Ch 16
Viewers 3k

⛰️Chapter - 16

လူကောင်းတွေက အသက်မရှည်ဘူး… လူဆိုးတွေကတော့ နှစ်ထောင်ချီ အသက်ရှည်တယ်…



ထျန်းဟန့်တောင်ထိပ်ရှိတပည့်များမှာ မုကျစ်ချိုးက မိစ္ဆာအတတ်ကျင့်ကြံသည်ကို လုံးဝမယုံကြည်ကြပေ။ သူတို့က ကျိခယ့်ချင်းနှင့် ကျွင်းယန်ကျစ်ကို ရန်လိုနေကြလေသည်။ ကျွင်းယန်ကျစ်က သူတို့နှင့် စကားမများချင်သဖြင့် ဘေးတွင်ရပ်ကာပြောလိုက်၏။

“လူတိုင်း သေချာစုံစမ်းကြဖို့ တောင်းဆိုပါတယ်…”


ကျိခယ့်ချင်းက အေးစက်စွာ ပြောလိုက်၏။

“မိစ္ဆာကျင့်ကြံစွမ်းအားကြောင့် သူဒဏ်ရာရနေတာကို ကျွန်မမျက်စိနဲ့ တပ်အပ်မြင်ခဲ့တယ်…”


မုကျစ်ချိုးတွင် ရုန်သုန်းယဲ့ဟုခေါ်သည့် သူငယ်ချင်းကောင်းတစ်ယောက်ရှိသည်။ သူက ဟွေ့ရှစ်တောင်ထိပ်ကို အမြဲတမ်း ဆန့်ကျင်နေသူဖြစ်၏။ ယခုအချိန်တွင် သူက သည်းမခံနိုင်တော့ဘဲ အပြစ်ရှာတော့လေသည်။ 

“ယောက်ျားတစ်ယောက်နဲ့ မိန်းမတစ်ယောက်… ညလယ်ခေါင်ကြီးမှာ ဘာလုပ်နေကြတာလဲ… မုရှစ်ရှုန်းက မင်းတို့ရဲ့အချိန်လေးကို နှောင့်ယှက်မိသွားလို့ သူ့ကို ချောက်ချဖို့အတွက် မိစ္ဆာကျင့်ကြံသူဆိုပြီး လုပ်ဇာတ်ခင်းနေတာလဲ ဖြစ်နိုင်တာပဲလေ…”


ထိုစကားများကို ကြားသည့်အချိန်တွင် ကျိခယ့်ချင်း၏ အမူအရာက မှောင်မည်းလာလေ၏။ သူမလက်ထဲတွင် ချင်ဟွာဓားရှည်၏ လက်ကိုင်ပေါ်လာပြီး လျှပ်စီးကဲ့သို့ လျင်မြန်စွာဖြင့် ရုန်သုန်းယဲ့ကို တိုက်ခိုက်လေသည်။ ရုန်သုန်းယဲ့က ဓားထုတ်သံကို ကြားသောအခါ ရှောင်ရန် ကြိုးစားလိုက်သော်လည်း လက်မောင်းကို ရှပ်ထိသွားလေ၏။


ထျန်းဟန့်တောင်ထိပ်ရှိလူများက သူ့အနားသို့ စုနေကာ ပြောလိုက်လေသည်။

“မင်း... ဂိုဏ်းတူတပည့်ကို ဒဏ်ရာရအောင်လုပ်တယ်...”


ချင်ရှုခန်းမဆောင်အပြင်ဘက်ရှိ လေထုက ရန်လိုစိတ်များနှင့်ပြည့်နှက်နေလေသည်။


ကျွင်းယန်ကျစ်က ‌မျက်မှောင်ကြုတ်လိုက်၏။ 

“ကျေးဇူးပြုပြီး ထိန်းထိန်းသိမ်းသိမ်းပြုမူကြပါ... မင်းတို့ မိန်းကလေးတစ်ယောက်ရဲ့ ဂုဏ်သိက္ခာကို အသရေမဖျက်သင့်ဘူး...”


ကျိခယ့်ချင်းက သူ့ကိုတစ်ချက်ကြည့်လိုက်ပြီးနောက် လူအုပ်ကို ခက်ထန်စွာကြည့်လိုက်လေသည်။


[ဝမ်ရမ်မုက ခန်းမဆောင်အပြင်ဘက်သို့ ပြေးထွက်လာပြီး မတ်တတ်ရပ်နေသော ကျွင်းယန်ကျစ်နှင့် လှပသောမိန်းမငယ်လေးကို ကြည့်ကာ ရင်ထဲတွင် ခါးသီးမှုကို ခံစားလိုက်ရလေသည်။]

‘သက်ရှိတိုင်းအတွက် ကပ်ဘေးတစ်ခု’အပိုင်း(၃၂)မှ ကောက်နှုတ်ချက်ဖြစ်သည်။


ကျိခယ့်ချင်းက သူမ၏ ဖြူစင်မှုကို မေးခွန်းအထုတ်မခံနိုင်သဖြင့် ရုန်သုန်းယဲ့ကို ဓားနှင့်ထိုးခဲ့ခြင်းဖြစ်သည်။ 


ဒီကိစ္စက နှစ်လစောပြီးဖြစ်ခဲ့တာတောင် သူတို့က ကျိခယ့်ချင်းကို ပြောဆိုနေကြတုန်းပဲလား…


ဘယ်လိုလုပ် ဒီလိုဖြစ်လာတာလဲ…


နောက်ပိုင်းတွင် ကျွင်းယန်ကျစ်က ရှင်းပြချိန်မှ ဝမ်ကျင်း နားလည်သွားလေသည်။


ထျန်းဟန့်တောင်ထိပ်တွင် တပည့်ပေါင်းများစွာရှိ၏။ ထို့ကြောင့် မုကျစ်ချိုးက လပေါင်းများစွာကြာပြီးမှသာလျှင် ကင်းစောင့်ရန် အလှည့်ကျမည်ဖြစ်သည်။ သို့ရာတွင် သူ၏ မိစ္ဆာကျင့်ကြံနည်းက တစ်လတစ်ကြိမ် သွေးသန့်စင်ရန်လိုအပ်လေသည်။ သူသာ နောက်ကျမှ ကင်းလှည့်ရမည်ဆိုလျှင် အဆင်မပြေမှုများစွာ ကြုံရမည်ဖြစ်သည်။


မုကျစ်ချိုးက သူ၏ မိစ္ဆာအတတ်ကို ကျင့်ကြံနိုင်ရန် လတစ်လ၏ ၁၈ရက်နေ့တိုင်း ကင်းစောင့်ရန် တောင်းဆိုခဲ့၏။ ဝမ်ရမ်မုကလည်း သံသယမဝင်ဘဲ သူ့ကို ခွင့်ပြုပေးခဲ့သည်။


ကျွင်းယန်ကျစ်က လတိုင်းတွင် သုံးရက်ကင်းစောင့်ရမည်ဖြစ်သည်။ သူမဲနှိုက်သည့်အချိန်တွင် လတစ်လ၏ ၁၇ရက်နေ့မှ ၁၉ရက်နေ့အထိ ကင်းစောင့်ရန် အလှည့်ကျ၏။ မုကျစ်ချိုးကို သတ်ပစ်နိုင်ရန်အတွက် ၁၆ရက်မှ ၁၈ရက်နေ့အထိ ကင်းစောင့်ရန်ကျသည့် ဟယ့်လင်နှင့် အလှည့်လဲခဲ့လေသည်။


ကျိခယ့်ချင်း၏ ကင်းစောင့်ရမည့်နေ့က လတိုင်း၏ ၁၈ရက်နေ့ဖြစ်နေ၏။ ထို့ကြောင့် ဤကိစ္စက ၁၂လပိုင်းတွင်ဖြစ်စေ ၂လပိုင်းဖြစ်စေ ကျွင်းယန်ကျစ်က ကျိခယ့်ချင်းနှင့် အနှေးနှင့်အမြန် ဆုံရမည်ဖြစ်သည်။


[ Editor's Note - ကျိခယ့်ချင်းက လတိုင်းရဲ့၁၈ရက်နေ့မှာ ကင်းလှည့်ရပြီး ကျွင်းယန်ကျစ်ကလည်း ဟယ့်လင်နဲ့ ရက်လဲထားတဲ့အတွက် လတိုင်းရဲ့ ၁၆ရက် ကနေ ၁၈ရက်နေ့တွေမှာ ကင်း‌လှည့်ရတာမို့ သူတို့ကင်းလှည့်ရမယ့်ရက်တွေက ထပ်နေပါတယ်၊ အဲဒါကြောင့် ဒီကိစ္စက ၂လစောပြီးဖြစ်သွားပေမယ့် ထျန်းဟန့်ဂိုဏ်းသားတွေက သူတို့နှစ်ယောက်ကို မဟုတ်မမှန်တွေ စွပ်စွဲလို့ရတုန်းပဲလို့ ဆိုလိုတာပါ ]


ယခုအချိန်တွင် လုချန်းချင်နှင့် ဝမ်ရမ်မုတို့က ချင်ရှုခန်းမဆောင်ထဲသို့  ဝင်သွားကြပြီဖြစ်သည်။ ကျွင်းယန်ကျစ်က စိတ်တည်ငြိမ်နေပြီး ဝမ်ကျင်းကိုခေါ်ကာ ထွက်သွားမည့်အချိန်တွင် တပည့်တစ်ယောက်က သူတို့ကို တားလိုက်လေ၏။


ထိုတပည့်က ဒေါသထွက်နေ၏။ 

“မင်းတို့ ထွက်သွားတော့မလို့လား… မုရှစ်ရှုန်းနဲ့ ဘယ်လိုတိုက်ခိုက်ခဲ့လဲဆိုတာ အတိအကျပြော…”


ကျွင်းယန်ကျစ်က ပြောလိုက်သည်။

“ပြောပြီးသားကိစ္စကို ဘာလို့ပြန်ပြောနေရမှာလဲ… ထပ်ပြီးငြင်းခုံပြောနေမှာထက် မင်းရဲ့ရှစ်ဖူ ထွက်လာတာကိုစောင့်နေတာ မင်းအတွက်ပိုကောင်းမယ်…”


ထိုအချိန်တွင် လူများက သူ့အနားသို့ ရောက်လာကြလေသည်။ 

“အရင်ဆုံး မင်းတို့ ဝူယင်းကို ဒဏ်ရာရအောင်လုပ်တယ်… အခုကျတော့ မုရှစ်ရှုန်းကို သတ်ပစ်တယ်… မင်းနဲ့ဟွေ့ရှစ်တောင်ထိပ်က ဘာလို့ ငါတို့ကို ဆန့်ကျင်နေတာလဲ…”


“မင်းက မုရှစ်ရှုန်းကို မိစ္ဆာကျင့်ကြံသူလို့ပြောတယ်နော်… ငါကြည့်ရတာတော့ မင်းကမှ အမှန်တကယ် မိစ္ဆာကျင့်ကြံသူပဲ…”


ကျွင်းယန်ကျစ်က တည်ငြိမ်စွာဖြင့် နောက်သို့တစ်လှမ်းဆုတ်ကာပြောလိုက်သည်။

“မင်းတို့ကို သေချာစုံစမ်းဖို့ ငါပြောပါတယ်…”


ဝမ်ကျင်းက စိုးရိမ်ပူပန်နေ၏။


အမျိုးသားဇာတ်လိုက်ကို ကျိခယ့်ချင်းက ကာကွယ်ပေးရမည့်အချိန်သို့ ရောက်လာပြီဖြစ်သည်။ သို့ရာတွင် အခုအချိန်၌ အမျိုးသမီးဇာတ်လိုက်က ရှိမနေပေ။


ဒါဆို ငါ လုပ်ရမှာလား…. ငါက ချီသန့်စင်ခြင်း အဆင့်(၆)ပဲရှိတာကို… ခွေးတစ်ကောင် ကြောင်တစ်ကောင်ကိုတောင် သတ်နိုင်ချင်မှသတ်နိုင်မှာ… ဒါပေမဲ့…


လူတိုင်းက ဒေါသထွက်နေကြ၏။ ရုန်သုန်းယဲ့က ဖြည်းဖြည်းချင်း အနားကပ်လာကာ သူ့ကို ကြမ်းတမ်းစွာ တွန်းလိုက်၏။

“မင်း မိစ္ဆာကျင့်ကြံသူကြောင့် ဒဏ်ရာရထားတာမလား... ငါကြည့်ရအောင်... ဘယ်လိုဒဏ်ရာတွေ ရထားတာလဲ...”


ကျွင်းယန်ကျစ်က အပြင်းအထန် ဒဏ်ရာရနေခဲ့ပြီး အပြည့်အဝ ပြန်မကောင်းသေးပေ။ ဒဏ်ရာက ချက်ချင်းပွင့်ကာ သွေးထွက်လာလေသည်။


ဝမ်ကျင်းက ဒေါသတကြီးဖြင့် ပျံသန်းသွားလေ၏။ သူက ခေါင်းထဲသို့ သွေးဆောင့်တက်လာပြီး ခုန်ကာ ရုန်သုန်းယဲ့၏ ရင်ဘတ်ကို ရိုက်လိုက်လေသည်။ 

“ကျွင်းရှစ်ရှုန်းကို မထိနဲ့…”


သူက ဒေါသဖြင့် ဆူပူပြောလေ၏။

“ရှစ်ရှုန်းတစ်ခုခုဖြစ်ရင် ခင်ဗျားတို့ကို နောင်ဘဝအထိ ပြန်ပေးဆပ်ရအောင် လုပ်မှာ…”


လူတိုင်းက လန့်သွားပြီး ကျွင်းယန်ကျစ်၏ အမူအရာကလည်း အနည်းငယ် ပြောင်းသွား၏။


ရုန်သုန်းယဲ့က သွေးများဆူပွက်လာသော်လည်း ချင်ရှုခန်းမဆောင်၏ရှေ့တွင် ပြဿနာမဖြစ်ရဲပေ။ သူ၏ အမူအရာမှာ မှောင်မည်းနေပြီး နောက်ပြန်လှည့်လာလေသည်။ သူလှည့်လာသည့်အချိန်တွင် သူ့အင်္ကျီလက်ထဲမှ အပ်ကဲ့သို့သေးငယ်သည့် အလင်းတန်းတစ်ခုက ရုတ်တရက်ထွက်လာလေ၏။


ထိုအရာက သေးငယ်သော်လည်း လူတိုင်း ရှင်းလင်းစွာ မြင်ရလေသည်။


ကျွင်းယန်ကျစ်၏ မျက်ဝန်းများက ကျဉ်းမြောင်းသွားပြီး ထိုအရာကို သူ့ခန္ဓာကိုယ်နှင့် တားလိုက်၏။ သူ၏နက်နဲသည့် အကြည့်က ရုန်သုန်းယဲ့အပေါ်သို့ ဖြတ်ပြေးသွားပြီနောက် သတိမေ့ကာ မြေပေါ်သို့ လဲကျသွားလေသည်။


ဝမ်ကျင်းက ထိတ်လန့်သွား၏။


သူက ကျွင်းယန်ကျစ်၏ ခန္ဓာကိုယ်ကို ထိန်းကိုင်ထားလေသည်။

“ရှစ်ရှုန်း... ခင်ဗျား ရှစ်ရှုန်းကို ဘာလုပ်လိုက်တာလဲ...”


ကျွင်းယန်ကျစ်၏ မျက်လုံးများက မှိတ်နေပြီ သွေးများက နှုတ်ခမ်းထောင့်မှ စီးကျလာလေသည်။


ဝမ်ကျင်း ရှာကြည့်လိုက်သောအခါ ခန္ဓာကိုယ်ထဲတွင် ထိုးဖောက်နေသော အပ်ရှည်တစ်ချောင်းကို တွေ့လိုက်ရလေသည်။ ၎င်းက အနက်ရောင်ဖြစ်ပြီး မိစ္ဆာသားရဲ၏ အဆိပ်များနှင့် သုတ်လိမ်းထားလေသည်။


ဝမ်ကျင်းက ရုန်သုန်းယဲ့ကို မုန်းတီးစွာဖြင့် စိုက်ကြည့်လိုက်လေ၏။

“မင်း ရှစ်ရှုန်းကို ဒဏ်ရာရအောင် လုပ်တယ်... အဆိပ်သုတ်ထားတဲ့ လက်နက်ပုန်းနဲ့ ပစ်လိုက်တာ... အပ်မှာ ဘယ်လိုအဆိပ်ကို သုတ်ထားတာလဲ...”


ရုန်သုန်းယဲ့က ပျာယာခတ်သွား၏။

“မဟုတ်တာတွေ လာစွပ်စွဲမနေနဲ့...”


အပ်တွင် ယားယံစေသည့် အဆိပ်တစ်မျိုးကို သုတ်ထားခြင်းဖြစ်သည်။


ဘယ်လိုလုပ် အဲ့ဒါက သူ့ကို သွေးအန်စေမှာလဲ...


ဝမ်ကျင်းက စိုးရိမ်နေ၏။ 


ကျွင်းယန်ကျစ်က ကျိခယ့်ချင်းကို ကာကွယ်ရန် အပ်ကိုတားဆီးခဲ့သည်။ သူရဲကောင်းက အလှလေးကို ကယ်ခြင်းဖြစ်၏။ ၎င်းက မူရင်းဝတ္ထုထဲတွင် ပါသည့် အကြောင်းအရာဖြစ်သည်။


ဝတ္ထုထဲတွင် ကျွင်းယန်ကျစ်က မသေခဲ့ပေ။


အခုလည်း မသေဘူးမလား... ဒါပေမဲ့ ဒီရုန်သုန်းယဲ့က အရမ်းမုန်းစရာကောင်းတာပဲ...


ထို့နောက် လူအချို့က ကောင်းကင်မှ ပျံသန်းလာပြီး ဟယ့်လင်နှင့် လျိုချန်မော့တို့လည်း ပါလာလေသည်။

“ဘာတွေဖြစ်နေတာလဲ... သူသတိရသွားပြီလို့ ပြောခဲ့တာမလား...”


လျိုချန်မော့က ဆောင့်ကြောင့်ထိုင်ချလိုက်သည်။


ဝမ်ကျင်းက ဒေါသဖြင့် အော်လေ၏။ 

“ထျန်းဟန့်တောင်ထိပ်က လူသုံးယောက်က လုံးဝကို ဆင်ခြင်တုံတရားမရှိဘူး... သူတို့က ရှစ်ရှုန်းကို အဆိပ်ခတ်လိုက်တယ်... သူတို့လုပ်လို့ ရှစ်ရှုန်း ဒီလိုဖြစ်နေတာ...”


ထို့နောက် သူက ရုန်သုန်းယဲ့ကို လက်ညှိုးထိုးပြလိုက်သည်။

“အဲ့ဒါ သူပဲ… သူလက်နက်ပုန်းကိုသုံးပြီး ရှစ်ရှုန်းကို ပစ်လိုက်တာ…”


သူ့စကားများကိုကြားချိန်တွင် ဟယ့်လင်က ရုန်သုန်းယဲ့ကို အေးစက်စွာကြည့်လိုက်၏။ ထို့နောက် ဘယ်ဘက်လက်ကို ဝှေ့ယမ်းလိုက်ပြီး လေပြင်းများပေါ်လာတာ တဖြည်းဖြည်းကြီးထွားလာလေသည်။


ကွေ့ရှင်းပိက စိုးရိမ်တကြီးပြောလိုက်၏။

“မတိုက်ခင် အရင်မေးဦး…”


လူတိုင်း၏ဆံပင်များက လေထဲတွင် ဝှေ့ယမ်းနေပြီး မျက်လုံးများကိုမှေးထားကြကာ တအံ့တဩဖြစ်နေကြလေသည်။


“အဲ့ဒါက မြေအောက်ကမ္ဘာလေးခုလေညှင်းသိုင်းမလား…”


“သွမ့်ရွှမ်က တကယ်ကြီး အဲ့ဒါကို ဟယ့်လင်ကို သင်ပေးတယ်ပေါ့…”


ထို့နောက် ခန်းမဆောင်ထဲမှ ဂိုဏ်းချုပ်ရှီဖန့်အပါအဝင် အခြားလူများ ထွက်လာလေသည်။ သူ၏အမူအရာက အနည်းငယ်ဆိုးနေ၏။ သို့ရာတွင် ဒေါသသံမပါဘဲ ပြောလိုက်သည်။

“ရပ်တော့… ပင်မခန်းမဆောင်ရှေ့မှာ ရဲတင်းနေဖို့ ခွင့်မပြုထားဘူး…”


ဟယ့်လင်က သူ့ကိုကြည့်လိုက်ပြီးနောက် လက်ဖဝါးထဲရှိ လေဝဲကို ငြိမ်သက်စေကာ ဘေးတွင်ရပ်နေလိုက်သည်။


ရှီဖန့်က ဟယ့်လင်ကို ခေါင်းအစခြေအဆုံး ကြည့်လိုက်ရာတွင် အရပ်ရှည် ချောမောပြီး ခက်ထန်သောမျက်နှာရှိသည့် လူငယ်လေးဖြစ်ကာ ထိုလူနှင့် အလွန်ဆင်တူသည်ကို မြင်လိုက်ရလေသည်။


သူက တွေးဆဆဖြင့် မျက်ခုံးတွန့်လိုက်ပြီး ဖြည်းညင်းစွာ ပြောလေသည်။


“မုကျစ်ချိုးရဲ့ကိစ္စကို ငါသေချာ စုံစမ်းစစ်ဆေးပြီးပြီ… သူ့ခန္ဓာကိုယ်ထဲမှာ သွေးသန့်စင်ထားတဲ့ စွမ်းအားတွေရယ်၊ နတ်ဆိုးမှော်လက်နက်တွေရယ်၊ မိစ္ဆာအတတ်ကို ကျင့်ကြံထားတဲ့ ခြေရာလက်ရာတွေရယ်ကို တွေ့ရှိရတယ်… လုံးဝ မမှားနိုင်ဘူး…”


ထျန်းဟန့်တောင်ထိပ်ရှိ တပည့်များမှာ မယုံကြည်နိုင်ဖြစ်နေပြီး တစ်ယောက်ကိုတစ်ယောက် ကြည့်နေကြလေသည်။


ဝမ်ရမ်မုက ရုန်သုန်းယဲ့ကိုဆွဲပြီး မေးလိုက်၏။

“ကျွင်းယန်ကျစ်က ဘာဖြစ်တာလဲ…”


ရုန်သုန်းယဲ့က အလွန်ဖြူဖျော့နေလေသည်။

“အခုလေးတင်… အခုလေးတင်…”


ဝမ်ကျင်းက ထိုလူအား ရိုက်ချနိုင်မည့် အခွင့်အရေးကို အရယူလိုက်သည်။

“ဒီ ရုန်သုန်းယဲ့က ကျွန်တော့်ရှစ်ရှုန်းကို အဆိပ်အပ်နဲ့ တိုက်ခိုက်ခဲ့ပါတယ်…”


ကိစ္စက ပိုပြီး ဆိုးရွားသွားလေသည်။


ကျွင်းယန်ကျစ်က မိစ္ဆာကျင့်ကြံသူကို ဖမ်းမိပြီး ချင်ရှုဂိုဏ်းအတွက် အကျိုးဆောင်ပေးခဲ့သော်လည်း ရုန်သုန်းယဲ့က သူ့ကို တိုက်ခိုက်ခဲ့၏။ သူတို့အားလုံး မကြောက်ဘဲ မနေပေ။


ရှီဖန့်၏ အမူအရာက ဆိုးရွားသွားလေသည်။

“နန်ရန်တောင်ထိပ်ကို အမြန်သွားပြီး ကျွင်းယန်ကျစ်ကို ကုသပေးဖို့အတွက် မင်းရဲ့ ကောင်းရှစ်ရှုကို ဖိတ်လာခဲ့…”


သူပြောပြီးနောက် လုချန်းချင်ဘက်သို့လှည့်ကာ ပြောလိုက်သည်။


“မင်းရဲ့ တပည့်က ဂိုဏ်းတူတပည့်ကို  အနိုင်ကျင့်ခဲ့တယ်… ဒီလိုအခြေအနေမျိုးမှာ သူ့အတွက် ပြစ်ဒဏ်က ဘာဖြစ်သင့်လဲ…”


မူလတွင် လုချန်းချင်က ချင်ရှုဓားဂိုဏ်း၌ ဂိုဏ်းချုပ်ပြီးလျှင် ဒုတိယနေရာတွင် ရှိသည်ဟု ပြောနိုင်သော်လည်း ယနေ့၌ မုကျစ်ချိုးနှင့် ရုန်သုန်းယဲ့က သူ့ကို လုံးဝမျက်နှာပျက်အောင် လုပ်လေသည်။ သူ၏ အသားအရေက ဖြူဖပ်ဖြူရော်ဖြစ်လာပြီး ဒေါသတကြီးပြောလိုက်၏။


“ရုန်သုန်းယဲ့ကို ပိတ်ထားပြီး သေအောင်ရိုက်လိုက်… တခြားတပည့်တွေက ကိုယ့်အမှားကိုယ် ဆင်ခြင်တဲ့အနေနဲ့ သီးခြားနေပြီး တောင်ပေါ်က ဆင်းမလာနဲ့…”


အားလုံးက တိတ်ဆိတ်နေပြီး စကားတစ်ခွန်းမှမပြောရဲကြပေ။


လုချန်းချင်က ထပ်မပြောတော့ဘဲ လေထဲသို့ပျံတက်သွားလေသည်။


ဝမ်ရမ်မုက ဟွေ့ရှစ်တောင်ထိပ်ရှိ လူများကိုကြည့်ပြီးနောက် ဒေါသဖြင့် ရုန်သုန်းယဲ့ကို ကြိုးချည်ခဲ့ရန် ကျန်တပည့်များကို အမိန့်ပေးလိုက်သည်။ ထို့နောက် ခေါင်းငုံ့ကာ သူ့ရှစ်ဖူနောက်သို့ လိုက်သွားလေသည်။


***********


ညနေခင်း ဟွေ့ရှစ်တောင်ထိပ်တွင်….


ဟွေ့ရှစ်တောင်ထိပ်ရှိ တပည့်အားလုံးက စိတ်လှုပ်ရှားစွာဖြင့် ကျွင်းယန်ကျစ်၏ အိပ်ရာရှေ့တွင် စောင့်နေကြလေသည်။ ကွေ့ရှင်းပိက ရှာလကာရည်ထဲသို့ ဆီထည့်လျက် ထျန်းဟန့်တောင်ထိပ်နှင့် ရန်ပွဲအကြောင်းကို ပြောပြနေ၏။ အားလုံးက သူတို့ ထိုနေရာတွင် ရှိနေခဲ့သကဲ့သို့ စိတ်လှုပ်ရှားနေကြလေသည်။


[T.N_ ရှာလကာရည်ထဲကို ဆီထည့်တယ်ဆိုတာက ဇာတ်လမ်းအကြောင်းအရာကို ပိုပြီး စိတ်ဝင်စားဖို့ကောင်းအောင် ပြန်ပြောပြတာကို ပြောတာပါ…]


အမတတစ်ယောက်၏ အရှိန်အဝါရှိသော လူအိုကြီးက ဖျောတော့နေသည့် လူငယ်လေးကို စောင်ခြုံပေးလိုက်ပြီး နှဖူးရှိချွေးများကို သုတ်ပေးကာ ပြောလိုက်သည်။

“သူက မှင်နက်မြွေရဲ့ အဆိပ်ကို မိထားတာ… အရမ်းမပြင်းထန်ပါဘူး… ရက်နည်းနည်းလောက်နားပြီးရင် ပြန်ကောင်းသွားလိမ့်မယ်…”


လျိုချန်မော့နှင့် အခြားလူများက စိတ်သက်သာရာရသွားလေသည်။


“ကောင်းရှစ်ရှုကို ကျေးဇူးအများကြီး တင်ပါတယ်…”


ကောင်းယန်က လက်ယမ်းပြလိုက်ပြီး ခပ်ဖွဖွပြုံးကာ ပြောလိုက်သည်။

“ငါတို့အကုန်လုံးက တစ်ဂိုဏ်းတည်းသားအချင်းချင်းပဲလေ… တစ်ယောက်နဲ့တစ်ယောက် ကူညီပေးသင့်ပါတယ်…”


သူက မုတ်ဆိတ်မွေးကို သပ်လိုက်၏။

“ကိစ္စအထွေအထူး မရှိတော့ဘူးဆိုတော့ ငါပြန်တော့မယ်… ဒီနေ့အတွက်တော့ နှုတ်ဆက်ပါတယ်…”


လျိုချန်မော့က သူ့ကို အပြင်လိုက်ပို့ပေးလိုက်ပြီး နှုတ်ဆက်ကာ အထဲသို့ ပြန်ဝင်လာခဲ့သည်။


ဝမ်ကျင်းက ကျွင်းယန်ကျစ်ဘေးတွင် ထိုင်နေပြီး သူက ကိုယ့်ကိုယ်ကိုယ် အလွန်အထင်ကြီးနေသည်ဟု ခံစားနေရ၏။ သူက ရှစ်ရှုန်းနားသို့ သတိမမူမိစွာဖြင့် အလွန်နီးကပ်နေသည်ကြောင့် ဖြစ်နိုင်သည်။ ထို့ကြောင့် ဝမ်ကျင်းက ထကာ ဘေးဘက်တွင်ရပ်နေလိုက်သည်။


ကျွင်းယန်ကျစ်က သူ့ကိုတစ်ချက်ကြည့်ကာ လျိုချန်မော့ကို ပြောလိုက်သည်။

“ရှစ်ရှုန်းနဲ့ ရှစ်တိတွေကို ကျွန်တော် ဒုက္ခပေးမိပြီ… အထူးသဖြင့် လုရှစ်တိကိုပါ…”


ဝမ်ကျင်းက ရှက်သွားပြီး အသံတိုးတိုးဖြင့် ပြောလိုက်၏။

“ကျွန်တော်… ကျွန်တော် ရှစ်ရှုန်းအတွက်…. ဘာမှ မလုပ်ပေးခဲ့ရပါဘူး…”


သူက စကားထစ်နေသဖြင့် ဟယ့်လင်က ဖြတ်ပြောလိုက်သည်။

“ငါအရင်ပြန်တော့မယ်... မင်း ကောင်းကောင်းအနားယူဦး...”


ကွေ့ရှင်းပိက ပြောလိုက်သည်။ 

“လူကောင်းတွေက အသက်တိုတယ်... လူဆိုးတွေက နှစ်ထောင်ချီအောင် အသက်ရှည်တယ်... မင်း မသေဘူးဆိုမှတော့ ဟွေ့ရှစ်တောင်ထိပ်အတွက် ကောင်းတဲ့အလုပ်တွေ ဆက်လုပ်ဦး...”


လျိုချန်မော့က စကားတစ်ခွန်းမှ မပြောဘဲ မျက်မှောင်ကြုတ်ထားကာ မော့ရှောက်ယန်၏ ခပ်ဖြည်းဖြည်း စကားများကို ဆက်နားထောင်နေလိုက်သည်။

“ကျွန်တော်တို့ထဲမှာ အသက်အရှည်ဆုံး ဖြစ်မယ့်လူက ရှစ်ရှုန်း(၅)ပဲ...”


လူတိုင်းက ကျယ်လောင်စွာ ရယ်လိုက်ကြပြီး ကွေ့ရှင်းပိက အေးစက်စက်ဖြင့် ပြောလိုက်၏။

“ငါက ဘယ်လိုလုပ် လူဆိုးဖြစ်မှာလဲ... အသက်ရှင်နိုင်တာကလည်း အရည်အချင်းတစ်ခုပဲ...”


ကျွင်းယန်ကျစ်က စကားဝင်မပြောဘဲ စောင်ကိုသာ ကြည့်နေလေသည်။


လျိုချန်မော့က ပြုံးကာပြောလိုက်သည်။

“ငါတို့သွားသင့်ပြီ… မင်း ကောင်းကောင်း အနားယူဦး… မင်းကိုစောင့်ဖို့ တစ်ယောက်ယောက်ကို ထားပေးရမလား…”


ကျွင်းယန်ကျစ်က ဝမ်ကျင်းကို တိတ်တဆိတ်ကြည့်နေပြီး သူ့အဖြေကို ပြောနေစဉ်တွင် အပြင်ဘက်မှ အော်သံတစ်ခုကို ကြားလိုက်ရလေသည်။ အသံက လေးနက်နေသော်လည်း ပူပင်သောက ရောက်နေသည်ကို အနည်းငယ် ခံစားနေရ၏။


“ကျွင်းရှစ်ရှုန်း သတိရလာပြီလား… ကျွင်းရှစ်ရှုန်းဆီက သက်ညှာမှု တောင်းခံချင်လို့ပါ...”


လျိုချန်မော့က ခက်ထန်စွာကြည့်လိုက်သည်။

“ထျန်းဟန့်တောင်ထိပ်ကလူတွေ…”


လူတိုင်းက အပြင်သို့ ချက်ချင်းထွက်ကြည့်လိုက်ချိန်တွင် ထျန်းဟန့်တောင်ထိပ်မှ တပည့်တစ်ယောက်က ကျန်လူများကို ဦးဆောင်လာပြီး သူတို့က နောင်တရနေသည့် မျက်နှာများဖြင့် တံခါးဝတွင်ရပ်နေပြီး ခေါင်းငုံ့ကာ အံကြိတ်ထားကြသည်ကို မြင်လိုက်ရလေသည်။


လျိုချန်မော့က သတိရှိရှိဖြင့် မေးလိုက်၏။

“မင်းတို့ ဘာကို တောင်းဆိုနေတာလဲ…”


တပည့်တစ်ယောက်က ရှေ့တွင်ရပ်နေသော တစ်ယောက်ကို တွန်းလိုက်သောအခါ နီရဲပြီး အစ်နေသော မျက်လုံးများကို တွေ့လိုက်ရသည်။ ထိုတပည့်က အားလုံးကိုယ်စား ပြောလေ၏။


“လျိုရှစ်ရှုန်း… ဒါက ရုန်သုန်းယဲ့ရဲ့ အစ်ကို ရုန်သုန်းရှန်ပါ… သူ့ရဲညီလေးက အရမ်းမိုက်မဲပြီး လျိုရှစ်ရှုန်းကို အပြစ်ပြုမိပါတယ်… ဒီနေ့ည ရှစ်ဖူက သူ့ကို သတ်ဖို့ အမိန့်ပေးခဲ့ပါတယ်… ရုန်သုန်းရှန်က ဒါကို လက်ခံနိုင်စွမ်းမရှိလို့ ရုန်သုန်းယဲ့ကို သက်ညှာပေးဖို့ ကျွင်းရှစ်ရှုန်းကို တောင်းဆိုချင်လို့ပါ…”


ကွေ့ရှင်းပိက သရော်လိုက်၏။

“မုကျစ်ချိုးရဲ့ကိစ္စ မတိုင်ခင်တုန်းက ငါတို့ရှစ်ရှုန်းက ချင်ရှုဂိုဏ်းရဲ့ စည်းကမ်းအတိုင်း ကြိမ်ဒဏ်အပေးခံရတယ်လေ… အခု သူ့အလှည့်ကျတော့ ခွင့်လွှတ်ပေးရမယ်တဲ့လား…”


ရုန်သုန်းရှန်က ခေါင်းငုံ့ထားကာ မျက်ရည်များကျလာသော်လည်း တိတ်ဆိတ်နေဆဲ ဖြစ်လေသည်။


သူ့ဘေးရှိ တပည့်က ပြောလိုက်သည်။

“သုန်းယဲ့နဲ့ မုကျစ်ချိုးတို့ရဲ့ ခင်မင်မှုက နက်ရှိုင်းတာမလို့ သူက အလှည့်စားခံလိုက်ရပြီး အမှန်ကို လက်မခံနိုင်ဖြစ်ခဲ့တာပါ… ပြီးတော့ သူက သစ္စာရှိတဲ့လူတစ်ယောက်… သူ့သူငယ်ချင်းအပေါ်ထားတဲ့ သံယောဇဉ်ကြောင့် မတရားတာကို တိုက်ခိုက်ရမယ်လို့ ခံစားခဲ့ရတာပါ… သူ့မှာ မလိုမုန်းတီးတဲ့စိတ်မရှိသလို တစ်ယောက်ယောက်ကို သတ်ဖို့လည်း မရည်ရွယ်ပါဘူး… အပ်ပေါ်မှာသုတ်ထားတဲ့ အဆိပ်က ယားယံတာကိုပဲ ဖြစ်စေတာပါလို့ သူပြောခဲ့ပါတယ်… ပြီးတော့ ကျွင်းရှစ်ရှုန်းရဲ့ အစတည်းကရှိနေတဲ့ ဒဏ်ရာတွေက အပ်ကြောင့်ပိုဆိုးသွားရုံပါ… ဒီတစ်ကြိမ်ပဲ သူ့ကိုလွှတ်ပေးဖို့ ကျွင်းရှစ်ရှုန်းကို တောင်းဆိုပါရစေ… သူ့ရဲ့အစ်ကိုကြီးက စကားမပြောနိုင်ပေမဲ့ အရမ်းကျေးဇူးတင်နေမှာပါ…”


မော့ရှောက်ယန်က ဖြည်းညှင်းစွာပြောလေသည်။

“သူ့မှာ ယုတ်မာတဲ့စိတ်မရှိဘူးတဲ့လား… ဒါပေမဲ့ ငါတို့ရှစ်ရှုန်းကို သတ်လုနီးပါးဖြစ်သွားတာပဲလေ… မင်းတို့ထျန်းဟန့်တောင်ထိပ်က တကယ်ပြောရခက်တာပဲ…”


ကုကျင်းပိုင်ကလည်း ပြောလိုက်၏။

“မင်းတို့ရဲ့ ရှစ်ဖူကို ဘာလို့သွားမတောင်းဆိုတာလဲ…”


တပည့်များက တုန်လှုပ်စွာဖြင့် တစ်ယောက်နှင့်တစ်ယောက်ကြည့်ကာ ရှက်ရွံ့နေကြလေသည်။ 

“ရှစ်ဖူက အရမ်းစိတ်ဆိုးနေတယ်… မုကျစ်ချိုးလုပ်ခဲ့တာတွေက သူ့ကို တော်တော်မျက်နှာပျက်စေတယ်လို့ ခံစားနေရတာ… ရှစ်ဖူက အလျှော့ပေးချင်စိတ် မရှိဘူး… ကျွန်တော်တို့ ရှစ်ဖူကို အကြိမ်ပေါင်းများစွာပြောပြီးပြီ… သုန်းယဲ့ရဲ့ အသက်ကိုကယ်ချင်ရင် ကျွင်းရှစ်ရှုန်းက သဘောတူမှရမယ်တဲ့… သူ့ရဲ့အစ်ကိုကလည်း အရမ်းစိုးရိမ်နေတယ်…”


လျိုချန်မော့က ဒေါသကို ချုပ်တည်းကာ ပြောလိုက်သည်။

“ကျွင်းရှစ်တိက အခု အနားယူနေတယ်… ဒီကိစ္စနဲ့ပတ်သက်ပြီး ဘာမှမပြောနဲ့တော့…”


ကုကျင်းပိုင်က စိတ်မရှည်စွာပြောလေသည်။

“သွားတော့… သွားတော့… မင်းတို့ ရှုစ်ရှုန်းကို မနှောင့်ယှက်မိခင် သွားတော့…  မင်းတို့ကို ညှာတာပေးဖို့ပြောတယ်… မင်းတို့ကရော ဘယ်တုန်းက ငါတို့ကိုညှာတာခဲ့လို့လဲ…”


ရုန်သုန်းရှန်က နီရဲနေသော မျက်လုံးများနှင့် ဗလာဖြစ်စွာ ငေးကြည့်နေပြီး ခေါင်းငုံ့ထားဆဲဖြစ်သည်။


မော့ရှောက်ယန်ကလည်း လှုံ့ဆော်ပြောလိုက်၏။

“မင်းတို့က အခွင့်အရေးရတိုင်း ငါတို့ကို အနိုင်ကျင့်နေတာ… ငါတို့ ဘယ်လိုခံစားရမလဲဆိုတာ မင်းတို့တွေးခဲ့ဖူးလား…”


ထို့နောက် တံခါးနောက်မှ လူငယ်လေးတစ်ယောက်၏ ညင်သာသောအသံက ပေါ်ထွက်လာလေသည်။

“ရှစ်ရှုန်း… ဂရုစိုက်ပါ…”


လူတိုင်း လှည့်ကြည့်လိုက်ချိန်တွင် လူတစ်ယောက်က နံရံကိုမှီကာ တံခါးနားတွင်ရပ်နေသည်ကို မြင်လိုက်ရလေသည်။ သူ၏ အသားအရေက ဖြူဖျော့နေသော်လည်း သူ၏အသွင်အပြင်က ပန်းချီကားထဲမှ ခုန်ထွက်လာသကဲ့သို့ပင် ဖြစ်သည်။ သူ့ဘေးတွင် နူးညံ့သော အသွင်အပြင်ရှိသည့် ၁၃နှစ် ၁၄နှစ်ခန့် ကောင်လေးတစ်ယောက်က သူ့လက်မောင်းကို ထိန်းကိုင်ပေးထားလေ၏။ 


ရုန်သုန်းရှန်က သူ့ကိုတွေဝေစွာကြည့်နေချိန်တွင် ထိုလူက အသံတိုးတိုးဖြင့် ပြောလိုက်သည်ကို ကြားလိုက်ရလေသည်။


“ရုန်သုန်းယဲ့ရဲ့ ကိစ္စ…. မေ့လိုက်ပြီး ပြန်လိုက်တော့…”


[ကျွင်းယန်ကျစ်က ရုန်သုန်းယဲ့ကို ခွင့်လွှတ်ပေးခဲ့သည်။ ရုန်သုန်းယဲ့က ကျွင်းယန်ကျစ်နှင့် ကျိခယ့်ချင်းရှေ့တွင် ခေါင်းငုံ့တောင်းပန်ပြီး သူ၏သဘောထားကို ပြသခဲ့လေသည်။ ထိုကိစ္စကို ဝမ်ရမ်မုသိသောအခါ ရင်ထဲတွင် ကစဉ့်ကလျားဖြစ်လာသကဲ့သို့ ခံစားလိုက်ရပြီး ရုန်ညီအစ်ကိုအပေါ်  တဖြည်းဖြည်း သဘောမကျတော့ချေ။ ရုန်သုန်းယဲ့က ထျန်းဟန့်တောင်ထိပ်တွင် ခက်ခဲနေသည်ကို ကျွင်းယန်ကျစ်ကြားသောအခါ ထိပ်တန်းအဆင့် သိုင်းပညာကို သူ့အား ပေးခဲ့၏။ ထိုအချိန်မှစပြီး ရုန်ညီအစ်ကိုက သူ့ကို အလွန်ကျေးဇူးတင်ပြီး အခြားတပည့်များရှေ့တွင် သူ့ကို ချီးကျူးပြောဆိုလေသည်။ ထို့ကြောင့် ထျန်းဟန့်တောင်ထိပ်ရှိ တပည့်များ၏အမြင်က တဖြည်းဖြည်းပြောင်းလဲလာလေသည်။]


‘သက်ရှိတိုင်းအတွက် ကပ်ဘေးတစ်ခု’ အပိုင်း(၃၃)မှ ကောက်နုတ်ချက်ဖြစ်သည်။



⛰️⛰️⛰️