(41)
Viewers 14k

ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (volume 1)

Author -南派三叔 (nan pai san shu)

translater - Hninthawethadar

ဒေါသပင်လယ်၌ မြုပ်နေသောသဲ


Chapter (41)

သန္တာသစ်ပင်



မျက်နှာသေဆီက စကားသံ ထွက်လာသည်နှင့် တပြိုင်နက် အားနင်၏ အမူအရာသည် အလွန်မှိုင်းနေကာ ယခင်က ရွှင်လန်းသော အကြည့်နှင့် အလွန် ကွာခြားသွားတာကို သတိထားမိလိုက်သည်။ ခုတော့ မျက်နှာသေ သူမကို မြေကြီးပေါ်မှာ ချုပ်နှောင်ထားပေမယ့် ရုန်းကန်တာမရှိ စကားမပြောဘဲ ဒီကိစ္စက သူနဲ့ဘာမှမဆိုင်သလို ဝူရှဲတို့ကိုတောင် မကြည့်ချေ။


ဖက်တီးလည်း ဒါကိုကြည့်ပြီး ထူးဆန်းတယ်လို့ ထင်လာတာကြောင့် သူက ပြောလိုက်သည်။ 


"ထူးဆန်းလိုက်တာ... ငါသူ့ကို ပြင်းပြင်းထန်ထန် ကြိမ်းမောင်းတာတောင်မှ တုံ့ပြန် မလာဘူး.... သာမာန်ဆို ငါစကား နည်းနည်း လွန်သွားတာနဲ့ သူမငါ့ကို အ​သေကန်လိမ့်မယ်"


ဖက်တီးက လက်မနှေးတဲ့ကောင်မှန်း သိတာကြောင့် ဝူရှဲက ပြောလိုက်သည်။ 


"မင်းအစောက သူ့ကို ပြင်းပြင်းထန်ထန် ရိုက်ခဲ့တာလား? အခု စကားတောင် မပြောနိုင်တော့ဘူး... မင်း သူ့ကို အရမ်းရိုက်လိုက်လို့ သတိလစ်သွားတာ ထင်တယ်"


ဖက်တီးက ဒေါသတကြီးနဲ့ ပြန်ပြောလာ၏။


"မင်း ဒီမိုက်မဲတဲ့ မိန်းမကို ဒီလို မဆက်ဆံလို့ ရမှာလား? ငါအစောက သူ့ခြေထောက်ကို ကန်လိုက်တာ ညင်သာလွန်းလို့ အရာတောင် မရှိဘူး... မင်း မယုံရင် အစ်ကိုလေးကို မေးကြည့်လိုက်!"


မျက်နှာသေက သူတို့ ငြင်းခုံနေတာကို ရပ်ခိုင်းလိုက်ပြီး 


"မင်းတို့ စိတ်မပူနဲ့ သူမ အဆင်ပြေတယ်.. သူ့ပုံစံက သိပ်မရိုးရှင်းဘူး... ဖြစ်နိုင်တာက သူတစ်ခုခုကို နှိုးဆွလိုက်တာ ဖြစ်နိုင်တယ်" 


ပြောပြီး သူ့ရှေ့က လက်ကို ဝှေ့ယမ်းပြီး သူ့လက်ချောင်းများကို လက်ဖျောက် တီးလိုက်သော်လည်း အားနင်ဘက်က လုံးဝ မတုံ့ပြန်လာချေ။ ဖက်တီးက ခေါင်းကုတ်ပြီး 


"ဒီခွေးမ တစ်ခုခုကို မြင်ပြီး စိတ်ထဲက ထိတ်လန့်သွားတာများလား?"


"ဒီမိန်းကလေးက အရမ်းရက်စက်ပြီး ကိုယ်ခံပညာ ကျွမ်းကျင်လွန်းတယ်... သူငါ့ကို ဘယ်လို ဆက်ဆံတယ်ဆိုတာ မင်းမမြင်ဘူးလား? ဒီလိုလူက ဘယ်လိုလုပ် ထိတ်လန့်မှာလဲ? မင်းသူ့ဆီက လှည့်စားမခံရစေနဲ့ သူဒါ ဟန်ဆောင်နေတာလည်း ဖြစ်နိုင်တယ်" 


ထိုစကားကို ကြားသောအခါ ဖက်တီးလည်း သံသယဝင်လာပြီး 


"မှန်တယ်!! မိန်းမတွေက အဆိပ်ပြင်းတဲ့ နှလုံးသားတွေ ရှိတယ်... ငါတို့ သတိထားသင့်တယ် တစ်ချက်လောက် ပါးရိုက်ပြီး ဘယ်လိုတုံ့ပြန်မလဲ ကြည့်ရအောင်... ဒီမိန်းမက အရမ်းသန်မာတယ် သူ့ကို ပါးရိုက်လိုက်ကြရအောင်.... ကြေးဝါခေါင်း၊ သံလက်မောင်းနဲ့ ဖြူစင်ပြီး ကြမ်းတမ်းတဲ့ မိန်းမမျိုး ဖြစ်​နေပါစေ အရိုက်ခံရရင်တော့ တုံ့ပြန်လာမှာပါ"


သူဘာတွေ လုပ်ချင်နေလဲ သိတာကြောင့် ဝူရှဲက ဝင်၍


"ရပ်တော့.. မင်း တော်လှန်ရေး ဇာတ်ကားတွေ အများကြီး ကြည့်ဖူးပါတယ်... ကူမင်တန် အေးဂျင့်တစ်ယောက်လို ဖြစ်ချင်နေတာလား? သူမ ဒီလိုဖြစ်နေတာကို မြင်တာတောင် မင်းက လုပ်ဦးမလို့လား?"


ဖက်တီးသည် သူ၏လက်ဖဝါးကြီးများကို မြှောက်ကာ အားနင်၏ မျက်နှာလေးကို ပုံဆောင်ကာ နှစ်ကြိမ်တိုင်တိုင် ပွတ်ဆွဲလိုက်သည်။ သူတကယ် မလုပ်နိုင်ခဲ့တာကို တွေ့သောအခါ ကျေနပ်စွာနဲ့ ပြောခဲ့သည်။


"ဖက်တီးငါ မိန်းမတွေကို တစ်ခါမှ မရိုက်ခဲ့ဖူးတာ နှမြောစရာပဲ...ဒါဆို ဘာလုပ်ရမလဲ မင်းပြောကြည့်"


ဝူရှဲလည်း သူမနဲ့ အချိန်အများကြီး မဖြုန်းခဲ့ဖူးချေ။ ဒါကြောင့် အခု သူမရဲ့လုပ်ရပ်က ဟန်ဆောင်နေသလား ဆိုတာကို မပြောနိုင်သေးပေ။ ဒါနဲ့။


“ဒီကိစ္စကို လောလောဆယ်တော့ ပြောလို့ မရ​သေးဘူး.... ငါတို့သူ့ကို ကြိုးချည်ပြီး အရင်ချုပ်ထားသင့်တယ်လို့ ထင်တယ် အပြင်ရောက်ရင် ရဲကို တိုက်ရိုက်ဖုန်းဆက်ပြီး ဒီကိစ္စကို ကိုင်တွယ်ခွင့် ပေးလိုက်မယ်”


ထိုအခါ ဖက်တီးက ဒေါသတကြီးနဲ့ 


"မင်းတကယ် တုံးနေတာလား ဒါမှမဟုတ် ငတုံးလို ဟန်ဆောင်နေတာလား? ငါတို့ရဲ့သုံးယောက်က ဂူဖောက်နေတာနော်... ဂူဖောက်တာ ဘာလဲ မင်းသိလား? မင်းက ရဲလက်ထဲကို အပ်ဦးမယ်ပေါ့? မင်းခေါင်းကို ဝက်ကန်သွားတာလား?"


ဝူရှဲ တကယ် စိတ်ရှုပ်သွားသည်။ ဖက်တီး အဲ့ဒါကို ပြောနေတုန်း သူတကယ် ရိုက်ချင်နေသလိုပင်။ သူကတော့ စိတ်တွေ မထိန်းနိုင်သေးဘဲ သူ့ကိုယ်သူ ရှေးဟောင်းပစ္စည်း ရောင်းတဲ့ သူဌေးတစ်ယောက်လို့ ထင်နေတုန်းပင်။ ထပ်ပြီး ကုပ်ကုပ်က 


"ငါအရင်က ဂူသင်္ချိုင်းထဲကို ခဏခဏ မဝင်ဖူးတော့ ငါ့ကိုယ်ငါ နိုင်ငံသားကောင်း တစ်ယောက်လို့ အမြဲထင်နေခဲ့တာ.. အခက်အခဲတွေ ကြုံလာတဲ့အခါ ရဲတွေဆီ ချဉ်းကပ်လေ့ ရှိတယ်လေ... အစောက နည်းနည်း လန့်သွားတာနဲ့ ပြောထွက်သွားတာ"


ဖက်တီးက သူ့လက်ကိုဝှေ့ယမ်းပြီး 


"ထားလိုက်တော့ မင်းမှာလည်း ဘာနည်းလမ်းကောင်းမှ ရှိမယ် မထင်ဘူး..... ဒီအစ်ကိုလေးကိုပဲ ကြည့်လိုက်ရအောင်.... "


ဝူရှဲ သူပြောတာကို ဒေါသမထွက်ဘဲ မျက်နှာသေဘက်ကို လှည့်ကြည့်လိုက်သည်။ သူက အားနင်ရဲ့ မျက်လုံးထဲကို ဓာတ်မီးနဲ့ ထိုးကြည့်ပြီးနောက် သူတို့ဘက်ကို ခေါင်းလှည့်ကြည့်လာသည်။ 


“ငြင်းစရာ မလိုပါဘူး... သူ့သူအိမ်ငယ်တွေက မှိုင်းနေပြီး တုံ့ပြန်မှုက အရမ်းနှေးတယ်... သူမက ကြောက်တာထက် ပိုဆိုးနိုင်တဲ့ တစ်ခုခုကို တွေ့လာတာ ဖြစ်မယ်... ဟန်ဆောင်နေတာ မဖြစ်နိုင်ဘူး"


သူက အရမ်းယုံကြည်မှု ရှိပုံရပြီး သံသယဖြစ်စရာ အကြောင်းမရှိဘူးလို့ မြင်ရတာကြောင့် ဝူရှဲလည်း မေးလိုက်သည်။ 


"ဘယ်လိုဖြစ်တာလဲ ပြောပြနိုင်မလား?" 


မျက်နှာသေက သူ့ခေါင်းကို ခါယမ်းလိုက်ပြီး 


"ငါဒီအကြောင်းကို နည်းနည်းပဲ သိတယ်.. ငါကိုယ်တိုင် စစ်ဆေးမှု အတွင်းမှာ ကြားခဲ့ရတာ.... နောက်ထပ် ဘာဖြစ်မလဲ စီရင်ချက် ချချင်ရင်တော့ ဘာမှ လုပ်လို့မရဘူး... သူမဆီက အချက်အလက်တွေကို ရဖို့ဆိုရင် ကျွမ်းကျင်တဲ့ ဆေးရုံကို သွားရမယ်"


အရင်က ဒီမိန်းက​လေးရဲ့ ရွှင်မြူးတတ်တဲ့ အသွင်အပြင်ကို တွေးပြီး သက်ပြင်းတွေ ချလိုက်သည်။ 


"ကောင်းပြီ... ခဏလောက် အထိတော့ ဘာမှားသွားမှန်း မသိနိုင်သေးဘူး... ဒီမှာအဲဒါကို ဆက်မတွေးကြည့်ဘဲ သူ့ကို အရင်ထုတ်ပြီးမှ ဆက်ပြောရအောင်"


ဤအဆိုပြုချက်ကို ဘယ်သူမှ ကန့်ကွက်ခြင်း မရှိပေ။ အတည်ပြုပြီးသည်နှင့် ဖက်တီးက မျက်နှာသေအား 


"ဒါဆို အဲ့လိုပဲ လုပ်လိုက်ရအောင်... နောက်ကျတဲ့အထိ မစောင့်နေနဲ့တော့... ဒီနေရာက သိပ်မမိုက်ဘူး... နည်းနည်းလောက် ကြည့်ပြီး ဘာမှမရှိဘူး ဆိုရင် မြန်မြန်ထွက်ရအောင်"


အစက ဝူရှဲ သူဘယ်ရောက်နေလဲ မေ့နေခဲ့၏။ ဖက်ဆီးပြောပြီးတာနဲ့ သူ ချက်ချင်းကို ပတ်ဝန်းကျင်က အေးတိအေးစက် အငွေ့အသက်တွေကို ခံစားလာရပြီး ချက်ချင်းထွက်သွားချင်လာသည်။ ဒါပေမဲ့ သူတို့နှစ်ယောက်လုံးမှာ သူတို့ရဲ့ ရည်ရွယ်ချက်တွေ ရှိနေသလို ပြောပြဖို့ကလည်း ခက်တဲ့အတွက် ဝူရှဲ နားလည်စွာပဲ ခေါင်းညိတ်လိုက်သည်။


ဖက်တီး ချက်ချင်းလှည့်ပြီး တွင်းနက်ထဲကို ဓာတ်မီးနဲ့ ထိုး​ကြည့်လိုက်သည်။ သူ့ဓာတ်မီး အလင်းရောင် အတိုင်း လိုက်ကြည့်တော့ အပေါက်က သိပ်မရှည်တာကို တွေ့လိုက်ရ၏။ သို့သော် ဓာတ်မီးရဲ့ ထိုးဖောက် ဝင်ရောက်နိုင်မှုက မလုံလောက်တာကြောင့် ကောက်ကြောင်းတစ်ခုကိုသာ ပြသနိုင်သည်။


သူ့မျက်လုံးတွေက ဖက်တီးတို့လောက် မကောင်းတော့ အထဲမှာ ဘာတွေရှိနေလဲ မသိချေ။ အခုသူဘာမှ မမြင်နိုင်တော့ဘူးလို့ ခံစားနေရတာကြောင့် ဆက်ကြည့်မယ့် အကြံအစည်ကို မြန်မြန် စွန့်လွှတ်သင့်တယ်လို့ ထင်သည်။ သူဒီနေရာမှာ မိနစ်ပိုင်း​လေး​တောင် မနေချင်တော့ဘူး။ 


ဖက်တီးက အနီးကပ် လှမ်းကြည့်ကာ တစ်စုံတစ်ခုကို မြင်လိုက်ရသလို ရုတ်တရက် မျက်မှောင်ကြုတ်သွားသည်။ ဝူရှဲ သူ့အကြည့်တွေအတိုင်း လှမ်းကြည့်လိုက်ပေမယ့် ဘာမှမမြင်ရပေ။ 


“မင်းတို့နှစ်ယောက်... အတွင်းဆုံးကို ကြည့်လိုက် သစ်ပင်တစ်ပင်လားလို့” 


ဖက်တီးဆီက တိုးတိုးလေး ပြောတာကို ကြားလိုက်ရသည်။


"အာ....." ဝူရှဲ ကြောင်အသွားကာ။


"ရှေးဟောင်း ဂူသင်္ချိုင်းထဲမှာ သစ်ပင်တစ်ပင်က ဘယ်လိုလုပ် ရှိနိုင်မှာလဲ? ဒီမှာ နေရောင်မရှိဘူး ဘယ်သူမှ ရေလောင်းမှာလည်း မဟုတ်ဘူးလေ... သစ်ပင်တစ်ပင် ရှိရင်တောင် ပုပ်သွားလောက်ပြီ"


ဖက်တီးမှာ အကြာကြီး စိုက်ကြည့်ပြီး သူကိုယ်တိုင်လည်း သေချာမသိတာကြောင့် ဝူရှဲကို ခန့်မှန်းကြည့်ဖို့ အခိုင်အမာ ပြောလာခဲ့သည်။ သူ့ဆန္ဒကို နာခံဖို့ကလွဲပြီး ရွေးချယ်စရာ မရှိပေမယ့် ရှင်းရှင်းလင်းလင်း မမြင်နိုင်တော့တဲ့ မျက်လုံးတွေကို အကျယ်ကြီး ဖွင့်လိုက်တော့ အကိုင်းအခက်လို တစ်ခုခုကို ဖျတ်ခနဲ မြင်လိုက်ရတော့သည်။ ကောက်ကြောင်းက တော်တော်ထင်သာပေမယ့် အဲဒါက ဘာလဲဆိုတာတော့ သေချာမသိနိုင်ချေ။ 


"ရှင်းရှင်းလင်းလင်း မမြင်ရဘူး ဒါပေမယ့် သစ်ပင် မဟုတ်တာတော့ သေချာတယ် "


ဖက်တီးက ထပ်၍ ပြောလိုက်သည်။ 


"သစ်ပင်တစ်ပင် နဲ့တူတယ်ထင်တယ်....အထဲမှာ ရွှေရောင် တောက်နေတာကို မင်းမမြင်ရဘူးလား? မယုံရင် သွားကြည့်ရအောင်"


"မင်းအစီအစဥ်က ဘာလဲဆိုတာ ငါမသိဘူးလို့ မထင်နဲ့... အထဲမှာ ရွှေသစ်ပင်တစ်ပင် ရှိရင်တောင် မင်းသယ်သွားနိုင်မှာ မလို့လား?"


ဝူရှဲ သူ့အကြံကို ဖော်ထုတ်ပြလိုက်တာကို မြင်ပေမယ့် ဖက်တီးတို့က အလေးအနက် မထားဘဲ ပြောလာ၏။


“သယ်သွားလို့ရမရ သွားကြည့်ရင် သိရမှာပေါ့... အနီးအနားမှာ ပစ္စည်းလေးတွေ ရှိကောင်းရှိနိုင်တယ်.... ငါတို့ မလာခဲ့ဘူးဆိုရင် မေ့လိုက်ပါ အခု ငါတို့ရောက်တောင် ရောက်နေပြီပဲ... ကောင်းတာ တစ်ခုခု တွေ့ရင် ဘာပဲဖြစ်ဖြစ် ရှုခင်းတွေ လိုက်ကြည့်နေတာထက် စာရင် ကောင်းသွားတာပေါ့... နောက်ပြီး ငါတို့ဒီကို ရောက်နေတာ တစ်ခုခု ဖြစ်ချင်ရင် အစောကတည်းက ဖြစ်သွားလောက်ပြီပေါ့... ဘာကြောက်စရာ ရှိမှာလဲ မဟုတ်ဘူးလား?”


ဝူရှဲ စိတ်ဆိုးပေမယ့် ဘာမှလည်း မလုပ်နိုင်ပေ။ ဖက်တီးရဲ့ အကျင့်ကို သူကောင်းကောင်း သိသည်။ သူဟာ ရှုခင်းကြည့်ဖို့ သက်သက်ပဲလာတာ လုံးဝ မဟုတ်ချေ။ သူနဲ့တွေ့ရတဲ့ လူတွေကတော့ သေချာပေါက် ကံမကောင်းနိုင်လောက်တော့ပေ။ 


မျက်နှာသေက ဆူညံတယ် ဆိုတဲ့ အမူအရာ လုပ်နေတာကို မြင်တော့ ဝူရှဲလည်း ထိုသူဘက်ကို လှည့်ကြည့်လိုက်သည်။ 


“ငါ့နောက်က လိုက်ခဲ့... နောက်မှာ မကျန်ခဲ့​စေနဲ့”


တိုးတိုးလေး ပြောပြီး မျက်နှာသေက သူ့ခေါင်းကိုတောင် လှည့်မလာဘဲ တိုက်ရိုက် ထွက်သွားတော့သည်။


ဖက်တီးက ဒါ့ကိုမြင်တော့ အရမ်းပျော်သွားသည်။ သူက အားနင်ကို ခေါ်ပြီး နောက်ကလိုက်သွား၏။ ဝူရှဲလည်း ထူးဆန်းသလို ခံစားလိုက်ရပေမယ့် မျက်နှာသေက အမြန် လျှောက်နေတာကြောင့် သူ့မှာ သေသေချာချာ စဉ်းစားဖို့ အချိန်မရှိတော့ဘဲ ထော့နဲ့ထော့နဲ့​​ဖြင့် သူတို့နောက်ကို လိုက်သွားရလေ၏။ 


မျက်နှာသေက ရှေ့သို့ လျင်မြန်စွာ လျှောက်သွားခဲ့သည်။ အခန်းသည် အတွင်းမှ အပြင်သို့ အကျယ် အတူတူပင် ဖြစ်သည်။ သူတို့ရှိနေတဲ့ အနေအထားမှ အပေါက်၏ အောက်ခြေအထိ လမ်းကြောင်း များများစားစား မရှိပေ။ မကြာမီပင် သစ်ပင်ဟုခေါ်သည့် အရာရှေ့သို့ ရောက်လာခဲ့သည်။ ဒါကအုတ်ဂူကြီး တစ်ခုလုံး၏ အတွင်းအကျဆုံး အစိတ်အပိုင်း ဖြစ်နိုင်သည်။ မျက်နှာသေသည် သူ၏ ဓာတ်မီးကို မြှောက်လိုက်ပြီး မီးကို ထွန်းလိုက်သောအခါ ၎င်း၏ မျက်နှာအစစ်ကို သူတို့ မြင်လိုက်ရသည်။


၎င်းမှာ အဖြူရောင် သန္တာကျောက် သစ်ပင်တစ်ပင် ဖြစ်ကာ လူတစ်ရပ်စာလောက် မြင့်သည်။ အကိုင်းအခက် ဆယ့်နှစ်ခုဟာ ကွဲပြားသော ပုံသဏ္ဍာန်များဖြင့် အကိုင်းအခက်များအဖြစ် ခွဲထွက်သွားသည်။ ပုံသဏ္ဌာန်မှာ အမှန်တကယ်ပင် သစ်ပင်နှင့် အလွန်တူပါသည်။ သန္တာတစ်ခုလုံးကို ကောင်းမွန်စွာ ထွင်းထုထားသော်လည်း ပုံသဏ္ဌာန်မှာ အလွန်ရိုးရှင်းပြီး ဈေးမကြီးနိုင်ပေ။


သန္တာကျောက် သစ်ပင်ကို ကြွေအိုးကြီးထဲမှာ စိုက်ထားပြီး ကျောက်စရစ်ခဲတွေနဲ့ ဖိထားသည်။ အကိုင်းအခက်တွေမှာ ရွှေခေါင်းလောင်းလေးတွေ ချိတ်ဆွဲထားရာ ဖက်တီး မြင်လိုက်ရတဲ့ ရွှေရောင်အလင်းတန်းဟာ အဲဒီခေါင်းလောင်းတွေက ရောင်ပြန်ဟပ်နေတာ ဖြစ်နိုင်သည်။ သို့သော် ဤခေါင်းလောင်းများသည် ရွှေဖြင့်ပြုလုပ်ထားခြင်း​တော့ မဟုတ်ချေ။ အကြောင်းမှာ ခေါင်းလောင်း အဟကြားထဲကနေ လှမ်းကြည့်ပါက မြင်နေရတဲ့ အတွင်းမှာရှိတဲ့ ပစ္စည်းမှာ ကြေးဝါဖြစ်နိုင်သောကြောင့် ဖြစ်သည်။ ၎င်း၏လက်ရှိ တောက်ပမှုကို ထိန်းသိမ်းထားရန် အပြင်ပန်း အသွင်အပြင်ကို ရွှေချထားတာ ဖြစ်နိုင်သည်။


ရွှေအပင်ကို မမြင်ရတဲ့အခါ ဖက်တီး စိတ်ပျက်သွားပေမယ့် အရှုံးမပေးဘဲ တခြားနေရာတွေကို ဓါတ်ပုံရိုက်​ကြည့်ပြီး ဝူရှဲလည်း မေးလာခဲ့သည်။  


"ရှောင်ဝူ... ဒီသန္တာကျောက်က ပိုက်ဆံများများ ရမယ်လို့ ထင်လား?" 


ဒီအရာကို ဝူရှဲလည်း စူးစမ်းနေတုန်းပင်။ သူ့ရဲ့အကျင့်ကို သိတာကြောင့် ဝူရှဲသူ့ကို ရိုက်ချပစ်ဖို့ ဆုံးဖြတ်လိုက်ပြီး 


"ငါမင်းကို ခေါက်ချချင်လို့ ပြောတာ မဟုတ်ဘူး... ဒီအရည်အသွေးဆို အတွက် စျေးကွက်ပေါက်ဈေးက ၁၆ ယွမ်လောက်ပဲ ရှိရင်တောင် အရမ်းကောင်းနေပြီ"


ဒီစကားကြားတော့ ဖက်တီးက သံသယစိတ် ဝင်သွားပြီး မျက်နှာသေကို ထပ်မေးပြန်သည်။ မျက်နှာသေကပါ ခေါင်းညိတ်ပြလာရာ ဖက်တီး ရုတ်တရက် စိတ်ဓာတ်ကျလာပြီး 


“ငလူး... ဒီတစ်ခါတော့ ငါ ချမ်းသာပြီလို့ ထင်လိုက်တာ... ရလဒ်ကတော့ အချည်းနှီးပဲဟေ့”


ဝူရှဲလည်း ရယ်မောပြီး ပြောလိုက်သည်။ 


"ဖန့်ဇီ စိတ်ဓာတ်မကျပါနဲ့... သန္တာက အဖိုးမတန်ပေမယ့် အဲဒီခေါင်းလောင်းကို ကြည့်လိုက် ဒါတွေကတော့ ပစ္စည်းကောင်းလေးပဲ" 


ဖက်တီးက သူ့ကို မယုံ​သေးဘဲ 


“မင်းမျက်နှာက အပြုံးဆိုးတွေကို ငါ မြင်နေရတယ်နော်.... အဓိပ္ပာယ် မရှိတာတွေ မပြောနဲ့ ဒီလိုခေါင်းလောင်းကျိုးတွေ ငါဂူဖောက်တုန်းက အများကြီး ​ရောင်းခဲ့ပြီးပြီ... ဒေါ်လာတစ်ထောင်ပဲ ရှိတယ် မင်းဘယ်လိုထင်လဲ? တန်ဖိုးရှိရဲ့လား?"


"မင်းရဲ့ စီးပွားရေးကို ထက်မြက်မှုနဲ့ပဲ ပြောလို့ မရဘူး.... ရိုးရိုးသားသား ပြောရရင် ငါက တိကျတဲ့ တန်ဖိုးကို မခန့်မှန်းနိုင်ပေမယ့် ဒါက တူညီတဲ့ ထုထည်ထက် ပိုတန်ဖိုးရှိမှာ သေချာတယ်... ဒီခေါင်းလောင်းတွေက မင်မင်းဆက်ထက် အသက်ပိုကြီးနိုင်တယ်... အဲဒီအချိန်ကထက် စောတဲ့ ရှေးဟောင်းပစ္စည်းလို့တောင် ယူဆလို့ရတယ်... ငါဆိုလိုတာကို မင်းနားလည်လား?"


အထဲက ပစ္စည်းကတော့ လူကြိုက်မများဘူးဟုလည်း ယူဆရသည်။ ယေဘုယျအားဖြင့် လူကြိုက် အများဆုံး ပစ္စည်းများမှာ ကြွေထည်နှင့် မြေအိုးများသာ ဖြစ်သည်။ သတ္တုပစ္စည်းများမှာ သံချေးတက်ပြီး အထူး ထိန်းသိမ်းသည့် နည်းလမ်းများ လိုအပ်​ပေသည်။ အဆိုပါနည်းပညာများကို ပြတိုက်ကြီးများတွင်သာ အသုံးပြုနိုင်ကြ၏။ သာမန်လူများ၏ နေအိမ်များတွင် ဘယ်လောက်ပဲ ချမ်းသာပါစေ မတတ်နိုင်ကြ။ ထို့အပြင် ခေါင်းလောင်းများသည် သေးငယ်သော အစိတ်အပိုင်းများစွာဖြင့် သတ္တုပစ္စည်းများကြားတွင် အတော်လေး ရှုပ်ထွေးသည်။ ၎င်းတို့ကို ကောင်းမွန်စွာ ထိန်းသိမ်းထားမည် ဆိုလျှင်တော့ အလွန်အဖိုးတန်လှသည်။


ဖက်တီး ခဏလောက် စဉ်းစားနေပေမယ့် ဝူရှဲကို မယုံသေးတာကြောင့် တစ်ချက်လောက် ရွေးကြည့်ချင်သွားသည်။ မျက်နှာသေက သူ့ကိုလှမ်းဆွဲပြီး ပြောလိုက်၏။ 


"မလှုပ်နဲ့!!"


ဖက်တီးလည်း ကျောက်စရစ်ခဲများဖြင့် ပြည့်နေသော ရေကန်ကြီးပေါ်သို့ ခြေတလှမ်းချင်း လှမ်းလိုက်သော်လည်း သူ့အား ​ပြန်ဆွဲထုတ်လိုက်ရာ ထူးဆန်းသလို ခံစားလိုက်ရသည်။ ဘာဖြစ်သွားတာလဲဟု လှမ်းမေးလိုက်ပေမယ့် မျက်နှာသေက သူ့ကို လျစ်လျူရှုပြီး ဝူရှဲ့ဘက်ကို လှည့်မေးလိုက်လေ၏။ 


“ ဒီလိုခေါင်းလောင်းမျိုးကို ဘယ်မှာတွေ့ဖူးလဲ ဆိုတာ မှတ်မိသေးလား”