Ch 22
Viewers 3k

⛰️Chapter - 22

အမျိုးသားဇာတ်လိုက်ကို တန်ဖိုးထားပါ…



ကောင်းကင်က တောက်ပနေပြီး တပည့်အယောက်(၁၄၀)က ခန်းမဆောင်ထဲတွင် စုစည်းနေကာ ညွှန်ကြားချက်ကို  စောင့်နေကြလေသည်။ 


ချင်ရှုဓားဂိုဏ်းတွင် ရှေးဟောင်းစာလိပ်(၈)ခုသာ ကျန်ရှိ၏။ ‘ပြန်လည်အသက်သွင်းခြင်းကျမ်းဂန်’မှလွဲပြီး မျိုးဆက်တစ်ဆက်ပြီးတစ်ဆက် ကျမ်းဂန်များကို လက်ဆင့်ကမ်းလာသော တောင်ထိပ်(၇)ခုရှိသည်။ ကျန်သောတောင်ထိပ်များတွင် ရှေးဟောင်းစာလိပ်များ မရှိပေ။ သူတို့က ထုတ်မပြောသော်လည်း နှစ်ပေါင်းများစွာ ကြာသည့်တိုင်အောင် မကျေနပ်ချက်ကို ခံစားနေရလေသည်။


ရှေးဟောင်းစာလိပ်များမရှိသော တောင်ထိပ်များအနေဖြင့် သူတို့၏ကိုယ်ပိုင် ကျင့်ကြံနည်းများကို သုံးပြီး ရပ်တည်ကြလေသည်။ ဥပမာအားဖြင့် ဝမ်ယွဲ့တောင်ထိပ်နှင့် ပေယန်တောင်ထိပ်ဖြစ်သည်။ မတိုးတက်ဘဲ တဖြည်းဖြည်း ဆုတ်ယုတ်လာသည့် ဟုန်ရှို့တောင်ထိပ်နှင့် ဟွေ့ရှစ်တောင်ထိပ်ကဲ့သို့ တောင်ထိပ်များလည်း ရှိလေ၏။


ကျန်ရှိနေသည့် စာလိပ်(၈)ခုအနက်တွင် ‘ပြန်လည်အသက်သွင်းခြင်းကျမ်းဂန်’က အဆင့်မြင့်သည့်နေရာတွင် မရှိချေ။ သို့သော် ယေဘုယျအားဖြင့် ကျမ်းဂန်များအား တစ်ခုနှင့်တစ်ခု နှိုင်းယှဉ်ရန် ခက်ခဲ့လေသည်။ ၎င်း၏ အသုံးဝင်ဆုံးသက်ရောက်မှုမှာ သစ်သားဝိညာဉ်ဇစ်မြစ်ကို တိုးတက်စေပြီး ထိုကျင့်ကြံသူ၏ ကျင့်ကြံနှုန်းက လျှင်မြန်လာကာ မည်သည့်အတားအဆီးကိုမှ ကြုံတွေ့ရမည်မဟုတ်ပေ။


ကောင်းယန်က အရည်အသွေးလေးခုရှိသော ဝိညာဉ်ဇစ်မြစ်ပိုင်ရှင်ဖြစ်ပြီး ချီသန့်စင်ခြင်း အဆင့်(၁၀)ကိုပင် မရောက်သင့်ပေ။ သို့ရာတွင် ‘ပြန်လည်အသက်သွင်းခြင်းကျမ်းဂန်’က သူ၏ကျင့်ကြံဆင့်အား သူ့အသက်(၂၃၁)နှစ်တွင် အခြေတည် နောက်ဆုံးအဆင့်ထိရောက်အောင် ကူညီပေးခဲ့လေသည်။


ဝိညာဉ်ဇစ်မြစ်တစ်ခု တိုးတက်လာရန် ထောက်ကူပေးသည့် ကျင့်ကြံနည်းက အလွန်ရှားပါးလေသည်။ အကြောင်းမူကား လူတစ်ယောက်၏ ဝိညာဉ်ဇစ်မြစ်ကို ပြောင်းလဲခြင်းက သဘာဝကိုဖီဆန်ဖြင်းဖြစ်သောကြောင့် ဖြစ်၏။ ကံမကောင်းစွာဖြင့် ‘ပြန်လည်အသက်သွင်းခြင်းကျမ်းဂန်’က အကန့်အသတ်ရှိပြီး လူတစ်ယောက်ကို ဗဟိုချက်တည်ဆောက်ခြင်း အဆင့်သို့ရောက်အောင် မကူညီပေးနိုင်ချေ။


ကောင်းယန်မှာ သူ၏ သစ်သားဝိညာဉ်ဇစ်မြစ်က ပိုပြီးတိုးတက်လာပြီးနောက် စိတ်ဝိညာဉ်မြက်များ မွေးမြူရာ၌ စိတ်ဝင်စားလာသဖြင့် ချင်ရှုဂိုဏ်း၏ စိတ်ဝိညာဉ်မြက်ဆိုင်ရာ ကျွမ်းကျင်သူတစ်ယောက် ဖြစ်လာခဲ့လေသည်။ သူက သူ၏တစ်ဘဝလုံးကို စိတ်ဝိညာဉ်မြက်များအား ပျိုးထောင်ရာတွင် ကုန်ဆုံးခဲ့ပြီး ကျော်ကြားမှုနှင့် ကိုယ်ပိုင်အကျိုးစီးပွားကို မမက်မောသဖြင့် လူသိများခဲ့လေသည်။ အခြားတောင်ထိပ်သခင်များနှင့် နှိုင်းယှဉ်လျှင် သူက အမတတစ်ယောက်၏ စိတ်နေစိတ်ထား ရှိလေ၏။


ရှီဖန့်က ပြောလိုက်သည်။

“ဒါက ပါးဖုန်းချောက်ကမ်းပါး လျှို့ဝှက်နယ်မြေ ဖွင့်တဲ့ရက်နဲ့ တိုက်ဆိုင်နေတယ်… ရွေးချယ်ခံထားရတဲ့ တပည့် ၇၂ ယောက်က တောင်ထိပ်တိုင်းရဲ့ တပည့်ဆယ်ယောက်စီနဲ့အတူတူ ပါးဖုန်းချောက်ကမ်းပါး လျှို့ဝှက်နယ်မြေ စမ်းသပ်မှုမှာ ပါဝင်သင့်တယ်လို့ တောင်ထိပ်သခင်တွေက အဆိုပြုထားတယ်… ဘယ်သူပဲဖြစ်ဖြစ် ယောင်ယွမ်သစ်သား စိတ်ဝိညာဉ်ကျောက်တုံးကို ရှာတွေ့တဲ့လူက ‘ပြန်လည်အသက်သွင်းခြင်းကျမ်းဂန်’ကို ဆက်ခံရမယ်... ဘယ်သူမှ ရှာမတွေ့ဘူးဆိုရင်တော့ ဟို ၇၂ ယောက်က ပြန်ယှဉ်ပြိုင်ပြီး အနိုင်ရသူက ကျမ်းဂန်ကို ရမယ်…”


မည်သူကမှ စကားမပြောရဲဘဲ တိတ်တဆိတ်ဖြင့် သူ့ကို ကြည့်နေကြလေသည်။


လျှို့ဝှက်နယ်မြေများက ကျင့်ကြံသူများ သေစေနိုင်သော နေရာဖြစ်သကဲ့သို့ နေရပ်ကိုထားခဲ့ကာ ကျင့်ကြံဆင့်များ တိုးတက်နိုင်သော နေရာများလည်းဖြစ်သည်။ အထဲတွင် မှော်ရတနာများ၊ စိတ်ဝိညာဉ်မြက်များ၊ မိစ္ဆာသားရဲများနှင့် ထာဝရရှင်သန်ဆေးများကိုလည်း တွေ့နိုင်၏။ သို့ရာတွင် သူတို့ကို အတားအဆီးများက ကာကွယ်ပေးထား၍ သာမန်လူများ မဝင်နိုင်ချေ။ နှစ်ပေါင်းထောင်ချီကြာပြီးနောက် ထိုအတားအဆီးများက တဖြည်းဖြည်းပျက်စီးလာပြီး နယ်မြေများက ပွင့်ကာ ကျင့်ကြံသူများဝင်လာကြပြီး ရတနာများအတွက် တိုက်ခိုက်ကြလေသည်။


ပါးဖုန်းချောက်ကမ်းပါးက ရွှင်းယန်တောင်နှင့် ၅၀၀လီခန့်အကွာတွင်ရှိပြီး ဆယ်နှစ်တစ်ကြိမ်ပွင့်သော လျှို့ဝှက်နယ်မြေဖြစ်သည်။ မှော်ရတနာများကို ရှေးယခင်ကတည်းက ယူသွားကြပြီဖြစ်သော်လည်း သိပ်သည်းသော စိတ်ဝိညာဉ်စွမ်းအားများ၊ စိတ်ဝိညာဉ်မြက်များ၊ မိစ္ဆာသားရဲများရှိပြီး နှစ်တစ်ရာကုန်ဆုံးသွားတိုင်း သစ်သားကျင့်ကြံသူများကို အလွန်အကျိုးပြုသော ယောင်ယွမ်သစ်သားဟုခေါ်သည့် စိတ်ဝိညာဉ်ကျောက်တုံးက ပေါ်ထွက်လာလေ၏။ 


ဝမ်ကျင်းက နားစွင့်ကာ စကားလုံးတိုင်းကို သေချာနားထောင်လေသည်။


ဤခရီးက ကျွင်းယန်ကျစ် မကျော်ကြားမီ ပထမဆုံးအရေးကြီးသော ခရီးတစ်ခုဖြစ်သည်။


ဤစမ်းသပ်မှုပြီးလျှင် ကျွင်းယန်ကျစ်၏ ကျင့်ကြံရေး၊ အချစ်ရေးနှင့် အောင်မြင်မှုများက တစ်ဟုန်ထိုး တိုးတက်လာမည်ဖြစ်သည်။


၎င်းက ကျိခယ့်ချင်းနှင့် ကျွင်းယန်ကျစ်အတွက် နောက်ဆုံးအခွင့်အရေးဖြစ်သည်။


အတိုချုပ်ပြောရလျှင် ရှစ်ရှုန်း၏ ကိစ္စများတွင် ဝင်မနှောင့်ယှက်မိစေရန် သူ ရှစ်ရှုန်းနှင့် ဝေးဝေးနေရန်က ဤတစ်ကြိမ်တွင် အရေးကြီးလေ၏။


“ဝမ်ယွဲ့၊ ပေယန်နဲ့ တခြားဆက်ခံသူမရှိသေးတဲ့ တောင်ထိပ်ခုနှစ်ခုက ဒီအခွင့်အရေးကိုသုံးပြီး လျှို့ဝှက်နယ်မြေထဲကို အရင်ဝင်ကြ… ကျန်တဲ့တောင်ထိပ်ခုနှစ်ခုက ဆယ်ရက်ကြာပြီးမှ ဝင်ရမယ်…”


တစ်နည်းပြောရလျှင် ဂိုဏ်းချုပ်က ဆက်ခံသူမရှိသေးသည့် တောင်ထိပ်များအား ယောင်ယွမ်သစ်သားကိုရှာရန် ဆယ်ရက်အချိန်ပေးလိုက်ခြင်းဖြစ်သည်။ ထိုသို့အချိန်ပေးပြီးသော်လည်း သစ်သားကို အခြားတောင်ထိပ်များက ရှာတွေ့နေသေးလျှင် သူတို့က မ‌ကျေနပ်ကြောင်း မပြောနိုင်ဘဲ သူတို့ကိုယ်တိုင် အရည်အချင်းမရှိသည်ကို အပြစ်တင်ရမည်ဖြစ်သည်။


ဝမ်ကျင်းမှာ ရှီဖန့်က အလွန်တရားမျှတသောလူဟု ခံစားနေရပြီး ပိုပြီး နှစ်သက်လာလေ၏။ 


သူ၏ကိုယ်ကျင့်တရားအမှတ်က ၅၀၀ခန့်ရှိပြီး စနစ်က သူ့အား ‘မျှော်လင့်ချက်များအတိုင်း နေထိုင်သည်။ ဂိုဏ်းအတွက် မခြွင်းမချန် ကြိုးစားအားထုတ်သည်’ ဟု ဖော်ပြထားလေသည်။ 


စနစ်က မည်သို့ အလုပ်လုပ်သည်ကို သူ မသိပေ။ စနစ်က တစ်ခါတစ်ရံတွင် အလွန်တိကျပြီး တစ်ခါတစ်ရံတွင် လုံးဝမှားယွင်းနေလေသည်။


တိကျတဲ့ စံနှုန်းသတ်မှတ်ချက်တစ်ခု ရှိတာလား...


“ကန့်ကွက်စရာ မရှိတော့ဘူးဆိုရင် မင်းတို့ သွားလို့ရပြီ... ဝမ်ယွဲ့၊ ပေယန်နဲ့ တခြားတောင်ထိပ်တွေက ချက်ချင်း ထွက်ခွာတော့...”


“ဟုတ်ကဲ့...”


ရှီဖန့် ထွက်သွားသောအခါ လျိုချန်မော့က အားလုံးကို စုစည်းလိုက်သည်။

“ငါ မနေ့ညကတောင် စမ်းသပ်ချက်က ပါးဖုန်းချောက်ကမ်းပါး လျှို့ဝှက်နယ်မြေကို သွားခိုင်းမလားလို့ တွေးနေသေးတယ်... ဒီလိုဖြစ်မယ်လို့ ဘယ်သူထင်မှာလဲ...”


ရှစ်ရှုန်း(၃) ဖန်းရှောက်က ပြောလိုက်သည်။ 

“ယောင်ယွမ်သစ်သားက ထာဝရနွေဦးတောင်ကြားမှာ ရှိတယ်လို့ ကြားတယ်...”


ကွေ့ရှင်းပိက ပြောလိုက်၏။

“ထာဝရနွေဦးတောင်ကြားက ဘယ်နေရာမှာ ရှိတာလဲ...”


ဟယ့်လင်က သူ့အား အေးစက်စက်ကြည့်လိုက်သည်။

“ဝင်ပေါက်ရဲ့ ဘယ်ဘက်မှာ...”


ကွေ့ရှင်းပိက အံ့ဩသွား၏။

“တကယ်လား...”


“တကယ်... ဆိုင်းဘုတ်တောင်ရှိတယ်...”


“မင်းးးးး”

ကွေ့ရှင်းပိ၏ အမူအရာမှာ မှောင်မည်းလာလေသည်။


လျိုချန်မော့က ဒေါသဖြင့် ပြောလိုက်၏။

“မင်းတို့နှစ်ယောက်လုံး တော်တော့... ပါးဖုန်းချောက်ကမ်းပါး လျှို့ဝှက်နယ်မြေက အရမ်းရှုပ်ထွေးတယ်... ထာဝရနွေဦးတောင်ကြားကို ရောက်ဖူးတဲ့လူက ငါတစ်ယောက်ပဲရှိတယ်... မင်းတို့လုပ်ရမှာက ငါ့နောက်ကို လိုက်ခဲ့ဖို့ပဲ... အသင့်ဖြစ်ပြီလား...”


အားလုံးက ခေါင်းညိတ်လိုက်ကြသည်။


“သွားကြစို့...”


လူဆယ်ယောက်က ချင်ရှုခန်းမဆောင်ထဲမှ ထွက်ကာ ကောင်းကင်သို့ ပျံသန်းသွားကြလေသည်။


အနည်းငယ် စိတ်ပူနေသော လီရှုက ဂရုတစိုက် မေးလိုက်၏။

“ကျွန်တော်တို့ရော သွားရမှာလား... မော့ရှစ်တိနဲ့ ကျွန်တော်က ချီသန့်စင်ခြင်း အဆင့်(၆)ပဲ ရှိသေးတာ... အရမ်း အန္တရာယ်မများဘူးလား...”

 

ဖန်းရှောက်က သဘောကောင်းသောလူဖြစ်ကာ ရှင်းပြလိုက်သည်။

“ပါးဖုန်းချောက်ကမ်းပါး လျှို့ဝှက်နယ်မြေ ဖွင့်တဲ့အကြိမ်က ၁၂ကြိမ်ရှိပြီ... မှော်ရတနာတွေနဲ့ စိတ်ဝိညာဉ်ဆေးလုံးတွေက အကုန်လုံး ယူပြီးသွားကြပြီ... ပြီးတော့ ယောင်ယွမ်သစ်သားက တိုက်ခိုက်ရလောက်အောင်ထိ မထိုက်တန်ဘူး... အဲ့ဒီနေရာမှာ တပည့်တွေကို စမ်းသပ်မှုတွေလုပ်တဲ့ ဂိုဏ်းတွေလည်း အများကြီးရှိတယ်... ဘာအန္တရာယ်မှ မရှိဘူး...”


ဝမ်ကျင်းက တိတ်ဆိတ်နေ၏။ ၎င်းက တစ်စိတ်တစ်ပိုင်းသာ မှန်သည်ကို သူသိသည်။


အဓိကဇာတ်လိုက်က ဒီကို ရောက်နေပြီပဲဟာ... ဘယ်လိုလုပ် ကိစ္စတွေက ချောချောမွေ့မွေ့ ဖြစ်မှာလဲ...


မော့ရှောက်ယန်က ဖြည်းညင်းစွာ ပြောလိုက်သည်။

“ငါ မနေ့ညက ငါ့ရဲ့ရတနာတွေအားလုံးကို ယူလာတယ်...”


“ဟုတ်ပြီ...”


ပါးဖုန်းသို့သွားသည့် ခရီးက ၂ရက်ခန့် ကြာမြင့်သည်။ သူတို့က တစ်နေ့လုံး တတ်နိုင်သမျှ မြန်မြန်ခရီးပေါက်အောင် သွားခဲ့ကာ ညဘက်တွင် မြို့လေးတစ်ခုရှိ တည်းခိုခန်းတစ်ခုတွင် နားလိုက်သည်။


စိတ်ဝိညာဉ်ကျောက်တုံးများကို ချွေတာနိုင်ရန် လျိုချန်မော့က အခန်းလေးခန်းသာ ယူလိုက်ပြီး တစ်ခန်းတွင် နှစ်ယောက် သုံးယောက်ခန့် ခွဲကာ နေခိုင်းလိုက်သည်။


ဟယ့်လင်က အလွန်ဇီဇာကြောင်သည့်လူဖြစ်ပြီး ဆူညံသံနှင့် ဟောက်သံကို သည်းမခံနိုင်ပေ။ သူ၏ တိုက်ခိုက်သည့် ခွန်အားကလည်း အမြင့်ဆုံးဖြစ်ကာ လျိုချန်မော့နှင့် ကျွင်းယန်ကျစ်ကသာ သူနှင့် ယှဉ်နိုင်လေ၏။ ထို့ကြောင့် လျိုချန်မော့က သူနှင့် နေလိုက်သည်။


ဝမ်ကျင်း၊ လီရှု၊ ကုရှင်းပိုင်နှင့် မော့ရှောက်ယန်တို့က သဟဇာတဖြစ်ပြီး ခင်မင်သဖြင့် တစ်ညလုံး မအိပ်ဘဲ စကားပြောရန် ကြံစည်လိုက်ကြသည်။ သူတို့က စိတ်အားထက်သန်စွာ ပြောဆိုဆွေးနွေးနေစဉ်တွင် လျိုချန်မော့က သူတို့ကို ရှာတွေ့သွားပြီး ဝမ်ကျင်းနှင့် မော့ရှောက်ယန်ကို ဆွဲထုတ်လာလိုက်သည်။


ဖန်းရှောက်နှင့် ကျွင်းယန်ကျစ်တို့ကလည်း အခန်းထဲတွင် ဆွေးနွေးတိုင်ပင်နေဆဲဖြစ်ပြီး သဘောတူညီမှု ရပုံမပေါ်ချေ။ လျိုချန်မော့က သူတို့အခန်းထဲသို့ဝင်ပြီး မော့ရှောက်ယန်ကို ဖန်းရှောက်ထံ ပစ်ပေးလိုက်ကာ ဝမ်ကျင်းကို ကျွင်းယန်ကျစ်ထံ ပစ်ပေးလိုက်လေသည်။


ထို့ကြောင့် ဝမ်ကျင်းက ကျွင်းယန်ကျစ်နှင့် တစ်ခန်းတည်း ဖြစ်လာလေသည်။


ဝမ်ကျင်းက သူ၏ သိုလှောင်အိတ်ကို စားပွဲပေါ်သို့ တင်လိုက်ပြီး အနည်းငယ်နေရခက်နေသည့် ပုံစံဖြင့် ပြောလိုက်သည်။

“ရှစ်ရှုန်း… ကျွင်းရှစ်ရှုန်း…”


ကျွင်းယန်ကျစ်က သူ့ကို ကြည့်လိုက်သည်။

“နောက်ကျနေပြီ… ခြေရေလက်ရေ ဆေးပြီး အိပ်တော့…”


“ဟုတ်…”


ဝမ်ကျင်းက သိုလှောင်အိတ်ထဲမှ အဝတ်အစားတစ်စုံကို ထုတ်ကာ အခန်းထဲမှ အမြန်ပြေးထွက်သွားလေ၏။


တည်းခိုခန်းတွင် အလွန်ကျဉ်းမြောင်းသော ရေချိုးခန်းရှိပြီး ရေချိုးခန်းထဲတွင် အလွန်ကြီးမားသော ရေဇလားရှိလေသည်။ ယခုအချိန်က နွေဦးရာသီအစောပိုင်း ဖြစ်လေသည်။ ရေကအလွန်အေးနေဆဲဖြစ်ပြီး လူအနည်းငယ်ကသာ ရေချိုးရန်ဆန္ဒရှိလေ၏။  ဝမ်ကျင်းက ရေအေးနှင့်ရေချိုးရခြင်းကို ကျင့်သားရနေပြီဖြစ်သည်။ သူက ဇလားထဲမှရေကို ခပ်ကာ ခေါင်းမှလောင်းချလိုကိပြီး ခေါင်းအစခြေအဆုံး တိုက်ချွတ်နေလေသည်။ 


အခန်းထဲသို့ ပြန်ရောက်သောအခါ ကျွင်းယန်ကျစ်က စိုစွတ်နေလေ၏။ သူကလည်း ရေချိုးထားပုံပေါ်သည်။ 


“တည်းခိုခန်းက အခန်းထဲကို ရေပို့ပေးတယ်… ကိုယ်မင်းကို ပြောမလို့ရှိသေးတယ်… မင်းထွက်သွားတာ အရမ်းမြန်လို့…”


“အာ… ဟုတ်… ကျွန်တော်က ရေကို လောင်းချိုးနေကျမလို့ပါ…”


ကျွင်းယန်ကျစ်က အင်္ကျီကို လျော့ရဲရဲ ဝတ်ဆင်ထားပြီး ခုတင်ပေါ်တွင်ထိုင်နေလေသည်။ သူက နတ်ဆိုးဆန်သော အလှလေးပုံစံ ရှိလေ၏။


ဝမ်ကျင်း၏ တစ်ကိုယ်လုံးက နီရဲလာလေသည်။ သူ၏ အကြည့်က ကျွင်းယန်ကျစ်၏ ညှပ်ရိုးကိုသာ ရောက်နေသဖြင့် ကျွင်းယန်ကျစ်နား မကပ်ရဲပေ။


အခန်းထဲရှိ အလင်းရောင်က မှိန်ပျပျဖြစ်နေပြီး သေချာမမြင်ရပေ။


ရှစ်ရှုန်းရဲ့ လည်ပင်းက ဒီလောက်တောင် ဆွဲဆောင်မှုရှိတာလား… ငါ့နှလုံးခုန်သံတွေ မြန်လာသလိုပဲ…


“မအိပ်သေးဘူးလား…”


“အမ်…”

ဝမ်ကျင်း၏ ပါးများက နီရဲလာပြီး လည်ပင်းဆီမှ အကြည့်လွှဲလိုက်လေသည်။


“လာအိပ်တော့…”


“ဟုတ်…”


“အတွင်းဘက်မှာ အိပ်ချင်လား… အပြင်ဘက်မှာ အိပ်ချင်လား…”

သူ၏အသံက ခြောက်ကပ်ကပ် ဖြစ်ကာ နူးညံ့ညင်သာနေလေသည်။


“ကျွန်တော်…”

ဝမ်ကျင်းက အသိပြန်ဝင်လာပြီး အနည်းငယ် နေရခက်စွာဖြင့် ဖယောင်းတိုင်မီးကို ငြိမ်းလိုက်သည်။ ထို့နောက် စမ်းတဝါးဝါးဖြင့် အိပ်ရာပေါ်မှ ခေါင်းအုံးနှင့် စောင်ကို အောက်သို့ချလိုက်ပြီးနောက် ပြောလိုက်၏။

“ရှစ်ရှုန်း အိပ်ရာပေါ်မှာ အိပ်ပါ… ကျွန်တော် အောက်မှာ အိပ်လိုက်မယ်…”


ကျွင်းယန်ကျစ်က နှုတ်ခမ်းကို စေ့လိုက်၏။


“မြန်မြန်အိပ်တော့နော်… ရှစ်ရှုန်း...”

ဝမ်ကျင်းက မျက်လုံးမှိတ်လိုက်ကာ မျက်နှာက နီရဲနေလေသည်။ 


ကျွင်းရှစ်ရှုန်က အရမ်းဆွဲဆောင်မှုရှိတာပဲ… ညှပ်ရိုးလေးပဲ မြင်လိုက်တာတောင် နှလုံးခုန်သံတွေက မူမမှန်ချင်တော့ဘူး…


သူက အဓိကဇာတ်လိုက်မလို့ပဲ နေမှာပါ...


ထိုသို့ တွေးပြီးနောက် ဝမ်ကျင်းက စိတ်တည်ငြိမ်စေရန် တရားစမှတ်လိုက်ပြီး ကျွင်းယန်ကျစ်ကို ကျောပေးထားလိုက်၏။ တစ်နေကုန် ခရီးသွားခဲ့ရသဖြင့် အလွန် ပင်ပန်းနေပြီဖြစ်သည်။ အိပ်ပျော်ရန် အချိန်မယူလိုက်ရပေ။


နောက်တစ်နေ့ ညနေတွင် သူတို့က ပါးဖုန်းချောက်ကမ်းပါးအနီးရှိ ချင်မုဟုခေါ်သည့် မြို့လေးသို့ ရောက်ရှိခဲ့လေသည်။ လျှို့ဝှက်နယ်မြေမှာ မကြာသေးမီက ပွင့်ခဲ့သဖြင့် တည်းခိုခန်းတွင် လူအပြည့် ဖြစ်နေလေသည်။ လျိုချန်မော့က ထိုညတွင် လူဆယ်ယောက်အိပ်ရန်အတွက် အခန်းနှစ်ခန်းကို ခက်ခက်ခဲခဲ ရှာလိုက်ရ၏။


ချင်ရှုဂိုဏ်း၏ တပည့်အများစုက ထိုနေ့ညနေတွင် ရောက်ရှိလာခဲ့ကြသည်။ လွန်ခဲ့သော ရက်အနည်းငယ်က ရေလနန်းတော်ကလည်း စမ်းသပ်မှုတွင် ပါဝင်ရန် တပည့် တစ်ဒါဇင်ခန့်ကို ပို့လိုက်၏။ သူတို့က ပါးဖုန်းချောက်ကမ်းပါးထဲသို့ဝင်လျှင် မနက်ဖြန်တွင် သူတို့နှင့် တွေ့မည်ဖြစ်သည်။


ရေလနန်းတော်က ကျူးဖုန်းတွင် အကြီးဆုံးဂိုဏ်းဖြစ်ပြီး နှစ်ကိုယ်တူကျင့်ကြံခြင်းကို ကျင့်ကြံကြသည်။ အမျိုးသားနှင့် အမျိုးသမီးများကို ညီညီမျှမျှ အုပ်စုခွဲထားပြီး ကောလဟလများအရ အမျိုးသမီးများမှာ အလွန် နှစ်သက်ဖွယ် ကောင်းကြလေ၏။


ဆွဲဆောင်မှု အရှိဆုံး အမျိုးသမီးများသာလျှင် ဇာတ်လိုက်၏ မယိမ်းယိုင်သော သမာဓိကို လှုပ်ကိုင်နိုင်လေသည်။


ဝမ်ကျင်းက ထိုဂိုဏ်းအပေါ် အမြင်ကောင်း မရှိသော်လည်း ၎င်းက တည်ရှိနေသဖြင့် တည်ရှိမှုကို တန်ဖိုးထားရမည်ဖြစ်သည်။ 


နောက်တစ်နေ့ မနက်အစောတွင် သူတို့က တည်းခိုခန်းမှ ထွက်လာလိုက်ပြီး နေရာကူးပြောင်းမည့် နေရာသို့ ပျံသန်းသွားလိုက်ကြ၏။


နှစ်ရာချီသက်တမ်းရှိသော သစ်ပင်များက ကောင်းကင်သို့ ထိလုနီးပါး မြင့်နေကြလေသည်။ ရေခဲနှင့် နှင်းများက အရည်ပျော်နေသဖြင့် အစိမ်းရောင်အရွက်များက ပေါ်လွင်နေပြီး ကျယ်လောင်သော အသံတစ်သံကို ကြားလိုက်ရလေ၏။


သူတို့ထက် စောစွာရောက်နေသည့် ဝမ်ယွဲ့တောင်ထိပ်ရှိ တပည့်များက ရှေးဟောင်းအစီအရင်နေရာရှေ့တွင် ရပ်နေကြလေသည်။


ဝမ်ကျင်းက ခရမ်းရောင်ဝတ်စုံနှင့် ကျိခယ့်ချင်းကို တစ်ချက်ကြည့်လိုက်သည်။ သူမ၏မျက်နှာက ရေခဲကဲ့သို့ အေးစက်နေပြီး ထက်မြက်သိမ်မွေ့ကာ အလွန် ဆွဲဆောင်မှု ရှိလေ၏။ အမှန်ပင် ချင်ရှုဂိုဏ်း၏ နံပါတ်တစ် မိန်းမလှလေး ဖြစ်လေသည်။


သူတို့က အစီအရင်နေရာရှေ့တွင် အတူတကွ ရပ်နေကာ လက်ကိုကိုင်ထားစဉ်တွင် ပေါက်ကွဲသံတစ်ခုကြားလိုက်ရပြီး ကြီးမားသော အဖြူရောင်အလင်းတန်းတစ်ခုကို ကောင်းကင်သို့ ပစ်လိုက်သည်ကို မြင်လိုက်ရလေသည်။ အမွှေးတိုင် တစ်ဝက်ထွန်းစာ အချိန်ကြာပြီးနောက် အလင်းရောင်က တဖြည်းဖြည်းမှိန်လာကာ ပျောက်ကွယ်သွားလေ၏။


ဤသည်က ဟွေ့ရှစ်တောင်ထိပ်အတွက် နေရာကူးပြောင်းခြင်းကို ပထမဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်ကာ လူတိုင်းက သိချင်စိတ်အပြည့် ဖြစ်နေလေသည်။


ကုကျင်းပိုင်က မေးလိုက်၏။

“နေရာကူးပြောင်းတာက ဘယ်လိုခံစားရလဲ…”


ဖန်းရှောက်က ပြောလိုက်သည်။

“အာရုံငါးပါး ပျောက်သွားမယ်… မမြင်ရဘူး… မကြားရဘူး… အထိအတွေ့ကို မခံစားရဘူး… မင်းကို ဆုတ်ဖြဲနေသလို လေသံကိုပဲ ကြားရမယ်…”


လျိုချန်မော့က  ရှေးဟောင်းအစီအရင်ထဲ ဝင်ပြီးနောက် ပြောလိုက်သည်။

“လာခဲ့ကြ...”


ဝမ်ကျင်းက ရှေ့သို့ တစ်လှမ်းတက်လိုက်ပြီး ဘေးရှိလူ၏ လက်ကို ဆုပ်ကိုင်ထားလိုက်သည်။ သူက အသက်ပြင်းပြင်းရှုပြီးနောက် တိတ်တဆိတ်ဖြင့် စိတ်တည်ငြိမ်အောင် လုပ်လိုက်သည်။


လာမည့်တိုက်ပွဲက ဘဝအသစ်တွင် ပထမဆုံး တိုက်ပွဲဖြစ်သည်။


သူ၏ ရှစ်ရှုန်းများ မသိသည်က အစီအရင်၏ တစ်ဖက်ခြမ်းတွင် သေခြင်းရှင်ခြင်းကြား ခါးသီးစွာဖြင့် ရုန်းကန်နေရမည်ကို ဖြစ်သည်။


[သူ၏ အာရုံငါးပါးက တဖြည်းဖြည်း ပြန်လည်ရရှိလာလေသည်။ ကျွင်းယန်ကျစ်က တိုက်ခိုက်နေသံနှင့် အော်ဟစ်သံများကို ကြားလိုက်ရ၏။ သူက ရုတ်တရက် လဲကျသွားပြီး စိုးရိမ်ကြောက်ရွံ့မှုကို ခံစားလိုက်ရလေသည်။ မျက်လုံးကို မြန်မြန်ဖွင့်ကြည့်လိုက်ချိန်တွင် အပြင်းအထန် ဒဏ်ရာရနေသော ကျိခယ့်ချင်းထံသို့ ဓားသွားတစ်ချောင်းက ပျံသန်းသွားသည်ကို မြင်လိုက်ရလေ၏။ ကျွင်းယန်ကျစ်က လက်ထဲတွင် ဝိညာဉ်စွမ်းအားကို စုစည်းလိုက်ပြီး ဓားအား ဦးတည်ချက်ပြောင်းသွားစေရန် ပစ်လိုက်သည်။ ကျိခယ့်ချင်း၏ ရင်ဘတ်တွင် သွေးများစိုရွှဲနေလေ၏။ ကျွင်းယန်ကျစ်က မျက်မှောင်ကြုတ်ထားပြီး မြန်မြန်ပြေးသွားက ကျိခယ့်ချင်းကို ချီလိုက်ပြီး ရုတ်ရုတ်သဲသဲ အခြေအနေကြားမှ ခေါ်ထုတ်လာလိုက်လေသည်။]


‘သက်ရှိတိုင်းအတွက် ကပ်ဘေးတစ်ခု’ အပိုင်း(၄၂) မှ ကောက်နုတ်ချက်ဖြစ်သည်။



⛰️⛰️⛰️