ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (volume 1)
Author -南派三叔 (nan pai san shu)
translater - Hninthawethadar
ဒေါသပင်လယ်၌ မြုပ်နေသောသဲ
Chapter (7)
မိန်းကလေး
တစ်ဖက်က လူများသည် အကြီးစား နိုင်ငံတကာ အဏ္ဏဝါအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး ကုမ္ပဏီတစ်ခုက ဖြစ်သည်။ အဏ္ဏဝါအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးဟု ခေါ်တွင်ခြင်းသည် အမှန်တကယ်တွင် နစ်မြုပ်နေသော သင်္ဘောတချို့၏ တည်နေရာကို တွက်ဆရန်နှင့် နစ်မြုပ်နေသော သင်္ဘောပစ္စည်းများကို ဆယ်ယူရန်အတွက် အမျိုးမျိုးသော ရှိပြီးသားလမ်းကြောင်း အချက်အလက်နှင့် သမိုင်းမှတ်တမ်းများကို ခွဲခြမ်းစိတ်ဖြာမှု အပေါ် အခြေခံထားခြင်း ဖြစ်သည်။
ဤအပြုအမူသည် ကျွမ်းကျင်သော ရေနေသင်္ချိုင်းဓားပြနှင့် အလွန်ဆင်တူသော်လည်း ပင်လယ်ပြင်တွင် ပျက်သွားသော သင်္ဘော၏ အရင်းအမြစ်များစွာကို ရှာဖွေသူမှ တရားဝင် အမွေဆက်ခံ နိုင်သောကြောင့် ၎င်းတို့၏ အပြုအမူသည် ဥပဒေကြောင်းအရ အကျုံးဝင်လေသည်။ ဒါပေါ့ အရင်းအမြစ်တွေ ပင်လယ်ပြင်ထဲမှ ထွက်လာခဲ့ခြင်း ရှိမရှိ အတည်ပြုရန် မဖြစ်နိုင်ပေ။
ထို့အတွက် လုပ်ငန်းအမျိုးအစား နှစ်မျိုးရှိသည်။ တစ်မျိုးမှာ ခေတ်မီစက်ပစ္စည်းများဖြင့် သင်္ဘောပျက်များကို ဆယ်ယူခြင်းပင်။ လုံးဝမပျက်စီးသေးသော သင်္ဘော ကိုယ်ထည်များကို ဖျက်သိမ်းပြီး လေလံတင်ရောင်းချခြင်း သို့မဟုတ် ရရှိသော အရင်းအမြစ်များကို ရောင်းချခြင်း ဖြစ်သည်။
နောက်တစ်မျိုးမှာ ရှေးဟောင်း သင်္ဘောပျက်များကို သိမ်းဆည်းပြီး ရှေးဟောင်းပစ္စည်းများကို စုဆောင်းသူများထံ ရောင်းချခြင်း သို့မဟုတ် ပြတိုက်များသို့ လှူဒါန်းခြင်းပဲ ဖြစ်သည်။
ထိုကုမ္ပဏီသည် ၎င်း၏အဓိက ပစ်မှတ်အဖြစ် ရှေးခေတ်သင်္ဘောပျက်များ နှင့် နောက်ပိုင်း သင်္ဘောများနှင့် သက်ဆိုင်ပါသည်။ သူတို့တွင် ရှေးဟောင်းသုတေသန အတိုင်ပင်ခံ များစွာရှိကာ ပရောဂျက် တစ်ခုစီတွင် ရှေးဟောင်း သုတေသနနှင့် အဏ္ဏဝါကျွမ်းကျင်သူ အများအပြား လိုအပ်ပြီး လုပ်ငန်း ပြီးမြောက်ရန် ၂နှစ်သုံးနှစ်ခန့် အချိန်ယူရသလို ၀င်ငွေမှာလည်း အလွန်ချမ်းသာလှသည်။
၎င်းတွင် အဆင့်မြင့် ကိရိယာများနှင့် သင်္ဘောများစွာလည်း ရှိကြသည်။
ရေအောက်ဂူသင်္ချိုင်းကို အမြန်ဆုံး ရှာဖွေနိုင်ရန် ဦးလေးသုံးသည် အာမခံပုံစံဖြင့် ကုမ္ပဏီမှ အဆင့်မြင့် ပစ္စည်းများနှင့် ၀န်ထမ်းများကို ငှားရမ်းကာ ကုမ္ပဏီအမည်ဖြင့် လူငါးဦးကိုပါ ယာယီလေ့လာရေးအဖွဲ့ထဲ စေလွှတ်ခဲ့သည်။ ဒါက မူလကတော့ အရမ်းကောင်းတဲ့ သဘောတူညီချက်ပါပဲ။
မမျှော်လင့်ဘဲ သင်္ဘောမထွက်မီ ငါးရက်အလိုတွင် ၎င်းတို့၏ ထောက်ပံ့ပို့ဆောင်ရေး ဌာနနှင့် လေ့လာရေး သင်္ဘောတို့ကြားက ဆက်သွယ်ရေး ပြတ်တောက်သွားခဲ့သည်။
၎င်းတို့သည် လေးဆယ့်ရှစ်နာရီ ကြာစောင့်ဆိုင်းခဲ့ပြီး နောက်ဆုံးတွင် ပျောက်ဆုံးနေသော ပင်လယ်ပြင်နေရာကို ရှာဖွေရန် လူများကို စေလွှတ်ခဲ့သော်လည်း ဘာမျှမတွေ့ခဲ့ပေ။ ပျောက်ဆုံးမသွားမီ သုံးနာရီ အလိုတွင် နောက်ဆုံး အချက်အလက်များမှာ ဦးလေးသုံးနှင့် လေ့လာရေး အဖွဲ့ဝင် နှစ်ဦးသည် ရေအောက် ဂူသင်္ချိုင်းတွင်းသို့ ဝင်ရောက်ခဲ့ကြောင်းသာ အတည်ပြုနိုင်ခဲ့သည်။
သူ့ကို ဖုန်းဆက်လာရတဲ့ အကြောင်းရင်းကတော့ ထွက်ခွာမသွားခင်မှာ သူ့ရဲ့ဦးလေးက သူတို့ကို မထင်မှတ်ဘဲ တစ်ခုခုဖြစ်လာခဲ့ရင် သူ့ဆီကို ဖုန်းဆက် အကူအညီ တောင်းလို့ရကြောင်း ပြောခဲ့လို့ပဲ ဖြစ်ချေတော့သည်။
တစ်ဖက်လူက
"ရှေးဟောင်း ဂူသင်္ချိုင်းအတွင်းက အခြေအနေကို အခုလောလောဆယ် အတည် မပြုနိုင်သေးပါဘူး.... အဲဒီလူ ၃ ယောက် အသက်ရှင်နေသေးလား သေသွားပြီလား ဆိုတာလည်း မသိရသေးဘူး ဒါကြောင့် ဝင်ကြည့်ဖို့ တခြားအဖွဲ့တစ်ဖွဲ့ကို ဖွဲ့တော့မယ်..... ဒီမှာ ငါတို့အများစုက စာရွက်ပေါ်မှာပြောပြီး သီအိုရီ လုပ်နေကြတာ ဆိုတော့ အတွေ့အကြုံရှိတဲ့ လမ်းညွှန်မှု တစ်ခုရဖို့ မျှော်လင့်နေတာ... အနည်းဆုံးတော့ အုတ်ဂူရဲ့တည်နေရာ အတိအကျကို ရှာဖွေဖို့ သူတို့ကို ကူညီရမှာလေ"
"လမ်းညွှန်" ဟူသော စကားလုံးကို ပြင်းပြင်းထန်ထန် သုံးစွဲထားတာကို ကြားသိရသဖြင့် တစ်ဖက်လူက သူ၏ စစ်မှန်သော အထောက်အထားကို သိနေကြောင်း အရိပ်အမြွက် ပြောနေသောကြောင့် ဝူရှဲမှာ ကြိုတင်ပြင်ဆင်ထားခြင်း မရှိဘဲ အံ့ဩသွားရသည်။ သို့သော် ဤကိစ္စသည် အလွန်အရေးကြီးသဖြင့် သူသွားဖို့တော့ လိုပြီ။ အဲဒီ့မှာ လူကိုယ်တိုင်လည်း ဖြည်းဖြည်းချင်း ချဉ်းကပ်ကြည့်ရတာပေါ့။
"ခင်ဗျားတို့ အဲ့ဘက်က အခြေအနေ အတိအကျတော့ မသိရသေးဘူး ဆိုတော့ ကျွန်တော် ရောက်လာမှ ဆက်ပြောကြရင်ရော?"
"ကောင်းပြီ... မြန်မြန်ရောက်လေ ကောင်းလေပဲ"
ဖုန်းချလိုက်ပြီး ချက်ချင်း ထွက်ခွာဖို့ ဆုံးဖြတ်လိုက်သည်။ ပစ္စည်းတွေ အမြန်ထုပ်ပိုးပြီး ပင်လယ်ဘက် ထွက်မယ့် အစောဆုံး လေယာဉ်စီးဖို့ ဟိုတယ်ကို ဘွတ်ကင် လုပ်ထားခိုင်းလိုက်သည်။ ရှီးရှားကျွန်းကို သူ တစ်ကြိမ်ရောက်ဖူးပြီး ကျွန်းသို့ သွားလိုပါက လေယာဉ်၊ ကား၊ သင်္ဘောနှင့် သယ်ယူပို့ဆောင်ရေး အနည်းဆုံး သုံးမျိုးဖြင့် သွားရန် လိုအပ်ကြောင်း သိပါသည်။
နောက်၁၀ နာရီလောက် ကြာအထိ မရပ်မနား ကားမောင်းလာပြီး တခြားကိစ္စတွေကို စဉ်းစားဖို့ အချိန်မရှိတော့ပေ။ ဆိုးဆိုးဝါးဝါးတွေ ဖြစ်မလာအောင်ပဲ ဆုတောင်းရတော့မည်။ နောက်နေ့ နေ့လည်မှာ သူစီးလာတဲ့ လေယာဉ်က ဟိုင်ခိုကို ဆိုက်ရောက်လာပြီး သူ့ကို တစ်ဖက်ကုမ္ပဏီက လာခေါ်ဖို့ ကားတစ်စီး ပို့ပေးလာသည်။
သူ့ကို လာခေါ်တဲ့ သူကတော့ မျိုးရိုးနာမည် လျို လို့ ခေါ်၏။ သူပြောပုံအရ သူတို့ကုမ္ပဏီက ဒီကိစ္စကို လေးလေးနက်နက် လုပ်ဆောင်နေသည်။ အကြောင်းမှာ ဦးလေးသုံးနဲ့ အတူ ပျောက်ကွယ်သွားသူ အကြီးတန်းမန်နေဂျာရဲ့ သားဖြစ်ပြီး ဒီပရောဂျက်က တောင်တရုတ် ပင်လယ်အတွင်းမှာ ရှိလို့ ဒီကိစ္စကို အကြီးတန်း မန်နေဂျာက အာရုံစိုက်ထားခဲ့တာလို့ ပြောပြလာသည်။ ပင်လယ်ပြင်မှာ အကောင်အထည် ဖော်နေတာတွေကို လူသိရှင်ကြား ထုတ်မပြောနိုင်တဲ့အတွက် ပုဂ္ဂလိကကဏ္ဍက လူတွေကို ရှာဖွေရခြင်း ဖြစ်သည်။
အစပိုင်းမှာ ပုဂ္ဂလိကကဏ္ဍက လူတွေက ဘာတွေ ဖြစ်နေလို့လဲ ဆိုတာကို ဝူရှဲ နားမလည်ပေမယ့် နောက်ပိုင်းအထိ ဒီကိစ္စက ဟာသမဟုတ်ကြောင်း နားလည်လာခဲ့သည်။ ဒီဆရာလျိုက သာမန်ယာဉ်မောင်း တစ်ယောက် ဖြစ်ပြီး အသေးစိတ် အချက်အလက်တွေကိုတော့ မသိခဲ့ချေ။ သူနဲ့စကားပြောရင်း ခဏကြာတော့ ကားက ဆိပ်ကမ်းဘက်ကို မောင်းသွားတာ တွေ့လိုက်ရသည်။
အဲဒီအချိန်မှာ လူလတ်ပိုင်း လူတစ်ယောက် ရောက်လာပြီး မေးလာသည်မှာ။
"ဒါက မစ္စတာဝူလား?"
ဝူရှဲ ခေါင်းညိတ်ပြပြီး သူက ကားတံခါးကို ဖွင့်ပြီး
"ကျေးဇူးပြုပြီး ကျွန်တော့် နောက်က လိုက်ခဲ့ပါ.... သင်္ဘောက မကြာခင် ထွက်တော့မယ်"
ဝူရှဲအရမ်း စိတ်ရှုပ်သွားပြီး
"သင်္ဘော.... ဘာသင်္ဘောလဲ? ခင်ဗျား ကျွန်တော့်ကို ဟိုတယ်ကိုခေါ်သွားမလို့ မဟုတ်ဘူးလား?"
သူက ခေါင်းခါပြီး
“အချိန်က အရမ်း အလောကြီးနေပြီ... ကျွန်တော်တို့ အဲဒီနေရာကို ခုနစ်နာရီအတွင်း ရောက်ပြီး ဆယ်နာရီအတွင်း ဒီစစ်ဆင်ရေးကို ပြီးအောင် လုပ်ရမယ်.... မဟုတ်ရင် လဝက်လောက်နေရင် လေထန်တဲ့ ရာသီဖြစ်လာမှာမလို့ ပင်လယ်ပြင်မှာ သင်္ဘောထွက်ဖို့ မရှိတော့ဘူး.... အဲဒီအခါမှာ ပံ့ပိုးပေးရင် အခြေအနေက ပိုဒုက္ခပေးလာလိမ့်မယ်”
သူတို့ကိုယ်တိုင် ဆုံးဖြတ်ချက် ချတာကို ကြားတာနဲ့ နည်းနည်း အဆင်မပြေသလို ခံစားခဲ့ရပေမယ့် ဦးလေးသုံးရဲ့ အသက်နဲ့ ပတ်သက်တာမို့ တခြားရွေးချယ်စရာ မရှိတာကြောင့် တိုးတိုးတိတ်တိတ်နဲ့ ခရီးဆောင်အိတ်ကို ကောက်ယူပြီး သူ့နောက်ကို လိုက်သွားခဲ့သည်။ ဆိပ်ကမ်းက ခုနစ်တန်ရှည်တဲ့ သံငါးဖမ်းလှေကို ညွှန်ပြပြီး
“အဲဒါက ဒီတစ်ခေါက် ကျွန်တော်တို့ထွက်မယ့် သင်္ဘောပဲ”
ဝူရှဲက တစ်ဖက်လူ နောက်ပြောင်နေတယ် ထင်လို့ ပြန်ကြည့်လိုက်တော့ သူက ကူကယ်ရာမဲ့ ရှင်းပြလာသည်။
“မတတ်နိုင်ဘူးလေ.... အဲဒီဒေသမှာ ကျွန်တော်တို့ရဲ့ အကြီးစားရှာဖွေမှုဟာ နယ်ခြားစောင့်တပ်တွေရဲ့ အာရုံစိုက်မှုကို ခံခဲ့ရတဲ့အတွက် ဖုံးကွယ်ထားခဲ့ရတာပါ.... စိတ်မပူပါနဲ့ သင်္ဘောပေါ်က ပစ္စည်းတွေက အဆင့်အမြင့်ဆုံး ပစ္စည်းတွေကို သုံးထားတာ ရွက်လွှင့်တာအတွက်က ဘာပြဿနာမှ မရှိဘူး”
သူပြောသည့်အတိုင်း လှေပေါ်ရှိ တစ်စုံတစ်ယောက်သည် ဝူရှဲ၏ ခရီးဆောင်အိတ်ကို ယူသွားသည်။ သူ့ကိုခေါ်လာသူက ဒေသသုံးစကားဖြင့် လှေပေါ်ရှိ တံငါသည်များအား စကားအနည်းငယ် ပြောပြီး ဝူရှဲဘက်ကို လှည့်ကာ လက်ဆွဲ နှုတ်ဆက်လာသည်။
"မိန်းကလေးနင်လည်း လှေပေါ်က အရာတချို့အတွက် တာဝန်ရှိတယ်... သူမ ခင်ဗျားနောက်မှာ ရှိပါတယ် ကံကောင်းပါစေ!"
သူတို့ အရှိန်အဟုန်က ဝူရှဲခမျာ လိုက်မမှီနိုင်လောက်အောင် ထိထိရောက်ရောက် လုပ်နေ၏။ သူက မြန်မြန်ပဲ ထွက်သွားပြီး ဝူရှဲ လှည့်ကြည့်လိုက်တော့ ဆံပင်တို တင်းတင်းကျပ်ကျပ် ရေငုပ်ဝတ်စုံကို ဝတ်ဆင်ထားတဲ့ အမျိုးသမီးငယ် တစ်ယောက်က သူ့ကို လှမ်းကြည့်နေတာကို တွေ့လိုက်ရ၏။ သူက နေရာမှာပဲ ကြောင်တောင်တောင်လေး ရပ်နေတာတွေ့တော့ သူမက ရယ်ပြီး လက်ဝှေ့ယမ်းပြလာသည်။
“ငါ့နောက်က လိုက်ခဲ့”