(8)
Viewers 14k

ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (volume 1)

Author -南派三叔 (nan pai san shu)

translater - Hninthawethadar

ဒေါသပင်လယ်၌ မြုပ်နေသောသဲ


Chapter (8)

ပြောင်းလဲသွားပြီ



ဝူရှဲ သူမနောက်ကနေ သင်္ဘောဂိုဒေါင်ထဲကို လိုက်သွားခဲ့သည်။ ပစ္စည်းတွေက အစုအပုံတွေနဲ့ ပြည့်နေပြီး ခြေထောက် ထားစရာနေရာ မရှိသလောက်ပဲ။ သူတို့ အလျင်အမြန် ပြင်ဆင်နေကြပုံရပြီး ပစ္စည်းအားလုံးကို ဂိုဒေါင်ထဲ သိမ်းကျုံးပြီး မလွှင့်ပစ်ရသေးတာကြောင့် ဝင်ပေါက်မှာ စုပုံထားတာ ဖြစ်မည်။ 


လမ်းလျှောက်ရင်း သတိပြုမိလိုက်တာက ရေငုပ်ကိရိယာများ၊ အစားအစာများနှင့် ကြိုးများသာဖြစ်ပြီး အောက်ဆီဂျင်ပုလင်း အများစုလည်း ရှိကြောင်း တွေ့ရသည်။


အဲဒီပစ္စည်းတွေကို ဖြတ်ကျော်ပြီး စက်ခန်းနဲ့ချိတ်ဆက်ထားတဲ့ နောက်ဘက် အခန်းထဲကို ရောက်တော့သည်။ အဲဒီမှာ ပျဉ်ခင်းအိပ်ရာပေါင်းများစွာ ပြန့်ကျဲနေပြီး ဆီမည်းရောင်လို စောင်တွေနဲ့ ဖုံးထားလေသည်။ ကုတင်တစ်ခုပေါ်တွင် ထိုင်နေသော ခပ်တင်းတင်း နဖူးပြောင်ပြောင်နှင့် လူလတ်ပိုင်းအရွယ် အဘိုးအိုက သူဝင်လာတာကို ကျွန်ုပ်ဝင်လာသည်ကိုမြင်လျှင် ထိတ်လန့် တုန်လှုပ်စွာဖြင့် ထရပ်ကာ လက်ဆွဲနှုတ်ဆက်လာခဲ့သည်။


“တွေ့ရတာ ဝမ်းသာပါတယ် တွေ့ရတာ ဝမ်းသာပါတယ်.... ငါ့မျိုးရိုးနာမည်က ကျန်းပါ...."


ဒီလူအပေါ် ဝူရှဲ့ ပထမဆုံး အထင်အမြင်က မကောင်းပေမယ့် တစ်ဖက်လူဘက်က ယဉ်ကျေးတာကြောင့် သူလည်း လက်ဆွဲ နှုတ်ဆက်လိုက်သည်။ သူ့လက်တွေက အရမ်းသန်မာပြီး အရင်က အလုပ်ကြမ်း လုပ်ဖူးသလိုပင်။ 


မိန်းကလေးနင်က


"ကျန်းလူကြီးမင်းက... ကျွန်မတို့ ကုမ္ပဏီက အထူးဖိတ်ကြားထားတဲ့ အတိုင်ပင်ခံပါ သူက မင် မင်းဆက် မြေအောက်နန်းတော်ကို လေ့လာတဲ့နေရာမှာ အထူးကျွမ်းကျင်တယ်... အခုတစ်ခေါက် ရေအောက်နန်းတော်ကို ခွဲခြမ်းစိတ်ဖြာဖို့ သူက အဓိက တာဝန်ယူထားတာ"


ရှေးဟောင်းသုတေသန လောကကို သူ သိပ်စိတ်မဝင်စားပါဘူး။ သူ့နာမည်ကို တစ်ခါမှ မကြားဖူးပေမယ့် သူ့မျက်နှာပေါ်မှာ မာနကြီးတဲ့ အကြည့်နဲ့ ရင်ဆိုင်လိုက်ရတဲ့အခါ ဝူရှဲ ပြောနိုင်လိုက်တာက


"လေးစားပါတယ်"


ထိပ်ပြောင်သော လူသည် သူ့လက်ကို ပုံကြီးချဲ့ကာ ဝှေ့ယမ်းပြီး 


"ငါက ပညာရှင် မဖြစ်ချင်ပါဘူး သုတေသန လုပ်နေရုံပဲ.... ကံကောင်းပြီး စာရွက်အနည်းငယ် ထုတ်ဝေခွင့်ရခဲ့တာပဲ... ဒါက သေးငယ်တဲ့ အောင်မြင်မှု တစ်ခုပါကွာ ဒါကြောင့် လေးစားတာက အရေးမကြီးပါဘူး"


လူတစ်ယောက် ဒီလိုမျိုး ပြောတတ်တာကို တစ်ခါမှ မတွေ့ဖူးတာကြောင့် ဝူရှဲ သူ့စကားကို ဘယ်လိုတုံ့ပြန်ရမှန်း မသိတဲ့အတွက် "ခင်ဗျားက ကျိုးနွံလွန်းနေပါပြီ" လို့သာ ပြောနိုင်တော့သည်။


ဒါကို သူအရမ်း ကျေနပ်သွားပြီး လက်ကို ပြင်းပြင်းထန်ထန် ခါလိုက်ပြန်ကာ 


"မစ္စတာဝူကို ဒီတစ်ကြိမ် ဖိတ်ခေါ်လိုက်တာက ဘယ်လို အထောက်အထားမျိုးနဲ့ လဲလို့ အံ့သြမိပါတယ်.... လေးစားရတဲ့ မစ္စတာဝူ သင်ကြားတဲ့ ဘာသာရပ်က အတော်လေး လူကြိုက်မများတော့ဘူးလို့ ထင်ရတယ်.... ဒါမှမဟုတ် ကျုပ်ကပဲ ရှေးဟောင်း သုတေသန မဂ္ဂဇင်းတစ်ခုမှာ မစ္စတာဝူရဲ့ အထောက်အထားကို တစ်ခါမှ မတွေ့ဖူးသလိုပဲ..."


ဒီစကားတွေက သူ့ကို နှိမ့်ချဖို့ ရည်ရွယ်တာ ရှင်းရှင်းလင်းလင်း ဖြစ်ပြီး ရည်ရွယ်ချက်ရှိရှိ မရှိရှိ သူ့ဒေါသက သိပ်မကောင်းတာကြောင့် ဒေါသထွက်ပြီး အံကြိတ်လုနီးပါး ဖြစ်သွားသည်။ သို့သော် သူက မကြာသေးမီက သင်္ဘောပေါ်ကို တက်လာခဲ့ပြီး ပတ်ဝန်းကျင်နှင့် မရင်းနှီး​​သေးသဖြင့် စိတ်ကိုထိန်းရင်း ငါးခူပြုံးသာ ပြုံးပြလိုက်တော့သည်။ 


"ကျွန်တော်က မြေတူးရတာ ကျွမ်းကျင်တယ်လေ"


သူ့​ရဲ့ လေသံက သိပ်ကို သနားစရာ ကောင်းပေမယ့် တစ်ဖက်လူက သတိမထားမိလိုက်ဘူး။ သူက


“မင်းက ဗိသုကာပညာရှင် တစ်ယောက်လား? အံ့သြစရာတော့ မဟုတ်ပါဘူး... ငါတို့က တူညီတဲ့စက်ဝိုင်းထဲမှာ မဟုတ်ပေမယ့် ငါတို့လုပ်ငန်းရဲ့ တစ်ဝက်လောက်က မင်းနဲ့ ဆိုင်ပါတယ်... အသက်ရှင်နေတဲ့ လူတွေအတွက် အိမ်တစ်လုံး ဆောက်ပြီး ငါတို့က လူသေတွေရဲ့ အိမ်တွေကို လေ့လာရတယ် ဒါကြောင့် ငါတို့မှာ လမ်းဆုံတွေ ရှိသေးတယ်လို့ ပြောရမှာပေါ့”


ဝူရှဲ ငိုတော့မယ့် အပြုံးမျိုး ပြုံးပြလိုက်ရသည်။ ဒီလူရဲ့စကားက ယုံနိုင်စရာ ကောင်းပေမယ့် သူများကို မျက်နှာသာသေးပြီး လျှို့ဝှက်စွာ လုပ်ဆောင်တတ်တဲ့ လူနဲ့တော့ မတူချေ။ 


"ကျွန်တော်က ဗိသုကာပညာရှင် မဟုတ်ဘူး... မြေတူးတဲ့လူ... ခင်ဗျား လေ့လာနေတဲ့ လူသေအိမ်က ကျွန်တော် ပြန်ထွက်လာနိုင်မှ အဆင်ပြေမှာ"


ဒီလိုပြောပြီးနောက် နည်းနည်း နောင်တရသလို ခံစားလိုက်ရသည်။ သူတို့နဲ့ ရေအောက်ထဲကို ဆင်းသွားဖို့အထိ သူသဘော မတူရ​သေးဘူးမလား။ အခုအခြေအနေက မသိရသေးတော့ ဘာမှ ပြန်မပြောနိုင်ခင် အထိတော့ စောင့်ရဦးမယ်မလား။ 


"တူးတာက အခြေအနေပေါ် မူတည်တယ်.... အခြေအနေက ခွင့်မပြုရင် တူးချင်ရင်တောင် တူးလို့မရဘူး"


သူကဘာကို ဆိုလိုမှန်းကို တစ်ဖက်လူ ကြားမကြား မသိပေမယ့် ထိုလူက သူ့စီးပွားရေးကတ်ပြားကို ဆက်ပေးရင်း သူငယ်ချင်းတစ်ယောက်က လမ်းကြောင်းသစ်တစ်ခု ဖွင့်တော့မယ်လို့ ပြောပြီး မြောက်ဘက်မှာ လုပ်စရာရှိရင် အနာဂတ်မှာ အကူအညီ တောင်းလို့ရကြောင်း ပြောလေသည်။ 


သူနဲ့ကျွန်တော် တွေ့ဆုံပြီး နှစ်မိနစ်အတွင်းမှာ သူတို့ဟာ ဆယ်နှစ်ကျော်ကြာ ခင်မင်ရင်းနှီးခဲ့ကြပြီး စကားဆက် ပြောကြရင်း ကျမ်းသစ္စာ ကျိန်ဆိုကြမယ့် သူငယ်ချင်းများ ဖြစ်လာနိုင်မယ်လို့ ခံစားနေရတော့သည်။ သူက စကားလမ်းကြောင်း ပြောင်းပြီး အခင်းဖြစ်ပွားသည့် ပင်လယ်ပြင်တွင် ဖြစ်ပွားသည့် အခြေအနေနှင့် ပတ်သက်၍ မိန်းက​လေးအား မေးမြန်းခဲ့သည်။


အဲဒီမိန်းကလေးက အတော်လေးကို အရည်အချင်းရှိပြီး တချို့အချက်တွေကို ဖော်ပြလာရာ ဝူရှဲလည်း အခြေအနေကို အကြမ်းဖျင်း သိလာခဲ့သည်။  


ဦးလေးသုံးသည် ထိုအချိန်က ပင်လယ် ရေအောက်သင်္ချိုင်းရဲ့ တည်နေရာကို တိတိကျကျ မဆုံးဖြတ်နိုင်တော့ဘဲ ဖြစ်နိုင်ခြေရှိသော ဧရိယာလေးခုကိုသာ ရှာတွေ့ရှိခဲ့ပြီး ၎င်းတို့ကို တစ်ခုပြီးတစ်ခု ရှာဖွေခဲ့သည်။ နောက်ပိုင်းတွင် သူတို့ တွေ့ခဲ့ရသော်လည်း နောက်ဆုံး အစီရင်ခံစာတွင် ပျောက်ဆုံးနေသော သင်္ဘော၏ အကျဉ်းချုပ်မှာ မည်သည့် ပင်လယ်ပြင် ဧရိယာမှာဆိုတာ အတည်ပြု ဖော်ပြထားခြင်း မရှိသောကြောင့် ယခုအခါ သူတို့လည်း တစ်ခုပြီးတစ်ခု ရှာဖွေရတော့မှာ ဖြစ်သည်။


သူတို့ အစီအစဉ်မှာ အနီးဆုံး နတ်သမီးကျောက်တန်းမှ စရှာမယ်။ အဲဒီနောက် ရိက္ခာအချို့ ဖြည့်တင်းရန် ရုံရှင့်ကျွန်းကို သွားမည်။ ထို့နောက် ချီးလျန်ကျွန်းအနီးမှာ တခြားသော ပင်လယ်ပြင် သုံးနေရာမှာ နာရီဝက်ထက် မပိုဘဲ ရပ်နားရန် ဖြစ်သည်။ ဘယ်လိုရှာရမလဲဆိုရင် ရှီးရှားမှာရှိတဲ့ ပင်လယ်ရေက အလွန်ကြည်လင်ပါ၏။ 


အလင်းရောင် ကောင်းကောင်းအောက်မှာ ရေအနက် ၃၀ မီတာကျော်အထိ အမြင်အာရုံ စိမ့်ဝင်နိုင်သည်။ ဒါ့အပြင် ပင်လယ်အောက်မှာ ရေစီးကြောင်းက သာမန်ဖြစ်ပြီး သန်မာတဲ့ ရေစီး ရွေ့လျားမှုလည်း မရှိဘူး။ ဒါကြောင့် လွန်ခဲ့တဲ့ ရက်အနည်းငယ်က ဖောက်ထားတဲ့ ဂူက မဖုံးသွားလောက်သေးချေ။ 


ဤလှေ၏ ငါးဖမ်းသူဌေးသည် ထိုပင်လယ်ဒေသများနှင့်လည်း အလွန်ရင်းနှီးသူ ဖြစ်သည်။ သူတို့လို အပြင်လူတွေက ရေမျက်နှာပြင်ပေါ်ကိုပဲ မြင်ကြသော်လည်း သူကတော့ ပင်လယ်ရဲ့ ပုံပန်းသဏ္ဌာန် တူညီပြီး မြေပြင်အနေအထား ပြောင်းလဲမှုတချို့ ဖြစ်ပေါ်သောအခါတွင် သူသိနိုင်​လေသည်။


ရေအောက်မှာ လူသုံးယောက်ရဲ့ ရှင်သန်မှုအပေါ် ယုံကြည်မှု အပြည့်ရှိတယ် ဆိုတာ ထိုမိန်းကလေးရဲ့ ပြောဆိုမှုကနေ ဝူရှဲ သိလိုက်ရသည်။ ဒီမျက်မမြင် ယုံကြည်မှုက ဘယ်က လာမှန်းလည်း မသိဘူးပေမယ့် ပင်လယ် ရေအောက်ဂူသင်္ချိုင်းမှာ အားလုံး အဆင်ပြေပါစေလို့ မျှော်လင့်နေမိ၏။ 


ထိပ်ပြောင် ယောက်ျားသည် သူ ထိုမိန်းကလေးနဲ့ စကားပြော ကောင်းနေတာကို မြင်သောကြောင့် တယောက်တည်း ဘေးထွက်နေခဲ့သည်။ သူက အနည်းငယ် ကြာတာနဲ့ အိပ်ပျော်သွားတာကို မြင်လိုက်ရ၏။ သူ့ကိုကြည့်တော့ လူလတ်ပိုင်းအရွယ် ဆိုပေမယ့် ကလေးတစ်ယောက်လိုပဲ။ သူတို့ဆက်ပြီး လိုက်လျောညီထွေ ဖြစ်ဦးမလားတော့ မသိဘူး။


အဲဒါကို တွေးကြည့်တော့ လှေက ရုတ်တရက် လှုပ်သွားပြီး လှေသမားက ကျောက်ဆူးကို ရုတ်ကာ ရွက်လွှင့်တော့သည်။ လှေက ဟောင်းနေတဲ့ လှေဆိုတော့ လှေက လှုပ်စပြုလာပြီးနောက် ဘယ်ညာ လှုပ်ရုံတင်မကဘဲ အပြန်ပြန် အလှန်လှန် မမှန်မကန် လှုပ်နေရာ ပုခက်ထဲ ရောက်နေသည့်အတိုင်းပင်။ 


ဆယ်နာရီကျော်လောက် ခရီးထွက်ပြီးနောက် ပင်ပန်းလွန်းလို့ သမ်းဝေလာရာ မိန်းကလေးက နားလည်သဘောပေါက်ပြီး ကောင်းကောင်း အနားယူခိုင်း၏။ သူလည်း ယဥ်ကျေးမနေတော့ဘဲ တကယ်ပင်ပန်းလို့ အိပ်လိုက်ရာ ချက်ချင်း အိပ်ပျော်သွားတော့သည်။ 


သူနိုးလာသောအခါတွင် လှေက ပင်လယ်အလယ်သို့ ရွက်လွှင့်နေပြီ ဖြစ်သည်။ ပြတင်းပေါက်မှ လှမ်းကြည့်လိုက်ရာ နိုးလာသည်နှင့်အမျှ ကောင်းကင်ကြီး တစ်ခုလုံး ပြောင်းလဲသွားတာကို တွေ့လိုက်ရသည်။ပင်လယ် တစ်ခုလုံးသည် ရုတ်တရက် အစိမ်းရင့်ရောင် ပြောင်းနေကာ နေရောင်က ကျယ်ပြောလှသော တိမ်တိုက်များကြားမှာ နစ်မြုပ်နေပြီ။ 


အလင်းတန်းများ လင်းလက် တောက်ပ​နေကာ ကောင်းကင်၌ ကြီးမားသော ရွှေရောင်အလင်းများ ထိုးထွက်နေသည်။ တစ်ချိန်တည်းမှာပဲ ပင်လယ်ပြင်ပေါ်တွင်လည်း ရွှေအကြေးခွံများလို အလင်းရောင်များ ပြန့်ကျဲနေပြီး တလှပ်လှပ်ဖြင့် အလွန်အမင်း လှပလျက်ရှိသည်။ 


သို့သော် အချိန်ကောင်းများဟာ ကြာရှည် မခံတတ်ပေ။ မကြာမီတွင် တိမ်မည်းများက ပေါင်းစည်းလာကာ နေရောင်ခြည် အားလုံးကို ပိတ်ဆို့ထားလိုက်ကြသည်။ ပင်လယ်ပြင်က ရုတ်တရက် မည်းမှောင်သွားကာ လှိုင်းလုံးကြီးများဖြင့် ရိုက်ခတ်လာသည်။ ပင်လယ်ရေသည် သင်္ဘော၏ ထိပ်ပိုင်းကို ကြီးမားသော လှိုင်းလုံးကြီးတစ်ခုဖြင့် ဝါးမျိုခံရတော့မည့်နှယ် ကြည့်ရသည်မှာ အလွန် ကြောက်စရာ ကောင်းလှသည်။


ဝူရှဲ ကြည့်လိုက်တော့ ပိုက်ကြိုးတွေကို အားဖြည့်ပြီး စိတ်လှုပ်ရှားစွာ လှည့်ပတ်ပြေးနေတဲ့ လှေသမားတွေကို မြင်လိုက်ရသည်။ သူတို့က အရမ်းမြန်ပေမယ့် လှေသူဌေးရဲ့ မျက်နှာမှာတော့ ကြောက်နေတဲ့ အငွေ့အသက်မျိုး မတွေ့ရချေ။ 


ဝူရှဲဟာ မြို့ထဲမှာ နေထိုင်လေ့ ရှိသူမို့ ဒီမြင်ကွင်းကို မြင်လိုက်ရတော့ အရမ်း စိတ်လှုပ်ရှားသွားပြီး ကူညီဖို့ ကုန်းပတ်ပေါ်ကို ပြေးသွားချင်သည်။ အဲဒီမှာ ထပြီးတဲ့ အချိန်မှာတော့ သူ ထင်သလို မဟုတ်ဘူးဆိုတာ သိလိုက်ရ၏။ အခြေအနေအရ ကုန်းပတ်ပေါ်တွင် နေရန်မှာ လျင်မြန်သော တုံ့ပြန်မှုများများ ပိုမိုလိုအပ်သည်။ လှိုင်းများနှင့် လှေနေရာတို့ကို ကျွမ်းကျွမ်းကျင်ကျင် သိထားရမည်။ 


တစ်ချက် စောင်းပြီးနောက် နောက်တစ်ကြိမ်စောင်းမည့် အချိန်ကို သိရှိပြီး ကြိုတင်ပြင်ဆင်ထားရန်လည်း လိုအပ်သည်။ သူ့မှာ ဒီလောက်မြင့်မားတဲ့ အတွေ့အကြုံ အဆင့်မျိုး မရှိဘူးဆိုတာ သိသာပါ၏။ ခြေလှမ်း အနည်းငယ် လှမ်းပြီးနောက်မှာ ပြူးထွက်နေတဲ့ သံတိုင်ကို ပွေ့ဖက်ခဲ့ရတော့သည်။ 


ထိုအချိန်တွင် သင်္ဘောသား တချို့သည် တစ်ခုခုကိုမြင်လိုက်ပုံရပြီး ဟစ်အော်လာကြသည်။ ဝူရှဲ တောင်ပိုင်း ဒေသိယ ဘာသာစကားကို နားမလည်နိုင်ပေ။ သူက သင်္ဘောသား လက်ညိုးထိုးပြရာ သင်္ဘော၏ ဘယ်ဘက်ခြမ်းတွင် တစ်စုံတစ်ခုကို ယောင်ဝါးဝါး မြင်လိုက်ရသည်။ လှိုင်းလုံးကြီးများ နောက်တွင် တစ်ခုခု ရှိနေ၏။ 


အကွာအဝေးက အတော်လေး ဝေးတာကြောင့် ရှင်းရှင်းလင်းလင်း မမြင်ရဘဲ သင်္ဘောတစ်စင်း ဖြစ်မယ်လို့သာ ထင်ရသည်။ အဲဒီအချိန်မှာ မိန်းကလေးက သူ့ဘေးကို ရောက်လာတာကြောင့် အဲဒီလူတွေ ဘာအော်နေတာလဲလို့ လှည့်မေးလိုက်သည်။ 


သူမ ဆံပင်တွေက စိုစွတ်​​နေပြီး လေတိုက်ရာဘက် ပတ်ချာလည်နေ၏။ သူမက သေချာနားထောင်ပြီး 


"သူတို့ သင်္ဘောတစ်စင်းကို လှမ်းမြင်နေပုံရတယ်"


သင်္ဘောသူဌေးက သူတို့ဆီကို လှမ်းလာပြီး သိပ်မရင်းနှီးတဲ့ ပြည်မကြီးစကားကို ပြောလာခဲ့သည်။ 


"ဟိုမှာ သင်္ဘောတစ်စင်း တွေ့တယ်... သင်္ဘောပေါ်မှာ မတော်တဆ ဖြစ်ထားပုံရတယ် စည်းမျဉ်းတွေအရဆို ကျုပ်တို့ သွားကြည့်ရမယ်"


ဒီလိုလုပ်တာက ဘာအမှားမှ မရှိတာကြောင့် မိန်းကလေးက ခေါင်းညိတ်ပြပြီး သင်္ဘောသူဌေးက သူ့ရဲ့ သင်္ဘောသားတွေကို ဒေသိယစကားနဲ့ အလျင်အမြန် ညွှန်ကြားချက်တွေ ထုတ်တော့သည်။ ချက်ချင်းပဲ သင်္ဘောဟာ နှာတံအပြည့်နဲ့ ဘယ်ဘက်ကို ဦးတည်သွားခဲ့လေသည်။


လှိုင်းလုံးတွေက တောင်ကုန်းတွေလို ရိုက်ခတ်နေသည်။ လှိုင်းတွေ ရိုက်ခတ်လာတိုင်း လှေပေါ်က လူတွေမှာ ပင်လယ်ရေ ချိုးကြရတော့သည်။ သူတို့တစ်ကိုယ်လုံး အကြိမ်ရေ မရေမတွက်နိုင်အောင် စိုစွတ်နေပြီ။ ဝူရှဲသည် တစ်ခါမှ ဒီလောက် စိတ်လှုပ်ရှားခြင်းကို မခံစားခဲ့ဖူးရာ ညည်းတွားချင်နေမိသည်။


သူတို့သည် လှိုင်းလုံးပေါင်း တစ်ဒါဇင်ကျော်ကို ဆက်တိုက် ထိုးတက်ခဲ့ကြပြီး နောက်ဆုံးတွင် အဆိုပါအရာ၏ ယေဘုယျ ကောက်ကြောင်းကို ရှင်းရှင်းလင်းလင်း မြင်နိုင်ခဲ့သည်။


ဒီအချိန်မှာ သင်္ဘောကပ္ပတိန်ဆီက ကြောက်လန့်တကြား အော်သံကို ကြားရပြီး သင်္ဘောသား အများအပြား ထိတ်လန့်စ ပြုလာ၏။ မိန်းကလေးဘက်ကို လှည့်၍ ဘာဖြစ်သွားတာလဲလို့ အမြန်မေးလိုက်တဲ့အခါ သူမမျက်နှာက ရုတ်တရက် ပြောင်းလဲသွားပြီး သူ့လက်ကို ဆွဲကိုင်လိုက်ကာ တစ်ဖက်ကို ဆွဲလှည့်ပစ်လိုက်သည်။ 


"လုံးဝ နောက်ပြန် လှည့်မကြည့်နဲ့... အဲဒါ တစ္ဆေသင်္ဘောပဲ!"





ဘာသာပြန် - အသွေး မူရင်းစာရေးဆရာရဲ့ အာဘော်မပျောက်အောင် အစွမ်းကုန် ကြိုးစားပြန်ထားပါတယ်။ အသွေးက chinese to myanmar မလို့ ဖတ်ရတာထောက်နေရင် ​ပြောလို့ရတယ်နော်။