Chapter -5
[ထွက်ပြေးချင်စိတ်ကို ဖိနှိပ်နိုင်ခြင်း]
ကျောင်းဆင်းသည့်အခါ၌ ယွမ်လော့ရီ ခြေထောက်တစ်ဖက် ထော့နဲ့ထော့နဲ့ဖြင့် အိမ်သို့ပြန်လာခဲ့သည်။
ထို့နောက် သူမ၏ အလုပ်များသော အစ်ကိုကြီး ယွမ်အောင်း ပြန်ရောက်နေသည်ကို အံ့ဩစွာ တွေ့လိုက်ရ၏။
ယွမ်အောင်းတစ်ယောက် ယွမ်လော့ရီကို တိတ်ဆိတ်စွာ စိုက်ကြည့်နေသည်။ နှစ်များစွာ ကြာသွားခဲ့သော်လည်း သူ၏စူးရှသောအကြည့်မှာ ယွမ်လော့ရီကို အနေရခက်စေဆဲပင်။
သူမ သဘာဝအလျောက် ထွက်ပြေးချင်စိတ်ဖြစ်ပေါ်လာသော်လည်း သူမမှာ ယွမ်မိသားစု၏ သမီးတုဖြစ်ပြီး အသက် ၁၈ နှစ်တွင် သေဆုံးရမည်ကို သိပြီးနောက် ထူးဆန်းသည့် လွတ်မြောက်မှုတစ်ခုကို ခံစားလိုက်ရ၏။
သူမသည် ၁၁ နှစ်ကြာ ကြောက်ရွံ့မှုဖြင့် နေထိုင်ခဲ့ရပြီး ဤသို့နေထိုင်ရခြင်းမှာ အလွန်ပျင်းစရာကောင်းလှသည်။
ထို့ကြောင့် သူမသည် အေးစက်သည့် အကြည့်အောက်တွင် ကြံ့ကြံ့ခံရင်း ထွက်မပြေးခဲ့ပေ။
ယွမ်အောင်းက မေးလိုက်သည်။
“ဒဏ်ရာ ရထားတာလား”
ယွမ်လော့ရီမှ ပြန်ဖြေ၏။
“ဟုတ်ကဲ့”
“ဘာဖြစ်တာလဲ”
“စိမ့်ကျွင်းရွှမ်က သမီးကို တွန်းချလိုက်လို့ လဲကျသွားတာ”
ယွမ်အောင်းက ခေါင်းငုံ့လိုက်ပြီး သူ၏မျက်လုံးများမှာ မှောင်မိုက်သွားပြီး ကြောက်မက်ဖွယ်ကောင်းသော အပြုံးဖြင့် ပြုံးလိုက်၏။
သို့သော် သူ ယွမ်လော့ရီကို ပြန်မော့ကြည့်သောအခါ သူ၏ပုံမှန်မျက်နှာအမူအရာသို့ ပြန်ဖြစ်သွားသည်။ သူသည် ယွမ်လော့ရီကို စိုက်ကြည့်ရင်း သူမ၏ ဖူးယောင်နေသည့်နဖူးနှင့် ပွန်းပဲ့နေသော ဒူးများကို အာရုံစိုက်၍ ကြည့်နေလေ၏။
ယွမ်လော့ရီသည် သူမ၏အစ်ကိုကြီး သူမကို မကြာခဏ စိုက်ကြည့်နေရခြင်းအကြောင်းရင်းမှာ သူမ ကျန်းမာရေးကို စစ်ဆေးရန်သာဖြစ်ကြောင်း ရုတ်တရက် သဘောပေါက်သွားခဲ့သည်။
သူမ အစ်ကိုကြီး၏ မျက်လုံးထဲတွင် သူမသည် အလွန်နုနယ်ပြီး လေအနည်းငယ်တိုက်ရုံဖြင့် အအေးမိတတ်ကာ၊ မိုးအနည်းငယ်စိုရုံဖြင့် ဖျားနာတတ်ပြီး၊ အချိန်မရွေးသေဆုံးနိုင်သောကြောင့် အချိန်တိုင်း အနီးကပ်အာရုံစိုက်ရန် လိုအပ်သည်ဟု တွေးနေခြင်းဖြစ်ရမည်။
ယွမ်အောင်းက ပြောလိုက်သည်။
“လဲကျထားတော့ ခြေထောက်တွေလည်း နာနေမှာပဲ”
ယွမ်လော့ရီက ခေါင်းညိတ်လိုက်၏။ သူမလမ်းလျှောက်သည့်အခါ ဒူးများက တဆစ်ဆစ်နာကျင်နေသည်။
ယွမ်အောင်းက စမ်းသပ်သလို လက်နှစ်ဖက်ကို ဖွင့်လိုက်ရင်း ပြောလေ၏။
“ညစာအဆင်သင့်ဖြစ်ပြီ၊ အရင်သွားစားကြရအောင်”
ယွမ်လော့ရီသည် သူမအစ်ကိုကြီး၏ ရည်ရွယ်ချက်ကို နားလည်လိုက်သည်။
မြွေက ကြွက်ကို ပွေ့ဖက်ချင်နေခြင်းဖြစ်၏။
သူ့တွင် သတ်ဖြတ်လိုစိတ်ရှိပြီး သူမတွင် ထွက်ပြေးလိုစိတ်ရှိသည်။
သူမ၏ကြောက်ရွံ့မှုကို ကျော်လွှားရင်း ရှေ့သို့တိုးကာ သူမအစ်ကိုကြီး ရင်ခွင်ထဲသို့ ဝင်လိုက်လေ၏။
သူမအစ်ကိုကြီး၏ ရင်ခွင်မှာ အနည်းငယ်အေးစက်နေသော်လည်း သူမကို လုံခြုံသည်ဟု ခံစားစေရပြီး စိတ်ကူးထားသလောက် ကြောက်စရာမကောင်းချေ။
ထို့အပြင် ယွမ်အိမ်တော်မှာ အလွန်ကြီးမားပြီး ဝင်ပေါက်မှ ထမင်းစားခန်းသို့ လမ်းလျှောက်ရန် 7 မိနစ်ကြာသောကြောင့် သူမကိုယ်တိုင် လမ်းမလျှောက်ရသည်မှာ အလွန်ကောင်းပေသည်။
ယွမ်မိသားစု၏ ထမင်းစားခန်းသည် ခမ်းနားထည်ဝါစွာ အလှဆင်ထားပြီး မျက်နှာကြက်တွင်ရောင်စုံဖန်မီးဆိုင်းများ ချိတ်ဆွဲထားသည်။ နံရံအလယ်တွင် ငွေပြားတစ်ခုရှိပြီး ယွမ်မိသားစု၏ စိတ္တဇကိုယ်စားပြုတိရစ္ဆာန်ဖြစ်သည့် ခေါင်းနှစ်လုံးပါသည့်မြွေကို ထွင်းထုထား၏။
ထမင်းစားခန်းသို့ ဝင်ရောက်ပြီးနောက် ယွမ်အောင်းသည် ယွမ်လော့ရီကို သူမပုံမှန်ထိုင်နေကြ ခုံတွင် ချပေးလိုက်သည်။
ယွမ်လော့ရီ၏ မျက်နှာချင်းဆိုင်တွင် ဖေဖေယွမ်က တင်းမာသည့်မျက်နှာဖြင့် ထိုင်နေပြီး သူ၏ဘေး၌ မေမေယွမ်မှာ လှပပြီး ကျက်သရေရှိစွာ ပြုံးနေသည်။
“သမီးလေး၊ ဒီနေ့ အမဲသားကင်ချက်ထားတယ်”
မေမေယွမ်က ယွမ်လော့ရီအတွက် အမဲသားကင်ကို ချစ်ခင်စွာ လှီးဖြတ်ပေးလေ၏။
ညစာစား ဓားသည် ဖြူဖွေးသည့်လက်အတွင်း၌ လျင်မြန်တည်ငြိမ်သော လမ်းညွှန်မှုအောက်တွင် တောက်ပစွာ လှီးဖြတ်သွားပြီး မေမေယွမ်၏ လက်ကောက်ဝတ်ပေါ်မှ ပုလဲလက်ကောက်ကိုပင် မလှုပ်ခါစေခဲ့ပေ။
မေမေယွမ်သည် အမြဲတမ်း ညင်သာစွာ ပြုံးနေတတ်သည်။ ယွမ်လော့ရီ ပုန်း၍ ငိုယိုတိုင်း သူမ လက်များက ယွမ်လော့ရီ၏ မျက်ရည်များကို နူးညံ့စွာ သုတ်ပေးတတ်သည်။
ဟုတ်ပါသည်၊ ထိုလက်များက အရွယ်ရောက်ပြီးသား ယောက်ျားများ၏ လည်ပင်းကို လွယ်လွယ်ကူကူ ချိုးဖျက်နိုင်၏။ မေမေယွမ်သည် ငယ်စဉ်က စိတ်တိုလွယ်သူဖြစ်ပြီး ထိုနည်းဖြင့် ပြဿနာများကို အကြိမ်ပေါင်းများစွာ ဖြေရှင်းခဲ့ဖူးသည်။
မေမေယွမ်က လှီးဖြတ်ထားသည့် အမဲသားကင်ကို ယွမ်လော့ရီဘက်သို့ တွန်းပို့လိုက်ရာ သူမက ခက်ရင်းဖြင့် အတုံးတစ်တုံးကို ထိုးစိုက်ပြီး စားရင်း ပြောလေ၏။
“ကျေးဇူးတင်ပါတယ် မေမေ”
မေမေယွမ်၏ အပြုံးသည် ပို၍ပင် တောက်ပလာ၏။ သူမ၏ အခြားကလေးငါးယောက်စလုံးသည် အလွန်အမှီအခိုကင်းမဲ့ကြသော်လည်း သမီးငယ်လေးသည် အားနည်းပြီး ချစ်စရာကောင်းကာ သူမအပေါ် အလွန်မှီခိုသောကြောင့် မေမေယွမ်သည် ယွမ်လော့ရီအပေါ် အလွန်အမင်း အလိုလိုက်ခဲ့သည်။
“ချွင် ချွင် ချွင်”
ပန်းကန်နှင့် ထိခတ်မိသော ဓားခရင်းတို့၏ ဆူညံနေသည့်အသံဖြစ်၏။ ယွမ်လော့ရီသည် ဓားနှင့်ခက်ရင်းသုံးရခြင်းကို မကြိုက်ပေ၊ တူကိုသာ ပိုနှစ်သက်သည်။
အေးစက်သည့်အကြည့်တစ်ခုက ယွမ်လော့ရီအပေါ်သို့ ကျရောက်လာပြီး မနှစ်သက်မှုများဖြင့် ပြည့်နှက်နေ၏။ ခေါင်းမော့မကြည့်လျှင်တောင် ဖေဖေယွမ်မှ သူမကို ကြည့်နေမှန်း သိလိုက်သည်။
ဖေဖေယွမ်၏ မျက်လုံးထဲတွင် သူမသည် ယွမ်မိသားစု၏ တကယ့်မိသားစုဝင်တစ်ဦး ဘယ်သောအခါမှ မဟုတ်ခဲ့ချေ။ သူမသည် အလွန်အားနည်းပြီး ဘာမှမတတ်စွမ်းနိုင်ပေ။
ယခင်ကလိုသာဆိုလျှင် ယွမ်လော့ရီသည် ကြောက်ရွံ့တုန်လှုပ်နေပြီး ဓားနှင့်ခက်ရင်းကိုင်ပုံကို ပြင်ဆင်ရန် အပြင်းအထန် ကြိုးစားနေလောက်ပြီဖြစ်သည်။
သို့သော် ယခုအခါ သူမသည် အစကတည်းက ယွမ်မိသားစု၏ ကလေးမဟုတ်မှန်း သိနေပြီဖြစ်၏။ သူ၏မျှော်လင့်ချက်များကို သူမ မည်သို့မျှ မဖြည့်ဆည်းနိုင်သည့်အတွက် သူမဂရုမစိုက်တော့ပေ။ သူမသည်လည်း အလွန်ဆာလောင်နေပြီး အမဲသားကို လောဘတကြီး အားရပါးရစားသုံးလိုက်သည်။
ဖေဖေယွမ်က မျက်မှောင်ကြုတ်သွား၏။
“ယွမ်လော့ရီရဲ့ လစဉ်စာမေးပွဲအဖြေ ထွက်ပြီလား”
မေမေယွမ်က စားရင်း ပြောလိုက်သည်။
“အတန်းပိုင်ဆရာက မိဘတွေရဲ့ group chat ထဲမှာ ပြောပြီးပြီလေ မနက်ဖြန်ထွက်မယ်တဲ့၊ ရှင့်စာတွေကို မစစ်ဘူးလား”
ဖေဖေယွမ်က ပြောလိုက်သည်။
“ကိုယ်ကအရမ်းအလုပ်များတယ်”
သူသည် ယွမ်လော့ရီကို အေးစက်စွာ စိုက်ကြည့်ပြီး ပြောလိုက်သည်။
“မင်းအောင်မယ်လို့ မျှော်လင့်တယ်”
မေမေယွမ်မှာ အနည်းငယ် ဒေါသထွက်သွား၏။ သူမ၏သမီးလေးမှာ မကြာသေးမီက စိတ်ဓာတ်ကျနေပြီး ယနေ့တွင် နောက်ဆုံးတော့ အနည်းငယ် ပျော်ရွှင်လာချိန် ဖေဖေယွမ်က သူမ၏အဆင့်များကို ထုတ်ဖော်ပြောဆိုကာ ပျက်စီးစေခဲ့သည်။
သူမသည် စကားလမ်းကြောင်း အမြန်ပြောင်းလိုက်သည်။
“အိုး ဟုတ်သားပဲ၊ သမီးလေး ဘာလို့ အစ်ကိုကြီးကို ထပ်ပြီးချီခိုင်းရတာလဲ”
ယွမ်လော့ရီက ပြောလိုက်သည်။
“လဲကျထားလို့ ခြေထောက်နာနေတာ ၊သမီး လမ်းမလျှောက်ချင်ဘူး”
မေမေယွမ်၏ မျက်နှာအမူအရာ ချက်ချင်းပြောင်းလဲသွားပြီး ညစာစားဓားကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ကာ မမေးလိုက၏။
“ဘယ်လိုဖြစ်တာလဲ”
ယွမ်အောင်းက ထ၍ ရှင်းပြလေသည်။
“စိမ့်မိသားစုရဲ့ သားအငယ်ဆုံးက သူ့ကို တွန်းချလိုက်တာ၊ မေမေ စိတ်မပူပါနဲ့၊ ကျွန်တော် ကိုင်တွယ်လိုက်ပါ့မယ်”
မေမေယွမ် အနည်းငယ် စိတ်အေးသွားသော်လည်း သူမ၏မျက်လုံးထဲတွင် အေးစက်သောတောက်ပမှုက ကျန်ရှိနေဆဲပင်။
“ယွမ်မိသားစုက မိုက်မဲတဲ့လူတွေနဲ့ မပေါင်းဘူး၊ စိမ့်မိသားစုရဲ့ကလေးတွေက အားလုံးမျှော်လင့်ချက်မရှိတဲ့ ငတုံးတွေဆိုရင်တော့ ပြတ်ပြတ်သားသား ဆက်ဆံရေးဖြတ်ပြီး အချိန်မီ အရှုံးကိုရပ်တန့်လိုက်ပါ”
ယွမ်အောင်းက အနည်းငယ် ဦးညွှတ်ကာ ပြောလိုက်သည်။
“ဟုတ်ကဲ့ မေမေ”
ယွမ်လော့ရီသည် အမဲသားကို ဆက်လက်စားနေပြီး သူမ၏ပါးများမှာ ဖောင်းကားနေသည်။ အခြားသူအားလုံးက သူတို့၏အဆိပ်ရှိသော သွားစွယ်များကို လူသတ်မတတ် ထုတ်ဖော်နေကြစဉ် ကြွက်ကလေးမှာမူ ပျော်ရွှင်စွာ စားသောက်နေ၏။
ဖေဖေယွမ်၏ မျက်နှာအမူအရာသည်လည်း တင်းမာနေသည်။
“သူက ဒီလိုအသေးအဖွဲကိစ္စတွေကို ကိုယ်တိုင်ကိုင်တွယ်သင့်တယ်၊ အလွန်အကျွံ ဝင်မစွက်ဖက်နဲ့”
မေမေယွမ်က သူမ၏ဓားခရင်းကို အားပြင်းပြင်း ချလိုက်ရင်းဖြင့်
“ ဒီလောက်အနိုင်ကျင့်ခံနေရတာတောင် ကျွန်မက ဘာမှမလုပ်နရဘူးလား”
“မိန်းမ သူ့ကို အလိုမလိုက်ပါနဲ့တော့၊ မင်းကြောင့်ပဲ သူအခု ဓားနဲ့ခက်ရင်းတောင် မသုံးတတ်တော့တာ”
“ဒါပေမဲ့…”
“ဒင် လင် လင်”
ဖေဖေယွမ်က ခေါင်းလောင်းတီးလိုက်ပြီး မေမေယွမ်၏ စကားများကို ဖြတ်တောက်လိုက်၏။
အမျိုးသားအစေခံတစ်ဦး လျှောက်လာပြီး သတင်းစာကို လက်နှစ်ဖက်ဖြင့် ရိုသေစွာ ပေးလာသည်။
ဖေဖေယွမ်သည် ခေတ်မီဆန်းပြားသည့် သူဌေးကြီးတစ်ဦးဖြစ်ပြီး သတင်းစာကို တစ်ချက်ကလေးမျှ မတွန့်မခေါက်ဘဲ သပ်သပ်ရပ်ရပ် မီးပူတိုက်ထားရမည်ဖြစ်ပြီး အရည်အသွေးမြင့် နံ့သာဖြင့် မွှေးကြိုင်နေရပေမည်။
သူသည် သတင်းစာကိုယူကာ ထရပ်လိုက်သည်။ အရပ်နှစ်မီတာကျော်မြင့်ပြီး သူ၏ရင်အုပ်သည် လင်းယုန်တစ်ကောင်ကဲ့သို့ ဂုဏ်ယူစွာ ဖောင်းကားနေ၏။
သူ့ပခုံးများသည် ကျယ်ပြန့်ပြီး အားကောင်းလေသည်။ သူ၏မျက်လုံးထောင့်များတွင် အရေးအကြောင်းများ ရှိနေပြီဖြစ်သော်လည်း သူသည် ထူးထူးခြားခြား ခန့်ညားပြီး ဩဇာအာဏာရှိနေဆဲဖြစ်၏။
သူသည် ဒေါသထွက်နေသည့် မေမေယွမ်ဘက်သို့ လှည့်ကြည့်ပြီး သူမ မတုံ့ပြန်မီ အနားသို့ လျင်မြန်စွာ ငုံ့ကိုင်း၍ ပါးပြင်ပေါ်သို့ အနမ်းတစ်ပွင့်ကို ပေးလိုက်သည်။
“ကောင်းသောညပါ မိန်းမ”
သူ သတင်းစာကိုကိုင်ရင်းဖြင့် ထမင်းစားခန်းမှ ထွက်ခွာသွားသည်။ ယွမ်မိသားစု၏ အကြီးအကဲတစ်ဦးအနေဖြင့် သူ့ဆုံးဖြတ်ချက်များကို ငြင်းပယ်၍မရပေ။
မေမေယွမ်သည် ဒေါသ မပေါက်ကွဲခဲ့ချေ။ သူမသည် ကလေးများရှေ့တွင် ဘယ်သောအခါမှ စိတ်မဆိုးတတ်ပေ။ သူမသည် ညဘက်တွင် သူမ၏ခင်ပွန်းနှင့် သီးသန့်စကားပြောလိမ့်မည်။
သူမသည် ယွမ်လော့ရီကို စိုးရိမ်တကြီး ကြည့်လိုက်၏။ ပုံမှန်အားဖြင့် သူမ၏သမီးသည် ဤအချိန်တွင် မျက်ရည်များ ဝဲနေလောက်ပြီဖြစ်သည်။ သို့သော် ယခုအခိုက်အတန့်တွင် ယွမ်လော့ရီသည် သူမ၏အစားအစာကို အပြည့်အဝအာရုံစိုက်ကာ ကမ္ဘာကြီးပျက်စီးသွားလျှင်ပင် အရသာရှိသောအစားအစာကို မြိန်ရေရှက်ရေစားသုံးနေသည်ကို မည်သည့်အရာကမှ မနှောင့်ယှက်နိုင်သကဲ့သို့ ပျော်ရွှင်စွာ စားသောက်နေ၏။
မေမေယွမ်သည် စိတ်လှုပ်ရှားစွာဖြင့် ပြုံးလိုက်ပြီး သူ့မျက်နှာသို့ သူ့လက်နှစ်ဖက်ဖြင့် အုပ်ကိုင်ကာ ရေရွတ်လိုက်သည်။
“အဲမာနကြီးတဲ့အကြည့်က ငါငယ်ငယ်တုန်းကနဲ့ တထေရာတည်းပဲ”
သူမသည် ယွမ်လော့ရီကို သူမ၏ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်ရင်းဖြင့်
“သမီးလေးမှာ ကိုယ်ပိုင် ထူးခြားတဲ့ဆွဲဆောင်မှုရှိတယ်၊ ဒီအတိုင်း ပျော်ပျော်ကြီး ကြီးလာနော်၊ ရေစီးအတိုင်းစီးမျောသွားတာ အကောင်းဆုံးပဲ၊ သမီးလေးက အနာဂတ်မှာ ယွမ်မိသားစုရဲ့ ဂုဏ်ယူစရာဖြစ်လာမှာ သေချာတယ်”