(30)
Viewers 14k

ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (volume 1)

Author -南派三叔 (nan pai san shu)

translater - Hninthawethadar

ဒေါသပင်လယ်၌ မြုပ်နေသောသဲ


Chapter (30)

ရေကန်အောက်ခြေ



မျက်နှာသေက အဲ​ဒီလို ပြောပြီးတဲ့နောက်မှာ သူက ဝူရှဲရဲ့ မေးခွန်းကို လျစ်လျူရှုပြီး အမြန် ပြေးဆင်းသွားခဲ့သည်။ ဝူရှဲလည်း အမှန်တရားရဲ့ အရိပ်အယောင်ကို မြင်လိုက်ရတဲ့အခါ လွှတ်ထားဖို့ ငြင်းဆန်ခဲ့ပြီး သူ့နောက်ကို လိုက်သွားခဲ့သည်။


ရေကန်အောက်က မြူခိုးတွေ တက်လာနေသည်။ ဆယ်လှမ်းသာသာ လျှောက်လှမ်းပြီးနောက် မြူခိုးတွေ ထူထပ်စွာ ကျဆင်းလာတော့သည်။ အစပိုင်းမှာတော့ ဖက်တီးရဲ့ နောက်ကျောကို မြင်နေရတုန်းပဲ။ ခြေလှမ်းအနည်းငယ် လှမ်းပြီးတော့ ဖက်တီးရဲ့ ဓာတ်မီးအရောင်ကိုသာ မြင်ရတော့သည်။ 


နောက်ပြီး ဖက်တီးက အတော် သတ္တိကောင်းနေကာ သာမန် ခြေလှမ်းသုံးလှမ်းလောက်ကို တစ်လှမ်းတည်းဖြင့် ပြေးနေရာ ရလဒ်က ဝူရှဲကို တရှိန်ထိုး ဝေးဝေးကို လွှင့်ပစ်လိုက်သလို စက်ဝိုင်းထဲတောင် မဆင်းနိုင်တော့ဘဲ ဝေးသွားတော့သည်။ သူ့ခမျာ ဖက်တီးရဲ့ ဓာတ်မီး အလင်းရောင်ကိုတောင် မမြင်ရတော့ပေ။ 


အဲဒီအချိန်မှာ ဝူရှဲလည်း နည်းနည်း​တော့ ထိတ်လန့်သွားခဲ့သည်။ အခု တိမ်တွေနဲ့ မြူခိုးတွေ ဝိုင်းနေရာ ရှေ့၊ နောက်နဲ့ ညာဘက်ကို မီတာဝက်လောက်သာ မြင်နိုင်၏။ မမြင်နိုင်ပေမယ့် ပကတိအမှောင်ထဲ ကြည်လင် ပြတ်သားတဲ့ ခံစားချက်ကို ရနေတာက ပိုတောင် အဆင်မပြေ ဖြစ်စေသည်။ 


ရေကူးကန်ရဲ့ မျက်နှာပြင်နဲ့ ရေကန် အောက်ခြေကြားက ဒေါင်လိုက် အကွာအဝေးဟာ သိပ်မကြာပါဘူး။ စီးကရက်တစ်လိပ် သောက်နေချိန်လောက်သာ ရှိသည်။ ထိုအခိုက်တွင် ဖက်တီးရဲ့ အော်သံက ထွက်ပေါ်လာခဲ့သည်။


"ငါအခု အောက်ကို ရောက်သွားပြီ!"


ရေအိုင်ကြီးပေါ် ခြေချလိုက်သံကို ကြားတော့ ဝူရှဲလည်း ခြေလှမ်းအနည်းငယ် လှမ်းပြီး အောက်ကို ပြေးဆင်းသွားသည်။ ရုတ်တရက် ခြေဖဝါးက အေးစက်သွားကာ ရေထဲဆင်းလိုက်ကြောင်း သဘောပေါက်လိုက်သည်။ ရေကန်ရဲ့အောက်ခြေက ရေတွေအားလုံး မကုန်သေးဘဲ ခြေသလုံးလောက် နက်တဲ့ ရေတွေ ကျန်နေသေးတာကို တွေ့ရ၏။ အပေါ်ကနေ ငုံ့ကြည့်လိုက်ပေမယ့် အောက်ကို သဲသဲကွဲကွဲ မမြင်ရတာ သိပ်တော့ မဆန်းချေ။ 


ဒီနေရာကို ကြည့်လိုက်တော့ မြူခိုးတွေရဲ့ အလယ်ဗဟို ကျလုနီးပါး ဖြစ်​နေပြီး ပတ်ဝန်းကျင်ကို မြင်နိုင်စွမ်းက ပိုနိမ့်နေတာကို တွေ့လိုက်ရ၏။ ထိုစဥ် ဖက်တီးက ပြောလာသည်။


"ရေထဲကို သတိထား! ရေအောက်မှာ အပေါက်လေးတွေ ရှိတယ် မင်းအဲဒီထဲကို နင်းမိသွားရင် သေချာ​ပေါက် ကျွံဝင်သွားလိမ့်မယ်"


ဝူရှဲ ခြေဖဝါးနဲ့ စူးစမ်းကြည့်တော့ ရှေ့နဲ့နောက်မှာ ပန်းကန်လုံးအရွယ် အပေါက်တွေ ရှိနေတာ သိလိုက်ရသည်။ ဒါကြောင့် လမ်းလျှောက်တဲ့အခါ အလွန် သတိထားရ၏။ ထိုအချိန်တွင် ဖက်တီးဟာ ဓာတ်မီးဖြင့် မြူခိုးက ထွက်လာပြီး သူ့နောက်ကို လိုက်လာရန် အချက်​ပြ​လိုက်သည်။


ဝူရှဲလည်း ခေါင်းတညိတ်ညိတ်နဲ့ သူ့နောက်က ရေထဲ လိုက်သွားလိုက်သည်။ ခြေလှမ်းအနည်းငယ် လှမ်းပြီးနောက် သူတို့ရှေ့မှာ အနက်ရောင် အကွက်တချို့ကို ရုတ်တရက် တွေ့လိုက်ရ၏။ ဘာတွေလဲဆိုတာ မသိပေမယ့် ဖက်တီးက သူတို့ကို မြင်ပြီးသားဖြစ်သလို လုံးဝ မကြောက်နေချေ။


သူက ဝူရှဲကို အချိန်မဖြုန်းဖို့ ပြောပြီး ​နောက်ကလိုက်ခဲ့ဖို့ ပြောသည်။ ဝူရှဲ လှမ်းကြည့်လိုက်တော့ လူတစ်ဝက်လောက် အရပ်ရှည်တဲ့ မျောက်လေးကောင်က ကျောက်တုံးပေါ်မှာ ထိုင်ချထားပြီး အရပ်မျက်နှာ လေးခုကို လှည့်ကြည့်နေတာ တွေ့ရ၏။ သူတို့ဘာအတွက် ဆုတောင်းနေလဲ မသိပေမယ့် ဒါတွေကို ပင်လယ်ကျောက် မျောက်တွေလို့တော့ ဝူရှဲ သိထားသည်။ သူတို့က ရေကန်အောက်ခြေမှာ နစ်မြုပ်လေ့ရှိပြီး နတ်ဆိုးတွေကို နှိမ်နင်းလေ့ရှိလို့ ဒီလိုနေရာမျိုးမှာ ပေါ်လာတာ မထူးဆန်းပေ။ 


ဤတော့မှ ဝူရှဲလည်း စိတ်သက်သာရာ ရသွားပြီး ခြေလှမ်းအနည်းငယ် လှမ်းလိုက်သည်။ စိမ်းစိုနေတဲ့ ကျောက်တုံးကြီး တစ်လုံးက မျောက်လေးကောင် အလယ်မှာ ရှိ​နေတာ တွေ့ရ၏။ သေသေချာချာ ကြည့်ဖို့အတွက် မျက်နှာသေက ကျောက်တုံးကြီးပေါ်သို့ ဓာတ်မီးတစ်လက် ထွန်းလာသည်။ 


ဝူရှဲ လမ်းလျှောက်လာပြီး မေးလိုက်သည်။


"ဘယ်လိုလဲ? ဒါတွေကိုမြင်တော့ ခင်ဗျားတစ်ခုခုကို စဉ်းစားမိလား?"


မျက်နှာသေက ကျောက်ပြားရဲ့ အုတ်မြစ်ချထားတဲ့ ​နေရာကို ညွှန်ပြလာ၏။ ဝူရှဲ ကြည့်လိုက်တော့ စာလုံးသေးသေးလေးတွေနဲ့ ရေးထိုးထားတဲ့ စာကြောင်းလေးတွေကို တွေ့လိုက်ရသည်။ ဖက်တီးမှာ ဘာကိုဆိုလိုမှန်း မသိတာကြောင့် ဝူရှဲကိုသာ မေးရတော့သည်။


ဝူရှဲက


“ဒီစကားလေးတွေက သင်္ချိုင်းပိုင်ရှင်က ကောင်းကင်နန်းတော်ကို တည်ဆောက်ခဲ့တဲ့ အကြောင်း ငါတို့ကို ပြောပြချင်တာ.... ကောင်းကင်နန်းတော် တံခါးက ဒီကျောက်စာအချပ်ထဲမှာ ရှိတယ်... မင်းမှာ ကံကြမ္မာဖန်ရင် တံခါး ပွင့်လိမ့်မယ် တံခါးပွင့်ရင် ကောင်းကင်ကို တက်လို့ရပြီတဲ့"


ဖက်တီးက ကျောက်ပြားကို ကြည့်ကာ 


“တံခါးပေါက် ရှိတာလား” 


"ဒီစာကြောင်းက ဗန်းစကားနဲ့ ခပ်ဆင်ဆင် တူတယ်.... လူတိုင်းမှာ ဒီလိုစကားလုံးမျိုးတွေကို နားလည်မှု အမျိုးမျိုး ရှိကြတယ်.... သူ့မူရင်းအဓိပ္ပာယ်က ဒီကျောက်စာချပ်မှာ တံခါးပေါက် တကယ် မရှိဘူးလို့ ဆိုလိုတာလည်း ဖြစ်နိုင်တယ်... ဒီကျောက်ပြားက တစ်ခုခုကို ဖုံးကွယ်ထားနိုင်တယ်"


ထိုအခါ ဖက်တီးက


"အေးပါကွာ.... ဒီ​ပေါ်မှာ 'အကြောင်းအရာ' တစ်ခုခုများ ရှိလား? ငါကတော့ စကားလုံးတစ်လုံးမှ မတွေ့သလိုပဲ"


ဝူရှဲ မော့ကြည့်လိုက်တော့ ကျောက်ပြားရဲ့ အရှေ့ဘက်က ကျောက်စိမ်းတုံး တစ်တုံးလိုနီးပါး ပြောင်လတ်နေတာကို တွေ့လိုက်ရသည်။ သို့သော်လည်း စကားလုံး တစ်လုံးမှ မတွေ့ရတာကြောင့် အံ့ဩနေမိသည်။


"ကံကြမ္မာ အခွင့်အလမ်းရှိမှ ဖွင့်မယ်လို့ ပြောထားတယ်လေ မင်းနဲ့ ကောင်းကင်နန်းတော်က ကံကြမ္မာချင်း မအပ်စပ်လို့ နေမှာပေါ့" 


ဖက်တီးက သက်ပြင်းချလိုက်ပြီး ရေထဲမှာ ငုံ့ပြီး ရေကို ထိကိုင်လိုက်ရင်း တစ်ဖက်ကလည်း ရေရွတ်လိုက်သည်။ 


“ငါ့မှာ အဲ့လိုကံကြမ္မာ မရှိလည်း ကိစ္စမရှိဘူး... ငါနဲ့ ရတနာတွေနဲ့ ကံကြမ္မာချင်း အပ်စပ်နေရင် အဆင်ပြေတယ်” 


မျက်နှာသေဘက်ကို လှည့်ကြည့်လိုက်တော့ သူ့အမူအရာက အရမ်း မိမိုက်နေသည်။ သူ့ကို မေးခွန်းနည်းနည်း မေးကြည့်ပေမယ့် လျစ်လျူရှုသွားခဲ့၏။ သူက တစ်ခုခုကို ရှာနေသလိုမျိုး ကျောက်ပြားကို သေသေချာချာ စိုက်ကြည့်နေသည်။


သူ့ရဲ့ ဗလာစာရွက်လို မျက်နှာနဲ့ ဘာကို စေ့စေ့ကြည့်နေတာလဲ မသိ။ အဲဒီအချိန်မှာ ဖက်တီးက လက်ခုပ်တီးလိုက်ရာ ဝူရှဲ ခေါင်းကို လှည့်ကြည့်လိုက်တော့ သူက ရေထဲက ရေငုပ်မျက်မှန်ကို ကောက်ကိုင်ထားတာ တွေ့ရ၏။ ဖက်တီးက ပြောလေသည်။ 


“ဒီကို ရောက်ဖူးတဲ့လူ တော်တော်များနေပြီ ထင်တယ်” 


ဝူရှဲ ခပ်မြန်မြန် လမ်းလျှောက်လာပြီး 


"ငါ့ဦးလေးသုံး ထွက်သွားတုန်းက သူ့မှာ ရေငုပ်ကိရိယာ မပါသွားဘူး... ဒီပစ္စည်းတွေက ဦးလေးသုံးဟာတွေ ဖြစ်နိုင်တယ် အောက်ဆီဂျင်ဘူးတွေ ရှိမရှိ စစ်ဆေးကြည့်စမ်းပါဦး" 


သူပြောပြီးတာနဲ့ ဖက်တီးက အောက်ဆီဂျင်ဘူးကို ရေထဲက ထုတ်ယူလိုက်သည်။ အောက်ဆီဂျင်ဘူးကို ထုတ်ယူပြီး သုံးဖို့ ကြိုးစားပေမယ့် အလုပ်မဖြစ်တာကြောင့် ရေထဲကို ပြန်ပစ်ချပြီး ပြောလိုက်ပါ၏။ 


“ဒီမှာ စုတ်ခွပ်တွေ အများကြီးပဲ.... ငါ့အတွက် ဟိုးအမြင့်ကြီးကနေ ပြေးဆင်းလာရတာ တကယ်ကို ခက်တယ်ကွ! အခုတော့ ပျော်ရွှင်မှု ဖြုန်းတီးမိလိုက်သလိုပဲ..ငါတို့ မြန်မြန် ပြန်တက်သင့်တယ်လို့ ထင်တယ်နော် ရေတွေ ဘယ်တော့ ထပ်ဖြည့်လာမယ်ဆိုတာ အာမခံချက် မရှိဘူး..... အဲဒီအခါမှ ပျံတက်မယ် ဆိုရင်တောင် အရမ်းနောက်ကျ သွားလိမ့်မယ်"


ဝူရှဲ ရေမျက်နှာပြင်ကို ကြည့်လိုက်ရင်း ဖက်တီးပြောတာက အဓိပ္ပာယ် ရှိတယ်လို့ ခံစားမိတဲ့အတွက် မျက်နှာသေကို ရှာဖို့ ပြန်လှည့်လာခဲ့၏။ ရုတ်တရက် အစောက​​နေရာမှာ သူမရှိတော့တာကို တွေ့တော့ အကြိမ်ကြိမ် ခေါ်​ကြည့်ပေမယ့် ဘယ်သူမှ ပြန်မဖြေရာ ရုတ်တရက် နှလုံးက ဆောင့်ခုန်သွားတော့သည်။ 


ဒီလူက သရဲတစ္ဆေလိုပဲ ခဏခဏ ပေါ်လာပြီး ရုတ်တရက် ပျောက်သွားတတ်၏။


ဒါကိုတွေးပြီး ဖက်တီးကိုပါ ဟိုဟိုဒီဒီ ကြည့်ခိုင်းလိုက်သည်။ မြူတွေက ထူထပ်ပေမယ့် နေရာက သိပ်မကျယ်တာမို့ သူတို့နှစ်ခါလောက် လမ်းလျှောက်ပြီး နောက်ဆုံးတော့ မျက်နှာသေက ရေကူးကန်ရဲ့ နံရံထောင့်မှာ ထိုင်နေတာကို တွေ့လိုက်ရသည်။ 


ဝူရှဲ ကြည့်လိုက်ချိန် တစ်ခုခုမှားနေသလို ခံစားလာရသည်။ သူ့မှာ ပုံမှန်အားဖြင့် တည်ငြိမ်နေပေမယ့် အခုမှာ ငြိမ်သက်မှု မရှိတော့ဘဲ အသက်မဲ့ပြီး စိတ်ပျက်လုမတတ် ဖြစ်နေတဲ့ အကြည့်တွေနဲ့ အစားထိုးထားသည်။


ဝူရှဲက ဘာဖြစ်တာလဲလို့ ကမန်းကတန်း မေးလိုက်သည်နှင့် သူက ဝူရှဲကို မော့ကြည့်ကာ အသံတိုးတိုးဖြင့် ဆိုလာ၏။


"လွန်ခဲ့တဲ့ အနှစ်၂၀ တုန်းက အဖြစ်အပျက်ကို ငါမှတ်မိပြီ..."