(43)
Viewers 14k

ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (volume 1)

Author -南派三叔 (nan pai san shu)

translater - Hninthawethadar

ဒေါသပင်လယ်၌ မြုပ်နေသောသဲ


Chapter (43)

ဖောက်ခွဲရေးပစ္စည်း



သူတို့သုံးယောက်သား မျက်နှာမှာ အကျည်းတန်တဲ့ အမူအရာတွေနဲ့ တစ်ယောက်ကို တစ်ယောက် ကြည့်နေကြလေ၏။


အုတ်များကို သံရည်ဖြင့် လောင်းပြီးပါက ယနေ့ခေတ် အားဖြည့်ကွန်ကရစ်ကဲ့သို့ ဖြစ်လာမည်ဖြစ်သည်။ သံတူကြီးကြီး တစ်လုံးပေးလျှင်လည်း အထောက်အကူ ဖြစ်မည် မဟုတ်ရာ လက်ရှိ အခြေအနေဆို စကားထဲ ထည့်ပြောစရာတောင် မလိုတော့ပေ။ 


ဒီအထက်တွင် အနည်းဆုံး အလွှာခုနစ်လွှာခန့် ရှိပြီး ၎င်းတို့သည် တစ်ခုနှင့်တစ်ခု ပြန့်ကျဲနေ၍ ခေတ်မီစက်ကိရိယာများ မပါဘဲ ဤနေရာကို တူးဖော်ရန် မဖြစ်နိုင်သလောက်ပင်။


ဝူရှဲ စိတ်ဆိုးချင်လာသည်။ ဒီအလွှာတွေကို ထည့်မစဉ်းစားမိတဲ့ ကိုယ့်ကိုကိုယ်လည်း အပြစ်တင်မိသည်။ ပြားချပ်​နေတဲ့ အမိုးတွေက ကြွေပြားတွေလို မဟုတ်ချေ။ ဖိအားကို ခံနိုင်ရည်ရှိဖို့ အပေါ်ကနေ အုတ်တွေကို တစ်ခုခုနဲ့ အားဖြည့်ထားရသည်။ မင်မင်းဆက် သင်္ချိုင်းမှာ ရှိတဲ့ အရာတွေ အားလုံးက ဘာမှမလုပ်ဆောင်နိုင်ချေ။ သံသွန်းနဲ့ ရောထားတဲ့ စာရွက်ပေါ်မှာ စကားပြောဖို့ ခြေသုံးချောင်း ကြောင်တစ်ကောင်ရဲ့ တည်ဆောက်မှု အသိပညာကို သူ့ခမျာ အားကိုးပြီး တံတွေးထွေး ပစ်လိုက်တာ အခု နောက်ဆုံးတော့ ဒုက္ခရောက်လေပြီ။ 


ထိုအခိုက်တွင် ဖက်တီးက ဝူရှဲကို ကြည့်ပြီး ပြောလာခဲ့သည်။ 


"ရဲဘော် ဗိသုကာဆရာရေ... အခု ငါတို့ ဘာလုပ်ကြမလဲ? အကြံတစ်ခုလောက် ပေးပါဦး" 


"ငါတို့ဘာလုပ်ကြမလဲ? မြင်းသေတစ်ကောင်ကို အသက်ရှင်​နေတဲ့ မြင်းတစ်ကောင်လို ဆက်ဆံကြည့်ရတာပေါ့.... ဒီကောင်ကို အရင်ဖယ်လိုက် ကြရအောင်" 


ဝူရှဲမှာ ကံစမ်းချင်သေးပြီး 


"နှစ်ရာကျော် ကြာခဲ့တဲ့ ဒီအရာကြီးက အရမ်းသန်မာနေဦးမယ်လို့ ငါကတော့ မယုံဘူး"


ဖက်တီးက ထိတ်လန့်မှုမရှိတဲ့ ဝူရှဲမျက်နှာကို ကြည့်လိုက်သည်။ သူက သိပ်ပြဿနာ မရှိလောက်ဘူး ထင်ကာ အုတ်များကို သွားရိုက်ပစ်လိုက်သည်။ အုတ်ခဲများက ကွဲလွယ်သော်လည်း အုတ်ခဲများ ကျိုးပြီးနောက် သံတုံးများက ရှိနေတုန်းပဲ ဆိုတာကို တွေ့လိုက်ရသည်။ ဖက်တီး သူတို့ကို ပြင်းပြင်းထန်ထန် ရိုက်ပေမယ့် အဲဒီအပေါ်မှာ အမှတ်အသား နည်းနည်းပဲ ချန်ထားခဲ့နိုင်တာကြောင့် သူက မဖြစ်မှန်းသိသွားပြီး ဝူရှဲဘက်ကို လှည့်ပြောလာခဲ့သည်။ 


"မရဘူး... သံပြားတွေက လက်ဖဝါးလောက်ထူတယ်... ထရပ်ကား မောင်းလာရင်တောင် သူတို့ကိုကျော်နိုင်မှာ မဟုတ်ဘူး"


ဝူရှဲ ကြိမ်ဖန်များစွာ ခေါက်ကြည့်လိုက်တော့လည်း တစ်ကိုယ်လုံး ထုံကျင်သွားသည်။ ဤအရာသည် ရက်စက်ကြမ်းကြုတ်စွာ မဖြေရှင်းနိုင်သော အရာဖြစ်ကြောင်း သိလိုက်ရပြီး ဝူရှဲ ထိန်းမနိုင်သိမ်းမရ စိတ်ပျက်အားလျော့သွားသည်။


"ကြည့်ရတာ ငါတို့ရှေးခေတ်က ပစ္စည်းတွေနဲ့ ဆောက်လုပ်ရေးကို အထင်သေးမိသွားပုံပဲ... ဒီသံတုံးတွေရဲ့ သန့်စင်မှုက အရမ်းကောင်းတယ် လုံးဝ မရိုက်နိုင်လောက်ဘူး"


ဖက်တီး - "ကြိတ်ရင်ရော ကြိတ်ရင်ရော... မင်း လုံလုံလောက်လောက် အလုပ်ကြိုးစားရင် သံကျည်ပွေ့ကိုတောင် အပ်ဖြစ်သွားအောင် ကြိတ်လို့ရတယ်လို့ ရှေးလူကြီးတွေက မပြောခဲ့ဘူးလား?"


"တော်လိုက်တော့... မင်းက ဒီလောက်ထူထဲတဲ့ သံတုံးတစ်တုံးကို နှစ်ကုန်တဲ့အထိ ကြိတ်ချင်နေတာလား? ​​ဒီရေက မိနစ်နှစ်ဆယ်အတွင်း လျှောကျလာလိမ့်မယ် ကြိတ်ပြီးတာနဲ့ ငါတို့အားလုံး ရေအောက် ရောက်သွားလောက်ပြီ"


ဖက်တီးလည်း ဒေါသတကြီးနှင့် လေးနက်စွာ ဆိုလာခဲ့သည်။ 


“ဒါဆို ငါတို့ ဘာလုပ်သင့်တယ် ထင်လဲ? အဲဒီမိန်းမပြောခဲ့တာ မကြားဘူးလား? လေရာသီက မကြာခင် ဒီနေရာကို ရောက်တော့မှာ... အနည်းဆုံး တစ်ပတ်လောက်တော့ ကြာလိမ့်မယ်... အခုထွက်မသွားရင် ငါတို့ဒီမှာ ခုနစ်ရက်လောက် နေရလိမ့်မယ်... ခုနှစ်ရက်.... ငလူးတဲ့မှ ငါတို့ အသက်ရှူကြပ်ပြီး မသေရင်တောင် ငတ်ပြီး သေလိမ့်မယ်" 


ပြဿနာရဲ့ လေးနက်မှုကို သိတာကြောင့်။


"မင်းတို့မှာ ငါ့ထက် ဒီနယ်ပယ်မှာ အတွေ့အကြုံတွေ အများကြီး ရှိတယ်... ပုံမှန်အချိန်တွေမှာ ဒီလိုသင်္ချိုင်းနံရံကို တွေ့ရင် မင်းတို့ ဘယ်လိုလုပ်မလဲ?"


ဖက်တီးနှင့် မျက်နှာသေသည် ၎င်းကိုပင် သိပ်ကြာကြာတောင် မစဉ်းစားဘဲ ပြောလာခဲ့သည်။ 


"ပေါက်ကွဲပစ္စည်း!"


ဖက်တီးက အံသြသွားတဲ့ ဝူရှဲကို ကြည့်ကာ 


“မအံ့သြပါနဲ့... ဒီလိုနံရံမျိုးက မင်းထင်ထားတာထက် ပိုသန်မာတယ် ဒီလိုသံမျိုးကို သွန်းလောင်းလေ့ရှိတဲ့ နံရံရဲ့ အောက်ခြေမှာ အပေါက်တွေကို လုပ်ရမယ်ဆိုရင် တစ်ခုတည်းသော နည်းလမ်းက ဖောက်ခွဲရေး ပစ္စည်းတွေကို သုံးဖို့ပဲ”


ဒီစကားကြားတော့ ဝူရှဲ စိတ်ပျက်မိသွားသည်။ သူပြောနေတာတွေကို သူလည်း နားလည်ပါ၏။ သို့သော်လည်း ဒီလို နှစ်ရာချီသက်တမ်းရှိတဲ့ ရှေးဟောင်းသင်္ချိုင်းမှာ ဖောက်ခွဲရေးပစ္စည်းတွေယူဖို့ ဘယ်မှာ သွားယူရမလဲ။ အဲဒါကို တွေးကြည့်တော့ နောင်တရလို့ မဆုံးဘူး ဖြစ်သွားပြန်၏။ ရေထဲမဆင်းခင်က အားနင်ဟာ အဲဒီပစ္စည်းတွေ ယူသွားမလားလို့ မေးခဲ့ပေမယ့် သူငြင်းခဲ့သည်။ အကြောင်းမှာ ဘုရင်လုရဲ့ နန်းတော်က ဗုံးပေါက်ကွဲမှုကို သူအရမ်းကြီး ခံနိုင်ရည် မရှိသေးလို့ပင်။ အဲဒီအချိန်တုန်းက ဦးလေးသုံးသာ ရှိခဲ့ရင် သူနဲ့အတူ သေချာပေါက် ယူလာလိမ့်မည်။


အခုပြန်တွေးကြည့်တော့ အဲဒီတုန်းက စိတ်ကူးက ကလေးဆန်လွန်းတာကို တွေ့လိုက်ရသည်။ ဒီအထက်ကနေ ရုန်းထွက်ဖို့ မျှော်လင့်ချက် မရှိဘူးလို့ မြင်မိတဲ့အတွက် လက်လျှော့လိုက်ရ၏။


"ဒီနည်းလမ်းက အလုပ်မဖြစ်ဘူး ထင်တယ်...ငါတို့ ရေရှည်အတွက် စဉ်းစားရအောင်"


"မင်းဘာကို စောင့်နေသေးတာလဲ? ငါတို့မှာ မိနစ်နှစ်ဆယ်ပဲ ကျန်တော့တယ်... တကယ်လို့ အဆင်မပြေရင် ငါတို့ရောက်လာတဲ့ လမ်းအတိုင်း ပြန်သွား​ရအောင်... ပြောလို့မရဘူး ရေငုပ် ပစ္စည်းတွေ ပြန်ရောက်နေနိုင်တယ်"


ဂူလမ်းရှိတဲ့ တွင်းထဲကို ထပ်မဝင်ချင်ပေမယ့် အခုမှ တခြားနည်းလမ်းက မရှိတော့ပေ။ ဒီလိုနည်းနဲ့ ဂူလမ်းထဲက သရဲမကို ပြန်ရင်ဆိုင်ဖို့ ပြန်တွေးကြည့်ရင်း တကယ်ကို ခေါင်းကိုက်စရာ ကောင်းလှသည်။


ထိုအချိန်တွင် မျက်နှာသေက ရုတ်တရက် ပြောလာခဲ့သည်။


"ခဏနေဦး... မင်းတို့တွေ ဒီမှာနေပြီး မလှုပ်ရှားနဲ့ တစ်နေရာရာမှာ ဖောက်ခွဲရေး ပစ္စည်းတွေ ရှိမယ်ထင်တယ်!"


သူတို့ မတုံ့ပြန်ခင်မှာ သူက ကြိုးကို ရုတ်တရက် လွှတ်လိုက်ပြီး တိုင်ပေါ်က လျှောဆင်းသွားတော့သည်။ ဖက်တီးက သူ့မျက်နှာပေါ်က စိတ်ရှုပ်သွားတဲ့ အကြည့်နဲ့ ဝူရှဲဘက်ကို ကြည့်လာစဥ် ဝူရှဲမှာလည်း ခေါင်းခါပြပြီး မသိကြောင်း ပြလိုက်သည်။


မျက်နှာသေသည် လေးနက်သော ကိုယ်ရည်ကိုယ်သွေးရှိပြီး ဟာသလုပ်မယ့်လူ မဟုတ်ပေ။ သို့ပေမယ့် ဤနေရာတွင် ပေါက်ကွဲစေတတ်သော ပစ္စည်းများ အမှန်တကယ် ရှိနေမယ်လို့ စိတ်ကူးယဉ်​ကြည့်လို့ပင် မရနိုင်ပေ။ သူကအခု သူတို့လိုပဲ အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ ဖြစ်နေပြီ။ ပစ္စည်းတစ်ခုကို တစ်နေရာရာတွင် ဝှက်ထားနိုင်မည် မဟုတ်ပေ။ 


ဝူရှဲ သူ့ကို စိုက်ကြည့်ရင်း သူသည် ကောင်းကင်နန်းတော် အခန်းအလယ်က ကျောက်ပြားပေါ်ကို ခုန်ပျံ တက်သွားတာကို တွေ့လိုက်ရလေ၏။ သူ့ဓာတ်မီး အလင်းရောင်ကို ကြည့်လိုက်တော့ ကျောက်ပြားရဲ့ အလယ်ဗဟိုမှာရှိတဲ့ တရားထိုင်နေတဲ့ မံမီရှေ့မှာ ထိုင်နေပြီး တစ်ခုခုကို ကိုင်ကြည့်နေတာ တွေ့လိုက်ရသည်။ 


ဒီအလောင်းဟာ သူပြောခဲ့တဲ့ ထိုင်နေတဲ့ ရွှေရုပ်အလောင်း ဖြစ်နိုင်ပေမယ့် အဲဒီမှာ သူဘာကို ရှာနေလဲတော့ မသိဘူး။ တွေးနေတုန်း ရုတ်တရက် တစ်ခုခုကို သဘောပေါက်သွားခဲ့သည်။ 


ထိုအချိန်တွင် မျက်နှာသေက အလောင်းတစ်ခုလုံးကို ဂရုတစိုက် မြှောက်လိုက်သည်။ ခြောက်နေသော အလောင်းကောင်များသည် အရိုးရှိနေသော အလောင်းတွေရဲ့ အရိုးအလေးချိန် နီးပါး​လောက်သာရှိ၍ အားအများကြီး စိုက်ထုတ်စရာ မလိုပေ။ ထိုအခိုက် ဖက်တီး ဝူရှဲကို လှည့်မေးလိုက်သည်။  


“သူ ဘာလုပ်နေတာလဲ?” 


"ငါလည်း ဒီအတိုင်း ခန့်မှန်းကြည့်တာ အဲဒီအလောင်းရဲ့ ကိုယ်ထဲမှာ ရတနာရှစ်ပါးရဟတ်လို ပစ်ခတ်တဲ့ ယန္တရားတစ်ခု ရှိကောင်းရှိနိုင်တယ် ဒါမှမဟုတ် အတွင်းမှာ ပေါက်ကွဲစေနိုင်တဲ့ ပစ္စည်းတွေလည်း ရှိ​နေနိုင်တယ်... အဲဒါက အလောင်းကို တိုက်ရိုက် ဖောက်ခွဲပစ်နိုင်တယ်"


ထိုစကားကို ကြားသောအခါ ဖက်တီးတစ်ယောက် အံ့အားသင့်သွားပြီး


“ဒီလိုကိစ္စကို သူဘယ်လိုလုပ် သိ​နေတာလဲ”


“လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်က ဒီခန္ဓာကိုယ်ကို သူထိလိုက်တဲ့ အဲဒီ့အချိန်ကတည်းက သိနေတာ ဖြစ်နိုင်တယ်... သူအစောက 'ဖြစ်နိုင်တယ်' လို့ပဲ ပြောခဲ့တယ်... သူကိုယ်တိုင်လည်း မသေချာဘူးလို့ ဆိုလိုတာပဲ ဖောက်ခွဲရေး ပစ္စည်းတွေက အနှစ်တစ်ရာလောက် ကြာသွားပြီဆိုတော့ အလုပ်​ဖြစ်မဖြစ် မသိသေးတာ”


သူပြောနေတုန်း မျက်နှာသေက မံမီကို တိုင်အောက်အထိ ရွှေ့လာပြီး 


"ဆင်းလာပြီး တစ်ချက်လောက် ကူညီပေး!" 


ဖက်တီးတစ်ယောက်က ဆင်းရဖို့က ပင်ပန်းလွန်းတာကို မြင်တော့ သူ့ကိုတစ်ယောက်တည်း ထားခဲ့ပြီး ဝူရှဲ ကိုယ့်ဘာသာကိုယ် ပြန်ဆင်းလာခဲ့သည်။ မျက်နှာသေက မံမီကို ဝူရှဲ ကျောပေါ်တင်ပြီး ကြိုးနဲ့ချည်ပြီး 


“လုံးဝ မရိုက်မိစေနဲ့ အထဲမှာ ယန္တရားရှိနေရင် အသက် ဝင်သွားလိမ့်မယ်”


ဒီရွှေရောင်ကိုယ်ထည်ကို အနီးကပ် မြင်လိုက်ရတော့ မျက်နှာသေ ခုနက ပြောခဲ့သလို လက်တွေ့မကျဘူးလို့ ခံစားလာရသည်။ တစ်ကိုယ်လုံးက အနက်ရောင် ဖြစ်​နေပြီ။ အနက်ရောင်ကိုမှ တောက်ပြောင်နေသလိုပင်။ ၎င်းက ချောမွတ်သော ပစ္စည်းတစ်မျိုး​ဖြင့် ထွင်းထုထားပုံရသည်။ အထူးသဖြင့် ၎င်းရဲ့ နှုတ်ခမ်းက ပြုံးနေသော်လည်း အပြုံးမဟုတ်သည့် အတိုင်း နှုတ်ခမ်းထောင့်ရှိ ကြွက်သားများ နစ်မြုပ်နေသလို ရှိရာ ဒီအလောင်းဟာ ဘုန်းကြီးကျောင်းမှာတွေ့ဖူးတဲ့ ဘုန်းကြီးတွေရဲ့ အလောင်းနဲ့ လုံးဝမတူနေချေ။ 


ဝူရှဲ တကယ်ကို မထိဝံ့တော့ဘဲ မျက်နှာသေဘက်ကို လှည့်ကာ မေးလိုက်သည်။


"ဒီခန္ဓာကိုယ်မှာ ဘာအမှားအယွင်းမှ မရှိတာ သေချာလား? သူ့မှာ လှည့်ကွက်တွေ စွပ်ထားသလို ခံစားနေရတယ်.... သူ့အမူအရာကို ကြည့်လိုက်တော့ သူက ဘာလို့ ဒီလိုမျိုး.... ဖြစ်နေရတာလဲ?"


"မိစ္ဆာလား.... ငါလည်း သိပ်နားမလည်ဘူး ဒီအလောင်းက လူတွေကို စိတ်မသက်မသာ ဖြစ်စေတယ် ​​ဒါပေမဲ့ ခန်းခြောက်သွားပြီ.... အလောင်းကောင် ပြန်မပြောင်းလဲနိုင်​တော့ဘူး"


ဝူရှဲလည်း ခေါင်းညိတ်ကာ အေးစက်နေသော ချွေးများကို သုတ်လိုက်သည်။ 


"ကောင်းပြီ ဒါဆို အထဲမှာ ဖောက်ခွဲရေးပစ္စည်းတွေ ရှိနေသေးတာ သေချာလား?" 


"ရတနာရှစ်ပါး ရဟတ်ကို သုံးနိုင်သရွေ့တော့ ဖောက်ခွဲတဲ့ ပစ္စည်းတွေကို သေချာပေါက် သုံးနိုင်မှာပါ... အခု ယန္တရားက နည်းနည်း ဟောင်းသွားမှာကိုပဲ ကြောက်ရတယ်"


ထိုအလောင်းကို သူ့ကျောပေါ် တင်ထားရတာ သိပ်တော့ အဆင်မပြေပေ။ အထူးသဖြင့် ၎င်းရဲ့လက်သည်း ရှည်ရှည်ကြီးတွေက သူ့ရှေ့တွင် ရောက်နေပြီး လက်သည်းများက ရှည်လျားကာ ကြောက်စရာ ကောင်းသည့်ပုံပေါက်နေ၏။ သူ့ခြေဖဝါးတွေ အနည်းငယ် ပျော့သွားတာကိုတောင် ခံစားလာရသည်။


ဝူရှဲ ရုတ်တရက် သူ့လိုမျိုး အလောင်းကို အနောက်ဖက်မှာ ထမ်းထားတဲ့ ဟူနန်ပြည်နယ်က အလောင်းတွေကို ဖယ်ထုတ်တဲ့ သမားတော်တွေအကြောင်း တွေးကြည့်မိလာသည်။ အလောင်းကို ကျောပေါ် တင်ထားပေမယ့် တခြားသူတွေက အထဲမှာ သုံးလွှာနဲ့ အပြင်မှာ သုံးထပ် ထုပ်ထားလို့ ပိုအဆင်ပြေနိုင်ပေမယ့် သူ့ပေါ်က အလောင်းက အဝတ်မပါသလို အသားပေါ် အသားနဲ့လည်း ဝတ်ဆင်ထားရာ ခြောက်သွေ့​နေတဲ့ အရေပြားကို ထိတွေ့နေရတဲ့ ခံစားချက်က အင်မတန် ကျောချမ်းစရာ ကောင်းလှသည်။ 


ဒါပေမဲ့ အခုချိန်မှာ ဘာမှ မတတ်နိုင်တော့ပေ။ ကံကောင်းထောက်မစွာနဲ့ အလင်းရောင်က ကောင်းနေသေးပြီး ရှင်းရှင်းလင်းလင်း မြင်နေရဆဲပင်။ ဝူရှဲ အရမ်း မတွေးနေတော်ဘဲ သွားတွေ အံကြိတ်ကာ အိတ်တစ်လုံးကို ကျောပေါ်တင်ထားသလို စဥ်းစားရင်း တစ်ဆင့်ပြီးတစ်ဆင့် တက်လိုက်သည်။ သူ့နောက်မှာ မျက်နှာသေက ကပ်လိုက်နေကာ ချော်လဲမသွားအောင် တားထားပေးသည်။ 


ငါးလှမ်း ခြောက်လှမ်းလောက် တက်ပြီးနောက် ရုတ်တရက် အလောင်းခြောက်ဆီက တစ်ခုခု မှား​နေသလို ခံစားလိုက်ရသည်။ သူ့ကျောကို အလောင်းအရေခွံနဲ့ ဖိမိထားတာကြောင့် အလောင်းက ရုတ်တရက်ကြီး ပိုကြီးလာသလိုမျိုး ခံစားလာရ၏။ ဝူရှဲ ရပ်ပြီး ဂရုတစိုက် ခံစား​ကြည့်ပေမယ့် ဘာမှထူးထူးခြားခြား မခံစားရချေ။ 


မျက်နှာသေကို ပြန်ကြည့်လိုက်တော့ သူကအောက်မှာ ရှိနေတုန်းပင်။ အလောင်း ခန္ဓာကိုယ်မှာ မူမမှန်တာရှိရင် သူချက်ချင်း မြင်နိုင်ပေမယ့် အခု သူဘာမှသတိ မထားမိသလို ဖြစ်နေသည်။ သူ အရမ်းစိုးရိမ်မိ​နေလို့လား?


ဒီလိုကြီးကျယ်ခ မ်းနားတဲ့ အလောင်းကို သယ်လာတာကြောင့် စိတ်ပူမိတာ အံ့သြစရာတော့ မလိုချေ။ စိတ်မပူတာကမှ ထူးဆန်းနေဦးမည်။ 


အဲဒါကို တွေးရင်းနဲ့ အပေါ်ထပ်က ဖက်တီးရဲ့ တိုက်တွန်းသံကို ကြားလိုက်ရတော့ ဆက်တက်ဖို့ကလွဲပြီး ရွေးချယ်စရာ မရှိတော့ပေ။ သူ့ခမျာ စိတ်ပူလွန်းလို့ ခြေထောက်တွေတောင် နည်းနည်း တုန်လှုပ်သွားသည်။ ဒီအခြေအနေကို အမြန်ဆုံး အဆုံးသတ်ချင်နေပြီ။ နှစ်ထစ် သုံးထစ်လောက် ဆက်တက်ပြီး နောက်ဆုံးတွင်တော့ ထိပ်ကို ရောက်သွားခဲ့သည်။


ဖက်တီးက မရေမတွက်နိုင်တဲ့ အလောင်းတွေကို မြင်ဖူးတယ်လို့ ပြောခဲ့ပေမယ့် ဒီအလောင်းကို တွေ့ပြီးတဲ့ နောက်မှာတော့ စိတ်မသက်မသာ ဖြစ်သွားတဲ့ အမူအရာကို ပြလာခဲ့ပါ၏။ အလောင်းကို ကြိုးနဲ့ ဆွဲချည်ထားလိုက်တဲ့ အခါက လက်သီးချက် ၂ ချက် ၃ ချက် အကွာအဝေးပဲ ရှိပါသေးသည်။ အခုက မျက်နှာဖုံးကြီး ဆွဲကပ်ထားသလိုမျိုးမို့ အဆင်မပြေ ဖြစ်လာစေသည်။ 


ဝူရှဲက ကျည်ဆံကို ကိုက်ပြီး ဖက်တီးကို ပြောလိုက်သည်။


"ဒါကို မျက်နှာကျက်ရဲ့ ထိပ်မှာ ချည်လိုက်... ပြီးရင် ချက်ချင်း ပြန်ဆင်းလာခဲ့... ဒီကနေ ကျည်နဲ့ ဖောက်ထုတ်ပစ်မယ် အတွင်းက ယန္တရားက လည်ပတ်နေသေးရင် ဘာပြဿနာမှ မဖြစ်လောက်ဘူး"


ဖက်တီး မျက်နှာကျက်ရဲ့ ထိပ်ကို ကြည့်လိုက်ကာ။


"မင်းငါ့ကို ဖြီးဖြန်းနေတာလား? ငါဘယ်လိုလုပ် သွားချည်ရမှာလဲ? သုံချွင်ရွေ့ဆီက သွားသင်ယူ​စေချင်​နေတာလား?"


ဝူရှဲ မော့ကြည့်လိုက်တော့ မျက်နှာကျက်ရဲ့ ထိပ်မှာ ချိတ်စရာ ဘာတစ်ခုမှ မရှိတာကို တွေ့လိုက်ရသည်။ ပေါက်ကွဲအားကို အပြည့်အဝ ထုတ်ချင်ရင်တော့ မျက်နှာရဲ့ထိပ်နဲ့ အလောင်း တစ်ကိုယ်လုံးကို တင်းတင်းကြပ်ကြပ် ဖိကပ်ထားမှ ရလိမ့်မည်။ ဒါက ပြဿနာတစ်ခုပင်။


အဲဒါကို တွေးပြီး ဝူရှဲလည်း


"အဆင်မပြေရင် ဒီတိုင်မှာ ချည်ထားလိုက်... မြန်မြန်လုပ်... အချိန်က ကုန်ခါနီးပြီ" 


ဖက်တီးက အလောင်းရဲ့ ခန္ဓာကိုယ်ကို ဂရုတစိုက်နဲ့ ဆွဲကိုင်ပြီး ဝှေ့ယမ်းကြည့်လိုက်သည်။ 


“ဟေး ထူးဆန်းလိုက်တာ ဒီခန္ဓာကိုယ်မှာ ဘာလို့ အမြီးပါ ရှိနေသေးတာလဲ?” 




[ TN - သုံချွင်ရွေ့က ပြည့်သူလွတ်မြောက်ရေး တပ်မတော်မှာ စစ်မှုထမ်းခဲ့ပြီး စစ်ပွဲမှာ သူ့ရဲဘော်တွေ တဘုန်းဘုန်း ကျဆုံးသွားတာကို ကြည့်ပြီး ဘန်ကာကို ဖောက်ခွဲပစ်ဖို့ ဗုံးတွေနဲ့အတူ သူ့အသက်ကို စတေးသွားတဲ့ လူပါတဲ့။ ၁၉၄၈ ခုနှစ် ၅ လပိုင်း ဖြစ်ပြီး အဲဒီတုန်းက အသက် ၁၉ လောက်ပဲ ရှိပါသေးတယ်တဲ့။ ဖက်တီးက သူ့ကိုယ်သူ စတေးပေးရမယ် ထင်နေတာ]