက် ထပ်ပြောလေသည်။
"ဘာကစားချင်လဲ"
ယွမ်လော့ရီက ဖြေ၏။
“ညီမလေး Street Fighter ကစားချင်တယ်"
အစ်မဖန်းက ပြုံး၍ "တိုက်ဆိုင်လိုက်တာရှင်၊ ကျွန်မတို့မှာ ဂိမ်းစက်အသစ်တွေ ခုမှ ရောက်ထားတာ၊ ဒီဘက်က ကြွပါရှင့်"
သူတို့ ဓာတ်လှေကားဖြင့် အပေါ်ထပ်သို့ တက်လာကြ၏။ ယွမ်လော့ရီသည် ဖန်သားလက်ရန်းကို မှီ၍ အောက်သို့ ငုံ့ကြည့်လိုက်သည်။ အပန်းဖြေဥယျာဉ်မှာ ခမ်းနားလှပြီး ပတ်ပတ်လည်ရှိ ဆိုင်များရှေ့တွင် လူအများ ဝင်ထွက်၍ စည်ကားနေလေ၏။
ယွမ်လော့ရီတစ်ယောက် ရင်းနှီးသော မျက်နှာတစ်ခုကို တွေ့လိုက်၏။ ထိုသူမှာ အတန်းA မှ ဝမ်ရှောင် ဖြစ်ပေသည်။ သူမ၏ မိဘများနှင့်အတူ ပျော်ရွှင်စွာ ဈေးဝယ်နေခြင်းပင်။
အတန်းA မှ ကျောင်းသားအများစုမှာ ယွမ်လော့ရီအား ရည်ရွယ်ချက်ရှိရှိ ရှောင်ရှားရန် လုံလောက်သော အသိတရား ရှိကြ၏။ သို့သော် ဝမ်ရှောင်သည် အသံဆာဆာဖြင့် ဟိတ်ဟန်မရှိဘဲ မာနဝင့်ကြွားစွာဖြင့် ယွမ်လော့ရီကို မကြာခဏ လှောင်ပြောင်တတ်သည်။ သူမသည် ရေပန်းစားခြင်းကို နှစ်သက်သူပင်။
ဝမ်ရှောင်က မကြာခဏ ပြောလေ့ရှိသည်။
"ငါသာ ယွမ်မိသားစုရဲ့ သမီးဆိုရင် နင့်လိုမျိုး ဘယ်တော့မှ ဖြစ်မှာမဟုတ်ဘူး၊ အင်္ဂလိပ်စာကလည်း ညံ့မှညံ့၊ လူမှုဆက်ဆံရေးကလည်း မကောင်း၊ အတန်းထဲမှာ သူငယ်ချင်း တစ်ယောက်လေးတောင် မရှိဘူး၊ ပွင့်ပွင့်လင်းလင်း ပြောရရင် နင်က နာမည်ကြီး မိသားစုကနေ ဆင်းသက်လာတဲ့ အသုံးမကျတဲ့ နာမည်ပျက်မပဲ"
"နင် ဘာလို့ နင့်အစ်ကိုတွေလို အသုံးဝင်အောင် မနေနိုင်ရတာလဲ"
"ဟားဟားဟား၊ နင် ကြိုးစားရမယ်၊ ပျင်းနေလို့ မရဘူး၊ နားမလည်ရင် ငါ သင်ပေးလို့ရတယ်နော်"
သူမကဲ့သို့သော စက်ဆုပ်ဖွယ် ကလေးမကို မည်သူကမျှ အပြစ်ပေး၍ မရနိုင်ချေ။
အိမ်ပြန်ရောက်သည်နှင့် သူမ၏ မိဘများက သူမအား အဆုံးမဲ့ ချစ်မြတ်နိုးနေကြဆဲ ဖြစ်ပြီး သာမန်လူများထက်ပင် သူမက ပို၍ ပျော်ရွှင်သည်ဟု ပြောကြပေမည်။
ယွမ်အောင်းက ပြောလိုက်သည်။
“လောကကြီးက မတရားလိုက်တာနော်၊ သူက မင်းကို နာကျင်စေခဲ့ပေမဲ့ တန်ရာတန်ကြေးတော့ ပြန်မပေးရသေးဘူး"
ယွမ်လော့ရီက တုန်လှုပ်သွား၏။ သူမ တိတ်တဆိတ် ပြန်လှည့်၍ ယွမ်အောင်းအား ကြည့်လိုက်သည်။
သူမ၏ အစ်ကိုကြီးမှ ပြောခဲ့သည့်စကားများကို ပြန်လည် အမှတ်ရလိုက်ပြီး ယွမ်အောင်းမှာ ယွမ်လော့ရီ အကြောင်းအား စုံစမ်းထောက်လှမ်းနေသည်ဟု ပြောခဲ့ပေသည်။
သို့ဖြစ်၍ ယခုအခါတွင် အစ်ကိုကြီးမှာ ယွမ်လော့ရီတစ်ယောက် အတန်းA၌ အထီးကျန်နေသည်ကို သိနှင့်ပြီး ဖြစ်ပေလိမ့်မည်။
ယခင်က ယွမ်လော့ရီသည် ဤအရာကို သေချာစွာ ဖုံးဖိထားခဲ့၏။ ကျောင်းတွင် မည်မျှပင် စိတ်ပျက်နေသည်ဖြစ်စေ အိမ်ပြန်ရောက်သည့်အခါ ဘာတစ်ခုမျှမဖြစ်ခဲ့သကဲ့သို့ ဟန်ဆောင်ခဲ့သည်။
ယွမ်မိသားစု၏ ကလေးတစ်ဦးအနေဖြင့် ဤမျှ သေးငယ်သော အသေးအဖွဲ့ ကိစ္စကို ကောင်းစွာ မကိုင်တွယ်နိုင်ခြင်းက အလွန်ပင် ရှက်စရာ ကောင်းပေသည်။
ယွမ်အောင်းသည် ယွမ်လော့ရီ၏ ခေါင်းကို ပွတ်သပ်၍
"အဆင်ပြေပါတယ်၊ မင်းက ငယ်သေးတယ်၊ ဒီလိုကိစ္စတွေကို ဘယ်လို ကိုင်တွယ်ရမယ်ဆိုတာ ကိုကို သင်ပေးနိုင်တာပဲ"
သူသည် ယွမ်လော့ရီအား အပေါ်သို့ မြှောက်၍ မ,ချီလိုက်၏။ သူမ၏ အမြင်အာရုံက ပိုမိုကျယ်ပြန့်လာသည်။
ယွမ်လော့ရီသည် စျေးဝယ်စင်တာအတွင်းရှိ လူမျိုးစုံကို မြင်နိုင်၏။ အချို့က လောဘတက်နေကြသည်။ အချို့က အထက်စီးဆန်ကြသည်။ အချို့က အလျင်စလို သွားလာနေကြသည်။
ယွမ်အောင်းက ပြောလိုက်၏။
"ကျောင်းမှာ လူတိုင်းက တန်းတူတယ်လို့ မင်းကို ပြောပေမဲ့ တကယ်တမ်းကျ လူတွေက အစာကွင်းဆက်ထဲမှာရှိတဲ့ တိရစ္ဆာန်တွေလိုပဲ အဆင့်အတန်း မတူကြဘူး၊ တချို့လူတွေက သိုးတွေ ဖြစ်ပြီး သာမန်နဲ့ အရေးမပါတဲ့သူတွေ၊ တချို့တွေကျ ဝံပုလွေတွေဖြစ်ပြီး သွေးဆာနေကြတဲ့အကောင်တွေ၊ မင်း သူတို့ကို ရောလို့ မရဘူး၊ ဝံပုလွေတွေက သိုးအုပ်ထဲကို ရောလို့ မရသလိုပဲ၊ မင်းလည်း ဒီအကြောင်းကြောင့် စိတ်မကောင်းဖြစ်မနေသင့်ဘူး၊ မာနထားသင့်တယ်"
ယွမ်လော့ရီက မေးသည်။
"အစ်ကိုကြီးလည်း ကျောင်းမှာ တစ်ယောက်တည်းပဲလား"
ယွမ်အောင်းမှ ပြန်ဖြေလေ၏။
"အင်း တစ်ခါတစ်လေပေါ့၊ ကိုကိုက သူတို့ကို သည်းခံနိုင်ပေမဲ့ အချိန်အများစုက သူတို့အတွက် ကိုကို့ရဲ့ စွမ်းအင်တွေကို ဖြုန်းချင်စိတ် မရှိတာ၊ သာမန်ဖြစ်တာပဲဖြစ်ဖြစ် အထီးကျန်တာပဲဖြစ်ဖြစ် နှစ်ခုထဲက တစ်ခုပဲ၊ ယွမ်မိသားစုက ဘယ်နေရာကိုပဲ ရောက်ရောက် တစ်ကောင်တည်းရှိတဲ့ ဝံပုလွေပဲ၊ ဒါက ကိုကိုတို့ရဲ့ သဘာဝပဲ၊ မင်းမှာလည်း ဒီသဘာဝ ရှိလို့ ဝမ်းသာရမယ်"
ယွမ်လော့ရီက ခေါင်းငုံ့၍ တိတ်ဆိတ် နေ၏။ သူမသည် အစ်ကိုကြီး၏ စကားများကို စဉ်းစားဆင်ခြင်နေခြင်းပင်။ သူမသည် စစ်မှန်သော ယွမ်မိသားစုဝင် မဟုတ်သော်ငြား သူတို့၏ ယဉ်ကျေးမှု၌ နစ်မြုပ်နေပြီးနောက် ယွမ်လော့ရီမှာ သူမ၏ သက်ရွယ်တူချင်းများနှင့် ရောနှော၍ မရနိုင်သည်က အမှန်ပင်။
ယွမ်အောင်းက မေး၏။
"ဒါဆို မင်း တကယ်လိုချင်တဲ့အရာက ဘာလဲ"
ယွမ်လော့ရီက ရယ်မောနေသော ဝမ်ရှောင်ကို စိုက်ကြည့်လိုက်၏။ ယခင်က သူမ၏ ဆန္ဒမှာ ရိုးရှင်းခဲ့သည်။ အတန်းဖော်များနှင့် ပုံမှန်အတိုင်း အဆင်ပြေရန်နှင့် သူငယ်ချင်း တစ်ယောက်၊နှစ်ယောက် ရရန်သာ ဖြစ်၏။
သို့သော် တကယ်တမ်းတွင် သူမ၏ စိတ်ထဲ၌ ထိုအရာကို မနှစ်သက်ခဲ့ချေ။ အပေါ်ယံ ပေါင်းသင်းဆက်ဆံမှုများက အထီးကျန်ခြင်းကို ဖုံးကွယ်ရန်သာ ဖြစ်သည်။
ယွမ်လော့ရီက ထူးဆန်းကာ ယုတ္တိရှိသော ခံစားချက်ကို ခံစားလိုက်ရသည်။ သူမ၏ မျက်လုံးများက တဖြည်းဖြည်း ငြိမ်သက်လာ၏။ ဝမ်ရှောင်ကို ခဏအကြာ စိုက်ကြည့်ပြီးနောက် သူမ ပြောလိုက်သည်။
"သူ့ကို ပျောက်ကွယ်သွားစေချင်တယ်"
ယွမ်အောင်းက ပေါ့ပါးစွာ ရယ်မောလိုက်ပြီးနောက်
"သိပ်ကောင်းတယ်"
သူသည် အစ်မဖန်ကို ကြည့်၍ ပြောလိုက်၏။
"ကျွန်တော့် ညီမလေးက အဲမိသားစုကို အခု ပျောက်ကွယ်သွားစေချင်နေတယ်"
အစ်မဖန်က အနည်းငယ် ကိုယ်ကို ကိုင်းညွတ်၍ ဝန်ထမ်းနှစ်ဦးအား ဝမ်ရှောင်၏ မိသားစုထံသို့ အပြေးသွားစေကာ စျေးဝယ်စင်တာမှ ထွက်ခွာရန် တောင်းဆိုစေသည်။
ဝမ်ရှောင်၏ မိခင်က ဒေါသတကြီး အော်ဟစ်လိုက်၏။
"ကျွန်မတို့ကို ဘာအကြောင်းပြချက်နဲ့ မောင်းထုတ်ရတာလဲ၊ ကျွန်မတို့လည်း လက်မှတ်ဝယ်ပြီးမှ ဝင်လာတာလေ"
ဝန်ထမ်းများက အလွန် ရှက်ရွံ့နေကြ၏။ သူတို့သည် ယွမ်လော့ရီ ရှိရာသို့ လက်ညှိုးထိုးပြလိုက်ကြသည်။
ဝမ်မိသားစုက ညွှန်ပြသည့် နေရာသို့ ကြည့်လိုက်ရာ ချက်ချင်းပင် မျက်နှာများ ဖြူဖျော့သွားကြသည်။
"ဒါ ယွမ်မိသားစုပဲ၊ သူတို့က ဘာကိစ္စ ကျွန်မတို့ကို ပစ်မှတ်ထားနေရတာလဲ"
ယွမ်လော့ရီသည် ဝမ်ရှောင်တစ်ယောက် တုန်ယင်နေသည်ကို မြင်ရပြီး သူမမှာ ကြောက်လန့်တကြား ဖြစ်နေသည်ကိုလည်း တွေ့နေရ၏။
သူမကိုယ်တိုင်က မည်သို့သော မကောင်းမှုများ လုပ်ခဲ့သည်ကို ကောင်းစွာ သိရှိထား၏။ ယွမ်လော့ရီက သူမအား ရုတ်တရက် တိုက်ခိုက်လာလိမ့်မည်ဟု သူမ မမျှော်လင့်ခဲ့ပေ။
ဝမ်ရှောင်၏ ဖခင်က သူမ၏ ပုံမှန်မဟုတ်သော အပြုအမူကို သတိပြုမိသွားပြီးနောက် ဒေါသတကြီးဖြင့် မေးမြန်းလိုက်သည်။
"သမီး ဘာလုပ်ခဲ့သေးလဲ"
ဝမ်ရှောင်သည် ထစ်ငေါ့စွာဖြင့် အမှန်တရားကို မပြောရဲချေ။ သူမသည် နောင်တအပြည့်ဖြင့် ကျယ်လောင်စွာ ငိုကြွေးလေတော့သည်။
သူတို့သည် မကြာသေးခင်ကမှ ချမ်းသာလာသော မိသားစုဖြစ်ကာ ယွမ်မိသားစုကဲ့သို့ ရာစုနှစ်များစွာ ကြာမြင့်ပြီဖြစ်သည့် မျိုးရိုးမြင့် မိသားစုများနှင့် ယှဉ်ပါက အလွန် အားနည်းကြ၏။ ယွမ်အောင်း၏ စကားတစ်ခွန်းတည်းဖြင့် သူတို့၏ ငွေဝင်လမ်းကြောင်း အားလုံးကို ဖြတ်တောက်နိုင်ပေသည်။
ဝမ်ရှောင်တို့သည် သူတို့ ဝယ်ယူထားသည့် ပစ္စည်းများကိုပင် မယူရဲကြဘဲ အလျင်စလို ပြေးထွက်သွားကြသည်။
ယွမ် တို့မှ သင့်အား ပျောက်ကွယ်သွားရန် ပြောသည်နှင့် ချက်ချင်း ပျောက်ကွယ်သွားခြင်းက အကောင်းဆုံး ဖြစ်ကြောင်း လူတိုင်း သိကြ၏။ သို့မဟုတ်လျှင် ယွမ် တို့က ပို၍ ရက်စက်သော လက်တုံ့ပြန်မှုကို လုပ်ကြပေလိမ့်မည်။
ဝမ်ရှောင်တစ်ယောက် ယွမ်လော့ရီ ရှေ့၌ နောက်တစ်ကြိမ် ထွက်ပေါ်လာလိမ့်မည် မဟုတ်သည်မှာ သံသယဖြစ်ဖွယ် မရှိချေ။
သူမ ကိုယ်တိုင် ကျောင်းထွက်ရန် စတင်ဆောင်ရွက်ပေလိမ့်မည်။
ယွမ်လော့ရီ၏ နှလုံးသားထဲတွင် ကာလကြာရှည်စွာ ခံစားခဲ့ရသော စိတ်ဓာတ်ကျမှုများ ပျောက်ကွယ်သွားသည်ကို ခံစားလိုက်ရ၏။ တရားမျှတမှုက ယခုအခါ သူမ၏ လက်ထဲတွင် ခိုင်မြဲစွာ ရှိနေချေပြီ။ သူမသည် ဝမ်ရှောင်အား တန်ကြေး ပေးစေခဲ့သည်။
သူမ ကျောင်းကို ပြောပြခဲ့ပါက ဆရာများက လုံးဝ တာဝန်ယူပေးမည် မဟုတ်ချေ။ ၎င်းကို ကလေးများကြားမှ ရန်ပွဲအသေးစားဟု ခေါ်ကြပြီး ယွမ်လော့ရီက အများနှင့်မတူ၍ အတန်းဖော်များနှင့် မပေါင်းသင်းနိုင်ခြင်းဟု ဝေဖန်နိုင်ပေသည်။
ယွမ်လော့ရီက ယွမ်အောင်းအား မေး၏။
"ဒါက မှန်တဲ့ လုပ်ရပ်ဟုတ်ရဲ့လား ဟင်"
ယွမ်အောင်းက ဖြေသည်။
"မင်း ခုနက ဘယ်လို ခံစားခဲ့ရလဲ"
ယွမ်လော့ရီက ခဏမျှ စဉ်းစား၍ ပြောလိုက်သည်။
"အာဏာ"
ယွမ်အောင်းက ပြော၏။
"မှန်တယ် ကိစ္စတော်တော်များများမှာ အမှား၊ အမှန်ဆိုတာ မရှိဘူး၊ အနိုင် မဟုတ်ရင် အရှုံးပဲ ရှိတယ်၊ အာဏာက မင်းကို အနိုင်ရစေတယ်"
သူမ၏ ခေါင်းကို စောင်းလျက် ယွမ်လော့ရီက အစ်ကိုကြီး၏ စကားများကို အလေးအနက် စဉ်းစားဆင်ခြင်လေသည်။ ယွမ်မိသားစုက မရိုးသားသည်မှာ အမှန်ပင်။ သူတို့သည် သူတို့၏ ကိုယ်ပိုင်နည်းလမ်းများအရ မညှာတာတတ်ကြသလို နိုင်ထက်စီးနင်းဆန်သည့် အတွေးအခေါ်များလည်း ရှိတတ်ကြသေးသည်။
စိတ်အနှောင့်အယှက်ဖြစ်စေသည့် အရာကို ကိုင်တွယ်ဖြေရှင်းပြီးနောက် ဂိမ်းခန်းထဲသို့ နှစ်ဦးသား လမ်းလျှောက်ဝင်သွားကြသည်။ ယွမ်လော့ရီ အံ့သြမိသည်မှာ ဝန်ဆောင်မှုပေးသူများမှလွဲ၍ အခြားမည်သူမျှ ထိုနေရာ၌ မရှိခြင်းပင်။
ဖေဖေယွမ်က သူတို့သည် အခြားသူများနှင့် အလှမ်းဝေးနေစေရန်အတွက် ချမ်းသာမှုကို ထိန်းထားသည်ဟု ပြောခဲ့ဖူးသည်။ ထို့ကြောင့် ယွမ်မိသားစု သီးသန့် အသုံးပြုရန်အတွက် ခန်းမနေရာများကို မကြာခဏ ကြိုတင်စာရင်းပေးထားလေ့ရှိ၏။
ယွမ်အောင်းသည် ဆင်စွယ်ရောင် ဝက်ဝံရုပ်အား ယွမ်လော့ရီ၏ လက်မောင်းထဲသို့ ထိုးထည့်ပေးလိုက်သည်။ ၎င်း၏ တောက်ပြောင်နေသော အနက်ရောင် မျက်လုံးလေး နှစ်လုံးသည် ချစ်စရာကောင်းပေသည်။ နူးညံ့သော အမွှေးများကလည်း ယွမ်လော့ရီအား အလွန်နှစ်သက်စေခဲ့၏။
ယွမ်အောင်းက ပြောလိုက်သည်။
“ဒါက လက်ဆောင်လေး၊ မွှေးပွရုပ်တွေကို ညီမလေး အရမ်းကြိုက်တာ ကိုကို မှတ်မိတယ်"
ယွမ်လော့ရီက ခေါင်းညိတ်ပြီးနောက်
"ဟုတ်တယ်၊ ကျေးဇူးပါ အစ်ကိုကြီး"
ယွမ်အောင်းက ထပ်ပြော၏။
"ဒီနေ့ ကိုကို ပြခဲ့တဲ့ အရာတွေက မင်းအတွက် စောလွန်းနေနိုင်တယ်၊ မင်း အရွယ်ရောက်လာတာနဲ့ ပိုများတဲ့ အသိပညာတွေကို ကိုကို သင်ပေးနိုင်တယ်၊ အခုတော့ ဒီဝက်ဝံလေးကို ဖက်ပြီး ပျော်ပျော်ကြီး ကစားလို့ရပြီ၊ ကိုကို ဒီမှာ ညီမလေး ကို စောင့်နေမယ်နော်"
ပတ်ပတ်လည်ကို ကြည့်လိုက်ရာ အမျိုးမျိုးသော ဂိမ်းစက်များက အလွန်စိတ်ဝင်စားဖွယ် ကောင်းနေ၏။ ယွမ်လော့ရီသည် ရုတ်တရက် Street Fighter ကစားချင်စိတ် မရှိတော့ချေ။