Ch 7
Viewers 5k

Chapter -7




ယွမ်လော့ရီ မမွေးခင်က ယွမ်အောင်း၏ ဘဝ၌ ပျော်ရွှင်မှုကို မပိုင်ဆိုင်ခဲ့ရချေ။


၁၃ နှစ်သားအရွယ်တွင် သူသေရတော့မည်ကို သိရှိခဲ့၏။ ခန္ဓာကိုယ် သေဆုံးခြင်း မဟုတ်ဘဲ သူ၏ စိတ်ဝိညာဉ်က အပိုင်းအစများအဖြစ် ပျက်စီးသွားခဲ့ခြင်းပင်။


သူသည် ဖြူဖျော့၊ ပိန်လီလျက်၊ နက်မှောင်သော မျက်လုံးများဖြင့် အေးစက်နေသော မှန်ကို သူ၏ လက်ချောင်းများဖြင့်ဖိထားလေသည်။ အဖြူရောင် ဝတ်ဆင်ထားသော ချောမောခန့်ညားသည့် လူငယ်လေး ဖြစ်နေသော်လည်း အတွင်းမှ ဝိညာဉ်မှာ အလွန်ပင် ယုတ်မာကောက်ကျစ်လှ၏။


သူသည် နှစ်ပေါင်းများစွာ ပုံမှန်အတိုင်း ဟန်ဆောင်ခဲ့၏။ သူ၏ အတန်းဖော်များကို ယဉ်ကျေးစွာ ဆက်ဆံ၍ အကြီးအကဲများကို ရိုသေစွာ ပြုမူခဲ့သည်။


သို့သော်လည်း သူ၏ ဗီဇများကို အလွန်ကြာရှည်စွာ ဖိနှိပ်ထားပြီးနောက် ယွမ်အောင်းမှာ ပြိုကွဲသွားပြီ ဖြစ်ကြောင်း သဘောပေါက်လိုက်၏။


အပြင်းအထန် ဖျက်ဆီးလိုစိတ်က သူ့အား ခေါင်းကိုက်ခြင်းကို ဖြစ်ပေါ်စေခဲ့သည်။ သူ၏ ဆင်ခြင်တုံတရားက ကုန်ဆုံးလုနီးပြီဖြစ်ရာ တဖြည်းဖြည်း ထိန်းချုပ်မှု လွတ်လာပြီး သွေးဆာနေသော သားရဲတစ်ကောင်သည် အမှောင်ထဲ၌ ထွက်ရန် ဟိန်းဟောက်ကာ အရာအားလုံးကို ဖျက်ဆီးပစ်ရန် ကြိုးစားနေလေ၏။


သူ့ ညီငယ် ယွမ်ဖာ့သည် သူ၏ ပြောင်းလဲမှုကို သတိပြုမိသွားသည်။ 


"မင်း ရူးသွားတော့မှာလား"


ယွမ်အောင်းက ပြောလိုက်၏။


 "မကြာခင်ပေါ့"


ယွမ်ဖာ့က ပျော်ရွှင်စွာ အားပေးလိုက်သည်။ 


"ကောင်းလိုက်တာ၊ နောက်ဆုံးတော့ မင်းနေရာကို အစားထိုးနိုင်ပြီပေါ့"


ယွမ်အောင်းသည် ယွမ်ဖာ့၏ မျက်နှာကို ရက်ရက်စက်စက် လက်သီးဖြင့် ထိုး၍ အကောင်းဆုံး "ညီအစ်ကို မေတ္တာ" ကို အပြည့်အဝ သရုပ်ပြလိုက်၏။


ယွမ်ညီအစ်ကို ငါးယောက်အနက် မည်သူမျှ ပုံမှန် မဟုတ်ကြဘဲ သူတို့အားလုံး စော၍ဖြစ်စေ၊ နောက်ကျ၍ဖြစ်စေ ရူးသွပ်ကြမည်သာ။ ယွမ်အောင်းသည် ပထမဆုံး ဖြစ်လာမည်ကို သိလိုက်ရပြီး ကယ်တင်နိုင်မည့် မျှော်လင့်ချက်တစ်စုံတစ်ရာမျှ မတွေ့ရှိခဲ့ချေ။


သို့သော်လည်း ယွမ်လော့ရီ၏ မွေးဖွားလာခြင်းက အရာအားလုံးကို ပြောင်းလဲစေခဲ့သည်။


ယွမ်လော့ရီကို ပွေ့ချီထားရင်း ယွမ်အောင်း၏ မိခင်က သူ့အား ပျော်ရွှင်စွာ ပြောလိုက်၏။ 


"ငါတို့ ယွမ်မိသားစုမှာ သမီးလေးတစ်ယောက် ရလာပြီ၊ ညီမလေးကို ကြည့်စမ်းပါဦး ဘယ်လောက်တောင် ချစ်စရာကောင်းလိုက်လဲ"


ယွမ်အောင်းမှာ ထိုမျှ စင်ကြယ်၊ သန့်ရှင်းသော သက်ရှိကလေးငယ်ကို ပထမဆုံးအကြိမ် မြင်ဖူးခြင်းပင်။ ထိုကလေးငယ်သည် သူ့အား ကြည့်၍ ပြုံးနေပြီး သူမ၏ အသံမှာ ငွေခေါင်းလောင်းသံကဲ့သို့ သာယာလှ၏။


သူမမှာ ပုံမှန် ကလေးတစ်ယောက် ဖြစ်ပြီး ရယ်မောနိုင်ပေသည်။


ယွမ်ညီအစ်ကို ငါးယောက်သည် ထိုကလေးကဲ့သို့ ရယ်မောနိုင်ခြင်း မရှိကြဘဲ သူတို့မှာ ပုံမှန်လူများကို မှားယွင်းစွာ တုပနေခြင်းသာ ဖြစ်ပြီး သူတို့၏ ပါးစပ်ထောင့်များကို ရည်ရွယ်ချက်ရှိရှိ ဆွဲတင်ထားကြရ၏။


ထို့နောက် ယွမ်အောင်းတစ်ယောက် သူမထံမှ မျက်လုံးများကို မခွာနိုင်ကြောင်း သဘောပေါက်လိုက်သည်။ သူ၏ နှလုံးသားထဲ၌ နှစ်ပေါင်းများစွာ ကိန်းအောင်းနေသည့် အအေးဓာတ် ပျောက်ကွယ်သွားပြီး နွေးထွေးသော အထိအတွေ့ဖြင့် အစားထိုးခံလိုက်ရလေ၏။


ထိုခံစားချက်ကို ပျော်ရွှင်မှုဟု ခေါ်ကြောင်း ယွမ်အောင်းတစ်ယောက် နောက်ပိုင်းမှ နားလည်သွားခဲ့သည်။


သူ၏ ဗီဇမှာ စိတ်ပိုင်းဆိုင်ရာအရ မပြောင်းလဲတတ်သူဖြစ်ပြီး အေးစက်စက်ဖြင့် တစ်ကိုယ်တည်းသမား ဖြစ်၏။ ယခုအခါ၌ သူသည် ဤကဲ့သို့ "ပျော်ရွှင်မှု" ဟုခေါ်သည့် စိတ်ခံစားချက်ကို ပိုင်ဆိုင်လာခဲ့လေသည်။


ယွမ်အောင်း၏ မိခင်က ယွမ်လော့ရီကို သူ့အား လှမ်းပေးလိုက်၏။ 


"ဒီကလေးက အရမ်းနူးညံ့သိမ်မွေ့တာ၊ ကောင်းကောင်း ဂရုစိုက်ပေး"


ထိုအချိန်မှစ၍ ယွမ်အောင်း၏ ကမ္ဘာကြီးသည် ပြောင်းလဲသွားခဲ့သည်။ ၁၃ နှစ်တာကာလပတ်လုံး သူ၏ ဆွေးမြေ့နေသော ဝိညာဉ်သည် သေခြင်းကို မသိနိုင်သော လောကထဲ၌ လွင့်မျောနေခဲ့ပြီး အဆုံးမရှိသည့် နေရာမှ ဝါးမြိုပစ်ရန် အသင့်ရှိနေခဲ့၏။


သို့သော် သူ၏ ညီမလေးက သူ့အား အသက်ရှင်ရန် အကြောင်းပြချက်ကို ပေးခဲ့သည်။ သူမ၏ အစ်ကိုတစ်ဦးအဖြစ် ကောင်းကောင်း ဂရုစိုက်ရန်ပင်။


ကလေးငယ်လေးသည် ယွမ်အောင်း၏ ကွေးညွှတ်ထားသော လက်မောင်းထဲ၌ အိပ်ပျော်သွား၏။ သူမသည် ပေါ့ပါးစွာ အသက်ရှူနေပြီး နွေးထွေး၍ နူးညံ့လှသည်။ ယွမ်အောင်းသည် သူမ၏ နားထဲ၌ တိုးတိုးလေး ပြောလိုက်သည်။


"ဒီကမ္ဘာကြီးက ညစ်ညမ်းပြီး ပျင်းစရာကောင်းတယ်၊ ကံကောင်းချင်တော့ မင်းလေးရှိနေတယ် ကိုကို့ရဲ့ ချစ်စရာ ညီမလေး"


ကလေးငယ်တစ်ဦးကို ပြုစုစောင့်ရှောက်ခြင်းက စိတ်ရှုပ်စရာကောင်းလှသော်လည်း ယွမ်အောင်းတစ်ယောက် ဇွဲမလျှော့ဘဲ ပြုစုခဲ့၏။


သူသည် ယွမ်လော့ရီ ကြီးပြင်းလာသည်ကို ကြည့်ခဲ့ရသည်။ လေထဲ၌ သူမ၏ လက်သေးသေးလေးများကို ဝှေ့ယမ်းကာ ယွမ်အောင်းကို ဖမ်းရန် စိတ်အားထက်သန်စွာ ကြိုးစားနေ၏။ သူမ၏ မျက်လုံးဝိုင်းဝိုင်းများထဲ၌ သူတစ်ယောက်တည်းဖြင့်သာ ပြည့်နေလေသည်။


သူမ လမ်းလျှောက်တတ်လာပြီး ရိုးရှင်းသော ဝေါဟာရများကို သင်ယူတတ်လာ၏။ သုံးနှစ်သားအရွယ်တွင် သူမသည် ကိုယ့်ဘာသာကိုယ်ပင် စားသောက်တတ်နေလေသည်။


တစ်ခါတစ်ရံ ယွမ်အောင်းသည် အနည်းငယ် နောင်တရသလို ခံစားရ၏။ အဘယ်ကြောင့်ဆိုသော် သူ၏ ညီမလေးသည် သူ့အပေါ် မှီခိုအားထားမှု လျော့နည်းလာသောကြောင့်ပင်။ သို့သော် သူသည် ပို၍ ပျော်ရွှင်ခဲ့ရသည်မှာ များ၏။ သူမ ကြီးထွားလာသည်ကို ကြည့်ရသည်မှာ ပိုးအိမ်ထဲမှ လိပ်ပြာ ထွက်ပေါ်လာသည်ကို ကြည့်ရသကဲ့သို့ပင်။


သူမသည် သူ၏ လက်ဖဝါးထဲ၌ပင် အတောင်ပံများကို ဖြန့်ကျက်ခဲ့၏။ သူမ၏ အကြောများက ကြည်လင်၍ သန်မာလာသည်။ သူမ၏ ကြေးခွံများသည် စတင်၍ တောက်ပ လင်းလက်လာ၏။ အလုံးသေးလေး တစ်လုံးမှ လေထဲ၌ ပေါ့ပါးစွာ ကခုန်နိုင်သော လိပ်ပြာတစ်ကောင် ဖြစ်လာချေပြီ။


သူမသည် အလွန် ပြည့်စုံပြီး အလွန် မြင့်မြတ်လှသော်လည်း အလွန်ပင် နူးညံ့သိမ်မွေ့၍ နူးညံ့မှုကို နှိုးဆွရန် မွေးဖွားလာသူပင်။


ယွမ်အောင်းကို ပို၍ ပျော်ရွှင်စေသည်မှာ သုံးနှစ်သမီးအရွယ် ယွမ်လော့ရီသည် သူ့နောက်သို့ ပြေးလိုက်တတ်ခြင်းပင်။


သူမသည် ကောင်းကင်ကျယ်ကြီးထဲသို့ ပျံသန်းနိုင်သော်လည်း နောက်ဆုံးတွင် သူ၏ လက်မောင်းများထဲ၌ ချစ်ခင်တွယ်တာစွာ မှီခိုနေခဲ့ရသည်။


ယွမ်အောင်းသည် သူ၏ ညီမလေးကို အလွန်တန်ဖိုးထားလေ၏။ သူသည် မည်သူ့ကိုမဆို ရက်စက်နိုင်သော်လည်း သူ၏ ညီမလေးကိုမူ အမြဲတမ်း နူးညံ့နေပေလိမ့်မည်။


သူ၏ ညီငယ်လေးယောက်မှာလည်း ယွမ်လော့ရီကို အလွန် ချစ်ကြ၏။ 


သူတို့သည် အဝေးမှ သူမကို မကြာခဏ စိုက်ကြည့်တတ်ကြပြီး ယွမ်အောင်းနေရာ၌ အစားထိုး၍ သူမကို ပြုစုစောင့်ရှောက်ရန် ကြိုးစားခဲ့ကြသော်လည်း ယွမ်အောင်းက သူတို့အား အခွင့်အရေး မပေးခဲ့ချေ။သူ၏ ညီငယ်လေးများအား အကြမ်းဖက်ခြင်းဖြင့် လည်ကောင်း၊ ခြိမ်းခြောက်ခြင်းဖြင့် လည်ကောင်း နာခံမှုရှိစေရန် သင်ကြားပေးခဲ့သည်။


ယွမ်အောင်းသည် ပုံမှန် မဟုတ်သော်လည်း သူ၏ မကောင်းဆိုးဝါး ဗီဇများကို ထိန်းချုပ်နိုင်၏။ သူ၏ ညီငယ်များကမူ အလွန် ဝင့်ကြွားတတ်ကြသည်။ သူတို့သည် ယွမ်လော့ရီကို ထိခိုက် နာကျင်စေပေလိမ့်မည်။


ကံဆိုးစွာဖြင့် အရာများသည် အမြဲ ပြောင်းလဲနေတတ်၏။ ယွမ်အောင်းသည် ယွမ်မိသားစု၏ အကြီးဆုံးသားအနေဖြင့် နိုင်ငံရပ်ခြားသို့ သွားရောက်ရပေမည်။ သူသည် အပြင်းထန်ဆုံး ပညာသင်ကြားမှုကို ခံယူရမည် ဖြစ်ပြီး နောက်ထပ် လေးနှစ်အတွင်း ပြန်လာနိုင်မည် မဟုတ်ချေ။


ယွမ်အောင်း ထွက်သွားသည့်အခါ၌ ပြတ်ပြတ်သားသား ထွက်ခွာသွား၏။ 


သုံးနှစ်သမီးအရွယ် ယွမ်လော့ရီသည် သူ့နောက်သို့ ပြေးလိုက်ခဲ့သော်လည်း သူသည် သူမကို လစ်လျူရှုခဲ့ပြီး သူ ရပ်လိုက်ပါက ထွက်သွားချင်စိတ် မရှိတော့မည်ကို စိုးရိမ်သောကြောင့်ပင်။


နိုင်ငံရပ်ခြား၌ အခက်ခဲဆုံးသော နေ့ရက်များတွင် ယွမ်အောင်းသည် သူ၏ ချစ်စရာ ညီမလေးကို တွေးမိပါက သက်သာမှုများစွာ ရခဲ့သည်။


သူ ပြန်လာသည့်အခါ သူ၏ ဒုတိယညီ ယွမ်ဖာ့က ယွမ်လော့ရီကို သူ့အား တွေ့ရန် ခေါ်လာခဲ့၏။


ယွမ်ဖာ့က ပြောလိုက်သည်။ 


“ဒီလူက အစ်ကိုကြီးပဲ မင်း မှတ်မိသေးလား"


ခုနစ်နှစ်အရွယ် ယွမ်လော့ရီက ယွမ်ဖာ့၏ နောက်သို့ ကြောက်ရွံ့စွာ ဆုတ်ခွာသွားပြီး ခေါင်းကို ခါယမ်းလိုက်သည်။


ယွမ်ဖာ့သည် ငါးမန်းကဲ့သို့သော မနှစ်မြို့ဖွယ် ပြုံးရယ်လိုက်သည်။ 


"သူ ကော ကို မမှတ်မိတော့ဘူး၊ ဘာပဲဖြစ်ဖြစ် ကော ထွက်သွားပြီးနောက်ပိုင်း သူ့ကို စောင့်ရှောက်ပေးခဲ့တဲ့သူက ယုံကြည်အားကိုးရတဲ့ ဒုတိယအစ်ကို ဖြစ်တဲ့ ငါပဲလေ"


သို့ဖြစ်ရာ ယွမ်အောင်းသည် ယွမ်မိသားစုအတွင်း ရင်းနှီးသော ညီအစ်ကို သံယောဇဉ်များ မရှိကြောင်းကို သူ၏ လုပ်ရပ်များဖြင့် သက်သေပြခဲ့၏။ အချင်းချင်း အိမ်တွင်း ခိုက်ရန်ဖြစ်ပွားခြင်းသာ ရှိနိုင်သည်။


ယွမ်အောင်းသည် ယခင်က ယွမ်ဖာ့ကို ရိုက်နှက်နိုင်သကဲ့သို့ ယခုလည်း ရိုက်နှက်နိုင်သေး၏။ ပို၍ပင် ပြင်းထန်စွာ ရိုက်နှက်နိုင်သည်။


သို့သော် ၎င်းက ယွမ်လော့ရီမှ သူ့အား မေ့လျော့သွားပြီဆိုသည့် အချက်ကို မပြောင်းလဲနိုင်ချေ။ သူသည် သူမနှင့် ပတ်သက်သော အရာအားလုံးကို စိုးရိမ်ပူပန်လျက် အဝေးမှသာ ကြည့်ရှုနိုင်ခဲ့၏။ အကြောင်းမူကား သူ ယွမ်လော့ရီအနားသို့ ချဉ်းကပ်လိုက်သည်နှင့် တစ်ပြိုင်နက် သူမသည် ကြောက်ရွံ့မှုဖြင့် တုန်ယင်လာသောကြောင့်ပင်။


ယခုအခါ အရာအားလုံးသည် တစ်ဖန် ပြောင်းလဲသွားချေပြီ။


ယနေ့မနက်တွင် ယွမ်အောင်းသည် ယွမ်လော့ရီကို Star Galaxy အလယ်တန်းကျောင်းသို့ ပို့ပေးခဲ့၏။


ယွမ်အောင်းသည် သူမ၏ ကျောင်းရှိ ပြဿနာ အချို့ကို ဖြေရှင်းပေးခဲ့သည်။ မောင်နှမများကြားမှ နားလည်မှုလွဲခြင်းလည်း ပျောက်ကွယ်သွားခဲ့လေ၏။ ဤသည်က ယွမ်အောင်း၏ ကြာမြင့်စွာ ခံစားခဲ့ရသော မကျေနပ်မှုကို ဖယ်ရှားပေးခဲ့သည်။


သူ၏ ရှေ့မှ ကလေးမလေးသည် သူမကြောင့် စိတ္တဇအစ်ကိုငါးယောက်အစား ဂရုစိုက်တတ်သော အစ်ကိုငါးယောက်သာ လောက၌ ရှိနေမည်ကို မသိသေးချေ။


ယွမ်အောင်းသည် အစ်ကိုကောင်းတစ်ဦး ဖြစ်လာရန် ဆုံးဖြတ်ခဲ့ပြီး သူ့ ညီမလေးအား သူ၏ အမှောင်ထုနှင့် ရူးသွပ်ဖွယ် အမှောင်ဘက်ခြမ်းကို မမြင်စေလိုချေ။ သူသည် ယွမ်လော့ရီအား ထပ်မံ၍ မကြောက်စေလိုပေ။


သူ ယွမ်လော့ရီထံ လက်ကို လှမ်းလိုက်ပြီးနောက် တွန့်ဆုတ်သွားရာ သူ၏ လက်သည် လေထဲ၌ ဆိုင်းငံ့နေ၏။


ယွမ်လော့ရီသည် ယွမ်အောင်းကို မော့ကြည့်လိုက်ပြီး သူမ၏ အစ်ကိုကြီးက ဘာလုပ်ချင်သည်ကို ရုတ်တရက် သဘောပေါက်သွားသည်။ သူမသည် ယွမ်အောင်း၏ တွန့်ဆုတ်နေသော လက်ကို ဆုပ်ကိုင်လိုက်ပြီး ကြောင်ကလေးကဲ့သို့ သူ၏ လက်ဖဝါးဖြင့် သူမ ခေါင်းကို ပွတ်သပ်လိုက်လေသည်။


ယွမ်အောင်း၏ မျက်လုံးများက အံ့အားသင့်မှုဖြင့် အနည်းငယ် ပြူးကျယ်သွားပြီးနောက် သူ ငြိမ်သက်သွား၏။ ဤမျှ နှစ်ပေါင်းများစွာ ကြာပြီးနောက် နောက်ဆုံး၌ သူ၏ ညီမလေးက သူ့အား မကြောက်တော့ပေ။


ယွမ်လော့ရီက မေးသည်။ 


"အစ်ကိုကြီး၊ ဒီည သမီးကို အိမ်ပြန်ခေါ်ဖို့ လာကြိုမှာလား"


ယွမ်အောင်းက ပြန်ဖြေ၏။ 


"အင်း ကိုကို လာကြိုပေးမယ်"


"ဒါဆို နောက်မှ တွေ့မယ်နော်”


"နောက်မှ တွေ့မယ်"


ယွမ်လော့ရီသည် ယွမ်အောင်းအား လက်ပြနှုတ်ဆက်ပြီး ကျောပိုးအိတ်ကို လွယ်ကာ ထွက်ခွာသွားချေသည်။


ယွမ်အောင်းသည် သူမ ထွက်ခွာသွားသည်ကို စောင့်ကြည့်နေ၏။ လေးနှစ်တာ ကာလက သူတို့ ခွဲခွာခဲ့ရပုံနှင့် မတူဘဲ ယခုတစ်ကြိမ်တွင် သူတို့သည် မကြာမီ ပြန်လည် ဆုံစည်းကြတော့မည်ဖြစ်သည်။ ယွမ်အောင်းသည် သူ၏ ညီမလေးကို သူ့အား ထိုမျှ လွယ်ကူစွာ မေ့သွားစေတော့မည် မဟုတ်ချေ။


ယွမ်လော့ရီသည် စိတ်အားထက်သန်စွာဖြင့် Star Galaxy အလယ်တန်းကျောင်း အတွင်းသို့ လမ်းလျှောက်ဝင်သွားသည်။


စာသင်ခန်းတစ်ခုလုံးသည် အပေါ်သို့ ကွေးနေသော တံစက်မြိတ်များ၊ စနစ်တကျ တန်းစီထားသော အုတ်ကြွပ်ပြားများ၊ အပေါက်ထွင်းထားသော သစ်သားပြတင်းပေါက်များနှင့် တည်ဆောက်ထားသည့် ဂန္ထဝင်ပုံစံ ဖြစ်ပြီး ဝင်ပေါက်တွင် မြင့်မားသော ကျောက်သား ကီရင် နှစ်ကောင် တည်ရှိနေသည်။


[T/N: ကီရင် (Kirin) = သမင်တစ်ပိုင်း မြင်းတစ်ပိုင်းဒဏ္ဍာရီလာသတ္တဝါ]


ခမ်းနားထည်ဝါသော စာသင်ခန်း အဆောက်အအုံမှာ ယွမ်လော့ရီအား ကျောင်းတက်ခြင်းအစား တရားရင်ဆိုင်ရန် ရောက်ရှိလာသည်ဟု ခံစားစေခဲ့၏။


ကျောင်းအုပ်ကြီးကိုယ်တိုင်ကပင် စာ စ သင်သည့် ဘဲလ်တီးသံကိုပင် "ဧကရာဇ် နန်းတက်ခြင်း" သီချင်းအဖြစ် ပြောင်းလဲခဲ့၏။ ၎င်းက လူတိုင်း၏ ပညာသင်ကြားလိုစိတ်ကို မီးမြှိုက်ပေးနိုင်သည်ဟု သူက ဆိုသော်လည်း တကယ်တမ်းတွင် အလွန် ထူးခြားမှုက ကျောင်းသားများ၏ ရှက်ရွံ့စိတ်ကိုသာ မီးမြှိုက်ပေးခဲ့ခြင်း ဖြစ်သည်။


"ဒင် ဒင် ဒင်"


သတိပေး ဘဲလ်တီးသံ မြည်လာပြီး ကျောင်းသား အများအပြားက အရူးအမူး ပြေးလွှားနေကြ၏။ နောက်ကျခြင်းက အတန်းပြင်၌ ရပ်နေရခြင်းကဲ့သို့သော ပြစ်ဒဏ်ကို ခံရမည့် ကြီးလေးသော ပြစ်ဒဏ် ဖြစ်သည်။


ယွမ်လော့ရီသည် ဆန့်ကျင်ဘက်အားဖြင့် စိတ်သက်သာရာ ရနေချေသည်။


သူမ၏ ကြေကွဲဖွယ် ကံကြမ္မာကို သိရှိထားခြင်းက အားလုံး ဆိုးရွားသည် မဟုတ်ချေ။ အနည်းဆုံးတော့ သူမ၏ စိတ်နေသဘောထားက ပြောင်းလဲသွားလေသည်။


သူမသည် ဤအခွင့်အရေးကို အသုံးပြု၍ သူမ၏ အစ်ကိုကြီး ယွမ်အောင်းနှင့် နားလည်မှုလွဲမှားခြင်းကိုလည်း ဖြေရှင်းခဲ့၏။


သို့သော်…


ယွမ်အစ်ကို ငါးယောက်သည် သူတို့၏ အစစ်အမှန်ပုံစံများကို အင်မတန် ကောင်းမွန်စွာ ဖုံးကွယ်ထားကြသည်။


ယွမ်လော့ရီသည် သူတို့ လုပ်ဆောင်ခဲ့သည်များကို မည်သည့်အခါမျှ မေ့မည်မဟုတ်ပေ။ သူမ၏ အစ်ကိုကြီးပင်လျှင် ကြောက်စရာကောင်းသော အရာများကို လုပ်ဆောင်ခဲ့သည်။ သူတို့သည် ယွမ်လော့ရီ၏ ကလေးဘဝ အိပ်မက်ဆိုးများပင် ဖြစ်၏။


ယွမ်လော့ရီသည် အသက်ပြင်းပြင်း ရှူသွင်းလိုက်ပြီး ကိုယ့်ကိုယ်ကိုယ် အားပေးလိုက်သည်။


အကုန်လုံးကို ဂရုမစိုက်တော့ဘူး။ ဖြစ်လာမယ့်အရာတွေက ဖြစ်ကိုလာမှာပဲ။


အသုံးမကျတဲ့ ဟမ်းစတားတွေက မြွေရဲ့ မျက်လုံးထဲမှာ ပျင်းစရာကောင်းတဲ့ အလောင်းတွေလို ဖြစ်နေလိမ့်မယ်။ သူတို့က ရိုးရိုးတန်းတန်း တိုက်ခိုက်မှာမဟုတ်ဘူး။


အခုတစ်ကြိမ်လိုမျိုး အရာအားလုံးက နားလည်မှုလွဲတာပဲ ဆိုရင်ရော။


အရမ်း စဉ်းစားစရာ မလိုတော့ဘူး။ ပစ္စုပ္ပန်မှာ ငါက ငါဆိုတဲ့ လူသစ်ပဲ။


ကျောင်းသား ဘဝအသစ်ကို ကြိုဆိုဖို့ အချိန်ရောက်ပြီ။