(31)
Viewers 14k

ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (volume 1)

Author -南派三叔 (nan pai san shu)

translater - Hninthawethadar

ဒေါသပင်လယ်၌ မြုပ်နေသောသဲ


Chapter (31)

လွန်ခဲ့တဲ့ အနှစ်၂၀



မျက်နှာသေက မဟုတ်ဘူး ကျန်းချီလင်ကလို့ ပြောရမယ်။ သူ့လေသံက တည်ငြိမ်ပြီး စိတ်ခံစားမှု သိပ်မရှိဘဲ ငြိမ်သက်နေသည်။ သူ့ဇာတ်ကြောင်းကနေပြီးတော့ ဒီကြီးမားတဲ့ လျှို့ဝှက်ဆန်းကြယ်မှုရဲ့ ထောင့်တစ်ခုကို ဝူရှဲ တဖြည်းဖြည်း မြင်လာခဲ့သည်။ 


ဒါပေမဲ့ အဖြစ်အပျက် တစ်ခုလုံးမှာ သူတွေးပြီး ကြားခဲ့ရတဲ့ သူ့ရဲ့ဇာတ်ကြောင်းကနေ နားလည်နိုင်စရာ လမ်းမရှိသလို သူ့ဘဝရဲ့ နောက်ခံသမိုင်းကြောင်းကိုလည်း ဝူရှဲ နားမလည်နိုင်ခဲ့ပါဘူး။ သူကတိတ်ဆိတ်ပြီး ပညာရှိတဲ့ လူငယ်တစ်ယောက် အဖြစ်သာ ခဏလောက် စိတ်ကူးကြည့်မိသည်။


ပင်လယ်ကြမ်းပြင်မှာ ပင်လယ်ပြင်က လေတိုးသံကို မကြားနိုင်ပေမယ့် မုန်တိုင်း မလာခင် အသက်ရှူကြပ်တာကိုပင် ခံစား​နေရဆဲပါပဲ။


ကျန်းချီလင်ဟာ နားခန်းထောင့်တွင် ငြိမ်သက်စွာ ထိုင်နေပြီး သူ့အဖော်များကတော့ မြေပြင်ပေါ်ရှိ အပြာအဖြူ ကြွေထည်များကို လေ့လာရန် အပြေးအလွှား ကြည့်နေကြသည်။ ဒီကြွေထည်တွေက သူ့အတွက် ဆွဲဆောင်မှု မရှိပေမယ့် သူ့ထက် အသက်ကြီးတဲ့ အဖွဲ့ဝင်တွေကိုတော့ ဒီအရာတွေက လုံးဝ စွဲဆောင်သွားနိုင်ခဲ့သည်။ 


သူတို့ကတွေ့သမျှကို အချင်းချင်း ဖြန့်ဝေကြပြီး တချို့ကလည်း ကြွေထည်တွေပေါ်က ပုံစံများကို ဖော်ပြလိုကြရာ ကြွေပန်းချီတွေရဲ့ အဓိပ္ပာယ်ကို အမျိုးမျိုး ဆွေးနွေး​နေကြသည်။ ထိုအချိန်တွင် တစ်စုံတစ်ဦးမှ ရုတ်တရက် 


"လာကြည့်ကြ.... ဒီကြွေထည်အောက်မှာ အမှတ်အသားတွေ ရှိနေတယ်!"


စကားပြောလာတဲ့ သူရဲ့ နာမည်ကတော့ ဟော့လင်လို့ ခေါ်ပြီး အဖွဲ့ထဲက မိန်းကလေး သုံးယောက်ထဲမှာ အငယ်ဆုံးဖြစ်သည်။ သူ့မိဘတွေက ရာထူးကြီးတဲ့ သူဌေးတွေဖြစ်ကာ အများအားဖြင့်တော့ သူမဟာ နှိမ့်ချပြီး တတ်ကြွသူဖြစ်သည်။ အထူးသဖြင့် သူမဟာ တခြားသူတွေကို ဆွဲဆောင်ဖို့ ဟန်ဆောင်မှုတွေ လုပ်ရတာကို နှစ်သက်သူပင်။ 


ကျန်းချီလင်မှာ သူ့အသံကို ကြားတော့ ခေါင်းကိုက်လာသလို ခံစားလိုက်ရသည်။ ဒါပေမဲ့ သူမလို မိန်းကလေးတွေက ဒီအဖွဲ့ငယ်လေးမှာ အတော်လေး ရေပန်းစားပါသည်။ ဒီချိုမြိန်တဲ့ အသံက တခြားလူတွေကို ချက်ချင်းပဲ ဆွဲဆောင်သွားခဲ့သည်။


ကောင်လေးတွေ အားလုံးက ဟော့လင်ရဲ့ ရှေ့မှာ သူတို့ရဲ့အသိပညာကို ပြဖို့ မျှော်လင့်ပြီး ပြေးလွှားနေကြသည်။ အားလုံးက 


"ဘာဖြစ်နေတာလဲ? ငါ့ကိုပြကြည့်!" 


ဟော့လင်မှာ သူမလက်ထဲက ကြွေထည်တစ်ခုကို လှည့်ပြီး သူတို့မြင်အောင် ပြလိုက်သည်။ တစ်ယောက်က အဲဒါကို တစ်ချက်ကြည့်လိုက်ပြီး 


“ဒါကို ငါသိပါတယ် ဒီကြွေထည်ရဲ့ မူလဇာစ်​မြစ်ကို ကိုယ်စားပြုတဲ့ မီးဖိုနံပါတ်လို့ ခေါ်တယ်” 


တခြားတစ်ယောက်က ချက်ချင်း ပြန်ပြော၏။ 


"မဟုတ်ဘူး... မီးဖိုရဲ့ နံပါတ်က ဒီလိုမဟုတ်ဘူး ဒါက သင်္ချိုင်းပိုင်ရှင်ရဲ့ လက္ခဏာကို ကိုယ်စားပြုတဲ့ ကမ္ပည်းစာ ဖြစ်နိုင်တယ်!"


ပထမတစ်ယောက်က အနည်းငယ် ရှက်သွားပြီး 


"အိမ်နာမည်တွေမှာ ကမ္ပည်းစာတွေမှာ များသောအားဖြင့် အက္ခရာ လေးလုံးရှိတယ်.... ဒီမှာက စာလုံးတစ်လုံးပဲ ရှိတာ အရမ်းထူးဆန်းတယ်.... မင်းပြောတာက ပိုလို့တောင် မဖြစ်နိုင်ပါဘူးကွာ"


လူနှစ်ဦးသည် ယဉ်ကျေးမှု တော်လှန်ရေး၏ အမွေအနှစ်ကို အမွေဆက်ခံနေတဲ့ အတိုင်း စကားစမြည်ပြောဆိုရင်း အချင်းချင်း တိုက်ခိုက်ကြရာမှ ရုပ်ပိုင်းဆိုင်ရာ ရန်ပွဲအဖြစ်သို့ ပြောင်းလဲသွားကြသည်။ ထိုကဲ့သို့သော မြင်ကွင်းမျိုးကို မကြာခဏ တွေ့ရသော ဟော့လင်က သက်ပြင်းတစ်ချက် ချလိုက်သည်။ 


ရုတ်တရက် ကျန်းချီလင်က ထောင့်တွင် အေးစက်စွာ ထိုင်နေတာကို တွေ့လိုက်ရသည်။ သူမကို လျစ်လျူရှုထားတာကြောင့် သူမနှလုံးသားထဲကနေ အော်ဟစ်ကာ တည့်တည့် လျှောက်လာကာ အဖြူအပြာရောင် ကြွေပုလင်းကို သူ့ထံ ပေးကာ 


"ရှောင်ကျန်း... ငါ့ကိုကူပြီး ကြည့်​ပေးပါဦး ဒါက ဘာလဲ?"


ကျန်းချီလင်က သူမကို လုံးဝ ဂရုမစိုက်ချင်ရာ သူမကို ခေတ္တ ကြည့်လိုက်တော့ ဘာမှ သဲသဲကွဲကွဲ မမြင်ရတော့ရာ ​ပြန်လှည့်သွားကာ။


"မသိဘူး"


ဟော့လင်ရဲ့ အမူအရာက ပြောင်းလဲသွားသည်။ သူမသည် ယောက်ျား​လေးများရှေ့တွင် ငြင်းပယ်ခံရခဲသည်။ အခုဟာက သူမကို စိတ်မသက်မသာ ခံစားရစေ၏။


"ရှောင်ကျန်း! နင်ငါ့ကို လျစ်လျူရှုခွင့် မပေးဘူး... နင်ပြန်မဖြေခင် သေချာကြည့်စမ်းပါ!" 


ပြောပြီး သူမကို လက်ထဲက ကြွေအိုးကို ကျန်းချီလင်ထံ တွန်းထည့်​ပေးလိုက်သည်။ ကျန်းချီလင်လည်း သက်ပြင်းချလိုက်ပြီး ကောက်ယူဖို့ကလွဲလို့ ရွေးချယ်စရာ မရှိတော့ချေ။ 


ကျန်းချီလင်လည်း ဤထွင်းထုထားတဲ့ ပုံစံကို ယခင်က တစ်ခါမျှ မမြင်ဖူးသောကြောင့် အံ့ဩမဆုံးနိုင်ပေ။ များ​သောအားဖြင့် ကြွေထည်၏ အောက်ခြေတွင် ၎င်းထုတ်လုပ်ခဲ့သော မီးဖို၏ မီးဖိုနံပါတ်များ ပါရှိတတ်သည်။ သို့သော် ကြွေထည်ရဲ့ အဝိုက်နှင့် ခုံး​​နေသည့်ပုံစံဖြင့် ဤကမ္ပည်းစာဟာ မီးဖိုနံပါတ်ရဲ့ အမည်မဟုတ်ဘဲ အမှတ်စဉ် နံပါတ်လို ဖြစ်​နေသည်။


သူ နောက်ထပ် တစ်လုံးကို ပေါ့ပေါ့ဆဆ ကောက်ယူပြီး လှန်​ကြည့်လိုက်သည်။ သေချာတာကတော့ ဒီနေရာလေးမှာပဲ ရှိနေပေမယ့် သူမြင်ဖူးတဲ့ အရာနှင့် မတူပေ။ ရုတ်တရက်ပင် ထိုကြွေထည်များသည် အသုဘ ပစ္စည်းများသက်သက် မဟုတ်ကြောင်း ယောင်ဝါးဝါး ခံစားလိုက်ရသည်။


သူ့အမူအရာ ပြောင်းလဲသွားတာကို မြင်တော့ ဟော့လည်း နောက်ဆုံးတော့ ဒီသစ်သားတုံးကြီး အာရုံစိုက်လာပြီဟု ထင်ကာ မေးလိုက်သည်။


"ရှောင်ကျန်း ဘယ်လိုလဲ? ဒါက ဘယ်လိုပစ္စည်းမျိုးလဲ?" 


ကျန်းချီလင်က သူမအား ပွင့်လင်းမြင်သာသူဟု ရိုးရိုးရှင်းရှင်းပင် မှတ်ယူထားသည်။ သူက ထိုကြွေထည်များကို ကောက်ယူပြီး ဒါဇင်နှင့်ချီကာ အတန်းလိုက် စီကြည့်လိုက်သည်။ တစ်ခုစီ၏ အောက်ခြေတွင် မတူညီသော သင်္ကေတများ ရှိနေသည်ကို တွေ့ရှိခဲ့ပြီး ယင်းသင်္ကေတများသည် ပုံသေအမှာစာ သို့မဟုတ် အမှတ်စဉ် နံပါတ်များ စီစဥ်ထားသကဲ့သို့ ပြောင်းလဲသွားခဲ့သည်။ 


ထိုကြွေထည်တွေကို ဘာဖြစ်လို့ ရေတွက်ထားတာလဲ? ဒါမှမဟုတ် ဒီနံပါတ်တွေအတိုင်း သူတို့ကို မစီစဉ်တတ်ရင် တိကျတဲ့ ရည်ရွယ်ချက်ကို အကောင်အထည် ဖော်နိုင်မှာ မဟုတ်လို့လား? ကျန်းချီလင်ရဲ့ ခေါင်းထဲတွင် မရေမတွက်နိုင်သော အတွေးများ ပေါ်လာပြီး ထိုကြွေထည်များကို မတတ်နိုင်ဘဲ ဂရုတစိုက် ထပ်ကြည့်လိုက်မိသည်။ 


သူကြည့်လိုက်တော့ ကြွေထည်မှာ ဖော်ပြထားတဲ့ အကြောင်းအရာဟာ နွေဦးထွန်ယက်နေခြင်း မဟုတ်သလို ခြံဝင်းပုံစံတွေကို အလှဆင်ထားတဲ့ ပုံစံတွေ မဟုတ်ဘဲ ဧရာမကျောက်ရုပ်ထုကြီးကို ထွင်းထုထားတဲ့ လက်သမား ဆရာတွေရဲ့ ရုပ်ပုံတွေကြောင့် တုန်လှုပ်သွားပြန်တယ်။ 


ကြွေထည်တွေက ဘာကြောင့် ဒီပုံကို ဖော်ထားရတာလဲ?


သူလျှောက်ကြည့်လိုက်တော့ သဲလွန်စတချို့ကို သူ တဖြည်းဖြည်း ရှာတွေ့လာထဲ့သည်။ အဲဒီကြွေပန်းချီကားတွေကို တစ်ခုချင်း ကြည့်လိုက်တဲ့အခါ အထူးအဆန်း မဟုတ်ပေမယ့် အစဥ်လိုက် စီကြည့်လိုက်တဲ့အခါ ဒီပုံတွေဟာ အဆက်မပြတ် ဖြစ်နေပြီး ကြီးမားတဲ့ ဆောက်လုပ်ရေးတစ်ခုရဲ့ တိုးတက်မှု ပုံစံကို ပုံဖော်နေပုံပေါ်တာ တွေ့လိုက်ရသည်။ 


အဲဒီအချိန်မှာ လူတိုင်းက သူ့ရဲ့ ထူးဆန်းတဲ့ အပြုအမူကြောင့် ဆွဲဆောင်မှု ခံလိုက်ရ၏။ ကောင်လေး တော်တော်များများက သူဘာရောင်းနေမှန်းကို မသိတဲ့အတွက် အားလုံးက သူ့ကို နားမလည်နိုင်အောင် စိုက်ကြည့်နေကြသည်။


ကျန်းချီလင်ကတော့ ထိုလူများကို ဂရုမစိုက်ခဲ့ပေ။ သူက ဝူရှဲလိုမျိုး တလမ်းလုံး ကြွေထည်တွေကို ကြည့်သွားခဲ့သည်။ ထိုအစား နောက်ဆုံးသော ကြွေအကိုင်း နှစ်ဖက်တပ်ထားသော အိုးသေးသေးလေးဆီသို့ သူ တိုက်ရိုက်လှမ်းသွားခဲ့သည်။ ၎င်းကို ကောက်ကိုင်လိုက်ပြီး အနီးကပ် ကြည့်လိုက်ရာ ထို​​နောက်ဆုံး အကိုင်းနှစ်ဖက်နဲ့ ကြွေအိုးပေါ်တွင် ပရောဂျက်တစ်ခုလုံး ပြီးသွားသောအခါ မြင်ကွင်းကို ပုံကြမ်းဆွဲထား၏။


ပန်းချီကတော့ ကောင်းကင်မှာ လွင့်မျောနေတဲ့ နန်းတော်တစ်ခုပုံပါပဲ။ နန်းတော်အောက်မှာ တိမ်တွေ မြူခိုးတွေ ရှိနေကာ နန်းတော်တည်ဆောက်သူတွေဟာ မြေပြင်ပေါ်မှာ ရပ်ပြီး ကောင်းကင်ကို မျှော်ကြည့်နေကြသည်။ နံဘေးက တောင်ပေါ်မှာ တာအိုဘုန်းကြီး တစ်ဦးက ဂုဏ်ယူစွာရပ်လျက် ပြုံး​ပျော်နေသည်။


ဒီအရာကြီးရဲ့ ကြီးကျယ်ခမ်းနားမှုအား ဘယ်အရာနဲ့မှ မဖော်ပြနိုင်သော်လည်း ကျန်းချီလင်သည် တစ်စုံတစ်ခုကို တွေ့ရှိပြီဟု သိသောကြောင့် ထိန်းချုပ်မရသော စိတ်လှုပ်ရှားမှုကို ခံစားလာရသည်။


ကြွေထည်များပေါ်တွင် ဖော်ပြထားသည့် အရာများသည် မင်မင်းဆက် အစောပိုင်း လက်မှုပညာပညာရှင် ဝမ်ကျန့်ဟိုင်မှ ဒီဇိုင်းထုတ် တည်ဆောက်ထားသော တိမ်ထိပ်တန်း ကောင်းကင်နန်းတော် ဖြစ်နိုင်တယ်လို့ သူ ကောက်ချက်ချနိုင်ခဲ့သည်။


ကောင်းကင်မှာ ပျံဝဲနိုင်တဲ့ ဒီဒဏ္ဍာရီလာ နန်းတော်ဟာ မင်မင်းဆက်ရဲ့ ဒဏ္ဍာရီတွေမှာ ဟိုးအရင်ကတည်းက ပေါ်ထွက်ခဲ့သည်။ ဒါပေမဲ့ အဲဒီအချိန်ရဲ့ ရှင်းပြချက် မှတ်တမ်းအရတော့ ဝမ်ကျန့်ဟိုင်ဟာ ကောင်းကင်ယံမှာ လှပပြီး စိတ်ကူးယဉ်ဆန်တဲ့ နန်းတော်ကြီးကို ဖန်တီးဖို့ စွန်ကြီးနဲ့ ရွှေကြိုးအမြောက်အမြားကို အသုံးပြုခဲ့တာ ဖြစ်သည်။ 


ကျူးယွမ်ကျန်းကို စိတ်ကျေနပ်စေရန် ထိုနန်းတော်ကြီးကို တည်ဆောက်ခဲ့တယ်လို့လည်း ဆိုကြသည်။ 


ဒါပေမဲ့ ဒဏ္ဍာရီက မှန်တယ်ဆိုရင် ဒီမြင်ကွင်းက ဘာသဘောလဲ? ဒဏ္ဍာရီက မမှန်ဘူးဆိုရင် ဒီကြွေပန်းချီတွေ အတိုင်း ဝမ်ကျန့်ဟိုင်က ကောင်းကင်မှာ မျောပါနေတဲ့ နန်းတော်ကို တကယ် တည်ဆောက်ခဲ့တာလို့ ဆိုလိုချင်တာလား။ ဒဏ္ဍာရီတွေ၊ ဖြစ်ရပ်မှန်တွေ၊ ဖြစ်ရပ်မှန်တွေ၊ ဒဏ္ဍာရီတွေ၊ ဘယ်ဟာကမှန်တယ်၊ ဘယ်ဟာက မှားတယ်ဆိုတာ တွေးရင်း ကျန်းချီလင် စိတ်ရှုပ်ထွေးသွားသည်။


သဲလွန်စမရှိဘဲ ခဏလောက် တွေးနေရင်း ဘာဖြစ်မှန်းမသိတဲ့ သူ့အဖော်တွေကို ပြောပြလိုက်သည်။ ဒါပေါ့။ ဒီလူတွေက သူ့စကားကို မယုံကြဘဲ သူ့နည်းလမ်းအတိုင်း အဆောတလျင် လိုက်လုပ်ပြီး ကြွေတွေကို တစ်လုံးပြီးတစ်လုံး ကြည့်နေကြသည်။ ဒါဟာ တရုတ်သမိုင်းမှာ အထူးခြားဆုံးနဲ့ မယုံနိုင်စရာ အကောင်းဆုံး ရှာဖွေတွေ့ရှိမှုတစ်ခု ဖြစ်လို့ သူတို့အားလုံး တုန်လှုပ်သွားကြ၏။ 


ဟော့လင်က သူမရဲ့ ရှာဖွေတွေ့ရှိမှုဟာ အရေးကြီးတဲ့ ရှာဖွေတွေ့ရှိမှုကို ဖြစ်ပေါ်စေခဲ့တာကို တွေ့မြင်ရသောအခါ ဝမ်းသာပီတိ ဖြစ်ပြီး မနေနိုင်စွာဖြင့် ကျန်းချီလင်ရဲ့ မျက်နှာပေါ်ကို အနမ်းတစ်ပွင့် ပေးလိုက်သည်။ ထိုအချိန်တွင် တခြားယောက်ျားလေးများကို ချက်ချင်း မနာလို ဖြစ်သွား​စေသည်။


ကျန်းချီလင်က ဒါကို သတိမထားမိပေ။ သူ့ကိုနမ်းသွားတာ ဘယ်သူမှန်း မသိသလို မသိချင်ယောင်ဆောင်နေတာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါသည်။ သူက ဝမ်ကျင်ဆီကို တိုက်ရိုက်လျှောက်သွားပြီး နောက်ခန်းထဲကို ချက်ချင်းလိုက်ရှာဖို့နဲ့ ခေါင်းတလား တစ်ခုခု တွေ့နိုင်ကြောင်း အကြံပေးခဲ့သည်။ 


လက်ရှိ အချိန်မှာတော့ ဝမ်ကျင်က ခေါင်းဆောင် ဖြစ်​လေသည်။ ၎င်းကို တွေးကြည့်ပြီးနောက် အဲဒီလို လုပ်ဆောင်ရန်မှာ အန္တရာယ်များလွန်းလို့ ထင်တာကြောင့် သူမက။


"မဖြစ်ဘူး... လုံးဝ မဖြစ်ဘူး... ငါတို့ ခေါင်းဆောင် မပါဘဲ ရှေးခေတ် ဂူသင်္ချိုင်းထဲကို တစ်ယောက်တည်း ဝင်သွားလို့ မရပါဘူး!"



(ဘာသာပြန် - အမလေး ကုန်ပါပြီတော်။ တို့ အားကျန်းလေးကို နမ်းသွားပြီ.....။ အဲဒါကြောင့် ကျန်းချီလင်က ဟော့လင် မကောင်းဆိုးဝါးလို ဖြစ်သွားတော့ အသေတွယ်ပစ်တာ ဖြစ်မယ်။ တစ်စုံတစ်ဝူကို ကာကွယ်ချင်ဇောနဲ့။ Un ep 1 မှာ ပါတယ်နော်)


သူမ သဘောမတူတာကို မြင်တော့ ကျန်းချီလင်က အပိုစကားတွေကို ထပ်ပြောမနေတော့ဘဲ သူ့ပစ္စည်းများကို ထုပ်ပိုးကာ စင်္ကြံဘက်သို့ လျှောက်သွားခဲ့သည်။ ဝမ်ကျင်သည် အမျိုးသမီးများ ကြားတွင် သူရဲကောင်းတစ်ဦး ဖြစ်သည်။ သူမကို အလေးအနက် မထားတာကို မြင်လိုက်ရသဖြင့် မနေနိုင်တော့ပေ။ 


မပျော်မရွှင်ဖြစ်လာကာ သူမက ကျန်းချီလင်ကို သင်ခန်းစာတစ်ခု သင်ပေးချင်လာသည်။ ဘာပဲဖြစ်ဖြစ် သုတေသနအဖွဲ့မှာ မကျေနပ်တဲ့သူတွေကို သင်ပေးဖို့အတွက် လှည့်ကွက်တချို့ကို မကြာခဏ သုံးရလေ့ရှိ၏။ 


ဒါကိုတွေးရင်း သူမ ရုတ်တရက် ရှေ့ကို လှမ်းပြီး ကျန်းချီလင်ရဲ့ ပါးလွှာတဲ့ လက်ကောက်ဝတ် အဆစ်တွေကို ဆုပ်ကိုင်ဖို့ ကြိုးစားခဲ့သည်။ ဒါက သွေးခုန်နှုန်းကို ဖိလိုက်တာလို့ ခေါ်ပါ၏။ သွေးခုန်နှုန်းကို ဖိထားပြီးတာနဲ့ တိုင်းတာမှု လေးခုနဲ့ ပေါင်တစ်ထောင် လှုပ်ရှားနိုင်​ပြီ။ မိန်းကလေးတွေက မသန်မာသော်လည်း သူမက ပထမဆုံး တိုက်ခိုက်သူ ဖြစ်သရွေ့ ကျန်းချီလင်လို အရွယ်ရောက်ပြီးသူအား တားဆီးနိုင်ရန် လုံလောက်ပါ၏။


တခြား ယောက်ျားလေးများ အားလုံးမှာ ဝမ်ကျင်ရဲ့ ဒီအကွက်အောက်မှာ ကျဆုံးခဲ့ကြဖူးရာ ကျန်းချီလင်ရဲ့ ဟာသကို မြင်လိုစိတ်ဖြင့် တိတ်တဆိတ် ရယ်မောနေကြသည်။ 


သူမဟာ ဒီလှုပ်ရှားမှုကို အကြိမ်ကြိမ် ကြိုးစားခဲ့ဖူးလို့ ကိုယ်ခံပညာနောက်ခံ မရှိတဲ့လူတွေ ဒီအကွက်ကို ကာကွယ်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ဒါပေမဲ့ ဒီတစ်ကြိမ်မှာတော့ သူမဟာ တုန်လှုပ်ခြောက်ခြားသွားခဲ့သည်။ ကျန်းချီလင်က သူမဘက်ကို အသာလှည့်ပြီး တည်ငြိမ်စွာ ပြောလာခဲ့သည်။ 


"စိတ်မပူနဲ့ ငါ ကိုယ့်ကိုကိုယ် ဂရုစိုက်နိုင်တယ်!"


ဝမ်ကျင်က လှောင်ပြောင် ပြောဆိုလိုက်ပြီး 


"နင့်ကိုယ်နင် ဘယ်လို ဂရုစိုက်နိုင်မှာလဲ? ရှောင်ကျန်း နင်က အဖွဲ့ထဲမှာ စည်းကြပ်မှုမရှိ စည်းကမ်းမဲ့လို့ နာမည်ကြီးပေမယ့် ဒါက ရှေးဟောင်း ဂူသင်္ချိုင်းတစ်ခုပဲ... ကျေးဇူးပြုပြီး ကိုယ့်ကိုကိုယ် မတွေးဘဲ လူတိုင်းရဲ့ လုံခြုံရေးအတွက် တွေးကြည့်ပါ"


ကျန်းချီလင်က ခေါင်းညိတ်ကာ


"ငါ စဉ်းစားကြည့်မယ် မကြာခင် ငါပြန်လာမှာပါ"


ဝမ်ကျင်ရဲ့ မျက်နှာမှာ ဒေါသကြောင့် နီရဲလာသည်။ ကျန်းချီလင်ရဲ့ နွေးထွေးသော လေသံကို ကြည့်ပြီး သူမ ဒေါသမထွက်တော့ဘဲ ထသွားကာ သူ့ကို လှမ်းဆွဲလိုက်ပြန်သည်။ 


"ဟင့်အင်း နင်ဘာတွေ ပြောနေတာလဲ? ငါတို့လည်း လိုက်ဖို့လည်း မစီစဉ်ထားဘူးနော် တစ်ယောက်ယောက် ပျောက်သွားလို့ ပြန်သွားရင် ရုံးကို ဘယ်လိုရှင်းပြရမလဲ?"


ကျန်းချီလင်က အနည်းငယ် စိတ်မရှည်ဟန်ဖြင့် ခေါင်းကို လှည့်လာကာ အေးစက်သော အကြည့်တစ်ချက် ပို့လာ၏။


"လွှတ်လိုက်!"


ဝမ်ကျင် သူ့ကို ပြတ်ပြတ်သားသား ကြည့်နေသည်။ ဒီလိုချစ်စဖွယ် မိန်းမချောလေး တစ်ယောက်ကို မြင်လိုက်လျှင် ယောက်ျားတိုင်း အလျှော့ပေးလိမ့်မည် ထင်ရသည်။ သို့သော် ကျန်းချီလင်ကတော့ ရုတ်တရက် မျက်လုံးများ ပြူးကျယ်ထားကာ သူ့မျက်လုံးများက နတ်ဆိုးတစ်ကောင်လို သရဲတစ္ဆေ တစ်ကောင်လို ဖြစ်လာရာ ထိတ်လန့်လွန်းလို့ လက်တွေ ပျော့သွားပြီး လွှတ်ပေးလိုက်ရသည်။


သူမ နောက်တစ်ကြိမ် ထပ်ကြည့်လိုက်သောအခါ သူမကို သတိပေးခဲ့သော ကျန်းချီလင်ရဲ့ မျက်လုံးများသည် နားမလည်နိုင်သော အကြည့်များဆီသို့ ပြောင်းလဲသွားခဲ့သည်။


"ကျေးဇူးပဲ!


ထိုမြင်ကွင်းကို မြင်သောအခါ တခြားလူတွေက ဝမ်ကျင် ကျန်းချီလင်ရဲ့ တောင်းဆိုချက်ကို သဘောတူလိုက်တယ်လို့ ထင်မြင်တာကြောင့် အားလုံးက မယုံမကြည် ဖြစ်သွားကြလေသည်။ လူတစ်ဦး စည်းကမ်း ဖောက်ဖျက်ပါက တခြားလူများကလည်း ရှေ့သို့ တိုးဝင်လာကြလိမ့်မည်။


ကျန်းချီလင် စင်္ကြံလမ်းထဲသို့ လျှောက်သွားရင်း တစ်ဖက်က ကြွေထည်တွေ အားလုံးကို ယူသွားမှာ ကြောက်လန့်သွားသည်။ တစ်ဖက်ကလည်း သူတို့ မျိုသိပ်ထားသော သိချင်စိတ်ကို နှိုးဆွကာ အားလုံးက ကျန်းချီလင်နောက် လိုက်သွားရန် အော်ဟစ်ခဲ့ကြသည်။


ဝမ်ကျင်သည် အမျိုးသမီးတစ်ဦး ဖြစ်ပြီး သူမ ထိုလက်ကို လွှတ်လိုက်တာနဲ့ ဒီလူတွေကို ထိန်းချုပ်နိုင်တော့မှာ မဟုတ်ကြောင်း သူမ သိခဲ့သည်။ ယခုအချိန်တွင် သူမလက်ထဲ သေနတ်မကိုင်ပါက ထိုလူငယ်​တွေကို တားရန် နည်းလမ်းမရှိတော့ပေ။ 


ဦးလေးသုံးရဲ့ ဒေါသက မကောင်းတာကြောင့် သူသာ ယခုအချိန်တွင် ဒေါသဖြင့် နိုးလာပါက သူမအတွက်ကြောင့် ကျန်းချီလင်နှင့် ပြင်းထန်သော ပဋိပက္ခများ မလွဲမသွေ ကြုံတွေ့ရမည် ဖြစ်ပြီး သုသေသန အရာများ လက်လွတ်သွားနိုင်သည်။ 


သူမသည် သူတို့အား ခေါ်ဆောင်ကာ ဝင်သွားပြီး အမြန်ဆုံးပြန်လာရန် ဆုံးဖြတ်ခဲ့သည်။ သူမရဲ့ နှစ်ပေါင်းများစွာ ဂူဖောက်တဲ့ အတွေ့အကြုံကို အခြေခံရလျှင် ဒီသင်္ချိုင်းသာ သာမန်သင်္ချိုင်းတစ်ခုသာ ဖြစ်ပါက ပြဿနာရှိမည် မဟုတ်ပေ။


နောက်ဆက်တွဲ ဖြစ်စဉ်မှာ အခြေခံအားဖြင့် ဝူရှဲတို့ကြုံတွေ့ခဲ့ရသည့် အတိုင်းပင် ဖြစ်သည်။ စင်္ကြံလမ်းမတွင် ထောင်ချောက်များစွာ၊ ရေကူးကန် အတွင်းက လှေကားများကိုလည်း တွေ့ရှိခဲ့ရသည်။ ရေကန်အောက်ခြေကို ဆင်းသွားတာက အလွန်အလှည့်အပြောင်း ဖြစ်နေသော်လည်း ကျန်းချီလင် ပြောပြချက်အရ အရေးအကြီးဆုံးမှာ မြူခိုးဖုံးနေသော ရေကန်အောက်ခြေသို့ ရောက်သောအခါ စကားလုံးတွေ မရှိတဲ့ ကျောက်ပြားကို တွေ့လိုက်ရခြင်းပင်။ 


ရေကူးကန် အောက်ခြေက မြင်ကွင်းက ရိုးရိုးရှင်းရှင်းနဲ့ နားမလည် နိုင်လောက်အောင်ပါပဲ။ ဓာတ်မီး အလင်းရောင်အောက်မှာ ထူထဲတဲ့ မြူခိုးတွေက ရံဖန်ရံခါ မျက်နှာအလှပြင်ထားတဲ့ တစ္ဆေ ပုံရိပ်တွေလို ပြောင်းလဲသွားတာကြောင့် လူတွေကို ကြောက်ရွံ့ ထိတ်လန့်မှုတွေ ဖြစ်ကုန်စေတော့သည်။ လူတစ်စု ရုတ်တရက် အသက်ရှုမထုတ်ဝံ့ဘဲ မြူခိုးတွေထဲ လှမ်းလျှောက်ကာ တုန်တုန်ယင်ယင် ဖြစ်လာကြပြီး တစ်ခုခု ရုတ်တရက် ထွက်လာမှာကို ကြောက်​နေကြသည်။


ဟော့လင်သည် ကျန်းချီလင်က ကြောက်ရွံ့ခြင်း မရှိပဲ အရှေ့က ထွက်သွားတာကို မြင်လိုက်သည်။ အများအားဖြင့် အလွန်အထင်ကြီးစရာ ကောင်းပြီး အစွမ်းထက်သော ကျောင်းက စီနီယာများ သည် ယခုအခါ သူမနောက်ကွယ်တွင် ပုန်းအောင်းနေကြပါ၏။ 


"နင်တို့ကိုယ်နင်တို့ ​ပြန်ကြည့်ဦး... နင်တို့က ရှောင်ကျန်းထက်တောင် အသက်ကြီးတယ်... အခု သူ့ခြေဖျားကိုတောင် မမှီဘူး ရှက်စရာ ကောင်းလိုက်တာ!"


သူတို့အရွယ် လူတွေဟာ နွားသငယ်လို မွေးဖွားလာခဲ့ရင်တောင် ကျားတွေကို မကြောက်ကြရမှာ မဟုတ်လား။ ဟော့လင် ဒီလိုပြောတဲ့အခါ သူတို့ရဲ့ သွေးတွေ တဟုန်ထိုးတက်လာပြီး စိတ်ပျက်လက်ပျက် ဖြစ်ကုန်ကြ၏။ ခြေလှမ်းအနည်းငယ် လှမ်း​ကြည့်၍ ဘာမှမဖြစ်တာကို မြင်လိုက်ရတော့ သူတို့ ပြန်ရဲရင့်လာပြီး မြူခိုးအလယ်တည့်တည့်သို့ ခြေလှမ်း အနည်းငယ် လှမ်းသွားလိုက်သည်။ ရုတ်​တရက်​ပင်​ ​ခေါင်း​ဆောင်​သွားတဲ့ လူက အော်ဟစ်ပြီး ပြန်ပြေးလာသည်။


"အထဲမှာ မ​ကောင်းဆိုးဝါး တစ်​​ကောင်​ ရှိတယ်​!" 


ဒီအသံက လူတိုင်းကို ကြောက်လန့်တကြား ဖြစ်လုနီးပါးပါပဲ။ သူတို့နောက်က လူနည်းစုကလည်း မြင်ရသည်ဖြစ်စေ မမြင်ရသည် ဖြစ်စေ ဂရုမစိုက်နိုင်ဘဲ ဦးရေပြားတွေ ထုံကျင်လာပြီး နောက်ပြန် ဆုတ်သွားကြသည်။


ကျန်းချီလင် သူတို့ကို အရေးမစိုက်နေပေ။ မကောင်းဆိုးဝါးလို့ ခေါ်တဲ့ အရာမှာ ကျောက်တုံး မျောက်ရုပ်တွေ ဖြစ်သည်။ ချက်ချင်းပင် တခြား ကျောက်တုံးမျောက်ပေါင်း များစွာနှင့် လျှို့ဝှက်ဆန်းကြယ်သော စကားလုံးမဲ့ကျောက်ပြားကို တွေ့လိုက်ရသည်။


တခဏချင်းမှာပဲ လူတိုင်းက လေးလေးနက်နက် တွေးလာမိသည်။ သူတို့ရှေ့က အရာတွေက ကြီးကျယ်ခမ်းနားတာ မဟုတ်ပေမယ့် ဒီလူတွေရဲ့ အမြင်မှာတော့ ထူးထူးခြားခြား အဓိပ္ပာယ် ရှိပါ၏။ ဒီရှေးဟောင်း ဂူသင်္ချိုင်းထဲက အရာအားလုံးဟာ နှစ်ထောင်ပေါင်းများစွာရဲ့ သမိုင်းစာအုပ်ထဲက လှန်ပစ်လိုက်သလိုပဲ။ တရုတ်သင်္ချိုင်း သဘောတရားများကို တိုင်းတာသော ရှေးဟောင်း သုတေသန တန်ဖိုးဟာ စကားနဲ့တောင် နှိုင်းမရချေ။ 


ဝမ်ကျင်ပင်လျှင် စကားမပြော နိုင်လောက်အောင် အံ့အားသင့်သွားကာ


“အိုဘုရားရေ.... ဒါတွေက မယုံနိုင်စရာပဲ ဒီနေရာက တရုတ်ရှေးဟောင်း သုတေသနနယ်ပယ်ရဲ့ နောက်ထပ် မှတ်တိုင်တစ်ခု ဖြစ်လာနိုင်တယ်” 


ထိတ်လန့်တုန်လှုပ် သွားပြီးနောက် စိတ်ကြွဆေးပြားတွေ စားလိုက်ရသလို ဖြစ်လာတော့သည်။ အဲဒီခေတ်တုန်းက ကြီးမားသော ရှာဖွေတွေ့ရှိမှု တစ်ခုသည် ကြီးမားသော အခွင့်အလမ်းကို ဆိုလိုလေသည်။ ရှာဖွေတွေ့ရှိမှုကို ကြေညာပြီးသည်နှင့် သူတို့အမည်များ၊ အိမ်သူအိမ်သားများ၏ အမည်များ ချက်ချင်း ပြောင်းလဲသွားမည် ဖြစ်သည်။ ဒါကိုတွေးပြီး လူမိုက်အချို့က တခစ်ခစ် ရယ်မောကာ တစ်ယောက်က အလွန်စိတ်လှုပ်ရှားနေရာ သူ့ကိုယ်သူ မထိန်းနိုင်ဘဲ ကခုန်နေပါတော့သည်။


ယခုအချိန်တွင် ဤဘေးအန္တရာယ်ကို ဖြစ်ပေါ်စေခဲ့သော ကျန်းချီလင်မှာ လေးလေးနက်နက် မျက်မှောင်ကြုတ်နေ၏။ သူသည် တခြားသူများထက် ဂရုတစိုက် ကြည့်နေတဲ့ ကျောက်ပြား အုတ်မြစ်ပေါ်က ရှေးတံဆိပ် စာတန်းများကို မြင်ပြီးပြီ ဖြစ်သည်။


"ကံကြမ္မာရှိတဲ့သူတွေအတွက် ဒီရုပ်ပွားတော်ကြီးက ကောင်းကင်နန်းတော် တံခါးမှာ ပေါ်လာလိမ့်မယ်.... မင်းဝင်နိုင်ရင် ကောင်းကင်ကို တက်နိုင်ပြီ"


ဒီစာကြောင်းက တခြားရှာဖွေ တွေ့ရှိမှုများထက် ပိုမို၍ တုန်လှုပ်ချောက်ချား သွားစေသည်။ သူ့ပတ်ဝန်းကျင်က လူတွေရဲ့ ရူးသွပ်မှုတွေဟာ ကျန်းချီလင်ကို မကူးစက်သွားဘဲ နက်နဲစွာ တွေးတောမိသွားစေ၏။ 


သူ့အယူအဆအရ ဒီစကားလုံးတွေကို အကြောင်းပြချက် မရှိဘဲ ဒီနေရာမှာ ရေးထားမှာ မဟုတ်ဘူး။ သင်္ချိုင်းပိုင်ရှင်က ဒီနေရာမှာ ဒါကို ထားထားတယ် ဆိုတာ အကြောင်းပြချက် တစ်ခုခုတော့ ရှိလိမ့်မည်။ 


ဒါဆို ဒီကျောက်ပြားထဲက ကောင်းကင်နန်းတော်ဆီ ဦးတည်တဲ့ တံခါးက ဘယ်မှာလဲ။ သူတို့က ကံကြမ္မာကို ဘယ်လို ရှာရမှာလဲ။ ကျန်းချီလင်သည် ကျောက်စာတန်းရှေ့တွင် ရပ်ကာ လိုက်ရှာသော်လည်း ကျောက်ပြားမှာ ယန္တရားနှင့် ကုတ်နံပါတ်များ မပါရှိတဲ့ သာမန်ကျောက်ပြားတစ်ခု မျှသာ ဖြစ်​နေသည်။


တခြားလူတွေကလည်း ခဏလောက် စိတ်ရှုပ်သွားကြပြီး တဖြည်းဖြည်း ငြိမ်သက်သွားကြသည်။ ဝမ်ကျင်ကလည်း အချိန်ကုန်ခါနီးပြီ။ ဒီမှာ ထပ်ရွှေ့ဖို့ မသင့်တော်ဘူးလို့ ခံစားမိတဲ့အတွက် အားလုံးကို ပြန်ခေါ်လိုက်သည်။ ထိုလူနည်းစုတို့မှာ ကျေနပ်ပျော်ရွှင်နေကြ၏။ 


သူတို့သည် အတွေ့အကြုံများ ရရှိလာပြီမို့ စိတ်အေးချမ်းသာစွာဖြင့် လှေကားဆီသို့ လျှောက်သွားကာ စကားစမြည်ပြောရင်း ရယ်မော​နေကြသည်။ ဝမ်ကျင်က ၎င်းတို့အား တစ်ယောက်ပြီးတစ်ယောက် ရေတွက်ခဲ့သည်။ ရေတွက်မှုအဆုံးတွင် ကျန်းချီလင်တစ်ယောက် ပြန်မလာသေးတာကို တွေ့လိုက်ရသည်။ 


ကျန်းချီလင် အစပိုင်းတုန်းက အဖွဲ့ခေါင်းဆောင်ရဲ့ စကားကို နားမထောင်ဘဲ နောက်အခန်းသို့ လာရန် တွန်းအားပေးခဲ့သလို ယခုအခါတွင်လည်း သူသည် အဖွဲ့နဲ့ပြန်ရန် ငြင်းဆန်ခဲ့​ပြန်သည်။ ဒါကိုတွေးပြီး ဝမ်ကျင် အလွန် ဒေါသထွက်သွားခဲ့ပြီး သူ့ကို တစ်ယောက်တည်း ထားခဲ့ရင် သူမတာဝန် ဖြစ်သွားလိမ့်မည်။ 


ဒါကြောင့် တခြားသူတွေက လေသံနဲ့ အချက်ပြလိုက်ရာ အဖွဲ့သားတွေက မြူခိုးတွေထဲ မြန်မြန်ပဲ ပြန်လျှောက်သွား၏။


ခြေလှမ်းအနည်းငယ် လှမ်းပြီးသော် ကျန်းချီလင်သည် တစ်စုံတစ်ခုကို လေ့လာနေဟန် ကျောက်​ပြားရှေ့၌ ထိုင်နေသေး​တာကို တွေ့လိုက်ရသည်။ ဝမ်ကျင် ဒေါသမထွက်ဘဲ မနေနိုင်တော့အောင် ဖြစ်လာကာ အော်လိုက်မယ့် အချိန်မှာပဲ သူမစကား တစ်ဝက်တစ်ပျက်မှာ ဟော့လင်က သူမလက်ကို ဆွဲကိုင်လိုက်ပြီး စကားမပြောဖို့ အသည်းအသန် အချက်ပြလာသည်။


ဝမ်ကျင် ထူးဆန်းသွားကာ တခြားသူတွေကို ကြည့်လိုက်တော့ သူတို့အားလုံးဟာလည်း အနည်းငယ် ထိတ်လန့်တကြားနဲ့ အရမ်းကို ပဟေဋ္ဌိ ဖြစ်နေတာကို တွေ့လိုက်ရ၏။


သူမ မတုံ့ပြန်သေးတာကို မြင်လိုက်ရတော့ ဟော့လင်က မြူခိုးဘက်ကို အလျင်စလို ညွှန်ပြလိုက်သည်။ ဝမ်ကျင်လည်း သူမလက်ညှိုးအတိုင်း လိုက်ကြည့်တဲ့အခါ ကျန်းချီလင်နဲ့ နှစ်မီတာလောက်ဝေးတဲ့ နက်နဲတဲ့ အပိုင်းမှာ လူအရိပ်တစ်ခု ပေါ်လာတာကို တွေ့လိုက်ရ​လေသည်။