⛰️Chapter - 23
အရာအားလုံးက ယနေ့တွင် စတင်ခဲ့လေသည်…
လူဆယ်ယောက်က အချင်းချင်း လက်ကောက်ဝတ်များကို ကိုင်ထားကာ စက်ဝိုင်းပုံစံရပ်နေကြလေသည်။ အလွန်စူးရှသော အလင်းရောင်က အားလုံး၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်လာသဖြင့် ဝမ်ကျင်းက မျက်လုံးမှိတ်ထားလိုက်၏။
ရုတ်တရက် သူ၏ အာရုံငါးပါးက ပျောက်ကွယ်သွားကာ ဗိုက်ထဲတွင် မအီမသာဖြစ်နေလေသည်။ သူ၏ စိတ်ဝိညာဉ်ပင်လယ်ထဲမှ လေတိုက်ခတ်သံကို ကြားနေရပြီး တုန်ယင်နေသည်ကို ခံစားရလေသည်။ တစ်ခဏကြာပြီးနောက် သူ၏ အထိအတွေ့အာရုံက ပြန်လည်ရရှိလာပြီး တိုက်ခိုက်နေသံနှင့် လူများ၏အော်သံကို မရှင်းမလင်း ကြားလိုက်ရလေသည်။ သူတို့က မြူထဲတွင် အုပ်ခံထားရသကဲ့သို့ အသံက တိုးတိုးသာ ကြားနေရ၏။
မမျှော်လင့်ထားစွာဖြင့် သူ၏ခန္ဓာကိုယ်က လဲကျသွားလေသည်။ သူ့ဘေးရှိ လူများက ဦးတည်ချက်အမျိုးမျိုးသို့ သွားနေသဖြင့် သူ့အား ဆုတ်ဖြဲလုနီးပါး ဖြစ်နေလေသည်။ ဝမ်ကျင်းက ချက်ချင်း ဆုံးဖြတ်ချက်ချလိုက်ပြီးနောက် ဘယ်ဘက်ကို လွှတ်ကာ ညာဘက်ရှိလူကို ဖမ်းဆုပ်ထားလိုက်လေသည်။
ရုတ်တရက် ပတ်ဝန်းကျင်ရှိ အော်သံများက ပိုပြီးရှင်းလင်းလာကာ ဝမ်ကျင်းက မြေကြီးပေါ်သို့ လဲကျသွားလေသည်။ သူ၏ခေါင်းက ကျောက်တုံးနှင့် ရိုက်မိသွားသဖြင့် စူးရှသော နာကျင်မှုကို ခံစားလိုက်ရလေသည်။ ထို့နောက် လေးလံသော ခန္ဓာကိုယ်တစ်ခုက သူ့ပေါ်သို့ အညှာအတာမရှိ လဲကျလာလေ၏။
ဝမ်ကျင်းက အဖိခံလိုက်ရသဖြင့် ဗိုက်မှ အလွန်နာကျင်လေသည်။
ဟယ့်လင်၏ အေးစက်သောအသံက အပေါ်မှ ထွက်လာလေ၏။
“ဘာလို့ ငါ့ကိုလာဆွဲတာလဲ...”
ဝမ်ကျင်းက စိတ်ရှုပ်ထွေးနေပြီး သူ့လက်ကို လွှတ်ပေးလိုက်သည်။
“တောင်းပန်ပါတယ်... ရှစ်ရှုန်း... ကျွန်တော် အရမ်း ကြောက်နေလို့ပါ...”
ဟယ့်လင်၏ တိုက်ခိုက်နိုင်စွမ်းက အလွန်မြင့်လေသည်။ သူနှင့်အတူ ရှိနေသည်က အသက်ရှင်နိုင်ရန် အလွယ်ဆုံး ဖြစ်လိမ့်မည်။ ဝိညာဉ်စွမ်းအားအပြည့်ဖြင့် ဓားပေါင်းများစွာက သူတို့ထံသို့ ပျံသန်းလာသော်လည်း ဟယ့်လင်က အလွယ်တကူ ဖယ်ရှားလိုက်သည်။
“သွားတော့...”
ဟယ့်လင်က အေးစက်စက် ပြောလိုက်ပြီး အရှုပ်အထွေးများထဲသို့ ချက်ချင်း ပြေးသွားလိုက်လေသည်။
“ဟုတ်ကဲ့...”
ဝမ်ကျင်းက အားတင်းကာ ထရပ်လိုက်သည်။
ဟယ့်လင်က တုံးတိပြောလိုက်သော်လည်း သူပြောချင်သည့် အဓိပ္ပာယ်မှာ_ ‘သွားတော့... လုံခြုံတဲ့နေရာကို ရှာပြီး ပုန်းနေ... ဒီမှာနေပြီး ပြဿနာမရှာနဲ့...’ ဟူ၍ ဖြစ်သည်။
ဘေးပတ်ပတ်လည်ရှိ အရှုပ်အထွေးများထဲတွင် ဒါဇင်ကျော်ခန့်ရှိသော လူများက မျက်လုံးများနီရဲနေကာ ရူးသွပ်နေကြပြီး တစ်စုံတစ်ခု၏ ထိန်းချုပ်မှုအောက်တွင် ရုန်းကန်နေကြရလေသည်။ ဝိညာဉ်စွမ်းအားများနှင့် မှော်သိုင်းပညာများက ဟိုဟိုသည်သည်တွင် ဝဲပျံနေကြလေ၏။ မည်သူကမှ သတိရှိမနေဘဲ ဒဏ်ရာရရန် လွယ်ကူလေသည်။
သူ၏ ချီသန့်စင်ခြင်းက အဆင့်(၇)သာရှိသဖြင့် မရဲတင်းရဲဘဲ ပုန်းခိုရန်သာ ဦးစားပေးလိုက်သည်။
သူလွတ်မြောက်ခါနီးတွင် လေပြင်းတစ်ခုက သူ့နောက်မှ ရုတ်တရက်ရောက်လာပြီး နွေးထွေးသော လက်များက သူ့အား ပွေ့ဖက်ကာ ရင်ခွင်ထဲသို့ ထည့်လိုက်လေသည်။ သူက တင်းတင်းကျပ်ကျပ် အပွေ့ခံထားရပြီး အရှုပ်အထွေးများကြားထဲမှ ခေါ်ထုတ်ခံလာရလေ၏။
ဝမ်ကျင်းက သူ့အား ထိတ်လန့်စွာဖြင့် ကြည့်လိုက်သည်။
“ရှစ်ရှုန်း… ကျွင်းရှစ်ရှုန်း… ကျွန်တော်… ရှစ်ရှုန်း…”
အမျိုးသမီးဇာတ်လိုက်က ဘယ်ရောက်သွားတာလဲ…
မျက်စိတစ်မှိတ်အတွင်းတွင် သူတို့က တိုက်ပွဲဖြစ်နေသည့်နေရာနှင့် မီတာ ၇၀ခန့် အဝေးသို့ ရောက်ရှိနေပြီဖြစ်သည်။ ကျွင်းယန်ကျစ်က သူ့ကိုအောက်ချပေးပြီးနောက် ဝမ်ကျင်း၏နှဖူးကို ငုံ့ကြည့်နေကာ နှုတ်ခမ်းကို တင်းတင်းစေ့ထားလေသည်။
ဝမ်ကျင်းက နားမလည်နိုင် ဖြစ်နေလေ၏။
သူက သေသေချာချာ တွက်ချက်ပြီး ဟယ့်လင်အား သူ၏ အသက်ကယ်အဆောင်အဖြစ် တမင်ရည်ရွယ်ကာ ဆွဲလိုက်ခြင်းဖြစ်သည်။ သူက ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်နိုင်ပြီး အခြားလူ၏အကူအညီကို လိုမနေသည်မှာ သိသာလေသည်။
ငါ ဘာမှားသွားပြန်တာလဲ…
ဝမ်ကျင်းက တိုက်ခိုက်နေသော လူများကို ကြည့်လိုက်သည်။ သို့ရာတွင် အလွန် ရုတ်ရုတ်သဲသဲဖြစ်နေပြီး မည်သူ့ကိုမှ သေချာမမြင်ရပေ။
အမျိုးသမီးဇာတ်လိုက်ရော… အမျိုးသမီးဇာတ်လိုက်ရော… သေလို့မရဘူးနော်…
ဝမ်ကျင်း၏ အတွေးများက ရှုပ်ထွေးနေပြီး တိုက်ပွဲနေရာဆီ ပြန်ပြေးရန် လှုပ်ရှားလိုက်၏။
ကျွင်းယန်ကျစ်က သူ့အား ပြန်ဆွဲလေသည်။
“ဒီမှာပဲနေ… မလှုပ်နဲ့… ကိုယ် တခြားလူတွေကို သွားကယ်လိုက်ဦးမယ်…”
ထိုသို့ပြောပြီးနောက် ကျွင်းယန်ကျစ်က ချက်ချင်း ထွက်သွားလေသည်။
******
[ရေလနန်းတော်၏ ရှစ်ယောက်မြောက်နန်းတော်သခင် ချန်ရွှယ်ယင်းက တပည့်ဒါဇင်ကျော်ခန့်ကို စမ်းသပ်စစ်ဆေးရန် ခေါ်လာခဲ့သော်လည်း အမည်မသိ အကြောင်းပြချက်အချို့ကြောင့် သူတို့က အချင်းချင်း စတင် တိုက်ခိုက်ကြလေတော့သည်။ ဆယ်ယောက်ကျော်ခန့်က ဒဏ်ရာရကာ ထွက်ပြေးသွားကြပြီး ရှေးဟောင်းအစီအရင်နေရာရှေ့တွင် သူတို့က ရူးသွပ်သွားကြကာ မျက်လုံးများနီရဲလာပြီး တိုက်ခိုက်နေကြလေသည်။ ဝမ်ယွဲ့တောင်ထိပ်က ပထမဆုံးဝင်ခဲ့သဖြင့် သူတို့က ထိခိုက်မှုအများဆုံးဖြစ်သည်။]
‘သက်ရှိတိုင်းအတွက် ကပ်ဘေးတစ်ခု’ အပိုင်း(၄၂)မှ ကောက်နုတ်ချက်ဖြစ်သည်။
တစ်ခဏကြာပြီးနောက် ဟွေ့ရှစ်တောင်ထိပ်မှ တပည့်များက တစ်ယောက်ပြီးတစ်ယောက် လွတ်မြောက်လာခဲ့ကြ၏။ အများစုက ဒဏ်ရာရနေကြသော်လည်း သေဆုံးသူမရှိချေ။
ထို့နောက် ဝမ်ယွဲ့တောင်ထိပ်မှ တပည့်များကို ကယ်ဆယ်ခဲ့ကြလေသည်။ သူတို့၏ ဒဏ်ရာများက ပိုပြီးပြင်းထန်သော်လည်း အသေအပျောက်မရှိပေ။
အစီအရင်ထဲမှ ကူးပြောင်းလာကြသော လူဒါဇင်ကျော်ခန့်က တိုက်ခိုက်နေကြဆဲဖြစ်သည်။
ကျိခယ့်ချင်း၏ ရင်ဘတ်တွင် ဒဏ်ရာရထားပြီး သူမ အန္တရာယ်ကျရောက်နေသည့်အချိန်တွင် ဂိုဏ်းတူရှစ်ကျဲတစ်ယောက်က ရိုက်ချက်ကို သူမ၏ ခန္ဓာကိုယ်ဖြင့် ကာကွယ်ပေးခဲ့လေ၏။ နှစ်ယောက်လုံးက ဖြူဖျော့နေကြပြီး ထိုင်ချကာ ဝင်သက်ထွက်သက်ကို ထိန်းညှိနေကြသည်။
ဟွေ့ရှစ်တောင်ထိပ်တွင် ကျွင်းယန်ကျစ် တစ်ယောက်တည်းကသာ သစ်သားကုသရေးသိုင်းပညာကို သင်ကြားထားသူဖြစ်သည်။ သူက လီရှုနှင့် မော့ရှောက်ယန်၏ ပြင်းထန်သော ဒဏ်ရာများကို ကုသပေးပြီးနောက် ဝမ်ကျင်းဘေးတွင်ထိုင်ကာ နှဖူးရှိ ဒဏ်ရာကို ဂရုတစိုက် ကုသပေးနေလေသည်။
ဝမ်ကျင်းက မီတာအနည်းငယ်အကွာတွင် ထိုင်နေသော ကျိခယ့်ချင်းကို လှည့်ကြည့်ကာ မျက်ရည်မကျဘဲ ငိုချင်လာသကဲ့သို့ ခံစားလိုက်ရ၏။
တစ်ခဏကြာပြီးလျှင် ဇာတ်ကြောင်းက ဆက်သွားမည်ဖြစ်ပြီး ဟွေ့ရှစ်တောင်ထိပ်ရှိ လူများက တစ်ယောက်နှင့်တစ်ယောက် လူစုကွဲသွားကြမည်ဖြစ်သည်။ ကျွင်းယန်ကျစ်က တစ်ယောက်တည်းဖြစ်သွားပြီး တိုက်ဆိုင်စွာဖြင့် ကျိခယ့်ချင်းနှင့် တွေ့ဆုံမည်ဖြစ်၏။ နှစ်ယောက်က အတူတကွ သွားလာနေစဉ်တွင် အလှည့်အပြောင်းများစွာနှင့် တွေ့ကြုံပြီး နောက်ဆုံးတွင် ယောင်ယွမ်သစ်သား စိတ်ဝိညာဉ်ကျောက်တုံးကို ရှာတွေ့မည်ဖြစ်သည်။ ကျိခယ့်ချင်း၏ ရေခဲသိုင်းပညာက စိတ်ဝိညာဉ်ကျောက်တုံးကို ရှာတွေ့ရာတွင် အဓိကသော့ချက်ဖြစ်သော်လည်း သူမအား ကျွင်းယန်ကျစ်က အသက်ကယ်ပေးခဲ့သောကြောင့် နောက်ဆုတ်ပေးလိုက်လေသည်။ နောက်ဆုံးတွင် စိတ်ဝိညာဉ်ကျောက်တုံးက ကျွင်းယန်ကျစ်အပိုင် ဖြစ်လာလေ၏။
သို့ရာတွင် ယခုအချိန်၌ ကျွင်းယန်ကျစ်က သူမအား မကယ်သလို ကျိခယ့်ချင်းကလည်း ကျွင်းယန်ကျစ်ကို ကျောက်တုံးပေးမည့်ပုံ မပေါ်ချေ။
ထို့အပြင် ယောင်ယွမ်သစ်သား စိတ်ဝိညာဉ်ကျောက်တုံးကို ရှာဖွေရာတွင် ကျိခယ့်ချင်း၏ ရေခဲသိုင်းပညာကိုသုံးရန် လိုအပ်လေသည်။ တစ်နည်းပြောရလျှင် ကျိခယ့်ချင်းအား အကျိုးရလဒ်ကိုမပေးဘဲ သူမ၏ အကူအညီကိုရရန်က ခက်ခဲလေ၏။
“လုရှစ်တိ… ဘာတွေတွေးနေတာလဲ…”
ကျွင်းယန်ကျစ်၏လက်က ဝမ်ကျင်း၏နှဖူးပေါ်တွင် တင်ထားလေသည်။ လက်ချောင်းထိပ်တွင် အဖြူရောင် စိတ်ဝိညာဉ်စွမ်းအားရှိပြီး ဝမ်ကျင်း၏အရေပြားကို ညင်သာစွာ ထိနေလေ၏။
“မဟုတ်ပါဘူး… ကျွန်တော် ဘာမှမတွေးပါဘူး…”
“ရှစ်တိရဲ့ စိတ်ထဲမှာ တစ်ခုခု ရှိနေပုံရတယ်…”
“မဟုတ်ပါဘူး… ဒီတိုင်းလျှောက်တွေးနေတာပါ…”
“လျှောက်တွေးနေတာဆိုရင် ကိစ္စမရှိပါဘူး… ဒါပေမဲ့ ရှစ်တိရဲ့စိတ်ထဲမှာ တစ်ခုခုရှိနေတယ်ဆိုရင် ကိုယ့်ကို ပြောလို့ရပါတယ်…”
သူ၏လေသံမှာ နူးညံ့နေပြီး သူတို့နှစ်ယောက်ကြား၌ လျှို့ဝှက်ချက်တစ်ခုခု ရှိနေသည့်ပုံစံ ဖြစ်နေလေသည်။
“အမ်...”
ကျွင်းယန်ကျစ်၏လေသံက နူးညံ့နေပြီး သူကဝမ်ကျင်း၏ နှဖူးကို ခပ်ဖွဖွ ပုတ်လိုက်သည်။
“ကိုယ့်ကို ပြောလို့ရပါတယ်…”
ဝမ်ကျင်းက သူ့အား ဗလာသက်သက်ဖြင့် ငေးကြည့်နေလေ၏။
ရှစ်ရှုန်း ဘာဖြစ်နေတာလဲ…
လျိုချန်မော့က သူတို့နှင့်မဝေးသည့်နေရာတွင် ရှိနေသော ဝမ်ယွဲ့တောင်ထိပ်ရှိ လူများထံသို့သွားကာ မေးလိုက်သည်။
“အကူအညီလိုသေးလား…”
အသက်၃၀ခန့်ရှိသော အမျိုးသမီးတစ်ယောက်က မတ်တတ်ရပ်ကာ ပြန်ဖြေလိုက်သည်။
“ကျေးဇူးတင်ပါတယ် ရှစ်ရှုန်း… ကျွန်မတို့ ဘာမှ မလိုတော့ပါဘူး…”
ထိုအမျိုးသမီး၏ အသွင်အပြင်က လှပသည်ဟု မဆိုနိုင်သော်လည်း စိတ်နေသဘောထားကမူ မြင့်မြတ်လေ၏။ သူမက ဝမ်ယွဲ့တောင်ထိပ်၏ အကြီးဆုံးတပည့် ခယ့်မုဝမ်ဖြစ်သည်။
အခြားတပည့်များက သူ့အား လှည့်ပင်မကြည့်ပေ။ ဝမ်ယွဲ့တောင်ထိပ်ရှိ အမျိုးသမီးတပည့်များက မာနကြီးကာ အထက်စီးဆန်ပြီး ဟွေ့ရှစ်တောင်ထိပ်အား အလေးအနက် မထားသည်ကို လျိုချန်မော့က သိလေသည်။ သူက ယဉ်ကျေးမှုအရ လာမေးခြင်းသာဖြစ်ပြီး စိတ်ထဲတွင် အတည် မမှတ်ယူပေ။ သူက ပြောလိုက်၏။
“ဒါဆို ကောင်းပြီ... လူတိုင်း ဂရုစိုက်ကြပါ...”
သူပြောပြီးနောက် သူ့လူများထံသို့ ပြန်လှည့်လာလိုက်သည်။
ထို့နောက် ရှေးဟောင်းအစီအရင်က စူးရှသော အလင်းတစ်ခုကို ရုတ်တရက် ထုတ်လွှတ်လိုက်ပြန်လေသည်။
လျိုချန်မော့က အသံတိုးတိုးဖြင့် ပြောလိုက်၏။
“တပည့်တွေ ထပ်ရောက်လာပြီ...”
အစီအရင်ရှေ့တွင် ရေလဂိုဏ်းသားများက ဆယ်ယောက်ထက် မနည်းဘဲ သေဆုံးနေကြလေသည်။ ကျန်သော သုံးလေးယောက်က အသိစိတ်မရှိဘဲ တိုက်ခိုက်နေကြလေ၏။
အဖြူရောင်အလင်းက ပျောက်သွားပြီးနောက် ဟုန်ရှို့တောင်ထိပ်မှ တပည့်ဆယ်ယောက်က ပေါ်လာလေသည်။ သူတို့က မမျှော်လင့်ထားစွာဖြင့် တိုက်ပွဲထဲသို့ အဆွဲသွင်းခံလိုက်ရပြန်၏။
လျိုချန်မော့၊ ဟယ့်လင်၊ ကျွင်းယန်ကျစ်နှင့် ဝမ်ယွဲ့တောင်ထိပ်ရှိ အမျိုးသမီးတပည့်အချို့က အကူအညီလိုနေသည့်လူများကို ကယ်ရန် ချက်ချင်း ပျံသန်းသွားကြလေသည်။ ချင်ရှုဂိုဏ်းထဲတွင် တောင်ထိပ်အချင်းချင်း အပြိုင်အဆိုင်များရှိသော်လည်း အပြင်ဘက် ရန်သူများကိုတိုက်ခိုက်ပြီး တစ်ယောက်ကိုတစ်ယောက် ကယ်တင်ရာတွင်မူ စည်းလုံးကြလေသည်။ အချောင်ခိုပျင်းရိခြင်းကို ပြင်းပြင်းထန်ထန် တားမြစ်ထားလေ၏။
ပုံရိပ်အချို့က တစ်ဟုန်ထိုး ပြေးသွားကြပြီး လူဆယ်ယောက်ကို ဆွဲထုတ်လိုက်ကြလေသည်။
တစ်ခဏကြာပြီးနောက် နောက်ဆုံးကျန်သည့် ရေလနန်းတော်ဂိုဏ်းသားများက လဲကျသွားလေသည်။
ပါးဖုန်းချောက်ကမ်းပါး လျှို့ဝှက်နယ်မြေထဲတွင် စိမ်းလန်းသော တောတောင်များ၊ အဖြူရောင်တိမ်များရှိပြီး နွေးထွေးသော လေညင်းက တိုက်ခတ်နေလေသည်။
မူလတွင် ဤနေရာက အလွန်လှပသော်လည်း လက်ရှိမြင်ကွင်းက ကြောက်မက်ဖွယ် ကောင်းနေလေသည်။ အလောင်းများက နေရာတိုင်းတွင် ရှိနေပြီး သွေးများက ပြန့်ကျဲနေလေသည်။ လူတိုင်းက စိတ်သောက ရောက်နေကြပြီး ကြောက်ရွံ့စိုးရိမ်နေသည့် အမူအရာများ ဖြစ်နေကြလေသည်။ လူအချို့၏ အရိုးများက လိမ်ချိုးခံထားရပြီး သူတို့က သေခြင်းတရားကို ရုန်းကန်တိုက်ပွဲဝင်နေရလေသည်။
ဤမြင်ကွင်းက ဝမ်ကျင်းအား ဇွန်ဘီရှိုးတစ်ခုကို ပြန်သတိရသွားစေသည်။
ကျွင်းယန်ကျစ်က အစီအရင်ရှေ့ရှိ စိတ်မချမ်းမြေ့ဖွယ် မြင်ကွင်းကို ကြည့်ကာ တစ်စုံတစ်ခုက စိတ်ထဲတွင် ပေါ်လာလေသည်။
ကုကျင်းပိုင်က မေးလိုက်၏။
“ပါးဖုန်းချောက်ကမ်းပါးက ဘာဖြစ်သွားတာလဲ... ကျွန်တော်တို့ ဆက်သွားရဦးမှာလား...”
လျိုချန်မော့က တွေးဆကာ ပြောလိုက်သည်။
“ပါးဖုန်းချောက်ကမ်းပါးက ဖြစ်တာလား... ဒါမှမဟုတ် အဲ့ဒီဂိုဏ်းက ဖြစ်တာလားဆိုတာကို ငါသေချာမသိသေးဘူး...”
ဝမ်ကျင်းက ခေါင်းငုံ့ထားလိုက်သည်။
အရာအားလုံးက ယနေ့မှ စတင်ခဲ့ခြင်း ဖြစ်လေသည်။
လျိုချန်မော့က ခေါင်းငုံ့ထားပြီး အတွေးနက်နေကာ ခယ့်မုဝမ်ကို ပြောလိုက်၏။
“ဒီလိုကိစ္စက ရေလဂိုဏ်းမှာ ဖြစ်သွားတာဆိုတော့ ပါးဖုန်းချောက်ကမ်းပါးကလည်း ဖြစ်နိုင်တယ်... ကျွန်တော်တို့ ဆက်သွားသင့်လား...”
“ရှင်က ကျွန်မတို့ကို မေးတယ်... ဒါပေမဲ့ ကျွန်မတို့မှာ တခြားလူတွေရဲ့ အပြုအမူကို ဆုံးဖြတ်ပေးဖို့ အခွင့်အာဏာမရှိဘူး... ဘာပဲဖြစ်ဖြစ် ကျွန်မတို့ ဝမ်ယွဲ့တောင်ထိပ်က ပြန်လည်အသက်သွင်းခြင်းကျမ်းဂန်ကို ရချင်တယ်... အဲ့ဒါကြောင့် ကျွန်မတို့ကတော့ ဆက်သွားပါမယ်...”
ဟုန်ရှို့တောင်ထိပ်၏ အကြီးဆုံးတပည့်က မြေပေါ်ရှိ အလောင်းများကို ကြည့်ကာ အံကြိတ်လိုက်၏။
“ဟုန်ရှို့တောင်ထိပ်ကလည်း ဆက်သွားမယ်... ပြီးတော့ ဒါက အစထဲက စမ်းသပ်ချက်ပဲလေ... ဒါက ကျွန်တော်တို့ရဲ့ တပည့်တွေကို စမ်းသပ်ဖို့ အခွင့်ကောင်းတစ်ခု ဖြစ်ချင်ဖြစ်လာမှာပေါ့...”
လျိုချန်မော့က တစ်ခဏခန့်တွေးတောလိုက်ပြီးနောက် ပြုံးလိုက်သည်။
“ကျွန်တော်တို့မှာ လူနည်းနည်းပဲရှိတာ... ဘယ်သူမှ မသေတာကပဲ ကံကောင်းနေပြီ... ဒီလိုဆိုမှတော့ ကျွန်တော်တို့သွားတော့မယ်...”
ထို့နောက် သူက ဟွေ့ရှစ်တောင်ထိပ်၏ လူများဘက်သို့ လှည့်လိုက်သည်။
“ဒီမှာ ပြောစရာ ဘာမှမရှိတော့ဘူး... လီရှုနဲ့ လုကျင်းရဲ့ ဒဏ်ရာတွေကလည်း ပြန်ကောင်းနေပြီ... ငါတို့သွားကြစို့...”
လူတိုင်းက မတ်တတ်ရပ်လိုက်ကြပြီး ထွက်သွားရန် ပြင်ဆင်လိုက်သည်။
ဝမ်ကျင်းက ကျိခယ့်ချင်းကို တစ်ချက်ကြည့်လိုက်သည်။
မိန်းကလေး၏ မျက်နှာက အလွန်လှပ၏။ သူမက မျက်လုံးမှိတ်ထားပြီး ပြန်လည်ကုသရန် တရားမှတ်ကျင့်ကြံနေပုံပေါ်သည်။ သူမနှင့် ကျွင်းရှစ်ရှုန်းတို့ကြားတွင် မည်သည့်တိုးတက်မှုမှ မရှိခဲ့ပေ။ သူတို့၏ ဘဝများက ပြောင်းလဲသွားလေ၏။
ဝမ်ရမ်မုက ဒီထိပ်တန်းအလှလေးကို ရသွားတော့မှာလား...
၎င်းက သူ့အလုပ် မဟုတ်ပေ။ သူက စောင့်ကြည့်ရုံသာ တတ်နိုင်သည်။
လီရှုက မေးလိုက်၏။
“ကျွန်တော်တို့ ပြန်တော့မှာ မဟုတ်ဘူးလား... ဘာလို့ ရှေးဟောင်းအစီအရင်ဆီကို မသွားတာလဲ...”
ဖန်းရှောက်က ပြောလိုက်သည်။
“ဒီအစီအရင်က ပါးဖုန်းချောက်ကမ်းပါးထဲကို ဝင်ဖို့အတွက်ပဲ... ထွက်ဖို့က တခြားတစ်ဖက်မှာ အစီအရင် နောက်တစ်ခုရှိတယ်... ဒီနေရာမှာ ငါတို့ပျံလို့မရဘူး… ခြေကျင်ပဲ သွားလို့ရမယ်… အဲ့ဒါက နှစ်ရက် သုံးရက်လောက်တော့ ကြာမယ်…”
မော့ရှောက်ယန်က တုံ့ဆိုင်းနေပြီးနောက် အသံတိုးတိုးဖြင့် မေးလိုက်သည်။
“အဲ့ဒီကိုသွားတဲ့လမ်းက ထာဝရနွေဦးတောင်ကြားကို ဖြတ်သွားရမှာလား….”
လျိုချန်မော့က သူ့အမေးကို ဖြေလိုက်သည်။
“ငါတို့က ထာဝရနွေဦးတောင်ကြားရဲ့ အစွန်းကို ဖြတ်သွားရမှာ… အဲ့မှာ နားလို့ရတယ်… ယောင်ယွမ်သစ်သားကို ရှာတွေ့ရင်တော့ ကောင်းတာပေါ့… ဒါပေမဲ့ အာမခံချက် မရှိဘူး…”
“နားလည်ပါပြီ…”
မော့ရှောက်ယန်က နှာခေါင်းကို ပွတ်လိုက်၏။
သူက ပြန်လည်အသက်သွင်းခြင်းကျမ်းဂန်၏ ဆက်ခံသူအဖြစ် ဆန်ကာတင်ထဲတွင် ရွေးချယ်ခံခဲ့ရသည့်အတွက် အလွန်စိတ်လှုပ်ရှားနေခဲ့သည်။ ဤကဲ့သို့ ဖြစ်ပျက်သွားမည်ကို လုံးဝ မမျှော်လင့်ထားခဲ့ပေ။
သူတို့အားလုံးက လျိုချန်မော့နောက်မှ လိုက်ကာ ပါးဖုန်းချောက်ကမ်းပါး လျှို့ဝှက်နယ်မြေထဲသို့ ဝင်သွားကြလေသည်။
⛰️⛰️⛰️