ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (volume 1)
Author -南派三叔 (nan pai san shu)
translater - Hninthawethadar
ခုနှစ်စင်ကြယ်နန်းတော်
Chapter (4)
အလောင်းဂူ
လမ်းတစ်လျှောက်မှာ အန္တရာယ်တွေ အများကြီးကြုံခဲ့ရပြီး ဒီကောင်တွေက အရမ်း အစွမ်းထက်တာကြောင့် ဝူရှဲ့အနေနဲ့ သူတို့ကို ယုံကြည်လေသည်။ ဖန့်ကျစ် ပြောပြီးတာနဲ့ ဘာဖြစ်နေလဲ သူလည်း ရိပ်မိလာသလို အားခွေကလည်း သူ့ကို မျက်တောင် ခတ်ပြလာ၏။
ဆိုလိုတာက သူ ကျောခိုင်းထားပြီး ဘာလှုပ်ရှားသံတွေ ထွက်လာပါစေ လုံးဝ လှည့်မကြည့်ဖို့ပဲ။ ဝူရှဲ့လည်း ခါးသက်သက် ပြုံးရင်း ခေါင်းကို ငုံထားလိုက်တော့သည်။ အားခွေက နွားတစ်ကောင်ကို တစ်ချက်တည်းနဲ့ ထိုးပစ်နိုင်တဲ့ ခွန်အားရှိကာ ဖန့်ကျစ်ကလည်း သူ့ခန္ဓာကိုယ်အနှံ့ အမာရွတ်တွေရှိတဲ့ စစ်ပြန် တစ်ယောက်ပင်။
သူတို့ရဲ့ တတိယဦးလေးဟာ ငယ်ငယ်လေးကတည်းက သူ့ဘဝနဲ့သူ တိုက်ပွဲဝင်ခဲ့ပြီး အသံတိတ်လည်း တိုက်ခိုက်တတ်သည်။ ဘယ်လိုပဲ ကြည့်ကြည့် ကြင်နာတတ်တဲ့သူလို မဟုတ်ဘူး။
သူကတော့ အရင်ကတည်းက အသုံးမကျဆုံး ပညာရှင်လေး ဖြစ်ပြီး ဦးလေးသုံး ပေးတဲ့ တာဝန်ကတင် အရမ်း လေးလွန်းတယ်လို့ ခံစားရနေပြီး ဘယ်လိုပဲနေနေ အဆင်မပြေလာချေ။
ကိုယ့်ကိုကိုယ် ကာကွယ်ဖို့ ဘာယူရမလဲ ဆိုတာ တွေးနေတုန်းမှာပဲ လွိတန့်တန့်က ရေပြန်ကူးလာခဲ့သည်။ အဘိုးအိုက သူ့ဘောင်းဘီပေါ် ပိုက်ကို ရိုက်လိုက်ပြီး
"သွားရအောင်... လှေလာတော့မယ်"
ဒါပေါ့။ လှေနှစ်စင်းက တောင်ကြားကနေ တစ်စင်းပြီး တစ်စင်း ထွက်ပေါ်လာခဲ့၏။ ရှေ့က လှေပေါ်မှာ လူလတ်ပိုင်းအရွယ် အမျိုးသားတယောက်က လှေလှော်ရင်းနဲ့ သူတို့ကို လှမ်းအော်နေ၏။ ဒီလှေက သေးသေးလေးတော့ မဟုတ်ချေ၏ အဘိုးအိုက သူ့နွားလည်ပင်းကို ပုတ်ပြီး
“လူတိုင်း ခရီးဆောင်အိတ်ကို ဖြုတ်ချစရာ မလိုဘူး.... နွားကို ဒုတိယလှေပေါ် ဆွဲတင်လိုက်မယ်.... ငါတို့က ပထမ လှေပေါ်မှာ ထိုင်ကြမယ် မင်းတို့ရဲ့ စွမ်းအင်ကိုလည်း ချွေတာရာ ရောက်တာပေါ့"
ဖန့်ကျစ်က ပြုံးပြီး
"ရေထဲမှာ မမြင်နိုင်တဲ့ အရာတွေရှိတယ်... ဒါကြောင့် နွားကို ခင်ဗျားနဲ့အတူ ထားလိုက်တာ ပိုကောင်းပါတယ်.... နောက်မှ နွားက ရေထဲ ငုပ်ဆင်းသွားရင် ကျွန်တော်တို့ ဘယ်လို အစား စားရတော့မလဲ?"
အဘိုးအိုက ပြုံးပြီး ခေါင်းညိတ်ပြသည်။
"မင်းပြောတာက အဓိပ္ပာယ်ရှိပေမယ့် ငါ့နွားက ကျွဲ မဟုတ်ဘူးကွ! ရေထဲ ဘယ်တော့မှ ခုန်မှာ မဟုတ်ဘူး... မင်းတို့ ခုန်ချချင်ရင် ဒီအဘိုးကြီးက ဖယ်ပေးမှာပါ... မင်းတို့ကို နည်းနည်းလေးမှ ပြဿနာ မပေးမိစေရဘူး"
ပြောသည့်အတိုင်း သူသည် နွားကိုယူကာ ကူးတို့ဆိပ်သို့ ဦးစွာ လျှောက်သွားခဲ့သည်။ လူလတ်ပိုင်းအရွယ် အမျိုးသားသည် လှေကို အလွန်လျင်မြန်စွာ စီမံနိုင်ခဲ့ပြီး လှိုင်းအနည်းငယ် ကြားက ကမ်းစပ်သို့ ရောက်ရှိလာခဲ့သည်။
အဘိုးအိုက ဒုတိယလှေပေါ် နွားကို မောင်းလာရင်း လှေကို ကိုင်ထားတဲ့ လူလတ်ပိုင်း အဘိုးအိုကို ကြည့်လိုက်သည်။ သူ့အသားအရေမှာ ဖြူဖတ်ဖတ်နဲ့ သာမန်ထက် အလွန် သာလွန်နေပေ၏။ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှု ရှိမရှိ မသိပေမယ့် ဒီလူက သရဲတစ္ဆေနဲ့ တူနေသလိုတောင် ခံစားရစေသည်။
နောက်ပြီး ဦးလေးသုံးပြောခဲ့တဲ့ စကားတွေကို သတိရပြီး ရုတ်တရက် ထိုလူက ပိုပိုပြီး ကြောက်စရာ ကောင်းလာတယ်လို့ ခံစားလာရတော့သည်။
"ခဏနေဦး.... အားလုံးပဲ ခဏနေလို့ ဂူထဲရောက်ရင် စကားသံကို တိုးတိုးလေး ပြောကြပါ... အထူးသဖြင့် မြစ်နတ်ဘုရားရဲ့ မကောင်းကြောင်းကို မပြောမိပါစေနဲ့"
လှေထိုးသမားက ပြောလေ၏။
ဦးလေးသုံးကလည်း အဲဒီအပေါက်ကို ဖြတ်ဖို့ ဘယ်လောက် ကြာမလဲလို့ မေးလိုက်သည်။
"မြန်မြန်တက်ရင် ၅ မိနစ်အတွင်း ဖြတ်သွားနိုင်တယ်... အထဲမှာ ရေက အရမ်းမြန်တယ် ဒါကြောင့် ခရီးကလည်း အရမ်း မြန်လိမ့်မယ်"
"ဘာလဲ? နှေးတဲ့အချိန်လည်း ရှိသေးတာလား?"
"ဟုတ်တယ်... တစ်ခါတလေမှာ ရေက လက်ရှိနဲ့ ဆန့်ကျင်ဘက် စီးဆင်းနေတာ တွေ့ရတတ်တယ်....ခင်ဗျား ကြည့်... ကျုပ်အခုနက ရေစီးကြောင်းနဲ့ ထွက်လာတာ အခု ရေစီးကြောင်းနဲ့ ယှဉ်ပြီး လှော်နေရပြီ ဆိုတော့ ၁၅ မိနစ်လောက်တော့ ကြာမယ်.... အလှည့်အပြောင်းက တော်တော် အန္တရာယ်များတယ်"
"အထဲမှာ အလင်းရောင် ရှိလား?"
ထိုအခါ ထိုလူက ရယ်မောကာ
"အဲဒါက မျက်ကန်းမီးပဲ... ဘယ်လိုလုပ် အလင်းရောင် ရှိမှာလဲ? မှောင်မည်းနေတာပဲ!"
လူလတ်ပိုင်း အရွယ် အမျိုးသားက သူ့နားကို လက်ညှိုးထိုးပြပြီး
"ကျုပ် လှေစီးလာတာ ဆယ်နှစ်ကျော်ပြီ.... ငါ့နားနဲ့ပဲ လုပ်ကိုင်လာခဲ့တာ"
"ဒါဆို ဓာတ်မီးသုံးလို့ ရလား"
ဖန့်ကျစ်က မိုင်းတွင်းမီးခွက်ကို မြှောက်ပြလိုက်ပြီး
"ကိစ္စမရှိပါဘူး ဟုတ်တယ်မလား?"
"အဆင်ပြေပါတယ်" ထိုလူက ဆို၏။
"ဒါပေမဲ့ ရေထဲကိုတော့ မထွန်းမိစေနဲ့ ခင်ဗျားတို့ သေတဲ့အထိ ကြောက်သွားကြလိမ့်မယ်!"
ဦးလေးသုံးက ပြုံးပြီး
“ဘာလဲ? ရေသရဲ ရှိလို့လား?”
"ရေသရဲက ဘာမှမဟုတ်ပါဘူး... ရေထဲမှာ ဘာလဲဆိုတာတော့ ကျုပ်လည်း မပြောဝံ့ဘူး... ခင်ဗျားတို့ တကယ်သတ္တိရှိရင် နောက်မှ ကြည့်လို့ရတယ်.... မှတ်ထား ကြည့်လိုက်လို့ ခင်ဗျားတို့ ကံကောင်းရင် မည်းမည်း အုပ်စုကြီးကိုပဲ တွေ့ရလိမ့်မယ်.... ကံမကောင်းရင်တော့ မြင်နေရတဲ့အရာက ခင်ဗျားကို ရူးသွပ်သွားစေလိမ့်မယ်"
စကား ပြောနေတုန်းမှာပဲ ဂူအပေါက်ကို လှမ်းမြင်နေရပြီ။ အပေါက်က တောင်နံရံ နောက်ကွယ်မှာ ပုန်းနေတာပင်။ ကမ်းပေါ်ကနေဆို လှမ်းတောင် မမြင်ရဘူး။ အပေါက်ကြီးတစ်ခုလို အမြဲတမ်း ထင်ခဲ့ပေမယ့် လက်တွေ့မှာ မြင်လိုက်ရတဲ့အခါ မအံ့သြဘဲတောင် မနေနိုင်ခဲ့ပေ။
ဂူအဝင်ပေါက်က ဒီလောက်သေးမယ်လို့ မထင်ထားဘူးလေ။ လှေထက် ၁၀ စင်တီမီတာ လောက်ပဲ ကြီးပြီး ကြောက်စရာ အကောင်းဆုံးက အမြင့် ထိုင်နေရင် ဘယ်သူမှ ဝင်လို့မရတော့မှာ စိုးရိမ်ရလေသည်။
အထဲကိုဝင်ဖို့ဆို သူတို့ခန္ဓာကိုယ်ကို နှိမ့်ထားရသည်။ အဲဒီလို နေရာကျယ်ကြီးထဲမှာ တစ်စုံတစ်ယောက်က သူတို့ကို လုပ်ကြံချင်တယ်ဆိုရင် သူတို့ ဘာမှပြန်လုပ်လို့ ရမှာ မဟုတ်ဘူး။
ရုတ်တရက် ဖန့်ကျစ်က ထအော်၏။
"အိုး... ဒီလှိုဏ်ဂူက မိုက်သားဟ!"
“ဒီဂူက တော်တော်ကြီးတယ် ဒါပေမဲ့ အထဲမှာ အောက်ခြေ အပိုင်းတစ်ခုပဲ ရှိတယ်”
နောက်မှ အဖိုးအိုက ပြောလာသည်။ ဦးလေးသုံးက ဖန့်ကျစ်ကို အတုအယောင် အပြုံးဖြင့် ပြုံးပြလိုက်ပြီး
"အာ.... ဒါက အပေါက် သေးသေးလေးပါလား... တစ်စုံတစ်ယောက်က ငါတို့ကို အထဲမှာ လုယက်ခဲ့မယ်ဆိုရင် ငါတို့ လွတ်မြောက်ဖို့ဆိုတာ မဖြစ်နိုင်ဘူး ဟုတ်တယ်မလား?"
ဒီလိုပြောပြီးတာနဲ့ လူလတ်ပိုင်းအရွယ်က လှေကိုထိုးရင်း သိမ်မွေ့တဲ့ အမူအရာ လုပ်နေတာကို တွေ့လိုက်ရတော့ အဖိုးအိုရဲ့ မျက်နှာကလည်း ပြောင်းလဲသွား၏။
ဝူရှဲ့လည်း သတိထားမိလိုက်သည်။ တကယ်ပဲ ပြဿနာတစ်ခု ရှိနေတာပဲ။ ကိုယ့်ကိုယ်ကို တွေးပြီး လှေ အတွင်းပိုင်းထဲကို ဝင်သွားလိုက်သည်။
ဖန့်ကျစ်သည် သူ စတင်ဝင်ရောက်သည့် အချိန်ကစလို့ မိုင်းတွင်းမီးခွက်ကို ဖွင့်ထားလေသည်။ အစက တောက်ပနေသေးသော်လည်း မကြာမီ ဂူထဲတွင် မိုင်းတွင်းမီးအိမ်၏ အလင်းရောင်သာ ရှိတော့သည်။
"သခင်သုံး... ဒီဂူက မရိုးရှင်းဘူး" အားခွေက ဆိုရင်း
"ဒါက ဓားပြတိုက်တဲ့ ဂူကြီးအတိုင်းပဲ"
"ရေဓားပြဂူ.... မင်းကြည့် ရှေးဟောင်းစက်ဝိုင်းက နီးနေပြီ ဒီခြေရာတွေကို ကြည့်လိုက်... ဒီဂူက ဟောင်းနေပြီ ဒီဂူထဲမှာ တခြားအရာ တစ်ခုခု ရှိနေတာ ထင်တယ်"
"အိုး... ဒီက မိတ်ဆွေက နောက်ခံရှိပုံရတယ်... ပြောတာ မဆိုးဘူး"
လူလတ်ပိုင်းအရွယ် အမျိုးသားသည် လှေငယ်တွင် ဒူးတစ်ဖက်ထောက်ကာ လက်တစ်ဖက်ဖြင့် လှော်တက်ကို ကိုင်ကာ လှော်ခတ်နေသည်။သို့သော် ထူးဆန်းသည်မှာ သူ၏လှော်တက်မှာ ရေကိုလုံးဝ မထိနေတာကြောင့် ကျန်တဲ့လူများမှာ အသက်ရှူပင် ကြပ်လာခဲ့သည်။
"ဒီတောင်ကြီး တစ်ခုလုံးက ရှေးဟောင်း ဂူသင်္ချိုင်းတစ်ခုလို့ ကြားတယ်... ဒီနားတစ်ဝိုက်မှာ ရေလိုဏ်ဂူ အကြီးနဲ့ အသေးလေးတွေ အများကြီးရှိတယ်.... ဒါက အကြီးဆုံးနဲ့ အနက်ရှိုင်းဆုံးပေါ့.... ခင်ဗျားတို့ မြင်တဲ့အတိုင်း အဲဒီတုန်းက ရေက ဒီလောက်မမြင့်ဘဲ အရင်က ခြောက်သွေ့တဲ့ ဂူဖြစ်ခဲ့မှာတောင် ကြောက်ရတယ်"
"အိုး... ခင်ဗျားလည်း ကျွမ်းကျင်တဲ့ပုံပဲ"
ဦးလေးသုံးက စီးကရက် တစ်လိပ်ကို ယဉ်ကျေးစွာ ပေးလိုက်သည်။ သို့သော် သူက ခေါင်းယမ်းပြီး ဆက်ပြောလေ၏။
"ဘယ်က ကျွမ်းကျင်ရမှာလဲ? ကျုပ်လည်း ဟိုအရင်က လာတဲ့လူတွေ ပြောတာကို ကြားဖူးတာပါ... အများကြီး နားထောင်ပြီးတော့ စာကြောင်းနည်းနည်း ပြန်ပြောနိုင်ရုံပါ... ရိုးရှင်းတာကိုပဲ သိတယ် ကျွမ်းကျင်သူတွေ ဘာတွေ မဟုတ်ပါဘူး"
ဖန့်ကျစ် နဲ့ တခွေ(အရှေ့မှာ အားခွေ)တို့ နှစ်ယောက်စလုံးက အဲဒီလူတွေနဲ့ နောက်ပြောင် စကားဆိုရင်း တစ်ဖက်ကလည်း ဓားတွေကို လက်တွေထဲမှာ ကိုင်ထားကြတလေသည်။
ဝူရှဲ့တစ်ယောက် တွေးနေမိတာကတော့ 'ငါတို့မှာ ငါးယောက်ရှိပြီး သူတို့က နှစ်ယောက်ပဲ ရှိတယ်... တကယ်ချရင် ငါတို့ရှုံးမှာ မဟုတ်ဘူး' ဟုပင်။ သူတို့ဖက်က လှုပ်ရှားဖို့ သတ္တိရှိတယ် ဆိုမှတော့ ကိုယ့်ဖက်ကလည်း အကုန် ပြင်ဆင်ထားရတော့မည်။
သူ တွေးနေတုန်းရှိသေး လှေဦးပိုင်းမှာ အအေးဗူးက (ကျန်းချီလင်)က သူ့လက်ကို ရုတ်တရက် မြှောက်လိုက်ပြီး
"ရှူး.... နားထောင်! တစ်ယောက်ယောက်က စကားပြောနေတယ်!"
ဝူရှဲ့ ချက်ချင်း အသက်ရှုကြပ်သွားပြီး ဂူရဲ့ အနက်ရှိုင်းဆုံး တစ်နေရာကနေ အော်ဟစ်သံတွေကို တကယ် ကြားလိုက်ရလေ၏။ သူတို့ပြောနေတာတွေကို ခွဲခြားသိနိုင်ပေမယ့် နားထောင်လေ နားမလည်ဘူးလို့ ခံစားရလေပင်။ ခဏကြာအောင် နားထောင်ပြီးနောက် လူလတ်ပိုင်းအရွယ် လှေသမားကို ဒီဂူထဲမှာ ဒီအသံတွေကို မကြာခဏ ကြားရလားလို့ မေးချင်ခဲ့ပေမယ့် သူလှည့်ကြည့်လိုက်တော့ အဘိုးကြီးက ပျောက်သွားလေပြီ။
"ဖန့်ကျစ်... သူတို့ ဘယ်ရောက်သွားကြတာလဲ?"
ဦးလေးက စိုးရိမ်တကြီး အော်လိုက်တယ်။
"မသိဘူး... ရေငုပ်သွားတဲ့ အသံလည်း မကြားရဘူး"
ဖန့်ကျစ်လည်း ထိတ်လန့် တုန်လှုပ်သွားကာ
"အခုနက အသံကြားလိုက်တာနဲ့ ရုတ်တရက် အာရုံတွေ ဝေဝါးသွားတာများလား"
"ဘာဖြစ်နေတာလဲ? ငါတို့မှာ အလောင်းကောင် အနံ့အသက်လည်း မရှိပါဘူး... ဘာတွေဖြစ်ဦးမှာလဲ မသိဘူး!"
ဦးလေးသုံးက စိတ်ဆိုးသွားပြီး
"ဖန့်ကျစ်... မင်း ဗီယက်နမ်မှာ တိုက်ခိုက်ခဲ့တုန်းက လူသေတွေကို စားခဲ့ဖူးလား?"
"မစပါနဲ့ သခင်သုံးရယ်... အဲဒီတုန်းက ဟင်းချက်သင်တန်းမှာ နေ့တိုင်း ပန်းကန် ဆေးနေရတာပါ!" ဖန့်ကျစ်က အားခွေကို ညွှန်ပြပြီး
"အားခွေ.... မင်းမိသားစုက လူ့အသားပေါင်မုန့်ရောင်းနေတာကြာပြီ မင်းငယ်ငယ် ကတည်းက အများကြီး စားဖူးတယ်မလား"
"ပေါက်ကရ!! ငါ အဲဒါကို သိမ်းကျုံးပြီး ဖုံးထားတာ.... နောက်ပြီး ဒီလူ့အသား ပေါင်မုန့်တွေကို တခြားသူတွေကိုပဲ ရောင်းမှာပေါ့ ဘာကိစ္စ ကိုယ်တိုင်စားနေရမှာလဲ?"
သို့နှင့် ဝူရှဲ့လည်း ကမန်းကတန်း ဝင်၍
"ခင်ဗျားတို့ သုံးယောက်ပေါင်းရင် အသက် ၁၅၀ ကျော်တော့မယ်... ရှက်စရာ မကောင်းဘူးလား"
စကားပြောပြီးတာနဲ့ လှေက ရုတ်တရက် တုန်ခါသွားလေ၏။ ဖန့်ကျစ်က မိုင်းတွင်းမီးအိမ်ကို အမြန်ကောက်ပြီး အလင်းရောင်ကို သုံး၍ ရေထဲကို ကြည့်လိုက်တဲ့အခါ အရိပ်ကြီးတစ်ခု ကူးခတ်နေတာကို တွေ့လိုက်ရသည်။
အားခွေလည်း အလွန် တုန်လှုပ်သွားပြီး မျက်နှာ ဖြူဖျော့သွားသည်။ သူက ရေကို ညွှန်ပြရင်း မေးရိုးက အကြာကြီး အဆက်မပြက် တုန်ရီနေသော်လည်း စကားတစ်ခွန်းမှ မထွက်လာခဲ့ချေ။ ဦးးလေးသုံးလည်း အားခွေ အကြောက်လွန်ပြီး ပြုတ်ကျသွားမှာကို ကြောက်တဲ့အတွက် ပြင်းပြင်းထန်ထန် ရိုက်ပစ်ပြီး ကျိန်ဆဲလိုက်တော့သည်။
"ငကြောက်နှစ်ယောက်!... သရဲတွေတဲ့အတိုင်း နှစ်ယောက်စလုံး စကားတစ်ခွန်းမှ မပြောတော့ဘူး.... မင်းတို့ ငါ့နောက်ကို လိုက်နေတာ နှစ်အတော်ကြာနေပြီ မဟုတ်ဘူးလား? မင်းတို့ အညစ်အကြေးတွေပဲ စားလာခဲ့တာလား?"
"အမေရေ....သခင်သုံး ဒီဟာက ကြီးလွန်းတယ်... ကျွန်တော်တို့ စားဖို့ အဆင်မပြေလောက်ဘူး"
အားခွေက ကြောက်လန့်တကြားနဲ့ ရေထဲကို ငုံ့ကြည့်ရင်း မူလက လှေနံဘေးမှာ ထိုင်နေရာမှ တဖြည်းဖြည်း တင်ပါးတွေ တရွေ့ရွေ့နဲ့ လှေအလယ်ကို ကြွလာခဲ့သည်။ တစ်စုံတစ်ခုက ရေထဲက ရုတ်တရက် ခုန်ထွက်လာပြီး သူ့ကို ဆွဲခေါ်သွားမှာ ကြောက်နေသလိုပဲ။
"ငလူး!"
တတိယဦးလေးက သူ့ကို စူးစူးရဲရဲစိုက်ကြည့်ရင်း
"ငါတို့ ဒီမှာ ယောက်ျားတွေချည်းပဲ.... ငါ ဝူမိသားစုရဲ့ တတိယသားက သဲတူးနေတာ ကြာပြီ.... ဘယ်လိုကောင်တွေက ငါ မတွေ့ဖူးတာ ရှိသေးလို့လဲ? ဘာမှလုပ်နိုင်ရင် ပါးစပ်တွေ ပိတ်ထားလိုက်တော့!"
ဖန့်ကျစ်လည်း ထိတ်လန့်သွားပေမယ့် သူ့အတွက်ကတော့ ကြောက်တာထက် ပိုတုန်လှုပ်နေမိသည်။ ဒီလိုကျဉ်းမြောင်းတဲ့ နေရာလေးမှာ ဒီလိုကြီးမားတဲ့ အရာကြီး ရေအောက်ထဲက ဖြတ်သန်းသွားတယ် ဆိုတော့ အားလုံးရဲ့ ဦးနှောက်တွေ ခဏတာ ကျဉ်းမြောင်းသွားခဲ့သည်။
ဖန့်ကျစ်က ပတ်ပတ်လည်ကို ကြည့်ရင်း
"သခင်သုံး... ဒီဂူက ထူးဆန်းပြီးရင် ထူးဆန်းနေတယ်... ကျွန်တော်တို့ ထွက်ပြီးမှ ဆက်ပြောကြရအောင်... ဘယ်လိုလဲ?"
အားခွေက ချက်ချင်း သဘောတူလိုက်သည်။ တကယ်တော့ ဝူရှဲ့လည်း အပြင်ထွက်ဖို့ စိတ်အားထက်သန်နေပေမယ့် နောက်ဆုံးတော့ သူဟာ ဦးလေးသုံးရဲ့ မိသားစုဝင်မို့ စကားမပြောခင် သူ့ဦးလေးရဲ့ သဘောထားကို ထုတ်ဖော်လာဖို့ပဲ စောင့်ခဲ့လေသည်။
ထိုအချိန်တွင် ဦးလေးသုံးသည် အအေးပုလင်းအား သူ့ထင်မြင်ချက်ကို တောင်းနေသကဲ့သို့ လှမ်းကြည့်လိုက်သည်။ ဦးလေးသုံးရဲ့ ပင်ကိုယ်စရိုက်အရ ကောင်းကင်ဘုရင်ကိုပင် မထီမဲ့မြင် ပြုထားသော်လည်း ယခုတော့ ထိုကောင်လေးက ချွင်းချက် ဖြစ်ပုံရသည်။
ဒီကောင်လေး အံ့သြမနေဘဲ ခေါင်းကို လှည့်ကြည့်လာ၏။ သူက သူတို့ပြောတာကို လုံးဝနားမထောင်သလို ကျောက်ဆစ်ရုပ်လို မွဲခြောက်နေတဲ့ သူ့အမူအရာသာ လုပ်ထားလျက် သူ့မျက်လုံးတွေက အာရုံစူးစိုက်မှု တစ်ခုခုကို ရှာနေသလိုမျိုး ရေထဲကို တည့်တည့်စိုက်ကြည့်နေ၏။
ဦးလေးသုံးအား ဒီလူက ဘယ်သူလဲလို့ မေးချင်ပေမယ့် အခုအချိန်က မသင့်တော်တော့တဲ့အတွက် ဖန့်ကျစ်ကိုပဲ တိတ်တိတ်လေး မေးလိုက်ရသည်။ ဖန့်ကျစ်ကလည်း ခေါင်းခါပြီး သူမသိဘူးဟု ပြောလိုက်လာသည်။
ဖန့်ကျစ်က ထိုကောင်လေးရဲ့ လက်ကို ညွှန်ပြရင်း။
"ဒီလိုလက်ချောင်း ရလာအောင် ဘယ်နှစ်နှစ်လောက် အချိန်ယူရမယ် ထင်လဲ?”
ဝူရှဲ့လည်း အရင်က အဲဒီလူရဲ့ လက်တွေကို တကယ် သတိမထားမိ ခဲ့ပေမယ့် သူကြည့်လိုက်တော့ တကယ်ကို ထူးထူးခြားခြား ဖြစ်နေတာကို တွေ့လိုက်ရသည်။
သူ့လက်ချောင်းထဲတွေထဲက လက်ခလယ်နှင့် လက်ညိုးတို့ဟာ သိသိသာသာကို ရှည်လျားလေသည်။ ရှေးခေတ်က ဖားချိုရှိ စစ်ဗိုလ်ချုပ်များအနက် လက်နှစ်ချောင်း ဂူရှာဖွေသူ၏ သိုင်းပညာ ကျွမ်းကျင်မှု အကြောင်းကို ဝူရှဲ့ ချက်ချင်း တွေးတောလိုက်မိသည်။
သူ့အဖိုး၏ မှတ်စုများတွင် ထိုအရာနဲ့ သက်ဆိုင်တဲ့ မှတ်တမ်းတွေကို တွေ့ဖူးခဲ့သည်။ ဤလက်ချောင်းများသည် တည်ငြိမ်ပြီး တိုင်တောင်ကဲ့သို့ အလွန် အစွမ်းထက်သည်။ ၎င်းတို့သည် သင်္ချိုင်းတွင်းရှိ ယန္တရားငယ်များကို အလွယ်တကူ ချိုးဖျက်နိုင်ကြသည်။
ထိုကဲ့သို့ ထူးခြားသော စွမ်းရည်ကို ကျွမ်းကျင်စေရန် ငယ်ရွယ်စဉ်ကတည်းက ၎င်းကို လေ့ကျင့်ထားရမည် ဖြစ်ပြီး လေ့ကျင့်မှုက ပင်ပန်းကြီး သနားစရာလည်း ကောင်းလှ၏။
သူ့လက်တွေက ဘာကို စွမ်းဆောင်နိုင်လဲ ဆိုတာကို တွေးနေတုန်း ညာလက်ကို မြှောက်ပြီး လျှပ်စီးလက်သလို ရေထဲ ထိုးချလိုက်တာကို တွေ့လိုက်ရ၏။ လှုပ်ရှားမှုက အရမ်းမြန်လွန်းကေသည်။
အဖြူရောင် အလင်းတချက် ခတ်သွားချိန် သူ့လက်တွေက ပြန်ရောက်လာပြီ။ ထူးထူးခြားခြား ရှည်လျားနေတဲ့ လက်နှစ်ချောင်းကြားမှာ အနက်ရောင် ပိုးကောင်တစ်ကောင် ရှိနေ၏။ သူက ထိုအင်းဆက်ကို ကုန်းပတ်ပေါ် ပစ်ချလိုက်ပြီး
“အဲဒါက အခုနက အကောင်”
ဝူရှဲ့ အောက်ကို ငုံ့ကြည့်လိုက်ပြီး သက်ပြင်းတစ်ချက် ချလိုက်သည်။
"ဒါက ကြွက်နဂါး အကောင်တွေ မဟုတ်လား? ဒါနဲ့ အရိပ်မည်းကြီးတွေက အခုနက ဒီအကောင်တွေ အများကြီး ကူးခတ်သွားတာပေါ့"
"အင်း"
ထိုလူက သူ့လက်တွေကို အဝတ်နဲ့ သုတ်လိုက်သည်။
သူတို့မှာ မယုံရဲသေးပေမယ့် စိတ်သက်သာရာ ရသွားခဲ့သည်။ အားခွေက ပိုးကောင်ကို သူ့ခြေထောက်နဲ့ အားရပါးရ တက်နင်းပစ်လိုက်ပြီး
"ငါ့မှာတော့ လန့်ပြီး သေတော့မလို့"
ဒါပေမဲ့ ဝူရှဲ့ကတော့ တစ်ချိန်တည်းမှာ နဂါးကြွက်တွေ အများကြီး ရွေ့လျားနေတာ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲလို့ စဉ်းစားနေမိလးသည်။ ပြီးတော့ အအေးပုလင်စကလည်း အလွန် စိတ်မသက်မသာ ဖြစ်နေသလိုနဲ့ ဒီကိစ္စကို တွေးနေပုံရသည်။
အားခွေသည် ပျော့စိစိ ဖြစ်နေပြီဖြစ်သော အင်းဆက်ကောင်၏ အလောင်းကို လှမ်းကြည့်နေဆဲ ဖြစ်သည်။ သူ့ရဲ့ယခင်က အရှက်ကွဲမှုကြောင့် သိက္ခာပြန်ဆည်လိုခြင်း ဖြစ်နိုင်သည်။ ဦးလေးသုံးက အင်းဆက်ကောင်ရဲ့ ခြေထောက်တစ်ဖက်ကို ယူကာ အနံ့ခံကြည့်ပြီးနောက် တုန်လှုပ်သွားလေ၏။
“ဒါက နဂါးကြွက် မဟုတ်ဘူး... အလောင်းစား ပိုးကောင်တွေပဲ”
အားလုံး အံ့ဩသွားပြီး တစ်ခုခုတော့ မကောင်းတော့ဘူးလို့ ခံစားလာရသည်။
"ဒီအကောင်တွေက အသေကောင်တွေကို စားတာ.... ကောင်းကောင်းစားနိုင်သမျှ ပိုကြီးလာလိမ့်မယ်... အလောင်းတွေ စုပုံနေတဲ့ နေရာက ဒီအထက်ပိုင်းတွေက တစ်နေရာရာမှာ ရှိရမယ်... အခုအကောင်က အရမ်း သေးနေသေးတယ်... "
ဦးလေးသုံးက အမှောင် အတွင်းသို့ လှမ်းကြည့်ရင်း ဆိုလိုက်သည်။
“ဒီကောင်က သက်ရှိကိုရော ကိုက်တာလား”
အားခွေက မဝံ့မရဲဖြင့် မေးလိုက်သည်။
"သာမန် အရွယ်အစားဆိုရင် မကိုက်တာ သေချာတယ်.... ဒါပေမဲ့ ဒီအရွယ်အစား ကြီးလာရင်တော့ ကိုက်မလား မသိဘူး"
ဦးလေးသုံးလည်း စိတ်ရှုပ်စွာ ကြည့်နေ၏။
"ဒီကောင်တွေက လူသေတွေ အများကြီးရှိတဲ့ နေရာတွေမှာ မကြာခဏ ရှိနေတတ်တာပါ... ဘာဖြစ်လို့ ဒီလောက် အစုအဝေးကြီး အလိုက် အတူတူ ပြောင်းရွှေ့လာရတာလဲ?"
ထိုအခိုက်တွင် အအေးပုလင်းက ရုတ်တရက် သူ့ခေါင်းကို လှိုဏ်ဂူရဲ့ နက်နဲရာဘက်ကို လှည့်လိုက်ပြီး
"အခုနက သူတို့အသက်ရှင်ဖို့ ပြေးနေကြတာ ထင်တယ်"
"ဘာ? ပြေးတယ်??" အားခွေက စိတ်လှုပ်ရှားသွားပြီး
"ဒါဆို ဒီဂူထဲမှာ..."
အအေးပုလင်းက ခေါင်းညိတ်လိုက်ကာ
"အထဲမှာရှိတဲ့ တစ်ခုခုက ငါတို့ ဝင်လာအောင် လုပ်နေသလို ခံစားရတယ်... ပြီးတော့ အဲဒါက တော်တော်ကြီးတယ်"