Ch 18
Viewers 3k

⛰️Chapter - 18

လောကကြီးကို ကံဆိုးမိုးမှောင်ကျစေတဲ့အရာကို ဖယ်ရှားပစ်သင့်တယ်



လရောင်က ရေကဲ့သို့ ကြည်လင်နေပြီး ဝမ်ကျင်းက တောင်များအပေါ်တွင် ပျံသန်းနေလေသည်။ တောင်ပေါ်လမ်းက အလွန် ရှင်းရှင်းလင်းလင်း ဖြစ်နေလေ၏။


မြွေကြီး၏ တည်နေရာကို သေချာမသိပေ။ ယနေ့က မြွေကြီး၏အရိပ်အယောင်ကို ရှာတွေ့ခဲ့သည့် လကွယ်ညမဟုတ်ဘဲ တစ်ခါတစ်ရံ တွေ့ရတတ်သော လသာ‌သည့်ည ဖြစ်သည်။ 


ကျောက်တုံးကြီးရှေ့သို့ ရောက်သောအခါ ဝမ်ကျင်းက ခွေနေသော မြွေကြီး၏ ခန္ဓာကိုယ်ကို ခိုးကြောင်ခိုးဝှက်ဖြင့် ချောင်းကြည့်လိုက်၏။ မြွေကြီး၏လျှာက အပြင်သို့ တစ်ချက်တစ်ချက် ထွက်လာလေသည်။ ၎င်း၏ ခန္ဓာကိုယ်က တုန်ယင်နေခြင်း မရှိတော့ပေ။ မြွေကြီးက ငြိမ်ငြိမ်သက်သက် လဲလျောင်းနေပြီး လရောင်ကို ပျင်းရိစွာ ငေးကြည့်နေလေသည်။


သူက ညင်ညင်သာသာဖြင့် ဟုန်ဖန်သီးကို ပစ်ပေးလိုက်၏။


မြွေကြီး၏ ခေါင်းက ရုတ်တရက် ထောင်လာပြီး အသီးကို လှမ်းကိုက်လိုက်သော်လည်း ဝမ်ကျင်းကို မြင်သည့်အခါ ချက်ချင်း ထွေးထုတ်လိုက်လေသည်။ အသီးက မြေပေါ်သို့ လိမ့်ကျသွားလေ၏။


ဝမ်ကျင်းက အသီးကိုကောက်ပြီး သုတ်လိုက်၏။ 

“မင်းစားချင်နေတာ သိသာနေတဲ့ဟာကို ဘာလို့ မယူတာလဲ...”


ဝမ်ကျင်းက မဆင်မခြင် မလုပ်ရဲသဖြင့် အသီးကို ထပ်ထုတ်လိုက်ပြီး အနီးရှိ ကျောက်တုံးပေါ်တွင် တိတ်ဆိတ်စွာ ထိုင်ချလိုက်သည်။ 


သူ၏လက်ကို မြွေကြီး၏ခန္ဓာကိုယ်ပေါ်တွင်တင်ပြီး ဖြည်းဖြည်းချင်း ပွတ်သပ်ကာ ပုတ်ပေးနေလိုက်သည်။ 


မြွေကြီးက သူ့ကို မခုခံသဖြင့် ဝမ်ကျင်းက ကြိတ်ပျော်နေလေ၏။ သူ၏ သေးငယ်သော အောင်မြင်မှုကို မကျေနပ်နိုင်ဘဲ သူ့လက်က မြွေကြီး၏ ခေါင်းပေါ်သို့ ရောက်သွားလေသည်။ 


ဤစိတ်ကြီးသည့်မြွေက ချော့ရခက်သော်လည်း မမျှော်လင့်ထားစွာဖြင့် သူ၏အပြုအမူကို သည်းခံနေလေသည်။ နောက်ဆုံးတွင် သူ့လက်က မြွေကြီး၏ခေါင်းပေါ်သို့ ရောက်သွားလေသည်။ မြွေကြီးက ခေါင်းကိုရွှေ့လိုက်ပြီး မကျေနပ်သည်မှာ သိသာနေသော်လည်း ဘာမှမလုပ်ခဲ့ပေ။


ဝမ်ကျင်းက စိတ်လှုပ်ရှားသွား၏။ 


သူ မတုန်တော့ဘူးလား...


သူက တစ်ခဏခန့် ပုတ်ပေးနေလိုက်သည်။ မြွေကြီးက သူ့ခေါင်းကိုငုံ့ပြီး လျှာကို ထုတ်ထားသည်။


ဝမ်ကျင်းက အိတ်ထဲမှ အသီးနှစ်လုံးကို ထုတ်ပြီး သူ့ရှေ့သို့ ချပေးလိုက်သည်။

“စားလေ...”


မြွေကြီးက ခေါင်းငုံ့ပြီး သူ့ကို လျစ်လျူရှုထားလေသည်။


ဝမ်ကျင်းက အချိန်အတော်ကြာသည်အထိ ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်ထားသော်လည်း နောက်ဆုံးတွင် မနေနိုင်တော့ဘဲ ပြောလိုက်သည်။

“မင်းငါ့ရဲ့ သားရဲလုပ်မလား...”


မြွေကြီး၏ခေါင်းက ရုတ်တရက် ထောင်လာပြီး သူ့အား အေးစက်နေသော အကြည့်ဖြင့် ကြည့်လိုက်သဖြင့် ဝမ်ကျင်း၏ အသံမှာ တိမ်ဝင်သွားလေသည်။ မြွေကြီးက သူ၏ခန္ဓာကိုယ်ကို ဆန့်ထုတ်လိုက်ပြီး လရောင်ကို ကွယ်ထားလေသည်။


မြွေကြီး၏အရိပ်အောက်တွင် ဝမ်ကျင်းက တုန်ရီစွာဖြင့် ပြောလိုက်သည်။

“ငါ့ရဲ့သားရဲ လုပ်မယ့်ကိစ္စကို သဘောမကျဘူးလား… အာ… သိပါပြီ… ငါမလုပ်တော့ပါဘူး… ငါထပ်မမေးရဲတော့ပါဘူး…”


ရုတ်တရတ် မဝေးလှသည့်နေရာမှ ကျယ်လောင်သံတစ်ခုကို ကြားလိုက်ရလေသည်။ အလင်းတန်းတစ်ခုက ကောင်းကင်သို့ပျံတက်သွားပြီး ညအမှောင်ကို လင်းလက်စေသွားလေသည်။


အစိမ်းရောင်အလင်းတန်းက မြွေကြီးကို ထိုးဖောက်သွားလေသည်။


မြွေကြီး၏မျက်လုံးမှာ အေးစက်လာပြီး ကောင်းကင်သို့ ချက်ချင်း ပျံတက်သွားကာ အပြာရောင်အလင်းရှိသည့် အကာအကွယ်အလွှာကို သူ၏ ခန္ဓာကိုယ်ရှေ့တွင် ဖန်တီးလိုက်လေသည်။


အစိမ်းရောင်အလင်းက အကာအကွယ်အလွှာကို တိုက်ခိုက်နေပြီး ဘေးပတ်ဝန်းကျင်ရှိ ကျောက်တုံးများပေါ်ကို အပ်ကဲ့သို့ ပြန့်ကျဲကာကျနေလေသည်။


ဝမ်ကျင်းက သူ့ခေါင်းကို ကာထားလိုက်သည်။ ချွန်ထက်သည့် ဝိညာဉ်စွမ်းအားများကြောင့် ဒဏ်ရာရသွားပြီး သူ့ပေါင်နှင့်လက်မောင်းများတွင် သွေးများထွက်လာကာ အလွန်ထိတ်လန့်နေလေ၏။


ရုတ်တရက်တိုက်ခိုက်မှုက ရွှေရောင်ဗဟိုချက် ကျင့်ကြံသူထံမှဖြစ်သည်။ ထိုမျှသာမဟုတ်ဘဲ သူက နောက်ဆုံးအဆင့်သို့ ရောက်နေပြီဖြစ်သည်။ 


ဘယ်သူဖြစ်နိုင်လဲ…


ဝမ်ကျင်းက ကိုယ့်ကိုယ်ကိုယ် အရေးမပါသူတစ်ယောက်ဟု ခံစားနေရသည်။ ရုတ်တရက် မြွေကြီးက သူ့ခါးကိုရစ်ပတ်ထားပြီး ကာကွယ်ထားချိန်တွင် မည်သို့လွတ်မြောက်အောင် လုပ်ရမည်ကို မသိချေ။


အစိမ်းရောင်အလင်းက ထပ်မံရောက်လာကာ ကျောက်တုံးကြီးပေါ်သို့ ကျရောက်လာပြီး အရပ်ရှည်ရှည် တာအိုဆရာတစ်ယောက်၏ပုံစံ ပေါ်လာလေသည်။


သူက ဖြောင့်မတ်စွာ မတ်တတ်ရပ်နေပြီး သူ၏ ခံစားချက်မဲ့သည့်အကြည့်က လူတစ်ယောက်ကိုပင် အေးခဲသွားနိုင်စေလေသည်။


ဝမ်ကျင်းက စိုးရိမ်နေပြီး မြွေကြီး၏အမြီးကို တင်းကျပ်စွာ ဖက်ထားလေ၏။ ထိုတာအိုဆရာ၏ ကျင့်ကြံဆင့်က အလွန်ကြောက်မက်ဖွယ်ကောင်းလေသည်။ 


မြွေကြီးက သူ့ကိုယှဉ်နိုင်လောက်လား…


လက်ကိုင်ပေါ်တွင် အစိမ်းရောင်နဂါးကြီးတစ်ကောင် ရစ်ခွေနေသော ဓားရှည်တစ်ချောင်းက ရုတ်တရက် ထိုလူ၏လက်ထဲတွင် ပေါ်လာလေသည်။ သတ်ဖြတ်လိုသည့် စွမ်းအားများက နေရာအနှံ့တွင် ထွက်ပေါ်နေလေသည်။


ဝမ်ကျင်း၏ ခေါင်းထဲတွင် တဝီဝီမြည်သံ ပေါ်လာလေ၏။


မိုးပြာနဂါးဓား…


ဒီ…ဒီတာအိုဆရာက သွမ့်ရွှမ်ပဲ…


ထိုလူမှာ သူ ဂိုဏ်းထဲသို့ ဝင်လာစဉ်က ရှိနေသင့်သော်လည်း ရောက်မလာသော၊ တာဝန်မဲ့သော၊ ကြောက်မက်ဖွယ်ကောင်းသော၊ သူ၏အပြစ်အတွက် အကြိမ် ၁၀၀၀၀ခန့် သေသင့်သော ရှစ်ဖူ ဖြစ်လေသည်။


သွမ့်ရွှမ်က စကားတစ်ခွန်းမှမပြောဘဲ မိုးပြာနဂါးဓားကို ဖြည်းဖြည်းချင်း‌ မြှောက်ကာ သူ၏ အကြည့်များက ဓားကဲ့သို့ စူးရှနေလေသည်။


မြွေ၏မျက်လုံးများက သတ်ဖြတ်ချင်စိတ်များဖြင့် ပြည့်နှက်နေပြီး အမောက်ထောင်လာကာ အစွယ်များကို ထုတ်ပြလေသည်။


ချင်ရှုဓားဂိုဏ်း၏ အအေးဓာတ်က မိုးပြာနဂါးဓား၏ အေးစက်မှုဖြစ်သည်။


မိုးပြာနဂါးဓားက အေးစက်သော ဓားတစ်လက်ဖြစ်ပြီး မြွေကြီးက ၎င်းကို ကျင့်သားမရဘဲ အအေးဓာတ်ကြောင့် စိုးရိမ်နေလေသည်။


ရုတ်တရက် အစိမ်းရောင်အလင်းက လျှပ်စီးကဲ့သို့ လျင်မြန်စွာပျံတက်သွားပြီး အပြာရောင်အကာအရံလွှာကို ထိုးဖောက်ကာ ကျယ်လောင်သောအသံကြီး ထွက်ပေါ်လာလေသည်။ မြွေကြီးက ဘေးဘက်သို့ လွင့်ထွက်သွားသည်ကို အခွင့်ကောင်းယူပြီး အစိမ်းရောင်အလင်းက ၎င်း၏ခန္ဓာကိုယ်ကို ဖြတ်လိုက်လေ၏။ သွေးများ ပန်းထွက်လာလေသည်။


မြွေကြီးက တရှူးရှူးမြည်သံထွက်လာပြီး ၎င်း၏ ပါးစပ်ထဲတွင် အပြာရောင်အလင်းလုံးကို စုစည်းလိုက်လေသည်။


ဝမ်ကျင်းမှာ မြွေကြီး၏ ခန္ဓာကိုယ်က သွေးများဖြင့် နီရဲလာသည်ကို မြင်သောအခါ အလွန်စိုးရိမ်သွားလေသည်။


သွမ့်ရွှမ်က မြွေကြီးကို သတ်ပစ်ချင်နေတယ်… ငါဘာလုပ်ရမလဲ…


သွမ့်ရွှမ်က အေးစက်စက်ဖြင့် နှာမှုတ်လိုက်၏။ မိုးပြာနဂါးဓားက သူ့လက်ထဲတွင် ရှိနေပြီး သတ်ဖြတ်သည့် လှုပ်ရှားမှုလုပ်တော့မည့်အချိန်တွင်….


ဝမ်ကျင်းက ထိတ်လန့်ကာ အော်လိုက်၏။

“ရှစ်ဖူ… ချမ်းသာပေးပါ…”


တာအိုဆရာ၏ မျက်ခုံးများက မြင့်တက်သွားပြီး ပြောလိုက်၏။

“မင်းက ဘယ်သူလဲ…”


ဝမ်ကျင်းက မြွေကြီး၏ အမြီးကြားမှ ရုန်းကန်ကာ ထွက်လိုက်ပြီး ကျောက်တိုင်ကြီး၏ရှေ့တွင်ရှိနေသော သွမ့်ရွှမ်ထံ သွားလိုက်သည်။ 


“ရှစ်ဖူ… ကျွန်တော်က လုကျင်းပါ… ဒီမြွေကြီးရဲ့ ပင်ကိုစရိုက်က မဆိုးပါဘူး… ကျေးဇူးပြုပြီး ချမ်းသာပေးပါ…”


သွမ့်ရွှမ်က မျက်မှောင်ကြုတ်ကာ သူ၏တပည့်များထဲတွင် လုကျင်းဟုခေါ်သည့် တပည့်ကို ပြန်စဉ်းစားနေလေသည်။


ဝမ်ကျင်းက အော်လိုက်၏။

“ရှစ်ဖူ… ဒီမြွေကြီးက ဒီနေရာကို ခွင့်ပြုချက်မရှိဘဲ ဝင်လာတယ်ဆိုပေမဲ့ ဘယ်သူ့ကိုမှ အန္တရာယ်မပေးခဲ့ပါဘူး… ရှစ်ဖူ… သူ့ကို နာကျင်အောင်မလုပ်ပါနဲ့…”


သွမ့်ရွှမ်က သူ့ကို အေးစက်စွာကြည့်လိုက်သည်။

“ဘေးဖယ်နေ…”


သူ၏အသံတွင် စိတ်ခံစားချက် အနည်းငယ်မျှပင်မရှိဘဲ အကြင်နာမဲ့နေလေသည်။


သူက ရှင်းပြရသည်ကို မကြိုက်ချေ။ ဤမြွေ၏ခန္ဓာကိုယ်မှ မှိန်ပျသော မိစ္ဆာစွမ်းအား ထုတ်လွှင့်နေပြီး မရေရာသော ဇစ်မြစ်ရှိသည်။ အန္တရာယ်မပေးခင် သတ်ပစ်သည်က ပိုကောင်းလေ၏။


သူစကားပြောပြီးသည်နှင့် အစိမ်းရောင်အလင်းကို ပြန်စုစည်းလိုက်ချိန်တွင် မြွေကြီးက ချက်ချင်း အပြာရောင်စွမ်းအားလုံးကို ထုတ်လွှတ်လိုက်ကာ စွမ်းအားနှစ်ခုက တိုက်မိသွားလေသည်။ ကောင်းကင်တွင် တောက်ပသောအလင်းရောင် ထွက်ပေါ်လာပြီး ဝမ်ကျင်း၏ ဖြူဖျော့နေသော မျက်နှာကို လင်းထိန်သွားစေလေသည်။


အစိမ်းရောင်အလင်းနှင့် အပြာရောင်အလင်းက ယှဉ်ပြိုင်နေသော်လည်း မြွေကြီး၏ ခန္ဓာကိုယ်မှ သွေးများထွက်လာလေသည်။


သွမ့်ရွှမ်၏ အကြည့်များက ရေခဲကဲ့သို့ အေးစက်နေလေသည်။ ရုတ်တရက် မိုးပြာနဂါးဓားက လင်းလာပြီး နောက်ပြန်ဆုတ်သွားသဖြင့် သူက ဂါထာရွတ်ဆိုလိုက်သည်။


“ကောင်းကင်ဘုံ ချဲ့ထွင်ခြင်းသိုင်း… ချိုးဖျက်…”


သူအော်လိုက်သောအခါ ကောင်းကင်မှ ကျယ်လောင်သောအသံတစ်ခု ထွက်ပေါ်လာလေသည်။ မိုးပြာနဂါးဓားက အပြာရောင်အကာအရံကို ထိုးဖောက်သွားပြီး မြွေကြီး၏ ခန္ဓာကိုယ်သို့ ထိုးဖောက်သွားလေသည်။


ဝမ်ကျင်းက မြွေကြီးကို စိုးရိမ်စွာဖြင့် ကြည့်လိုက်လေ၏။

“မလုပ်နဲ့…”


မြွေကြီးက ရှောင်သော်လည်း ဓားနှင့်ထိုးမိသွားကာ ဒဏ်ရာမှ သွေးများပန်းထွက်လာပြီး ခန္ဓာကိုယ်က စိုရွှဲသွားလေသည်။ ၎င်းက ဘောလုံးကဲ့သို့ ခွေနေပြီး အလွန်သနားစရာကောင်းနေလေသည်။


မိုးပြာနဂါးဓားက သွမ့်ရွှမ်လက်ထဲ့သို့ ပြန်ရောက်သွားသည်။ မြွေကြီးက ကြိုးစားကာ ခန္ဓာကိုယ်ကို ဆန့်ရန်လုပ်လိုက်၏။ ၎င်း၏ မျက်ဝန်းထဲတွင် အမုန်းများအပြည့်ဖြစ်နေသော်လည်း လှုပ်ရှားရန်ပင် အလွန်အားနည်းနေလေသည်။


သွမ့်ရွှမ်က ဓားကိုမြှောက်ကာ နောက်ဆုံးတစ်ချက်ဖြင့် မြွေကြီးကို သတ်ရန်ပြင်လိုက်သည်။


ထို့နောက် လူငယ်လေးက မြွေကြီးရှေ့သို့ ပစ်ဝင်ကာ ခါးသီးဝမ်းနည်းမှုများဖြင့် အော်ငိုလေတော့သည်။

“ရှစ်ဖူ… မေ့သွားပြီလား… ကျွန်တော်တို့ဂိုဏ်းရဲ့ ဘိုးဘေး ချင်ရှုဇီကလည်း မြွေကိုဖမ်းပြီး ခုနှစ်ကြိမ်ပြန်လွှတ်ပေးခဲ့တာပဲ… ရှစ်ဖူက သူ့ကိုသတ်ဖို့ ဆုံးဖြတ်ထားတယ်လို့တော့ မပြောပါနဲ့… မြွေကြီးက ခွင့်ပြုချက်မရှိဘဲ ရွှင်းယန်တောင်မှာနေတယ်ဆိုပေမဲ့ သူ့ကြောင့် တစ်ယောက်ယောက် ဒဏ်ရာရတာကို ရှစ်ဖူကြားဖူးလို့လား…”


သွမ့်ရွှမ်က လန့်သွားပြီး ဝမ်ကျင်းကိုစိုက်ကြည့်ကာ နှုတ်ခမ်းကို တင်းတင်းစေ့ထားလိုက်သည်။


ထိုစကားများက သူ၏ဆရာဖြစ်သူ လုကျန့်၏ စကားများဖြစ်သည်။


မူလစကားမှာ ဤသို့ဖြစ်သည်။


[လုကျန့်က ပြော၏။ ‘ငါတို့ရဲ့ဘိုးဘေး ချင်ရှုဇီက မြွေကိုခုနှစ်ကြိမ်ဖမ်းပြီး ခုနှစ်ကြိမ် ပြန်လွှတ်ပေးခဲ့တယ်… ဘာလို့ ဒီမိစ္ဆာကို သတ်ပစ်ဖို့လိုမှာလဲ… သူက ဘယ်သူ့ကိုမှမနာကျင်စေဘူးလေ…မတူညီတဲ့မျိုးစိတ်အနေနဲ့ ရှင်သန်နေရုံပါ…’]

‘သက်ရှိတိုင်းအတွက် ကပ်ဘေးတစ်ခု’ အပိုင်း(၁၄၂)မှ ကောက်နုတ်ချက်ဖြစ်သည်။


မူလတွင် သွမ့်ရွှမ်က သတ်ဖြတ်ခြင်းကို စွဲလမ်းနေပြီး မတော်တဆဖြင့် လမ်းလွဲသွားလေ၏။ ကံကောင်းစွာဖြင့် လုကျန့်က သူ့ကိုကယ်တင်ရန် ကိုယ့်ကိုယ်ကိုယ် အနစ်နာခံလိုက်ပြီး ပျက်စီးခြင်းမှ ဆွဲတင်ပေးခဲ့သည်။


သွမ့်ရွှမ်က ခံစားတတ်သောလူ မဟုတ်သော်လည်း ထိုစကားများကို သူ့ရင်ထဲတွင် ကမ္ပည်းထိုးထားလေသည်။


အပိုင်း(၁၄၂)တွင် ပေါ့ဆမှုကြောင့် ကြီးမားသောအပြစ်ကို ကျူးလွန်မိသည့် တပည့်တစ်ယောက်ကို သွမ့်ရွှမ်က သတ်ချင်ခဲ့သည်။ လျိုချန်မော့က သူ့အား မည်သူ့ကိုမှမသတ်ရန် တောင်းပန်ခဲ့၏။ သူ၏စကားများမှာ တစ်ချိန်က လုကျန့်ပြောခဲ့သော စကားများနှင့် ဆင်တူနေသဖြင့် တုန်လှုပ်ပြီး ကြည့်နေသောမျက်လုံးများရှေ့တွင် ထိုတပည့်၏ ကျင့်ကြံဆင့်ကိုသာ ဖျက်ဆီးပြီး တောင်အောက်သို့ ပို့လိုက်သည်။


ထိုအချိန်မှစပြီး အခြားတပည့်များက သွမ့်ရွှမ်နှင့် ပတ်သက်သည့်ကိစ္စများကို လျိုချန်မော့ထံတွင်သာ လွှဲထားလိုက်လေသည်။


ယခုအချိန်တွင် ဝမ်ကျင်းက ထိုစကားများကို ပြောလိုက်ပြီးနောက် တစ်ကိုယ်လုံးတောင့်တင်းနေကာ သွမ့်ရွှမ်ကို ကြောက်ရွံ့စွာဖြင့် ကြည့်နေလေသည်။


အသုံးဝင်ရဲ့လား… ဒါမှမဟုတ် လျိုချန်မော့ပြောမှ ရမှာလား… သွမ့်ရွှမ်က လွှတ်ပေးမှာလား… သတ်ပစ်မှာလား…


သွမ့်ရွှမ်၏ အမူအရာက မရေမရာဖြစ်နေ၏။ သူ၏အတွေးများက ကစဉ့်ကလျားဖြစ်နေပြီး ခန္ဓာကိုယ်က ယိမ်းယိုင်နေလေသည်။


အခြေအနေက အလွန်ဆင်တူနေသည်။ ဤမြွေတွင် မိစ္ဆာအငွေ့အသက်ရှိသော်လည်း ၎င်းက မည်သူ့ကိုမှ နာကျင်အောင်မလုပ်ပေ။


ကွယ်လွန်သွားတဲ့ ရှစ်ဖူက ဒီလူငယ်လေးကတစ်ဆင့် ငါ့ကို လမ်းညွှန်ပေးနေတာလား…


ရင်ထဲတွင် နာကျင်လာပြီး သူ၏အတွေးများက ဖရိုဖရဲဖြစ်နေ၏။ တိုက်ခိုက်ချင်စိတ် မရှိတော့သောကြောင့် ဝမ်ကျင်းကိုတစ်ချက်ကြည့်ကာ မိုးပြာနဂါးဓားကို ပြန်ခေါ်လိုက်လေသည်။


ကောင်းကင်တွင် တောက်ပနေသော အလင်းတန်းများက ချက်ချင်း ပျောက်ကွယ်သွားလေသည်။


ဝမ်ကျင်းက ကောင်းကင်သို့ ဗလာဖြစ်စွာဖြင့် မော့ကြည့်လိုက်၏။ သူ့နှလုံးက ပေါက်ထွက်မတတ်ပင် ဖြစ်နေလေသည်။


သွမ့်ရွှမ်က ထွက်သွားလေသည်။


မိန်းမောတွေဝေနေစဉ်တွင် ရုတ်တရက် သူ့နောက်ကျောကို ပွတ်လိုက်သည်ကို ခံစားလိုက်ရ၏။


ဝမ်ကျင်း လှည့်ကြည့်လိုက်သောအခါ မြွေကြီး၏ခေါင်းက သူ့ကို ညင်သာစွာ ပွတ်သပ်နေသည်ကို မြင်လိုက်ရလေသည်။ မြွေကြီး၏ လျှာက လေကို အရသာခံနေပြီး ဝမ်ကျင်း၏ ခါးကို ဖြည်းဖြည်းချင်း ရစ်ပတ်လိုက်လေသည်။


ဝမ်ကျင်းက နွေးထွေးမှုကို ခံစားလိုက်ရပြီး မြွေကြီး၏ခေါင်းကို ခပ်တင်းတင်း ဖက်ထားလိုက်၏။

“ငါသေရမှာကို ကြောက်တယ်… သူက ငါတို့နှစ်ယောက်လုံးကို သတ်ပစ်တော့မယ်လို့ ထင်လိုက်တာ…”


သူ ကြွားဝါပြောနေခြင်း မဟုတ်ပေ။ အစောက သူ မစဉ်းစားဘဲ ပြေးဝင်လိုက်ခြင်းဖြစ်သည်။


မြွေကြီးက သွေးထွက်နေသဖြင့် ငြိမ်သက်နေပြီး ၎င်း၏ လျှာက ဝမ်ကျင်းမျက်နှာရှိ မျက်ရည်များကို လျက်ပေးနေလေသည်။


“အာ့… မလျက်နဲ့… မလျက်နဲ့… ချွဲကျိနေတာပဲ…. ငါမငိုတော့ပါဘူး…”


သူက မျက်နှာပေါ်ရှိ မြွေကြီး၏လျှာကို ဆုပ်ကိုင်လိုက်သည်။ သို့ရာတွင် အလွန်ချွဲကျိနေသဖြင့် ချော်ထွက်နေလေ၏။


ဝမ်ကျင်းက မြွေကြီး၏ခေါင်းကိုထိကာ စိုးရိမ်တကြီးဖြင့် မေးလိုက်သည်။

“မင်းရဲ့ဒဏ်ရာတွေ ဘယ်လိုလုပ်မလဲ… သွေးထွက်လွန်ပြီး သေသွားမှာလား…”


ထိုစကားကို ကြားသောအခါ မြွေကြီးက လှည့်လိုက်ပြီး ဒဏ်ရာများကို လျက်လိုက်လေသည်။


အချိန်တိုအတွင်း သွေးများတိတ်သွား၏။


“အာ… မင်းရဲ့လျှာက သွေးတိတ်စေတာလား… ထူးဆန်းလိုက်တာ…”


ထို့နောက် မြွေကြီးက သူ့လက်မောင်းရှိဒဏ်ရာကို လာလျက်ပေးသည်ကို ကြည့်နေလိုက်သည်။


ဒဏ်ရာက တဖြည်းဖြည်း သက်သာလာသည်ကို ခံစားလိုက်ရပြီး နာကျင်မှုများက တစ်ဝက်ခန့် သက်သာသွား၏။


ဝမ်ကျင်းက တိတ်တဆိတ်ဖြင့် ကြည့်နေလိုက်သည်။


သူက အလွန်အားနည်း၏။ မြွေကြီးက သူ့ကို အထင်သေးသည်မှာ အံ့ဩစရာမရှိချေ။


တစ်နေ့မှာ ငါက သန်မာတဲ့လူ ဖြစ်လာရမယ်… 


နူးညံ့သောလရောင်အောက်တွင် ဝမ်ကျင်းက မြွေကြီးကို မှီထားပြီး ဟုန်ဖန်သီးကို တိတ်တဆိတ်ဖြင့် ဘေးသို့ချပေးလိုက်လေသည်။


*************


နောက်တစ်နေ့မနက်တွင်...


မှန်ထဲရှိလူ၏ အမူအရာက အေးစက်နေ၏။ သူက နောက်ကျောနှင့်ခြေထောက်ရှိ ဒဏ်ရာများကို တည်တည်ငြိမ်ငြိမ်ဖြင့် ဖြည်းဖြည်းချင်း ကုသနေသည်။ သွေးတိတ်သွားသော်လည်း မိုးပြာနဂါးဓားကြောင့် ဖြစ်သောဒဏ်ရာများကို မဖယ်ထုတ်နိုင်ပေ။


လွန်ခဲ့သောနှစ်များက လကွယ်ညများတွင် သူက အသွင်ပြောင်းခြင်းကို မထိန်းချုပ်နိုင်သဖြင့် လကျောက်တုံးနားတွင် နေထိုင်ရန် လိုအပ်လေသည်။ ထိုအေးစက်မှောင်မဲနေသောညများတွင် မည်သူကမှ ဖြတ်မသွား‌ပေ။ သူတစ်ယောက်တည်းသာ ကျောက်တုံးကြီး‌နားတွင်နေထိုင်ပြီး အဆုံးမရှိ‌သောညများကို ဖြတ်သန်းလေသည်။ ယနေ့အချိန်အထိ မည်သူကမှ သူ့ကို ရှာမတွေ့ခဲ့ပေ။


လူငယ်လေးသာ သူ့ကိုရှာရန် နေ့တိုင်းထွက်မလာလျှင် သူကလည်း လသာသောည၌ ထွက်လာမည်မဟုတ်ဘဲ သွမ့်ရွှမ်နှင့် တွေ့မည်မဟုတ်ပေ။


ဝမ်ကျင်းက သူ၏ ကျောက်တုံးအိမ်ထဲတွင် နိုးလာပြီးနောက် မျက်လုံးကို ပွတ်သပ်လိုက်လေသည်။ ယမန်နေ့ညက ပြင်းထန်သော တိုက်ပွဲအပြီးတွင် လျိုချန်မော့က အသံများလာရာသို့ ရောက်လာမည်ကို ကြောက်သဖြင့် ကြာကြာမနေရဲဘဲ မြွေကြီးကို နှုတ်ဆက်ကာ ထွက်လာခဲ့ရသည်။


အမှန်ပင် ကြောက်စရာကောင်း၏။ မြွေကြီးအား ခြိမ်းခြောက်နိုင်မည့် အခြားအရာများ ရှိသေးလားကို သူ မသိပေ။


ဝမ်ကျင်း အဝတ်အစားလဲနေစဉ်တွင် ဆက်သွယ်ရေးကျောက်တုံးက လင်းလာသဖြင့် ချက်ချင်း ကောက်ကိုင်လိုက်၏။

“အကြီးဆုံးရှစ်ရှုန်း...”


“လုကျင်း… ပင်မခန်းမဆောင်ကို ချက်ချင်းလာခဲ့...”


သူ၏ လေသံက အလောတကြီး ဖြစ်နေလေသည်။


ဝမ်ကျင်းက လျစ်လျူမရှုရဲပေ။ သူက အဝတ်အစားကို အမြန်ဝတ်လိုက်ပြီး ခန်းမဆောင်သို့ ပျံသန်းလာလိုက်သည်။


ဘာဖြစ်တာပါလိမ့်...


ဝင်ပေါက်သို့ ရောက်သောအခါ လူကိုးယောက်က လေးလေးနက်နက်ဖြင့် မတ်တတ်ရပ်နေသည်ကို မြင်လိုက်ရသည်။ ထိုင်နေသည့်လူက အသက်၃၀အရွယ်ခန့်ရှိသော တာအိုဆရာဖြစ်ပြီး စူးရှသော မျက်လုံးများရှိကာ မီးခိုးရောင်ဝတ်စုံကို ဝတ်ဆင်ထားလေ၏။


ဝမ်ကျင်း၏ ခန္ဓာကိုယ်က တုန်ယင်လာပြီး ခပ်သွက်သွက်ပြေးကာ ကျွင်းယန်ကျစ်နားတွင် တိတ်ဆိတ်စွာရပ်ပြီး သူ့ကို မမြင်နိုင်စေရန် ကြိုးစားလိုက်သည်။ 


သို့ရာတွင် သူ့ဆုတောင်းများက မပြည့်ဝပေ။ လျိုချန့်မော့က သူ့ကိုဆွဲကာ မျက်မှောင်ကြုတ်လိုက်၏။

“ရှစ်ဖူ... ဒါက ကျွန်တော်ပြောတဲ့ အငယ်ဆုံးရှစ်တိပါ... သူ့ကို ဂိုဏ်းချုပ်ရှီက ကျွန်တော်တို့အတွက် ပို့ပေးလိုက်တာပါ...”


ဝမ်ကျင်း၏ ပါးပြင်ပေါ်တွင် မျက်ရည်များနှင့် စိုစွတ်နေပြီးတွေးလိုက်၏။

ကျွန်တော်တို့တွေ့ပြီးပြီလို့...


ခန်းမဆောင်တစ်ခုလုံး တိတ်ဆိတ်နေ၏။


လျိုချန်မော့က တိတ်တဆိတ်ဖြင့် တံတွေးမျိုချလိုက်၏။


ရှစ်ဖူက ဒီတပည့်ကို လက်မခံရင် ငါလက်ခံလိုက်မယ်...


အချိန်အတော်ကြာပြီးနောက် သွမ့်ရွှမ်က အမူအရာကင်းမဲ့စွာဖြင့် ပြောလိုက်သည်။

“ငါသူ့ကို မနက်ဖြန်ကျရင် တပည့်အဖြစ်လက်ခံမယ်...”


လျိုချန်မော့က စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချလိုက်သည်။

“ကျေးဇူးတင်ပါတယ်... ရှစ်ဖူ...”


ထိုနောက် အေးစက်သောအသံက ဆက်ပြောလေသည်။

“အခု သူ့ရဲ့ခံနိုင်ရည်ကို စစ်ဆေးမယ်... နှစ်သစ်ကူးညစာမစားဘဲ တစ်ညလုံး ရေခဲစမ်းချောင်းထဲမှာ သွားစိမ်နေ...”



⛰️⛰️⛰️