Ch 6
Viewers 5k

Chapter -6

[ ပုံမှန်အတိုင်းပဲ ]




နောက်တစ်နေ့တွင် ယွမ်လော့ရီမှာ သူမ အစ်ကိုကြီး ယွမ်အောင်း၏ ကားထဲတွင် ကျောင်းလွယ်အိတ် ပိုက်ထားလျက်  သမ်းနေလေ၏။ ဘဝပေါင်း 99ခုမှ မှတ်ဉာဏ်အပိုင်းအစများ ဦးနှောက်ထဲတွင် ရောယှက်နေခြင်းကြောင့် ညက ကောင်းစွာမအိပ်ခဲ့ရပေ။ 


အိမ်စာ အပြီးသတ်ရန် မနက် ၅ နာရီတွင် ထခဲ့ရပြီး ယခုတွင်လည်း နံနက်ပိုင်း ကိုယ်တိုင် လေ့လာရန်အတွက် သွားနေရသောကြောင့် ပင်ပန်းနွမ်းနယ်သဖြင့် အိပ်ချင်နေသည်။


တနင်္လာနေ့ နံနက်ပိုင်းတွင် ကိုယ်တိုင်လေ့လာရခြင်းကို သူမ မုန်းတီးလှ၏။


သူမရှိ မကျေနပ်မှုများမှာ လက်စားချေတော့မည့် အနှစ် ၈၀၀ သက်တမ်းရှိသော သရဲတစ်ကောင်၏ မကျေနပ်မှုများထက်ပင် ပိုမိုကြီးမားနေလေသည်။


ကားပြတင်းပေါက်အား ဖွင့်လိုက်ရာ လေပြေလေအေးလေးများ တိုက်ခတ်လာသဖြင့် ယွမ်လော့ရီ အနည်းငယ် လန်းဆန်းသွား၏။


ကျောင်းရောက်သည့် အခါ၌ လေးလံနေသော ခြေလှမ်းများကို ဆွဲ၍ အတန်း A ထဲသို့ လျှောက်ဝင်လာခဲ့သည်။ 


ပုံမှန်အတိုင်းပင် ကျောင်းသားများသည် သူမအားမြင်သောအခါ ရှောင်တိမ်းသွားကြဆဲပင်။


"ဒိန်...ကလင်...ကလင်”


နံနက်ပိုင်း ကိုယ်တိုင်လေ့လာချိန် ခေါင်းလောင်းသံ မြည်လာပြီး သူတို့၏ အခန်းပိုင်ဆရာမဖြစ်သူ ဆရာမစု ဝင်လာလေ၏။ 


သူမသည် စာသင်ခန်းထဲအား တစ်ချက် ဝေ့ကြည့်လိုက်ပြီး‌နောက်


"လပတ်စာမေးပွဲ အဖြေတွေ ထွက်ပြီ"


"လူတော်တော်များများကတော့ တော်တော်လေး ကောင်းကြပါတယ်၊ အထူးသဖြင့် စုရွှင်း က ဘာသာရပ်အားလုံးမှာ ၉၀ ကျော် ရတယ်"


"ဒါပေမဲ့ ယွမ်လော့ရီ ကတော့ အမှတ် အရမ်းနည်းသွားတယ်၊ အင်္ဂလိပ်စာမှာ ဘဲဥတောင်မကွဲဘူး"


စာသင်ခန်းထဲတွင် တီးတိုးသံများ ချက်ချင်း ဆူညံသွားလေသည်။


"ဟယ် ဘဲဥမကွဲဘူး” 


"သေချာရဲ့လား၊ ဟုတ်ရော ဟုတ်ရဲ့လားဟယ်"


"နာမည်ရေးဖို့ မေ့သွားလ်ို့များလား"


ယွမ်လော့ရီ ကိုယ်တိုင်လည်း အလွန် အံ့အားသင့်သွား၏။


ဆရာမစုမှ ဆက်၍ 


"ယွမ်လော့ရီ မင်းနဲ့ စာသင်ခန်း တစ်ခန်းထဲမှာ တူတူသင်တဲ့ စုရွှင်း က အင်္ဂလိပ်စာမှာ ၉၃ မှတ်တောင် ရခဲ့ချိန်မှာ မင်းက ဘာလို့ သုညပဲ ရတာလဲ"


ယွမ်လော့ရီ ဆရာမစုမှာ သူမအား ထပ်၍ ဖိနှိပ်နေကြောင်း နားလည်လိုက်သည်။


ဆရာမစုတွင် ယွမ်လော့ရီ အပေါ် အလွန်ကြီးမားသော ရန်လိုမှုများ ရှိနေသောကြောင့်ပင်။


ကြောက်မက်ဖွယ်ကောင်းသော ယွမ်မိသားစုနှင့် ရင်ဆိုင်ရာတွင် ဆရာမစုမှာ မထီမဲ့မြင်ပြုကာ ယွမ်လော့ရီအား ဆက်တိုက် ဖိနှိပ်နေခဲ့သည်။


ကျောင်းအုပ်ကြီးမှ သူမအား ပိုမိုကြင်နာစွာ ဆက်ဆံရန် အကြံပြုဖူး၏။ 


သို့သော် ဆရာမစု ပြန်ဖြေခဲ့သည်မှာ 


"သူတို့ ကျွန်မကို လက်စားချေပါစေ၊ ကျွန်မမှာ ထပ်ပြီး ဆုံးရှုံးစရာ ဘာမှမရှိတော့ဘူး"


ထို့ကြောင့် ဆရာမစုမှာ ပုံမှန်အားဖြင့် စုရွှင်းသည် လေးလံသော ကျောင်းလွယ်အိတ်ဖြင့် စာသင်ခန်းထဲသို့ ဝင်လာလျှင် စုရွှင်းမှာ စာဖတ်ခြင်းကို ချစ်မြတ်နိုးကြောင်း လူသိရှင်ကြား ချီးမွမ်းလေ့ရှိပြီး ယွမ်လော့ရီ လေးလံသော ကျောင်းလွယ်အိတ်ဖြင့် ဝင်လာသောအခါတွင် 


"တချို့လူတွေက နေ့တိုင်း စာအုပ်တွေ အများကြီး သယ်လာကြပေမဲ့ သိသိသာသာ တိုးတတ်လာတာမျိုးလည်း မတွေ့ရဘူး"


အတန်း A စာသင်ခန်းထဲ၌ ဆရာမစုမှာ ခပ်ပြုံးပြုံးဖြင့် ရယ်မောလိုက်ပြီးနောက် စာမေးပွဲ မေးခွန်းစာရွက်အား ယွမ်လော့ရီ ၏ စားပွဲပေါ် သို့တင်လိုက်ကာ 


“မင်းရဲ့ စာမေးပွဲစာရွက်ကို သေချာကြည့်လိုက်ဦး၊ ဆရာမ ဘာမှတောင် မပြောချင်တော့ဘူး"


ယွမ်လော့ရီ စာမေးပွဲစာရွက်ကို တစ်ချက် ဝေ့ကြည့်လိုက်သည်နှင့် စစ်ဆေးကြည့်ချိန်တွင် ဆရာမစု၏ စိတ်တိုမှု၊  ဒေါသထွက်မှုများမှာ ထင်ရှားနေလေ၏။


သူမဆွဲထားခဲ့သော အနီရောင် အမှားခြစ်များမှာ ကြီးမားလှပြီး တစ်ခုပြီးတစ်ခု နေရာအလွပ်မရှိချေ။


စာရွက်တစ်ပြင်လုံး အနီရောင်အကွက်များ ဖြင့်ပြည့်နေကာ မပြီးဆုံးသေးသော သွေးထွက်သံယို အမှုအခင်းတစ်ခုကဲ့သို့ ဖြစ်နေ၏။ 


ဆရာမစုသည် အခြား စာမေးပွဲ စာရွက်တစ်ရွက်အား ထုတ်ယူကာ ယွမ်လော့ရီ၏ စားပွဲပေါ် ထပ်တင်လိုက်သည်။


"ဒါ ပြန်လည်စစ်ဆေးမယ့် စာမေးပွဲစာရွက်ပဲ၊ မနက်ခင်းပိုင်း ကိုယ်တိုင်လေ့လာရတဲ့ အချိန်အတွင်းမှာ အမြန်လုပ်လိုက်၊ အနည်းဆုံး အောင်အောင်တော့ ကြိုးစား မဟုတ်ရင် မင်း အတန်း D ကို သွားရမယ်"


ယွမ်လော့ရီ စာမေးပွဲစာရွက်အား လျင်မြန်စွာ ဖတ်ကြည့်လိုက်၏။


ကွက်လပ်ဖြည့်စာပိုဒ်တစ်ခု၊ စာပိုဒ်ဖတ်၍ မေးခွန်းဖြေရန် ငါးခု၊ ဘာသာပြန်ရန် ဆယ်ခု။


ယခင်က ယွမ်လော့ရီ သာဆိုလျှင် ဤစာလုံးများနှင့် စာပိုဒ်များမှာ ရှေးဟောင်းပစ္စည်းများကဲ့သို့ နားမလည်နိုင်သော အရာများအဖြစ် သာရှိနေလိမ့်မည်။ 


သို့သော် အင်္ဂလန်တွင်နေခဲ့ရသော သူမ၏ဘဝ ပုံစံအား ပြန်လည်အမှတ်ရလိုက်သောအခါ သူမ နားလည်နိုင်ရုံသာမက သဒ္ဒါအမှားများစွာကိုပင် ရှာတွေ့နိုင်သည်ထိ ကြွမ်းကျင်နေ၏။


ယွမ်လော့ရီ ဘောပင်ကောက်ယူကာ စတင်ရေးသားလိုက်ပြီး မိနစ်နှစ်ဆယ်အတွင်း အပြီးသတ်ကာ စာရွက်အား ပြန်ပေးလိုက်သည်။


ဆရာမစုက မျက်လုံးလှန်ကြည့်လိုက်ကာ 


ဒီလောက် မြန်မြန် ဖြေနိုင်နေတာ သူ့ စိတ်ထဲရှိရာ လိုက်ခြစ်တာပဲ နေမယ်။


ဆရာမစုသည် သူမ၏ အနီရောင်ဘောပင်အား ယူ၍ စ စစ်လေသည်။


အမှန်ခြစ်တစ်ခုပြီးတစ်ခု ပေးနေလျက်၊ သူမ၏ အမူအရာမှာ မထီမဲ့မြင်ပြုရာမှ အံ့အားသင့်မှု၊ နောက်ဆုံးတွင် မျက်လုံးပြူးကာ ထိတ်လန့်ခြင်းအဖြစ်သို့ ပြောင်းလဲသွားသည်ထိပင်။ 


သူမ မယုံနိုင်စွာ ခေါင်းခါလိုက်ပြီး စာရွက်အား ထပ်မံစစ်ဆေးလိုက်သော်လည်း မည်သည့်အမှားကိုမျှ ရှာမတွေ့ချေ။


"ဟမ် အားလုံးမှန်တယ်” 


အတန်း A ကျောင်းသားများလည်း ကြားသွားကြသည်။


"ဟမ်” 


"ခုနကမှ ဘဲဥမကွဲဘူးဆို အခုကျတော့ အကုန်လုံး မှန်နေပြီလား"


"အစက စာမေးပွဲစာရွက်မှာ နာမည်ရေးဖို့ မေ့သွားတာပဲ ဖြစ်ရမယ်”


ဆရာမစု၏ မျက်နှာအမူအရာမှာ ယင်ကောင်တစ်ကောင်အား မျိုချလိုက်ရသည့်နှယ် မည်းမှောင်နေ၏။


သူမ၏တူမဖြစ်သူ စုရွှင်းအား ကြိုးစားပမ်းစား ပြုစုပျိုးထောင်ခဲ့ရာ စုရွှင်းမှာ အင်္ဂလိပ်စာတွင် ၉၃ မှတ် ရခဲ့ပြီး အတန်းထဲတွင် အမှတ်အများဆုံးရသူပင်။


သူမ အမြဲတစေ ပြစ်တင်ရှုပ်ချခဲ့သော ယွမ်လော့ရီမှာ ယခု အမှန်တကယ်ပင် အမှတ်ပြည့် ရခဲ့သည်။


ယွမ်လော့ရီ၏ အမူအရာထဲတွင် လျစ်လျူရှုမှုများ အပြည့်ပါနေသည်။


သူမ၏ ဘဝပေါင်း 99ခုမှ မှတ်ဉာဏ်များကြောင့် သူမအတွက် အင်္ဂလိပ်စာတွင် ဆရာ/ဆရာမ မလိုအပ်တော့ပေ။


ဆရာမစုသည် အားမလို အားမရဖြစ်ကာ


"ကောင်းပြီလေ၊ မင်း အမှတ်ပြည့် ရသွားတာဆိုတော့ အတန်း A မှာ ဆက်နေလို့ရပြီ"


ယွမ်လော့ရီ အတော်ကြာ တိတ်ဆိတ်နေ၏။ အတန်း A တွင် သူမ ပျော်ရွှင်ခြင်းမရှိပေ၊ အဘယ်ကြောင့်ဆိုသော် ဤနေရာတွင် အပြိုင်အဆိုင် များလွန်းသည်။ နေ့တိုင်း စာကျက်ခြင်း၊ စာမေးပွဲများ၊ အဆင့်များ စစ်ဆေးခြင်းတို့ဖြင့် ပြည့်နက်နေ၏။ 


သူမ မည်သည့်သူငယ်ချင်းနှင့်မျှလည်း မိတ်မဖွဲ့နိုင်ခဲ့ပေ။


ဤအရာမှာ သူမ လိုချင်သည့် ကျောင်းသားဘဝ မဟုတ်‌ချေ။


သူမ စုရှီ၏ နာမည်ကြီး စကားတစ်ခွန်းအား သတိရမိသွားသည်။


"ငါ့ဘဝမှာ စားဖို့သောက်ဖို့နဲ့ အိပ်ဖို့ကိုပဲ ဂရုစိုက်တယ်"


"တစ်နေ့ကျ ငါ အောင်မြင်လာရင် ဗိုက်ပြည့်အောင် စားမယ် ပြီးတော့ အိပ်မယ်၊ အိပ်ပြီးရင် ထပ်စားမယ်"


သာမန်လူ တစ်ယောက်ပင်လျှင် ထိုမျှ လွတ်လပ်ပေါ့ပါးနိုင်ပါက သူမလည်း ထိုသို့ မဖြစ်နိုင်စရာ အကြောင်းမရှိပေ။ အကယ်၍ သူမ ၁၈ နှစ်တွင် သေရမည်ဆိုပါက သူမတွင် အနားယူရန်နှင့် ဤဂုဏ်သရေရှိ အိမ်တော်တွင် အနိုင်နိုင်နေထိုင်ရန် ခုနစ်နှစ် ကျန်ရှိနေသေးသည်။


သူမ ယခင်က ဖတ်ခဲ့ဖူးသည့် အခြားဝတ္ထုတစ်ပုဒ်အား ရုတ်တရက် သတိရမိသွားပြန်သည် - 


“အုပ်ကြီးရယ် နောက်လိုက် မနေပါနဲ့တော့၊ ခင်ဗျားရဲ့ ဇနီးက စိတ်ပျက်သွားပြီ ပြန်မလာတော့ဘူး” 


ဝတ္ထုတစ်အုပ်လုံးမှာ အလွန် ခေတ်နောက်ကျနေသော်လည်း ဇနီးဖြစ်သူ၏ ဈာပနတွင် သူမအား လိုက်လံရှာဖွေသည့် မြင်ကွင်းမှာ အမှန်ပင် အံ့မခန်းပေ။


တစ်ညလုံး ဖတ်ကြည့်ပြီးနောက် အာဏာကြီးမားသည့် ဥက္ကဋ္ဌများ၏ စကားစု ၁၀ ခုကျော်ကို သင်ယူခဲ့ရုံသာမက အဖိုးတန် သင်ခန်းစာတစ်ခုကိုလည်း ယွမ်လော့ရီ သင်ယူခဲ့ရသည်။


အရေးပါသော အခိုက်အတန့်များတွင် အခြားသူများအကြောင်း စိတ်ကူးယဉ်နေမည့်အစား မိမိကိုယ်ပိုင် လွတ်လပ်မှုအတွက် ကြိုးစားရမည်။


ယွမ်လော့ရီ ဆရာမစု၏ စားပွဲနားသို့ လျှောက်သွားကာ သူမ၏ ကျောင်းသားကဒ်အား စားပွဲပေါ်သို့ အားရပါးရ တင်လိုက်ပြီးနောက် 


"သမီး ဒီအတန်းကနေ ထွက်ချင်တယ်” 


အတန်း A ရှိ လူတိုင်းသည် ယွမ်လော့ရီအား အံ့အားသင့်စွာ ကြည့်ရှုနေကြသည်။


Star Galaxy အလာ်တန်းကျောင်း ၏ သမိုင်းကြောင်းတွင် နောက်ထပ် ဒဏ္ဍာရီတစ်ခု ထပ်မံ ပေါင်းထည့်ရတော့မည်။


နေ့လယ် ကျောင်းဆင်းချိန်တွင် ယွမ်လော့ရီသည် သူမ၏ အတန်းပြောင်းလဲရေး ဖောင်ကို ကိုင်ဆောင်ထားကာ အလွန် စိတ်လှုပ်ရှားနေလျက် သူမ ကြာမြင့်စွာကတည်းက စွဲလန်းခဲ့သော အိပ်မက်ဆန်သည့် အတန်း D သို့ သွားရပေတော့မည်။


သူမ၏ ဖခင်ဖြစ်သူ၊ မိသားစုဂုဏ်ကို အလေးထားသော ဖေဖေယွမ်သည် သေချာပေါက် လက်မှတ်ထိုးပေးမည်မဟုတ်ပေ။ 


ဖေဖေယွမ် သူမအား ထပ်မံ ဆူပူကောင်း ဆူပူလိမ့်မည်။


သူမ၏ မိခင်ဖြစ်သူ မေမေယွမ်သည် ယွမ်လော့ရီ အပေါ် အမြဲတစေ ချစ်ခင်ကြင်နာတတ်ပြီး လက်မှတ်ထိုးပေးလိမ့်မည်။ သို့သော် မီးကဲ့သို့ ပူပြင်းသော စိတ်ဓာတ်ဖြင့် သူမ ကျောင်းတွင် ပြဿနာဖန်တီးလိမ့်မည်မှာ သေချာသည်။


စင်္ကြံလမ်း၌ အချိန်အတော်ကြာ လျှောက်သွားပြီးနောက် ယွမ်လော့ရီသည် သူမ အစ်ကိုကြီး ယွမ်အောင်း၏ တံခါးဝသို့ ရောက်ရှိလာ၏။ 


ဒေါက် ဒေါက် ဒေါက်


တံခါးပွင့်သွားပြီးနောက် ယွမ်အောင်းသည် သူ၏ ညီမလေးအား မြင်တွေ့လိုက်ရသောအခါ အံ့အားသင့်သွားသည်။ ယွမ်လော့ရီ သူ့အား လာရှာခြင်းမှာ ပထမဆုံးအကြိမ် ဖြစ်သောကြောင့်ပင်။


"ဘာဖြစ်လို့လဲ” 


"အစ်ကိုကြီး၊ သမီးအတွက် ဒီဖောင်ကို လက်မှတ်ထိုးပေးလို့ရမလား"


စာရွက်စာတမ်းအား ကြည့်လိုက်သည်နှင့် ယွမ်အောင်းသည် မည်သို့သောကိစ္စများ ဖြစ်ပျက်နေခြင်းကို ချက်ချင်း နားလည်သွားသဖြင့် ဘောပင်ဖြင့် လျင်မြန်စွာ လက်မှတ်ထိုးလိုက်သည်။


သူမ အစ်ကို၏ အမူအရာအား ခိုးကြည့်လိုက်သော်လည်း ယွမ်လော့ရီ သူ ဘာတွေးနေသည်ကို မခန့်မှန်းနိုင်ပေ။


"အတန်း D ကို ပြောင်းလိုက်တာက ယွမ်မိသားစုရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေမှာလား"


ယွမ်အောင်းသည် ခပ်ဖွဖွ ရယ်လိုက်ပြီးနောက် 


"အဆင်ပြေပါတယ်၊ ကျောင်းတက်တာက ယွမ်မိသားစုအတွက် သိပ် အဓိပ္ပာယ် မရှိဘူး၊ ကိုကို တို့မှာ သင်ယူဖို့ တခြားနည်းလမ်းတွေ အများကြီးရှိတယ်"


ယွမ်လော့ရီ သက်ပြင်းချလျက် တိုးတိုးလေး ပြောလိုက်သည်။


"အစ်ကိုကြီးက အရမ်း ထူးချွန်တော့ ကျောင်းမလိုဘူးပေါ့၊ ဒါပေမဲ့ သမီးကတော့..."


သူ့ ညီမလေး စိတ်ပျက်နေသည်ကို မြင်သောအခါ ယွမ်အောင်း၏ လေသံမှာ ပိုမို နူးညံ့လာ၏။


"မင်း သုံးနှစ်မတိုင်ခင်ကဆို ဖေဖေ နဲ့ မေမေ က အလုပ်အရမ်းများတယ် ဆိုတော့ များသောအားဖြင့် ကိုကိုကပဲ မင်းကို ဂရုစိုက်ရတာ၊ မင်း မွေးစတုန်းကဆို ဒီလောက်လေးပဲ ရှိသေးတာ” 


သူသည် လက်ဖြင့် အရွယ်အစားကို ပြသလျက်


"ခြောက်ပေါင် နဲ့ ခုနစ်အောင်စပဲ ရှိတယ်၊ တစ်ကိုယ်လုံးက နူးညံ့နေတာ၊ ကိုကို ပွေ့ထားရတုန်းက ဗုံးတစ်လုံးကို ကိုင်ထားရသလိုပဲ စိတ်လှုပ်ရှားနေခဲ့တာလေ၊ သူနာပြုက ကိုကို့ ကို မထီမဲ့မြင် ကြည့်ပြီး မင်းကို ပြန်ယူချင်ခဲ့တယ်၊ မင်းက ရုတ်တရက် ကိုကို့ လက်မကို တင်းတင်းဆုပ်ကိုင်ထားပြီး လုံးဝ မလွှတ်တော့ဘူး၊ ဘယ်သူမှလည်း အတင်းအကျပ် အားမသုံးရဲတော့ ကိုကိုကပဲ မင်းကို ဆက်ချီထားရတာ"


"ဒါကြောင့် မင်း ဆုပ်ကိုင်ချင်တဲ့ အရာတစ်ခု ဖြစ်သရွေ့ မင်း သေချာပေါက် ဆုပ်ကိုင်နိုင်မယ်လို့ ကိုကို ယုံကြည်တယ်၊ မင်း အတန်း A ကနေ ထွက်သွားရင်တောင်မှ မင်းနဲ့ သက်ဆိုင်တဲ့ ဂုဏ်သိက္ခာကို မကြာခင် ပြန် ဆုပ်ကိုင်နိုင်လိမ့်မယ်"


ယွမ်လော့ရီ  ဤအကြောင်းကို မသိခဲ့ပေ။ သူမ အမှတ်ရသည်မှာ သူမ၏ အစ်ကို ပြည်ပတွင် စာသင်နေခဲ့ပြီး သူမ 7 နှစ်သားအရွယ်ရောင်မှ ပြန်လာခြင်းဖြစ်သည်။


ယွမ်လော့ရီ သူ့အား မေးလိုက်၏။


"ဒါဆို ကိုကို ပြန်ရောက်လာတုန်းက ဘာလို့ သမီးကို သတ်ချင်စိတ်ကြီးနဲ့ အရမ်း စိုက်ကြည့်နေတာလဲ"


"အဲတုန်းက ကိုကိုက မင်းဘေးမှာရှိတဲ့ ယွမ်ဖာ့ကို စိုက်ကြည့်နေတာ" 


ယွမ်လော့ရီ ဘာဖြစ်နေသည်ကို ရုတ်တရက် နားလည်သွားလေပြီ။


 ဒီလိုကိုး! 


သူမ၏ အစ်ကိုကြီးသည် သူမအား မကြိုက်ဟု ထင်ခဲ့ခြင်းကြောင့် သူတို့နှစ်ဦး အမြဲတစေ စိတ်မတိုက်ဆိုင် ဖြစ်နေခဲ့ကြခြင်း ဖြစ်သည်။