ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (volume 1)
Author -南派三叔 (nan pai san shu)
translater - Hninthawethadar
ဒေါသပင်လယ်၌ မြုပ်နေသောသဲ
Chapter (9)
တစ္ဆေသင်္ဘော
ဝူရှဲ သင်္ဘောသားတွေဘက်ကို ကြည့်လိုက်တော့ အားလုံးက ကြောက်ကြောက်လန့်လန့်နဲ့ ခေါင်းတွေ လွှဲထားတာ တွေ့လိုက်ရသည်။ သူတို့ သင်္ဘောပျက်ဘက်ကို လုံးဝ လှည့်မကြည့်ကြပေ။ အခုလို မသဲမကွဲ အခြေအနေမျိုးမှာ ကိုယ့်ဆုံးဖြတ်ချက်ကို မချဝံ့တာကြောင့် ဝူရှဲလည်း သူတို့ရဲ့ စံနမူနာကို အတုယူကာ ကျောပေးထားလိုက်သည်။ ထိုစဥ် အနီးနားက မိန်းကလေးက တုန်တုန်ယင်ယင်နဲ့ ပြောလာ၏။
"ဘာပဲဖြစ်ဖြစ် လုံးဝ လှည့်မကြည့်နဲ့.... ရှင့်ကို တစ်ခုခု ထိမိတယ် ဆိုရင်တောင် မသိသလို ဟန်ဆောင်နေလိုက်...."
ဒီအသံကို ကြားတာနဲ့ ဝူရှဲတစ်ယောက် ချွေးအေးတွေ ထွက်ပြီး မေးလိုက်သည်။
"မင်းငါ့ကို မခြောက်နဲ့နော်.... ဒီလိုနေရာမှာ ဘာက လာထိမှာလဲ?"
သူမက သူ့ကို မျက်လုံးပြူးပြီး တိုးတိုးလေးပြောတယ်
"ရှင် မယုံလည်း အသုံးမဝင်ဘူး... ခဏနေ သိလာလိမ့်မယ် အခုတော့ ရှင့်ခေါင်းကို လှည့်လိုက်!"
သူမ ပြောခဲ့တာတွေက အရမ်း အဆိုးမြင်တာပဲလို့ ထင်သော်ငြား တခြားအဖွဲ့သားတွေရဲ့ မျက်နှာပေါ်က ထိတ်လန့်တကြား အကြည့်တွေကို တွေ့တော့ သူမ သူ့ကိုခြောက်နေတာ မဟုတ်ကြောင်း သိလိုက်သည်။ ထို့ကြောင့် ဝူရှဲလည်း တိုးတိုးလေး မေးလိုက်တော့သည်။
"မင်း ငါ့ကို ပြောရမှာက အဲဒီပေါ်မှာ ဘာရှိနေတာလဲ?"
ထိုအခါ မိန်းကလေးက တိုးတိုးလေးနှင့် ခပ်မာမာ ပြောလာ၏။
"ပါစပ်ပိတ်ထား! အဲဒါ အသက်နှုတ်ဖို့ ရောက်လာတဲ့ သရဲတစ္တေတစ်ကောင်ပဲ!"
ဒီလိုပြောလေလေ ပိုကြောက်လေလေပဲ။ ဝူရှဲ့ခမျာ လည်ပင်းကို လှည့်ကြည့်ဖို့တောင် မတတ်နိုင်တော့ဘဲ ပေါင်ကို ဆွဲညှစ်ထားလိုက်ကာ လည်ပင်းက ကြွက်သားတွေကလည်း ပလာစတာနဲ့ ကပ်ထားသလိုမျိုး တင်းကျပ်နေလေရဲ့။
သင်္ဘောက လေပြင်းတွေနဲ့ လှိုင်းလုံးတွေကြားမှာ ပြင်းထန်စွာ လှုပ်ခတ်နေပြီး သင်္ဘောပေါ်က ကုန်းပတ်ကနေ ကွဲအက်လုဆဲဆဲ အသံတွေကို ကြားနေရသည်။ သင်္ဘောဘေးနားက သံကွင်းနှစ်ကွင်းကို လက်နှစ်ဖက်နဲ့ ဆွဲကိုင်ပြီး တင်ပါးကို တင်းတင်းကြပ်ကြပ် ဖိကပ်ထားလိုက်သည်။ ဒါပေမဲ့ သူ့ခန္ဓာကိုယ် အပေါ်ပိုင်းကတော့ လှုပ်ရှားနေဆဲပဲ။ သူ့ခမျာ တုန်နေပေမယ့် လည်ပင်းက မလှုပ်နိုင်တော့ပါဘူး။
ဒီအချိန်မှာ တစ္ဆေသင်္ဘောလို့ ခေါ်တဲ့ ကုန်းပတ်ပေါ်မှာ တစ်ယောက်ယောက် လျှောက်သွားနေသလိုမျိုး အော်ဟစ်သံတွေ ကြားလိုက်ရ။ ဝူရှဲ တစ်ကိုယ်လုံး ပင်လယ်ရေတွေကြောင့် စိုစွတ်နေပြီး အေးစက်နေတဲ့ ချွေးတွေကြောင့်လည်း အရမ်း စိတ်မသက်မသာ ဖြစ်မိပါ၏။ သူက မိန်းကလေးကို တိုးတိုးလေး မေးကြည့်လိုက်သည်။
“ဘာလို့ ကုန်းပတ်ပေါ်မှာ တစ်ယောက်ယောက် လမ်းလျှောက်နေသလိုကြီး ထင်နေရတာလဲ မင်းအစောက အမြင်မှားနေတာများလား?"
မိန်းကလေးက အရမ်းကြောက်ပြီး ပါးစပ်ကို လှုပ်ရုံသာ လှုပ်ပြလာသည်။ သူမ ပါးစပ်အတိုင်း လိုက်ကြည့်လိုက်တော့ သူတို့နောက်က အခန်းရဲ့မှန်ပေါ်မှာ အခြေအနေက ထင်ထင်ရှားရှား ရောင်ပြန်ဟပ်နေတာ တွေ့ရလေသည်။ သူတို့လှေနဲ့ အရွယ်အစား တူသော ငါးဖမ်းလှေ တစ်စင်းသည် သူတို့နှင့် နီးကပ်လာသည်နှင့်အမျှ သူတို့လှေနောက်တွင် ရွေ့လျားနေသည်။
နောက်ဆုံးတော့ ဝူရှဲ ၎င်းကို ပို၍ပို၍ ရှင်းရှင်းလင်းလင်း မြင်လာရသည်။ မကြာမီတွင် လှေပေါ်တွင် အဖြူရောင်ချည်ကဲ့သို့ ပင်လယ်သံချေး အလွှာတစ်ခု ရှိနေတာကို မြင်လိုက်ရသည်။ သံချေးအလွှာတွေ ထူထပ်နေပုံအရ ပင်လယ်ထဲမှာ နှစ်ပေါင်းများစွာ စိမ်ထားခဲ့တာဖြစ်မည်။ ဒီလိုသင်္ဘောက ဘယ်လိုဖြစ်ပြီး ပင်လယ်ပြင်ပေါ်ကို ပြန်ပေါ်ထွက်လာခဲ့တာလဲ ဆိုတာ တကယ်ကို နားမလည်နိုင်ပေ။ ပြီးတော့ အပေါ်မှာ မီးတောင် ထွန်းထားသေးသည်။
ထိုဝတ္ထုများထဲ၌ ဖော်ပြထားသော တစ္ဆေသင်္ဘောများသည် အလွန်ပျက်စီး ယိုယွင်းနေသော်လည်း အခြေခံအားဖြင့် ရွက်လွှင့်နိုင်သောသင်္ဘောများ ဖြစ်သည်။ ဤသင်္ဘောကတော့ လုံးဝဖျက်စီးနေကာ ပင်လယ်အောက်ခြေကနေ တက်လာပုံ ရလေ၏။ သူ့စိတ်တွေ မြန်မြန်ဆန်ဆန် လည်ပတ်နေပြီး တစ္ဆေသင်္ဘောတွေအကြောင်း ဖတ်ဖူးတဲ့ စာအုပ်တွေအကြောင်း ပြန်စဥ်းစားမိပေမယ့် သူတို့ထဲက တစ်ခုကမှ ဒီလိုသင်္ဘောမျိုးကို မဖော်ပြထားပေ။
လှေက ပိုနီးလာလေလေ တစ်ခုခု မှားနေပြီလို့ ယောင်ဝါးဝါး ခံစားလာရလေပင်။
"မိန်းကလေး.... ဒါက ရွေးချယ်စရာလို့ မထင်ဘူး... အဲဒီတစ္ဆေသင်္ဘောက ဒီသင်္ဘောကို တိုက်ပစ်ဖို့ ကြံစည်နေပုံပဲ.... ဒါမှမဟုတ် မင်း တံငါသည်တွေကို ပြေးခိုင်းလိုက်ပါလား?"
မိန်းကလေးမှာ အနည်းငယ် ကြောက်လန့်နေကာ ဆံပင်များက မျက်နှာကို ကပ်နေသော်လည်း ပြန်ဖြီးချရန် မစဉ်းစားနိုင်တော့ဘဲ
“တံငါသည်တွေ လွတ်မြောက်ချင်ရင် သူတို့ဘာသာ ခုန်ချသွားလိမ့်မယ်... အဲဒီသင်္ဘောနဲ့ ငါတို့သင်္ဘောက သိပ်မကွာဘူး တိုက်မိရင်တောင် ကြောက်စရာ မရှိဘူး... နင် မြဲမြဲကိုင်ထားသရွေ့ ပြုတ်ကျမသွားဘူး"
"အဲဒါကြီး လာတိုက်တဲ့အခါမှ သူတို့ သင်္ဘောပေါ်ကနေ ခုန်ချပြီး ထွက်ပြေးသွားမှာ ကြောက်ရတယ်... အဲအခါကျရင် မင်း သူတို့ကို ဘာမှ လုပ်မပေးနိုင်ဘူး"
သူမလေသံနဲ့ ရွဲ့စောင်းပြီး ပြောနေတာလား သူ့ကို သတိပေးနေသလားလို့ မပြောနိုင်ပေမယ့် ဝူရှဲ ပြန်ပြောလိုက်ပါသေးသည်။
“ဒီမှာ သဘောထားတွေ ကွဲလွဲမနေစမ်းနဲ့... ဒီငါးဖမ်းလှေက အဲဒီတံငါသည်တွေရဲ့ အသက်ပဲ.... သေရင်တောင် လှေပေါ်ကို ဘယ်တော့မှ ထားခဲ့မှာ မဟုတ်ဘူး”
မိန်းကလေးက အနည်းငယ် ဒေါသ ထွက်လာကာ
“နင် မိုက်မဲတဲ့ စကားတွေ ဆက်ပြောနေရင် ငါနင့်ကို တွန်းချပစ်လိုက်မယ်!!"
သူမစကားက အရမ်း ပြင်းထန်တယ်လို့ ထင်မိသော်လည်း ဘာမှပြန် မပြောနိုင်တော့ဘဲ မှန်ပေါ်ရှိ တစ္ဆေသင်္ဘောကို စူးစိုက်ကြည့်နေလိုက်သည်။ ဒီအရှိန်နဲ့ တိုက်မိရင်တော့ သင်္ဘောတုန်ခါမှုက သိပ်မပြင်းထန်လောက်ဘူးလို့ ခန့်မှန်းမိတာကြောင့် ဝူရှဲစိတ်တွေ တဖြည်းဖြည်း တည်ငြိမ်လာသည်။
သင်္ဘောက ပိုနီးလာသည်။ ထိုအခါမှ သင်္ဘောပေါ်မှာ ဘာမှမရှိတာကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။ အစက ကြောက်စရာကောင်းတဲ့ မြင်ကွင်းတွေကို မြင်ရမယ်လို့ ထင်ထားခဲ့ပေမယ့် အခုလိုဖြစ်သွားတော့ ထိန်းမနိုင်သိမ်းမရ သက်ပြင်းချမိသွားသည်။ သင်္ဘောကြီး နီးကပ်လာတဲ့အခါ မျက်စိကိုမှိတ်၊ သွားတွေကို အံကြိတ်ပြီး ရိုက်ခတ်မှုကို ခံနိုင်ရည်ရှိအောင် ပြင်ဆင်ထားလိုက်သည်။
ခဏလောက်ကြာတော့ ရုတ်တရက် နောက်ကွယ်က အသံ ပျောက်သွား၏။ ဆယ်စက္ကန့်ကျော်လောက် စောင့်လိုက်ပေမယ့် ရိုက်ခတ်လာတဲ့ အသံတွေ မထွက်လာတာကြောင့် မထိန်းနိုင်ဘဲ အံ့သြသွားခဲ့သည်။
ရုတ်တရက် ထူးဆန်းတဲ့ အော်သံကို ကြားလိုက်ရတော့ နည်းနည်း ထိတ်လန့်သွားသလို ခံစားလိုက်ရ၏။ မျက်လုံးတစ်ဖက်ကို တိတ်တိတ်လေး ဖွင့်ပြီး အိမ်ခန်းမှန်ဘက်ကို ကြည့်လိုက်တော့ တစ္ဆေသင်္ဘောကြီးက သူတို့နဲ့ နီးနေပြီ။ ဒါပေမဲ့ သူ့နောက်မှာတော့ ဘာမှမရှိချေ။
ဝူရှဲ သက်ပြင်းတစ်ချက် ချလိုက်ပြီး ဘေးကို လှမ်းကြည့်လိုက်သည်။ သူ့ဘေးက မိန်းကလေးဟာလည်း သူ့လိုပဲ အတွင်းခန်းရဲ့ မှန်ကို ကြည့်နေတာကို တွေ့လိုက်ရ၏။ သူမက အလွန်အမင်း ကြောက်ရွံ့ထိတ်လန့်နေရာ တစ်ခုခု မှားနေမှန်း ချက်ချင်း သိလိုက်သည်။ သေသေချာချာ ကြည့်လိုက်တော့ သူမရဲ့ ပခုံးပေါ်မှာ ခြောက်နေတဲ့ လက်နှစ်ချောင်းက ကုပ်တွယ်ထားတာ တွေ့လိုက်ရလေသည်။