Chapter - 8
[အတန်း Dက အခြေခံအတွက် ကောင်းတယ်]
ယွမ်လော့ရီ အတန်း Dထဲသို့ ပျော်ရွှင်စွာ ဝင်သွားပြီးနောက် အခန်းထဲ၌ ဗလာကျင်းနေသည်ကို တွေ့လိုက်ရ၏။အတန်း Dထဲ၌ ကျောင်းသားသုံးဦးရှိကာ သူတို့သုံးဦးသည် သူငယ်ချင်းကောင်းများဖြစ်ကြောင်း ယွမ်လော့ရီ သတိရသွားလေသည်။
ထူးဆန်းလိုက်တာ အကုန်လုံး ဘယ်ရောက်သွားကြတာလဲ။
ယွမ်လော့ရီ ပုံမှန်အတိုင်း ထိုင်ချလိုက်ပြီးနောက် သူမဖုန်းနှင့် ကစားနေလိုက်၏။
ဆယ်မိနစ်ကျော်ကြာပြီးနောက် ကောင်လေးတစ်ယောက် အခန်းတံခါးဝသို့ရောက်လာလေ၏။ ယွမ်လော့ရီမှာ သူ့အား အတန်း D၏ကျောင်းသား ယွမ်ဟွားအဖြစ် မှတ်မိလေသည်။
သူမ၏ ယခင်ဘဝမှ မှတ်ဥာဏ်အပိုင်းအစများအရ ယွမ်ဟွားမှာ IQ မြင့်မားသည့် ဥာဏ်ကြီးရှင်တစ်ဦးဖြစ်ပြီး အသက်ဆယ့်လေးနှစ်၌ တက္ကသိုလ်ဝင်ခွင့်ကို ရရှိခဲ့၏။ သူသည် Star Galaxy အလယ်တန်းကျောင်း၌ နာမည်ကြီးဖြစ်သော်ညား အားနည်းကာ ကိုယ်လက်လှုပ်ရှားမှုများ သိပ်မလုပ်နိုင်ဘဲ မြေပြင်ပေါ်သို့ မကြာခဏလဲကျတတ်လေသည်။
တစ်ချိန်တည်းမှာပင် ယွမ်ဟွားသည်လည်း ယွမ်လော့ရီအား မှတ်မိသွားလေသည်။သူမနှင့် ပတ်သက်သည့် ကောလဟလအများအပြားအား ကြားဖူးထားခဲ့၏။
အတိတ်အား အလျင်အမြန်ပြန်တွေးကြည့်လိုက်ရာ ယွမ်ဟွားမှာ ဘယ်သောခါမှ ယွမ်လော့ရီအား ဆန့်ကျင်ခဲ့ခြင်း မရှိသည်ကို မှတ်မိသော်လည်း ယခုမူ ယွမ်လော့ရီသည် စာသင်ခန်းထဲတွင် ထိုင်၍ သူ့အား တိတ်တဆိတ် စိုက်ကြည့်နေလေသည်။
ယွမ်ဟွားသည် ဝမ်းနည်းစွာဖြင့် ပြောလိုက်၏။
“ငါမင်းနဲ့ ဘာအငြိုးအတေးမှ မရှိပါဘူး၊ မင်းဘာဖြစ်လို့ အတန်း Dကို လာခဲ့တာလဲ”
ယွမ်လော့ရီက ပြောလိုက်သည်။
“ငါ အတန်း Dကို အပြောင်းခံလိုက်ရတာလေ၊ နင်ကဘာလို့ အတန်းကို ဒီလောက်နောက်ကျမှ လာရတာလဲ”
ယွမ်ဟွားမှာ စစ်ဆေးမေးမြန်းခံရသည့် အကျဥ်းသားတစ်ဦးနှင့်ပင် တူနေလေသည်။ သူ ထစ်ထစ်ငေါ့ငေါ့ ပြောလိုက်၏။
“အဲ…အဲဒါက.. အဲလိုမျိုးပဲလေ၊ အတန်း Dက လူတွေအကုန်လုံးက သူတို့ကြိုက်သလို သွားကြ လာကြတာပဲလေ”
ယွမ်လော့ရီသည် လက်မတစ်ချက် ထောင်ပြလိုက်၏။ သူမမှာ စာသင်ခန်းအတွင်း၌ ထိုကဲ့သို့ လူသားဆန်သည့် စီမံခန့်ခွဲမှုအား အတော်လေး နှစ်သက်လေသည်။
ထို့အပြင် နောက်ဆုံး၌ သူမမှာ သူငယ်ချင်းရှိခဲ့လေပြီ။
ပိတ်ရက်များ၌ ယွမ်လော့ရီ အိမ်၌ပင် ပျော်ရွှင်စွာ အနားယူလေသည်။
ပြီးခဲ့သည့်နေ့ရက်များမှာ အလွန်ကောင်းမွန်သောကြောင့် ပျော်ရွှင်စွာဖြင့် အိပ်ရာပေါ်တွင် လူးလိမ့်နေခဲ့၏။
အတန်း Dမှာ သူမနှင့် အတော်လေးကိုက်ညီလေသည်။ ကြီးကြပ်သည့် ဆရာမ များမရှိဘဲ အတန်းဖော်အသစ်များမှာလည်း ဖော်ရွေသောကြောင့် သူမ အတန်း D၌ နေ့တိုင်းပျော်ပျော်ရွှင်ရွှင် အနားယူချင်လေ၏။
[ဒင် စနစ် အသက်ဝင်ပါပြီ]
ယွမ်လော့ရီ၏ ခေါင်းထဲ၌ အမျိုးသမီးစက်ရုပ်အသံမှာ သံပြိုင်ထပ်နေပြီး သူမအား ထိတ်လန့်သွားစေခဲ့၏။ သူမ၏ အရှေ့၌ စာကြောင်းများစွာ ပေါ်လာခဲ့သည်။
[ပုံပန်းသွင်ပြင် +999]
[ချစ်စရာကောင်းမှု +999]
[ရင်းနှီးမှု +999]
ယွမ်လော့ရီမှာ သူမ၏ မျက်နှာအား မှန်ထဲတွင် ကြည့်လိုက်လေသည်။ သူမ၏ ပုံပန်းသွင်ပြင်မှာ များစွာ မပြောင်းလဲသွားပေ။ ကြည်လဲ့နေသည့် မျက်လုံးဝိုင်းဝိုင်းများ၊ ကလေးအဆီလေးများ အနည်းငယ်ရှိနေသေးသည့် မျက်နှာသေးသေးလေးနှင့် သေးသွယ်သည့် နှာတံလေးရှိနေဆဲဖြစ်၏။ သူမ၏ အသားအရေသာလျှင် ပို၍ ဖြူဖွေးလာကာ ကြည်လင်လာပြီး သူမ တစ်ကိုယ်လုံးမှာ အမှုန်ဖျော့ဖျော့လေးနှင့် ဖုံးလွှမ်းနေသောကြောင့် သူမအား အလွန်ပင် ချစ်စရာကောင်းသွားစေခဲ့သည်။
သူမ စနစ်အား ပြန်လှည့်ကြည့်လိုက်သည်။
အနားယူခြင်း: 0%
လွှမ်းမိုးနိုင်စွမ်း: 0
ဆုတောင်း: လွှမ်းမိုးနိုင်စွမ်း နိမ့်လွန်းနေပါသဖြင့် ဆုတောင်းနိုင်သည့် လုပ်ဆောင်ချက်အား အသက်သွင်းလို မရသေးပါ။
ပြန်ဆုတ်ခြင်း: လွှမ်းမိုးနိုင်စွမ်း နိမ့်လွန်းနေပါသဖြင့် ပြန်ဆုတ်ခြင်း လုပ်ဆောင်ချက်အား အသက်သွင်းလို့မရသေးပါ။
ယွမ်လော့ရီ သူမဘာသာ သူမ ညည်းညူလိုက်သည်။
“ငါ ဆုတောင်းတာကိုတော့ နားလည်တယ်၊ ဒါပေမဲ့ ပြန်ဆုတ်ခြင်း ဆိုတာက ဘာလဲ”
စနစ်: [Host ရဲ့အဆင့်က နိမ့်နေသေးတယ်၊ ဒီအချက်အလက်ကို ဖတ်ဖို့ ကုဒ်ကို ဖြည်ခွင့် မရှိသေးပါဘူး]
ယွမ်လော့ရီ: “အမ်”
ယွမ်လော့ရီမှာ တွေးတောနေရင်း သူမ၏ ခေါင်းလေးအား စောင်းလိုက်လေသည်။ ယွမ်လော့ရီအနေနှင့် ဒုတိယဘဝ၌ သူမတွင် ကိုးဆယ့်ကိုးဘဝမှ မှတ်ဥာဏ်များရှိကာ စနစ် အား အသက်ဝင်စေခဲ့၏။
ဤသည်မှာ အလွန်ပင် ထူးဆန်းနေပြီး မသိလျှင် မမြင်ရသည့် ကြီးမားသော လက်ကြီးမှာ အရာအားလုံးအား စီမံနေသကဲ့သို့ပင် ဖြစ်သည်။
ထိုအရာအား တွေးရမည်ဆိုလျှင် သူမအဘယ်ကြောင့် ယွမ်လော့ရီ ထပ်ဖြစ်လာရသနည်း။
သူမ၏ အခြားဘဝများ၌ သူမ သေဆုံးပြီးနောက် လျင်မြန်စွာ ပြန်လည်ဝင်စားခြင်းအဆင့်သို့ ဝင်ရောက်ကာ အခြားသူတစ်ဦးအဖြစ် မွေးဖွားလာပြီး ဘယ်သောအခါမျှ မထပ်ခဲ့ဖူးပေ။
ပြီးလျှင် ဤ ပြန်ဆုတ်သည့် လုပ်ဆောင်ချက်မှာ အတိတ်သို့ ပြန်သွားသည့် လုပ်ဆောင်ချက်နှင့် တူလေသည်။ ဤအရာပါလာခြင်းမှာ ဘယ်အချက်ကြောင့် ဖြစ်နိုင်မည်နည်း။
အတိတ်မှာ ပြောင်းလဲမရသည့် အရာဖြစ်သင့်သည် မလား။
အနားယူခြင်း အတွက်မှာမူ ယခုတွင် 0% ဖြစ်နေ၏။ ဤသည်မှာ လဲလျောင်းနေပြီး ဘာမှမလုပ်ခြင်းဖြင့် တိုးလာနိုင်သလား။
ယွမ်လော့ရီ ချက်ချင်းပင် စမ်းကြည့်လိုက်သည်။ သူမ ငြိမ်သက်စွာလဲလျောင်းလိုက်ကာ သူမ၏ စိတ်အား ရှင်းလိုက်လေသည်။
အနားယူခြင်းမှာ တစ်ရာမပြည့်ခင်အထိ ဆက်တက်နေခဲ့သည်။ လွှမ်းမိုးနိုင်မှုမှာ တစ် ရာခိုင်နှုန်းတိုးလာကာ အနားယူခြင်းမှာ သုညရာခိုင်နှုန်း ပြန်ဖြစ်သွားခဲ့၏။
ယွမ်လော့ရီသည် အနားယူခြင်းမှာ တစ်ရာ ရာခိုင်နှုန်းအထိ တက်ပြီးသွားလျှင် လွှမ်းမိုးနိုင်မှုမှာ တစ် ရာခိုင်နှုန်း တက်လာမည်ကို သဘောပေါက်သွားခဲ့သည်။
“ဒီ ဒီး ဒီးး”
ယွမ်လော့ရီ၏ ဖုန်းမှာ ရုတ်တရက် ဆက်တိုက် တုန်ခါလာသည်။ သူမဖွင့်ကြည့်လိုက်ကာ အချက်အလက်များမှာ ဖန်သားပြင်ပေါ်တွင် ဆက်လက်ပြီး ပေါ်လာနေခဲ့၏။
သူမကြည့်လိုက်သောအခါ သူမ၏ နောက်ထပ်အကောင့်မှာ နာမည်ကြီးသွားသည်ကို တွေ့လိုက်ရပြီး ပရိတ်သတ်တစ်သောင်းသို့ ချက်ချင်းပင် ထိုးတက်သွားခဲ့၏။
လွှမ်းမိုးနိုင်မှု +1 ဆိုတော့ ဒါက အဲဒါရဲ့ သက်ရောက်မှုပေါ့။
သူမ အလယ်တန်းကျောင်းသို့ ပထမဆုံး ဝင်ရောက်ချိန်တွင် ယွမ်လော့ရီသည် ထိုနောက်ထပ် အကောင့်အား ဖန်တီးခဲ့ပြီး သူမ ကျောင်းရှိ ရှုခင်းများ၊ သူမစားခဲ့သည့် အစားအစားများကဲ့သို့ ပုံများအား ရိုက်ကူး၍ ရံဖန်ရံခါ တင်လေ့ရှိသည်။
မူလရည်ရွယ်ချက်မှာ သူမ၏ နေ့စဥ်ဘဝအတိုအထွာများအား မျှဝေရန်ဖြစ်၏။ လူတစ်ဒါဇင်လောက် သို့မဟုတ် လူအနည်းငယ်လောက်သာ ဖော်လိုးထားပြီး သူမ မှာလည်း အလေးအနက်ထားခြင်း မရှိချေ။
ယခုတွင်မူ မှတ်ချက်များမှာ 99+ ပင် ကျော်သွားလေသည်။ ယွမ်လော့ရီ ထိုမှတ်ချက်များအား ခဏလေးနှင့်ပင် ဖတ်လိုက်လေသည်။
[သေစမ်း အဲကျောင်းဝတ်စုံနဲ့ အဲ ဘလော့ကာက Star Galaxy အလယ်တန်းကျောင်းကပဲ]
[ကျောင်းထဲက စိမ်းစိုတဲ့ နေရာတွေ အမိုက်စားပဲ၊ ကမ္ဘာ့နာမည်ကြီး ကျောင်းလို့ကို မပြောရဘူး၊ သစ်ပင်တွေကတောင် သန်းပေါင်းများစွာ တန်တယ်]
[သူက ချမ်းသာတဲ့သူတစ်ယောက်ရဲ့ သမီးပဲ ဖြစ်ရမယ်]
[မင်းတို့တွေ သူမရဲ့ ကျောပိုးအိတ်ကို တွေ့ကြလား၊ အဲအိတ်က ဒေါ်လာသုံးသောင်းတန်တယ်]
[အဲ ဘလော့ကာက တကယ်ပဲ ဘယ်သူလဲ]
ယွမ်လော့ရီ ဆက်မဖတ်တော့ပေ။ နောက်ထပ် မှတ်ချက်များမှာ ဆင်တူနေကာ သူမ၏ အကြောင်းအား ခန့်မှန်းနေကြခြင်းဖြစ်လေသည်။
အချို့မှာမူ ကမ္ဘာတစ်ဝန်း၌ အချမ်းသာဆုံး ထိပ်တန်းမိသားစု တစ်ရာအား စာရင်းပြုစုကာ ယွမ်လော့ရီမှာ ထိုမိသားစု တစ်ခုခုထဲမှ သမီးဖြစ်နိုင်သည်ဟုပင် ပြောနေကြ၏။
သို့ပေမဲ့ ယွမ်မိသားစု၏ ကြွယ်ဝမှုအများစုမှာ မသိရှိရသေးချေ။ ယွမ်လော့ရီပင်လျှင် အတိအကျမသိပေ။
ရာစုနှစ်များစွာ တည်ရှိခဲ့ကြသည့် မိသားစုများမှာ ထိုသို့လုပ်လေ့ရှိကြလေသည်။ သူတို့မှာ အဆင့်သတ်မှတ်ချက်များ ရှိနေသည်ကိုပင် ရှုံ့ချကြ၏။
သူမ၏ ဖခင်မှာမူ နောက်မှချမ်းသာလာသူများသာ ထိုကဲ့သို့ ရယ်စရာကောင်းသည့် အဆင့်သတ်မှတ်ချက်များအတွက် ပြိုင်ဆိုင်ကြသည်ဟုပင် လှောင်ပြောင်ပြောဆိုခဲ့ဖူးသည်။
ယွမ်လော့ရီ သူမ၏ ဖုန်းအားချလိုက်ကာ ပျင်းရိစွာဖြင့် လူးလိမ့်လိုက်ပြီး သမ်းနေလေ၏။
အို ထားပါ ဘာမှ မဟုတ်ဘူး။
စနစ် ၏ လုပ်ဆောင်ချက်များအရ သူမမှာ ပုံမှန်အတိုင်း ဆက်၍ နေထိုင်သွားရမည်ဖြစ်ပြီး အဆင့်လည်း တက်သွားမည်ဖြစ်သည်။ ဤသည်မှာ သူမနှင့်အတော်လေး သင့်တော်၏။
မည်သည့်အရာများပင် ဖြစ်နေပါစေ သူမသည် သူမ၏ ဘဝအား ကောင်းမွန်ပျော်ရွှင်စွာဖြင့် နေထိုင်ချင်လေသည်။
မှတ်ဥာဏ်အစိတ်အပိုင်းများအား ဖတ်ပြီးနောက် ယွမ်လော့ရီ ကိစ္စတော်တော်များများကို နားလည်သွားခဲ့၏။
လူတစ်ဦးမှာ နေ့တစ်နေ့အား ဆုပ်ကိုင်ကာ ဘဝကို ပျော်ရွှင်စွာ နေထိုင်သင့်ပြီး လဝန်းကြီးအတွက် ခမ်းနားထည်ဝါသည့် ခွက်များအား အလွတ်မထားသင့်ပေ။
ဤသည်မှာ လီပိုင်သူမအား ပြောသည့် စကားပင်ဖြစ်၏။ ထိုဘဝ၌ သူမ ဝိုင်အရောင်းသမားဖြစ်ခဲ့ပြီး လီပိုင်နှင့် ခဏတာဆုံတွေ့ခဲ့ဖူးလေသည်။ သူမ တစ်ဘဝလုံး အလုပ်ကြိုးစားလုပ်ပြီး ငွေများစွာ ရှာနိုင်ခဲ့သော်ညား သူမဖြုန်းပင်မဖြုန်းလိုက်ရဘဲ ငယ်ရွယ်သေးသည့် အရွယ်လေးမှာပင် သေဆုံးသွားခဲ့ရ၏။
ထိုကြောင့် ဤအခိုက်အတန့်လေးမှာ ကြည်နူးရမည်။
အဆုံး၌ အစီအစဥ်များမှာ အပြောင်းအလဲများနှင့် မလိုက်နိုင်ပေ။
ယွမ်လော့ရီ ဆပ်ပြာမြုပ်ကန်ထဲ၌ ရေချိုးကာ ချစ်စရာကောင်းသည့် ညအိပ်ဝတ်စုံအား ဝတ်ဆင်လိုက်ပြီးနောက် smart home စနစ်အား အိပ်သည့် မုဒ်သို့ပြောင်းရန် အမိန့်ပေးလိုက်ပြီး သူမ၏ ခေါင်းအုံးအား နူးညံ့အောင်လုပ်ကာ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွား၏။ သူမသည် သူမ၏ များပြားလှသည့် အတိတ်ဘဝများအား အိမ်မက်မက်ပြန်လေသည်။
နောက်နေ့မနက်၌ ရိုးရှင်းစွာ သန့်ရှင်းပြီး မနက်စာစားပြီးနောက် ယွမ်လော့ရီသည် Sedan ကားပေါ်တွင် ထိုင်လိုက်သည်။
သူမ၏အကြီးဆုံးအစ်ကို ယွမ်အောင်းမှာ သူမ၏ ဆန့်ကျင်ဘက်၌ ထိုင်လေ၏။ သူသည် ယွမ်လော့ရီအား ပိတ်ရက်အစ၌ သူမစိတ်အပန်းဖြေနိုင်ဖို့ရာအတွက် အပြင်ခေါ်သွားပေးမည်ဟု ပြောခဲ့ပြီး အတန်းပြောင်းရွေ့မှုမှ ရခဲ့သည့် စိတ်ထိခိုက်ဖွယ်ရာ သက်ရောက်မှုများအား ဖယ်ရှားပစ်နိုင်ဖို့ရာ ဖြစ်၏။
သို့ပေမဲ့ အတန်းပြောင်းရွေ့မှုမှာ သူမအား ကောင်းမွန်သည့် သက်ရောက်မှုကိုသာ ဖြစ်စေခဲ့သည်။
နောက်ကြည့်မှန်မှတစ်ဆင့် ကားမောင်းသမား ရှောင်ဖုန်းမှာ ယွမ်လော့ရီအား မြင်၍ အံ့ဩသွားခဲ့၏။
“သခင်မလေး၊ ဒီနေ့ ပိုပြီး ချစ်ဖို့ကောင်းနေတာပဲ”
ယွမ်လော့ရီ ပြောလိုက်သည်။
“ဖြစ်နိုင်တာတော့ သမီးကောင်းကောင်း အိပ်ခဲ့လို့ထင်တယ်”
သူမ စနစ် ၏ လုပ်နိုင်စွမ်း သို့မဟုတ် 99ဘဝ၏ မှတ်ဥာဏ်များအား ထုတ်ပြော၍ မရနိုင်ပေ။ အဘယ်ကြောင့်ဆိုသော် စနစ် မှ ထုတ် မပြောရန် တားမြစ်ထားခဲ့သောကြောင့်ပင်။