(29)
Viewers 14k

ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (volume 1)

Author -南派三叔 (nan pai san shu)

translater - Hninthawethadar

ဒေါသပင်လယ်၌ မြုပ်နေသောသဲ


Chapter (29)

ကျောက်ပြား



ရေပူပေါင်းများဟာ အညီအမျှ လျင်မြန်စွာ ​ပေါ်ပေါက်လာပြီး အပြင်ဘက်တွင်လည်း အသံက ကျယ်လာသည်။ ရေကူးကန် အောက်တွင် လူကြီးတစ်ယောက် ရှိနေပြီး အဆက်မပြတ် မောဟိုက်နေသလိုပင်။ ဝူရှဲတို့ သုံးယောက်က သေနတ်တွေကိုင်ပြီး နံရံနဲ့ ကျောကပ်လျက် စောင့်နေကြသည်။ 


ဝူရှဲအရမ်းစိတ်တွေ ပူနေ၏။ သူနည်းနည်းလေးလည်း ဗိုက်ဆာနေတဲ့အတွက် လက်တွေနဲ့ အကုန်လုံးက ချွေးတွေ ထွက်နေကာ သူ့အတွက် ဘယ်လိုရလဒ်တွေ စောင့်နေမယ်ဆိုတာ မသိနိုင်ချေ။ ရေသည် ငါးမိနစ်ခန့် ပွက်ပွက်ထလာပြီး ရေကန်အောက်မှ နားမလည်နိုင်သော အသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။


တစ်ချိန်တည်းမှာပင် ရေကန်အတွင်းရှိ ရေပမာဏသည် ကျဆင်းလာပြီး ရေစီးကြောင်း တစ်ဒါဇင်ကျော်လောက် တဖြည်းဖြည်း ပေါ်လာသည်။ အိမ်သာ တစ်ဒါဇင်ကျော်လောကိ တစ်ပြိုင်နက်တည်း ရေစုပ်နေသကဲ့သို့ ရေတွေ လျှံကျသွားသည်။ ရေစီးသည် တခဏချင်းမှာပဲ ရေက နှစ်မီတာ ၃ မီတာအထိ ကျဆင်းသွားတာကို မြင်လိုက်ရတော့ အံ့သြသွား၏။ 


ရေကန်ထဲကို ဓာတ်မီးနဲ့ ထိုး​ကြည့်လိုက်တဲ့အခါ ရေတွေထဲက ကျောက်တုံးတစ်တုံး ပေါ်ထွက်လာတာကို တွေ့ရသည်။ ကျောက်တုံး လှေကားထစ်များသည် ကျောက်နံရံ အောက်သို့ လှည့်ပတ်ကာ ရေကန် အောက်ခြေသို့ တိုက်ရိုက် ဦးတည်သွားပုံရသည်။ ​


ရေကျသွားတာက အရမ်း မြန်သည်။ သေသေချာချာ လေ့လာဖို့ အချိန်မရခင်မှာပဲ ၎င်းက ရေကန်ရဲ့ မှောင်မိုက်တဲ့ အောက်ခြေမှာ ပျောက်ကွယ်သွားခဲ့ပြီးပြီ။ သို့သော် ရေဝဲဟောက်သံက ထွက်ပေါ်လာဆဲပါပဲ။ လက်နှိပ်ဓာတ်မီးဖြင့် ကြည့်လိုက်တော့ ရေကန်သည် ပန်းကန်လုံး ပုံသဏ္ဌာန်ရှိနေတာ တွေ့လိုက်ရသည်။ ထိပ်မှာ ကျယ်ပြီး အောက်ခြေမှာ ကျဉ်းသည်။ ဆယ်မီတာကျော် နက်ကာ ဓာတ်မီးရဲ့ ထိုးဖောက် ဝင်ရောက်နိုင်မှု စွမ်းအားက မလုံလောက်လို့ ရေခိုးရေမြူတွေ ဆိုင်းနေတာကိုသာ တွေ့ရ၏။ 


ရုတ်တရက် ထိုးဖောက်အား ပြင်းတဲ့ ရေနက်ပိုင်း မီးခွက်မျိုး ကျန်နေသေးတာကို သတိရသွားသည်။ အဲဒါက ရေမှုန်ရေမွှားတွေအပေါ် သက်ရောက်မှု ရှိမရှိ​တော့ မသိပါဘူး။ ဝူရှဲကစပြီး အလင်းကို အမြင့်ဆုံးအထိ ချိန်ညှိပြီး ထွန်းပေးဖို့ ဖက်တီးတို့ဘက် ကမန်းကတန်း တောင်းဆိုလိုက်ကာ သုံးယောက်သား အောက်ခြေကို မတူညီသော လမ်းကြောင်းသုံးခုမှ တစ်ပြိုင်နက်တည်း ရွေ့သွားလိုက်သည်။ 


ဒီအချိန်မှာ အလင်းရောင်က ရှင်းရှင်းလင်းလင်း မသိရသေးလို့ အောက်ဖက်က ပုံသဏ္ဌာန်ကို ပုံဖော်လို့ မရသေးပါဘူး။ ရေကန်ရဲ့ အောက်ခြေမှာ အချင်း 10 မီတာရှိတဲ့ စက်ဝိုင်းပုံစံ ဖြစ်ပြီး အဲဒီပေါ်မှာ ထွင်းထုထားတဲ့ ရုပ်ကြွတွေကို အတိအကျ မမြင်ရပေမယ့် ပုံသဏ္ဍာန် တစ်ခုခု ရှိနေတာတော့ သေချာပါ၏။


ရေခိုးရေငွေ့ အစုလိုက် အပြုံလိုက် ရှိနေလို့ အထဲမှာ အမှောင်ရိပ် တစ်ခု ရှိနေသလိုပဲ။ ဝူရှဲကတော့ ဘာရှိမှန်း မသိသော်လည်း ဖက်တီးရဲ့ မျက်လုံးတွေကတော် အဆိပ် ပြင်းလွန်းလှသည်။ 


“ရေကန်အောက်ခြေရဲ့ အလယ်မှာ ကျောက်ပြားတစ်ချပ် ရှိနေတာကို မင်းမြင်ရလား?”


သူညွှန်ပြတဲ့ လမ်းကြောင်းကို လှမ်းကြည့်လိုက်တော့ ကောက်ကြောင်းတစ်ခုသာ မြင်နေရ၏။ ဖက်တီးက ပြောသည်။ 


"ဒီကျောက်လှေကားထစ် အတိုင်း ဆင်းသွားရင် ဘယ်ကို ရောက်သွားမလဲတော့ မသိဘူး....ငါတို့ ဆင်းကြည့်ရအောင်!” 


သူကပြောပြီးတာနဲ့ ကျောက်တုံးကြီးပေါ်သို့ ခုန်ဆင်းလိုက်သည်။ ဒီရှေးဟောင်း ဂူသင်္ချိုင်းဟာ ထူးဆန်းပြီး ဖက်တီးတစ်ယောက် အရူးလို ပြေးဆင်းသွားမှာကို သဘောမတူချင်တာကြောင့် ဝူရှဲလည်း အော်ပြောလိုက်သည်။


"မလောပါနဲ့.... ဒီအတိုင်း ဆင်းသွားတာ အရမ်းအန္တရာယ်များတယ် အနည်းဆုံးတော့ ရေမြူတွေ ကင်းစင်သွားတဲ့အထိ စောင့်ရအောင်"


ဖက်တီးက ခြေလှမ်း ပေါင်းများစွာ ဆင်းသွားခဲ့ပြီး 


"ဘာမှမဖြစ်ဘူး.... ငါဆင်းကြည့်လိုက်မယ်.. တကယ်လို့ အောက်ဖက်မှာ လမ်းလျှောက်ဖို့ မလွယ်ရင် ငါ့ဘာသာ ပြန်လာခဲ့မယ်" 


သူ့ဒေါသကို ဝူရှဲလည်း သိတာမို့ မတားနိုင်ဘဲ လှမ်းသာ ကြည့်​နေလိုက်တော့သည်။ ဖက်တီး အကြာကြီး ဆင်းသွားပြီးတဲ့အခါ တစ်ခုခုကို တွေ့လိုက်သလိုမျိုး ​ခေါင်းငုံ့ ထိုင်ချလိုက်ပြီး စက္ကန့် အနည်းငယ်လောက် တိတ်ဆိတ်နေ၏။ ခဏကြာတော့ ခေါင်းကို မော့လာကာ။


"ဘာလဲဟ!! ဒီမှာ နိုင်ငံခြားဘာသာ စကားတောင် ရှိနေတယ်!!"


ဝူရှဲ မင်မင်းဆက်ရဲ့ ရှေးသင်္ချိုင်းဂူတွေမှာ နိုင်ငံခြားစာတွေ ရေးထားတာကို ကြားလိုက်ရတော့ အံ့ဩသွား၏။ 


"မင်းဘာတွေ ပြောနေတာလဲ? ရှေးခေတ် သင်္ချိုင်းတွေမှာ နိုင်ငံခြားက စာတွေ ဘယ်လိုလုပ် ရှိနိုင်မှာလဲ? မင်း အမြင်မှားနေတာလား?"


ဖက်တီးက ဒေါသတကြီး အော်ရင်း 


"မင်းရဲ့ဖက်တီး ငါက နိုင်ငံခြား ဘာသာစကားမှယ မကောင်းပေမယ့် ABCD လောက်တော့ သိပါတယ်ဟ!! မင်းငါ့ကို နည်းနည်းလေးမှ အထင်မသေးလို့ မရဘူးလား? မင်း မယုံရင် ဆင်းလာပြီး ဖတ်ကြည့်!"


“အဲဒါမှာ ရေးထားတဲ့စာကို ဖတ်ကြည့်ပါဦး” 


ဖက်တီးမှာ ဒေါသအရမ်း ထွက်လာပုံဖြင့် ကျိန်ဆဲလိုက်သည်။


“ငါနားလည်ရင် မင်းကို ဆင်းလာခိုင်းဖို့တောင် မလိုဘူး” 


ဝူရှဲမှာ ဆင်းသွားဖို့ မစီစဉ်ထားပေမယ့် ဒီလိုဆိုရင် မဆင်းလို့ မဖြစ်နိုင်တော့မှန်း သိတာကြောင့် သက်ပြင်းချပြီး ဖက်တီး ဆင်းသွားတဲ့အတိုငိး တုပပြီး ကျောက်လှေကားထစ်တွေပေါ်ကို ခုန်ဆင်းလိုက်သည်။ ကျောက်လှေကားများသည် မီတာဝက်မျှသာ ရှည်လျားပြီး စိမ်းပြာရောင် ကျောက်တုံးကြီးများဖြင့် ပြုလုပ်ထားပုံရသည်။  


ဝူရှဲ အစွန်းတစ်ဖက်က ရေကူးကန်ရဲ့ နံရံကို ခြေထောက်ဖြင့် ပြင်းပြင်းထန်ထန် ကန်ကျောင့်လိုက်စဥ် ၎င်းက အလွန်ခိုင်ခံ့နေတာ တွေ့ရ၏။ ဘယ်လောက်ကန်ကန် ပြိုကျသွားမယ့်ပုံ မပေါ်ချေ။ ထိုအချိန်တွင် မျက်နှာသေက ခုန်ဆင်းကာ ဖက်တီးဆီကို လျှောက်သွားနေရာ ဝူရှဲလည်း လိုက်လျှောက်လာခဲ့သည်။


ဖက်တီးက နံရံလို လှေကားထစ်များပေါ်တွင် ရပ်လျက် ရေကန်၏ နံရံဘက်ကို ညွှန်ပြပြီး ပြောလိုက်သည်။


"အဲဒီမှာ ကြည့်စမ်း.... နိုင်ငံခြားဘာသာစကား မဟုတ်ရင် ငါရဲ့ "王"ဝမ် ဆိုတဲ့ စာလုံးကို ဇောက်ထိုး ရေးပစ်လိုက်မယ်!"


ဝူရှဲ မြင်လိုက်တာနဲ့ တစ်စုံတစ်ယောက်က စာလုံးအနည်းငယ်ကို ထွင်းခဲ့ကြောင်း ခန့်မှန်းမိသည်။ အမှတ်အသားတွေက အသစ်မဟုတ်သလို အဟောင်းလည်း မဟုတ်ရာ ဦးလေးသုံးနဲ့ သူ့အဖွဲ့က လွန်ခဲ့တဲ့ အနှစ် ၂၀ လောက်က ထွင်းထားခဲ့တာ ဖြစ်နိုင်တယ်လို့ ထင်ရ​လေ၏။ 


ဦးလေးသုံး အိပ်ပျော်နေတဲ့အချိန် အဲဒီလူတွေ ဒီနေရာ ရှိနေခဲ့တာများ ဖြစ်နိုင်မလား? အဲဒီလူတွေ ဒီနေရာကို ရောက်ဖူးကြတာလား? သူတို့ ပျောက်ဆုံးသွားတဲ့ ထူးဆန်းမှုက ဒီရေကန်နဲ့ ဆက်စပ်နေတာများလား?


ဖက်တီးလည်း ဝူရှဲဘက်က တုံ့ပြန်မှုကို မြင်တဲ့အခါ ထိတ်လန့်သွားပြီး ဝူရှဲကို တစ်ချက် ရိုက်ကာ။


"ဟုတ်လား မဟုတ်ဘူးလား မြန်မြန် ပြောစမ်းပါ!"


ဝူရှဲ ခပ်မြန်မြန် ခေါင်းညိတ်လိုက်သည်။


"ဟုတ်ပါတယ် ဟုတ်ပါတယ် ငါ တောင်းပန်ပါတယ်.... ဒါကတကယ် အင်္ဂလိပ်စာပဲ"


ဖက်တီးက မာနကြီးလာပြီး သူ့ပေါင်ကို ​ပြန်ရိုက်လိုက်ကာ။ 


"ငါပြောမယ်.. ဘာလို့ဒီလောက် ထူးဆန်းနေတာလဲ? ငါတို့ရှာနေတာ ကြာပြီလေ အဝေးကနေ ကြည့်လို့တောင် ပစ္စည်းကောင်းတာတွေ မရှိ​တော့ဘူးဆို​​တာ အသိသာကြီး..... အဲဒါက ဒီကို အရင်ရောက်လာတဲ့ လူတွေက နိုင်ငံခြားက ညီအစ်ကိုတွေ ဆိုတာ ငါလောင်းရဲတယ်..... ရှစ်နိုင်ငံ မဟာမိတ်တပ်တွေ ရောက်လာရင်တောင် ငါတို့အတွက် ဘာမှကျန်မှာ မဟုတ်ဘူး.... ပြောစရာတောင် မလိုတော့ဘူး ဒီတစ်ခါတော့ တကယ်ကို ဘာမှ မကျန်တော့ဘူး!"


ဝူရှဲက ခဏလောက် စဉ်းစားပြီးမှ ပြောလိုက်သည်။ 


"သူတို့က နိုင်ငံခြားသားတွေလို့ ပြောလို့ မရဘူး.... တရုတ်လူမျိုးတွေက နိုင်ငံခြားအက္ခရာတွေ ရေးတတ်တာပဲလေ... ရေးတဲ့အခါမှာလည်း တရုတ်စာလုံးတွေကို ထွင်းဖို့ထက် နိုင်ငံခြားစာလုံးကို ထွင်းဖို့က အချိန်ပိုနည်းတယ်။ ဒီစာလုံးတွေ အားလုံးက အတိုကောက်တွေ ဆိုတော့ အဲဒါက အမှတ်အသား တစ်ခုခု ဖြစ်မယ်ထင်တယ်။ သူတို့ အလောတကြီး ထွင်းထုထားတာကို တွေ့ကြည့်ရသလောက်တော့ သူတို့ အောက်ဆင်းလာရင်း အရေးပေါ် တစ်ခုခု ဖြစ်သွားတာ ဒါမှမဟုတ် တစ်ယောက်ယောက်က သူတို့​နောက်ကို အပြေးအလွှား လိုက်လာတဲ့သူတွေကို သတိပေးတဲ့ အနေနဲ့ အမှတ်အသား ချန်ထားချင်ခဲ့တာ ဖြစ်မယ် ..... သူ့နောက်မှာ စာလုံးနည်းနည်းလေးပဲ ရေးထားတာ။"


"မင်းပြောတဲ့ အတိုင်းကျတော့လည်း မှန်သလိုပဲ... သူတို့ဒီမှာ ဘာလုပ်နေတယ်လို့ ထင်လဲ? သူတို့မှာ ရတနာတွေများ ရှိလား?"


ဝူရှဲလည်း ဖက်တီး တခြားနေရာကို ထပ်သွားဖို့ တွေးနေမှန်း သိတာကြောင့် သူ့ကို လျစ်လျူရှူလိုက်သည်။ သို့သော် ဖက်တီးက သူ့​နောက်ကို လိုက်လာပြီး 


"ဘာပဲဖြစ်ဖြစ် ငါတို့မှာ အချိန်တွေ အများကြီး ကျန်နေသေးတယ်... ဘာလို့ ဆင်းမကြည့်ရမှာလဲ? သုံးဖို့ ကြေးဝါတွေဘာတွေ ရှာလို့ ရနိုင်​လောက်တယ် ခဲတစ်လုံးနဲ့ ငှက်နှစ်ကောင်ကို သတ်နိုင်မှာ မဟုတ်ဘူးလား?"


ဝူရှဲ အောက်ကို ငုံ့ကြည့်လိုက်သည်။ ရတနာတွေကို သူ ဂရုမစိုက်သလို သူ့အသက်ကို စွန့်ပြီးမှသုံးရမယ့် ပိုက်ဆံကိုလည်း မလိုချင်ပါ။ ဒါပေမဲ့ ဝမ်ကျင်နဲ့ တခြားသူတွေရဲ့ နေရာကို သိနိုင်ရင်တော့ ကြည့်ရတာ တန်လိမ့်မယ်။ ဆက်လျှောက်ဖို့ မဝံ့မရဲ ဖြစ်နေချိန် ​​ဝူရှဲဘေးက မျက်နှာသေထံမှ စကားသံ ထွက်လာခဲ့သည်။


"ဒီနေရာကို ငါအရင်က ရောက်ဖူးသလိုပဲ!"