အခန်း ၁၆
ခေါင်းဆောင်က ကျိုးဇီနှင့် တခြားကလေးများကို
ဘေးသို့ခေါ်ပြီး မေးလိုက်သည်။ ကျိုးဇီကလည်း
ပြန်ဖြေပေးသည်။
“ခေါင်းဆောင် အစ်မယောင်ပြောတာ မှန်တယ်
ထျဲတန်နဲ့ ကျွန်တော်တို့ တွေ့ခဲ့တာပါ
လျိုရှန်းရှန်းက အစ်မမုန့်ယောင်ကို တွန်းချချင်တာ
အစ်မမုန့်ယောင်က ရှောင်လိုက်တော့ သူ့ဘာသာလဲကျသွားတာပါ”
ထျဲတန်နှင့် တခြားကလေးများက ဘေးနားကနေ ခေါင်းညိတ်ထောက်ခံကြသည်။ သူတို့က
ရေမြောင်းထဲမှ ငါးရှဉ့်တွေကို ဖမ်းနေကြစဉ်
လျိုရှန်းရှန်းတို့က ယဲ့မုန့်ယောင်ကို ဒုက္ခပေးရန် ရောက်လာတာကို တွေ့လိုက်ရသည်။
လျိုရှန်းရှန်း ပြောသည့်စကားများကို သူတို့မကြားနိုင်သော်ငြား လှုပ်ရှားမှုများကိုတော့ ရှင်းရှင်းလင်းလင်း မြင်တွေ့ခဲ့ကြသည်။
ယဲ့မုန့်ယောင်နှင့်သူမသူငယ်ချင်းများက
အပြန်လမ်းတွင် လယ်ကန်သင်းဘေးနားမှ
ဖြတ်သွားစဥ် သူတို့နှင့် ဆုံခဲ့ကြသည်။
ယဲ့မုန့်ယောင်က ကလေးများကို ချစ်စရာကောင်းတယ်ဟုတွေးပြီး အိတ်ကပ်ထဲမှ သစ်သီးသကြားလုံးများ ထုတ်ပေးခဲ့သည်။ လျိုရှန်းရှန်းနှင့်
သူမသူငယ်ချင်းများက တခြားလမ်းမှ
ပြန်သွားကြတာကြောင့် သူတို့နှင့်မတွေ့ခဲ့ကြပေ။
ကျိုးဇီနှင့်တခြားကလေးများက သက်သေထွက်ဆိုတာကို တွေ့ရသည့်အခါ လျိုရှန်းရှန်းတို့က
ဝန်မခံချင်သော်လည်း အဖွဲ့ခေါင်းဆောင်ထံမှ ပြင်းပြင်းထန်ထန် ဆူပူကြိမ်းမောင်းခံခဲ့သည်။
သူက အလွန် ဒေါသထွက်နေခဲ့သည်။ အဖွဲ့၏အခြေအနေက အမြဲကောင်းမွန်သော်လည်း
မကောင်းသည့်လူ အနည်းငယ်တော့ ရှိတတ်သည်။
အဖွဲ့ခေါင်းဆောင်က ဒေါသတကြီး
ဆူပူကြိမ်းမောင်းလိုက်သည်။
“မင်းတို့ယဲ့မုန့်ယောင်ကို တောင်းပန်ရမယ်
မင်း မတောင်းပန်ဘူးဆိုရင် လျိုဖူကွမ်က စာရင်းကိုင် မဟုတ်တော့ဘူး
မင်းမိသားစုကိုတောင်မစီမံနိုင်ရင်
အဖွဲ့ရဲ့ကိစ္စတွေကို ဘယ်လိုစီမံမှာလဲ”
အဖွဲ့ခေါင်းဆောင်၏ ဆူပူကြိမ်းမောင်းသံအား
ကြားသောအခါ ဘေးတွင် ပုန်းကွယ်ကြည့်နေခဲ့သည့်စာရင်းကိုင်လျိုက ယခုမှရောက်လာသလို ဟန်ဆောင်ပြီး ပြေးလာခဲ့သည်။
သူက ပထမဆုံး ယဲ့မုန့်ယောင်ကို တောင်းပန်ပြီးနောက် သူ့ဇနီးနဲ့ သမီးကို ဒေါသတကြီး
ဆူပူကြိမ်းမောင်းပြီး တောင်းပန်ခိုင်းခဲ့သည်။
စာရင်းကိုင်လျိုက သူ၏စာရင်းကိုင်ရာထူးကို မဆုံးရှုံးချင်ပေ။ ရာထူးအတွက် လျှောက်ထားစဉ်က ရွာသားအချို့ကို လက်ဆောင်များစွာ ပေးပြီး လာဘ်ထိုးခဲ့ရသည်။ အဘယ်ကြောင့်ဆိုသော်
အဖွဲ့ခေါင်းဆောင်က သူ့ကို သဘောမကျဘဲ အစားထိုးဖို့ရန် တစ်စုံတစ်ယောက်ကို ရှာချင်နေခဲ့သည်။
လျိုရှန်းရှန်း၊ လျှိုအမေနှင့်သူမကလေးနှစ်ယောက်က မကျေမနပ်နှင့် တောင်းပန်ပြီး အရှက်ရစွာ ထွက်ခွာခဲ့ကြသည်။ လျိုချန်းချန်းက မထွက်ခွာမှီ
ယဲ့မုန့်ယောင်နှင့် လီလော့ယန်တို့ကို မဲမှောင်သော
အကြည့်ဖြင့် စိုက်ကြည့်ခဲ့ပြီး လျိုရှန်းရှန်းကလည်း သူတို့ကို ပြင်းပြင်းထန်ထန် စိုက်ကြည့်ခဲ့သည်။
သူတို့ထွက်သွားပြီးနောက် စိတ်လှုပ်ရှားစရာ
ဘာမှမရှိတော့သောအခါ ရွာသားအားလုံး
ပြန်သွားခဲ့ကြသည်။
ပြသာနာ ဖြေရှင်းပြီးသွားပြီးနောက် ရှန်ရိယင်းက ပြန်ရတော့မည်။ ယဲ့မုန့်ယောင်က ရှုယောင်နှင့်တခြားသူများကို ငါးရှဉ့်များ ခွဲပေးတော့မည်ဆိုတာ သိလိုက်ပြီး သူမကလည်း ခရုများပေးခဲ့သည်။ ရှန်ရိယင်းက ပညာတတ်လူငယ်အဖွဲ့ချုပ်တွင်နေထိုင်သည်။ ခေါင်းဆောင်မိသားစုနှင့်
ဟန်ရှုယောင်၏မိသားစုမှလွဲလျှင် တခြားသူများက အလုပ်သမားစခန်းမ ရှန်ယဲ့နှင့်သူတို့၏ဆက်ဆံရေးကို မသိကြပေ။
ယဲ့မုန့်ယောင်က ဟန်မိသားစု အိမ်ပြန်ရောက်သည်
နှင့် ရေချိုးရန်အတွက် ရေချိုးခန်းထဲကို သွားခဲ့သည်။ ကျန်းလင်းတို့က ရေနွေးကို ဆူပွက်အောင်တည်ထားပြီး ဖြစ်သောကြောင့် သူတို့ပြန်ရောက်သည်နှင့် နှစ်ယောက်စလုံး ရေချိုးရန် အခန်းသို့ပြန်သွားခဲ့ကြသည်။
ရေချိုးပြီးနောက် အိပ်ရာထဲတွင် အိပ်ပျော်လုနီးပါးဖြစ်နေသည့် ယဲ့မုန့်ယောင်က ရုတ်တရက်
လျိုချန်းချန်း၏အတင်းအဓမ္မ လက်ထပ်ပွဲမြင်ကွင်းအား ရင်းနှီးနေသည်ဟု ခံစားရသည်။ သူမက အိပ်ရာကနေ ထထိုင်ပြီး သူမယခင်ဘဝက မြင်တွေ့ခဲ့ဖူးသည့်နေရာတစ်ခုနှင့် အချိန်ကာလတစ်ခုတည်းတွင် ပြန်လည်မွေးဖွားလာခြင်းမျိုးဖြစ်နိုင်သည်ဟု ခံစားလိုက်ရသည်။
ဇာတ်လိုက်မက လီလော့ယန်ဖြစ်ပြီး ဇာတ်လိုက်မှာ
ပညာတတ်လူငယ်တစ်ယောက်အဖြစ် ရွာလေးသို့ရောက်ရှိလာသော ရှန်ရိယင်း ဖြစ်သည်။ သူတို့နှစ်ယောက်စလုံးက ရွာ၏မူလတန်းကျောင်းမှဆရာများဖြစ်သည်။
ဇာတ်ပို့မင်းသမီးက လျိုချန်းချန်းဖြစ်ပြီး ပြန်လည်မွေးဖွားလာသူဖြစ်သည်။ သူမ၏ ယခင်ဘဝတွင် သူမ၏မိဘများက အတင်းအဓမ္မလက်ထပ်ခိုင်းခဲ့သည်။ သူမက လက်ထပ်ပြီးနောက် ယောက်ျားထံမှ မကြာခဏ နှိပ်စက်ခံရပြီး ယောက္ခမများကလည်း သားတစ်ယောက်မွေးမပေးနိုင်သည့်အတွက် နှိပ်စက်ခဲ့ကြသည်။ သူမက အိမ်တွင်းအကြမ်းဖက်မှုကြောင့်
ရိုက်နှက်ခံရပြီး သေဆုံးခဲ့ရသည်။
လျိုချန်းချန်းက ယောက်ျားမယူမှီ ပြန်လည်မွေးဖွားလာခဲ့သည်။ သူမသည် ရှန်ရိယင်းက အနာဂတ်တွင်
အလွန် ချမ်းသာလာမည်ကို သိသည့်အတွက်
လီလော့ယန်နှင့် ယှဉ်ပြိုင်ပြီး ဇာတ်လိုက်အား
လုယူလိုခဲ့သည်။ မမျှော်လင့်ဘဲ ဇာတ်လိုက်နှင့်
ဇာတ်လိုက်မ၏ ဆက်ဆံရေးက အလွန် နက်ရှိုင်းပြီး သူမက ထိုဆက်ဆံရေးကို ရိုးရှင်းစွာ ဖျက်ဆီးနိုင်မည် မဟုတ်ချေ။
ယဲ့မုန့်ယောင်က ထိုမျှခန့်သာ တွေး၍ရသည်။ အချိန်မှာ အလွန်ကြာညောင်းနေသဖြင့် ဇာတ်လမ်းအများအပြားကို သူမ မှတ်မိတော့ပေ။ သို့သော် သူမမိသားစုသုံးဦးနှင့် ဟန်ရှုယောင်တို့မိသားစုက စာအုပ်ထဲတွင် မပါသည်မှာ သေချာသည်။ သူမက ဝတ္ထုထဲသို့ ဝင်ရောက်လာပြီးနောက် ဇာတ်လမ်းက ရှုပ်ထွေးသွားခြင်းလည်း ဖြစ်နိုင်ပေသည်။ ကျန်ယင်းယင်းက လီလော့ယန်နှင့်သူငယ်ချင်းကောင်းများ ဖြစ်လာကြသည်မှာ ဝတ္ထုထဲတွင် ရေးထားတဲ့အတိုင်းပင်ဖြစ်၏။
ယဲ့မုန့်ယောင်က ဤဝတ္ထု ဖတ်ရှုထားသည့် မှတ်တမ်းကို သူမ၏မိုဘိုင်းလ်ဖုန်းတွင် ရှိရမည်ဟု တွေးမိပြီး ဖုန်းရှာရန်အတွက် နေရာလွတ်ထဲသို့ အလျင်အမြန် သွားခဲ့သည်။ သူမက ဖုန်းဖွင့်လိုက်သည့်အခါ ဖုန်းကအားမရှိဘဲနေလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
သူမ၏ နေရာလွတ်ထဲတွင် အားသွင်း၍မရချေ။ အကယ်၍ဖုန်းတွင် အားရှိနေသေးရင်တောင်
ရှာလို့မရနိုင်ဘူးဆိုတာကို သူမ သဘောပေါက်သွားရသည်။
ယဲ့မုန့်ယောင်က စာရေးစားပွဲသို့ လျှောက်သွားပြီး သူမမှတ်မိသမျှ ဝတ္ထုအကြောင်းအရာများကို ရေးချင်ခဲ့သည်။ သို့သော် မကြာမီတွင် သူမ ဘာကိုမှမှတ်မိနိုင်တော့ကြောင်း သိလိုက်ရသည့်အခါ လက်လျှော့လိုက်ရသည်။
မည်သို့ပင်ဆိုစေကာမူ သူမ၊ အမျိုးသားဇာတ်လိုက်
နှင့် အမျိုးသမီးဇာတ်လိုက်တို့က သူငယ်ချင်းကောင်းများဖြစ်လာခဲ့ကြသည်။ ထိုအကြောင်း ယဲ့မုန့်ယောင် သတိရသွားသောအခါ စိတ်လျှော့၍ အိပ်ယာသာ ဝင်လိုက်တော့သည်။