Chapter - 9
[ကိုယ့်စကား ကိုယ် တည်ပါ]
ယွမ်အောင်းမှာ အလွန်အလုပ်များနေသည့် ပုံပေါက်ကာ လေးနက်နေသော အမူအယာဖြင့် သူ၏ခုံတွင် ထိုင်၍ စာရိုက်နေ၏။
ယွမ်လော့ရီမှ ပြောလိုက်သည်။
“အစ်ကိုကြီး၊ သမီး ကိုကို့အလုပ်ကို နှောင့်ယှက်နေမိတာလားဟင်”
ယွမ်အောင်း၏ လက်ချောင်းများမှာ တစ်ခဏမျှ ရပ်သွားခဲ့ပြီးနောက်
“မဟုတ်ဘူး၊ ကိုကို မင်းနဲ့ ပတ်သက်တဲ့ အကြောင်းတွေ ရှာနေတာ”
ယွမ်လော့ရီ စိတ်လှုပ်ရှားလာခဲ့၏။
အစ်ကိုကြီးက ငါ့ကို စုံစမ်းနေတာလား။
ဘာလို့လဲ။
အို မဖြစ်သေးဘူး၊ ငါအရင်တုန်းက လူတော်တော်များများ လက်မခံနိုင်တဲ့ အရာတွေအများကြီး လုပ်ခဲ့ဖူးတယ်၊ သူ အဲဒါတွေအကုန်လုံးကို ရှာတွေ့သွားနိုင်လောက်လား။
ယွမ်အောင်းမှာ ယွမ်လော့ရီ၏ ထိတ်လန့်နေသည့် မျက်နှာလေးအား စိတ်ဝင်တစားကြည့်လိုက်ရင်းဖြင့် သူ့ အိတ်ကပ်ထဲမှ စုပ်လုံးတစ်လုံးထုတ်လိုက်သည်။ ဤသကြားလုံးမှာ ယွမ်လော့ရီ ငယ်ငယ်က ကြိုက်သည့် ကြောင်နားရွက် ‘မြောင် မြောင်’ တံဆိပ်ဖြစ်၏။
သူစုပ်လုံးအား ဖောက်လိုက်ပြီး သကြားလုံး အနီရောင်လေးအား ယွမ်လော့ရီ၏ ပါးစပ်နားသို့ ခွံ့ပေးလိုက်လေသည်။
“ဘာမှ စိတ်လှုပ်ရှားစရာ မလိုပါဘူး”
ယွန်လော့ရီမှာ ရှေ့သို့ နည်းနည်းတိုး၍ သကြားလုံးအား စားလိုက်၏။ သကြားလုံးမှာ အလွန်ချိုပြီး ဖရဲသီးအရသာဖြစ်သည့်အပြင် အတော်လေး အရသာရှိလေသည်။
ငယ်စဥ်က သူမ၏ အစ်ကိုကြီးအား ကြောက်၍ သူမ ငိုယိုခဲ့ဖူးလေသည်။ သူမ၏ အိပ်ခန်းတံခါးရှေ့၌ ထိုကဲ့သို့ စုပ်လုံးမျိုး အမြဲရှိနေတတ်ကာ ယွမ်လော့ရီမှာ ယွမ်မေမေ ထားခဲ့သည်ဟု ထင်သော်ညား အမှန်တကယ်မှာ သူမ၏ အစ်ကိုကြီး ထားခဲ့ခြင်းဖြစ်၏။
ယွမ်လော့ရီ ထိုသကြားလုံးအား စားလိုက်သည့် အချိန်တိုင်း သူမ၏ မျက်ရည်များမှာ ရပ်သွားမည် ဖြစ်သည်။
ထို့နောက် ယွမ်လော့ရီမှာ သူမ၏အစ်ကိုကြီး သကြားလုံးပေးရခြင်း၏ ရည်ရွယ်ချက်အား သိသွား၏။ ဤသည်မှာ သူမ ငိုတော့မည်ဟု သူ ထင်သောကြောင့် ကြိုတင်ကာကွယ်ခြင်းအနေဖြင့် သကြားလုံးအား ပေးခြင်းဖြစ်မည်။
ယွမ်လော့ရီမှ ပြောလိုက်သည်။
“ကိုကို၊ သမီးကို သကြားလုံးပေးဖို့ မလိုတော့ပါဘူး၊ ဘာလို့ဆို သမီး အစ်ကိုကြီးကို ကြောက်လို့ဆိုပြီး ငိုတော့မှာ မဟုတ်ဘူးလေ”
ယွမ်အောင်းက ညင်သာစွာပြန်ပြောလေ၏။
“ဒါဆို အရမ်းကောင်းတာပေါ့၊ ညီမလေးရဲ့ ရင်ထဲမှာ ဝမ်းနည်းနေတာမျိုး ရှိရင် ကိုကို့ ကို ပြောပြရမယ်နော်၊ ကိုကိုတို့နှစ်ယောက်ကြားမှာ နောက်ထပ် အထင်လွဲတာမျိုးတွေ ထပ်မရှိစေချင်တော့ဘူး”
ယွမ်အောင်းပြောချင်သည်မှာ သူ သူမကို သတ်ချင်နေသည်ဟု သူမ အထင်လွဲခြင်းဖြစ်ပြီး အမှန်တကယ်၌ ထိုသတ်ဖြတ်ချင်စိတ်မှာ သူမ၏ ဒုတိယအစ်ကို ယွမ်ဖာ့အတွက် ဖြစ်လေသည်။
စိတ်မကောင်းစရာ ကိစ္စများအား ပြောရလျှင် သူမ၏ ကံကြမ္မာမှာ အသက် ဆယ့်ရှစ်နှစ်၌ အိမ်မှနှင်ထုတ်ခံရပြီး မတရားသဖြင့် သေဆုံးသွားရမည်ဟု ထင်၏။
ယခုတွင်တော့ သူမ၏ အစ်ကိုကြီးအား သူမ ယုံဖို့ ဆန္ဒရှိသော်ညား system၏ စည်းကမ်းများကြောင့် သူမ ထိုကိစ္စအား တိုက်ရိုက်ပြောလိုက်လို့ မရပေ။
ယွမ်လော့ရီ မေးလိုက်သည်။
“အစ်ကိုကြီး၊ သမီးအသက်အန္တရာယ်ရှိတဲ့ အန္တရာယ်မျိုး ကြုံခဲ့မယ်ဆိုရင် အစ်ကိုကြီး သမီးကို ကယ်မှာလား”
ယွမ်အောင်းမှ မစဉ်းစားဘဲ ချက်ခြင်း ပြန်ဖြေလိုက်၏။
“ဒါပေါ့”
ယွမ်လော့ရီက ဆက်မေးလေသည်။
“တကယ်လို့ သမီးအသတ်ခံလိုက်ရပြီးပြီ ဆိုရင်ရော၊ အစ်ကိုကြီး ဘာလုပ်မှာလဲ”
ယွမ်အောင်း၏ အမူအယာမှာ ချက်ချင်းပင် ပြောင်းလဲသွားခဲ့သည်။ သူ၏ ညီမလေးမှာ သူ့ထက်အရင် သေဆုံးသွားမည့် နေ့ရှိမည်ဟုပင် မတွေးခဲ့ဖူးပေ။ သူမအား အမြဲတမ်း ဆုံးရှုံးသွားမည်ကို တွေးကြည့်ရုံနှင့်ပင် သူ၏ အာရုံကြောများအား နာကျင်ကိုက်ခဲလာစေသည်။
သူ မခံစားနိုင်ပေ။
ယွမ်အောင်း ယွမ်လော့ရီ၏ လက်ကလေးအား ညင်သာစွာ ကိုင်လိုက်ပြီးနောက်
“ညီမလေး အဲလို အိမ်မက်ဆိုးမျိုး မက်ဖူးလို့လား”
သူမ၏ အတိတ်ဘဝများမှ နောက်ဆုံးအချိန်အား ပြန်တွေးမိကာ သေခြင်းတရား၊ အထီးကျန်မှု၊ အကူအညီမဲ့မှုများသည် သူမအား အိမ်မက်ဆိုးတစ်ခုကဲ့သို့ ညှင်းပန်းနှိပ်စက်လာခဲ့၏။
ယွမ်လော့ရီ ခေါင်းညိတ်လိုက်သည်။
“ဟုတ်တယ်၊ အရမ်းကြောက်စရာကောင်းတဲ့ အိမ်မက်မျိုးပဲ”
ယွမ်အောင်းမှာ သူ့ ခန္ဓာကိုယ်အား ယွမ်လော့ရီဘက်သို့ ပို၍ တိုးလိုက်၏။ နက်မှောင်နေသည့် သူ့ မျက်လုံးများထဲ၌ ယွမ်လော့ရီ၏ပုံရိပ်မှာ ရောင်ပြန်ဟပ်နေလေသည်။ သူ လေးနက်စွာပြောလိုက်၏။
“နောက်တစ်ခါကျရင် ကိုကိုက ညီမလေးရဲ့ အိမ်မက်ထဲကို ဝင်လာခဲ့မယ်၊ ညီမလေး အသက်ရှင်နေသေးတယ်ဆိုရင် ကိုကိုက ညီမလေးကို နာကျင်အောင်လုပ်တဲ့သူ အကုန်လုံးကို ဖယ်ရှားပြစ်ပေးမယ်၊ တကယ်လို့ ညီမလေး မရှိတော့ဘူး ဆိုရင်တော့ ညီမလေးနဲ့ တူတူပြန်ဆုံဖို့ သေခြင်းတရားက ကိုကို့ ကို မခေါ်သွားခင်အထိ လက်စားချေမယ်”
ယွမ်လော့ရီမှာ ယွမ်အောင်းအား ကြည့်လိုက်သည်။ အိမ်မက်ထဲမှာပင်ဖြစ်စေ၊ အပြင်မှာပင်ဖြစ်စေ သူ ပြောသည့် စကားအားတည်မည်ကို သူမ သိလေသည်။
“ဒီကို လာခဲ့ပါဦး”
ယွမ်အောင်း သူ၏ လက်မောင်းများအား ဖွင့်ပေးလိုက်၏။
ယွမ်လော့ရီအား သူ့ ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်ပြီး သူမ၏ နောက်ကျောအား စီးချက်ညီညီ ပုတ်ပေးနေသည်။
ယွမ်လော့ရီမှာ ထိုကဲ့သို့ ရိုးရှင်းသည့် အမူအယာလေးပင်လျှင် သူမအား ပို၍ နေလို့ကောင်းသွားစေသည်ကို တွေ့လိုက်ရ၍ အံ့အားသင့်သွားခဲ့၏။
ယွမ်အောင်း ပြောလိုက်သည်။
“အို ဟုတ်သားပဲ၊ ညီမလေးရဲ့ ဒုတိယအစ်ကိုကလည်း မနက်ဖြန်ကျ ပြန်လာမှာ၊ သူ့ကိုလည်း ညီမလေးရဲ့ အိမ်မက်ဆိုးထဲ ဝင်ခိုင်းလိုက်လေ သူ…”
ယွမ်လော့ရီမှာ ယွမ်အောင်း၏ စကားများအား အလျင်အမြန် ဖြတ်ပြောလိုက်၏။
“ဟင့်အင်း၊ သူ့ကို မဝင်ခိုင်းချင်ဘူး”
ယွမ်အောင်းက မေးလိုက်သည်။
“ဘာလို့လဲ”
ယွမ်လော့ရီမှာ သက်ပြင်းရှည်ကြီး တစ်ချက်ချလိုက်လေ၏။
“သူက သမီးရဲ့ မုန့်တွေကို လု စားတယ်၊ အရုပ်တွေကိုလည်း လုတယ်၊ သမီးတို့ နောက်ဆုံးတစ်ခေါက်တွေ့တုန်းက သမီး တစ်လလုံးလုံး အချိန်ပေးပြီး ဆောက်ထားရတဲ့ ရဲတိုက်ကို သူ ဖျက်ပစ်လိုက်တာ”
ဒုတိယအစ်ကို ယွမ်ဖာ့အတွက်မူ ညီမလေး ကြီးပြင်းလာခြင်းမှာ အနိုင်ကျင့်ရန်အတွက် လူတစ်ယောက် ရှိလာခြင်းဖြစ်၏။ ယွမ်လော့ရီ ဒေါသထွက်ချိန်တွင် သူ ငမန်းကဲ့သို့ အပြုံးအား ပြုံးမည်ဖြစ်ပြီး သဘောကျနေမည်ဖြစ်သည်။
ယွမ်လော့ရီ ငိုခါနီးဖြစ်နေချိန်တွင် ယွမ်ဖာ့သည် အဆုံးအစွန်ထိလုပ်မည်ဖြစ်ပြီး သူမ၏ မျက်ရည်များ ရပ်တန့်သွားစေရန်အတွက် ချစ်စရာကောင်းသည့် မှော်လှည့်ကွက် အချို့ကို လုပ်ပြပေလိမ့်မည်။
မဟုတ်လျှင် ယွမ်မေမေနှင့် ယွမ်အောင်းမှာ သူ့အား သေမင်းနှင့်တွေ့ရန် လမ်းတစ်ဝက်ရောက်သည်အထိ ရိုက်နှက်ကြမည်ဖြစ်သည်။
သံသယမရှိစွာနှင့်ပင် ယွမ်ဖာ့မှာ ယွမ်မိသားစုအတွင်းရှိ ပုံမှန်မဟုတ်ဆုံး အစ်ကိုဖြစ်ပြီး ကိုယ်ကျင့်တရားမရှိသည့် ကြောက်စရာအကောင်းဆုံး သူဖြစ်၏။
ယွမ်အောင်းက ပြုံးကာ ယွမ်လော့ရီ၏ ခေါင်းလေးအား ပွတ်သပ်ပေးလိုက်သည်။
“အဲဒါ ဆိုရင် ကိုကိုက ညီမလေးအတွက် သူ့ကို သင်ခန်းစာပေး ပေးမှာပေါ့”
ယွမ်လော့ရီမှ စိတ်လှုပ်ရှားစွာ ပြောလေ၏။
“ကောင်းတယ် မညှာနဲ့နော် ကိုကို”
ကားမှာ ဆက်သွားနေပြီး မောင်နှမကြားရှိ ဆက်ဆံမှာ အထင်လွဲမှုအား ဖြေရှင်းပြီးသွားနောက် ပို၍ရင်းနှီးလာကြသည်။
ယွမ်လော့ရီ သူမ၏ ကိုကိုကြီးယွမ်အောင်းအား ကြည့်လိုက်လေသည်။ သူမ၏ ယခင်ဘဝ၌ သူမမှာ သမီးအတုဖြစ်သည်ကို သိပြီးသွားချိန်တွင် သူ လက်စားချေပေးသေးသလားကို သူမ အရမ်းသိချင်နေမိ၏။
အဖြေမှာ ချေပေးသည် ဖြစ်မည်ဟုပင် ယွမ်လော့ရီ ခံစားနေရလေသည်။ အစ်ကိုကြီးမှာ သူ့စကားသူ တည်သည့်သူဖြစ်လေသည်။ သူသည် ယွမ်လော့ရီကိုသာ ဂရုစိုက်ခြင်းဖြစ်ပြီး သူတို့၏ သွေးသားဆက်နွှယ်မှုကို ဂရုစိုက်ခြင်းမဟုတ်ပေ။
သူ၏ ဒေါသနှင့် နောင်တမှာ ကြောက်မက်ဖွယ်ကောင်းသည့် အစွဲအလမ်းကြီးသော သတ်ဖြတ်မှုကြီးအဖြစ်သို့ ပြောင်းလဲသွားစေမည်ဖြစ်၏။
အဲဒါဆိုရင် အစ်ကိုကြီးက တရားခံအစစ်ကို ရှာတွေ့ခဲ့တာလား။
ယွမ်လော့ရီမှာ အဖြေတစ်ခုအား မစဥ်းစားနိုင်ပေ။ သူမ ယွမ်အောင်း၏ ရင်ခွင်ထဲသို့ ညင်သာစွာ မှီလိုက်ပြီး ဖြေညှင်းစွာ သက်ပြင်းချလိုက်သည်။
သူမ အတိတ်ဘဝ၏ ဝမ်းနည်းမှုများအား မပြောင်းလဲနိုင်တော့ချေ။
ထိုကမ္ဘာထဲ၌ ကြေကွဲနေသော အစ်ကိုတစ်ယောက်မှာ သူ၏ ညီမလေးအား မသေခင်အထိ နေရာတိုင်းတွင် ရှာဖွေနေခဲ့လေသည်။