(3)
Viewers 14k

ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (volume 1)

Author -南派三叔 (nan pai san shu)

translater - Hninthawethadar

ခုနှစ်စင်ကြယ်နန်းတော်


Chapter (3)

ကွာကျစ်ဘုရားကျောင်း


စကားလုံးတွေနဲ့ ပြည့်နှက်နေတဲ့ ပိုးထည်စာရွက်ထဲက စာလုံးတွေကို ကြည့်နေတဲ့ ဦးလေးသုံးရဲ့ အမူအရာကို ကြည့်လိုက်တော့ သူ နောက်ပြောင်နေပုံ မပေါ်တာကို သတိထားမိလိုက်သည်။ တတိယဦးလေးက စာလုံးတွေကို မြေပုံအဖြစ် ဖတ်တတ်တဲ့ အခြေအနေထိ ရောက်သွားပြီလား?


တတိယဦးလေးသည် စိတ်လှုပ်ရှားစွာဖြင့် မနေနိုင်ဘဲ တုန်လှုပ်သွားကာ။


“ဒီလူတွေ ဒီလောက်ကောင်းတဲ့ ပစ္စည်းကို ဘယ်ကနေများ ရလာတာလဲ? ငါဖြင့် ထိတောင် မထိရသေးဘူး... သူတို့ကံကောင်းသားပဲ.. ဒါပေမဲ့ ဒါက ဘယ်လို ပစ္စည်းလဲဆိုတာ သူတို့ နားမလည်ကြသေးတဲ့ပုံပဲ... သူတို့မလုပ်ခင် ဒီသဲအသုတ်ကို ငါတို့မြန်မြန်သွားပြီး ဆေးကြောလို့ရပြီ(ဂူဖောက်လို့ရပြီ)"


ဝူရှဲ့ တော်တော်လေး စိတ်ရှုပ်သွားသည်။


"ဦးလေးသုံး.... ကျွန်တော် နည်းနည်း တုံးနေလို့လည်း ဖြစ်နိုင်ပါတယ်... ဒါပေမဲ့ ဒီလို စာလုံးသေးသေးလေးတွေကနေ မြေပုံတစ်ခု ဖြစ်လာအောင် တကယ်ပဲ ဖတ်နိုင်ပါ့မလား?"


"မင်းဘာသိလို့လဲ? ဒါကို လက်ရေးပန်းချီကားလို့ ခေါ်တယ်.... အဲဒီနေရာရဲ့ ပထဝီဝင် တည်နေရာကို စကားလုံးတွေနဲ့ အသေးစိတ် ရေးမှတ်ဖို့ သုံးတာ... တခြားသူတစ်ယောက်ဆိုရင် အဲဒါကို သေချာပေါက် နားလည်ဖို့ တကယ်ခက်လိမ့်မယ်.... ကံကောင်း ထောက်မစွာနဲ့ မင်းရဲ့ တတိယဦးလေ၊ ငါ့မှာက အတွေ့အကြုံတွေ အများကြီး ရှိတယ်လေ... ဒီကမ္ဘာမှာ နားလည်နိုင်တဲ့ လူက ငါ့အပြင် ဒီအရာမှာ လူ ၁၀ ယောက်ထက် မပိုမှာကိုတောင် ကြောက်ရတယ်"


တတိယဦးလေးမှာ တခြားအရည်အချင်း မရှိပေမယ့် ငယ်ငယ်လေး ကတည်းက ထူးဆန်းတဲ့ ရှေးစာတွေနဲ့ ကုဒ်စကားလုံးတွေကို လေ့လာရာမှာ အလွန် ထူးချွန်လေသည်။ စာကြောင်းတစ်ကြောင်းမှာ သစ်သားငါးလုံးလိုမျိုး ရှားပါး စာလုံးသမျှကို လေ့လာနိုင်သည်။ 


အစောဆုံး မင်းဆက်များ၏ စကားလုံး အသုံးအနှုန်းတိုင်းကို ပြောပြနိုင်သော ရှီရှား လက်ရေးလှပုံနှင့် ရုပ်ပုံများလည်း ပါဝင်သေး၏။ ဒါကြောင့် ယခု ပိုးထည်စာက လက်ရေးပန်းချီ ဖြစ်ကြောင်း သူသိတာကိုလည်း ကျွန်တော့်အနေနဲ့ မအံ့သြမိချေ။


ဒါပေမဲ့ သူက အခွင့်ကောင်းရတဲ့အခါ ဆရာကြီးလို ပြုမူရတတ်တဲ့ လူတစ်မျိုးပဲ။ သူရှေ့မှာဆို ဘာမှမသိတဲ့ ငတုံးလို ဟန်ဆောင်ရမယ် မဟုတ်ရင် စာတစ်ကြောင်းတည်းနဲ့ တစ်ခါတည်း ရိုက်လွှတ်လိုက်လိမ့်မယ်။ 


သို့နှင့် ဝူရှဲ့လည်း အနည်းငယ် စပ်စုချင်စိတ်ဖြင့် မေးလိုက်သည်။


"အိုး... ဒါဆို အပေါ်မှာ ဘာရေးထားတာလဲ? ဘယ်ဘက်ကို သွားပြီးတော့ ညာဘက်ကိုကွေ့... မင်းရှေ့မှာ သစ်ပင်ကြီး တစ်ပင်ကို တွေ့ရင် ညာဘက်ကို ထပ်ကွေ့လိုက်... ရေတွင်းကို မြင်တာနဲ့ တူးသာတူးလိုက်တော့ ဒီလိုမျိုးလား?"


တတိယဦးလေးကတော့ 


"ကွန်ဖြူးရှပ် အယူဝါဒကို သင်ကြားလို့ မရပါလား.... မင်းရဲ့ဥာဏ်ရည်က အရမ်းကို ညံ့လွန်းတယ်... ငါတို့မိသားစုတော့ မင်းလက်ထက်မှာတင် ဂျောင်းသွားလိမ့်မယ် ထင်တယ်"


သူ့ရဲ့ ဒီလိုပုံစံနဲ့ သူတကယ် သက်ပြင်းချမိသလိုပဲ ပြောလာတဲ့ စကားတွေကြောင့် ဝူရှဲ့ စိတ်ထဲကနေ မခံစားနိုင်တော့ဘဲ ကြိတ်ရယ်လိုက်ပြီး


"ဒါဆို ဦးလေးသုံးက ဘယ်လိုထင်လဲ? ကျွန်တော့် အဖေကလည်း ကျွန်တော့်ကို မသင်ပေးဘူး.... ဒါက မွေးရာပါပဲ မဟုတ်ဘူးလား?"


ဦးလေးသုံးက ဂုဏ်ယူစွာနဲ့ နှုတ်ခမ်းကို သပ်လိုက်ပြီး 


"ဒီလို လက်ရေးပန်းချီကားက ကုဒ်အမျိုးအစား တစ်မျိုးပဲ... ဒီပေါ်မှာ တင်းကျပ်တဲ့ ပုံစံရှိတယ် အဲဒီပုံစံနဲ့ ရေးထားတဲ့ စာကို ဆွဲနေသမျှတော့ ပြီးပြည့်စုံတဲ့ မြေပုံတစ်ခု ဖြစ်သွားလိမ့်မယ်... ဒါကြောင့် ဒါကို လျှော့မတွက်နဲ့.... ဒီပိုးထည်စာရွက်ထဲမှာ စကားလုံး နည်းနည်းပဲ ရှိပေမယ့် အတွင်းထဲမှာ အချက်အလက်တွေက ဘယ်လောက် ရှုပ်ထွေးနေလဲ မသိနိုင်ဘူး... အသေးစိတ်ဆို ဘယ်နေရာမှာ အုတ်ဘယ်နှစ်တုံးကို သုံးထားတယ် ဆိုတာကိုတောင် ရှင်းရှင်းလင်းလင်း မှတ်သား ထားနိုင်တယ်"


ဝူရှဲ့ ထိုအကြောင်းကို ကြားပြီးတာနဲ့ စိတ်ဝင်တစား ဖြစ်လာခဲ့သည်။ ငယ်ငယ်ကတည်းက မိသားစုက သူ့ကို အပြင်ထွက် လေ့ကျင့်ဖို့ ဘယ်တော့မှ ခွင့်မပြုခဲ့ဘူး။ ဒီတစ်ခါတော့ တတိယဦးလေး သူ့ကို ခေါ်သွားအောင် လုပ်ပြီး ရတနာတချို့ကို လိုက်ထိမှ ဖြစ်မယ်။ သူ့ရဲ့ဘဏ္ဍာရေး အကျပ်အတည်း အကြောင်း တွေးတောရင်း ထပ်မေးလိုက်သည်။ 


“ဒါဆို စာမှာ ဘယ်သူ့ရဲ့ ဂူသင်္ချိုင်းလို့ ရေးထားတာလဲ? ဒါမှမဟုတ် ပိုထင်ရှား ခိုင်မာတဲ့ နောက်ခံပိုင်ရှင်လား”


တတိယဦးလေးကတော့ ဂုဏ်ယူစွာ ပြုံးပြီး


“အခုတော့ ငါ နားမလည်နိုင်ပေမယ့် ဒီသင်္ချိုင်းဟာ စစ်ဖြစ်နေတဲ့ ကာလမှာ လုပြည်က မှူးမတ်တစ်ယောက်ရဲ့ အုတ်ဂူဖြစ်ရမယ်.... သူ့သင်္ချိုင်းတည်နေရာကို ဒီလျှို့ဝှက်နည်းကို သုံးပြီး ဒီ ပိုးထည်စာအုပ်မှာ မှတ်တမ်းတင်ထားခဲ့တာ.... လက်ရေးပန်းချီ ဆွဲပြီး မှတ်တမ်း တင်နိုင်တယ်ဆိုတော့ အဲဒီလူက အရမ်းမြင့်မားတဲ့ အဆင့်အတန်း ရှိရမယ်... အဲဒီဂူသင်္ချိုင်းက အလွန်လျှို့ဝှက်ပြီး ကြမ်းတမ်းတယ် ဆိုတော့ သွားလည်ဖို့ ထိုက်တန်တယ်"


ဦးလေးသုံးရဲ့ မျက်လုံးတွေ တောက်ပြောင်နေတာကို မြင်လိုက်ရတော့ ထူးဆန်းသလို ခံစားလိုက်ရသည်။ အဲဒါက ခေတ်အဆက်ဆက်ရဲ့ ပိုးပရပိုက်စာ တစ်ခုပဲ မဟုတ်ဘူးလား။


"ဘာလဲ? ဦးလေးသုံး...အဲဒီဂူသင်္ချိုင်းကို ဦးလေး ကိုယ်တိုင် သွားတူးဖို့ တကယ်စီစဉ်နေတာလား"


ဦးလေးသုံးက ဝူရှဲ့ ပခုံးပေါ်ကို ပုတ်လိုက်ပြီး 


"မင်းဒါကို နားမလည်ဘူးမလား? ထန်၊ စုန့်၊ ယွမ်၊ မင်နဲ့ ချင် မင်းဆက်တွေ လက်ထက်က ဂူသင်္ချိုင်းတွေထဲမှာ ရတနာတွေ ရှိတယ်... ဒါပေမဲ့ ဉာဏ်ပညာ ရှိရမယ်လို့ ပြောလို့ရတယ် အကောင်းဆုံးကတော့ စစ်မတ်ကာလ အတွင်းမှာပဲ... အဲဒီခေတ်က ရှေးဟောင်း တော်ဝင်မိသားစုရဲ့ သင်္ချိုင်းဟာ အရမ်း ဟောင်းနွမ်းနေပြီး အထဲမှာ ဘယ်အရာ ပါတယ်ဆိုတာကို မင်းဘယ်တော့မှ ခန့်မှန်းလို့ မရနိုင်ဘူး... စစ်မတ်ကာလ အတွင်းကဂူဆိုတာ ရှေးဟောင်း ပစ္စည်းတွေကို ရှာဖွေတွေ့ရှိနိုင်တဲ့ နေရာဖြစ်ပြီး သူတို့ကတော့ နိုင်ငံတော်ကို လှူဒါန်းရတဲ့အရာတွေပဲ.... လူ့လောကထဲမှာ မရှိဘူး ငါ သူတို့ကို မတွေ့ချင်ဘူးလို့ ထင်​နေလား?"


"သေချာလား? အထဲမှာ ဘာမှမရှိဘူးလား?"


"မဟုတ်ဘူး... မင်းမြေပုံပေါ်က ပုံစံကို မမြင်ဖူးဘူးလား?" 


ဦးလေးသုံးက ထူးဆန်းတဲ့ မြေခွေးမျက်နှာကို လက်ညှိုးထိုးပြပြီး 


"ဒါက လူတွေ တိရိစ္ဆာန်တွေကို ယဇ်ပူဇော်ဖို့ လုပ်ကြတဲ့ အစောဆုံးအချိန်တုန်းက ဘုရင်လု ဝတ်ထားတဲ့ မျက်နှာဖုံးပဲ....အဲ့တော့ ဂူသင်္ချိုင်းထဲမှာ လဲလျောင်းနေတဲ့ လူက အရမ်းထူးခြားတဲ့ လူတစ်ယောက် ဖြစ်ရမယ်... သူ့အဆင့်အတန်းကလည်း အဲဒီအချိန်က ဧကရာဇ်မင်းထက် ပို မွန်မြတ်မယ်လို့ ယူဆလို့ရတယ်"


"ဧကရာဇ်မင်းမြတ်ရဲ့ ဖခင်??" 


ဝူရှဲ့ ရုတ်တရက် ဝင်ထောက်လိုက်သည်။


တတိယဦးလေးကတော့ ကျွန်တော့်ကို စိုက်ကြည့်ပြီး စာရွက်ကို သိမ်းချင်နေတာ ထင်ရှားလေ၏။ ကျွန်တော်လည်း ထိုစာရွက်ကို ကိုင်ထားပြီး ဦးလေးသုံးကို ပြုံးပြလိုက်သည်။


"ဦးလေးသုံး... ဒီလောက် မြန်မြန်ကြီး မသိမ်းချင်ပါနဲ့... ဘာပဲဖြစ်ဖြစ် ဒီစာကို ကျွန်တော် ယူလာခဲ့တာပဲလေ.... ဒီတစ်ခါတော့ ကျွန်တော့်ကို ခေါ်သွားပြီး ကြည့်ခွင့်ပေးရမယ်"


"မဖြစ်ဘူး.... ဒီသဲတွေကို ဆေးကြောရတာ မလွယ်ဘူး( ဂူဖောက်တာ မလွယ်ဘူး) အဲဒီ့နေရာမှာ လေအေးပေးစက် မရှိဘူး... အဖွဲ့အစည်းတွေ အများကြီး ရှိတယ်... အစာကို အချိန်မရွေး ဖြတ်ပစ်နိုင်တယ်... မင်းက မင်းအဖေရဲ့ တစ်ဦးတည်းသော သား... မင်းမှာအသက် ၃ ချောင်း ရှိတယ်ဆိုရင်တောင် မင်းအဖေက ငါ့ကို အရေခွံခွာလိမ့်မယ်"


ထိုအခါ ဝူရှဲ့လည်း


"ဒါဆိုလည်း ထားလိုက်ပါ... ကျွန်တော်ဒီကို တစ်ခါမှ မရောက်ခဲ့ဖူးသလို ဟန်ဆောင်လိုက်ပေါ့!" 


သူ့လက်ထဲက စာရွက်ကို ဆွဲထုတ်ပြီး လှည့်ထွက်လာလိုက်သည်။ ဦးလေးသုံးက သူကြိုက်တာတွေ့တာနဲ့ စည်းမျဥ်းစည်းကမ်း လုံးဝ မရှိ​တော့ဘူး ဆိုတာကို သိတယ်လေ။ ရှေးဟောင်းပစ္စည်းတွေ နဲ့ မိန်းမတွေကို တွေ့တိုင်း ဒီလိုမျိုးပဲ ဖြစ်သွားတတ်တဲ့ ​အချက်ကို သူမှတ်မိတယ်လေ။


သေချာတာပေါ့ ခြေလှမ်းအနည်းငယ် လှမ်းပြီးနောက် ဦးလေးသုံးရဲ့ လက်နက် ချသွားတဲ့ အသံနဲ့ သူ့လက်ထဲက စာရွက်ကို လှမ်းကိုင်လိုက်ပြီး။


"အိုကေ မင်း တော်ပါတယ်... ဒါပေမဲ့ ငါတို့ ဓားပြဂူထဲ ဆင်းတဲ့အခါ မင်းအပေါ်မှာ နေခဲ့ရမယ် အဆင်ပြေလား?"


ဝူရှဲ့ ချက်ချင်းပဲ ပီတိဖြာသွား၏။ သူ့ စိတ်ထဲကနေ ပြောလိုက်မိတာက ဂူထဲဆင်းချင်တဲ့ အချိန်ကျရင် သူ့ကို တားနိုင်မှာလား ဆိုတာပင်။ သို့သော် သူက ကမန်းကတန်း ခေါင်းညိတ်ပြီး ပြောလိုက်ပါ၏။


"တစ်ခွန်းပဲ! အပြင်ထွက်ရင် ဦးလေးရဲ့ စကား နားထောင်မယ်.... ဦးလေး လုပ်ခိုင်းတာကို ကျွန်တော် လုပ်မယ်"


ဦးလေးသုံးသည် သက်ပြင်းချကာ ကူကယ်ရာမဲ့ ခေါင်းခါလိုက်သည်။ 


“ငါတို့နှစ်ယောက် ဒုက္ခမရောက်သေးပါဘူး၊ ငါ အတွေ့အကြုံရှိတဲ့ ယောက်ျားလေး တချို့ကို မနက်ဖြန် ပို့လိုက်မယ်.... နောက်ရက်အနည်းငယ် အတွင်းမှာ ဒီလက်ရေးပန်းချီကို ပုံဖော်ပေးမယ်.... မင်းကငါ့ကို ဝယ်​​ခြမ်းဖို့ ကူညီပေးရမယ် အတုအယောင်တွေ မဝယ်မိ​စေနဲ့ ခရီးသွားဝတ်စုံနဲ့ ခရီးသွားဖို့ အဆင်သင့် ပြင်ထား.... မဟုတ်ရင် မင်း အဲဒီနေရာကို မရောက်ခင် ငါတို့မင်းကို ချန်ထားရလိမ့်” 


ဝူရှဲ့လည်း ခေါင်းညိတ် သဘောတူလိုက်သည်။


ဦးလေးသုံး တောင်းတဲ့ အရာတွေက အတော်လေးကို ဆန်းကျယ်ပြီး ရည်ရွယ်ချက်ရှိရှိနဲ့ သူ့ကို အရှက်ရအောင် ကြိုးစားနေတယ်လို့​တောင် ထင်ခဲ့မိသည်။ 


ဘာကြောင့်လဲဆိုတော့ ဒီစာရင်းထဲက ပစ္စည်းတွေဟာ စတိုးဆိုင် အများစုမှာ တကယ်မရနိုင်တဲ့ အရာတွေ ဖြစ်တဲ့ ရေစိုခံမိုင်းတွင်းမီးအိမ်၊ ချည်မျှင်စတီးပိုက်တွေ၊ မြေဂေါ်ပြားခေါင်း၊ ဘက်စုံသုံးဓားတစ်လက်၊ ခေါက်ထည့်နိုင်တဲ့ ပေါက်တူးနဲ့ ယွမ် ၁၀,၀၀၀ နီးပါးသုံးရမယ့် လက်တိုတူတွေ၊ ပတ်တီးတွေ၊ နိုင်လွန်ကြိုးတွေ စသည်ဖြင့်ပင်။ 


သူအရမ်း စိတ်မကောင်း ဖြစ်လာပြီး ဒီမြေခွေးအို​ကြီးကို စိတ်ထဲကနေ ကြိမ်းမောင်းခဲ့မိတော့သည်။ သူ့မှာ ပိုက်ဆံတွေ အများကြီး ရှိပေမဲ့ သုံးရမှာတွေက အရမ်းမိုက်လွန်းတယ်လေ။


သုံးရက် ကြာပြီးနောက်၊


ဝူရှဲ့သည် ဦးလေးသုံး၏ တပည့် ယောက်ျားလေး နှစ်ဦးနှင့် အဲဒီနေ့တုန်းက ဦးလေးရဲ့ နဂါးနောက်ကျောဆိုတဲ့ ပစ္စည်းကို ဝယ်ယူသွားသည့် လူငယ်လေးတို့သည် အနောက်ဘက် ကီလိုမီတာ ၁၀၀ ကျော်ဝေးသော ရှန်းတုံ ကွာကျစ်ဘုရားကျောင်းသို့ ရောက်ရှိလာခဲ့သည်။


ဒီနေရာနဲ့ ပတ်သက်ပြီး ဘာပြောရမလဲ ဆိုတော့ ဒါက ဘာမှမရှိတဲ့ နေရာတစ်ခုပဲလို့ ပြောရမည်။ ပထမဆုံး ကားစီးရသည်။ အဝေးပြေးကား ထပ်စီးရသည်။ ထို့နောက် ခရီးဝေးမော်တော် ဆိုင်ကယ်နဲ့ နွားလှည်းပါ စီးရသေးသည်။ 


နောက်ဆုံး နွားလှည်းပေါ်မှ ဆင်းသောအခါ ဘယ်ညာ အပြန်ပြန် အလှန်လှန် ကြည့်သော် ဘာမှမတွေ့ရချေ။ နောက်တော့ သူ့ရှေ့ကို ခွေးတစ်ကောင် ဖြတ်ပြေးသွားပြီး သူ့ဦးလေး၃ကို လက်ပြနေတဲ့ လမ်းပြ အဘိုးကြီးကို လှမ်းတွေ့လိုက်ရသည်။


"အဘိုးကြီး... ကျုပ်တို့ ခွေးကို တက်စီးရမှာလား? ဒါပေမဲ့ ဒီခွေးက မခံနိုင်မှာ ကြောက်ရတယ်” 


ဦးလေးသုံးက လှမ်းပြော​လေသည်။


“မဟုတ်ဘူး” အဘိုးအိုက ရယ်မောပြီး 


“ဒီခွေးက သတင်း ပို့​ပေးနိုင်တယ်.... ဒီနောက်ဆုံးခရီးမှာ ကားတွေ မသုံးတော့ဘူး လှေနဲ့ သွားရမယ်... ခွေးကို လှေပေါ် ခေါ်သွားရမှာ"


"ဒီခွေးက ရေကူးတတ်လား"


"ရေကူးနိုင်ချက်က အရမ်းကောင်းပဲ" အဖိုးအိုက ခွေးကို လှမ်းကြည့်ကာ 


"လွိတန့်တန့်.... ရေသွား ကူး​ပြလိုက်စမ်းကွာ"


ခွေးက တကယ်ကို ဉာဏ်ကောင်းလေ၏။ သူဟာသူ မြစ်ထဲကို ခုန်ချပြီး ရေကူး​ပြနေသည်။ ထို့နောက် ပြန်တက်လာ၍ ဆံပင်များကို လှုပ်ယမ်းပြီးလျှင် မြေကြီးပေါ်၌လှဲ၍ လျှာကိုထုတ်ကာ အနားယူနေတော့သည်။


"စောသေးတယ်.... လှေသမားက အလုပ်မစသေးဘူး ခဏနားရင်း ဆေးလိပ်သောက်ရအောင်"


ဝူရှဲ့ နာရီကို ကြည့်လိုက်ပြီး။


"အလုပ်က နေ့လည် ၂ နာရီမှာတောင် မစသေးဘူးလား? လှေသမားတစ်ယောက် အနေနဲ့ အလုပ်အချိန် ဇယားကို ဘယ်လိုများ ဆွဲထားတာလဲ?"


"သူက ဒီမှာ တစ်ဦးတည်းရှိတဲ့ လှေသမား ဖြစ်ရုံတင်မကဘူး သူက အတော်ဆုံးပဲ.... သူထပြီး အလုပ်စလုပ်ရင် အဲဒါ သူ့ရဲ့အချိန်ပဲ... တစ်ခါတလေမှာ တစ်နေကုန် အလုပ်မလုပ်ဘဲ လူတွေ အသေတွန်းအားပေးရင်တောင် မလှုပ်ဘူး"


အဘိုးအိုက ရယ်ရင်း။ 


"ငါလည်း မတတ်နိုင်ဘူးလေ.... ဒီမြစ်နတ်ဘုရားက သူ့မျက်နှာကိုပဲ ကြည့်တယ်... တခြားသူတွေ ဂူထဲဝင်ရင် အပြင်ကို မထွက်နိုင်ပေမယ့် သူကတော့ ဘာမှမဖြစ်ဘူး... မင်းတို့ မြင်းစီးနိုင်ရင် ငါတို့တောင်ပေါ်ကို တက်နိုင်တယ်.. နောက်နေ့ဆို ရောက်ပြီ... ဒါပေမဲ့ မင်းတို့မှာရှိတဲ့ ပစ္စည်းတွေကို ကြည့်ဦးလေ... ငါတို့တစ်ရွာလုံးက မြင်းတွေ သယ်ရင်တောင် လောက်မှာ မဟုတ်ဘူး"


“အိုး” 


ဦးလေးသုံးသည် ဂူအကြောင်း ကြားသောအခါ ချက်ချင်းပင် စိတ်လှုပ်ရှားလာခဲ့သည်။ သူဘာသာပြန်ထားသော မြေပုံကို ထုတ်၍ ဤမြေပုံကို ရတနာတစ်ခုလို အမြဲသဘောထားကာ ဝူရှဲ့အား ကြည့်ခွင့် မပြုတော့ချေ။ 


သူအပြင်ကို ထုတ်လိုက်တာနဲ့ ဝူရှဲ့တို့လည်း ချက်ချင်း သွားကြည့်ကြသည်။ လူငယ်လေး တစ်ယောက်သာ လုံးဝ စကားမပြောဘဲ ဘေးမှာ ထိုင်နေ၏။


ရိုးရိုးသားသား ပြောရရင် သူ့ရဲ့ ဦးလေးနဲ့ လူငယ်တို့ နှစ်ယောက်လုံးက ပေါင်းသင်းဖို့ အရမ်းလွယ်ပါသည်။ သူတို့နှစ်ယောက်လုံးက မြေအောက်လူတွေပဲ။ ဒါပေမဲ့ ဒီကောင်က အမိုက်စား လူတစ်ယောက်လိုပဲ ခရီးလမ်း တစ်လျှောက်လုံး စကားတစ်လုံးတောင် ဝင်မပြောဘူး။ 


ကောင်းကင်ကို တည့်တည့် စိုက်ကြည့်ရင်း ကောင်းကင်ကြီး ကြွေကျသွားမှာကို စိတ်ဓာတ်ကျနေသလိုပဲ။ ပထမတော့ ဝူရှဲ့ သူနဲ့ စကားအနည်းငယ် ပြောခဲ့ပေမယ့် နောက်တော့ တစ်ဖက်က သူ့ကို လျစ်လျူရှုသွားခဲ့သည်။ ဦးလေးသုံး ဘာကြောင့် သူ့ကို ဒီကို ခေါ်လာတာလဲ တကယ် နားမလည်​တော့ပေ။


"ဂူတစ်ခုရှိတယ်... ဒီတောင်ရဲ့ အနောက်မှာ မြစ်လိုဏ်ဂူ တစ်ခုရှိတယ်" ဦးလေးသုံးက ဆို၏။


"အဘိုးကြီး... ဒီဂူက လူတွေကို ဘယ်လိုလုပ် စားနိုင်တာလဲ?"


အဘိုးအိုက 


“ဒါတွေက အရင်မျိုးဆက်တွေ ချန်ထားခဲ့တဲ့ စကားတွေပဲ.... ရှင်းရှင်းလင်းလင်း မမှတ်မိတော့ဘူး မြစ်ရေတွေ ပိတ်ဆို့သွားတဲ့ အချိန်တုန်းက ရွာထဲမှာ မြွေဟောက်တွေ ပေါလာတယ်လို့ ပြောကြတယ်... ပြီးတော့ အဲ့ဂူလမ်းထဲက ဘယ်သူကမှ ထွက်မလာနိုင်ခဲ့ဘူး.... အဲဒီနေ့မှာ လှေသမားရဲ့ အဘိုးက လှေငယ်လေးနဲ့ ဂူတွင်းထဲက ထွက်လာခဲ့တယ်....လှေရောင်းခဲ့တဲ့ လူက အပြင်က အရောင်းသမားလို့ ပြောတယ်... အဲဒီ အရောင်းသမားက လှေကို ဘယ်လို သယ်သွားတာလဲ? မင်းတို့ပြောကြည့်.... လူတိုင်းက အဲဒီလူက မြွေဝိဥာဉ် အသွင်ပြောင်းသွားတယ်လို့ ပြောကြတယ်... ဒါပေမဲ့ သူကလှေကို ဘေးရွာက ဝယ်ခဲ့တာလို့ ရယ်ပြီး ပြောတယ်လေ... မယုံရင် ဘေးရွာကို သွားမေးလို့ ရတယ်တဲ့... လူတွေလည်း သွားမေးကြည့်တော့ လှေရောင်းတာ အမှန်ပဲဆိုတာ သိလိုက်ရတယ်... ဒါနဲ့ပဲ ဂူထဲက မိစ္ဆာကြီး ပျောက်ကွယ်သွားပြီလို့ ထင်ခဲ့ကြတာပေါ့... နောက်တော့ သတ္တိရှိတဲ့ လူငယ်တချို့က ဂူထဲကို စူးစမ်းဖို့ သွားခဲ့ကြပေမဲ့ ပြန်မထွက်လာခဲ့ကြဘူး.... အဲဒီအချိန်ကစပြီး သူ့ရဲ့ မိသားစုဝင်တွေပဲ ဂူထဲကို ဝင်ထွက်နိုင်ခဲ့ကြတယ် ထူးဆန်းတယ်လို့ မထင်ဘူးလား...ဒါပေမဲ့ သူတို့မိသားစုက အခုအချိန်အထိ ဒီလုပ်ငန်းကိုပဲ လုပ်နေ​ကြတာ"


"ဒါဆို ခွေးက အဆင်ပြေလား" 


ဝူရှဲ့ အံ့သြသွားတာကြောင့်။


"သူ့ကို သတင်းပို့တဲ့ နေရာမှာ သုံးတာ မဟုတ်ဘူးလား?"


"ဒီခွေးကို သူ့မိသားစုက မွေးထားတာလေ... တခြားအိမ်က ခွေးမပြောနဲ့ နွားဝင်သွားရင်တောင် အပြင် မထွက်နိုင်ဘူး"


"ဒီလိုထူးဆန်းတာကို အစိုးရက ဂရုမစိုက်ဘူးလား?"


“ဒါဆို လူတွေက ယုံအောင် ဘယ်လိုပြောမှာလဲ” 


အဖိုးအိုက သူ့ဆေးလိပ်တံကို မြေပြင်ပေါ် ပုတ်ချလိုက်သည်။


ဦးလေးသုံးသည် မျက်မှောင်ကြုတ်ကာ လက်ခုပ်တီးလိုက်သည်။


"လွိတန့်တန့်... ဒီကိုလာ"


ခွေးက တကယ်နာခံပြီး ချက်ချင်းပဲ ပြေးလာခဲ့သည်။ ကောက်ကိုင်ပြီး အနံ့ခံလိုက်တော့ ခွေးအနံ့က ဦးလေးသုံးရဲ့ မျက်နှာအရောင်ကို ပြောင်းလဲသွားစေ၏။


"မဟုတ်သေးပါဘူး? ဂူထဲမှာ ဘယ်လိုအရာတွေများ ရှိနေတာလဲ?"


သို့နှင့် ဝူရှဲ့လည်း ခွေးခေါင်းကို အနံ့ခံလိုက်တဲ့အခါ သူ့ခမျာ ခေါင်းပင် မူးသွားတော့သည်။ ဒီခွေးပိုင်ရှင်က တကယ်ကို ပျင်းတာပဲ။ ခွေးကို ရေမချိုးပေးတာက ဘယ်လောက်တောင် ရှိသွားပြီလဲ မသိဘူး။


ဦးလေးသုံး ခေါ်လာတဲ့ ယောက်ျားတွေထဲက ဖန့်ကျစ်လို့ ခေါ်တဲ့ တစ်ယောက်က ကျယ်လောင်စွာ ရယ်မောရင်း 


"မင်းရဲ့ဦးလေးသုံးကို အတုယူနိုင်ဖို့ ငယ်ပါသေးတယ်ကွာ"


"ဒီခွေးက ဘာလို့ဒီလောက် နံနေရတာလဲ!"


ဝူရှဲ့ သူ့နှာခေါင်းကို ပိတ်ရင်း ရွံရှာစွာ ဆိုလိုက်သည်။


“ဒီခွေးက ငယ်ငယ်လေးကတည်းက လူသေအသားကိုစားပြီး ကြီးပြင်းလာတာ” ဦးလေးသုံးက ဆိုလာ၏။


“အဲဒါက အလောင်းလိုဏ်ဂူ တစ်ခုပဲ... အချိန်ကို စောင့်နေရတာ မဆန်းပါဘူး... ​ပြောလို့မရဘူး အဲဒီလှေထိုးသမားလည်း ငယ်ငယ်ကတည်းက....."


“မဟုတ်လောက်ဘူးမလား!” 


ဝူရှဲ့ အလွန်ထိတ်လန့်သွားပြီး ဆံပင်တွေတောင် ထောင်သွားလေ၏။ ဒီစကားတွေ ပြောပြီးတာနဲ့ တိတ်ဆိတ်နေတဲ့ ကောင်လေးရဲ့ အမူအရာကလည်း ပြောင်းလဲသွားခဲ့သည်။


တတိယဦးလေးရဲ့ နောက်လိုက် တစ်ယောက်ကတော့ ယောက်ျားကြီးပဲ။ သူ့ကို အားခွေ လို့ခေါ်ကာ သူ့ခန္ဓာကိုယ်က လှည်းဆွဲတဲ့ နွားနဲ့ အရွယ်အစားချင်း တူ​လောက်ပေမယ့် အရမ်းကြောက်နေသူလို့ တိုးတိုးလေး မေးလာ၏။


“အဲဒီအလောင်းဂူမှာ ဘာတွေများ ရှိနေတာလဲ? မဟုတ်မှ အဲ့ထဲဝင်သွားရင် တစ်ခုခုများ ဖြစ်မှာလား?"


"မသိဘူး... လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ရှန်းရှီးမှာ ဒီလို လှိုဏ်ဂူတစ်ခုကို တွေ့ခဲ့တယ်....အဲဒီနေရာက ဂျပန်တွေရဲ့ အလောင်းတွေ အစုလိုက် အပြုံလိုက် စုပုံထားတဲ့ နေရာပဲ.... အလောင်းတွေ ဂူတွေရှိတဲ့ နေရာတိုင်း အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေ ရှိခဲ့လိမ့်မယ်... အဲဒါကတော့ သေချာတယ် အဲဒီတုန်းက ကြည့်ရတာ စိတ်ဝင်စား စရာကောင်းတော့ စမ်းသပ်မှု တစ်ခုလုပ်ဖို့ ခွေးတွေနဲ့ ဘဲတွေကို ဝါးဖောင်ပေါ်မှာတင်ပြီး ကင်မရာ တစ်လုံးတပ်ပြီး တွန်းထည့်လိုက်တယ်.... အပေါက်က တစ်ကီလိုမီတာကျော်ကျော်လောက် ရှည်တယ်... ပြီးတော့ လုံလုံလောက်လောက် အရှည်ရှိတဲ့ ကြိုးကို ပြင်ဆင်ထားခဲ့တယ်....ကြိုးတွေ အကုန်ဆွဲထုတ်လိုက်တဲ့အခါ ဝါးဖောင်တွေ ထွက်လာတာတောင် ဘဲတွေ ခွေးတွေ ပါမလာတော့ဘူး... အထဲမှာ မည်းမှောင်နေတော့ ဘယ်မှာ လွင့်ကျန်နေမှန်း မသိဘူး နောက်တော့ ဝါးဖောင်ကို ဆွဲထုတ်ဖို့ ကြိုးစားပေမယ့် တစ်စပြီးတစ်စ နည်းနည်းချင်း ဆွဲယူလိုက်တော့မှ ဝါးဖောင်က ရုတ်တရက် လှန်သွားပြီး…” 


ဦးလေးသုံးက သူ့လက်ကို ရွှေ့လိုက်ပြီး


“နောက်ဆုံးတော့ မျက်နှာတစ်ဝက်ပဲ မြင်ရ​တော့တယ်.... ကင်မရာ ဖန်သားပြင်နဲ့ အရမ်းနီးကပ်လွန်း နေလို့လားတော့ မပြောတတ်ဘူး... အဲဒါက ခွေးလား တခြားအရာတွေလားတောင် မသိဘူး... အဲဒီအပေါက်ကို ဖြတ်သန်းဖို့ ရှေးခေတ်တုန်းက လူသေတွေနဲ့ သက်ရှိတွေ တန်းစီပြီး ဖြတ်သွားကြတဲ့ နေရာမှာ သုံးဖူးတယ်... သက်ရှိသတ္တဝါဆိုရင် ဝင်သွားရင် ​ပြန်ထွက်လို့ မရ​တော့ဘူး... ဒါပေမဲ့ ရှန်းရှီးရဲ့ တစ်နေရာမှာတော့ လူတွေက ငယ်ငယ်လေးကတည်းက သူတို့ရဲ့ ခန္ဓာကိုယ်ထဲမှာ စွမ်းအင်တွေ စုဆောင်းဖို့ ကလေးတွေကို လူသေအသားတွေ အစာကျွေးတယ်လို့ ကြားဖူးတယ်... သူတို့ ကြီးပြင်းလာတဲ့အခါ သူတို့ဟာ လူရှင်တွေနဲ့ မတူသလို သရဲတစ္ဆေတွေတောင် သူတို့ကို မမြင်ရတော့ဘူး.... အဘိုးကြီး ခင်ဗျားရဲ့ လှေသမားက ရှန်းရှီးကလား"


အဘိုးအို၏ မျက်နှာသည် အနည်းငယ် ပြောင်းလဲသွားပြီး ခေါင်းခါလိုက်သည်။


“အဲဒါက အဲဒီအဘိုးကြီးတွေ လက်ထက်က ဖြစ်ခဲ့တာလေ... ငါတော့ မသိဘူး သူက အဲ့မင်းဆက်က မဟုတ်ဘူးလေ” 


ပြောပြီး ကောင်းကင်ကို မော့ကြည့်ပြီး ခွေးကို လှည့်ပြောလိုက်သည်။


"လွိတန့်တန့်.... မင်းတို့ရဲ့လှေကို သွားယူလာခဲ့တော့!" 


ခွေးက ညည်းတွားရင်း ရေထဲခုန်ဆင်းပြီး တောင် အနောက်ဘက်ဆီ ကူးခတ်သွားလေသည်။


အဲဒီအချိန်မှာ ဦးလေးသုံးက ဖန့်ကျစ်ကို မျက်စိ မှိတ်ပြနေတာ တွေ့လိုက်ရသည်။ ဖန့်ကျစ်က သူ့ခရီးဆောင်အိတ်ထဲက ကျောပိုးအိတ်ကို တိတ်တဆိတ် ထုတ်ယူပြီး သူ့နောက်ကျောမှာ လွယ်ထားလိုက်သည်။


တစ်ဖက်မှာ ထိုင်နေတဲ့ လူငယ်ကလည်း မတ်တပ်ရပ်ပြီး ခရီးဆောင်အိတ်ထဲက သူ့ပိုးအိတ်ကို ထုတ်လိုက်သည်။ ဖန့်ကျစ် ဝူရှဲ့အနားက ဖြတ်သွားတဲ့အခါ သူက ဟန်ကျိုး ဒေသိယစကားနဲ့ တိုးတိုးပြောလာ၏။


"ဒီအဘိုးကြီးက တစ်ခုခု မှားနေတယ် သတိထား...."