⛰️Chapter - 19
ကျွန်တော့်မှာ တတိယယန်ခန္ဓာကိုယ်ရှိတယ်
အားလပ်ရက်တွေ ရောက်တဲ့အချိန်ကျရင် မိသားစုကို ငါအရမ်းလွမ်းတယ်… အထူးသဖြင့် နှစ်သစ်ကူးပွဲတော်လို ရက်မျိုးမှာဆိုရင်ပေါ့…
အခုလိုမျိုး ရေခဲလိုအေးတဲ့ စမ်းချောင်းထဲရောက်နေရင်တော့ ပြောစရာကိုမလိုတော့ဘူး…
ဘေးပတ်ပတ်လည်တွင် ထင်းရှူးပင်များ ဝန်းရံထားပြီး အကိုင်းအခတ်များက ရေခဲများဖုံးလွှမ်းနေကာ ရေခဲပန်းဆွဲများ ဖြစ်နေလေသည်။ အနည်းငယ် လှမ်းသည့်နေရာတွင် ဟွေ့ရှစ်တောင်ထိပ်၏ အထွတ်အမြတ်ဖြစ်သည့် ချင်ရှုဇီ၏ ရုပ်ထုကျောက်တိုင်ကို မြင်နေရလေသည်။ ဤမြင်ကွင်းက အမှန်ပင် မသေမျိုးနယ်မြေကို မြင်တွေ့နေရသကဲ့သို့ ဖြစ်လေသည်။
ကံမကောင်းစွာဖြင့် ဘောင်းဘီသာဝတ်ထားပြီး စမ်းချောင်းထဲတွင် ရပ်နေရသော ဝမ်ကျင်းအတွက်မူ ထိုမြင်ကွင်းက အသုံးမဝင်ချေ။ သွားများက တခိုက်ခိုက်တုန်လာပြီး အသားအရေက ဖြူဖျော့လာကာ ညည်းညူနေလေသည်။
အရမ်းရက်စက်တာပဲ…
ရှစ်ရှုန်းများက ဤနေရာသို့ လေ့ကျင့်ရန်လာကြသော်လည်း နှစ်သစ်ကူးနေ့တွင် ဖက်ထုပ်များ စားနေကြလေသည်။
ဤစမ်းချောင်း၏ တမူထူးခြားသော သဘာဝမှာ လုံးဝအေးခဲသွားခြင်းမရှိဘဲ အရိုးထိအောင် အေးခြင်းဖြစ်သည်။ ချီသန့်စင်ခြင်း အဆင့်(၆)သာရှိသော ကျင့်ကြံသူတစ်ယောက်အနေဖြင့် အအေးဓာတ်ကို ခံနိုင်ရည်ရှိရန် ခက်ခဲလှပြီး အေးခဲသွားရန်လည်း မဖြစ်နိုင်ချေ။
လူတစ်ယောက်က သက်ရောက်မှုများကို ခုခံရန် စိတ်ဝိညာဉ်စွမ်းအားများကို အလိုအလျောက် ထုတ်လွှတ်မည်ဖြစ်သဖြင့် ၎င်းက ကျင့်ကြံဆင့်တက်ရာတွင် တဖြည်းဖြည်း အကူအညီဖြစ်လေသည်။ ဤရေခဲစမ်းချောင်းထဲတွင် တစ်လထက်ပိုပြီး စိမ်ပါက မည်ကဲ့သို့တိုးတက်မှုများ ဖြစ်လာမည်ကို ဝမ်ကျင်းသိချင်နေလေ၏။
သို့ရာတွင် ဤကဲ့သို့ ကျင်ကြံခြင်းနည်းလမ်းက ပြောရန် အလွန်ခါးသီးလှလေသည်။ လူတစ်ယောက်က အခြားသော ရွေးချယ်မှု မရှိတော့မှသာလျှင် ဤကဲ့သို့ ကိုယ့်ကိုယ်ကိုယ် နှိပ်စက်သော နည်းလမ်းကို အသုံးပြုမည်ဖြစ်သည်။ ဥပမာအားဖြင့် နှပ်ထားသော နှင်းတောင်ကျောက်စိမ်းဂျင်ဆင်း လက်ဖက်ရည်က လူတစ်ယောက်၏ ကျင့်ကြံဆင့်ကို အလျင်အမြန် တိုးလာစေလေသည်။
ဤသွမ့်ရွှမ်က အလွန် အကြင်နာမဲ့သည်ဟု ဆိုနိုင်လေ၏။
သူက မနက်အစောပိုင်းမှ ညနေအထိ ရေခဲစမ်းချောင်းထဲတွင် အပိတ်ခံထားရသည်။ သူ့ဗိုက်ကလည်း အသံမြည်နေပြီး လျိုချန်မော့တစ်ယောက်သာ သူ့အား တစ်ခေါက်လာကြည့်ပြီး ထမင်းကျွေးသဖြင့် သူ၏ ခိုကိုးရာမဲ့နေသော နှလုံးသားလေးမှာ ထိရှသွားလေ၏။
ယခုအချိန်တွင် သူ၏ ရှစ်ရှုန်းများက ရက်စက်သည့်ရှစ်ဖူနှင့် နှစ်သစ်ကူးညစာကို စားနေကြလေ၏။ မည်သူကမှ သူ့ကို စားစရာလာမပို့ရဲချေ။
ဝမ်ကျင်း၏ ရင်ထဲ၌ လက်မခံနိုင်ဖြစ်နေလေသည်။ နှစ်သစ်ကူးနေ့တွင် သူတစ်ယောက်တည်းသာ ဒုက္ခခံစားနေရပြီး အားလုံးက နွေးနွေးထွေးထွေးဖြင့် အတူတကွ ရှိနေကြလေသည်။
အခြားလူများ၏ ကိစ္စတွင် ဝင်မပါဘဲ သူ့အိမ်ရှေ့ရှိ နှင်းများကိုသာ လှဲကျင်းနေခဲ့သင့်သည်။ သွမ့်ရွှမ်က သူ့အား မည်သည့်အမှန်တရားကို နားလည်စေချင်သည်ကို သူ မသိပေ။
သူရဲကောင်းလုပ်ခြင်းက လုပ်နေစဉ်တွင် အလွန်စိတ်လှုပ်ရှားဖွယ်ကောင်းသော်လည်း ယခု ကြုံတွေ့နေရသော အခက်အခဲများက သူ၏ စိတ်လိုက်မာန်ပါ လုပ်ဆောင်ခြင်းများကို တားဆီးရန် လုံလောက်လေသည်။
ယခုအချိန်တွင် သူက အပြစ်ပေးခံနေရသော်လည်း ထိုမြွေကြီးက မသိကျေးကျွန်ပြုနေလေ၏။
သွမ့်ရွှမ်လိုချင်တာ ဒါလား…
ကောင်းကင်က မှောင်ရီပျိုးလာပြီး သစ်ပင်များက အမှောင်ထဲတွင် တဖြည်းဖြည်း ပျောက်ကွယ်လာလေသည်။ ဝမ်ကျင်း၏နှုတ်ခမ်းများမှာ လုံးဝပြာနှမ်းလာလေ၏။
အရမ်းအေးတယ်… မျက်စိမှိတ်ချင်လာပြီ…
အချိန်မည်မျှကြာသွားသည်ကို သူ မသိပေ။ ရုတ်တရက်နွေးထွေးသော အထိအတွေ့တစ်ခုက ပခုံးပေါ်တွင် ပျံ့နှံ့လာပြီး ဖြည်းဖြည်းချင်း တစ်ကိုယ်လုံး နွေးထွေးလာလေသည်။
ဝမ်ကျင်းက ချက်ချင်းနိုးကြားသွားပြီး ပခုံးပေါ်ရှိလက်ကို ဆုပ်ကိုင်လိုက်၏။
“ဘယ်သူလဲ…”
အမှောင်ထုက ကြီးစိုးနေ၏။ ဝမ်ကျင်းက ရှင်းရှင်းလင်းလင်း မမြင်ရဘဲ တစ်ယောက်ယောက်က ချောင်းနံဘေးတွင် ထိုင်နေသည်ကိုသာ မြင်ရလေသည်။ တစ်ဖက်လူ၏လက်က ရှည်လျားသွယ်လျနေပြီး အနည်းငယ် အသားမာတက်နေကာ အလွန်ဆွဲဆောင်မှု ရှိလေ၏။
ချောင်းဘေးမှ လူတစ်ယောက်၏ အသံတိုးတိုးက ထွက်လာလေသည်။ သူ၏ အသံက နွေးထွေးနူးညံ့နေပြီး စိတ်အေးစေသော ခံစားချက်ဖြင့် ပြောလေ၏။
“လုရှစ်တိ…“
“ကျွင်း… ကျွင်းရှစ်ရှုန်းလား…”
ဝမ်ကျင်းက အနည်းငယ် ခိုကိုးရာမဲ့နေသကဲ့သို့ ခံစားနေရလေသည်။
“ရှစ်ရှုန်း ဒီမှာ ဘာလုပ်နေတာလဲ…”
အမှောင်ထဲတွင် မည်သူကမှ စကားမပြောသော်လည်း သွယ်လျသော လက်များကမူ တဖြည်းဖြည်း ပြန်ဆုတ်သွားလေသည်။ ထို့နောက် ပန်းကန်လုံးနှင့်ဇွန်း ထိခတ်သံက ထွက်ပေါ်လာပြီး အငွေ့ထောင်းထောင်းထနေသည့် တစ်စုံတစ်ခုက သူ့ရှေ့သို့ ရောက်လာလေသည်။
“အကြီးဆုံးရှစ်ရှုန်းက လာလို့မရပေမဲ့ ကိုယ့်ကိုတော့ ဖက်ထုပ်လာပို့ခွင့်ပြုလိုက်တယ်…”
ဝမ်ကျင်းမှာ တောက်ပနေသော မျက်ဝန်းများဖြင့် ချောင်းဘေးရှိ ဖက်ထုပ်ပန်းကန်ကို လက်လှမ်းလိုက်သည်။ သူ၏ ရှစ်ရှုန်းများက သူ့ကိုမမေ့ချေ။ ကျွင်းရှစ်ရှုန်းက သူ့အား ဖက်ထုပ်လာပို့ပေးလေ၏။
“အင်း… ကျွင်းရှစ်ရှုန်း… ကျွန်တော်နေလို့မကောင်းဘူး…”
သူ့အသံက မကြည်မလင်ဖြစ်နေပြီး အနည်းငယ် စိတ်အားငယ်နေလေသည်။
ကျွင်းယန်ကျစ်က နွေးထွေးစွာပြောလိုက်သည်။
“ရှစ်ဖူက မင်းကို အပြစ်ပေးခဲ့ပေမယ့် ဘာလို့လဲဆိုတာ ကိုယ်တို့လည်း မရှင်းဘူး…”
ဝမ်ကျင်းက အမြန်ပြောလိုက်၏
“ကျွန်တော် ကိုယ့်ဘာသာ သဘောပေါက်ရမယ့် ကိစ္စတစ်ခုရှိတယ်… ရှစ်ဖူရဲ့ ရည်ရွယ်ချက်ကို ကျွန်တော်သိပါတယ်… သူ့မှာ အကြောင်းပြချက်ရှိတယ်…”
“မင်းသိတယ်လား...”
ဝမ်ကျင်းကပြောလိုက်၏။
“ရှစ်ဖူ ကျွန်တော့်ကိုနားလည်စေချင်တာက တခြားလူတွေရဲ့ကိစ္စမှာ ဝင်မပါရဘူးဆိုတာကိုပဲ… ဒီလိုဒုက္ခကို ခံစားပြီးတဲ့အချိန်မှာ ဘယ်သူကမှ ထပ်လုပ်ရဲမှာ မဟုတ်တော့ဘူး…”
“လုရှစ်တိက ဒီလိုတွေးတာပေါ့...”
သူ၏အသံက နူးညံ့ကာ မပြောင်းလဲသွားသော်လည်း နှုတ်ခမ်းထောင့်စွန်းကမူ ကွေးတက်နေလေသည်။
ဝမ်ကျင်းက ကိုယ့်ကိုယ်ကိုယ် ပြန်ပြောနေသည့်ပုံစံဖြင့် ခပ်တိုးတိုးပြောလိုက်သည်။
“ပြီးတော့ ကျွန်တော်က တခြားလူကို လိုက်ကပ်တွယ်နေလို့လည်း ဖြစ်မှာပေါ့… ကျွန်တော်က တစ်ဖက်လူအတွက် အနှောင့်အယှက် ဖြစ်နေမလားမသိဘူး…”
အဲ့နေ့ညက ငါသာ မြွေကြီးကိုသွားမရှာခဲ့ရင် သွမ့်ရွှမ်နဲ့ တည့်တည့်တိုးမှာ မဟုတ်သလို အသတ်ခံရခါနီးလည်း ဖြစ်သွားမှာ မဟုတ်ဘူး… အဲ့မြွေကြီးမှာ နေစရာသားရဲတွင်း ရှိလောက်တယ်… နောင်မှာ ငါတို့မတွေ့တာက ပိုကောင်းလောက်မှာပါ…
အမှောင်ထဲတွင် ဝမ်ကျင်းက အချိန်အတော်ကြာသည်အထိ တိတ်ဆိတ်နေပြီးနောက် ဖက်ထုပ်များကိုစားကာ အရည်ကိုသောက်လိုက်သည်။ ထို့နောက် နှုတ်ခမ်းသပ်လိုက်ပြီး တလေးတစားဖြင့်ပြောလေ၏။
“ကျေးဇူးအများကြီးတင်ပါတယ်… ကျွင်းရှစ်ရှုန်း… ကျွန်တော်ဗိုက်ပြည့်သွားပြီ…”
ကျွင်းယန်ကျစ်က ပန်းကန်လုံးနှင့်တူကို သိမ်းလိုက်ပြီးနောက်ဖြည်းဖြည်းချင်း မတ်တတ်ရပ်လိုက်၏။
“နောက်နှစ်နာရီနေပြီးရင် ထွက်လာလို့ ရပြီလား...”
“ဟုတ်တယ်...”
“ဒါဆို ကိုယ်အရင်သွားတော့မယ်နော်...”
“ကောင်းကောင်းသွားပါ... ကျွင်းရှစ်ရှုန်း...”
ဝမ်ကျင်း၏အသံက တိုးညင်းသွားပြီး ကျွင်းယန်ကျစ်၏ နွေးထွေးသော လေသံကို အတုယူကာ ညင်သာလာလေသည်။
ကျွင်းယန်ကျစ်က အမှန်ပင် ခေါင်းအစအခြေအဆုံး ကောင်းမွန်သူ ဖြစ်၏။ သူ၏ လေသံက သက်တောင့်သက်သာဖြစ်ပြီး နားထောင်ရသည်မှာ သာယာလေသည်။ သူ့စိတ်နေသဘောထား၏ တစ်ဝက်ခန့်မျှရှိလျှင် မြွေကြီးက သူ့(ဝမ်ကျင်း)ကိုပိုပြီး ခင်တွယ်နိုင်လာလောက်လေသည်။
ကျွင်းယန်ကျစ်၏ ခြေသံများက နှင်းထဲတွင် တဖြည်းဖြည်း ပျောက်ကွယ်သွားကာ ပတ်ဝန်းကျင်က တိတ်ဆိတ်လာပြန်လေသည်။
ရေခဲစမ်းချောင်း၏ အအေးဓာတ်က အရိုးထဲထိ ထိုးဖောက်နေပြီး ဝမ်ကျင်း၏သွားများက တစ်ခိုက်ခိုက်တုန်နေကာ နောက်ဆုံးနှစ်နာရီကို ကုန်ဆုံးရန် စောင့်နေလေသည်။
စောင့်နေရသည့် အချိန်အပိုင်းခြားက အလွန်ကြာမြင့်လေ၏။
ရုတ်တရက် တောထဲမှ တရှဲရှဲမြည်သံများ ဆက်တိုက်ထွက်ပေါ်လာပြီး တစ်စုံတစ်ခုက နှင်းထဲမှ ပေါ်လာလေသည်။
ဝမ်ကျင်းက စိုးရိမ်နေ၏။
“မင်း ဘာလို့ရောက်လာတာလဲ…”
သူ့စကားမဆုံးခင်တွင် အလွန်ကြီးမားသော အလေးချိန်က ရေခဲစမ်းချောင်းထဲသို့ ဝင်လာကာ ရေများစင်သွားလေသည်။
မြွေကြီးက အပြာရောင်အလင်းများ တောက်ပနေပြီး ရေခဲစမ်းချောင်းထဲတွင် တုန်ရီနေကာ ဝင်ခွေလိုက်လေသည်။
ဝမ်ကျင်းက မတွေးဘဲ ဘာမှ မလုပ်ရဲချေ။ သူက ဂရုတစိုက်ဖြင့် မြွေကြီး၏ခေါင်းကို လက်ဖြင့် ထိလိုက်သည်။ ၎င်းက မခုခံသည်ကို မြင်မှသာ စိတ်အေးစွာဖြင့် မြွေကြီး၏ တုန်ယင်နေသော ခန္ဓာကိုယ်ကို ဖက်ထားလိုက်လေသည်။
သူ့အား မခုခံသေးပေ။
ကျွင်းရှစ်ရှုန်းက သူ့အတွက် စားစရာလာပို့ပေးပြီး ဤသဘောထားသေးသိမ်သောမြွေက သူနှင့်အတူ ရှိနေပေးသည်။ ယနေ့၏ ခါးသီးသော အခက်အခဲများက ထိုက်တန်လေ၏။
“ဒီညဘာလို့ ရောက်လာတာလဲ…”
ဝမ်ကျင်းက မြွေကြီးကို ညင်သာစွာ ပွေ့ဖက်ထားလေသည်။
“မင်းရဲ့ဒဏ်ရာတွေ ပြန်မကောင်းသေးဘူး… မနာဘူးလား…”
မြွေကြီး၏ခန္ဓာကိုယ်က ခွေနေပြီး ဝမ်ကျင်းကို မှီထားလေသည်။
“သူက ဒဏ်ရာတွေ တစ်ခုပြီးတစ်ခုရနေတယ်… ငါဘာလုပ်သင့်လဲ…”
ဝမ်ကျင်းမှာ မည်သည့်အရာက အကောင်းဆုံးဖြစ်မည်ကို မသိသဖြင့် မျက်မှောင်ကြုတ်လိုက်လေသည်။
“ရှူး...ရှူး…”
ရုတ်တရက် ဝမ်ကျင်း၏ အတွင်းစွမ်းအားပင်လယ်မှ နွေးထွေးသည့် စွမ်းအားစီးကြောင်းတစ်ခု ထုတ်ပေးလာပြီး ခန္ဓာကိုယ်တစ်ကိုယ်လုံးကို ပျံ့နှံ့သွားလေသည်။ သူ၏လက်နှင့် ခြေထောက်များတွင် နွေးထွေးမှုများအပြည့် ဖြစ်နေလေ၏။
မြွေကြီးမှာ နွေးထွေးသည့်စွမ်းအားစီးကြောင်းက သူ့၏ဝေဒနာများကို သက်သာစေသည်ကို ခံစားရသဖြင့် လန့်ကာ ဆတ်ခနဲဖြစ်သွားပြီး ကွေးနေအောင် ခွေလိုက်လေသည်။
“ဘာဖြစ်တာပါလိမ့်…”
ဝမ်ကျင်းက အကြောင်းအရင်းကို မသိဘဲ နားမလည်နိုင် ဖြစ်နေရလေသည်။
မြွေကြီးက သူ့အား တိတ်တဆိတ် ပွတ်သပ်နေ၏။
ဝမ်ကျင်းက ဖြစ်ပျက်နေသည့် ကိစ္စများ၏ အကြောင်းအရင်းကို မသိချေ။ ယနေ့တွင် တစ်နေ့လုံး ရေခဲစမ်းချောင်းထဲ၌ စိမ်နေခဲ့ပြီး အအေးဓာတ်ကို သည်းခံထားသော်လည်း ယခုအချိန်တွင် မြွေကြီးဒဏ်ရာများကို ကုသပေးရန်သာ စိတ်ထဲတွင် အဆောတလျင်ဖြစ်နေလေသည်။ သူ၏စိတ်နှင့်ခန္ဓာကိုယ်က ပေါင်းစည်းသွားပြီး နောက်ဆုံးတွင် သူ၏ တတိယယန်ခန္ဓာကိုယ်က အသက်ဝင်လာလေသည်။
တတိယယန်ခန္ဓာကိုယ်က အနွေးထွေးဆုံး ယန်ခန္ဓာကိုယ်ဖြစ်သည်။ ထိုမျှသာမက ၎င်းက အအေးဒဏ်ကိုခံနိုင်ပြီး မြွေကြီးကိုလည်း နွေးထွေးစေလေသည်။ သို့ရာတွင် ထိုခန္ဓာကိုယ်က အလွန်ရှားပါးပြီး ဒဏ္ဍာရီထဲတွင်သာ ကြားဖူကြလေ၏။ ယခုအချိန်တွင် ကျွင်းယန်ကျစ်က ထိုအကြောင်းပြချက်ကို လုံးဝမစဉ်းစားခဲ့ပေ။ လူနှစ်ယောက်က နွေးထွေးမှုကိုသာ ခံစားနေရပြီး ရေခဲတမျှအေးစက်နေသော ရေထဲတွင် အအေးဓာတ်အနည်းငယ်ကိုပင် လုံးဝမခံစားရချေ။
ဝမ်ကျင်းက မြွေကြီးကိုမှီထားပြီး မလှုပ်ဘဲ အတွေးများက ဗလာဖြစ်နေလေသည်။
ထို့နောက် မြွေကြီးက ရုတ်တရက်ခေါင်းထောင်လာပြီး ကမ်းပေါ်သို့ အမြန်တက်သွားလေ၏။ ဝမ်ကျင်းက ၎င်း၏အမြီးကိုဆွဲကာ အသံတိုးတိုးဖြင့် မေးလိုက်သည်။
“တစ်ယောက်ယောက် လာလို့လား…”
မြွေကြီး၏ခန္ဓာကိုယ်က ဆတ်ခနဲဖြစ်ကာ ခေါင်းညိတ်လိုက်သည်။
“သွားတော့… မြန်မြန်သွားတော့…”
ဝမ်ကျင်းက ခေါင်းငုံ့ကာ နှုတ်ခမ်းကို ကိုက်လိုက်၏။ ထို့နောက် ညင်သာစွာ ပြောလိုက်သည်။
“အခုကနေစပြီး မင်းရဲ့နေရာမှာပဲနေတော့… အပြင်မှာ လျှောက်သွားမနေနဲ့တော့… ညသန်းခေါင်မှာ ငါမင်းကို နောက်ထပ် လိုက်ရှာနေတော့မှာ မဟုတ်ဘူး…”
မြွေကြီးက သူ့အား တစ်ခဏခန့်ကြည့်နေပြီးနောက် ထွက်သွားလေသည်။
*****
နောက်တစ်နေ့ မနက်အစောပိုင်းတွင် ဝမ်ကျင်းက သွမ့်ရွှမ်ကို မျက်နှာချင်းဆိုင်ကာ ရပ်နေလေသည်။ အလွန်အမင်း ရိုသေစွာဖြင့် သူက လက်ဖက်ရည်ခွက်ကို ပေးလိုက်သည်။
“ရှစ်ဖူ… ဒီမှာ လက်ဖက်ရည်ပါ…”
သွမ့်ရွှမ်က ခွက်ကိုယူကာ တစ်ငုံသောက်လိုက်သည်။
“ကျွန်တော့်ကို တပည့်အဖြစ်လက်ခံပေးလို့ ကျေးဇူးတင်ပါတယ်…”
ဝမ်ကျင်းက အခမ်းအနားပြီးမြောက်ရန်အတွက် ထိုအဓိပ္ပာယ်မရှိသော စကားများကို ရိုသေစွာ ပြောလိုက်လေသည်။
သွမ့်ရွှမ်က သူ့ကိုဖြတ်သွားပြီး စာအုပ်တစ်အုပ်ပေးကာ သာမန်ကာလျှံကာဖြင့် ပြောလိုက်သည်။
“မနက်ဖြန် အရုဏ်မတက်ခင် ဒီနေရာမှာ မင်းရဲ့ကျင့်ကြံဆင့်ကို စစ်ဆေးမယ်…”
သူ ပြောပြီးနောက် ထွက်သွားလိုက်သည်။
သူ ခန်းမဆောင်မှ ထွက်သွားပြီးနောက် တပည့်များက စိတ်သက်သာရာရသွားပြီး ထိုင်ချလိုက်လေသည်။
ကွေ့ရှင်းပိက ဝမ်ကျင်း၏ပုခုံးကိုပုတ်ကာ ပြောလိုက်၏။
“အခုကစပြီး ငါတို့က ဆရာတူတပည့် အစစ်အမှန်ဖြစ်သွားပြီ… မင်းရဲ့အပျော်တွေကို မျှဝေပြီး မင်းရဲ့အခက်အခဲတွေကို ခံစားပေးမယ်…”
ဝမ်ကျင်းက တိတ်တဆိတ်ရယ်လိုက်သည်။
မော့ရှောက်ယန်က ဖြည်းညင်းစွာ ပြောလိုက်၏။
“မနေ့ညက ဒီမှာ မင်းမရှိဘူး… ငါတို့နဲ့ယှဉ်ရင် မင်းက ပိုပျော်နေမယ်ထင်ပါတယ်…”
ဝမ်ကျင်းက မျက်ခုံးပင့်လိုက်သည်။
“ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ…”
ကွေ့ရှင်းပိက ထိုစကားကိုကြားပြီးနောက် သဘောကျနေသည့်မျက်နှာ ဖြစ်သွားလေ၏။
ဝမ်ကျင်းက သက်ပြင်းချလိုက်သည်။ နှစ်သစ်ကူးပွဲညစာကို သွမ့်ရွှမ်နှင့် အတူဖြတ်သန်းသည့်ညအား ‘သက်ရှိတိုင်းအတွက် ကပ်ဘေးတစ်ခု’ တွင် ရှင်းလင်းစွာ ဖော်ပြထားလေသည်။
[စားပွဲပေါ်တွင် ဟင်းခွက်ဆယ်ခွက်နှင့် စွပ်ပြုတ်နှစ်ခွက်ရှိသည်။ တပည့်များက တူကိုကိုင်ထားသည့် သွမ့်ရွှမ်ကို ကြည့်နေကြ၏။ အလယ်တွင်ထိုင်နေသည့် သွမ့်ရွှမ်က မျက်ခုံးပင့်ကာ အားလုံးကို ကြည့်ပြီး ခက်ထန်စွာ ပြောလေသည်။
”ဒီနှစ် မင်းတို့ရဲ့ ကျင့်ကြံဆင့်က ဘယ်လောက်ထိ တိုးတက်လာပြီလဲ…”
ထိုစကားကိုကြားသောအခါ တပည့်များက တူကို ချက်ချင်းချလိုက်ပြီး လျိုချန်မော့မှ အစပြုကာ တစ်ယောက်ပြီးတစ်ယောက် သူတို့၏ကျင့်ကြံဆင့်ကို တင်ပြကြလေသည်။ အားလုံးပြောပြီးသောအခါ မှောင်မည်းနေသော အမူအရာနှင့် သွမ့်ရွှမ်က ဒေါသတကြီး ပြောလိုက်လေ၏။
“မင်းတို့ထဲက ကိုယ့်ကိုယ်ကိုယ် ကောင်းကောင်းတိုးတက်လာတယ်လို့ ထင်တဲ့လူက ညစာဆက်စား… “
တပည့်များက ခေါင်းငုံ့ထားကြပြီး မည်သူကမှ ဆက်မစားရဲတော့ပေ။]
‘သက်ရှိတိုင်းအတွက် ကပ်ဘေးတစ်ခု’ အပိုင်း(၃၈)မှ ကောက်နုတ်ချက်ဖြစ်သည်။
ဝမ်ကျင်းက ညစာနှင့်ပတ်သက်ပြီး စိတ်အနှောင့်အယှက်ဖြစ်ခဲ့သော်လည်း နှိုင်းယှဉ်ကြည့်လျှင် ရေခဲစမ်းချောင်းထဲ၌ အချိန်ဖြုန်းသည်က ပိုကောင်းသကဲ့သို့ ခံစားလိုက်ရလေသည်။
လျိုချန်မော့က မေးလိုက်၏။
“ရှစ်ဖူ မင်းကို ဘာပေးသွားတာလဲ…”
ဝမ်ကျင်းက ချက်ချင်းဖွင့်ကြည့်လိုက်သောအခါ ‘အခြေခံအကူကျင့်ကြံခြင်း’ ဆိုသည်ကိုမြင်လိုက်ရလေသည်။
အခြေခံအကူကျင့်ကြံခြင်းက ဒြပ်စင်ငါးခု ဝိညာဉ်ဇစ်မြစ်ရှိသော သူ့အတွက် ထိပ်တန်းအဆင့် ကျင့်ကြံနည်းဖြစ်သည်။ အခြေခံအုတ်မြစ် မတည်ဆောက်ခင်အချိန်တွင် ကျင့်ကြံဆင့်တိုးတက်ရန်က အလွန်အရေးကြီးလေသည်။ ပြီးမှသာ သိုင်းပညာများကို သင်ယူနိုင်မည်ဖြစ်သည်။ သွမ့်ရွှမ်က ကျင့်ကြံနည်းကိုသာပေးပြီး သိုင်းပညာကို မပေးခဲ့ပေ။ ၎င်းက ရည်ရွယ်ချက်ရှိလေသည်။
အမှန်တွင် ဝမ်ကျင်းက အချည်းနှီးဝိညာဉ်ဇစ်မြစ်ရှိသူဖြစ်သည်။ သူ၏ တတိယယန်ခန္ဓာကိုယ်ကြောင့်သာ မဟုတ်လျှင် အခြေခံအုတ်မြစ်တည်ဆောက်ရန်က လုံးဝမျှော်လင့်ချက်မရှိချေ။ ဟွေ့ရှစ်တောင်ထိပ်တွင် ရှစ်ရှုန်း(၈) မော့ရှောက်ယန်နှင့် ရှစ်ရှုန်း(၆) လီရှုတို့၌လည်း အချည်းနှီး ဝိညာဉ်ဇစ်မြစ်များ ရှိသည်။ ၎င်းကို မည်သူမှ ဂရုမစိုက်သည်က သာမန်ဖြစ်သည်။
ဝမ်ကျင်းက အခြေခံအကူကျင့်ကြံခြင်း စာအုပ်ကို ခေါက်ကာ ဂရုတစိုက် မေးလိုက်သည်။
“ရှစ်ရှုန်း…ကျွန်တော် နားမလည်ရင် ဘယ်လိုလုပ်ရမလဲ…”
လျိုချန်မော့က မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။
“ရှစ်ရှုန်းလည်း ဒါကို မလေ့ကျင့်ဖူးဘူး… မင်းရဲ့ ရှစ်ရှုန်း(၆)နဲ့ ရှစ်ရှုန်း(၈)ကို မေးကြည့်လေ…”
“ဟုတ်ကဲ့…”
⛰️⛰️⛰️