Ch 20
Viewers 3k

⛰️Chapter - 20

သွမ့်ရွှမ်၏ သဘောထား



သွမ့်ရွှမ်၏ တပည့်များအပေါ်  ကျင့်ကြံဆင့် စစ်ဆေးချင်သည့် ကျေးဇူးကြောင့် မည်သူမှ ပေါ့ပေါ့တန်တန် မနေရဲတော့ပေ။ လူတိုင်းက သူတို့အိမ်သို့ပြန်ပြီး ကျင်ကြံနေကြလေသည်။


နောက်တစ်နေ့ မနက်အ‌စောပိုင်းတွင် ကောင်းကင်က မှင်ကဲ့သို့ ‌မည်းမှောင်လျက်ရှိနေ၏။ ဝမ်ကျင်းက အဝတ်အစားလဲကာ ခန်းမဆောင်သို့သွားလိုက်လေသည်။ 


ခန်းမထဲတွင် လူငါးယောက် ခြောက်ယောက်ခန့်က ပူပန်စွာဖြင့် သူတို့၏ ရှစ်ဖူကိုစောင့်နေကြလေ၏။


‘သက်ရှိတိုင်းအတွက် ကပ်ဘေးတစ်ခု’ တွင် သွမ့်ရွှမ်က ထင်မြင်ချက်အမျိုးမျိုး အပေးခံရသူဖြစ်သည်။ စာဖတ်သူအချို့က သူ၏ ဖြောင့်မတ်သော စရိုက်ကို သဘောကျသော်လည်း အချို့မှာ သူ၏ တပည့်များအပေါ် တာဝန်မဲ့သည်ဟု ခံစားကြရပြီး သူ့အားအမြောက်စာဇာတ်ကောင်ဟု ထင်ကြေးပေးကြလေသည်။


အစာပိုင်းတွင် ဝမ်ကျင်းက သူ့အပေါ် အကောင်းမမြင်သော်လည်း ‘ရေတွင်ရနံ့မရှိ’ဟု အမည်ရသည့် စာဖတ်သူ တစ်ယောက်က သွမ့်ရွှမ်နှင့် ပတ်သက်သမျှ စာပိုဒ်များကို စုစည်းကာ သေချာခွဲခြမ်းစိတ်ဖြာထားခဲ့သည်။ ထို့နောက်တွင် ဝမ်ကျင်း၏ အမြင်များက ပြောင်းလဲသွားလေသည်။


‘သွမ့်ရွှမ်၏သဘောထား’ ဟု အမည်ရသည့် စာပိုဒ်က စာလုံးရေ လေးထောင်အထက်ရှိပြီး ဖတ်ရကောင်းလေ၏။


[ “သွမ့်ရွှမ်ရဲ့ အကြီးမားဆုံးအပြစ်တွေက တာဝန်မဲ့တာ၊ လျစ်လျူရှုတာ၊ တပည့်တွေရဲ့ ကျင့်ကြံဆင့်အပေါ်မှာ သေချာမကြည့်ရှုပေးတာ... အဲ့ဒါအမှန်လားဆိုတာ ကြည့်လိုက်...”


အပိုင်း(၃၄)တွင် 

(ကျွင်းယန်ကျစ်က အဆင့်(၄)ရှိသည့် ‘အစစ်အမှန်ယန်ဓားလျှို့ဝှက်ချက်’ကို သုံးခဲ့သည်။ ဓား၏အစွန်းက သွမ့်ရွှမ်၏ တစ်ကိုယ်လုံးကို ကာကွယ်ပေးထားသော ဝိညာဉ်စွမ်းအားနှင့် တိုက်မိသွားလေ၏။ သွမ့်ရွှမ်က သူ့ကို အေးစက်စွာကြည့်လိုက်သည်။ ဝိညာဉ်စွမ်းအားများ ထွက်လာပြီး သတ္တုပျက်စီးသွားသည့်အသံ ထွက်လာကာ ဓားက လေးပိုင်းကျိုးသွားလေသည်။ ကျွင်းယန်ကျစ်က မြေကြီးပေါ်ရှိ ကျိုးနေသောဓားကို ကြည့်ကာ သိမြင်နားလည်မှုတစ်ခုရသွားလေသည်။)


“ဒီအပိုင်းမှာဆို ကြည့်လိုက်... သူက အရမ်းရက်စက်တယ်... သူ့တပည့် လေ့ကျင့်နေတဲ့အချိန်မှာတောင် ဓားကို ဖျက်ဆီးပစ်တယ်... ဒါပေမဲ့ ကျွင်းယန်ကျစ်ရဲ့ သိမြင်နားလည်တယ်ဆိုတာက ဘာကိုသိမြင်သွားတာလဲ... ပြီးတော့ ဒီမှာထပ်ကြည့်လိုက်...”


အပိုင်း(၉၈) 

(နာကြည်းနေသော ကျင့်ကြံသူက မြှောက်ထားသည့် အနီရောင်ဓားရှည်ကို ရမ်းကာ ပြောလိုက်သည်။

“ငါ ဓားကို မသုံးရင်တောင် မင်းကို အပိုင်းပိုင်း ခုတ်ပစ်လို့ရတယ်...”


သူပြောပြီးနောက် ဘေးရှိ တပည့်တစ်ယောက်၏ ဓားရှည်ကို ဆွဲယူလိုက်ပြီး ကျွင်းယန်ကျစ်ထံ ပြေးသွားလေသည်။ ကျွင်းယန်ကျစ်က ညာဘက်လက်ဖြင့် ဓား၏လက်ကိုင်ကို သေချာဆုပ်ကိုင်ထား၏။ သူက အလျင်စလို မပြေးသွားဘဲ ဝိညာဉ်စွမ်းအားဖြင့် ခန္ဓာကိုယ်ကို ကာကွယ်ထားကာ ခုခံရန် ကြိုးစားလိုက်သည်။ တစ်ခဏကြာပြီးနောက် ဓားက ရုတ်တရက် ပျံသန်းသွားလေသည်။ ၎င်းက လျှပ်စီးကဲ့သို့ လျင်မြန်ပြီး တစ်ဖက်လူထံသို့ ပြေးသွားကာ သတ္တုနှစ်ခု ထိခတ်သံက ပေါ်လာလေ၏။ နာကြည်းနေသော ကျင့်ကြံသူ၏ ဓားရှည်က နှစ်ပိုင်းကျိုးသွားလေသည်။)


သူ့ရဲ့လှုပ်ရှားမှုက သွမ့်ရွှမ်နဲ့ ဆင်နေတယ်လို့ မင်းတို့မထင်ဘူးလား... ငါတော့ထင်တယ်... 


ကျွင်းယန်ကျစ်က ဟွေ့ရှစ်တောင်ထိပ်မှာ နားလည်သဘောပေါက်နိုင်စွမ်း အရှိဆုံးလူပဲ... သူ့ရဲ့ သိမြင်နားလည်သွားတယ်ဆိုတာက ပုံမှန်မဟုတ်ဘူး... သူက သွမ့်ရွှမ်သင်ပေးဖို့ ကြိုးစားနေတာကို နားလည်သွားတယ်လို့ ထင်တာပဲ... မင်းတို့ မယုံကြည်နိုင်ဘူးလို့ ခံစားနေရရင် ဒီမှာနောက်တစ်ခုရှိတယ်...


အပိုင်း(၁၀၁)

(ကျွင်းယန်ကျစ်က ပြောသည်။

“ဓားတွေအားလုံးမှာ ချို့ယွင်းချက်တွေရှိတယ်... အရည်အသွေးနိမ့်လေ ချို့ယွင်းချက်တွေက သိသာလေပဲ... တိုက်ခိုက်နေတဲ့အချိန် ဝိညာဉ်စွမ်းအားတွေကို စစ်ဆေးပြီး ဒီအားနည်းချက်တွေကို ရှာတွေ့သွားရင် အသုံးပြုနိုင်တယ်...”


ကွေ့ရှင်းပိက မနာလိုစွာ ပြောလိုက်သည်။

“ရှစ်ရှုန်း(၄)ရဲ့ နားလည်နိုင်စွမ်းကတော့ တကယ်မြင့်တာပဲ... ကျွန်တော်ဆို ဘယ်လိုလုပ်ရမလဲမသိဘူး...”


ကျွင်းယန်ကျစ်က ပြောလိုက်သည်။

“ဒါက ရှစ်ဖူသင်ပေးထားတာ...”)


“နောက်တစ်နည်းပြောရရင် အပိုင်း(၁၀၀)ပတ်ဝန်းကျင်မှာရှိတဲ့ အကြောင်းအရာတွေရဲ့ အခြေခံက အပိုင်း(၃၇)မှာရှိနေတာပဲ... ဒီမှာ နောက်ထပ် ဥပမာတွေလည်း ရှိသေးတယ်... “


“ဘာလို့ သွမ့်ရွှမ်က တပည့်တွေကို တိုက်ရိုက်မသင်ပေးတာလဲ... တခြားအကြောင်းပြချက်တွေ ရှိတယ်လို့ ငါထင်တယ်... “


“ပထမဆုံးတစ်ခုက သူက အရမ်းထက်မြက်လို့... “


“ဥပမာအနေနဲ့ မူလတန်း၊ အလယ်တန်းမှာရှိတဲ့ ဆရာဆရာမတွေက သင်ကြားပေးဖို့ ကောင်းကောင်း လေ့ကျင့်ခံထားရပြီးတော့ ရှုပ်ထွေးတဲ့ အကြောင်းအရာတွေကို အရိုးရှင်းဆုံးနည်းလမ်းနဲ့ သင်ပေးနိုင်တဲ့ အရည်အချင်းတွေ လိုအပ်တယ်... တက္ကသိုလ်က ဉာဏ်ကြီးရှင် ပရော်ဖက်ဆာ ဘယ်နှစ်ယောက်ကများ ကောင်းကောင်း သင်နိုင်လို့လဲ... မရှိသလောက်ပဲမလား... ဘာပဲဖြစ်ဖြစ် ငါတော့ မမြင်ဖူးဘူး... “


“သွမ့်ရွှမ်က အသက်အငယ်ဆုံးရွှေရောင်ဗဟိုချက် ကျင့်ကြံသူဖြစ်ပြီးတော့... သူ့ရဲ့ ပင်ကိုစရိုက်က အေးစက်ပြီးတော့ သူများနဲ့မတူတာမလို့ သင်ကြားပေးဖို့ ဘယ်တုန်းကမှ မသင်ယူခဲ့တာက မထူးဆန်းဘူး...”


“ဒုတိယတစ်ခုအနေနဲ့ နောက်ဆုံးအပိုင်းတွေကို ကြည့်ကြည့်... “


အပိုင်း(၂၆၃)

(ရှစ်ဖူလုကျန့်က ပြောခဲ့သည်။

“ကျင့်ကြံသူတွေက သူတို့ရဲ့ ကိုယ်ပိုင်အတွေ့အကြုံကနေ သင်ယူတတ်ရမယ်... မင်းတို့ နားမလည်လေလေ မင်းတို့အရိုးထဲထိ စွဲနေအောင် သင်ယူဖို့ ခက်ခဲလေလေပဲ... တခြားလူတွေက မင်းကို အစကနေ ရှင်းပြသင်ပြနေရင် ဘယ်တော့မှ လမ်းလွဲမှာ မဟုတ်ဘူး... ဒါပေမဲ့ အနားမှာ ရှင်းပြဖို့ ဘယ်သူမှမရှိတော့တဲ့အချိန်ကျရင် မင်းက အခက်အခဲတွေကို ရင်ဆိုင်ရလိမ့်မယ်...”)


“အဲ့စာပိုဒ်က တော်တော် စိတ်ဝင်စားဖို့ကောင်းတယ်... သူပြောတာက ‘မင်းတို့ အတင်းအကျပ် သင်လို့မရဘူး... ကျောင်းသားတွေကို သူတို့ကိုယ်ပိုင်ဉာဏ် သုံးခိုင်းပြီး ကိုယ့်ဘာသာတွေးတတ်ဖို့ သင်ကြားပေးရမှာ…’ “


“လုကျန့်ရဲ့ အဆင့်အတန်းနဲ့ အဲ့ဒီစကားတွေက သူ သွမ့်ရွှမ်အပေါ် ဘယ်လောက် လွှမ်းမိုးမှုရှိလဲဆိုတာ ပြနေတယ်…”


“အဲ့ဒါကြောင့် သွမ့်ရွှမ်ရဲ့ အမူအကျင့်တွေဖြစ်တဲ့ ခင်မင်မှုတွေကိုငြင်းပယ်တာ၊ တခြားတောင်ထိပ်က ဆရာတွေလို တပည့်တွေရဲ့ ကျင့်ကြံဆင့်ကို မကြည့်ပေးတာ၊ ဟွေ့ရှစ်တောင်ထိပ်ရဲ့ သန်မာမှုအပေါ် ဂရုမစိုက်တာက အကျိုးအကြောင်းခိုင်လုံတယ်လို့ ထင်တာပဲ… တပည့်တွေရဲ့ ကျင့်ကြံမှုကို လျစ်လျူရှုထားလို့ သူ့ကိုအပြစ်တင်မယ်ဆိုရင် မှားတယ်လို့ပြောလို့ရတယ်…”]


‘သွမ့်ရွှမ်၏သဘောထား’ မှ ကောက်နုတ်ချက်ဖြစ်သည်။


ဒီလိုလူမျိုးကို စနစ်က ကိုယ်ကျင့်တရားအမှတ် -၂၄၃ မှတ် ပေးထားတော့ တော်တော်ဆွံ့အသွားတယ်…


ကျွင်းယန်ကျစ်က မဝေးသည့်နေရာတွင်ရပ်နေပြီး ဝမ်ကျင်းကို တိတ်တဆိတ် ကြည့်နေလေသည်။


တပည့်အချို့က စိုးရိမ်ပူပန်နေကြလေ၏။ ကွေ့ရှင်းပိက ပြောလိုက်သည်။

“မနှစ်က ရှစ်ဖူဆီက ခေါင်းအစခြေအဆုံး အရိုက်ခံခဲ့ရတာ… ဒီနှစ်တော့ အရမ်းမနာပါစေနဲ့လို့ မျှော်လင့်ရတာပဲ…”


လီရှုက စိတ်ကုန်စွာ ပြောလိုက်သည်။

“အနည်းဆုံးတော့ ရှစ်ဖူက ရှစ်ရှုန်းကို စိတ်ဆိုးသေးတာပဲ… ကျွန်တော်နဲ့ ရှစ်တိ(၈)ကိုဆို ရှစ်ဖူက ဘာမှတောင် သင်မပေးဘူး…”


ဒြပ်စင်ငါးမျိုးရှိသော အချည်းနှီးဝိညာဉ်ဇစ်မြစ်ပိုင်ရှင်အနေဖြင့် သူက တိုက်ခိုက်ရန် ဆန္ဒရှိသော်လည်း အခြားလူများက စိတ်ရှုပ်မခံချင်ကြပေ။


တစ်ခဏကြာပြီးနောက် ကျန်နေသော တပည့်များက တစ်ယောက်ပြီးတစ်ယောက် ရောက်လာကာ သွမ့်ရွှမ်ကို ရပ်စောင့်နေကြလေသည်။


နောက်ဆုံးတွင် ကောင်းကင်က လင်းထိန်လာပြီး မီးခိုးရောင်ဝတ်စုံဝတ်ထားသည့် လူတစ်ယောက်က ပျံသန်းကာ ဝင်လာလေသည်။


သူက တည်တည်ငြိမ်ငြိမ်ဖြင့် အလျင်မလိုဘဲ လျိုချန်မော့ကို ခေါ်ထုတ်လိုက်ပြီးနောက် စကားတစ်ခွန်းမှ မပြောဘဲ ခန်းမဆောင်ထဲတွင် သူတို့က စတင်တိုက်ခိုက်လေသည်။


ဝမ်ကျင်းက ယနေ့တွင် တိုက်ခိုက်ရန် မလိုပေ။ သူက ပျော်ရွှင်စွာဖြင့် လူနှစ်ယောက်တိုက်ခိုက်နေသည်ကို ကြည့်နေလေသည်။


တစ်နာရီခန့် တိုက်ခိုက်ပြီးနောက် လျိုချန်မော့ထွက်ကာ ဟယ့်လင်က ဝင်လာလေသည်။


အချိန်က တဖြည်းဖြည်းကုန်ဆုံးသွားပြီး ဝမ်ကျင်းက စိတ်ဝင်စားစွာဖြင့် ကြည့်နေလေသည်။


သွမ့်ရွှမ်က ကျွင်းယန်ကျစ်အား သင်ကြားပေးသည့်အခန်းကို မရေမရာဖြင့် ရေးသားထားခဲ့သည်။ သို့ရာတွင် ၎င်းက အခုအချိန်၌ သူ့ရှေ့တွင် ဖြစ်ပျက်နေပြီး ပိုရှုပ်ထွေးလေ၏။


ဝမ်ကျင်းက မျက်တောင်မခတ် ကြည့်နေသော်လည်း ကျွင်းယန်ကျစ်၏ နားလည်သိရှိသွားခြင်းကို မမြင်နိုင်ပေ။


သူက ‘ရေတွင်ရနံ့မရှိ’ကဲ့သို့ ဖြစ်ပုံမရပေ။ လှုပ်ရှားမှုများက ရပ်သွားလျှင်ပင် ကျွင်းယန်ကျစ်၏ ဓားက ကျိုးသွားသည်ကိုသာ သူမြင်နိုင်လေသည်။ သူ့တစ်ဘဝလုံး ကြိုးစားလျှင်ပင် တူညီသောကိစ္စကို ဖြစ်မြောက်မည်မဟုတ်ပေ။


ဆောင်းရာသီရက်များက နေ့တာတိုလေသည်။ တပည့်ခုနှစ်ယောက် တိုက်ခိုက်ပြီးသောအခါ ကောင်းကင်က မှောင်ရီပျိုးလာလေ၏။


သွမ့်ရွှမ်က မှောင်ရီပျိုးနေသော ကောင်းကင်ကို မော့ကြည့်လိုက်ပြီးနောက် ခပ်ဖွဖွမျက်မှောင်ကြုတ်ကာ ကျန်နေသော လီရှု၊ မော့ရှောက်ယန်နှင့် ဝမ်ကျင်းတို့ဘက်သို့ လှည့်ကာ ပြောလိုက်သည်။

“မင်းတို့သုံးယောက် ထွက်လာခဲ့…”


“ဟုတ်ကဲ့…”


လီရှုနှင့် မော့ရှောက်ယန်က စိတ်လှုပ်ရှားသွားပြီး ချက်ချင်း ထွက်လာလေ၏။ ဝမ်ကျင်းကမူ အာရုံမစိုက်သဖြင့် သူတို့နောက်မှသာ ထွက်လာလေသည်။


သူတို့က မည်သည့်ဓားသိုင်းမှ မသင်ရသေးဘဲ အလင်းထိုးဖောက်သိုင်းကိုသာ တတ်မြောက်လေသည်။ ဝိညာဉ်စွမ်းအားသုံးခုက အတူတကွ သွမ့်ရွှမ်ထံသို့ ပျံသန်းသွားလေ၏။


အလင်းထိုးဖောက်သိုင်းက ရိုးရှင်းသော သိုင်းပညာဖြစ်သော်လည်း ကျင့်ကြံသူတစ်ယောက်က ချွန်ထက်သော ပုံစံကို ဖန်တီးလျှင် မရိုးရှင်းတော့ချေ။ ၎င်းက ပုံမှန်ကျင့်ကြံရန် လိုအပ်လေသည်။ သွမ့်ရွှမ်က မျက်မှောင်ကြုတ်လိုက်ပြီး သူတို့သုံးယောက်၏ ဝိညာဉ်စွမ်းအားကို အလွယ်တကူစုစည်းလိုက်ပြီးနောက် သူတို့ထံ ပြန်ပစ်လိုက်၏။ ဝိညာဉ်စွမ်းအားက သူတို့သုံးယောက်၏ မျက်လုံးများထံသို့ ပျံသန်းသွားလေသည်။


“ရှစ်ဖူ…”

လျိုချန်မော့က အထိတ်တလန့်ဖြင့် အော်လိုက်၏။


သုံးယောက်သားက ထိတ်လန့်ပြီး ရှောင်ရန် ကြိုးစားလိုက်သော်လည်း ခေါင်းကိုရိုက်မိသွားပြီး နောက်သို့ လဲကျသွားလေသည်။ နာကျင်မှုကြောင့် အော်ဟစ်သံက တစ်သံပြီးတစ်သံ ထွက်လာလေသည်။ လီရှု၏နှဖူး၊ မော့ရှောက်ယန်၏နှာခေါင်းနှင့် ဝမ်ကျင်း၏ပါးတို့က တဖြည်းဖြည်းနီရဲလာပြီးနောက် သူတို့က နားမလည်နိုင်စွာဖြင့် ထရပ်လိုက်ကြ၏။


အလွန်ပြင်းထန်သော ဝိညာဉ်စွမ်းအားတစ်ခုက သူတို့၏မျက်လုံးကို တိုက်ခိုက်ရန် ရည်ရွယ်ခဲ့လေသည်။


ဝမ်ကျင်းက ဖူးယောင်နေသည့်ပါးကို ပွတ်လိုက်ပြီးနောက် မျက်ရည်များကိုသုတ်ကာ ဦးညွှတ်ပြီး ပြောလိုက်သည်။

“ရှစ်ဖူ သင်ကြားပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်...”


လီရှုနှင့် မော့ရှောက်ယန်ကလည်း ဒဏ်ရာများကို အုပ်ကိုင်ကာ ကျေးဇူးတင်လိုက်သည်။


သွမ့်ရွှမ်က ဝမ်ကျင်းကို အေးစက်စွာဖြင့် ကြည့်နေပြီး သူ၏အမူအရာက အနည်းငယ် ထူးဆန်းနေလေသည်။

“မင်း... ဒီကိုလာခဲ့...”


ဝမ်ကျင်းက ချက်ချင်း ထိတ်လန့်သွား၏။


ငါ ဘာလုပ်ရမှာလဲ...

ဝမ်ကျင်းက မလှုပ်ဘဲ မတ်တပ်ရပ်နေလေ၏။ ၎င်းကို သွမ့်ရွှမ် မြင်သောအခါ စိတ်မရှည်ဖြစ်လာပြီး အသံက ပိုပြီးအေးစက်လာလေသည်။

“အငယ်ဆုံးတစ်ယောက်...”


ဝမ်ကျင်းက ဘေးဘီကို ကြည့်လိုက်ပြီးနောက် သူက အငယ်ဆုံးဆိုသည်ကို အမှတ်ရသွားသည်။ ထို့နောက် တုံ့ဆိုင်းစွာဖြင့် ထွက်လာလိုက်လေသည်။


သွမ့်ရွှမ်က သူ၏ လက်မောင်းကို ကိုင်လိုက်ပြီးနောက် ပြင်းထန်သည့် ဝိညာဉ်စွမ်းအားစီးကြောင်းတစ်ခုက ထွက်လာလေသည်။


ခန်းမတစ်ခုလုံးက တိတ်ဆိတ်နေ၏။


အချိန်အတော်ကြာပြီးနောက် သွမ့်ရွှမ်က ဝမ်ကျင်းအား အေးစက်စွာ ကြည့်ကာ ရုတ်တရက် ပြောလိုက်သည်။

“ချန့်မော့...”


“ရှစ်ဖူ...”

လျိုချန်မော့က ချက်ချင်း ရှေ့သို့ ထွက်လာလေသည်။


“ဒီဆောင်းရာသီမှာ နေ့တိုင်း သူ့ကို တစ်နေ့ ၈ နာရီ ရေခဲစမ်းချောင်းထဲမှာ စိမ်ခိုင်းလိုက်...”


သွမ့်ရွှမ်က ဝမ်ကျင်း၏ လက်မောင်းကို လွှတ်လိုက်ပြီးနောက် တင်းမာသော အမူအရာ ပြန်ဖြစ်သွားလေသည်။


လူတိုင်းက ထိတ်လန့်သွား၏။


ဝမ်ကျင်းက အလွန်နောင်တရနေလေသည်။


“ဟုတ်ကဲ့...”


လျိုချန်မော့က ဘာလုပ်ရမည်ကို မသိသဖြင့် ရွေးချယ်စရာမရှိဘဲ အမိန့်နာခံလိုက်သည်။ ထို့နောက် သူက မေးလိုက်၏။

“ရှစ်ဖူ... ဒီတပည့်က ဟွေ့ရှစ်တောင်ထိပ်နဲ့ပတ်သက်ပြီး တင်ပြစရာတွေ ရှိပါတယ်... အချိန်ခဏလောက် ရနိုင်မလား...”


သွမ့်ရွှမ်က ခပ်ဖွဖွ မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။

“ဒီကိစ္စတွေကို မင်းလက်ထဲပဲ လွှဲထားလိုက်မယ်...”


ပြောပြီးနောက် သူက ချက်ချင်း ခန်းမအပြင်ဘက်သို့ ထွက်ကာ ပျံသန်းသွားလေသည်။


လျိုချန်မော့က အဝေးရှိ ပုံရိပ်ကိုကြည့်ကာ အတွေးများက မှုန်မှိုင်းနေပြီး ပြန်ပြောလိုက်လေ၏။

“နားလည်ပါပြီ...”



⛰️⛰️⛰️