Chapter - 13
[အချိန်ကန့်သတ်ချက် တစ်ပတ်]
မေမေမာမှာ တစ်ခုခုလွဲနေသည်ကို မြင်လိုက်လေသည်။ သူမ မတ်တပ်ရပ်လိုက်ပြီး တုန်ယင်နေကာ
“အာ ကျွန်မသမီး မာမိန်က သေချာ တောင်းပန်ပေးမှာပါ၊ လျော်ကြေးကို နည်းနည်းလေးလောက် လျော့ပေးလို့ရမလား”
ယွမ်ဖာ့က ထိုအမျိုးသမီးအား စာနာမိ၏။ သူမ အိမ်ထောင်ဖက်ရွေး မှားခဲ့ရုံသာမကဘဲ ထိုလူမှာ သမီးလေးအား လမ်းလွဲစေခဲ့သည်။ အကယ်၍ သူမသာ အချိန်မှီကွာရှင်းနိုင်ခဲ့လျှင် ဆုံးရှုံးမှုများအား တားဆီးလိုက်နိုင်မည်ဖြစ်၏။
ယွမ်ဖာ့သည် သူမအား ဖိုင်တစ်ခု ကမ်းပေးလိုက်သည်။
“ခင်ဗျားပိုက်ဆံ ကိစ္စနဲ့ ပတ်သက်ပြီးတော့ စိတ်ပူစရာတော့ မလိုဘူး ဘာလို့ဆို ဒီအမျိုးသားရဲ့ ပိုင်ဆိုင်မှုတွေက ခင်ဗျားနဲ့မသက်ဆိုင်တော့လို့လေ”
မေမေမာသည် ဖိုင်အား လှန်ကြည့်နေရင်း သူမ၏ အမူအယာမှာ အံ့ဩနေရာမှ ဒေါသအဖြစ်သို့ ပြောင်းသွားပြီး နောက်ဆုံး၌ ဝမ်းနည်းမှုအဖြစ်သို့ ပြောင်းသွားခဲ့၏။ သူမ ဖေဖေမာထံသို့ လျှောက်သွားခဲ့သည်။
“ဖြန်း!”
သူမ သူ့အား အားကုန်ပါးရိုက်ချလိုက်သည်။
ဖေဖေမာမှာ သူ့ ပါးပြင်အား ကိုင်ထားရင်းဖြင့် ပြူးကျယ်နေသည့် မျက်လုံးများနှင့် စိုက်ကြည့်နေခဲ့၏။
“မင်းငါ့ကို ရိုက်ရဲတယ်ပေါ့၊ မင်းအလုပ်မလုပ်ဘဲ တစ်နေကုန် အိမ်မှာနေပြီး ငါ့ပိုက်ဆံနဲ့ဝယ်ထားတာတွေကို စားတယ် ငါရဲ့ ဝိုင်ကိုသောက်တယ် ပြီးတော့…”
“ဖြန်း!”
မေမေမာက သူ့အား ထပ်မံပါးရိုက်လိုက်၏။ ထို့နောက် သူမငိုကာ အော်ဟစ်နေရင်းဖြင့် မရေတွက်နိုင်သည့် ရိုက်ချက်များ မိုးရွာသကဲ့သို့ ကျလာခဲ့သည်။
“ရှင် လူယုတ်မာ၊ ပိုင်ဆိုင်မှုတွေကို တခြားမိန်းမဆီ လွဲပေးလိုက်တယ်ပေါ့လေ ပြီးတော့ ရှင့်သမီးကို ဘာမှ မပေးဘဲနဲ့ ရှင့်ရဲ့ တရားမဝင်ကလေးကို ပိုင်ဆိုင်မှုတွေကို ပေးဖို့ သေတမ်းစာ ချန်ထားခဲ့တယ်ပေါ့”
“အဲဒါက မင်းသားတစ်ယောက် မမွေးပေးခဲ့လို့ပဲလေ”
ဤသည်မှာ သူမ မိဘများရန်ဖြစ်သည်ကို မာမိန်မြင်ဖူးသည့် ပထမဆုံးအကြိမ် ဖြစ်၏။ သူမသည် နေရာ၌ တောင့်တောင့်လေးရပ်နေပြီး ကြောက်လန့်နေလေသည်။
ကျောင်းအုပ်မှာ အလျင်အမြန် လာ၍ သူတို့နှစ်ဦးအား လူခွဲလိုက်၏။ မေမေမာ၏ ဒေါက်ဖိနပ်ရှိ ဒေါက်မှာ ကျိုးသွားခဲ့သည်။ သူမ ဖိနပ်အား ချွတ်၍ ကြမ်းပြင်ပေါ်၌ ခြေဗလာနှင့် ရပ်နေ၏။ ဖေဖေမာ၏ မျက်နှာမှာမူ ကုတ်ခြစ်ရာများနှင့် ပြည့်နှက်နေပြီး နာကျင်လွန်းသဖြင့် အံကြိတ်ထားရလေသည်။
ယွမ်ဖာ့က မေမေမာအား ယဥ်ကျေးစွာဖြင့် သူ၏ စီးပွားရေးကဒ်အား ကမ်းပေးလိုက်ကာ
“ကျွန်တော့်မှာ ကွာရှင်းပြီး တရားစွဲတာမျိုးဆို ကိုင်တွယ်တာ အရမ်းကျွမ်းတဲ့ ကျန်းမျိုးရိုး အမျိုးသမီး ရှေ့နေတစ်ယောက်ရှိတယ်၊ သူက ခင်ဗျားယောက်ျား သူရဲ့ မယားငယ်ဆီကို ပေးထားတဲ့ ပိုင်ဆိုင်မှု အကုန်လုံးကို ပြန်ယူပေးနိုင်ပြီးတော့ ကွာရှင်းပြတ်ဆဲဖို့အတွက်လည်း လျှောက်ထားလို့ရတယ်”
မေမေမာမှာ စီးပွားရေးကဒ်အား ယူ၍ မေးလိုက်သည်။
“ကလေး စောင့်ရှောက်ခွင့်ကရော”
ယွမ်ဖာ့က ပြန်ဖြေသည်။
“ခင်ဗျားရဲ့ ယောက်ျားက ကျွန်တော်တို့ဆီမှာ ဒေဝါလီခံရတော့မယ် ဆိုတော့ ခင်ဗျားမှာ ပိုအခွင့်အရေးရှိတာ အသေအချာပဲ”
မေမေမာက သူမ၏ မျက်ရည်များအား သုတ်ပစ်လိုက်ကာ
“ကောင်းပါပြီ၊ ကျွန်မ သူ့ကို ငှားလိုက်ပ့ါမယ်”
ဖေဖေမာသည် ယွမ်ဖာ့အား ဒေါသကြီး လက်ညှိုးထိုးကာ အော်ဟစ်လေ၏။
“ဒါက ငါ့မိသားစု ကိစ္စပဲ၊ မင်းကို ဘယ်သူက စုံစမ်းခွင့် ပြုလိုက်လို့လဲ”
ယွမ်ဖာ့က တည်တည်ငြိမ်ငြိမ်ဖြင့် နောက်ထပ် စာရွက် တစ်ခုအား ထုတ်လိုက်ပြီးနောက်
“ကျွန်တော်က အနိုင်ယူရတာကိုကြိုက်ပြီး ရှုံးရတာကို မုန်းတယ်လေ အဲဒါကြောင့် တရားခွင်ကို မသွားခင်မှာ သက်သေတွေ ပိုပြီးစုဆောင်းတတ်တယ်”
ဖေဖေမာက အော်ဟစ်ကာ
“အဲဒါက တရားမဝင်တာပဲ”
ယွမ်ဖာ့က ပြောလိုက်သည်။
“ခင်ဗျား စိတ်တွေလှုပ်ရှားလွန်းလို့ အဓိပ္ပါယ်မရှိတာတွေ ဆက်တိုက်ပြောနေပြီပဲ၊ ကျွန်တော်က တခြားသူတွေလိုပဲ အတင်းပြောတာလေ အဲဒါက ဘယ်လိုလုပ်ပြီး တရားမဝင်တာ ဖြစ်ရမှာလဲ”
ယွမ်ဖာ့က သူ့အား စာရွက်ကို ကမ်းပေးလိုက်၏။ ဖေဖေမာသည် ခြေတစ်လှမ်းပင် ဆုတ်သွားကာ ယူရန် ငြင်းဆိုခဲ့သည်။
ယွမ်ဖာ့က ပြောလိုက်သည်။
“ခင်ဗျားတစ်ချက်လောက် ကြည့်လိုက်သင့်တယ် မဟုတ်ရင် ခင်ဗျားထောင်ထဲ ရောက်သွားလိမ့်မယ်”
ထိုသို့ပြောမှသာ ဖေဖေမာသည် စာရွက်အား လက်ခံလိုက်၏။ သူစဖတ်လိုက်သည်နှင့် သူ၏ မျက်နှာမှာ ချက်ချင်းပင် ဖြူဖျော့သွားခဲ့သည်။ စာရွက်အား ကိုင်ထားသည့် သူ၏လက်များမှာ ထိန်းမနိုင်သိမ်းမရ ခါယမ်းလာကာ
“မင်း ဒီကိစ္စကို ဘယ်လိုသိသွားတာလဲ”
ယွမ်ဖာ့သည် မုဆိုးတစ်ကောင်သွေးဆာ နေသကဲ့သို့ ပြုံးလိုက်ကာ
“စိတ်မပူပါနဲ့ ဆရာ၊ လုပ်ငန်းရှင်တိုင်းလုပ်နိုင်တဲ့ အမှားတစ်ခုကို ဆရာလုပ်မိလိုက်ရုံပါပဲ ဒါပေမဲ့လည်း ကျွန်တော့်မှာ ခင်ဗျားအတွက် အပေးအယူကောင်းကောင်းလေး တစ်ခုရှိတယ်၊ တကယ်လို့ ခင်ဗျားသာ ကျွန်တော်တို့ တောင်းဆိုတဲ့အတိုင်း စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုအတွက် လျော်ကြေးပေးမယ်ဆိုရင် ဒီစာရွက်စာတမ်းကိစ္စတွေကို ကျွန်တော်တို့ ယာယီမေ့ထားပေးပါ့မယ်”
ဖေဖေမာမှာ အစောကလောက် မာနကြီးကာ မောက်မာမနေတော့ပေ။ သူသည် လေလျော့သွားသည့် ပူဖောင်းတစ်လုံးကဲ့သို့ ဖြစ်နေပြီး အရှက်ခွဲခံနေရလေ၏။
တစ်ခဏကြာပြီးနောက် သူယခင်က ပယ်ချခဲ့ဖူးသည့် တရားစွဲချက်ကို ကောက်ယူကာ တဖြေဖြေးချင်း ပြန့်ပြူးအောင် လုပ်လိုက်ပြီး စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှု အပိုင်းအား သေချာဖတ်ဖို့ ကြိုးစားနေသော်ညား အပြင်းအထန်လုံးချေခဲ့သောကြောင့် အချို့စကားလုံးများအား ဝါးနေစေသည်။
ယွမ်ဖာ့က သူ၏ လက်ဖြင့် ဟန်အမူအယာပြလိုက်၏။ အမျိုးသမီးလက်ထောက်မှာ အလျင်အမြန်လာကာ ဖေဖေမာအား စာချုပ်အသစ်တစ်ခု ပေးလိုက်သည်။
သူသည် ဖေဖေမာအား စာချုပ်ကမ်းပေးလိုက်ပြီး ဘောပင်ပါထည့်ပေးလိုက်၏။
“ဒါက လျော်ကြေးကိစ္စပါ၊ ထည့်ထားတဲ့ အတည်ပြုပြီးသား စာချုပ်ပဲ ရှင် လက်မှတ်ထိုးလိုက်မယ်ဆိုရင် ကိစ္စကလည်း ပြီးပြီပဲ”
ဖေဖေမာက မျက်လုံးမှိတ်ကာ အသက်ပြင်းပြင်းတစ်ချက် ရှူလိုက်သည်။ သူ၏ စိတ်အား မပြင်ဆင်ရသေးပေ။
ယွမ်ဖာ့ ပြောလိုက်သည်။
“အို ကျွန်တော်က စောင့်ရတာက မုန်းပြီး စိတ်မရှည်တဲ့ လူမျိုးနော်၊ တကယ်လို့ ခင်ဗျားလက်မှတ်မထိုးဘူးဆိုရင် ကျွန်တော် ခင်ဗျားကို တရားခွင်မှာပဲ တွေ့နိုင်တော့မယ်”
ယွမ်လော့ရီ၏ ဗိုက်မှာ ဆာလောင်မှုကြောင့် ကျယ်လောင်စွာ အသံထွက်ပေါ်လာခဲ့သည်။ ထိုအသံအား ကြားပြီးနောက် ယွမ်အောင်းမှာ
“ယွမ်လော့ရီ မနက်စာ မစားရသေးဘူး၊ အခု သူ အရမ်းဗိုက်ဆာနေလောက်ပြီ မြန်မြန်လုပ်”
ယွမ်ဖာ့က ပြောလိုက်၏။
“ကောင်းပြီလေ အဲဒါဆိုရင် သုံးစက္ကန့်ပဲ ရမယ်”
“သုံး”
“နှစ်”
ထိတ်လန့်သွားသည့် ဖေဖေမာမှာ အော်လိုက်ကာ
“ဆက်မရေပါနဲ့တော့ ငါလက်မှတ်ထိုးပါ့မယ်”
တုန်ယင်နေသည့် လက်များနှင့် သူ၏ နာမည်အား လက်မှတ်ထိုးလိုက်လေ၏။
ဖေဖေမာ လက်မှတ်ထိုးပြီးသွားသည်ကို မြင်သောအခါ ယွမ်ဖာ့က စာချုပ်အား ချက်ချင်းယူ၍ ယွမ်လော့ရီထံသို့ အလျင်အမြန်သွားခဲ့သည်။ သူ၏ လက်နှစ်ဖက်အား ဒရမ်မာဆန်ဆန် ဝှေ့ယမ်းလိုက်ပြီး စာချုပ်အား ယွမ်လော့ရီ ပေါင်ပေါ်သို့ တင်လိုက်၏။
“ဒုတိယအစ်ကိုက ညီမလေးအတွက် မုန့်ဖိုးရှာလာပေးတယ်၊ ညီမလေး ပျော်ရဲ့လား”
ယွမ်လော့ရီမှာ အနည်းငယ် ပျော်ရွှင်နေကာ
“ကျေးဇူးတင်ပါတယ်၊ ဒုတိယအစ်ကို”
သူမ စာချုပ်အားဖွင့်၍ ပိုက်ဆံမည်မျှ ပေးချေရမည်ကို ကြည့်ရန်ပြင်လိုက်စဉ်တွင် ယွမ်ဖာ့က စာချုပ်အား ဆွဲယူသွားခဲ့သည်။
သူ ငါးမန်းပြုံးပြုံးကာ “ဒါပေမဲ့ ညီမလေးက ဆယ့်တစ်နှစ်ပဲ ရှိသေးတာလေ ဒါကအရမ်းများတဲ့ ပမာဏပဲ ပြီးတော့ နောက်ဆက်တွဲ လုပ်ရမဲ့ ဟာတွေကလည်း ခက်ခဲတယ်လေ၊ ကိုကို ညီမလေးအစား သိမ်းထားပေးပါ့မယ်”
ယွမ်လော့ရီမှာ ညို့မှိုင်းနေသည့် မျက်လုံးများဖြင့် မျက်ရည်ဝဲကာ သူ့အား ကြည့်လိုက်ပြီးနောက်
“မကောင်းဆိုးရွား ရှေ့နေ့”
ယွမ်ဖာ့က ပြုံးကာ
“အို ညီမလေးက တကယ့်ကို ချစ်စရာကောင်းတဲ့ ကောင်မလေးပဲ ချီးကျူးပေးလို့ ကျေးဇူးတင်ပါတယ်”
ကျောင်းအုပ်ကြီးမှာ ယွမ်မိသားစု ကလေးသုံးယောက်အား ကြည့်လိုက်သည်။
အကြီးဆုံးဖြစ်သည့် ယွမ်အောင်းမှာ ရင့်ကျက်၍ တည်ငြိမ်လေသည်။ ဤအရာအားလုံးအား နောက်ကွယ်မှ ကြိုးကိုင်ခဲ့သူဖြစ်၏။ သူသည် ဆိုဖာပေါ်တွင် ကျော့ရှင်းစွာ ထိုင်နေရင်း လက်မောင်းအား ဆန့်ထုတ်ထုတ်ကာ ညီမလေးကို တိတ်တဆိတ် ကာကွယ်ပေးထားသည်။
ဒုတိယသား ယွမ်ဖာ့မှာမူ သွက်လက်ကာ ဥာဏ်များ၏။ သူသည် ရှေ့တန်းသို့ အလျင်အမြန်သွားကာ ရန်သူနှင့် တိုက်ရိုက်တိုက်ခိုက်ပြီး လုပ်နိုင်သမျှကိုလုပ်၍ သူ၏ ဆွဲဆောင်မှုအား ထုတ်ဖော်ပြသရခြင်းကို သဘောကျလေသည်။သူသည်လည်း သူ့နည်း သူ့ဟန်ဖြင့် သူ့ညီမလေးအား ကာကွယ်ပေးထား၏။
ပြီးလျှင် ယွမ်မိသားစု၏ သမီးလေးမှာ ငိုထားသည်ဖြစ်၍ မျက်လုံးထဲ၌ မျက်ရည်စများရှိနေသေးကာ ဘေးနားရှိသူများအား သူမအတွက် ဝမ်းနည်းသွားစေသည်။
သူမမှာ ယွမ်မိသားစု၏ အချစ်တော်လေးဖြစ်၏။ အမှောင်ထု၊ ရူးသွပ်မှုနှင့် ထိန်းမနိုင်သိမ်းမရ သွေးဆာလောင်မှုများမှာ သူမ ရှိနေလျှင် တည်ငြိမ်နေပေလိမ့်မည်။
ကျောင်းအုပ်ကြီးမှာ သူ၏ ခေါင်းအား ခါယမ်းရင်း သက်ပြင်းတစ်ချက် ချလိုက်၏။ ဖေဖေမာမှာ အမှန်တကယ်ပင် ရူးသွပ်နေလေသည်။ ယွမ်မိသားစု၏ လက်တုံ့ပြန်မှုမှာ အစပိုင်းသာ ရှိသေးလေ၏။
ယွမ်ညီအစ်ကို ငါးဦးမှာ သူတို့၏ ညီမလေး အရှေ့၌သာ ပုံမှန်ပုံစံ ဟန်ဆောင်ချင်စိတ် ရှိကြခြင်းဖြစ်သည်။
ပြဿနာမှာ ဖြေရှင်းပြီးသွား၍ မာမိသားစု သုံးဦးမှာ ထွက်သွားခဲ့၏။
တစ်စုံတစ်ဦးအား မှားယွင်းစွပ်စွဲခြင်းမှာ သူမ၏ တစ်မိသားစုလုံးအား ပြိုကွဲသွားစေလိမ့်မည်ဟု မာမိန်မတွေးခဲ့ဖူးပေ။ သူမ၏ မိခင်မှာ ပို၍ သန်မာနေချိန်တွင် သူမမှာမူ ဆက်တိုက်ငိုနေခဲ့သည်။ ခေါင်းအား မော့ထားကာ ခြေဗလာဖြင့် ရှေ့နေကျန်းအား ဖုန်းခေါ်နေရင်း ဖေဖေမာ၏ ကျန်ရှိသည့် ပိုင်ဆိုင်မှုများအား ရယူရန်အတွက် အလုပ်များနေခဲ့၏။
ကျောင်းခေါင်းဆောင်သုံးဦးမှာ မုန်တိုင်းဒါဏ်ခံလိုက်ရသကဲ့သို့ပင် တုန်လှုပ်သွားကြသည်။ ယွမ်ဖာ့မှာ သူတို့အား တိုက်ရိုက် တိုက်ခိုက်လိုက်ခြင်း မဟုတ်သော်ညား ကြက်ကို သတ်လိုက်ခြင်းမှာ မျောက်များအား သတိပေးဖို့ရန်အတွက်သာ ဖြစ်၏။ ယွမ်မိသားစုသည် ဖေဖေမာနှင့် ပတ်သက်သည့် ကိစ္စများအား စုံစမ်းနိုင်ခဲ့သောကြောင့် ခေါင်းဆောင်သုံးဦး၏ အကြောင်းကိုလည်း သူတို့ စုံစမ်းနိုင်ပေလိမ့်မည်။
ထပ်ပြောရလျှင် ရာထူးမြင့်သည့် သူများအားလုံး၏ လက်််မှာ သန့်ရှင်းနေနိုင်ပါ့မလား။
ပိုအရေးကြီးသည်မှာ ယွမ်မိသားစုသည် သူတို့၏ ခွန်အားအား ထပ်မံပြသခဲ့သည်။ ညီအစ်ကို ငါးဦးမှာ နယ်ပယ်အသီးသီး၌ လွှမ်းမိုးထားကြ၏။ အလုပ်တူတူလုပ်နေကြသည်ဖြစ်၍ မည်သူမှ သူတို့အား မဆန့်ကျင်နိုင်ပေ။ ယွမ်ဖာ့မှာ လုပ်ငန်းအသိုင်းအဝိုင်းရှိ အစ်ကိုကြီး ယွမ်အောင်း၏ ကျယ်ပြန်သည့် အဆက်အသွယ်များကြောင့် လျင်မြန်စွာ စုံစမ်းနိုင်လေသည်။
ယွမ်အောင်း ကျောင်းခေါင်းဆောင်သုံးဦးအား ကြည့်ကာ မေးလိုက်၏။
“အခု ကျွန်တော့်ရဲ့ ညီမလေးကရော စာမေးပွဲမှာ စာခိုးချခဲ့တဲ့ သူတစ်ယောက် ဖြစ်နေတုန်းပဲလား”
သူတို့ သုံးဦးမှာ တိတ်ဆိတ်နေကြကာ သူတို့၏ လက်ဆွဲအိတ်များအား ကိုင်၍ ထွက်သွားရန် ထလိုက်ပြီး ကတုန်ကယင်သွားနေရင်းဖြင့် ယွမ်အောင်းအား ပြင်းထန်စွာ စိုက်ကြည့်သွားခဲ့သည်။
သံသယမရှိစွာနှင့်ပင် လူအိုကြီး သုံးဦးမှာ ထိုအငြင်းပွားမှု၌ ရှုံးနိမ့်ခဲ့လေသည်။
ကျောင်းအုပ်ကြီးမှာ လက်ကိုင်ပဝါဖြင့် သူ၏ ချွေးအား သုတ်လိုက်ရင်း
“မင်းတို့ ယွမ်မောင်နှမတွေ ငါ့ရုံးခန်းကို အငြင်းပွားစရာနေရာလိုမျိုးထပ်မသုံးကြတော့ဘူးလို့ ငါတကယ်မျှော်လင့်မိတယ်၊ ငါနှလုံးက မခံနိုင်တော့ဘူးကွ”
ယွမ်အောင်းက ပြုံးကာ ပြောလိုက်၏။
“ကျောင်းအုပ်ကြီးကို နောက်တစ်နေ့ကျ ကျွန်တော် ထမင်းလိုက်ကျွေးမယ်ဆိုရင်ရော ဘယ်လိုလဲ”
ကျောင်းအုပ်ကြီးသည် သူ၏ ခေါင်းအား အလျင်အမြန် ခါးယမ်းကာ
“မေ့လိုက်တော့ မေ့လိုက်တော့၊ မင်းတို့သုံးယောက် မြန်မြန်လုပ်ပြီး သွားကြတော့”
ယွမ်လော့ရီမှာ အမှန်တကယ်ပင် ဆာလောင်နေသည် ဖြစ်၍ ထွက်သွားဖို့ရာ မစောင့်နိုင်တော့ပေ။
ကျောင်းအုပ်ကြီး ရုံခန်းမှ ထွက်လာပြီးနောက် ယွမ်ဖာ့က ပြောလိုက်သည်။
“အာ ညီမလေးတစ်ယောက် ရှိတာက ငါ့ကို အတော်လေး ကြင်နာတတ်သွားစေခဲ့တာပဲ”
ယွမ်လော့ရီက ပြောလိုက်၏။
“သမီးတော့ ကွာခြားတာ ဘာမှမတွေ့ပါဘူးနော်”
ယွမ်ဖော့က ပြောလိုက်သည်။
“မာမိန် ဆိုတဲ့ ကောင်မလေးရဲ့ မွေးနေ့က နောက်တစ်ပတ်လေ သူ့ရဲ့အဖေကို အဝေးကို မပို့ခင်မှာ မွေးနေ့ကိုအတူ ဆင်နွဲရအောင် စောင့်ပေးဖို့ ကိုကိုဆုံးဖြတ်ထားတယ်”
ယွမ်လော့ရီ အံ့ဩသွားကာ
“ဟင် ကိုကိုပဲ သူ့ကို လျော်ကြေးပေးပြီးရင် အမှုတစ်ခုနဲ့ တရားမစွဲတော့ဘူးလို့ ပြောခဲ့တာမဟုတ်ဘူးလား”
ယွမ်ဖာ့ ကူကယ်ရာမဲ့စွာ သူ၏ ခေါင်းအား ခါလိုက်ပြီး
“ကိုကိုပြောတာက ယာယီမေ့ထားပေးမယ်လို့လေ ဒါပေမဲ့ ကိုကိုသူ့ကို အချိန်ကန့်သတ်ချက်က တစ်ပတ်ဆိုတာကို မပြောလိုက်ရဘူး”
ယွမ်လော့ရီ သက်ပြင်းချကာ
“ကိုကိုက တကယ့်ကို ဆိုးရွားတဲ့ မကောင်းဆိုးရွားကြီးပဲ”
ယွမ်ဖာ့က ပြုံး၍ ပြောလိုက်သည်။
“လျော်ကြေးတောင်းတာက တရားမျှတမှုအတွက်ပဲလေ၊ မကောင်းမှုကို ဖယ်ရှားပြီးတော့ ကောင်းတာကို လုပ်တာက ဖြောင့်မတ်တဲ့ လုပ်ရက်ပဲလေ အဲဒါက ဘာမှားနေလို့လဲ၊ သူတို့တွေ တရားဥပဒေကို နှလုံးသားထဲကနေ လေးစားသင့်တယ်၊ ကိုကိုက တရားစီရင်တဲ့ သူပဲလေ”