⛰️Chapter - 15
ရှစ်ရှုန်းကို ကျွန်တော် ကုန်းပိုးပါ့မယ်
ကျိခယ့်ချင်းက ထွက်သွားလေသည်။ ဝမ်ကျင်းက ကျွင်းယန်ကျစ်ကို ထပ်ပြီးထိန်းမထားနိုင်တော့သဖြင့် ကျွင်းယန်ကျစ်က မြေပေါ်သို့ လဲကျသွားလေသည်။
“ရှစ်ရှုန်း… ရှစ်ရှုန်း…”
CPRလုပ်ခြင်းက အသုံးမဝင်မည်ကို စိုးရိမ်သဖြင့် ကျွင်းယန်ကျစ် သွေးတိတ်သွားသည်အထိ ဝမ်ကျင်းက သူ့ခန္ဓာကိုယ်ထဲသို့ ဝိညာဉ်စွမ်းအားများ ကူးပြောင်းပေးနေလေသည်။ တစ်ခဏကြာပြီးနောက် ကျွင်းယန်ကျစ်က မျက်လုံးပွင့်လာပြီး ဝမ်ကျင်း၏လက်ကို ဆုပ်ကိုင်လိုက်၏။
“ရှစ်ရှုန်း…”
ဝမ်ကျင်းက သူ့အား ထိုင်နိုင်စေရန် ကူညီပေးလိုက်သည်။
“မင်း ဒီကို ဘယ်လိုရောက်လာတာလဲ…”
ကျွင်းယန်ကျစ်၏ နှုတ်ခမ်းထောင့်တွင် သွေးများပေနေ၏။
“အာ… ကျွန်တော် အိပ်မပျော်လို့ အပြင်ခဏထွက်လာတာ… ပြီးတော့ အမ်… ကျွန်တော် မြွေကို ရှာနေတာ…”
ဝမ်ကျင်းက လိမ်ပြောရာတွင် ညံ့လေ၏။ သူက ချွေးများရွှဲလာလေသည်။
ကျွင်းယန်ကျစ်က သူ့ကို ခပ်တည်တည်ကြည့်ကာ ပြောလိုက်သည်။
“မင်းရဲ့အကူအညီအတွက် အရမ်းကျေးဇူးတင်ပါတယ်… ကျေးဇူးတင်တာကတောင် မလုံလောက်ပါဘူး…”
ဝမ်ကျင်း၏ ရင်ထဲတွင် ခါးသီးနေ၏။ ဤစကားများကို ကျိခယ့်ချင်းအား ပြောရမည်ဖြစ်သည်။ ယခုအချိန်တွင်မူ ထိုစကားများက သူ့အတွက် ဖြစ်လာ၏။
ဝမ်ကျင်းက မေးလိုက်သည်။
“ရှစ်ရှုန်း ဘာဖြစ်ခဲ့တာလဲ…”
ကျွင်းယန်ကျစ်က အချိန်အတော်ကြာအောင် စဉ်းစားနေပြီးနောက် အသံတိုးတိုးဖြင့်ပြောလေသည်။
“ကိုယ်လည်း သေချာမသိဘူး… ဒီည ကိုယ်က ကင်းစောင့်ရမယ့် တာဝန်ကျတယ်လေ… ပြီးတော့ အသံတစ်သံကြားခဲ့တယ်… အဲ့ဒါက လူလား မိစ္ဆာသားရဲလားမသိလို့ သွားစစ်ကြည့်လိုက်တာ… ရုတ်တရက် ကိုယ့်အနားမှာ အရမ်းအင်အားကြီးတဲ့ မိစ္ဆာစွမ်းအားက လာတိုက်ခိုက်တာကို ခံစားလိုက်ရတယ်… ကိုယ်ချက်ချင်း တုံ့ပြန်လိုက်ပေမဲ့ ကိုယ်အရိုက်ခံလိုက်ရတာကိုလည်း ခံစားလိုက်တယ်… တစ်ဖက်လူရဲ့ အော်သံကိုကြားပြီး ကိုယ်လည်း ဒဏ်ရာရသွားတယ်… နောက်တော့ ကိုယ်သတိမေ့သွားပြီး ကိုယ့်ခန္ဓာကိုယ်က ဝိညာဉ်စွမ်းအားတွေ ထွက်လာတာပဲ…”
ဝိညာဉ်စွမ်းအားများ အလိုအလျောက် စိမ့်ထွက်လာခြင်းက သွေးထွက်ခြင်းနှင့် ဆင်တူသည်။ မထိန်းချုပ်နိုင်လျှင် အသက်ဆုံးရှုံးနိုင်၏။
သူက အမှန်ပင် သေရေး ရှင်ရေး အခြေအနေသို့ ကျရောက်ခဲ့ခြင်း ဖြစ်လေသည်။
ထို့နောက် ဝမ်ကျင်းက စဉ်းစားပြီးပြောလိုက်၏။
“ရှစ်ရှုန်းမှာ ကိုယ်ပျောက်အဆောင်လက်ဖွဲ့ရှိတယ်မလား… ဘယ်လိုလုပ် တခြားလူက ရှစ်ရှုန်းကို ရှာတွေ့သွားတာလဲ…”
“ဒီတစ်ကြိမ်မှာ အဆောင်လက်ဖွဲ့ကို ကိုယ်မသုံးခဲ့ဘူး…”
“ဘာလို့လဲ…”
ကျွင်းယန်ကျစ်က တစ်ခဏခန့် တုံ့ဆိုင်းနေပြီးနောက် ညင်သာစွာပြောလိုက်သည်။
“ဘာလို့လဲဆိုတော့ အဆောင်ကဈေးကြီးလို့… ချွေတာချင်လို့ပါ…”
ဝမ်ကျင်းက သူ့ကို စိုက်ကြည့်နေ၏။
မူရင်းဝတ္ထုထဲတွင် ကျိခယ့်ရှင်းက ထိုမေးခွန်းကို မမေးခဲ့ချေ။ ဝမ်ကျင်းက ဝတ္ထုကို ဖတ်နေစဉ်တွင် ၎င်းကို ဇာတ်ကြောင်းယိုပေါက်ဟု ခံစားခဲ့ရ၏။ သို့ရာတွင် ယခုအချိန်၌ ထိုမေးခွန်းကို မေးလိုက်မိပြီး အဖြေကိုမူ မထင်ထားခဲ့ချေ။
ကပ်စေးနှဲတဲ့ပုံက နည်းနည်းတော့ ချစ်စရာကောင်းတယ်…
“အကြီးဆုံးရှစ်ရှုန်းနဲ့ ရှစ်ရှုန်း(၂) ကလည်း ကိုယ်ပျောက်အဆောင်ကို မသုံးဘူး… ကိုယ်တို့ ဘယ်လောက်ဆင်းရဲလဲဆိုတာ မင်းမသိဘူးလား…”
ကျွင်းယန်ကျစ်က သူ့ကို ကြည့်နေ၏။
“အဲ့ဒီလူက ဘာလို့ ရှစ်ရှုန်းကို သတ်ချင်နေတာလဲ…”
“ကိုယ်မသိဘူး…”
ဤကဲ့သို့ မထင်ထားသည့်တိုက်ခိုက်မှုကြောင့် မုကျစ်ချိုး၏ ခန္ဓာကိုယ်က အလွန်အားနည်းနေလေသည်။ ကျွင်းယန်ကျစ် ပြန်တိုက်လိုက်သောနေရာက သေစေနိုင်သောနေရာဖြစ်သည်။ သူက သေသွားသည်မှာ သိသာလေ၏။ သို့ရာတွင် အလောင်းက…
ကျွင်းယန်ကျစ်က ပြောလိုက်သည်။
“သူ သေသွားတာများလား… ကိုယ့်ဘာသာကိုယ် သူ့ကို ရှာနိုင်ရင်ပိုကောင်းမယ်…”
ဝမ်ကျင်းက မေးလိုက်သည်။
“ရှစ်ရှုန်းကို တိုက်ခိုက်တဲ့ ဝိညာဉ်စွမ်းအားက ဘယ်ဘက်ကနေလာတာလဲ…”
ကျွင်းယန်ကျစ်က အနက်ရောင်တောအုပ်ဘက်သို့ ညွှန်ပြလိုက်သည်။ ထိုတောအုပ်ထဲတွင် ကြောက်စရာကောင်းသည့် တစ္ဆေစွမ်းအားများနှင့် သစ်ပင်များ ပြည့်နှက်နေလေ၏။
ဝမ်ကျင်းက သူ့ကိုထိန်းကိုင်ထားပြီး စိတ်လှုပ်ရှားစွာဖြင့် ပြောလေ၏။
“သွားကြည့်ရအောင်…”
“အဲ့လူက မသေသေးဘူးဆိုရင်….”
ဝမ်ကျင်းက သူ့ကို စိတ်ရှည်လက်ရှည်ဖြင့် ကြည့်လိုက်သည်။
“မစိုးရိမ်ပါနဲ့… ကျွန်တော် ရှစ်ရှုန်းကို ကာကွယ်ပေးမှာပါ…”
ကျွင်းယန်ကျစ်က ချက်ချင်း ပါးစပ်ပိတ်လိုက်ပြီး ဝမ်ကျင်းကို နူးညံ့စွာကြည့်လေသည်။
“ကောင်းပါပြီ…”
ဝမ်ကျင်းက ကျွင်းယန်ကျစ်ကို လက်မောင်းမှ ထိန်းကိုင်ပေးကာ ဖြည်းဖြည်းချင်း လမ်းလျှောက်သွားလေသည်။ လရောင်အောက်တွင် မြေကြီးပေါ်ရှိ နှင်းများက ဂူတစ်ခုအဖြစ် ကွဲထွက်နေသည်ကို မြင်လိုက်ရလေ၏။ ဘေးဘက်တွင်မူ တောင့်တင်းနေသော အလောင်းတစ်လောင်းက လဲလျောင်းနေလေသည်။
ဝမ်ကျင်းက ကျွင်းယန်ကျစ်ကို ထိုင်ရန်ကူညီလိုက်ပြီး အလောင်းကို လှည့်ကြည့်လိုက်၏။
သူက ၃၄ နှစ် ၃၅ နှစ် အရွယ်ဖြစ်ပြီး ပိန်ပါးကာ မျက်နှာ၏ ဘယ်ဘက်တွင် မှဲ့ကြီးတစ်ခုရှိသဖြင့် ကြောက်စရာကောင်းသော အသွင်ကို ဆောင်နေလေသည်။ သူ သေနေသည်မှာ တစ်ခဏကြာပြီဖြစ်လေသည်။
ကျွင်းယန်ကျစ်က စိုက်ကြည့်လိုက်၏။
“ဒါက ထျန်းဟန့်တောင်ထိပ်က မုကျစ်ချိုးပဲ…”
“ဟုတ်တယ်…”
ကောင်းတယ်… ကောင်းတယ်… ပန်းတိုင်ရောက်ပြီ… ညဘက် ကင်းစောင့်စရာမလိုတော့ဘူး…
လူနှစ်ယောက်က နှင်းဖြင့်ဖုံးလွှမ်းနေသော ဂူကိုဖွင့်လိုက်သည်။ ၎င်းက ကျဉ်းသော်လည်း ဒါဇင်ခန့်ရှိသော အလောင်းများထားရန် ဆန့်လေသည်။ လူအများစုက တာအိုဝတ်စုံကို ဝတ်ဆင်ထားပြီး ချင်ရှုဓားဂိုဏ်းမှ တပည့်များဖြစ်လေသည်။ သို့ရာတွင် နှစ်ယောက် သုံးယောက်ခန့်က သာမန်ပြည်သူများဖြစ်၏။ သူတို့သေနေသည်မှာ အချိန်တစ်ခု ကြာနေပုံရလေသည်။
ဝမ်ကျင်းက နားမလည်ချင်ယောင်ဆောင်လိုက်သည်။
“ဒီလူတွေ ဘာဖြစ်သွားတာလဲ…”
ကျွင်းယန်ကျစ်က မမှိတ်မသုန်စိုက်ကြည့်နေလေသည်။
“ကျင့်ကြံသူတွေကို ပစ်မှတ်ထားပြီး သူတို့ရဲ့ ဝိညာဉ်စွမ်းအားတွေကို စုပ်ယူတဲ့ မိစ္ဆာကျင့်ကြံနည်းတစ်မျိုး ရှိတယ်လို့ ကြားဖူးတယ်… အဲ့ဒါက အသိစိတ်မရှိတဲ့ ရုပ်သေးရုပ်တွေ ဖန်တီးလို့ရပြီး သွေးနဲ့ မိစ္ဆာလက်နက်တွေ သန့်စင်လို့ရတယ်ပြောတယ်… ဒါက အဲ့ဒီမိစ္ဆာကျင့်ကြံနည်းလား…”
ဝမ်ကျင်းက သူ၏ အမူအရာကိုကြည့်ကာ ပြောလိုက်သည်။
“မိစ္ဆာကျင့်ကြံနည်း… အဲ့ဒါက ဂိုဏ်းရဲ့စည်းမျဉ်းတွေကို ဆန့်ကျင်နေတယ်မလား… ပါးကျန့်တောင်ထိပ်က လူသုံးယောက်က အစဖြစ်ရမယ်…”
ကျွင်းယန်ကျစ်က တစ်ခဏခန့် တိတ်ဆိတ်နေပြီးနောက် ပြောလိုက်သည်။
“ကိုယ် ဂိုဏ်းချုပ်ရှီကို သွားတွေ့ပြီး ဒီနေ့ညကိစ္စကို တင်ပြလိုက်ဦးမယ်…”
ဝမ်ကျင်း၏ မျက်လုံးများက စိတ်ဝင်စားမှုများနှင့် ပြည့်နေလေသည်။
သွား…သွား… ကျူးဖုန်းရဲ့ သူရဲကောင်းဖြစ်ဖို့ ပထမဆုံးခြေလှမ်းကို စလိုက်တော့…
ကျွင်းယန်ကျစ်က ကောင်လေးကို တိတ်ဆိတ်စွာ ကြည့်နေလိုက်၏။ သူ၏ အမူအရာကမူ အနည်းငယ် နေရခက်နေသည့်ပုံ ဖြစ်နေလေသည်။
“လုရှစ်တိ… မင်း…”
ဝမ်ကျင်းက ညင်သာစွာပြောလိုက်သည်။
“ရှစ်ရှုန်းကို ကျွန်တော်ကုန်းပိုးပါ့မယ်…”
သူပြောပြီး ကျွင်းယန်ကျစ်ကို ကျောပေးကာ ဆောင့်ကြောင့်ထိုင်လိုက်သည်။
ကျွင်းယန်ကျစ်က ခေါင်းငုံ့ပြီး ပိန်ပါးအားနည်းသော ပုခုံးနှင့် အလွန်သေးငယ်သော ကိုယ်လုံးလေးကို ကြည့်လိုက်သည်။ မရင်းနှီးသည့် ခံစားချက်တစ်ခုက စီးဝင်လာသကဲ့သို့ ခံစားလိုက်ရပြီး စိုးရိမ်နေကာ ကိုယ့်ကိုယ်ကိုယ် အမြန်ထိန်းချုပ်လိုက်လေသည်။
“ရှစ်ရှုန်း… တက်ပါ…”
အမျိုးသားဇာတ်လိုက်တစ်ယောက်ဖြစ်ရန် နှလုံးသားနာကျင်မှု၊ ကြွက်သားနှင့်အရိုးများ၏ ပင်ပန်းမှုနှင့် ဆာလောင်မွတ်သိပ်မှုတို့ လိုအပ်လေသည်။ ထိုအရာများအားလုံးက အနာဂတ်တွင် သူကြုံတွေ့ရမည့်အရာများဖြစ်ပြီး မည်သည့်အကူအညီမှမရှိဘဲ သူတိတ်ဆိတ်စွာ သည်းခံရန်လိုအပ်လေသည်။
မြင်းသိုးဝတ္ထုတစ်ပုဒ်၏ အမျိုးသားဇာတ်လိုက်ဖြစ်လျှင် သူ့အား စိတ်ကျေနပ်အောင်လုပ်ပေးမည့် ချစ်ပေးမည့် မိန်းကလေးများစွာ ပါလိမ့်မည်ဖြစ်သည်။ သို့ရာတွင် ‘သက်ရှိတိုင်းအတွက် ကပ်ဘေးတစ်ခု’ ကဲ့သို့ ဝတ္ထု၏ဇာတ်လိုက်အနေဖြင့် စကားတစ်ခွန်းမှမဆိုဘဲ ခါးသီးစွာ လေ့ကျင့်ရမည်ဖြစ်သည်။ ထို့အပြင် ကောင်းသည့် အပြုအမူများကိုလုပ်ရပြီး ကြံစည်ခံ၊ ရန်အစခံ၊ အသက်အန္တရာယ်ခြိမ်းခြောက်ခံရလေ၏။ လှပသောအမျိုးသမီးများက သူ့အနားတွင် တောအုပ်ကဲ့သို့ တည်ရှိနေသော်လည်း ဇာတ်လမ်းအစမှ အဆုံးထိ မည်သူ့အပေါ်ကိုမှ လက်မတင်ရချေ။
ဘယ်လောက်တောင် စိတ်ပျက်ဖို့ကောင်းတဲ့ ဒုက္ခလဲ…
ထိုအရာများကို တွေးနေပြီး ရင်ထဲ၌ နာကျင်နေလေ၏။ ဝမ်ကျင်း၏ နူးညံ့ပြီးပျော့ပျောင်းသည့် အသံလေးက ထွက်လာလေသည်။
“ရှစ်ရှုန်း… မြန်မြန်တက်လေ… ကျွန်တော်ကုန်းပိုးပေးမယ်…”
ကျွင်းယန်ကျစ်က တိတ်တဆိတ်ဖြင့် ရှေ့ရှိခန္ဓာကိုယ်လေးပေါ်သို့ မှီလိုက်လေသည်။
သူက ကိုယ်ဖော့သိုင်းကိုသုံးပြီး တုန်ယင်စွာဖြင့် လေထဲသို့ ပျံတက်သွားလေသည်။ ဝမ်ကျင်း၏လက်များက ကျွင်းယန်ကျစ် ခြေထောက်ကို ဖက်ထားလေ၏။
“ကျွင်းရှစ်ရှုန်း… ရှစ်ရှုန်းက အရမ်းမလေးပါဘူး…”
ကျွင်းယန်ကျစ်၏ မျက်နှာက ဝမ်ကျင်း၏ ပုခုံးတွင် မှီထားပြီး သူ၏နှာထိပ်လေးက ဝမ်ကျင်း၏ လည်တိုင်ကို ထိနေလေသည်။
“ဟုတ်လို့လား… မလေးဘူးလား…”
“ရှစ်ရှုန်းကို လက်တစ်ဖက်တည်းနဲ့တောင် မနိုင်မယ်လို့ထင်တယ်…”
ဝမ်ကျင်းက စတင်ကြွားဝါလေသည်။
“ဟုတ်လား… မင်းက အဲ့လောက် အင်အားကြီးတယ်ပေါ့…”
သူ၏လေသံက နူးညံ့နေပြီး ပြုံးနေလေသည်။
“ဟားဟား…”
ကျွင်းယန်ကျစ်က လူငယ်လေး၏ နူးညံ့လှပသော မျက်နှာလေးကို ငေးကြည့်နေလိုက်သည်။ ရုတ်တရက် သူ၏ နှလုံးသားက နာကျင်လာကာ သူ့မျက်လုံးများက ခက်ထန်လာပြီး ခန္ဓာကိုယ်ကို ပြန်ခွာလိုက်လေသည်။ သူ၏အသံက အနည်းငယ် ခပ်တန်းတန်း ဖြစ်လာလေသည်။
“မြောက်ဘက်က ကုန်းဆင်းကိုသွား... အဲ့လမ်းကပိုနီးတယ်...”
“ဟုတ်ကဲ့...”
ဆောင်းလေက အေးစက်နေသော်လည်း လူတစ်ယောက်၏ နှလုံးသားကမူ အေးစက်မနေပေ။
*********
ယွီရုန်တောင်ထိပ်သို့ ရောက်သည့်အချိန်တွင် လူနှစ်ယောက်က ပင်မခန်းမဆောင်ထဲတွင် ဂိုဏ်းချုပ်ရှီကို အချိန်အတော်ကြာ စောင့်နေခဲ့လေသည်။
ဝမ်ကျင်းက တိတ်ဆိတ်နေပြီး ဘေးတွင်ရပ်နေကာ ကျွင်းယန်ကျစ်က ကိစ္စအားလုံးကို ရှင်းပြလေသည်။
ရှီဖန့်က သူပြောပြီးသည်ထိ မည်သည့်တုံ့ပြန်မှုမှ မပေးဘဲ နားထောင်နေပြီးနောက် တပည့်အချို့အား ထိုကိစ္စကို စုံစမ်းရန် အမိန့်ပေးလိုက်သည်။ ထို့နောက် သူက ကျွင်းယန်ကျစ်၏ ရှေ့သို့ လျှောက်လာပြီး မျက်လုံးထဲတွင် ဒေါသအနည်းငယ်ရှိနေကာ ကြင်နာစွာ ပြောလိုက်၏။
“ဒီကိုလာ… ငါမင်းကို ကုပေးမယ်…”
ဒဏ်ရာက နတ်ဆိုးမှော်လက်နက်ကြောင့် ရလာခြင်းဖြစ်သည်။ သူ၏ဝမ်းဗိုက်နားတွင် မြင်ရန်ခက်သည့် သိပ်သည်းသော အနက်ရောင်အစိတ်အပိုင်းတစ်ခု ပေါ်လာလေ၏။ ကံမကောင်းစွာဖြင့် မှော်လက်နက်ကို ခုခံနိုင်သည်အထိ သူ၏ဝိညာဉ်စွမ်းအားက မသန်မာသဖြင့် ခန္ဓာကိုယ်တစ်ခုလုံးကို ပျံ့နှံ့ကာ အသက်အန္တရာယ်ကို ခြိမ်းခြောက်ခဲ့ခြင်းဖြစ်သည်။
ရှီဖန့်က ပြန်လည်ထူထောင်ခြင်းကျင့်ကြံနည်းကို သုံးပြီး သူ့ကိုကုသပေးလိုက်သည်။ သိပ်သည်းသော အနက်ရောင်အစိတ်အပိုင်းက တဖြည်းဖြည်း အရောင်လွင့်စင်သွားလေသည်။
ထို့နောက် ဒါဇင်ခန့်ရှိသည့် တပည့်များက ခန်းမဆောင်၏အပြင်ဘက်ရှိ ကြမ်းပြင်၌ လှဲလျောင်းနေကြလေ၏။ နှင်းဂူထဲမှသယ်လာသော မုကျစ်ချိုးနှင့်တပည့်များ၏ အလောင်းများကို သေချာ အတန်းလိုက်စီထားလေသည်။
အေးစက်တောင့်တင်းနေပြီး အသားအရေများက ဖြူစုတ်နေကာ အချို့က သွေးများအဖောက်ခံထားရလေသည်။ အလွန် ကြောက်ရွံ့ဖွယ်ကောင်းလေ၏။
ရှီဖန့်က အလောင်းများကိုကြည့်ကာ ပြောလိုက်သည်။
“သူတို့က ဘယ်သူတွေလဲ…”
အကြီးဆုံးတပည့်ကျူးကျင်က တင်ပြလိုက်သည်။
“ဂိုဏ်းချုပ်ကို တင်ပြပါတယ်… ဒီတပည့်က လူတိုင်းကို မသိပါဘူး… ဒါပေမဲ့ အများစုက ချင်ရှုဂိုဏ်းက တပည့်တွေပါပဲ… သူတို့က ဒီနှစ်နှစ်အတွင်းမှာ ရုတ်တရက်ပျောက်ဆုံးသွားတဲ့လူတွေပါ… ဂိုဏ်းချုပ်ဆက်ပြီး စုံစမ်းမယ်ဆိုရင် ဒီလူတွေအားလုံးက ချင်ရှုဂိုဏ်းကလူတွေပဲ ဖြစ်မယ်လို့ ကျွန်တော် ထင်ပါတယ်…”
ရှီဖန့်က တစ်ခဏခန့်တွေးတောနေပြီးနောက် ပြောလိုက်သည်။
“မင်းရဲ့လုရှစ်ရှုနဲ့ ရှစ်ရှုန်း ဝမ်ရမ်မုကို သွားခေါ်လိုက်…”
ကျူးကျင်က အမိန့်ကိုနာခံကာ ထျန်းဟန့်တောင်ထိပ်ကို ထွက်သွားလေသည်။
အေးစက်ခြောက်ကပ်နေသော လေထဲတွင် ကျွင်းယန်ကျစ်က မုကျစ်ချိုး၏ခန္ဓာကိုယ်ကို မမှိတ်မသုန် စိုက်ကြည့်နေလေသည်။
မုကျစ်ချိုးက မိစ္ဆာအတတ် ကျင့်ကြံနေသည်ကို ယမန်နှစ်ကတည်းက သူသိခဲ့သည်။
မူလတွင် သူက မနှောင့်ယှက်ချင်ပေ။ သို့ရာတွင် မုကျစ်ချိုးက သူ့လမ်းတွင် လာပိတ်နေသည်က စိတ်မကောင်းစရာဖြစ်သည်။
ကျွင်းယန်ကျစ်တွင် ပုံမှန်မဟုတ်သော ခန္ဓာကိုယ်ရှိ၏။ ဆောင်းရာသီနှင့် နွေဦးရာသီအစ လကွယ်ညများတွင် သူ၏ ခန္ဓာကိုယ်အစိတ်အပိုင်းတိုင်းက အေးစက်တုန်ယင်ကာ ကိုက်ခဲနေလေ့ရှိသည်။ ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်ရန် မတတ်နိုင်ချေ။ ယွီရုန်နှင့် ဟုန်ရှို့တောင်ထိပ်ကြားတွင် တောင်ကုန်းလေးတစ်ခုရှိ၏။ ထိုတောင်ကုန်း၏ထိပ်တွင် လကျောက်တုံးဟု ခေါ်သည့် ကြီးမားသော စိတ်ဝိညာဉ်ကျောက်တုံးတစ်တုံးရှိသည်။ နေ့အချိန်တွင် ကျောက်တုံးက နေရောင်ခြည်၏ စွမ်းအင်ကို စုပ်ယူပြီး ညအချိန်တွင် ခပ်မှိန်မှိန်တောက်ပနေလေ၏။ နှစ်တိုင်း ဆောင်းရာသီရောက်ချိန်တွင် ကျွင်းယန်ကျစ်က သူ့နာကျင်မှုများသက်သာစေရန် ကျောက်တုံး၏ဘေး၌ လာလှဲနေလေ့ရှိသည်။ ကံကောင်းစွာဖြင့် ဆောင်းရာသီတွင် အလွန်အေးသဖြင့် ညအချိန်၌ လူတိုင်းက အပြင်ထွက်ရန်ရှောင်ရှားကြပြီး မတိုင်မီအချိန်တွင် သူ့အား မည်သူကမှမတွေ့ခဲ့ပေ။
လွန်ခဲ့သောလအနည်းငယ်တွင် တပည့်သုံးယောက်က ဝိညာဉ်စွမ်းအားများ ကုန်ခမ်းသည်အထိ စုပ်ယူခံခဲ့ရလေသည်။ ၎င်းက မုကျစ်ချိုး၏ လက်ချက်ဖြစ်၏။ အကြောင်းတစ်ခုခုကြောင့် အလောင်းများကို သေချာမဝှက်ခဲ့သဖြင့် ချင်ရှုဓားဂိုဏ်းမှ သိသွားခဲ့လေသည်။
၎င်းက ကျွင်းယန်ကျစ်အတွက် ပြဿနာတစ်ခုဖြစ်၏။
တောင်ကိုကင်းစောင့်သည့်ညများတွင် ကျွင်းယန်ကျစ်က လကျောက်တုံးနားသို့ မကပ်နိုင်ဘဲ နာကျင်မှုကို ခက်ခက်ခဲခဲ သည်းခံခဲ့ရလေသည်။ မုကျစ်ချိုးကို သူ သတ်ပစ်ချင်၏။ ကံမကောင်းစွာဖြင့် ဆောင်းရာသီတွင် သူ၏ ခန္ဓာကိုယ်က အားနည်းနေသဖြင့် နောက်ထပ် လအနည်းငယ် သည်းခံရန် ဆုံးဖြတ်ခဲ့သည်။ နွေဦးသို့ ပြန်ရောက်လာလျှင် မုကျစ်ချိုးနှင့် စာရင်းရှင်းမည်ဖြစ်သည်။
ဟွေ့ရှစ်တောင်ထိပ်တွင်လည်း ကျောက်တုံးကြီးတစ်ခုရှိသည်။ သက်ရောက်မှုက လကျောက်တုံးထက် အားနည်းသော်လည်း ၎င်းက အသုံးဝင်ဆဲဖြစ်သည်။ ထိုကျောက်တုံးကို ဒုတိယအကောင်းဆုံးအဖြစ် ရွေးချယ်ခဲ့၏။ ထို့ကြောင့် ထိုကျောက်တုံးကြီးဘေးတွင် အခြေချနေခဲ့သော်လည်း မမျှော်လင့်စွာဖြင့် ကင်းလှည့်နေသည့် လုကျင်းက သူ့နားမှ ဖြတ်သွားလေသည်။
နောက်တစ်နေ့ည ဝမ်ကျင်း(လုကျင်း) ဒုက္ခရောက်နေချိန်တွင် သူက မလိုအပ်သည့်အရာများကို ထပ်လုပ်ပြီး ဝမ်ကျင်းကို ကယ်ခဲ့လေ၏။
ထိုအချိန်မှစပြီး သူက ကူကယ်ရာမဲ့စွာဖြင့် အမိခံလိုက်ရလေသည်။
ထို့ကြောင့် ကျွင်းယန်ကျစ်က မုကျစ်ချိုးနှင့်ကိစ္စကို တတ်နိုင်သမျှ မြန်မြန် စာရင်းရှင်းချင်လေသည်။
ဝမ်ကျင်းက ညင်သာစွာပြောလိုက်၏။
“ရှစ်ရှုန်း… ရှစ်ရှုန်းရဲ့အသားအရေက ဖျော့တော့နေတုန်းပဲ… နေလို့မကောင်းသေးဘူးလား…”
သူ့စကားကိုကြားသောအခါ ရှီဖန့်က သူတို့နှစ်ယောက်ကိုကြည့်လိုက်၏။
“ဒီမှာ မင်းတို့လုပ်စရာ ဘာမှမရှိတော့ဘူး… အိမ်ကိုပြန်ပြီးနားတော့… စုံစမ်းစစ်ဆေးမှုပြီးသွားရင် လူသိရှင်ကြား ဆွေးနွေးမှုရှိလာလိမ့်မယ်…”
ဝမ်ကျင်းနှင့် ကျွင်းယန်ကျစ်က နှုတ်ဆက်လိုက်သည်။
ခန်းမဆောင်၏ အပြင်ဘက်တွင် နေထွက်နေပြီဖြစ်သည်။ ကျယ်ပြောသော နှင်းလွင်ပြင်ကြီးက တိတ်တဆိတ် ကျရောက်လာလေသည်။
ဝမ်ကျင်းက သူ့ကိုကျောပေးကာ ထိုင်ချလိုက်ပြန်သည်။
“ရှစ်ရှုန်းလာ… ကျွန်တော် ကုန်းပိုးမယ်…”
ကျွင်းယန်ကျစ်က သူ့ကိုဆွဲထူလိုက်၏။
“မလိုပါဘူး… ကိုယ့်ဒဏ်ရာက သက်သာလာနေပြီ…ကိုယ့်ဘာသာ သွားလို့ရတယ်…”
သူပြောပြီးသည့်အချိန်တွင် ဒါဇင်နှင့်ချီသော အနက်ရောင်အစက်အပြောက်များက တဖြည်းဖြည်းကြီးလာပြီး ခန်းမဆောင်၏ အပြင်ဘက်သို့ ရောက်လာကြသည်ကို လှမ်းမြင်လိုက်ရလေသည်။ ၎င်းက ပျံသန်းလာသော ကျင့်ကြံသူများဖြစ်၏။ ဦးဆောင်လာသူက အသက် ၄၀ ခန့်အရွယ် အမျိုးသားတစ်ယောက်ဖြစ်ပြီး ခံ့ညားလေသည်။ တာအိုဝတ်စုံနှင့်သူက တပည့်နှင့်ပိုတူနေလေ၏။ သူက ထျန်းဟန့်တောင်ထိပ်၏ ဆရာသခင် လုချန်းချင်ဖြစ်လေသည်။
ကျင့်ကြံသူများက တစ်ယောက်ပြီးတစ်ယောက် ဆင်းသက်လာ၏။ ကျွင်းယန်ကျစ်က ဝမ်ကျင်းကိုဆွဲကာ ထွက်သွားလိုက်လေသည်။
လုချန်းချင်က ထိုနှစ်ယောက်ကို တစ်ချက်ကြည့်လိုက်ပြီး လျစ်လျူရှုကာ ခန်းမဆောင်ထဲသို့ ဝင်သွားသည်။ ဝမ်ရမ်မုကလည်း ကျွင်းယန်ကျစ်ကို ကြည့်လိုက်၏။ ပုံမှန်ရှိနေသော သူ၏ ရိုသေလေးစားမှုနှင့် ညင်သာမှုက ပျောက်ကွယ်နေကာ အနည်းငယ် ရန်လိုနေလေသည်။ ထို့နောက် သူ့ဆရာနောက်မှလိုက်ပြီး ခန်းမဆောင်ထဲသို့ ဝင်သွားလေသည်။
ကျန်သည့် ထျန်းဟန့်တောင်ထိပ်၏ တပည့်များကလည်း မပျော်မရွှင်ဖြင့် သူတို့အား ကြည့်နေကြလေသည်။
⛰️⛰️⛰️