(42)
Viewers 14k

ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (volume 1)

Author -南派三叔 (nan pai san shu)

translater - Hninthawethadar

ဒေါသပင်လယ်၌ မြုပ်နေသောသဲ


Chapter (42)

အကြပ်အတည်း



သူဒီလိုပြောလိုက်တာနဲ့ လွန်ခဲ့တဲ့ ရက်သတ္တပတ်အနည်းငယ်က ဖြစ်ပျက်ခဲ့တာကို ဝူရှဲ ချက်ချင်း သတိရသွားသည်။


ထိုအချိန်တုန်းက သူတို့သည် ဘုရင်လုရဲ့ နန်းတော်သို့ သွားရန် ပြင်ဆင်နေခဲ့တာ ဖြစ်လေသည်။ အလောင်းဂူကို ဖြတ်သွားသောအခါတွင် အလောင်းစား အကောင်ကြီး တစ်​ကောင်ကို ဖမ်းမိသွားခဲ့ကာ ထိုအလောင်းစား အင်းဆက်ရဲ့ အမြီးတွင် ခေါင်းလောင်းကြီး ဆွဲထားပြီး အတွင်းဘက်တွင် အစိမ်းရောင် ကင်းခြေများတစ်ကောင် တွားသွားနေပါ၏။ ခေါင်းလောင်းသံက သရဲတစ္ဆေလို တိုးတိုးတိတ်တိတ် အသံထွက်ပြီး လျှို့ဝှက်ဆန်းကြယ်တဲ့ စွမ်းအားရှိပုံပေါ်သည်။ အဲဒီအသံကြောင့် သူတို့အသိစိတ်တွေ လွတ်ကာ စွဲလန်းလုနီးပါး ဖြစ်သွားခဲ့သေးသည်။ ကံကောင်းထောက်မစွာပဲ မျက်နှာသေက လိမ္မာပါးနပ်စွာဖြင့် သူတို့ကို ရေထဲ ကန်ချခဲ့သည်။ 


ဦးလေးသုံးက အဲဒီအရာကို မြင်ပြီးနောက်တွင် စစ်မက် ဖြစ်ပွားသော နိုင်ငံတော်ခေတ် မတိုင်မီက ဖြစ်ကြောင်း ပြော​ပြခဲ့သည်။ ထိုမင်းဆက်သည် ဘယ်မင်းဆက်ဖြစ်ကြောင်း မသိသော်လည်း ထိုအချိန်က အ​လော​ကြီး​နေသောကြောင့် ဝူရှဲလည်း စိတ်ထဲ မထားခဲ့ပေ။ ဘုရင်လုနန်းတော်မှာတုန်းက အတွေ့အကြုံဟာ ဆိုးသွမ်းတဲ့ အိပ်မက်တစ်ခုလိုပဲ။ မရူးသွားရင်တောင် ကံကောင်းမို့ ဒီအရာတွေကို သူဘယ်လိုလုပ် မှတ်မိနိုင်ပါ့မလဲ။


ဒါပေမဲ့ အခု မျက်နှာသေက ဖော်ထုတ်လိုက်တော့ သူလည်း မသေချာတော့ချေ။ ဆိုတော့ အဲဒီအချိန်က အလောင်းဂူဟာ အခုအခြေအနေနဲ့ အတူတူပဲ မီးထွန်းဖို့ မိုင်းတွင်းမီးအိမ် အနည်းငယ်ပဲ ရှိတော့သည်။ ခေါင်းလောင်း ဖြုတ်ပြီး မကြာခင်မှာပဲ ဖန့်ကျစ်က ခြေဖြင့် နင်းချေပစ်လိုက်တာကြောင့် ဒီနှစ်ခုကို နှိုင်းယှဉ်ရန် မဖြစ်နိုင်တော့ဘဲ အကြမ်းဖျဉ်း ကြည့်ရုံသာ တတ်နိုင်တော့သည်။


တကယ်လို့သာ အလောင်းဂူထဲမှာ တွေ့ခဲ့ရတဲ့ ခေါင်းလောင်းပုံစံသာ ဆိုရင် ဖက်တီး အခုနက ထိလိုက်မိရင်တော့ တကယ်ကို ကြောက်စရာ ကောင်းသွားလိမ့်မယ်။ ဒီမှာက အနည်းဆုံး အခု၄၀လောက် ရှိရာ တစ်ခုက သေးသေးလေး လှုပ်နေသရွေ့ ဘာတွေဖြစ်လာမလဲ ဆိုတာ သူတို့တကယ်ကို မသိနိုင်ချေ။ 


မျက်နှာသေက ဝူရှဲကို ကြည့်ပြီး အဲဒါကို တစ်ချက်တွေးလိုက်သည်။


"အလောင်းဂူထဲမှာ ထူးဆန်းတဲ့ အရာတစ်ခု ရှိရမယ်.... အလောင်းတွေ စုပြုံနေတဲ့ နေရာက မူလသင်္ချိုင်းကြီး ဖြစ်လိမ့်မယ်... ဒါပေမဲ့ ဝမ်ကျန့်ဟိုင်နဲ့ ဘယ်လို ပတ်သက် ဆက်နွယ်နေမလဲတော့ မသိဘူး"


ဒီအကြောင်းကို သူတို့နှစ်ယောက် ပြောနေတာကို ကြားတော့ ဖက်တီးလည်း ခေါင်းလောင်းရဲ့ ဇာစ်မြစ်ကို သိရှိသွားသည်။ 


"မင်းတို့ အကြည့် မှားသွားတာများလား? စစ်မတ်ကာလ ခေတ်မပေါ်ခင်ကတည်းက ရှိနေတဲ့ ပစ္စည်းက ဒီကိုရောက်နေတာ တိုက်ဆိုင်လွန်းလှမနေဘူးလား? ဒါဆို ဝမ်ကျန့်ဟိုင်ကလည်း သင်္ချိုင်းဓားပြ တစ်ယောက်ပဲလား?"


ဒီစကားကို သူပြောပြီးတာနဲ့ မျက်နှာသေရော ဝူရှဲရော အံ့ဩသွားခဲ့သည်။ 


"အဲ​ဒီလိုလည်း ဖြစ်နိုင်တယ်" 


မျက်နှာသေလည်း ခဏလောက် စဉ်းစားပြီး 


"သူ့ရဲ့ငယ်ငယ်ရွယ်ရွယ်နဲ့ သူဘာတွေ လုပ်ခဲ့လဲဆိုတာ ဘယ်သူမှ မသိသလို သူက ဖုန်းရွှေပညာကိုလည်း ကျွမ်းကျင်တယ်.... သူသင်္ချိုင်းတွေကို ဖောက်တာမျိုး လုပ်နိုင်ရမယ်... ဒါပေမယ့် သူ့မိသားစုနောက်ခံက အတော်လေးကို ထင်ရှားတယ် သူတို့မိသားစုက ဖုန်းရွှေပညာကို မျိုးဆက်တွေ အဆက်အဆက် သခင်ကြီးတွေ ဖြစ်ခဲ့ကြပြီး စားစရာနဲ့ အဝတ်အစားတွေ လုံလုံလောက်လောက် ရှိတယ်ဆိုတော့ ဒီလိုမျိုး ယုတ်ညံ့တဲ့ အလုပ်ကို ဘယ်တော့မှ လုပ်မှာမဟုတ်ဘူး"


မျက်နှာသေက ယုတ်မာတဲ့ အကြောင်း ပြောတဲ့အခါမှာလည်း သူ့အမူအရာက ပြောင်းလဲမသွားပါဘူး။ သူပြောတဲ့ စကားတွေထဲမှာ မိမိတို့ကို ဆူပူကြိမ်းမောင်းနေတဲ့ အရိပ်အငွေ့တွေ ပါသွားတယ် ဆိုတာလည်း သဘောပေါက်ပုံ မပေါ်ချေ။ သို့နှင့် ဝူရှဲက


“ကျွန်​တော်လည်း မဖြစ်နိုင်ဘူးလို့ ထင်တယ်.... ဂူဖောက်တာက... သူ့ရဲ့ သင်္ချိုင်းမှာ နောင်လာနောက်သားတွေ အနားရောက်လာရင် ဝေးဝေးပြေးတတ်အောင် အမှတ်အသား တစ်မျိုးမျိုး ထားခဲ့တာမျိုး ရှိလား... ခင်ဗျား ဒီနားမှာ တစ်ခုခု တွေ့မိသေးလား?"


မျက်နှာသေက သူ့ခေါင်းကို ခါလိုက်ပြီး 


"အခုနက ငါ အာရုံစိုက်​ပြီး ရှာထားတယ် တကယ်ကို ဘာလက္ခဏာ အမှတ်အသားမှ မရှိဘူး"


ဒီ​လောကမှာ သူ့ရဲ့ အောင်မြင်မှုတွေဟာ နားမလည်နိုင်လောက်အောင် ဖြစ်နေတယ်လို့ သူက မပြောဘဲ သစ္စာရှိရမယ် ဆိုတာ ငါသိတယ် 


"ဒါဆို ဒီနေရာမှာ ဒီလို​ခေါင်း​လောင်းမျိုး ရှိနေတယ်ဆိုတာ ဘယ်လိုလုပ် ရှင်းပြနိုင်မှာလဲ? ဒါမှမဟုတ် သူကိုယ်တိုင်က ရှေးဟောင်းပစ္စည်းများလား... သူ့စုဆောင်းမှုတွေကို သူနဲ့အတူ မြှုပ်နှံဖို့ တစ်ခါတည်း ယူသွားတာလား?"


"ငါတို့ဒီလမ်းမှာ တခြားရှေးဟောင်း ပစ္စည်းတွေကိုလည်း မတွေ့ခဲ့ရပါဘူး.... မင်းပြောခဲ့တာတွေက မှားနေပြီလို့ ငါထင်တယ်နော်"


ဖက်တီးကလည်း တစ်ခုခုကို တွေးနေပုံရပြီး ဂုဏ်ယူတဲ့ အကြည့်နဲ့ ပြောလိုက်သည်။ 


"တကယ်တော့ ဂူဖောက်တဲ့လူတွေ အပြင် တခြားရှေးဟောင်း သင်္ချိုင်းတွေကို မကြာခဏတွေ့ရလေ့ရှိတဲ့ လူတစ်မျိုး ရှိတယ်... အဲဒါတွေက ဘယ်သူလဲဆိုတာ သိလား?"


ဒါကိုကြားတော့ ဝူရှဲ ချက်ချင်းဆိုသလို သတိဝင်လာခဲ့သည်။ 


"မင်းပြောတာက အင်ဂျင်နီယာတွေ ဆောက်လုပ်ရေး လုပ်ငန်းခွင်မှာ လုပ်နေတုန်း ဒီအရာတွေကို တူးမိခဲ့တာလား?"


ဖက်တီးက ခေါင်းညိတ်လိုက်သည်။ 


"ဒီလူက အဲဒီအချိန်ကာလတုန်းက အကြီးဆုံး အရာရှိလို့ ပြောလို့ရတယ်.... သူ ဒီလိုမျိုး အခြေအနေမျိုး ကြုံရနိုင်တာပဲလေ အဲဒီတုန်းက သူ ရှန်းတုံးမှာရှိတဲ့ ကွာကျစ်ဘုရားကျောင်းကို ရောက်ဖူးသလားဆိုတာ သိနိုင်ဖို့ အချက်အလက်​တွေကို ပြန်စစ်ကြည့်ရင် သိရလောက်တယ်"


ဖက်တီးရဲ့ ပြောစကားက ကျိုးကြောင်းဆီလျော်ပြီး သူ့ကို မချီးကျူးဘဲတောင် မနေနိုင်ခဲ့ပေ။ ဒါပေမဲ့ ဒီ​ခေါင်း​လောင်း​တွေကို သေချာပေါက် မြန်မြန်ဆန်ဆန် သွားမထိနိုင်ပေ။ အားနင်က ဒီသန္တာကျောက်ပင်ကို ထိမိပြီး ခေါင်းလောင်းသံတွေလည်း တစ်ချိန်တည်းမှာ မြည်လာတာကြောင့် သူမ ရူးသလို ကြောင်သလို ဖြစ်သွားတာ ဖြစ်နိုင်မယ်လို့ သူထင်မိသည်။ သူမရဲ့ ဦးနှောက်ထဲက ထွက်လာတဲ့ ခေါင်းလောင်းသံက တစ်ဆင့် ဘယ်လို မြင်ကွင်းမျိုးက ဒီလောက်ထိ အစွမ်းထက်တဲ့ သက်ရောက်မှုမျိုး ရှိနိုင်တာလဲတော့ မပြောတတ်ချေ။


အရင်တုံးက လူတွေက သဲလွန်စကနေတစ်ဆင့် အလွယ်တကူ ထင်မြင် ယူဆနိုင်ပေမယ့် အခုလို ရှေးဟောင်း ဂူသင်္ချိုင်းထဲမှာတော့ လေထုကအစ လျှို့ဝှက်ဆန်းကြယ်နေပြီး အာရုံကြောတွေက နည်းနည်း နုနယ်နေတယ်ဆိုရင် ရူးသွားလိမ့်မည်။ ဒီခေါင်းလောင်းကြိုး အားလုံးကို ကြေးဝါကြိုးတွေနဲ့ အတူ သန္တာသစ်ပင်တွေမှာ အတိအကျ ချည်နှောင်ထားတာကို တွေ့ရလေ၏။ 


သန္တာကျောက်တန်းတွေမှာ မူလက အသံကို ကောင်းကောင်း ထုတ်လွှင့်နိုင်တဲ့ အပေါက်တွေ ရှိသည်။ ဒီနေရာမှာ ချထားတဲ့အရာက ဂီတတူရိယာ တစ်ခုလိုမျိုး အသံထွက်လာတာလည်း ဖြစ်နိုင်သည်။ ခေါင်းလောင်းတွေက ထောင်ပေါင်းများစွာ ရှိသော်လည်း ၎င်းတို့အနက်မှ တစ်ခုသည် လူကို အရာအားလုံး မေ့ပျောက် မသွားစေနိုင်ဘူးလို့ အာမခံချက် မရှိချေ။ 


ဒါပေမဲ့ ဒီအတွေးတွေက နည်းနည်း ရိုင်းပြရာကျလို့ ပြောမထွက်လာချေ။ သူတို့ သုံးယောက် အဲဒီနေရာမှာ ခဏရပ်​ကြည့်​နေပြီး ဖက်တီးက ပြောလာခဲ့သည်။  


"ဒီဂူထဲက ထူးဆန်းတဲ့အချက်က ဒီခေါင်းလောင်းပေါ်မှာ ရှိနေတုန်းပဲ... ဘာလို့ ငါ့ကို မပြော​ပြတာလဲ?"


ဝူရှဲ ဒီဂူထဲမှာ သားရဲတွေ၊ သရဲတစ္ဆေတွေ မရှိတာကို တွေ့လိုက်ရတော့ ပိုပြီး စိတ်အေးလက်အေး ခံစားလာရသည်။ လမ်းလျှောက်သည်ဖြစ်စေ၊ မလျှောက်သည်ဖြစ်စေ အရေးမကြီးချေ။ သို့သော် လက်ပတ်နာရီကို ကြည့်လိုက်တော့ မကြာခင် ဒီရေကျလာတော့မယ်ဆိုတာ သိလိုက်ရသည်။ ဒီမှာနေဖို့ အကြောင်း မရှိတော့တာကြောင့် သူတို့ လေးယောက် ပြန်ဆုတ်ခဲ့သည်။


ဝူရှဲတစ်ဖက်က လမ်းလျှောက်ရင်း တစ်ဖက်လည်း တွေးနေမိသည်။ သူ့စိတ်ထဲမှာတော့ မေးခွန်းနှစ်ခု ရှိနေတုန်းပဲ။ ပထမတစ်ချက်ကတော့ မျက်နှာသေ ​​လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်က ဒီနံရံအပေါက်ကို ရောက်ခဲ့တာဟာ သူ့ရဲ့တတိယဦးလေး ဖြစ်သူက မျှားခေါ်လာလို့ပင်။ ဒါဆို အခုဒါက ဘယ်နေရာလဲ? ဦးလေးသုံးကပဲ သူတို့ကို လိုက်ပို့​​ပေးခဲ့တာလား?


ဒုတိယအချက်ကတော့ မျက်နှာသေတို့ ဝင်လာတဲ့အခါတုန်းက အလွန်ထူးဆန်းတဲ့ မွှေးရနံ့တစ်ခုကို ရခဲ့ပေမယ့် အခုတော့ အဲဒီအမွှေးနံ့က လုံးဝ ထွက်မလာခဲ့ဘူး။ လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်က ဒီအပေါက်မှာ တခြားတစ်ခုခု ရှိနေတယ်လို့ ဆိုလိုချင်တာလား။ 


ဘာပဲဖြစ်ဖြစ် ဦးလေးသုံးကို ရှာတွေ့နိုင်မှသာလျှင် ဒီအဖြေတွေကို သိနိုင်လိမ့်မည်။ 


ဦးလေးသုံးကတော့ ပျောက်ကွယ်သွားပြန်ပြီ။ သူ့ကို ရှာတွေ့ချင်ရင် ဘယ်လောက်ကြာကြာ ရှာရမလဲပင် မသိတော့ချေ။ သူထပ်ပေါ်လာတော့မှာ မဟုတ်သလို ဒီမေးခွန်းတွေက ထာဝရ လျှို့ဝှက်ဆန်းကြယ်မှု ဖြစ်သွားမှာ သေချာပေ၏။ 


ဖက်တီး ပြောတဲ့အတိုင်းသာ အမှန်ဆိုလျှင် သင်္ချိုင်းတွင်းက သရဲတစ္ဆေ အပူးခံလိုက်ရတဲ့ ဦးလေးသုံးက ဘယ်နေရာကို ရောက်သွားတာလဲ? ဘာတွေဖြစ်နေတာလဲ? သူဦးလေးသုံး အကြောင်း ပြောတုန်းက မျက်နှာသေ ပြောလိုက်တဲ့ 'ငါနားလည်ပြီ' ဆိုတဲ့ စကားက တကယ်ပဲ ဘာကိုပြောတာလဲ?


တွေးနေရင်းနဲ့ တစ်စုံတစ်ခု ပျောက်ဆုံးနေသေးတယ်လို့ ခံစားလိုက်ရသည်။ ပြီးတော့ အဲဒီအရာဟာ ဘုရင်လုရဲ့ နန်းတော်နဲ့လည်း သက်ဆိုင်​နေတယ်လို့ ငါ့ရဲ့ ပင်ကိုယ်မသိစိတ်က ပြောပြနေသယောင် ရှိသည်။ 


လူလေးယောက်က အပေါက်ကျဉ်းလေးထဲက ထွက်လာခဲ့သည်။ ဖက်တီးက အားနင်ကို မြေကြီးပေါ် ချလိုက်ပြီး 


"အခုအချိန် နီးနေပြီဆို​တော့ ငါတို့ လှုပ်ရှားသင့်ပြီ" 


ထွက်ပြေးဖို့ ကိစ္စက ဦးစားပေး ဖြစ်နေတုန်းပဲလို့ တွေးလိုက်ရင်း ဝူရှဲလည်း သူ့အတွေးတွေထဲကနေ ရုန်းထွက်ပြီး ဒီကိစ္စကို စရှင်းပြတော့သည်။ ဂူရဲ့ထိပ်ကို တကယ် မဖွင့်ဖူးတဲ့အတွက် စိတ်ထဲမှာတော့ ယုံကြည်မှု သိပ်မရှိပါဘူး။ တစ်ကြိမ်လျှင် ခြေတစ်လှမ်းသာ လှမ်းနိုင်သည်။


အဲဒီ့နောက်မှာတော့ သူတို့ သုံးယောက်ဟာ အစီအစဉ်အတိုင်း လုပ်ဆောင်ခဲ့ကြသည်။ ဖက်တီးက သူ့ရဲ့ စွမ်းအင်ကို အချိန်အတော်ကြာအောင် ထိန်းထားတာကြောင့် ကိရိယာကို ကောက်ကိုင်ပြီး တိုင်ပေါ်မှာ ဖြတ်တောက်ပစ်လိုက်သည်။ သို့သော် သူတို့ ရွှေနန်းမူတိုင်ကို အထင်သေးမိသွား၏။ စက္ကန့်အနည်းငယ်ကြာ ဖြတ်ပြီးတောင် အရာလေးပဲထင်ကာ လူကတော့ အသက်ရှုကြပ်နေပြီ။


တစ်ခုခု မှားနေတာကို မြင်တော့ ဖက်တီးက ဆိုလာသည်။


"ရှောင်ဝူ ဒီတိုင်က သန်မာလွန်းတယ်.... ငါတို့ဒီလိုလုပ်ရင် လှေကားကို တစ်ပတ်အတွင်း ဆောက်လို့ပြီးမှာ မဟုတ်ဘူး" 


"စိတ်မပူပါနဲ့ အပြင်ဘက်ဆုံး အလွှာကို လှီးဖြတ်ထားရင် အတွင်းပိုင်းဟာ ကိုင်တွယ်ရ လွယ်ကူလာလိမ့်မယ်" 


ဖက်တီးက သံသယ ဝင်နေပေမယ့် ခွန်အားများစွာ ဆုပ်ကိုင်ထားရင်း ဆက်လုပ်ရာ နောက်ဆုံးတော့ တိုးတက်မှုတချို့ ရလာခဲ့သည်။ အကြိမ်အနည်းငယ် ကြာပြီးနောက်မှာတော့ ဖက်တီးရဲ့ သံနဲ့တူတဲ့ သစ်သားအလွှာကို အပြင်ဘက်က တွန်းဖယ်ပြီး ခြေတစ်ချောင်း တင်နိုင်သော နေရာလွတ်တစ်ခုကို ထုတ်ယူနိုင်ခဲ့သည်။


ဒီအပေါက်က သေလမ်း တစ်ခုပဲဆိုတာ ဝူရှဲ အခုမှပဲသိလာတော့သည်။ ပင်လယ်ရေက အုတ်ကြားက အက်ကွဲကြောင်းတွေကနေ စိမ့်ထွက်နိုင်တယ်။ ဒါကြောင့် ရေပြန်ကျသွားမှာကို စိုးရိမ်စရာ မလိုတော့တဲ့အတွက် ဖက်တီး ကူညီဖို့ သွားလိုက်သည်။ ဒီအလုပ်ကို သူတကယ် ပိုင်နိုင်တယ်ဆိုတာ သဘောပေါက်သွားတော့ သူ့ခမျာ ခွန်အားကြီးရုံတင်မကဘဲ ခံနိုင်ရည်လည်း ကောင်းလာခဲ့သည်။ ကြိုးစားမှုတွေ အားလုံး ပြီးဆုံးတဲ့အခါ သူအရမ်းတက်ကြွပြီး မပင်ပန်း​တော့ဘူး ဆိုတာကို မြင်လိုက်ရ၏။ တစ်ချိန်တည်းမှာပင် ဝူရှဲမှာတော့ ပင်ပန်းလွန်း၍ လက်ကိုတောင် မမြှောက်နိုင်တော့ပေ။


အမှောင်ထဲမှာ အလုပ်လုပ်ပြီး သုံးနာရီလောက်ကြာတော့ နောက်ဆုံးမှာ တိုင်ပေါ် ခြေကျင်းရာတွေ လုပ်လိုက်သည်။ အောက်ခြေက လွယ်ပေမယ့် အပေါ်ထပ် ရောက်တဲ့အခါ လုပ်ထားတဲ့ ခြေရာတွေကို နင်းရတာကြောင့် လေထုထဲမှာ တွဲလောင်းကျနေရရာ သူတို့ရဲ့ ခွန်အားတွေ အကုန်လုံးကို ယူသွားခဲ့သည်။ အလုပ်မဖြစ်ခဲ့သလို နောက်ဆုံးမှာ ခြေဖဝါးနဲ့ အံဝင်ခွင်ကျဖြစ်စေနိုင်တဲ့ အမှတ်အသား တစ်ခုကိုသာ ပြုလုပ်နိုင်ခဲ့ပေမယ့် ဘာပဲဖြစ်ဖြစ် ပြီးသွားခဲ့ပါပြီ။


ဘောင်းဘီနဲ့ အဝတ်အစားတွေက ရေငုပ်အဝတ်အစားတွေ ဖြစ်ပြီး ပျော့ပျောင်းလွန်းတာကြောင့် ချွတ်လိုက်ကြသည်။ သူတို့ကို အမြှောင်းလေးတွေ ဖြတ်ပြီး ကြိုးနဲ့ချည်ကာ မက္ကဆီကို တောင်တက်သမားတွေလို ကြိုးကွင်းကိုလုပ်ပြီး တိုင်ပတ်ပတ်လည်မှာ ဝိုင်းထားလိုက်ကြသည်။ သူတို့သုံးယောက်က ကြိုးကို လမ်းကြောင်းသုံးသွယ်နဲ့ ဆန့်ပြီး အပေါ်ကို တက်လာခဲ့ကြ၏။


ဒီလမ်းကို ဘယ်လို တက်ရမလဲတော့ မသိဘူး။ တက်လိုက်တိုင်း သေချင်သလိုတောင် ခံစားလာရသည်။ ဖက်တီးမှာလည်း ပင်ပန်းလွန်းလို့ အော်ဟစ်လာခဲ့သည်။ 


"မင်းတို့နှစ်ယောက်က ဘာလိုက်လုပ်မှာလဲ? ငါတက်ပြီး တူးနေတာပဲလေ ဘာပဲဖြစ်ဖြစ် ရေကျရင် မင်းတို့က မျှောနိုင်​သေးတယ်.... အခု ဒီသားရေကြိုးက ငါ့ကို အသားတစ်ပိုင်း ဖြစ်အောင် ပြောင်းလုနီးပါး ဖြစ်နေပြီ... ရှောင်ဝူ မင်းငါ့အတွက် ဆင်းသွားလိုက်တာ ပိုကောင်းမယ် ထင်တယ်.... မဟုတ်ရင် ငါ မခံနိုင်တော့ဘူး"


"အဲဒီကို တကယ် တက်ချင်​နေတယ်လို့များ မင်းထင်လား? တကယ့်အခြေအနေကို မမြင်ရသေးလို့ မင်းကိုလည်း သွားမသေစေချင်​​​သေးဘူး... အပေါ်က ထပ်ခိုးရှိလား မသိဘူး....တကယ်လို့ ရှိရင် မင်း တစ်ယောက်တည်းရဲ့ ခန္ဓာကိုယ်နဲ့တင် တစ်ခန်းလုံးကို သဲထဲ မြှုပ်ပြီးသား ဖြစ်သွားလိမ့်မယ်"


အမှန်တိုင်း ပြောရရင် အုတ်ဂူနံရံမှာရှိတဲ့ သဲနုန်းအလွှာဟာ ဂူဖောက်မှုမှာ အသုံးအများဆုံး တိုင်းတာမှုတစ်ခုပင်။ အထက်မှာဖော်ပြခဲ့တဲ့အတိုင်း ထိရောက်မှုရှိသည်။ သဲနုန်းတွေ ချောချောမွေ့မွေ့ရှိတဲ့ အုတ်ဂူကြီးထဲကို ဝင်ချင်ရင်တော့ ပထမဆုံး အပေါက်ကိုဖွင့်ပြီး သဲနုန်းကို အရင် လွှတ်ထုတ်ရမည်။ တစ်ခါတစ်ရံမှာ နံရံကိုပိတ်ဖို့ ရက်ပေါင်းများစွာ ညပေါင်းများစွာ အချိန်ယူရပြီး ဒါက သဲနုန်းပမာဏဟာ တုန်လှုပ်စရာ ကောင်းနေတယ် ဆိုတာကို ပြသနေပါ၏။ ဒီသင်္ချိုင်းမှာ တကယ်တွေ့နိုင်ရင် တခြားနည်းလမ်း ရှာရမယ်။ သဲက အမြန်စီးဆင်းတာ မဟုတ်ပေမယ့် အက်ဆစ် ဒါမှမဟုတ် ရေနံဆီထက်တော့ ပိုဆိုးရင် ပိုဆိုးလိမ့်မယ်။


ဖက်တီးမှာ ဂူဖောက်လာတဲ့ ဒီလမ်းမှာ ကျရှုံးခဲ့တာ​တွေ များသောကြောင့် ဝူရှဲစကားက အမှန်ဖြစ်ကြောင်း သဘာဝကျကျ သိလိုက်သည်။ သူက ဝူရှဲကို ဆက်တွားသွားသင့်သည်ဟု ညွှန်ပြရန် သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။


ဝူရှဲ သွားတွေကို အံကြိတ်လိုက်ပြီး ထိပ်ကိုရောက်ဖို့ နာရီဝက်လောက် အချိန်ယူလိုက်ရသည်။ ဖက်တီးက မတ်တပ်ရပ်ရင်း မောပန်းလုနီးပါး ဖြစ်နေတဲ့ပုံစံနဲ့ တိုင်ကို ပွေ့ဖက်ထားတာ မလှုပ်မယှက် ဖြစ်နေသည်။ 


"မင်း ငါ့ကိုဒီအတိုင်း ပစ်ထားလိုက်တော့ ငါ မလုပ်နိုင်​တော့ဘူး" 


ဝူရှဲသူ့ကိုအရင် အသက် ရှုခိုင်းလိုက်ရင်း မိမိပါ သူ့ပေါ်ကို မှီထားလိုက်သည်။ အုတ်ခဲတွေကို ဖြတ်ဖို့ သူ့ကို အားကိုးရဦးမယ် မဟုတ်လား။ ဝူရှဲ မျက်နှာကျက်ထိပ်ကို အစမ်းသဘောနဲ့ သေချာ ခေါက်ကြည့်လိုက်တော့ မျက်နှာသေက သူ့ကိုမရပ်ဖို့ အချက်ပြလာ၏။ ထို့နောက် မျက်နှာသေ သူ့လက်ချောင်းနဲ့ ထိုအပေါ်ကနေ ခံစားကြည့်ပြီးနောက် ပြောလာခဲ့သည်။ 


"ခိုင်တယ်!"


ဖက်တီးလည်း ထိုစကားကို ကြားပြီးနောက်တွင် သူတကယ်ပင် ငြိမ်မခံဝံ့တော့ပေ။ သူက စကားတစ်ခွန်းမှ မပြောဘဲ အပေါ်ထပ်ရှိ အဖြူရောင်အင်္ဂတေကို ရိုက်ချလိုက်သည်။ သူ အားကို အလွန်အကျွံ မသုံးဝံ့ပေ။ အကြောင်းမှာ ကြိုးက မခိုင်တာကြောင့် ပြုတ်ကျသွားရင် မသန်မစွမ်း မဖြစ်ရင်တောင် ဒဏ်ရာအပြင်းအထန် ရသွားလိမ့်မည်။ 


ဝူရှဲတို့အားလုံး လက်ကိုဆန့်ပြီးသူ့ပုခုံးပေါ် တင်ထားကြသည်။ တကယ်လို့ ကြိုးပြတ်သွားရင် သူ့ကိုဆွဲထုတ်ပြီး ဆယ်မီတာ အမြင့်ကနေ ပြုတ်ကျမသွားဖို့ တားဆီးနိုင်မှာပဲ ဖြစ်သည်။ သို့သော် သူသည် ချွေးများ တဒီးဒီး စီးကျနေပြီး လဲကျသွားပါက ကြိုးစားလျှင်ပင် ဖမ်းနိုင်မည် မဟုတ်ပေ။


အဖြူရောင် အင်္ဂတေမြေက အရမ်းကြွပ်ဆတ်သည်။ ​​ဖက်တီး ကြိမ်ဖန်များစွာ ခုတ်ထစ်ပြီးနောက် အုတ်ခဲတွေကို ဖောက်ထုတ်လိုက်ကာ အထဲမှ စိမ်းပြာရောင် အုတ်ခဲတွေကို ထုတ်ဖော်လိုက်၏။ ဖက်တီး ရုတ်တရက် ထအော်လိုက်ကာ ဝူရှဲကိုပါ ထိုအုတ်အပေါ် ကိုင်ခိုင်းလိုက်သည်။ ဝူရှဲ လက်နဲ့ထိလိုက်တဲ့ အခိုက် ဆွံ့အသွားတော့သည်။ 


ဤအုတ်များ ကြားတွင် သံထည်များကို အမှန်တကယ် သွန်းလောင်းထားခဲ့လေ၏။