⛰️Chapter – 17
ကြီးမြတ်သည့်ရှစ်ရှုန်းမှ လာတွေ့ခြင်း
၁၂လပိုင်း ၂၉ရက်တွင် နှင်းအလွန်ကျနေ၏။
လူငယ်လေး၏ကိုယ်ဟန်က ဖြောင့်မတ်ရှည်လျားနေပြီး ကြော့ရှင်းသော အမူအရာရှိကာ ပြုံးနေလျက် လေးစားမှုရှိစွာဖြင့် စောင့်ဆိုင်းနေလေသည်။
အမျိုးသမီး တပည့်နှစ်ယောက်က ခန်းမဆောင်ထဲမှ ထွက်လာချိန်တွင် သူ့ကိုမြင်လိုက်သောအခါ ရှက်သွေးဖြာသွားလေ၏။
“ကြီးမြတ်တဲ့ရှစ်ရှုန်းက လက်ဆောင်တွေနဲ့ ရောက်လာပြန်ပြီ… ဒီနှစ်ရော ကျွန်မတို့ရှစ်ဖူအတွက် ဘာတွေယူလာတာလဲ…”
ပိုပြီးရဲတင်းသည့် တစ်ယောက်က သူ့အင်္ကျီလက်ကို ဆွဲလိုက်၏။
“ဒီနေရာမှာ ဝှက်ထားတာလား...”
ဝမ်ရမ်မုက ခပ်ဖွဖွပြုံးကာ လက်ကို ဆွဲဖယ်လိုက်သည်။
“ရှစ်မေ့တို့... ရှစ်ရှုန်းကိုသနားပါဦး...”
နှစ်သစ်ကူးရောက်သည့်အချိန်တိုင်း တောင်ထိပ်များက အခြားတောင်ထိပ်များထံ လက်ဆောင်များကို အသီးသီး ပို့ပေးလေ့ရှိကြသည်။ ဝမ်ယွဲ့တောင်ထိပ်နှင့် ပါးကျန့်တောင်ထိပ်ရှိ ဆရာသခင်များက လူကိုယ်တိုင်ပို့ပေးပြီး ကျန်သောတောင်ထိပ်များက တပည့်များကို တာဝန်ပေးလေသည်။
ရွှင်းယန်တောင်ထိပ်(၁၆)ခုတွင် ဝမ်ယွဲ့၊ ဟွမ်ဟွားနှင့် ရှီကျူးတောင်ထိပ်များက အမျိုးသမီးတပည့်များသာ လက်ခံသည်။ သူ့ကိုမြင်သောအခါ ဟွမ်ဟွားနှင့် ရှီကျူးတောင်ထိပ်မှ တပည့်များက ရှက်ရွံ့စွာ ပုန်းနေကြပြီး သူ့ကိုချောင်းကြည့်ကာ ခိုးခိုးခစ်ခစ် ရယ်နေကြလေသည်။
တစ်ဖက်တွင် ဝမ်ယွဲ့တောင်ထိပ်ရှိ အမျိုးသမီးတပည့်များက အနည်းငယ် ရဲတင်းလေ၏။
ဝမ်ရမ်မုက ကျောက်စိမ်းသေတ္တာလေးတစ်လုံးကို ထုတ်လိုက်သည်။
“ဒါက နှစ်သုံးရာသက်တမ်းရှိတဲ့ မြက်ရိုင်းပါ... ကျင့်ကြံခြင်းအတွက် ကောင်းကျိုးရှိပါတယ်... ဒါကိုရှစ်ရှုဆီ ယူသွားပေးဖို့ ရှစ်မေ့တို့ကို တောင်းဆိုလို့ရမလား...”
နှစ်လိုဖွယ်ကောင်းသော မျက်ဝန်းများရှိသည့် ရဲတင်းသော တစ်ယောက်က အနည်းငယ် စိတ်ဆိုးဟန်ဖြင့် ပြောလိုက်၏။
“ကျွန်မတို့ မလုပ်ပေးရင်ရော ရှစ်ရှုန်းဘာလုပ်မှာလဲ...”
ဝမ်ရမ်မုက သူမကို ကြည့်လိုက်၏။
“မင်းတို့က ဒီရှစ်ရှုန်းကို ဘာလုပ်စေချင်လို့လဲ...”
ရဲတင်းသည့် အမျိုးသမီးတပည့်က ရှက်သွေးဖြာသွားပြီး စိတ်အခြေအနေမှာ အနည်းငယ် မရေမရာဖြစ်နေသည်။ ပိုပြီးရှက်ရွံ့တတ်သည့်တစ်ယောက်က နှုတ်ခမ်းကိုကိုက်ထားတာ စကားတစ်ခွန်းမှ မပြောရဲချေ။
ဝမ်ရမ်မုက ချောင်းဟန့်ကာ တည်ကြည်စွာဖြင့်ပြောလိုက်၏။
“ကျွန်တော် သွားရမယ့် တောင်ထိပ်တွေရှိသေးတယ်… ရှစ်မေ့တို့နှစ်ယောက်ကို ဒုက္ခပေးမိပါပြီ…”
ထိုသို့ပြောပြီးနောက် မိန်းကလေးနှစ်ယောက်ကို ခေါင်းညိတ်ပြကာ ထွက်သွားရန်လုပ်လိုက်သည်။ သူ မထွက်သွားခင်တွင် ပတ်ဝန်းကျင်ကို အမှတ်တမဲ့ဖြင့် ကြည့်လိုက်မိ၏။ ခရမ်းရောင်ဝတ်စုံနှင့် အမျိုးသမီး၏ အရိပ်အယောင်ကို လုံးဝမမြင်သဖြင့် အနည်းငယ် စိတ်ပျက်လက်ပျက် ဖြစ်သွားလေသည်။
ပါးကျန့်တောင်ထိပ်သို့ ရောက်သောအခါ ကြီးကျယ်ခမ်းနားသော ခန်းမဆောင်ကို မြင်လိုက်ရလေသည်။ ယွီရုန်တောင်ထိပ်နှင့် နှိုင်းယှဉ်လျှင်ပင် ပိုပြီးခမ်းနား၏။ ၎င်းက အမှန်ပင် ချင်ရှုဓားဂိုဏ်းရှိ အချမ်းသာဆုံး တောင်ထိပ်ဖြစ်လေသည်။
သူက ခန်းမဆောင်ရှေ့ရှိ တပည့်အချို့ကို နှုတ်ဆက်လိုက်သည်။
“ရှစ်ရှုန်းသုံးယောက် နိုးနေပြီလား...”
တစ်ယောက်က ပြုံးကာ ပြောလိုက်သည်။
“ကြီးမြတ်တဲ့ရှစ်ရှုန်းရောက်လာတဲ့အတွက် အရမ်းကျေးဇူးတင်ပါတယ်... သူတို့အားလုံး နိုးနေပါပြီ... ဒါပေမယ့် ရှစ်ဖူက တောင်အောက်ကို ဆင်းသွားတယ်...”
ဝမ်ရမ်မုက ကသိကအောက်ဖြစ်စွာ တုံ့ပြန်လိုက်၏။
“မုကျစ်ချိုးက ထျန်းဟန့်တောင်ထိပ်ကို အရူးလုပ်သွားတာ... ငါတို့အားလုံးလည်း...”
မုကျစ်ချိုးက ထျန်းဟန့်တောင်ထိပ်၏ ကိုးယောက်မြောက်တပည့်ဖြစ်သည်။ ဝမ်ရမ်မုက သူ့ကို လက်ထောက်အဖြစ် အလွန်အားကိုး၍ သူက လူသိများလေသည်။ ထိုဒါဇင်ခန့်ရှိသော တိုက်ခိုက်မှုများကြောင့် ထျန်းဟန့်တောင်ထိပ်က ခေါင်းမဖော်နိုင် ဖြစ်ရလေ၏။
ထိုနောက် ကျွင်းယန်ကျစ်ကို စဉ်းစားမိသောအခါ အနည်းငယ် မွန်းကြပ်သကဲ့သို့ ခံစားလိုက်ရလေသည်။
ထိုတပည့်က ချက်ချင်းပြုံးကာ ပြောလိုက်၏။
“မုကျစ်ချိုးက လူတိုင်းကို တမင်သက်သက် လှည့်စားခဲ့တာ... အဲ့ဒါကြောင့် ဘာသံသယမှ မဝင်တာက ပုံမှန်ပါပဲ... ဒီကိစ္စအတွက် ရှစ်ရှုန်းကို ကျွန်တော်တို့ အပြစ်တင်လို့ မရပါဘူး... ပြီးတော့ ဒီကိစ္စက နည်းနည်းထူးဆန်းတယ်...”
ဝမ်ရမ်မုက မျက်ခုံးပင့်လိုက်၏။
“နည်းနည်းထူးဆန်းတယ်တဲ့လား... ဘယ်လိုမျိုးလဲ...”
ထိုတပည့်က ပြောမိသွားသည့်အတွက် အနည်းငယ် နောင်တရသည့် မျက်နှာဖြစ်သွားပြီး ဝမ်ရမ်မုအနားသို့ တိုးကာ တိတ်တိတ်လေး ပြောလိုက်သည်။
“ကျွန်တော့် ရှစ်ရှုန်းပြောဖူးတယ်... သူတို့ ဝိညာဉ်စွမ်းအားတွေ အစုပ်ယူခံရပြီးတော့ ကျင့်ကြံစွမ်းတွေ ဖျက်ဆီးခံရတုန်းက သူတို့က မုကျစ်ချိုးရဲ့ ရေခဲလိုဏ်ဂူကိုထဲကို အပစ်ခံလိုက်ရပြီးတော့ သူတို့သတိမေ့သွားတယ်... ဒါပေမယ့် သူတို့ကို ပြန်ရှာတွေ့တဲ့နေရာက ယွီရုန်နဲ့ ဟုန်ရှို့တောင်ထိပ်နယ်နိမိတ်မှာ ဖြစ်နေတယ်...”
ဝမ်ရမ်မုက သူ့ကိုကြည့်လိုက်၏။
“မင်းပြောချင်တာက...”
“မုကျစ်ချိုးက ဘာလို့ သူတို့ရဲ့ခန္ဓာကိုယ်တွေကို ရှာတွေ့အောင် ရွှေ့ထားမှာလဲ... အဲ့ဒါက နည်းနည်းထူးဆန်းတယ်...”
တစ်ယောက်ယောက်က သူတို့ခန္ဓာကိုယ်တွေကို ရွေ့လိုက်တာလား...
“ဒါက ကျွန်တော်တွေးမိတာပါ… ရှစ်ရှုန်း အများကြီး မတွေးပါနဲ့…”
ထိုတပည့်က ရယ်လိုက်သည်။
ဝမ်ရမ်မုက အသိပြန်ဝင်လာပြီး မြန်မြန်ပြောလိုက်၏။
“မင်းပြောတာ အဓိပ္ပာယ်ရှိတယ်… ဒီကိစ္စကို ဘာလို့ ရှစ်ဖူဆီ မတင်ပြတာလဲ….”
“အဲ့ဒီရှစ်ရှုန်းသုံးယောက်က ကောင်းတဲ့ရည်ရွယ်ချက်ကြောင့် ညဘက်ကြီး တောင်ပေါ်မှာ လျှောက်သွားနေတာမှမဟုတ်တာ… ကျွန်တော်တို့ ရှစ်ဖူက သူတို့ကြောင့် အရမ်းဒေါသထွက်နေတာနဲ့ ကျွန်တော်တို့ဘာမှ မပြောရဲတော့တာ… “
ဝမ်ရမ်မုက ပြုံးလိုက်၏။
“မိသားစုတိုင်းမှာ ပြဿနာရှိတာပါပဲ…”
“ဟုတ်တယ်… ရှစ်ရှုန်းပြောသလိုပဲ…”
ပါးကျန့်တောင်ထိပ်မှ ထွက်လာပြီးနောက် ဝမ်ရမ်မုက တွေးတောနေလေ၏။
ကျွင်းယန်ကျစ်က ထိုညတွင် ကင်းစောင့်ရမည့်အလှည့်ကျပြီး တိုက်ဆိုင်စွာဖြင့် မုကျစ်ချိုးနှင့် တည့်တည့်တိုးခဲ့သည်။ တိုက်ဆိုင်စွာဖြင့် ကိုယ့်ကိုယ်ကိုယ် ကာကွယ်သည့်အနေနှင့် တစ်ဖက်လူ၏ ချက်ကောင်းကို ရိုက်မိသွားပြီး တစ်ဖက်လူကို သတ်လိုက်မိသည်။
ဘယ်လောက်တောင် တိုက်ဆိုင်တဲ့ ကိစ္စလဲ…
ရုန်သုန်းယဲ့ပြောခဲ့သည်ကို အမှတ်ရသွားသည်။ သူက ယားယံမှုကိုဖြစ်စေသည့် မှင်နက်မြွေအဆိပ် သုတ်ထားသော အပ်နှင့် ကျွင်းယန်ကျစ်ကို ပစ်ခဲ့ခြင်းဖြစ်သည်။
ဆိုးရွားတာ မဖြစ်နိုင်တာ သေချာရဲ့သားနဲ့ ကျွင်းယန်ကျစ်ရဲ့ ဒဏ်ရာက ရုတ်တရက်ကြီး ပြင်းထန်လာပြီးတော့ သွေးပါအန်သွားတယ်တဲ့လား…
ကျွင်းယန်ကျစ်က မရိုးသားတာ သေချာတယ်…
ဒါမှမဟုတ် ငါ အတွေးလွန်နေတာလား…
လွန်ခဲ့သောလများတွင် ထျန်းဟန့်တောင်ထိပ်နှင့် ဟွေ့ရှစ်တောင်ထိပ်က သဘောထားကွဲလွဲမှုများ ရှိခဲ့သည်။ ဝမ်ရမ်မုက ဘဝတွင် ပထမဆုံးအကြိမ်အနေဖြင့် သူတို့ကို စတင်လေ့လာခဲ့သည်။ ယခုနှစ်တွင် ဟွေ့ရှစ်တောင်ထိပ်အတွက် လက်ဆောင် မပြင်ပေးချင်ပေ။ သို့ရာတွင် မုကျစ်ချိုး၏ အပြုအမူများက အမှန်တကယ်မှားနေပြီး လုပ်ရန်လိုသည့် ကိစ္စများလည်း ရှိသေးသည်။ မဟုတ်လျှင် အရေးမပါသည့်ပုံစံဖြင့် လျှောချသွားမည်ဖြစ်သည်။
လက်ဆောင်ကို ကိုယ်တိုင်လာပေးဖို့ အဲ့လောက်တောင် အရေထူနေပြီလား...
နောက်ဆုံးတွင် သူက ဟွေ့ရှစ်တောင်ထိပ်ရှိ ခန်းမဆောင်သို့ ရောက်လာလေသည်။ သူက ခေါင်းမော့ပြီး ပတ်ဝန်းကျင်ကို ကြည့်လိုက်သော်လည်း မည်သူကိုမှ မတွေ့ချေ။ သူ့ရင်ဘတ်ထဲမှ ကျောက်စိမ်းသေတ္တာလေးကို ထုတ်လိုက်၏။
အခြားတောင်ထိပ်ရှိ ခန်းမဆောင်များတွင် အစောင့်များရှိသော်လည်း ဟွေ့ရှစ်တောင်ထိပ်တစ်ခုသာ လုံးဝဗလာဖြစ်နေပြီး ဆင်းရဲနွမ်းပါးသည့်အခြေအနေကို ပြနေလေသည်။
ဘယ်လောက်တောင် ရှက်စရာကောင်းလိုက်လဲ...
သူက ကျောက်စိမ်းသေတ္တာလေးကို ပြန်သိမ်းလိုက်ပြီး ကျွင်းယန်ကျစ်၏ အဆောင်သို့ ပျံသွားလိုက်သည်။
ဒီကိုရောက်လာမှာတော့ ဘာလို့ သူနဲ့ တွေ့ဖို့အခွင့်အရေးကို မယူရမှာလဲ...
ဝမ်ရမ်မုက တောင်ပေါ်တွင် အချိန်အတော်ကြာ ပျံသန်းနေပြီးနောက် နောက်ဆုံးတွင် အသီးအရွက်ခြံထဲ၌ လူငယ်လေးတစ်ယောက် ထိုင်နေသည်ကို တွေ့လိုက်ရလေသည်။ သူက လိပ်ကြီးတစ်ကောင်ကို ကိုင်ထားပြီး ဂေါ်ဖီထုပ် ကျွေးနေလေ၏။ ကောင်လေးက တစ်ယောက်ယောက်ရောက်လာသံကို ကြားသောအခါ ခေါင်းမော့ပြီး သူ့အား ကြည့်လိုက်သည်။ သူ၏နူးညံ့လှပသော မျက်နှာလေးတွင် အံ့အားသင့်မှုအနည်းငယ် ရှိနေလေ၏။
ဤအသစ်ရောက်လာသည့် လူငယ်လေးက ကျွင်းယန်ကျစ်နှင့်အတူ မုကျစ်ချိုးကိစ္စကို ဖြေရှင်းခဲ့သူဖြစ်သည်။
သူ့ရဲ့မျိုးနာမည်က လုလား...
ဝမ်ရမ်မုက မြန်မြန်အောက်ဆင်းလိုက်ပြီး လူငယ်လေးကို ငုံ့ကြည့်ကာ ပြောလိုက်သည်။
“လုရှစ်တိ...”
ဝမ်ကျင်းက ဖြည်းဖြည်းချင်း ထရပ်လိုက်၏။
“ကြီးမြတ်တဲ့ရှစ်ရှုန်း…”
ဝမ်ရမ်မုက ဟွေ့ရှစ်တောင်ထိပ်နဲ့ ရန်သူမှ မဟုတ်တာ... ဘာလို့ ဒီရောက်လာတာလဲ... အိမ်ကိုလာဖြိုတာလား... ရန်လာစတာလား... ပညာလာပေးတာလား... ဒီထူးဆန်းတဲ့ ခံစားချက်က...
“ရှစ်ရှုန်းက ကျွင်းရှစ်တိဆီ လာတွေ့တာပါ... သူနေတဲ့နေရာက ဘယ်မှာလဲဆိုတာ မေးလို့ရမလား...”
ဝမ်ကျင်းက တုံ့ဆိုင်းနေပြီးနောက် လိပ်ကြီးကိုချီကာ ပြောလိုက်သည်။
“ကျွန်တော်ခေါ်သွားပေးမယ်... ကျွန်တော့်နောက်က လိုက်ခဲ့ပါ...”
“ကျေးဇူးတင်ပါတယ်...”
ဘေးချင်းယှဉ်ကာ ပျံသန်းနေချိန်တွင် ဝမ်ရမ်မုက လိပ်ကိုငုံ့ကြည့်ပြီး မေးလိုက်၏။
“လိပ်က ဘယ်နှစ်နှစ်ရှိပြီလဲ...”
လိပ်က ဝမ်ကျင်း၏ ရင်ဘတ်ကို မှီနေပြီး ဝမ်ရမ်မုကို မျက်နှာသေဖြင့် ကြည့်နေလေသည်။
“ကျွန်တော် မသိဘူး…”
“အသက်ကြီးနေပုံရပြီ… ဝိညာဉ်စွမ်အား အသိဉာဏ်မရသေးဘူးလား…”
ဝမ်ကျင်းက လိပ်၏ခေါင်းကို ခပ်ဖွဖွ ပုတ်လိုက်၏။
“သူက ကျွင်းရှစ်ရှုန်းရဲ့ ဝိညာဉ်သားရဲပါ…”
သူပိုင်တာဆိုပေမဲ့ ငါပဲ ကျွေးမွေးနေရတာ…
ဝမ်ရမ်မုက ပြောလိုက်သည်။
“ကျွင်းရှစ်တိက လိပ်ကိုကြည့်ပေးဖို့ တစ်ယောက်ယောက်ကိုမရှာဘူးလား… သူက အရွယ်ရောက်နေပေမဲ့ ဝိညာဉ်စွမ်းအား အသိဉာဏ်က မပွင့်သေးဘူး… အဲ့လိုပုံမှင်သေသေစံမျိုးနဲ့ တိုက်ခိုက်တဲ့နေရာမှာရော ကျင့်ကြံတဲ့နေရာမှာပါ ဘယ်လို ကူညီပေးနိုင်မှာလဲ…”
ဝမ်ကျင်းက စိတ်ထဲတွင် အနည်းငယ် မပျော်မရွှင်ဖြစ်လာ၏။
“ဒီလိပ်လေးရဲ့ မှင်သေသေအကြည့်က ချစ်စရာကောင်းပါတယ်… ပြီးတော့ မိစ္ဆာသားရဲတွေအကုန် အသုံးဝင်နေတာမှ မဟုတ်တာ…”
ဥပမာပြောရရင် မြွေပေါ့… သဘောထားကဆိုးပြီး အစွယ်ကို ထုတ်ထုတ်ပြနေတာ… ဒါပေမဲ့လည်း ငါ့ကို လိုက်ကပ်နေတာပါပဲ…
ဝမ်ရမ်မုက မျက်မှောင်ကြုတ်လိုက်၏။
ထျန်းဟန့်တောင်ထိပ်တွင် မည်သူကမှ ဤကဲ့သို့အပြုအမူဖြင့် သူ့ကို စကားမပြောရဲချေ။
သူတို့က ကျောက်အိမ်တစ်အိမ်ရှေ့သို့ ရောက်သောအခါ တံခါးရှေ့၌ သန့်ရှင်းရေးလုပ်ထားပုံရပြီး နှင်းများ ရှင်းလင်းနေသည်ကို မြင်လိုက်ရလေသည်။ တံခါးဝတွင် နှင်းများဖုံးလွှမ်းနေသော ထင်းရှူးပင်၏ အကိုင်းအချို့ရှိပြီး ဘေးဘက်တွင် စမ်းချောင်းတစ်ခုရှိလေသည်။
ထို့နောက် အိမ်ထဲမှ အမျိုးသားတစ်ယောက်၏အသံက ထွက်လာလေ၏။
“ဘာလို့ ဒီကိုလာတာလဲ… အသီးအရွက်ခြံထဲ မသွားဘူးလား…”
သူပြောပြီးသောအခါ အသက်(၂၀)ခန့်ရှိသော ဖြူဖျော့နေသည့် လူငယ်တစ်ယောက်က တံခါးဝတွင် ပေါ်လာလေသည်။ သူကအနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး မီးခိုးရင့်ရောင်ခါးပတ်ကို ခါးတွင် ပတ်ထားသည်။ သူ၏ အင်္ကျီလည်ပင်းက အနည်းငယ်ဟနေပြီး ခန္ဓာကိုယ်ကို ရိပ်ခနဲမြင်ရကာ ညှို့ဓာတ်ရှိသည့် အလှလေးတစ်ယောက်၏ အရိပ်အယောင်ကို ပေးစွမ်းနေလေသည်။
ဝမ်ကျင်းက သူ့ကို တွေဝေစွာဖြင့် ငေးမောကြည့်နေလေ၏။
ကျွင်းယန်ကျစ်က လူနှစ်ယောက်ကို မော့ကြည့်ကာ မျက်ခုံးတွန့်လိုက်သည်။ သူက တည်တည်ငြိမ်ငြိမ်ဖြင့် အင်္ကျီလည်ပင်းကို ပြန်စေ့လိုက်သဖြင့် အလှလေးတစ်ယောက်၏ ဟန်ပန်က လွင့်စင်သွားလေ၏။ ထို့နောက် ပုံမှန် မြင်နေကျဖြစ်သော ကျက်သရေရှိသည့်ပုံစံသို့ ပြန်ပြောင်းသွားလေသည်။
ဝမ်ရမ်မုက တစ်စုံတစ်ခုက သူ့လက်ထဲမှ လွတ်ထွက်သွားသကဲ့သို့ ခံစားရလိုက်ပြီး မျက်ခုံးနှစ်ခုက ထိစပ်နေကာ ယဉ်ကျေးစွာ ပြောလိုက်၏။
“ကျွင်းရှစ်တိ… ဘယ်လိုနေသေးလဲ…”
ကျွင်းယန်ကျစ်က ခပ်ဖွဖွပြောလိုက်သည်။
“အများကြီး ကောင်းလာပါပြီ… ကြီးမြတ်တဲ့ရှစ်ရှုန်းက လူကိုယ်တိုင်လာတွေ့ရတာ ကျွန်တော် အရှက်ရမိပါတယ်… အထဲကိုဝင်လာပါ…”
သူပြောပြီးနောက် ဘေးဘက်ကို ကပ်လိုက်၏။
ဝမ်ရမ်မုက ပြုံးကာ အထဲသို့ဝင်လိုက်ပြီးနောက် အိမ်ထဲကို လျှောက်ကြည့်လိုက်သည်။
တံခါးဝတွင် ကျွင်းယန်ကျစ်က ဝမ်ကျင်းကို ကြည့်ကာမေးလိုက်သည်။
“အသီးအရွက်ခြံကို ပြန်သွားမှာလား…”
“ပြန်သွားရမှာ….အခုထိ မပြီးသေးဘူး…”
“ဒါဆိုသွားလေ…”
ဝမ်ကျင်းက အိမ်ထဲရှိ ဝမ်ရမ်မုကိုကြည့်ကာ လက်ဆန့်လိုက်၏။ သူ၏ အမူအရာက ခက်ထန်နေလေသည်။
၎င်းက ကုကျင်းပိုင်သင်ပေးထားသော လျှို့ဝှက်အချက်ပြမှု ဖြစ်သည်။ အဓိပ္ပာယ်မှာ ‘ရှစ်ရှုန်း(၂)ကို လာစေချင်လား’ ဟူ၍ဖြစ်သည်။
ရှစ်ရှုန်း(၂)ရောက်လာလျှင် အခဲမကျေနိုင်သော ရန်ပွဲများ ဖြစ်လာမည်မှာ သေချာလေသည်။
ကျွင်းယန်ကျစ်က ခေါင်းခါလိုက်သည်။
“မင်းသွားတော့…”
ဝမ်ကျင်းက လိပ်ကြီးကိုကိုင်ကာ ပြန်ရန်လှည့်လိုက်သည်။ ကျွင်းယန်ကျစ်က ခေါင်းငုံ့ပြီး မေးလိုက်၏။
“ပြီးရင် ဒီကို ပြန်လာဦးမှာလား…”
သူ၏ အသံက အလွန်ညင်သာပြီး ဝမ်ကျင်း၏ ကျင့်ကြံဆင့်က သူ့စကားကိုကြားနိုင်ရန် အလွန်နိမ့်သဖြင့် မကြားဘဲ မြန်မြန် လမ်းလျှောက်ထွက်သွားလေ၏။
ကျွင်းယန်ကျစ်၏ နှုတ်ခမ်းများမှာ မျဉ်းဖြောင့်ကဲ့သို့ ခပ်တန်းတန်းဖြစ်သွားလေသည်။
သူ တံခါးပိတ်လိုက်ပြီးနောက် အထဲရှိလူကို မျက်နှာချင်းဆိုင်ကာ ပျူငှာစွာပြောလိုက်သည်။
“ရှစ်ရှုန်း… ထိုင်ပါ…”
ဝမ်ရမ်မုက တိတ်တဆိတ်ဖြင့် သူ့ကို ကြည့်နေလေသည်။ အခန်းက အလွန်ရိုးရှင်းပြီး သပ်သပ်ရပ်ရပ်နှင့် သန့်ရှင်းနေကာ ပြတင်းပေါက်တွင် စိတ်ဝိညာဉ်မြက် အနည်းငယ်ကို စိုက်ထားလေသည်။ စာအုပ်စင်ပေါ်တွင် ပန်းအိုးနှင့် အတော်အတန် ဟောင်းနွမ်းနေသော စာအုပ်အချို့ ရှိလေ၏။
ကျွင်းယန်ကျစ်က လက်ဖက်ရည်ငှဲ့ပေးလိုက်သည်။
“အဖြူရောင်သစ်ခွလက်ဖက်ရည်ပါ… နည်းနည်းတော့ ခါးတယ်… ရှစ်ရှုန်းသောက်နိုင်မယ်လို့ မျှော်လင့်ပါတယ်…”
ဝမ်ရမ်မုက လက်ဖက်ရည်ကို တစ်ငုံသောက်လိုက်ပြီးနောက် ခါးသီးသော အရသာကြောင့် သီးသွားပြီး ပြောလိုက်လေသည်။
“သောက်နိုင်ပါတယ်…”
သို့ရာတွင် လက်ဖက်ရည်ခွက်ကို ချလိုက်ပြီး ထပ်မသောက်တော့ချေ။
ထို့နောက် ကျောက်စိမ်းသေတ္တာကို ထုတ်လိုက်သည်။
“ဒါက မြက်ရိုင်း… ကျင့်ကြံရေးအတွက် အကျိုးရှိတယ်… ဒါကို မင်းရဲ့ရှစ်ရှုန်းဆီ ပေးပေးပါလား…”
“ကောင်းပါပြီ….”
ကျွင်းယန်ကျစ်က ကျောက်စိမ်းသေတ္တာကို လက်ခံကာ ထိုင်လိုက်သည်။
“ရှစ်ရှုန်း ဒီနေ့လာတာ ဘာကိစ္စရှိလို့လဲ…”
ဝမ်ရမ်မုက တုံ့ဆိုင်းသွားပြီးနောက် ပြောလိုက်၏။
“တကယ်တော့ ရှစ်ရှုန်း နားမလည်နိုင်တဲ့ ကိစ္စတစ်ခုရှိလို့… ကျွင်းရှစ်တိက ပြောပြနိုင်မယ်လို့ မျှော်လင့်ပါတယ်…”
“ရှစ်ရှုန်း… မေးပါ…”
“ပါးကျန့်တောင်ထိပ်က တပည့်တွေပြောတဲ့ပုံအရ သူတို့က ဝိညာဉ်စွမ်အားတွေ အစုပ်ယူခံလိုက်ရပြီးတော့ သူတို့ရဲ့ ကျင့်ကြံဆင့်တွေက လုံးဝဖျက်ဆီးခံလိုက်ရတယ်... ပြီးတော့ သူတို့က မြေအောက်နှင်းလိုဏ်ဂူထဲကို သယ်သွားခံလိုက်ရပြီးတော့ အဲ့နေရာမှာပဲ သတိမေ့သွားခဲ့တယ်... ဒါပေမယ့် သူတို့ကို ပြန်ရှာတွေ့တဲ့အချိန်မှာ ယွီရုန်နဲ့ ဟုန်ရှို့တောင်ထိပ်ကြားက နယ်နိမိတ်မှာ ဖြစ်နေတယ်... အဲ့ကိစ္စကို ရှစ်တိ ဘယ်လိုထင်လဲ...”
ကျွင်းယန်ကျစ်က ရပ်တန့်သွားပြီးနောက် မတုန်မလှုပ်မျက်ဝန်းဖြင့် မေးလိုက်၏။
“ရှစ်ရှုန်း သိထားတာရှိလို့လား...”
ဝမ်ရမ်မုက သူ့ကိုကြည့်လိုက်သည်။
“ရှစ်တိ ရှင်းပြခဲ့တဲ့အတိုင်းဆို တစ်ယောက်ယောက်က သူ့ရဲ့ အပြုအမူတွေကို သိနေတာလား...”
ကျွင်းယန်ကျစ်က သူ့ကို ကြည့်လိုက်၏။
ဒီဝမ်ရမ်မုက ငါ့ကို သံသယဝင်နေတာပဲ...
မည်သည့်အရာများ ဖြစ်နေသည်ကို သူသိသော်လည်း အခြားသူများ၏ ကိစ္စတွင် သူဝင်မရှုပ်ပေ။ ထိုလူသုံးယောက်ကို ရှာတွေ့ပြီးနောက် ချင်ရှုဂိုဏ်းက ကင်းလှည့်ခိုင်းခြင်းမှာ သူ့အတွက် အကောင်းထက် အဆိုးသာ ပိုများလေ၏။
ဒါမှမဟုတ် အမှောင်ထဲကလူတွေက မကောင်းတဲ့ကိစ္စတွေလုပ်ဖို့ ငါ့ကို အသုံးချနေတာလား…
ကျွင်းယန်ကျစ်က အံကြိတ်လိုက်၏။
အခြားတစ်ယောက်၏ အကြံအစည်ထဲသို့ သူရောက်သွားမည်ဟု လုံးဝမစဉ်းစားထားခဲ့ပေ။
“ကျွင်းရှစ်တိ…”
ကျွင်းယန်ကျစ်က တုံ့ဆိုင်းနေပြီး ပြောလိုက်သည်။
“ဖြစ်နိုင်တာက မုကျစ်ချိုးလုပ်နေတဲ့ ကိစ္စတွေကို တစ်ယောက်ယောက်က ရှာတွေ့သွားပေမဲ့ သူ့ကို ရင်မဆိုင်ရဲဘူး… အဲ့ဒါကြောင့် ခန္ဓာကိုယ်တွေကို တမင်ရွှေ့ထားပြီး ဒီကိစ္စကို တခြားတစ်ယောက်က ဖြေရှင်းတာကို စောင့်နေတာပေါ့…”
ဝမ်ရမ်မုက ခေါင်းညိတ်လိုက်၏။
“ဘယ်သူဖြစ်နိုင်လဲ…”
“ဂိုဏ်းထဲမှာ ကြောက်တတ်တဲ့လူ၊ ရှက်တတ်တဲ့လူ၊ အနိုင်ကျင့်ခံရတဲ့လူတွေ အများကြီးရှိတယ်... ဘယ်သူလဲဆိုတာ ခန့်မှန်းဖို့ခက်တယ်...”
“ကျွင်းရှစ်တိပြောတာ အကျိုးအကြောင်းသင့်တယ်... ဘာပဲဖြစ်ဖြစ် ၁၈ရက်နေ့မှာ ကင်းစောင့်ဖို့ အလှည့်ကျတဲ့လူတိုင်း ပါဝင်နေတယ်... တော်တော်ကိုကြီးတဲ့ တိုက်ဆိုင်မှုလို့ ခံစားနေရတယ်... မသိရင် အားလုံးက ကြိုတင်စီစဉ်ထားတဲ့အတိုင်းပဲ...”
“ဒါက တကယ်ကို ထူးဆန်းတဲ့ တိုက်ဆိုင်မှုပဲ...”
ဝမ်ရမ်မုက အချိန်အတော်ကြာ တွေးနေပြီးနောက် ထကာပြောလိုက်သည်။
“ဒီနေ့ ရှစ်တိနဲ့ စကားပြောရတာ တကယ်ကို အကျိုးရှိပါတယ်... ရှစ်ရှုန်း နည်းနည်းအလျင်လိုနေလို့ နောက်ရက်မှ ဆက်ပြီးပြောကြတာပေါ့...”
ကျွင်းယန်ကျစ်က ခပ်ဖွဖွပြုံးလိုက်၏။
“ဘယ်အချိန်ဖြစ်ဖြစ် ရပါတယ်...”
ဝမ်ရမ်မု ထွက်သွားပြီးနောက် သူက တောင်တန်းများ၏ အနောက်ဘက်ဆီမှ ရာသီဥတုကို ပြတင်းပေါက်မှ ကြည့်ကာ အဝတ်အစားများကို ဖြည်းဖြည်းချင်း စချွတ်လေတော့သည်။
⛰️⛰️⛰️