Chapter -3
[တူတူပုန်းတမ်းကစားခြင်း]
ကားမှာ ဆင်ခြေဖုံးရပ်ကွက်သို့ ရောက်ရှိသွားသောအခါ၌ ရပ်တန့်သွားလေ၏။ ယွမ်လော့ရီသည် စွန့်ပစ်ထားသော ဗီလာအသေးလေးတစ်ခုသို့ ခေါ်သွားခြင်း ခံခဲ့ရလေသည်။
ပြန်ပေးဆွဲသမား လေးယောက်မှာ တစ်နေရာစီ၌ သီးခြား တာဝန်များ စတင် ယူလိုက်ကြ၏။ တစ်ဦးမှာ တံခါးဝ၌ စောင့်ကြည့်ရန် အတွက် ဟိုလျှောက်၊ ဒီလျှောက်ဖြင့် ကင်းလှည့်နေသည်။ နှစ်ဦးမှာ အိမ်အတွင်း၌ အနားယူနေကြ၏။ ကျန်တစ်ဦးမှာ ဓားကိုကိုင်၍ ယွမ်လော့ရီကို စောင့်ကြည့်နေပြီး လှုပ်ရှားခွင့် မပေးခဲ့ချေ။
သူတို့အဖို့ ချမ်းသာသော ကလေးမလေးများကို ပြန်ပေးဆွဲဖူးသည်မှာ ပထမဆုံးအကြိမ်မဟုတ်သောကြောင့် အတွေ့အကြုံ အချို့ ရှိကြပေသည်။
သူတို့သည် အစောပိုင်းကတည်းကပင် စုံစမ်း ထောက်လှမ်းခြင်း၊ ခြေရာခံခြင်း၊ ပြန်ပေးဆွဲခြင်း၊ ခြိမ်းခြောက်ခြင်း၊ crypto ငွေကြေးဖြင့် ငွေလွှဲပြောင်းခြင်းနှင့် နောက်ဆုံး၌ ခြေရာလက်ရာ ဖျောက်ခြင်း အစရှိသည့် လုပ်ငန်းစဉ်တစ်ခုလုံးကို ပုံစံချထားပြီးသား ဖြစ်၏။
ထို့ပြင် သူတို့သည် ထိုကလေးမလေး၏ ရုပ်အလောင်းကိုလည်း ကောင်းမွန်စွာ မြှုပ်နှံရပေဦးမည်။ သူမသည် သူမ၏ အိမ်သို့ မည်သည့်အခါမျှ ပြန်ရောက်နိုင်တော့မည် မဟုတ်ချေ။
၎င်းမှာ စက်ရုံထုတ်လုပ်မှု လုပ်ငန်းစဉ်ကဲ့သို့ မြန်ဆန်ပြီး ကျွမ်းကျင်လှပေသည်။
ရှေးဟောင်း ယွမ်မိသားစုမှာ ကြောက်စရာ ကောင်းပေ၏။ သို့သော် အလွန်ပင် ချမ်းသာကြွယ်ဝပေသည်။ သူတို့သည် အန္တရာယ်များကြားထဲမှ ချမ်းသာမှုကို ရှာဖွေရန် လုံလောက်သော ကျွမ်းကျင်မှု ရှိသည်ဟု ခံယူထားကြသည်။
ပြန်ပေးသမားက မေးလေ၏။
“မင်းတို့ မိသားစုထဲမှာ ဘယ်သူက ငွေကို အများဆုံး စီမံခန့်ခွဲလဲ"
ယွမ်လော့ရီက ဖြေသည်။
“သမီး အစ်ကိုကြီး၊ သမီး အဖေက လက်နက်အသစ်တွေ ထုတ်နေရလို့ အလုပ်ရှုပ်နေတာ၊ မိသားစုရဲ့ ကိစ္စအကုန်လုံးနဲ့ အဆက်သွယ်တွေကို သူ့ကိုပဲ လွှဲပေးထားတာ”
"သူ့ဖုန်းနံပါတ်က ဘယ်လောက်လဲ"
"မသိဘူး"
"မင်းက သူ့ရဲ့ တစ်ဦးတည်းသော ညီမလေးလေ၊ ဘယ်လိုလုပ် မသိရမှာလဲ"
"ဘာလို့လဲဆိုတော့ သူ တရုတ်ကို ပြန်ရောက်လာတာ မကြာသေးလို့လေ"
"ဒါဆို မင်းဘယ်သူ့ဖုန်းနံပါတ်ကိုသိလဲ"
"သမီး အဖေရဲ့ နံပါတ်က သူ့အလုပ်ကြောင့် လျှို့ဝှက်ထားရတယ်၊ သမီးအမေရဲ့ နံပါတ်ကိုတော့ သိပေမဲ့ သမီးမိသားစုကို မခေါ်ဘဲနေတာက အကောင်းဆုံး ဖြစ်လိမ့်မယ်၊ ကျေးဇူးပြုပြီး သမီးကို အမြန်ဆုံး ပြန်လွှတ်ပေးပါ၊ မဟုတ်ရင်..."
"ပါးစပ်ပိတ်ထားစမ်း၊ ပိုက်ဆံမရောက်မချင်း မင်းကို လုံးဝ လွှတ်ပေးမှာ မဟုတ်ဘူး၊ ဟေး မင်းမိသားစုရဲ့ ဖုန်းနံပါတ်တောင် မမှတ်မိတဲ့ မင်းက တော်တော်တုံးတဲ့ကလေးပဲ၊ မင်းအမေကို ခေါ်ကြည့်မယ်၊ မြန်မြန် ပြောစမ်း"
ယွမ်လော့ရီသည် တွန့်ဆုတ်သွားပြီးနောက် ဖုန်းနံပါတ်ကို ပြောပြလိုက်၏။ မေမေယွမ်သည် အလွန်လှပပြီး စွဲမက်ဖွယ်ကောင်းသော်လည်း အနည်းငယ် စိတ်တိုတတ်သော အကျင့်ရှိပြီး သူမ၏ အလုပ်မှာ လုပ်ကြံသူ ဖြစ်သည်။
သူမ ဖုန်းခေါ်ဆိုမှုကို ရရှိသောအခါ၌ အလွန်ပင် ဒေါသထွက်ပေလိမ့်မည်။
မဟုတ်ချေ။ ယွမ်မိသားစု တစ်ခုလုံး အလွန်ဒေါသထွက်သင့်ပေသည်။
ခေါင်းနှစ်လုံးပါသော မြွေကို မိသားစု၏ အမှတ်အသားအဖြစ် ထားရှိသည့် ယွမ်မိသားစု၌ မြွေကဲ့သို့သော မိသားစုပုံစံ ရှိ၏။ အလွန်လက်စားချေတတ်ပြီး မျက်လုံးတစ်လုံးအတွက် မျက်လုံးတစ်လုံး၊ အသက်တစ်ချောင်းအတွက် အသက်တစ်ချောင်း၊ နာကျင်စေမှုကို အဆပေါင်းများစွာ ပြန်လည် ပေးဆပ်ရတတ်သည်။
မိသားစုဝင် တစ်ဦးမှ မတရားမှု သို့မဟုတ် အန္တရာယ်ကို ခံစားရသည်နှင့် တစ်ပြိုင်နက် နှစ်ပေါင်းများစွာ ကြာသည့်တိုင် အပြည့်အဝ လက်စားချေရမည်ဆိုလျှင်ပင် မိသားစုတစ်ခုလုံး စုပေါင်း၍ လက်တုံ့ပြန်ကြမည်ဟု သိုဝှက် သစ္စာဆိုထားကြပုံ ပေါ်၏။
ထို့ကြောင့် လူတိုင်းသည် ယွမ်မိသားစုကို ကြောက်ရွံ့ကြခြင်း ဖြစ်သည်။
သို့ဖြစ်ရာ ယွမ်လော့ရီမှာ သူငယ်ချင်းများ မည်သည့်အခါမျှ မထားနိုင်တော့ပေ။
နောက်ထပ် လုပ်ရမည့်အရာမှာ စောင့်ဆိုင်းရန်ပင် ဖြစ်၏။ ယွမ်လော့ရီသည် ထိုင်ချလိုက်ပြီး စိတ်ဓာတ်ကျသည့်အခါ၌ သူမ အကျွမ်းကျင်ဆုံးအရာကို လုပ်တတ်လေသည်။
လုံးဝ ငေးငိုင်နေခြင်းပင်။
ယနေ့ ကျောင်းသွားစရာ မလိုသည်မှာ တကယ်ပင် ကောင်းလှပေသည်။
"ဘန်း!"
နားမခံသာသော အသံတစ်ခုသည်
အနောက်မှ ထွက်ပေါ်လာ၏။
ယွမ်လော့ရီမှ နောက်သို့ လှည့်ကြည့်စဥ်၌ သူမကို စောင့်ကြပ်နေသော ပြန်ပေးသမား ပျောက်ကွယ်သွားသည်ကို တွေ့လိုက်ရသည်။ သူမ၏ အစ်ကိုကြီး ယွမ်အောင်းသည် အရိပ်ထဲမှ ထွက်လာ၏။ သူ့ ညီမလေးကို ကြည့်လိုက်သောအခါ၌ သူ့အကြည့်မှာ အမြဲ ယုံကြည်မှုလွန်ကဲနေပုံဖြစ်ပြီး လူအများ၏ ကျောရိုးအား ချမ်းစိမ့်စေသည်။
သူသည် တိတ်ဆိတ်သော ခြေလှမ်းများဖြင့် တစ်လှမ်းချင်းစီ ချဉ်းကပ်လာ၏။ ယွမ်လော့ရီ၏ နှလုံးသားမှာ စိုးရိမ်ပူပန်မှုများဖြင့် ပြင်းထန်စွာ ခုန်ပေါက်နေချေသည်။
ပြန်ပေးဆွဲခံရပြီးနောက် ယွမ်လော့ရီသည် အခြားအကြောင်းများကြောင့် စိုးရိမ်ပူပန်ခြင်း မရှိချေ။ သူမထံတွင် တည်နေရာပြကိရိယာ တပ်ဆင်ထားသည်။ သူမ၏ မိသားစုမှာ မကြာမီ သို့မဟုတ် နောက်ကျမှ သူမကို ရှာတွေ့ပေလိမ့်မည်။
သူမသည် သူမ၏ အစ်ကိုကြီး ယွမ်အောင်း ပထမဆုံး ရောက်လာမည်ဟု မျှော်လင့်မထားခဲ့ပေ။ သူသည် အများအားဖြင့် ခရီးသွားနေရပြီး အလွန်အမင်း အလုပ်ကြိုးစားလုပ်ကိုင်နေသူပင်။
ယွမ်အောင်းက အသံတိုးတိုးဖြင့် မေး၏။
"ဒဏ်ရာ ရခဲ့လား"
ယွမ်လော့ရီမှ ပြန်ဖြေလေသည်။
"ဟင့်အင်း"
ယွမ်အောင်း ပတ်ဝန်းကျင်ကို ကြည့်လိုက်စဉ် မလှမ်းမကမ်းရှိ အခန်းတစ်ခုမှ အသံများကို ကြားလိုက်ရ၏။ မာနထောင်လွှားသော ပြန်ပေးသမားများသည် မေမေယွမ်မှ ကတိပေးထားသော ငွေကြေးပမာဏမှာ သူတို့ စိတ်ကူးထဲရှိ ပမာဏထက် များစွာ ကျော်လွန်နေသောကြောင့် အခန်းအတွင်း၌ အောင်ပွဲခံနေကြသည်။
ယွမ်အောင်းက ပြုံးလိုက်၏။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးသည် အရိပ်များထဲသို့ နစ်မြုပ်နေပြီး မျက်လုံးများကသာ ကြောက်မက်ဖွယ်ကောင်းသော အေးစက်စက် အလင်းရောင်ကို ပေးနေသည်။
၎င်းသည် အဆိပ်ရှိသော မြွေတစ်ကောင်က ယွမ်လော့ရီ၏ ခြေကျင်းဝတ်များသို့ တွားတက်လာပြီး၊ လျှာကို ခါယမ်းကာ၊ အဆိပ်သွားများကို ထုတ်လျက်၊ အကြေးခွံများ တရှဲရှဲမြည်၍ လူသတ်မှုကို တောင့်တနေပြီး လူအများ၏ ကျောရိုးအား ချမ်းစိမ့်သွားစေသည်ဟု ခံစားရ၏။
ယွမ်လော့ရီမှာ ကြောက်ရွံ့မှုဖြင့် ခြေလှမ်း တစ်လှမ်း နောက်ဆုတ်လိုက်သည်။
ယွမ်အောင်းက သတိပြုမိသွားပြီး သူ၏ မျက်နှာအမူအရာကို အနည်းငယ် ထိန်းချုပ်လိုက်ပြီး ယွမ်လော့ရီအား နူးညံ့စွာ ပြောလေ၏။
"အစ်ကိုကြီး မင်းနဲ့ တူတူပုန်းတမ်းကစားလို့ရမလား"
ပြန်ပေးသမားများ၏ အိမ်ထဲ၌ ဂိမ်းကစားခြင်းမှာ အနည်းငယ် ထူးဆန်းနေသော်လည်း နှစ်ပေါင်းများစွာ သူမ၏ အစ်ကိုများကြောင့် ထိတ်လန့်ခဲ့ရသော ယွမ်လော့ရီက သိထားလေ၏။
သူမ အစ်ကို၏ မျက်လုံးများ အလွန်အေးစက်သွားသည့်အခါ၌ မေးခွန်းများ မမေးခြင်းက အကောင်းဆုံးဖြစ်သည်။
ယွမ်လော့ရီက ခေါင်းညိတ်၏။
"ဟုတ်"
"မင်း ဒီနေရာမှာ ရပ်၊ နားကိုပိတ်ပြီး မျက်လုံးကို မှိတ်၊ ၁၀၀ အထိ ရေပြီးမှ ကိုကို့ကို လာရှာ"
"ကိုကို့ ကို ရှာမတွေ့ရင် ဘယ်လိုလုပ်ရမှာလဲ"
"မပူပါနဲ့၊ မင်း ကိုကို့ကို သေချာပေါက် ရှာတွေ့မှာပါ၊ ဒါဆိုရင် ဂိမ်းစကြစို့"
"ဟုတ်ကဲ့"
ယွမ်လော့ရီသည် သူမ၏ မျက်လုံးများကို မှိတ်၍ နားများကို ပိတ်ကာ စတင်ရေတွက်လေ၏။
"၁၊ ၂၊ ၃၊ ၄၊ ၅..."
သူမ ၃၀ အထိ ရေတွက်ပြီးသည့်အခါ ယွမ်လော့ရီသည် တိုတောင်းသော အော်ဟစ်သံများကို ကြားလိုက်ရသော်လည်း ၎င်းတို့သည် အလွန်တိုးတိတ်ပြီး အလွန်တိုတောင်းသောကြောင့် ခဏအကြာ၌ ပျောက်ကွယ်သွားကြသည်။
သံချေးနံ့ သဲ့သဲ့သည် လေထဲ၌ ပျံ့လွင့်လာ၏။ သူမ ခဏတာမျှ စဉ်းစားပြီးနောက် သွေးနံ့နှင့် ပိုတူသည်ဟု ခံစားရချေသည်။
သို့သော် အရာအားလုံးက ဝေဝါးနေပြီး အမှန်နှင့် အမှားတို့မှာ ရောနှောနေ၍ အမှန်တရားကို မြင်နိုင်ရန်မှာ မဖြစ်နိုင်ပေ။
သူမ၏ အစ်ကို ငါးယောက်ကဲ့သို့ပင် လူတိုင်းက သူတို့၏ အမှောင်ခြမ်းများကို သေချာစွာ ဖုံးကွယ်ထားကြသည်။
ညီမလေးသည် မြွေတွင်းထဲမှ ဟမ်းစတားလေးကဲ့သို့ သတ္တိနည်းသူ တစ်ဦး ဖြစ်သည်။ မြွေများသည် သူတို့၏ အဆိပ်သွားများကို ထုတ်ပြကာ သူတို့ ခန္ဓာကိုယ်များဖြင့် ဟမ်းစတားလေးကို ရစ်ပတ်ထားကြ၏။ သူတို့၏ အေးစက်သော အကြေးခွံများမှာ နူးနူးညံ့ညံ့ အမွေးများထဲသို့ နစ်ဝင်နေပြီး သူတို့ လည်ချောင်း နက်နက်ထဲမှ တရွှီးရွှီးအသံများ ထုတ်နေကြသည်။
သို့သော် ၎င်းက သတ်ဖြတ်ရန်အတွက် မဟုတ်ချေ။ ကာကွယ်ရန်အတွက်သာ ဖြစ်ပေသည်။
သူတို့ ငါးယောက်သည် ကမ္ဘာပေါ်ရှိ မြွေများထဲမှ ဟမ်းစတားကလေးအပေါ်၌ အနူးညံ့ဆုံးသော မြွေပွေးများပင် ဖြစ်ပေလိမ့်မည်။
"...၉၆၊ ၉၇၊ ၉၈၊ ၉၉၊ ၁၀၀!"
ယွမ်လော့ရီသည် သူမ၏ မျက်လုံးများကို ဖွင့်ပြီး လက်များကို ချလိုက်သည်။
"သေချာ ပုန်းပြီးပြီလား"
"အစ်ကိုကြီး၊ ညီမလေး လာရှာပြီနော်"
မှိန်ဖျော့နေသော အခန်းသည် သေလောက်အောင် တိတ်ဆိတ်နေ၏။ မည်သူတစ်ဦးမျှ ပြန်မဖြေချေ။
ပတ်ပတ်လည်ကို ကြည့်လိုက်သည့်အခါ၌ သူမ ယွမ်အောင်း၏ အဝတ်စကို တွေ့လိုက်သည်။
ထိုသူသည် လိုက်ကာ နောက်ကွယ်၌ ပုန်းနေလေ၏။
ယွမ်လော့ရီသည် စိတ်လှုပ်ရှားစွာ ပြေးသွားပြီး သူမ၏ လက်သေးသေးလေးများဖြင့် လိုက်ကာများကို ဆွဲဖယ်လိုက်သည်။
"ရွှစ်!"
သူမသည် ၎င်းတို့ကို အားစိုက်၍ ဆွဲဖွင့်လိုက်၏။ နေရောင်ခြည်မှ တောက်ပမှုက အခန်းထဲသို့ ဖြာကျလာပြီး ပတ်ဝန်းကျင်ရှိ အရာအားလုံးကို လင်းထိန်သွားစေသည်။ ယွမ်လော့ရီ၏ မျက်လုံးများက ကြည်လင်သော ကန်ရေကဲ့သို့ တောက်ပနေချေ၏။
ယွမ်အောင်းသည် အလင်းကို ကျောပြုပေးလျက် ရပ်နေသည်။ သူ၏ ရှည်လျားသောအရပ်ဖြင့် ပိန်လျသော ပုံသဏ္ဍာန်သည် မှောင်မိုက်သည့် အရိပ်များကို ခြုံထားပြီး ယွမ်လော့ရီအား နူးညံ့စွာ ဝန်းရံထား၏။
သူ့ ညီမလေးအား လက်နှစ်ဖက်ကို ဆန့်၍ ပြုံးလျက် ပြောလိုက်သည်။
“ကိုကို့ကို ရှာတွေ့တဲ့အတွက် ဂုဏ်ယူပါတယ်"
"ခစ်ခစ်ခစ် ညီမလေး နိုင်ပြီ!"
ယွမ်လော့ရီသည် ငွေခေါင်းလောင်းသံကဲ့သို့သော ကလေးငယ်၏ ရယ်သံဖြင့် ရယ်မောနေလေ၏။
ယွမ်အောင်းသည် ရုတ်တရက် သူမထံသို့ လက်လှမ်းလိုက်ကာ သူမကို ထိရန် ပြင်လိုက်သည်။
ယွမ်လော့ရီသည် ယွမ်အောင်း၏ အဖြူရောင် လက်ကောက်ဝတ်အင်္ကျီစွန်းများပေါ်ရှိ သွေးစွန်းများကို မြင်သွားသောအခါ၌ သူမ ရယ်သံမှာ ရုတ်တရက် ရပ်တန့်သွား၏။
ယွမ်အောင်းသည် အကူအညီမဲ့စွာဖြင့် သက်ပြင်းချလိုက်ပြီး သူ၏ လက်များကို ဘေးသို့ ချလိုက်သည်။
"တောင်းပန်ပါတယ် မင်းကို လန့်သွားအောင် လုပ်မိပြီ"
သွေးနံ့များက အခန်းထဲမှ ပိုမိုထွက်ပေါ်လာ၏။
ယွမ်လော့ရီသည် ပြန်ပေးသမားများ အစောပိုင်းက အနားယူခဲ့သော အခန်းကို ကြည့်လိုက်၏။ အတွင်းဘက်၌ မှောင်မည်းနေပြီး ကြမ်းပြင်ပေါ်၌ တစ်စုံတစ်ခု စီးဆင်းနေသည်မှာ ကြောက်စရာကောင်းလောက်အောင် တိတ်ဆိတ်နေချေသည်။
အဲဒါတွေက သွေးဖြစ်နေမလား။
ယွမ်အောင်းသည် ရုတ်တရက် လျှောက်သွားပြီး ယွမ်လော့ရီ၏ မြင်ကွင်းကို ကွယ်လိုက်သည်။
"အပြင်ထွက်ကြစို့၊ သူတို့ ရောက်လောက်ပြီထင်တယ်"
"ဟုတ်"
ယွမ်လော့ရီသည် သူမ၏ အစ်ကိုကြီးနောက်သို့ လိုက်၍ အပြင်သို့ ထွက်လာခဲ့၏။
အပြင်ဘက်၌ အပြာရောင်နှင့် အနီရောင် မီးများသည် တစ်လှည့်စီ လင်းလက်နေသည်။
ရဲအရာရှိများသည် သူတို့၏ လက်နက်များကို ကိုင်ဆောင်၍ အခန်းထဲသို့ ပြေးဝင်သွားကြ၏။ သူတို့တွင် အလွန်လှပသော သွေးနံ့ခံခွေး တစ်ကောင်လည်းပါသည်။ ၎င်း၏ အနက်ရောင် မျက်လုံးများက ယွမ်လော့ရီကို ကြည့်၍ အမြီးကို တဖြေးဖြေး နှံ့ပြနေလေသည်။
မေမေယွမ်သည် အပြေးအလွှား ရောက်လာပြီး ယွမ်လော့ရီကို တင်းကျပ်စွာ ပွေ့ဖက်၍ ရှိုက်ကြီးတငင် ငိုကြွေးလာ၏။
"ငါ့ကလေးလေး၊ သူတို့ သမီးကို နာကျင်အောင် လုပ်ခဲ့ကြလား"
ယွမ်လော့ရီက ပြန်ဖြေသည်။
"မလုပ်ပါဘူး၊ သမီး အဆင်ပြေပါတယ်"
သို့မှသာ မေမေယွမ်တစ်ယောက် သက်သာရာရသွားခဲ့၏။
ကျန်ရှိသော အစ်ကိုများလည်း ရောက်ရှိလာကြသည်။ သူတို့သည် လူအုပ်ထဲ၌ တိတ်ဆိတ်စွာ ရပ်နေကြပြီး သူတို့၏ အကြည့်များက အလွန်အေးစက်၍ ကြောက်စရာကောင်းလှသည်။ လူအများစုအား သူတို့၏ မျက်လုံးများဖြင့် လှည့်ပတ်ကြည့်သည့်အခါ၌ လုံးဝ ခံစားချက်မဲ့နေကြ၏။ သူတို့သည် ပုံမှန် လူများအပေါ် စာနာ နားလည်နိုင်ခြင်း မရှိတော့ဘဲ ပုံမှန်မဟုတ်သည့်လူများဖြစ်နေကြလေသည်။
သို့သော်လည်း သူတို့ ယွမ်လော့ရီကို ကြည့်သည့်အခါတိုင်း သူတို့၏ မျက်လုံးများထဲ၌ နူးညံ့မှုအရိပ်အယောင်က အမြဲတမ်း ပေါ်ထွက်လာပေလိမ့်မည်။
သူတို့သည် သူတို့ ညီမလေးအား သူတို့၏ ကိုယ်ပိုင်နည်းလမ်းဖြင့် ဂရုစိုက်နေကြခြင်းပင်။
ယွမ်လော့ရီက မေးလိုက်သည်။
"မေမေ အခု ဘယ်အချိန် ရှိပြီလဲဟင်"
မေမေယွမ်က ဖြေ၏။
“၁၀ နာရီ ရှိပြီ"
"သမီး ကျောင်းတက်ဖို့ လိုသေးလား"
"ကျောင်းတက်စရာဘာလို့လိုမှာလဲ၊ သမီးလေး အရမ်းကြောက်နေမှာပဲ၊ မေမေ သမီးကို တစ်လနားခွင့် ရအောင် လုပ်ပေးမယ်၊ ကောင်းကောင်း နားလိုက်”
၎င်းသည် မမျှော်လင့်ထားသော ပျော်ရွှင်မှုတစ်ခုပင်။ ယွမ်လော့ရီတစ်ယောက် အလွန်ပျော်ရွှင်သွားချေသည်။