အခန်း ၁၇
မနက် ၆ နာရီခွဲတွင် ဟန်ရှုယောင်က ယဲ့မုန့်ယောင်၏ အခန်းတံခါးကို လာခေါက်ပြီး နိုးခဲ့သည်။ တံခါးခေါက်သံများကြောင့် ယဲ့မုန့်ယောင် နိုးလာခဲ့သည်။ သူမ အိပ်ရာမှ မထချင်ဘဲ ထလိုက်ပြီး ကျောဆန့်ကာ သမ်းဝေလိုက်ပြီး အိပ်ချင်မူးတူး မျက်လုံးများကို ပွတ်သပ်ပြီးနောက် နောက်ဆုံးတွင် ကောင်းစွာ နိုးလာခဲ့သည်။
ယဲ့မုန့်ယောင်သည် ခြေလှမ်းတုံ့နှေးစွာဖြင့် အိပ်ရာမှ ဆင်းလာကာ တံခါးကိုဖွင့်ပြီး မေးလိုက်သည်။
“အစ်ကို ဘာလို့ဒီလောက်အစောကြီး နိုးရတာလဲ”
မနေ့ကမှ သူမသည် ဝတ္ထုထဲသို့ ရောက်သွားကြောင်း သိခဲ့ရသည်။ မူရင်းဝတ္ထုတွင် မိမိတို့၏ မိသားစုနှစ်စု မရှိပေ။ သူမက ထိုအကြောင်း လျင်မြန်စွာပင် သဘောပေါက်သွားပြီး အိပ်စက်ခဲ့သော်လည်း တစ်ညလုံး ကောင်းကောင်း မအိပ်စက်နိုင်ခဲ့ပေ။ နောက်ဆုံး နံနက်လင်းခါနီးမှ အိပ်ပျော်သွားပြီး မကြာမီမှာပင် ဟန်ရှုယောင်က သူမကို နိုးခဲ့သည်။
"သိပ်စောတော့တာ မဟုတ်ဘူး
ထ မျက်နှာသစ်
မနက်စာစားပြီးရင် ၇ နာရီ တိတိမှာ
အလုပ်သွားရမှာနော်"
ဟန်ရှုယောင်က ပြောလိုက်သည်။
ဤစကားကို ကြားသောအခါ ယဲ့မုန့်ယောင်က လျင်မြန်စွာ ထကာ မျက်နှာသစ်ခဲ့သည်။ ကျန်းလင်းသည် မနက်စာကို အဆင်သင့်ပြင်ဆင်ပြီးဖြစ်သည်။
"ရှုယောင်ရေ
မနက်စာစားပြီးရင် ယောင်ယောင်ကို
ဂိုဒေါင်ကို ခေါ်သွားပြီး အလုပ်မသွားခင်
လယ်ယာသုံးပစ္စည်းတွေဝင် ယူခဲ့ဦး"
ဟန်ကျင့်ရန်က ပြောလိုက်သည်။
"အဖေ အစ်ကို့ကို ဒုက္ခပေးစရာ မလိုပါဘူး
ကျွန်မ ခေါင်းဆောင်အိမ်ကို
သူတို့နဲ့အတူ နောက်မှ သွားပါမယ်"
ယဲ့မုန့်ယောင်က ငြင်းလိုက်သည်။
"မင်း တစ်ယောက်တည်း လုပ်နိုင်ပါ့မလား"
ဟန်ရှုယောင်က မေးလိုက်သည်။
ယဲ့မုန့်ယောင် ခေါင်းငြိမ့်ပြပြီး
"လုပ်နိုင်ပါတယ်" ဟု ပြောလိုက်သည်။
ယဲ့မုန့်ယောင် ပြောသည်ကို ကြားပြီးနောက် ဟန်ကျင့်ရန်နှင့် ဇနီးဖြစ်သူတို့က ဘာမှ ထပ်မပြောတော့ပေ။
မနက်စာစားပြီးနောက် သူတို့ကကျောင်းသွားကြသည်။ မထွက်ခွာမီတွင် ယဲ့မုန့်ယောင်အား ရေနှင့် သရေစာများ ပါသော အဝတ်အိတ်ကို ယူသွားရန် မမေ့ဖို့ သတိပေးခဲ့သည်။
စက်ဘီးတွန်းလာသော ယဲ့မုန့်ယောင်နှင့် ဟန်ရှုယောင်တို့သည် လီမင်ဟွေ့၏ အိမ်သို့ သွားခဲ့ကြသည်။ ဟန်ရှုယောင်သည် လီမင်ဟွေ့နှင့်အတူ ကောင်တီ အသားထုတ်လုပ်ရေး စက်ရုံသို့ စက်ဘီးစီးပြီး အလုပ်သွားရန် ဖြစ်သည်။
သူတို့နှစ်ဦး ခေါင်းဆောင်အိမ်သို့ ရောက်သောအခါ လီလော့ယန်သည် ကျောင်းသို့ သွားနှင့်ပြီ ဖြစ်သည်။ လီရှောင်ရှင်းနှင့် သူ့ညီမလေးအတွက်မူ ချန်မေလန်၊ ယောက်က္ခမနှင့် ချွေးမတို့က အလုပ်သို့ ခေါ်သွားခဲ့ကြသည်။
ယဲ့မုန့်ယောင်နှင့် ကျန်ယင်းယင်းတို့သည် ကျန်ရွာသားများနှင့်အတူ ခေါင်းဆောင်၏ မိသားစုပိုင် ဂိုဒေါင်သို့ သွားခဲ့ကြသည်။ သူတို့ ဂိုဒေါင်သို့ ရောက်သောအခါ ရွာသားအများအပြားသည် သူ့အလိုလို တန်းစီနေကြပြီ ဖြစ်သည်။
သူတို့က ယဲ့မုန့်ယောင်ကို မြင်သောအခါ
ယဲ့မုန့်ယောင်သည် အလွန်လှပပြီး နူးညံ့သိမ်မွေ့ကြောင်း၊ လယ်ယာအလုပ်လုပ်နိုင်ခြင်း ရှိ၊ မရှိ မသိကြောင်း ပတ်ဝန်းကျင်ရှိ လူများနှင့်တီးတိုးပြောဆိုခဲ့ကြသည်။
နျိူချိူင်ဟွားသည် ဂိုဒေါင်တံခါးကို ဖွင့်ရန်နှင့် လယ်ယာသုံးပစ္စည်းများကို ဝေငှရန် သွားခဲ့သည်။ လူတိုင်း ကိရိယာများ ရရှိပြီးနောက် အဖွဲ့ခေါင်းဆောင်က တာဝန်များကို ခွဲဝေပေးခဲ့သည်။ ယဲ့မုန့်ယောင်နှင့် ကျန်ယင်းယင်းတို့ကို ဂျင်းစိုက်ပျိုးရေးအဖွဲ့တွင် တာဝန်ပေးအပ်ခဲ့သည်။
အဖွဲ့ခေါင်းဆောင်သည် နျိူချိူင်ဟွားနှင့် ချန်မေလန်တို့ကို ၎င်းတို့ကို လျင်မြန်စွာ သင်ကြားပေးရန်လည်း တောင်းဆိုခဲ့သည်။ ဂျင်းစိုက်ပျိုးရေးအဖွဲ့သည် လယ်ကွင်းသို့ လျင်မြန်စွာ ရောက်ရှိခဲ့သည်။ မြေဩဇာများကို လယ်ကွင်းပေါ်တွင် ဖြန့်ကြဲထားနှင့်ပြီး ဖြစ်သည်။ ဂျင်းစိုက်ပျိုးခြင်းသည် နှစ်ယောက်တွဲ၍ ပိုမိုမြန်ဆန်စွာ စိုက်ပျိုးရန် ပူးပေါင်းဆောင်ရွက်မှု လိုအပ်သည်။
လူနှစ်ဦးက ပေါက်ပြားဖြင့် မြေကြီးကို အလျားလိုက်တူးရန် တာဝန်ရှိသည်။ အပေါက်ကို နက်နက်တူးရန် မလိုအပ်ပါ။ လူများစွာရှိသောကြောင့် လူတစ်ဦးလျှင် အပိုင်းတစ်ခုသာ တူးရန် လိုအပ်သည်။
နောက်တစ်ဦးကတော့ မြေဩဇာအိတ်ဖြင့်
လုပ်ထားသည့် လွယ်အိတ်ကို လွယ်ထားပြီး အထဲတွင် ဂျင်းစေ့ အပြည့်ထည့်ထားသည်။ မြေတူးသမားတွေက အပေါက်တူးပြီးရင် ဂျင်းစေ့ကို အပေါက်ထဲ ပစ်ထည့်ရသည်။
နောက်တစ်ယောက်က တူးရမည့်နေရာသို့ ရောက်လျှင် နောက်ဆုံးအပေါက်၏ ရှေ့နားလေးကနေ ပြန်တူးကြသည်။ မြေတွင်းကို ပြန်တူးရင်း ဂျင်းစေ့ထည့်ထားသည့် အပေါက်ကိုတော့ ထပ်တူးထားသည့် မြေကြီးဖြင့်ပြန်ဖုံးရသည်။
ယဲ့မုန့်ယောင်က ပထမဆုံး အပေါက်တူးရသူဖြစ်သည်။ အစပိုင်းမှာတော့ ပေါက်ပြားကို ဘယ်လိုသုံးရမှန်း မသိခဲ့ချေ။ ထို့ကြောင့် ချန်မေလန်က သူမကို သင်ပေးခဲ့သည်။ မြေကြီးက တစ်ခါ ထွန်ထားပြီးသား ဖြစ်သော်လည်း လယ်ယာအလုပ် မလုပ်ဖူးသည့် ယဲ့မုန့်ယောင်အတွက်တော့ တူးရသည်မှာ အလွန်ပင်ပန်းသည်။ မကြာမီ သူမ၏လက်နှစ်ဖက်စလုံး ပေါက်ပြားဖြင့် ပွတ်မိပြီး နီရဲလာသည်။
သူတို့နှစ်ယောက်ကို တခြားရွာသားတွေက နောက်ချန်ခဲ့ပါတော့သည်။ တစ်ခဏမျှကြာပြီးနောက် ကျန်ယင်းယင်းက သူမနှင့် နေရာလဲလိုက်သည်။ ထိုအချိန်တွင် ယဲ့မုန့်ယောင် သူမ၏ခါးက ကျိုးတော့မလို ခံစားနေရသည်။ ပင်ပန်းသော်ငြား လုပ်ကိုင်နေရင်း ပိုလွယ်ကူလာတာကြောင့် သူတို့နှစ်ယောက်ကအလှည့်ကျ လုပ်နေခဲ့ကြသည်။
ထိုနည်းတူစွာ သူတို့ဘေးနားရှိ နျိူချိူင်ဟွားတို့ ယောက်က္ခမနှင့် ချွေးမတို့လည်း အလားတူ လုပ်ခဲ့ကြသည်။ မကြာမီ နေထွက်လာပြီး လယ်ကွင်းထဲရှိ လူတိုင်း ချွေးများ တရွှဲရွှဲ ကျလာတော့သည်။
"ယင်းယင်း၊ မုန့်ယောင်
ခဏနားပြီး ရေသောက်ကြရအောင်"
ချန်မေလန်က နဖူးမှ ချွေးများကို သုတ်ရင်း ပြောလိုက်သည်။
"မမမေ့လန် ကျွန်မတို့ ဒီလို နားနေရင်
အမှတ်ပေးသူက မြင်ပြီး ကျွန်မတို့ အလုပ်အမှတ်တွေ ဖြတ်ခံရမလား"
ကျန်ယင်းယင်းက မေးလိုက်သည်။
သူမသည် အလုပ်အမှတ်များအတွက် စိုးရိမ်နေဆဲဖြစ်သည်။ သူမ မိသားစုက ငွေအနည်းငယ် ပို့ပေးခဲ့သော်လည်း သူမ မိသားစုတွင် လူများစွာရှိပြီး၊ ကျောင်းတက်နေသော တူနှစ်ယောက်နှင့် တူမတစ်ယောက်ရှိသည်။ သူမ၏ ဒုတိယအစ်ကိုလည်း မကြာသေးမီကမှ လက်ထပ်ခဲ့ပြီး မိသားစုတွင် ငွေစုဆောင်းမှုက အများကြီး မရှိတော့ပေ။
"ရပါတယ်
အခုက အလုပ်များတဲ့ စိုက်ပျိုးရာသီ မဟုတ်သေးဘူးလေ ကျွန်မတို့ တာဝန်ယူထားတဲ့ အလုပ်ကို ပြီးအောင် လုပ်ဖို့ပဲ လိုတယ်"
ချန်မေလန်က ပြန်ဖြေသည်။
လူအချို့က ပေါက်ပြားများနှင့် မြေဩဇာအိတ်များကို ချထားပြီး အနီးနားရှိ သစ်ပင်ကြီးအောက်တွင် အေးမြသော လေကို ခံစားရန် သွားရောက် အနားယူကြသည်။ ထိုအချိန်တွင် အခြားလူများစွာကလည်း အနားယူရန် အေးမြသောနေရာကို ရှာဖွေရန် တစ်ယောက်ပြီးတစ်ယောက် ရောက်လာကြသည်။
ရေသောက်ပြီးနောက် ယဲ့မုန့်ယောင်သည် ယုန်ဖြူ နို့သကြားလုံးတစ်ထုပ်နှင့် လေးထောင့်သံဘူး ဘီစကစ်တစ်ဘူးကို သူမအိတ်ထဲမှ ထုတ်ယူခဲ့သည်။ ယဲ့မုန့်ယောင်သည် လေးဘက်စလုံးတွင် မတူညီသော ပုံစံများ ရိုက်နှိပ်ထားသည့် ဤလှပသောဘူးလေးကို အထူးနှစ်သက်သည်။
သူမသည် ထိုပစ္စည်းများကို ကျန်ယင်းယင်းနှင့် အခြားနှစ်ဦးတို့နှင့်လည်း မျှဝေခဲ့သည်။ နျိူချိူင်ဟွားတို့ ယောက်က္ခမနှင့် ချွေးမတို့ကမူ လက်မခံခဲ့ကြပေ။ သူတို့၏ အမြင်တွင် သုံးယွမ်တန် ယုန်ဖြူ နို့သကြားလုံးအိတ်နှင့် သူတို့ တစ်ခါမျှ မမြင်ဖူးသေးသော အမြဲစိမ် ဘီစကစ်များသည် အလွန်စျေးကြီးသည်။ သူတို့က အခွင့်အရေးယူလိုခြင်း မရှိကြပေ။
ယဲ့မုန့်ယောင်သည် သကြားလုံးများနှင့် ဘီစကစ်များကို လီရှောင်ယွီဆီသို့ တိုက်ရိုက်ထိုးထည့်ပေးလိုက်သည်။ လီရှောင်ယွီကို ချန်မေလန်က သူမ ရောက်လာသောအခါ ကလေးအား အေးမြသောလေအေးရရန် သစ်ပင်ကြီးအောက်တွင် ထားခဲ့ခြင်းဖြစ်သည်။ လီရှောင်ယွီကလည်း ကလေးသံဖြင့် "ကျေးဇူးတင်ပါတယ်" ဟု ပြန်ပြောခဲ့သည်။
"မုန့်ယောင် သူတို့ကို ထပ်မပေးတော့နဲ့
နင် ဒီကို ရောက်တုန်းက ပေးခဲ့တဲ့ သကြားလုံးတွေတောင် မကုန်သေးဘူး"
ချန်မေလန်က တားဆီးလိုက်သောအခါ
ယဲ့မုန့်ယောင်သည် လီရှောင်ရှင်းကို ထပ်ပေးရန် ပြင်ဆင်နေခြင်း ဖြစ်သည်။
မိခင်ဖြစ်သူ၏ စကားကို ကြားသောအခါ လီရှောင်ရှင်းလည်း လက်ကို ပြန်ရုပ်ပြီး လိမ္မာပါးနပ်စွာ ပြောလိုက်သည်။
“မမယောင်ယောင်
ကျွန်တော့်အိတ်ထဲမှာ နည်းနည်းကျန်သေးတယ် ခုနတုန်းက စားလို့မကုန်လို့ သိမ်းထားခဲ့တာ”
သူကပြောရင်း အိတ်ထဲမှ မကုန်သေးသော အသီးသကြားလုံးအချို့ကို ထုတ်ပြလိုက်သည်။
“ဒါက အခုနက အသီးသကြားလုံးနဲ့ မတူဘူး
ဒါက ယုန်ဖြူနို့သကြားလုံးနဲ့ ဘီစကစ်တွေ”
ယဲ့မုန့်ယောင်က နို့သကြားလုံး နှစ်ဆုပ်နှင့် ဘီစကစ်လေးခုကို ဆွဲယူပြီး ကောင်လေး၏အိတ်ကပ်ထဲသို့ထည့်ပေးရင်း ပြောလိုက်သည်။
သူ့ဘေးတွင် ရပ်နေသော နျိူချိူင်ဟွားက မြင်ပြီး ပြောလိုက်သည်။
“မုန့်ယောင်ရယ်
ဒီလောက် အများကြီး ပေးစရာမလိုပါဘူး”
“ရပါတယ် အန်တီရယ်
ဒါက ရှောင်ရှင်း
သူ့ညီမလေးကို ဂရုစိုက်လို့ ဆုချတာပါ”
ယဲ့မုန့်ယောင်က လီရှောင်ရှင်း၏ခေါင်းကို
ပွတ်သပ်ရင်း ပြောလိုက်သည်။
လီရှောင်ရှင်းက ရှက်ရွံ့စွာဖြင့် ကျေးဇူးတင်ကြောင်း ပြောပြီး ကျိုးဇီနှင့်သူ၏သူငယ်ချင်းများ ဘေးသို့ ပြေးကာ ဆော့လေသည်။ သူသည် ကျိုးဇီနှင့် သူ၏သူငယ်ချင်းများကို မုန့်အချို့ပေးချင်သော်လည်း ယဲ့မုန့်ယောင်က ကျိုးဇီနှင့်သူငယ်ချင်းများထံ လျှောက်သွားပြီး တစ်ဦးစီကို သကြားလုံးတစ်ဆုပ်နှင့် ဘီစကစ်နှစ်ခု ပေးလိုက်သည်။
လက်တစ်ဆုပ်စာ သကြားလုံး အနည်းငယ်သာ ရှိတော့သည်။ အမှန်က မနေ့က ဖြစ်ပျက်ခဲ့သည့်ကိစ္စအတွက် သူမဘက်က သက်သေခံပေးခဲ့သည့်ကလေးများကို ကျေးဇူးတင်နေဆဲဖြစ်သည်။