Chapter - 4
[ရွေးချယ်စရာမရှိသည့် ကျောင်းသူဘဝ]
ယွမ်လော့ရီ အသက် ၁၁နှစ်သို့ ရောက်ရှိချိန်၌လည်း အထီးကျန်နေသည့် ကလေးမလေးဖြစ်နေဆဲပင်။
သူမ၏ အစ်ကိုများမှာ တစ်ဦးပြီးတစ်ဦး ကျောင်းပြီးသွားကာ သူတို့၏ ကိုယ်ပိုင် အသက်မွေးဝမ်းကြောင်းများ စလုပ်နေကြပြီဖြစ်၍ အိမ်သို့ မကြာခဏ ပြန်မလာကြတော့ပေ။
တစ်ခါတစ်ရံတွင် အတိတ်အား ပြန်တွေးကာ အနီရောင်များ၊ သံကြေးနံ့မျာ၊ သွေးများ၊ ကွဲအက်နေသည့် အသံများ နှင့် သူမ အစ်ကိုများ၏ စာနာစိတ်ကင်းမဲ့သည့် မျက်လုံးများအား တွေးမိလေ၏။ သူမ ဘာဖြစ်နေသည်ကို သိသွားပြီးဖြစ်သည်။
သူတို့မှာ သူတို့၏ ညီမလေးတုံ့ပြန်မှုအား သိချင်၍ ဆိုးရွားသည့် အမူအယာအမျိုးမျိုးနှင့် လှုံ့ဆော်ကြလေ၏။ ထိုအရာမှာ နာကျင်စေမည် မဟုတ်သော်ညား စိတ်ဒါဏ်ရာများ ကျန်နေခဲ့ပေလိမ့်မည်။
သူတို့မှာ သိချင်စိတ်ပြင်းပြကာ စွဲလမ်းနေကြပြီး ထပ်ကာထပ်ကာ လုပ်နေကြ၏။
ရှေးခောတ် ကလေးကဗျာကဲ့သို့ပင်။
ကင်းမြီးကောက်တစ်ကောင်မှာ မြစ်အား ဖြတ်ကူးချင်နေလေသည်။
ကင်းမြီးကောက် : “ကြင်နာတတ်တဲ့ ဖားကလေးရေ၊ ငါက ရေမကူးနိုင်လို့ ငါ့ကို သယ်ပြီး မြစ်ကိုဖြတ်ကူးပေးပါ့လား၊ ဟိုဘက်ကမ်းကို ရောက်မှ ငါအစာရှာစားနိုင်မှာ မလို့ပါ”
ဖား : “ဒါပေမဲ့ မင်းက ငါ့ကို မင်းရဲ့အဆိပ်ရှိတဲ့ အမြီးနဲ့ ထိုးပစ်နိုင်တယ်ဆိုတဲ့ ပုံရိပ်ဆိုးကြီးရှိတယ်လေ”
ကင်းမြီးကောက် : “ငါမင်းကို ဘယ်တော့မှ မထိုးပါဘူး၊ တွေးကြည့်စမ်းပါ ငါမင်းကို ငါတို့တွေ မြစ်ကို ဖြတ်ကူးနေတုန်းမှာ ထိုးလိုက်မယ်ဆိုရင် ငါတို့နှစ်ယောက်လုံး သေသွားမှာပေါ့”
ဖား : “ကောင်းပြီလေ၊ မင်းကို သယ်သွားပေးမယ်”
သူတို့ မြစ်လယ်ခေါင်သို့ ရောက်ချိန်၌ ကင်းမြီးကောက်သည် ဖားအား အဆိပ်ဖြင့် ထိုးချလိုက်၍ နှစ်ကောင်စလုံး သေဆုံးသွားခဲ့သည်။
ဖား : “ဘာဖြစ်လို့လဲ”
ကင်းမြီးကောက် : “တောင်းပန်ပါတယ်၊ ဒါက ငါ့ရဲ့ ဗီဇပဲ”
ဟုတ်တယ် ဗီဇပဲ။
မြွေ၏ ဗီဇမှာ ကြွက်အား အမဲလိုက်ရန်ဖြစ်ကာ ကြွက်၏ ဗီဇမှာ မြွေအား ကြောက်ရွံ့ရန်ပင် ဖြစ်၏။
ထို့ကြောင့် စိတ်ပိုင်းဆိုင်ရာ ရင့်ကျက်မှုမှာ ယွမ်လော့ရီအား ပျော်ရွှင်မှု ယူဆောင်မလာပေးခဲ့ဘဲ အကြောက်တရားသာ ယူဆောင်ပေးလာခဲ့သည်။
သူမ အစ်ကိုများမှာလည်း သူတို့ ညီမလေး၏ ပြောင်းလဲမှုများအား သတိပြုမိလေသည်။ သူတို့မှာ ယခင်ကလောက် ပေါ်ပေါ်ထင်ထင် မပြုမူကြတော့ပေ။ သူတို့၏ အစွယ်များအားဖွက်ကာ သာမန်လူများကဲ့သို့ အယောင်ဆောင်ထားကြ၏။
သို့သော်ညား ဤသည်မှာ မောင်နှမများအကြားမှ သွေးအေးမှုအား မတားဆီးနိုင်သေးပေ။
အထီးကျန်စရာကောင်းသည့် မူလတန်းကျောင်းသူဘဝ ပြီးဆုံးပြီးနောက် ယွမ်လော့ရီ၏ဘဝတွင် ကြီးမားသည့် အပြောင်းအလဲကြီးတစ်ခု ဖြစ်လာခဲ့သည်။
သူမသည် Star Galaxy အလယ်တန်းကျောင်းသို့ ဝင်ခွင့်ရခဲ့လေ၏။
မေမေယွမ်မှာ ပျော်ရွှင်စွာ အားပေးလေသည်။
“ကောင်းလိုက်တာ၊ သမီးရဲ့ အစ်ကိုငါးယောက်လုံးကလည်း ဒီအလယ်တန်းကျောင်းထွက်တွေပဲ၊ မေမေက ကျောင်းအုပ်နဲ့လည်း အရမ်းရင်းနှီးတယ်၊ သမီးအဲကျောင်းမှာ ပျော်စရာကောင်းတဲ့ ဘဝကိုရလိမ့်မယ်”
ယွမ်လော့ရီ မေးလိုက်၏။
“သမီးအဲမှာ သူငယ်ချင်းရနိုင်မှာလားဟင်”
မေမေယွမ် ပြောလိုက်သည်။
“သမီး သေချာပေါက် ရနိုင်တာပေါ့၊ အဲမှာ အထက်တန်းလွှာမိသားစုက ကလေးတွေ အများကြီးရှိတယ်၊ လူတွေအကုန်လုံး ယွမ်မိသားစုကို ကြောက်နေကြမှာတော့ မဟုတ်ပါဘူး၊ သမီးရဲ့ မူလတန်းတုန်းက အတန်းဖော် စိမ့်ကျွင်းရွှမ်လည်း ဝင်ခွင့်ရလိုက်တယ်၊ သမီးတို့ နှစ်ယောက် အချင်းချင်း ဂရုစိုက်ပေးလို့ ရတာပေါ့”
ထိုအကြောင်းအား ကြားပြီးနောက် ယွမ်လော့ရီမှာလည်း ပျော်ရွှင်လာကာ သူမသည် သူမ သူငယ်ချင်းများနှင့် မုန့်အတူတူမျှဝေစားနေမည့် မြင်ကွင်းကိုပင် စိတ်ကူးယဥ်နေပြီ ဖြစ်၏။
နေ့လယ်ခင်း၌ Star Galaxy အလယ်တန်းကျောင်း၏ ကျောင်းအုပ်မှာ ယွမ်လော့ရီ အခြေအနေအား ကြိုတင်သိရန်အတွက် လာခဲ့လေသည်။ သူသည် ပန်းစည်း တစ်စည်းကိုလည်း ယူဆောင်လာခဲ့၏။
“အာ မစ္စယွမ် မတွေ့ကြရတာ ကြာပြီ၊ မစ္စယွမ်ကတော့ အမြဲတမ်းလိုလို လှနေတော့တာပဲ၊ မစ္စယွမ်ရဲ့ အမြဲတမ်းနုပျိုနေရတဲ့ လျှို့ဝှက်ချက်ကို ကျွန်တော်ကို ပြောပြပါဦး”
မေမေယွမ်က ပြုံးကာ ပန်းများအား လက်ခံလိုက်ပြီး
“ကျွန်မရဲ့ လျို့ဝှက်ချက်ကတော့ အလုပ်ဆက်လုပ်နေတာပါပဲ၊ လူတွေဘာမှ မလုပ်တော့တဲ့ အခါကျရင် သူတို့တွေ ပိုပြီး အသက်မြန်မြန်ကြီးလာကြတယ်လေ”
ကျောင်းအုပ်မှာ လေးစားသမှုဖြင့် ပြောလေ၏။
“ကျွန်တော် မစ္စကို တအားလေးစားတာပါ၊ အလုပ်လုပ်နေရင်းနဲ့ကို မစ္စက ထူးချွန်တဲ့ သားငါးယောက်ကို ပျိုးထောင်ပေးနိုင်ခဲ့တယ်၊ အခုဆိုရင် ချစ်စရာကောင်းတဲ့ သမီးလေးတစ်ယောက်လည်းရှိတယ်”
ယွမ်လော့ရီထံသို့ အလျင်အမြန် လျှောက်သွားကာ သူ၏မျက်မှန်အား ပင့်တင်လိုက်ပြီး သူမအား ဂရုတစိုက်စိုက်ကြည့်လိုက်သည်။
“ယွမ်မိသားစုရဲ့ ကလေးဆိုတဲ့ အတိုင်း ကလေးတိုင်းက ထူးခြားတာပဲ”
သူ၏ ထိပ်ပြောင်နေသည့် ခေါင်းအား ညွှန်ပြကာ
“အသေးလေး၊ မင်း ဦးလေးနဲ့ သာမန်လူတွေကြားမှာ ဘာကွာခြားနေတာကို မြင်လဲ”
ယွမ်လော့ရီ ပြောလိုက်သည်။
“ဦးလေးမှာ ဆံပင်မရှိဘူး”
“ဟား..”
ကျောင်းအုပ်သည် လက်ခုပ်ဖွဖွလေးတီးလိုက်ကာ
“အမှန်ပဲ”
“သမီးလေးရဲ့ အစ်ကိုငါးယောက်ကို ပျိုးထောင်ပေးနိုင်ခဲ့တာက ဦးတို့ကျောင်းရဲ့ ဂုဏ်ကျက်သရေပဲ”
“ဒါပေမဲ့ သူတို့ကျောင်းတက်နေတဲ့ နှစ်တွေအတွင်းမှာ ဦးလေးရဲ့ ဆံပင်တွေက နေရာတိုင်းမှာပဲ၊ စာသင်ခန်းတွေထဲမှာ၊ စားပွဲခုံအောက်မှာ၊ ရုံးခန်းတွေထဲမှာ၊ နေရာတိုင်းမှာပဲ၊ ဦးလေးရဲ့ ခေါင်းပေါ်မှာပဲ မရှိခဲ့တာ”
“သမီးကျောင်းကို ဝင်ပြီးရင် သမီးက လူကောင်းတစ်ယောက် ဖြစ်ဖို့ ဦးလေးမျှော်လင့်တယ်၊ ဦးလေးက ဆိုးရွားနေတဲ့နှလုံးနဲ့ လူအိုကြီးတစ်ယောက်ပါ၊ ဦးလေး အနားယူတဲ့အချိန်မှာ အသက်ရှိချင်သေးတယ်”
မေမေယွမ်က သဘောတကျရယ်မောလိုက်ကာ
“ကျောင်းအုပ်ဝမ်၊ ရှင် အရင်တုန်းကလို ရယ်နေရတုန်းပဲ၊ စိတ်ချပါ ကျွန်မရဲ့ သမီးလေးက တစ်ကမ္ဘာလုံးမှာ ချစ်စရာအကောင်းဆုံးနဲ့ အလိမ္မာဆုံး ကလေးလေးပဲ၊ ဟို သူငယ်ချင်းလေးငါးယောက်လိုမျိုး မဟုတ်ပါဘူး”
ကျောင်းအုပ်မှာ လွန်စွာ သံသယဖြစ်မိလေ၏။ ယွမ်မိသားစု၏ ကလေးများမှာ သူတို့ လုပ်ချင်နေသ၍ အလွန်ချစ်ခင်စဖွယ်ကောင်းကာ သာမန်လူများ၏ ဝေဖန်မှုအား လှည့်စားနိုင်ပေလိမ့်မည်။
ယွမ်လော့ရီသည် စူးစမ်းစိတ်ဖြင့် မေးလိုက်သည်။
“ကျောင်းအုပ်ကြီး၊ ကျောင်းက ဘယ်လိုမျိုးလဲဟင်”
ကျောင်းအုပ်သည် Star Galaxy အလယ်တန်းကျောင်းအား မိတ်ဆက်ပေးတော့မည့် အချိန်တွင် အကြီးဆုံးအစ်ကို ယွမ်အောင်းမှာ လက်ဖက်ရည်ပွဲနှင့်အတူ ရုတ်တရက် ဝင်လာခဲ့၏။
ကျောင်းအုပ်မှာ အေးခဲသွားပြီး ယွမ်လော့ရီသည်လည်း အတူပင်ဖြစ်သည်။
သူတို့နှစ်ဦးသည် တူညီသော အရာအား ရှာတွေ့သွားကြလေသည်။ ဤသည်မှာ သူတို့နှစ်ဦးစလုံးမှာ ယွမ်အောင်းအား ကြောက်သည်ဆိုသည့် အချက်ပင်ဖြစ်၏။
ယွမ်အောင်း လက်ဖက်ရည်ခွက်အား ကျောင်းအုပ်ရှေ့၌ ချလိုက်ပြီး ယဥ်ကျေးစွာဖြင့် ဦးညွတ်လိုက်သည်။
“ကျောင်းအုပ်ကြီး မတွေ့ရတာကြာပြီနော်၊ ကျောင်းအုပ်ကြီးကြည့်ရတာ အတော်လေး အဆင်ပြေနေတဲ့ပုံပဲ၊ လက်ဖက်ရည်လေး သုံးဆောင်ပါဦး”
ကျောင်းအုပ်ကြီးမှ ပြောလိုက်သည်။
“ဒါပေမဲ့ မင်းတို့ငါးယောက်ကို သင်ပေးနိုင်ခဲ့ပြီး ငါအသက်ရှင်နေသေးတယ်ဆိုတော့ ငါက သန်မာတယ်ဆိုတာကို သက်သေပြဖို့ လုံလောက်တယ်လေ”
သူသည် လက်ဖက်ရည်အား သေချာစိုက်ကြည့်လိုက်သည်။
“ဒါကဘာလဲ”
ယွမ်အောင်းမှ ပြောလိုက်၏။
“ဒါက ပန်းလက်ဖက်ရည်တစ်မျိုးလေ၊ ဒါက ဆံပင်ကို အာဟာရဖြည့်ပေးနိုင်တယ်လို့ ကျွန်တော် ကြားတယ်”
ကျောင်းအုပ်ကြီးသည် တစ်ကျိုက်တည်း အကုန်သောက်ချလိုက်ကာ အသိအမှတ်ပြုသလို ခေါင်းညိတ်ပြလိုက်သည်။
“ယွမ်မိသားစုက ရွေးထားတာလို့ကို မပြောရဘူး အရသာကောင်းတာပဲ၊ နောက်တစ်ခွက်လောက်”
ယွမ်အောင်းသည် လက်ဖက်ရည်အိုးလေးအား မ ယူလိုက်ကာ ကျောင်းအုပ်ကြီးအတွက် ထထပ်ဖြည့်ပေးလေ၏။
သူသည် သူ၏ ခန္ဓာကိုယ်အား အနည်းငယ် လှည့်ကာ ယွမ်လော့ရီအား နောက်တစ်ကြိမ် စိုက်ကြည့်နေပြန်လေသည်။ တစ်ခဏကြာပြီးနောက် အကြည့်လွှဲလိုက်၏။
လက်ဖက်ရည်ခွက် အသစ်တစ်ခွက်အား ထုတ်လာပြီးနောက် စောင်း၍ မြှောက်လိုက်ကာ သူ့ လက်ထဲရှိ လက်ဖက်ရည်အိုးအား နှိမ့်လိုက်ပြီး သူ၏ ထိန်းချုပ်မှုအောက်၌ ရှိနေသည့် ရေများအား စီးကျသွားစေခဲ့သည်။
ခုနစ်ဆယ်ရာခိုင်နှုန်း လက်ဖက်ရည်နှင့် ရှစ်ဆယ်ရာခိုင်နှုန်း ဝိုင်ပါရှိသည့် လက်ဖက်ရည်အား ကောင်းမွန်စွာ လောင်းထည့်လိုက်လေသည်။ သူ၏ သွယ်လျသည့် လက်ချောင်းများသည် ကြွေခွက်အား ထိနေကာ ညင်သာသည့် တွန်းပို့လိုက်မှုလေးနှင့်အတူ လက်ဖက်ရည်ခွက်မှာ ယွမ်လော့ရီထံသို့ ရောက်လာခဲ့၏။
ယွမ်အောင်းမှ ယွမ်လော့ရီအား ပြောလိုက်သည်။
“ဒါက ပန်းအနံနဲ့ နည်းနည်းချိုတယ်၊ ညီမလေး စမ်းသောက်ကြည့်လို့ ရတယ်”
ယွမ်အောင်း၏ ပုံစံမှာ အခြား ယွမ်မိသားစုဝင်များကဲ့သို့ မဟုတ်ဘဲ ကြော့ရှင်း၍ ပြီးပြည့်စုံကာ ပြောင်မြောက်လေသည်။ သူ၏ အမှောင်ခြမ်းအား ထိန်းထားပြီး သာမန်လူများနှင့် စိတ်ရှည်လက်ရှည်စကားပြောနိုင်၏။
ရလဒ်အနေနှင့် ယွမ်မိသားစု၏ အခွင့်အရေးများအား အမွေဆက်ခံခဲ့လေသည်။
ယွမ်လော့ရီ လက်ဖက်ရည်ခွက်အား ကောက်ကိုင်ကာ နည်းနည်းလေးသောက်လိုက်၏။ ပန်းရနံ့လေးမှာ ချိုမြိန်ပြီး အရသာရှိလေသည်။ ဤသည်မှာ သောက်လို့ အတော်ကောင်း၏။
“ကျေးဇူးပါ”
သူမ ယဥ်ကျေးနေသော်ညား စိတ်ဝင်စားပုံမရပေ။
သူမ၏ အကြီးဆုံးအစ်ကို ယွမ်အောင်းမှာ အသက်ပြင်းပြင်းရှူေ၍ သက်ပြင်းတစ်ချက်ချလိုက်၏။
လက်ဖက်ရည်အား သောက်ပြီးနောက် ကျောင်းအုပ်ကြီးမှာ စိတ်အခြေအနေပို၍ ကောင်းသွားသည်မှာ အသိအသာပင်ဖြစ်သည်။
“ကောင်းပြီ အသေးလေး၊ သမီး ဦးလေးကို အခုလေးတင် ကျောင်းအခြေအနေအကြောင်းကို မေးလိုက်တာနော်”
“ဦးလေးတို့ကျောင်းက အရမ်းကြီးလို့ လူသိများတယ်၊ ivy league ကျောင်းတွေနဲ့လည်း အပြန်အလှန် သဘောတူညီချက်တွေကို လက်မှတ် ထားကြတာ၊ ပြီးတော့ ကျောင်းသူ/ကျောင်းသားတွေက အချိန်တို စာဆွေးနွေးလို့ရတဲ့ လေ့လာမှုတွေအတွက်လည်း လျောက်ထားလို့ရသေးတယ်၊ ကျောင်းသား ငါးဆယ်ရာခိုင်နှုန်းလောက်က ကောလိပ်ဝင်ခွင့်စာမေးပွဲ မဖြေခင်မှာကို ကမ္ဘာတစ်ဝန်းက လူသိများကျော်ကြားတဲ့ တက္ကသိုလ်တွေကနေ ဝင်ခွင့်ရကြတာမျိုးလေ”
“သမီး ရည်မှန်းချက်ကြီးတဲ့သူ ဒါမှမဟုတ် ဆန်းသစ်တီထွက်တဲ့သူ ဖြစ်လာနိုင်တယ်၊ ဒါမှမဟုတ် ကမ္ဘာကြီးအတွက်ပါ ရည်မှန်းချက်တွေထားပြီး အသက်တွေကို ကယ်တင်မယ်ဆိုရင် သမီးရဲ့နာမည်ကို သမိုင်းမှာပါ ထားခဲ့နိုင်လိမ့်မယ်”
“ဦးလေးတို့မှာ သမီးကို ထောက်ပံ့ပေးနိုင်တဲ့ ပညာရေးအရင်းအမြစ်တွေ အလုံအလောက်ရှိတယ်”
“အဲဒါကြောင့် သမီးရဲ့အိမ်မက်က ဘာလဲ”
ယွမ်လော့ရီ ထိုကိစ္စအား ဘယ်သောအခါမျှ မတွေးခဲ့ဖူးပေ။ ပုံမှန်အတိုင်း ကျောင်းသို့သွားကာ ယခု ဘဝ၏အရေးကြီးဆုံး အခိုက်အတန့်သို့ သဘာဝကျကျပင် ရောက်လာခြင်းဖြစ်လေသည်။
ယွမ်လော့ရီ၏ ရှုပ်ထွေးမှုအား မြင်ပြီးနောက် ကျောင်းအုပ်ကြီးမှာ ဟက်ဟက်ပက်ပက်ရယ်မောလိုက်၏။
“ရပါတယ် သမီးမှာ သမီးဘာလိုချင်တယ်ဆိုတာကို စဥ်းစားဖို့ အချိန်တွေ လုံလုံလောက်လောက်ရှိပါတယ် ဒါပေမဲ့…”
“ဦးလေးတို့မှာ အထူးစနစ်လေးတစ်ခုရှိတယ်၊ အတန်း A ၊ B ၊ C အပြင် အတန်း D ဆိုပြီးလည်း ရှိသေးတယ်၊ စွမ်းဆောင်ရည် ညံ့ဖျင်းတဲ့ ကျောင်းသားတွေက အဲ အတန်းDကို အပို့ခံရလိမ့်မယ်”
“အတန်းDရဲ့ အတန်းပိုင်ဆရာက ချောမောပေမဲ့ အသုံးမကျဘူးကွာ၊ သူက ဘယ်နေရာမှာမှ မပါဝင်တဲ့အပြင် ကျောင်းသားတွေကိုလည်း ဘာမှမသင်ပြပေးဘူး”
ယွမ်လော့ရီသည် မော့ကြည့်ကာ ထိုအတန်းD အကြောင်းအား အတော်လေး စိတ်ဝင်စားပုံပေါ်၏။
ကျောင်းအုပ်ကြီးက ဆက်ပြောလေသည်။
“အတန်းDမှာ မနက်ပိုင်း ကိုယ်ပိုင်လေ့လာချိန် မရှိဘူး၊ ကျောင်းသားတွေက ကိုယ်လာချင်တဲ့ အချိန်မှာလာလို့ ရတဲ့အတွက် ပေါ့ပေါ့ပါးပါးဖြစ်ပြီးတော့ ပျင်းရိနေကြသလိုပဲ၊ အဲအတန်းက ကန်တင်းနဲ့ သုံးဆယ်မီတာလောက်ပဲ ဝေးတော့ ပုံမှန်ဆိုရင် ဆူညံ့ပြီး လူပြည့်နေတတ်တာကြောင့်မလို့ ကျောင်းသားတွေရဲ့ အတန်းထဲမှာရှိတဲ့ အာရုံစူးစိုက်နိုင်စွမ်းကို အတော်လေးသက်ရောက်စေတတ်တယ်”
သူသည် လက်ညှိုး တစ်ချောင်းအား ထောင်ပြီး လေးနက်စွာ ပြောလိုက်၏။
“အခုသမီးက အကောင်းဆုံးအတန်းAကို ဝင်ခွင့်ရလိုက်ပေမဲ့ သမီး စာသေချာမကြိုးစားဘူးဆိုရင် သမီး အတန်းDထဲကို ရောက်သွားလိမ့်မယ်”
ယွမ်လော့ရီမှာ စိတ်မကောင်းစွာဖြင့် တွေးလိုက်လေသည်။
သို့ပေမဲ့ အတန်းD၏ အခြေအနေမှာ ပို၍ နှစ်သက်ဖွယ်ကောင်းကာ ဆွဲဆောင်မှု ရှိ၏။
သူမ၏ အကြီးဆုံးအစ်ကို ယွမ်အောင်းအား တိတ်တဆိတ်ကြည့်လိုက်လေသည်။ သူသည် ဆိုဖာပေါ်တွင် ပျင်းရိစွာထိုင်နေပြီး သူ၏ ချောမောသည့် မျက်နှာမှာ အေးစက်ကာ လျို့ဝှက်ဆန်းကြယ်နေ၏။ သူ၏ အဖြူရောင် ရှပ်အင်္ကျီမှာ သပ်ရပ်စွာ မီးပူတိုက်ထားပြီး သူသည် ဂရုတစိုက်နားထောင်နေကာ သူဘာတွေးနေသည်ကို ခန့်မှန်း၍ မရနိုင်ပေ။
“ကျောင်းအုပ်ကြီး၊ သမီးရဲ့အစ်ကိုတွေ ကျောင်းတက်တုန်းကရော ဘယ်လိုလဲဟင်”
ကျောင်းအုပ်ကြီး ပြောလိုက်သည်။
“သူတို့က ထူးခြားပြောင်မြောင်တဲ့သူတွေ ဖြစ်ခဲ့ကြတာလေ၊ ဥာဏ်ကောင်းတဲ့ ကြယ်ပွင့်လေး ကမ္ဘာမြေပေါ်ကို ကျလာသလိုပဲ၊ အရည်အချင်းရှိပြီးတော့ ချစ်စရာကောင်းပြီး ဆွဲဆောင်မှုရှိတဲ့ သူတွေပဲ၊ ဘယ်သူမှ သူတို့ကို မငြင်းနိုင်ကြဘူး၊ ဒါပေမဲ့ သူတို့တွေ ပြဿနာစရှာတဲ့အချိန်ကျတော့ အတော်လေး စိတ်ဖိစီးစရာကောင်းတယ်”
“သူတို့အကုန်လုံးက အတန်းAက ပဲလား”
“ဟုတ်တယ်”
ယွမ်လော့ရီ အတော်လေး စိတ်ပျက်သွားလေသည်။ အကယ်၍ သူမမိသားစုထဲ၌ သူမတစ်ဦးတည်းသာ အတန်းDသို့ ရောက်ခဲ့မည်ဆိုရင် ယွမ်မိသားစု၏ ဂုဏ်သိက္ခာအား ထိခိုက်စေမည် ဖြစ်သည်။ သူမသည် အတန်းD၌ တက်ရောက်မည်ဆိုသည့် အကြံအား လက်လျော့လိုက်ရ၏။
သူမ၏ ထက်မြက်သည့် အစ်ကိုငါးယောက်မှာ သူမအပေါ်တွင် ဖိအားအတော်လေး ပေးထားလေသည်။
သို့ပေမဲ့ ယွမ်လော့ရီမှာ ကျောင်းသူဘဝအသစ်အား စောင့်မျှော်နေဆဲဖြစ်၏။ သူငယ်ချင်းအများကြီးဖွဲ့နိုင်ဖို့ရာ မျှော်လင့်နေလေသည်။
သို့ပေမဲ့ Star Galaxy အလယ်တန်းကျောင်း၌ တစ်လတက်ရောက်ပြီးနောက် ယွမ်လော့ရီ၏ မျှော်လင့်ချက်များမှာ ပျောက်ကွယ်သွားခဲ့၏။
သူမ အစ်ကိုငါးယောက်၏ ပုံရိပ်မှာ လွှမ်းမိုးနေဆဲပင်။ မရေတွက်နိုင်သည့် ဆရာ/ဆရာမများနှင့် ကျောင်းသားကျောင်းသူများအတွက် သူတို့မှာ အိမ်မက်ဆိုးပင် ဖြစ်လေသည်။ ယွမ်လော့ရီ ဝင်ရောက်လာချိန်တွင်လည်း သူမမှာ သန်မာကာ ဘာမျှစိတ်မဝင်စားဘဲ အတော်လေး ဆိုးရွားသည့်သူဟု လုတိုင်းက တစ်ချိန်တည်းမှာပင် ခံစားလိုက်ရလေသည်။
သူမ ဘာမှမလုပ်သော်ညား ကျောင်းသူ/ကျောင်းသားများမှာ ကြောက်ရွံ့မှုဖြင့် တုန်ယင်နေကြဆဲပင်။
သူမ၏ အကျင့်စရိုက်အား နားလည်သည့် တစ်ဦးတည်းသောသူ စိမ့်ကျွင်းရွှမ်မှာလည်း သူမနှင့်အတူ မဆော့ချင်တော့ပေ။
ကာယအတန်း၌ သူသည် သူမအား တွန်းလိုက်၏။
သူမ မြေပြင်ပေါ်သို့ လဲကျသွားချိန်တွင် သူမ ကလေးတုန်းက မက်ခဲ့ဖူးသည့် ထူးဆန်းသောအိမ်မက်ကဲ့သို့ ရှည်လျားသော မှတ်ဥာဏ်တစ်ခုအား တွေ့လိုက်ရလေသည်။
ဤသည်မှာ သူမ ယွမ်လော့ရီဖြစ်နေသော ဒုတိယအကြိမ်ဖြစ်သည်ကို သဘောပေါက်သွားခဲ့၏။
ဖေဖေယွမ်သည် သူမမှာ သမီးအတုဆိုသည်ကို ပထမဆုံးအကြိမ် ရှာဖွေတွေ့ရှိပြီးနောက် သူ၏ မျက်လုံးများမှာ ချက်ချင်းပင် အေးစက်သွားခဲ့သည်။ သူသည် သူ၏ သမီးအရင်းအား တစ်ကမ္ဘာလုံး၌ ရှာဖွေဖို့ရာအတွက် သူမအား မညှာမတာ ပစ်ပယ်ခဲ့လေ၏။
သူမသည် ချောက်ချလည်းခံခဲ့ရသေးလေသည်။ သူမ မနက်ပိုင်းတွင် စွဲချက်အတင်ခံရကာ နေ့လယ်ပိုင်းတွင် ကွပ်မျက်ကွင်းသို့ သွားရောက်ရပြီး ညနေပိုင်းတွင်မူ ပြာမှုန့်များအဖြစ် ပြောင်းလဲသွားခဲ့သည်။
တစ်ရက်တည်းနှင့်ပင် သူမ အသက် ဆယ့်ရှစ်နှစ်တွင် အသက်ဆုံးရှုံးခဲ့ရ၏။