⛰️Chapter - 14
ရှစ်တိ… ဒုက္ခများစေမိပြီ…
ဆယ့်နှစ်လပိုင်း၏ ပထမဆုံးရက် ညနေခင်းတွင် ဝမ်ကျင်းက အဝတ်အစားလဲကာ ကင်းစောင့်ရန်အတွက် လိုအပ်သောပစ္စည်းများကို စစ်ဆေးနေလေသည်။
ဆက်သွယ်ရေးကျောက်တုံး၊ ကိုယ်ပျောက်အဆောင်လက်ဖွဲ့..…
သူ့ဘေးတွင် စိတ်ဝိညာဉ်မြက် အနည်းငယ်ရှိ၏။ ထိုမြက်များက နေ့ဘက်တွင် တောင်ပေါ်၌ သူရှာခဲ့သော အပင်များဖြစ်လေသည်။ သို့ရာတွင် မြက်များကို သူနှင့်အတူ သယ်သွားသင့် မသင့်ကို မသေချာပေ။
လိပ်ကြီးကမူ အိပ်ရာပေါ်တွင်ရှိနေပြီး မျက်နှာသေဖြင့် သူ့ကို ကြည့်နေလေသည်။
ဝမ်ကျင်းက တံခါးကို ဖွင့်လိုက်ချိန်တွင် ပြင်းထန်စွာ ကျနေသောနှင်းများက အိမ်ထဲသို့ ဝင်လာလေသည်။ သူ ခေါင်းဆောင်း ဆောင်းလိုက်ပြီးနောက် အိပ်ရာပေါ်တွင်ရှိနေသော လိပ်ဘက်သို့လှည့်ကာ ပြောလိုက်သည်။
“မင်း အိပ်မပြန်တာ ရက်တော်တော်ကြာနေပြီ… ကျွင်းရှစ်ရှုန်းက မင်းကို ကောင်းကောင်း မဆက်ဆံဘူးလား… ဘာလို့ ဒီကိုပဲပြေးလာနေတာလဲ… ရှစ်ရှုန်းက အရမ်းသဘောကောင်းတဲ့ပုံပါ… ငါတို့နောက်ကွယ်မှာ မင်းကို နှိပ်စက်နေလို့လား…”
လိပ်က ပုံမှန်ကဲ့သို့ပင် ခေါင်းမညိတ် ခေါင်းမခါဘဲ သူ့ကို တုံ့ပြန်မှု မပေးခဲ့ချေ။
“ကိုယ်သူ့ကို မနှိပ်စက်ဖူးပါဘူး…”
နက်ရှိုင်းသည့် အသံတိုးတိုးက ပေါ်ထွက်လာလေသည်။ နွေးထွေးပြီး ဖော်ရွေကာ လေသံထဲတွင် ပျော်ရွှင်မှုသာမက ဒေါသပါ မရှိပေ။
ဝမ်ကျင်းက လန့်သွားပြီး လှည့်ကြည့်လိုက်ကာ ပြုံးလျက် ပြောလေ၏။
“ကျွင်းရှစ်ရှုန်း… ဒီကို ဘာကိစ္စရှိလို့လဲ…”
သူက လက်ပူးလက်ကြပ် မိသွားလေသည်။ တစ်စုံတစ်ယောက်၏ နောက်ကွယ်တွင် မကောင်း မပြောသင့်ပေ။
ကြီးမားသော နှင်းပွင့်ချပ်များက အနက်ရောင်ဝတ်စုံပေါ်တွင် တင်နေလေသည်။ သူက နူးညံ့ပုံပေါ်သော်လည်း အအေးကို သတိထားမိပုံမပေါ်ပေ။ ဝမ်ကျင်းက မနေနိုင်တော့ဘဲ ပြောလိုက်၏။
“ကျွင်းရှစ်ရှုန်း… နှင်းတွေ အများကြီးပဲ… မအေးဘူးလား… ကျွန်တော် အရမ်း အားကျတာပဲ…”
“အခြေခံအုတ်မြစ်ကို တည်ဆောက်ပြီးသွားရင် အအေးဒဏ်ကို ခံနိုင်သွားလိုက်မယ်…”
“ဟုတ်…”
ဝမ်ကျင်းက လက်နှစ်ဖက်ကို ပွတ်သပ်နေပြီး ခေါင်းဆောင်းကို ပြန်ပြင်လိုက်သည်။
ကျွင်းယန်ကျစ်က ဖြည်းညင်းစွာ ပြောလိုက်သည်။
“ဒီည ကင်းစောင့်ရမှာလား…”
“ဟုတ်ကဲ့…”
“မနက်က ကိုယ့်ကို ရှစ်ရှုန်းကခေါ်ပြီး မင်း တစ်ခုခုလိုလားဆိုတာ မေးခိုင်းလိုက်တယ်…”
“မလိုပါဘူး… ကျွန်တော် အဆင်ပြေပါတယ်…”
ဝမ်ကျင်းက တွေးတောနေပြီး ခေါင်းကိုငုံ့ထား၏။ ထို့နောက် မေးခွန်းတစ်ခု မေးလိုက်လေသည်။
“ကျွင်းရှစ်ရှုန်း… ရွှင်းယန်တောင်မှာ မိစ္ဆာသားရဲတစ်ကောင်ကို ရှာချင်ရင် ဘယ်ကို သွားရမှာလဲ…”
“ဘယ်လို သားရဲအမျိုးအစားလဲ…”
“စပါးအုံးမြွေတစ်ကောင်…”
“ဘာလို့ မြွေကိုရှာနေတာလဲ… မွေးမလို့လား…”
ဝမ်ကျင်းက တစ်ခဏခန့်စိတ်လှုပ်ရှားသွားသော်လည်း မြွေကြီး၏ ဒေါသနှင့် ကြုံခဲ့ရသည့် စိတ်ဒဏ်ရာကို ပြန်အမှတ်ရသွားပြီး ခေါင်းခါလိုက်၏။
“မမွေးရဲပါဘူးနော်… အဲ့မြွေက ဒေါသကြီးတယ်…”
ကျွင်းယန်ကျစ်၏ အမူအရာက မပြောင်းလဲသော်လည်း သူ၏နှုတ်ခမ်းပါးများက တင်းတင်းစေ့သွားလေသည်။
ဝမ်ကျင်းက ကိုယ့်ကိုယ်ကိုယ် ပြန်ပြောနေ၏။
“နည်းနည်းလောက် ဒေါသကြီးတာက အဆင်ပြေပါတယ်… သူက ချစ်ဖို့ကောင်းတယ်… နည်းနည်းချော့လိုက်ရင် အဆင်ပြေမှာပါ… ပြဿနာက သူ့ကိုရှာလို့မတွေ့တာပဲ… အဲ့ဒါကြောင့် ဘယ်လိုမှ စကားပြောလို့မရဘူးဖြစ်နေတာ…”
“မင်း ဘာလုပ်မယ်လို့ပြောနေတာလဲ…”
သူ၏အသံက အေးစက်နေ၏။
“သူ့ကို ပြန်ကျေးဇူးဆပ်ချင်လို့ပါ… အဲ့မြွေက ဉာဏ်ကောင်းတယ်… ကျွန်တော့် အသက်ကိုလည်း ကယ်ခဲ့တယ်…”
အပေါ်ယံတွင် ကျေးဇူးပြန်ဆပ်ချင်သည်ဟုပြောသော်လည်း အမှန်တကယ်တွင် ထိုသို့မဟုတ်ပေ။ အဆုံးတွင် ဝမ်ကျင်းက သူ့ရည်ရွယ်ချက်ကို မရှင်းပြတတ်ချေ။
ကျွင်းယန်ကျစ်က အချိန်အတော်ကြာသည့်တိုင်အောင် တိတ်ဆိတ်နေပြီးနောက် အဆုံးတွင် ပြန်ရန် ထလိုက်သည်။
“မင်း ဘာမှမလိုမှတော့ ကိုယ်သွားတော့မယ်…”
“အာ… ဒါဆို ရှစ်ရှုန်း ကောင်းကောင်းသွားပါ…”
ကောင်းကင်က မှောင်မည်းနေပြီး အအေးဓာတ်ကလွန်ကဲနေကာ အပြင်ဘက်တွင် လရောင်တစ်စွန်းတစ်စပင် မရှိချေ။ ဝမ်ကျင်းက ညအမှောင်ထဲတွင် သူရင်းနှီးနေသည့် လမ်းကြောင်းအတိုင်း ဖြည်းဖြည်းချင်း ပျံသန်းနေလေသည်။
မြွေကြီးက ကြုံရာနေရာတွင် ပေါ်လာလိုက် ပျောက်သွားလိုက်ဖြစ်သဖြင့် သူနေထိုင်သည့်နေရာကို ရှာဖွေရန် ခက်ခဲနေလေ၏။ ထို့အပြင် ထိုသတ္တဝါက သူ့အား တွေ့ချင်သည့်ဆန္ဒရှိပုံမပေါ်ပေ။ ဝမ်ကျင်းက အနည်းငယ် စိတ်ပျက်အားလျော့လာလေသည်။ သူ၏ ဆက်လက်ရှာဖွေချင်သည့် ဆန္ဒက စတင်မှေးမှိန်လာသော်လည်း သူဆက်လက်ရှာဖွေနေခဲ့သည်။
မဝေးသည့်နေရာမှ ခပ်ရေးရေး တဒုတ်ဒုတ်မြည်သံကို ကြားလိုက်ရလေသည်။
ဝမ်ကျင်းမှာ ရင်ထိတ်သွား၏။
သူ့လက်ထဲတွင် ဝိညာဉ်စွမ်းအားလုံးကို စုစည်းလိုက်ပြီး သွားကြည့်လိုက်ချိန်တွင် ခြေလှမ်းဒါဇင်ခန့် ဝေးသည့်နေရာ၌ ကျောက်တုံးကြီးကို မြင်လိုက်ရလေသည်။ အသံက ကျောက်တုံးနောက်မှ လာနေခြင်းဖြစ်သည်။
မြွေကြီးလား…
ဝမ်ကျင်းက ဖြည်းဖြည်းချင်း တိတ်တဆိတ် လျှောက်သွားကာ ကြည့်လိုက်ချိန်တွင် မည်သည့်အရာမှ ရှိမနေပေ။
ဝမ်ကျင်း၏ နှလုံးခုန်သံက တည်ငြိမ်သွား၏။
မြွေမဟုတ်ရင် ဘာကြီးလဲ…
သူက ပတ်ဝန်းကျင်ကို ဂရုတစိုက်ဖြင့် ကြည့်လိုက်ချိန်တွင် ဟိုတစ်ကွက် သည်တစ်ကွက် နှင်းများဖုံးလွှမ်းနေသာ အစိမ်းရင့်ရောင်အပင်တစ်ခုက ကျောက်တုံးကို ညင်သာစွာ ရိုက်ခတ်နေသည်ကို မြင်လိုက်ရလေသည်။
၎င်းက နှင်းတောင်ကျောက်စိမ်းဂျင်ဆင်းဖြစ်သည်။ သူဖြတ်သွားသောကြောင့် ၎င်းက အိပ်တစ်ဝက် နိုးတစ်ဝက်ဖြင့် နေရာရွှေ့နေခြင်းဖြစ်၏။
သူ့တစ်ကိုယ်လုံးကို နှင်းနဲ့ လုံအောင်ဖုံးထားနိုင်တယ်လို့ ထင်နေသေးတာလား…
ဝမ်ကျင်းက သူ့ပစ်မှတ်ကို ဝိညာဉ်စွမ်းအားလုံးဖြင့် ပစ်လိုက်သည်။ သူ့ဘေးတွင် အမှောင်ထုက တဖြည်းဖြည်း ပြန်ရောက်လာလေ၏။
ထို့နောက်ဝမ်ကျင်းက ကင်းစောင့်ရမည့်နေရာသို့ ဖြည်းညင်းစွာ ပျံသန်းသွားလိုက်လေသည်။
အအေးဓာတ်က သူ့အား အခန်းထဲသို့ ပြန်အိပ်ချင်စိတ်ကို ဖြစ်ပေါ်နေစေသည်။ အနည်းဆုံး အိမ်တွင် သူ့ကိုစောင့်နေသည့် လိပ်ရှိလေသည်။ သို့ရာတွင် ထိုလိပ်က သူပိုင်ဆိုင်သည့်အရာ မဟုတ်ပေ။
အနည်းငယ် လှမ်းသည့်နေရာတွင် ရင်းနှီးနေသော တဒုတ်ဒုတ်မြည်သံကို ကြားလိုက်ရပြန်၏။
နောက်ထပ် နှင်းတောင်ကျောက်စိမ်းဂျင်ဆင်းလား…
ဝမ်ကျင်းက ဝိညာဉ်စွမ်းအားလုံးကို လက်ထဲတွင် စုစည်းလိုက်ပြန်သည်။ ယခုတစ်ကြိမ်တွင်မူ မှန်ပျပျ အလင်းရောင်အောက်၌ မြွေကြီးက ကြီးမားသောဘောလုံးကဲ့သို့ ခွေနေပြီး နှင်းထဲတွင် တဆတ်ဆတ် တုန်ယင်နေသည်ကို မြင်လိုက်ရလေသည်။
ဝမ်ကျင်းက ဆွံ့အနေ၏။
မြွေကြီးက သူ့အားမျှော်နေသကဲ့သို့ ခေါင်းထောင်ကာ ကြည့်လိုက်လေသည်။ ၎င်းက သူ့အား မောင်းထုတ်ရန် မကြိုးစားသလို အသိအမှတ်ပြုရန်လည်း မလုပ်ပေ။ ထို့နောက် ၎င်းက ခေါင်းကိုပြန်ငုံ့ကာ ခွေနေပြီး တုန်ယင်နေပြန်လေသည်။
ဝမ်ကျင်းက ဆောင့်ကြောင့်ထိုင်ချပြီး မြွေကြီး၏ ခန္ဓာကိုယ်ကို ထိလိုက်သည်။ လက်ထဲတွင်လည်း ဝိညာဉ်စွမ်းအားကို စုစည်းထား၏။ သူက သူ၏ ဝိညာဉ်စွမ်းအားကို မြေကြီး၏ကိုယ်ထဲသို့ ထည့်ပေးနေလေသည်။
ခပ်ဖျော့ဖျော့ အပြာရောင်အလင်းတစ်ခု တောက်လာပြီး မြွေကြီးက ခေါင်းထောင်လာကာ ဝမ်ကျင်းကို အေးစက်စွာ ကြည့်လိုက်၏။ ၎င်းက စိတ်ဆိုးနေပုံပေါ်ပြီး အစွယ်များကို ထုတ်ပြကာ တရှူးရှူးအသံများ လုပ်နေလေသည်။
ဝမ်ကျင်းက သူ့လက်၏ လှုပ်ရှားမှုများကို ချက်ချင်းရပ်လိုက်ပြီး စဉ်းစားမနေဘဲ အိတ်ထဲမှ စိတ်ဝိညာဉ်မြက် နှစ်ပင်ကို ထုတ်လိုက်သည်။
“ငါနားလည်တယ်… လူတွေ မင်းကို မထိစေချင်ဘူးမလား… တောင်ပေါ်မှာ ဒီစိတ်ဝိညာဉ်မြက်နှစ်ပင်ကို ငါရှာတွေ့ခဲ့တယ်… မြက်တွေက အရမ်းအဆင့်မမြင့်ဘူး… ဝိညာဉ်စွမ်းအားလည်း အများကြီး မရှိပေမဲ့ မင်း ဒါတွေကို သုံးလို့ရတယ်… မနက်ဖြန်မှ မင်းကို ထပ်လာရှာမယ်…”
မြွေကြီးက တစ်ဖက်သို့ လှည့်ပြီး ဝမ်ကျင်းကို အသိအမှတ်ပြုရန် ငြင်းဆန်နေလေသည်။
ဝမ်ကျင်းက စိတ်ဝိညာဉ်မြက်ကို သူ့နားတွင် ချပေးခဲ့လိုက်သည်။
“ပြီးခဲ့တဲ့ အခေါက်တုန်းက မင်းငါ့ကို ကယ်ခဲ့တယ်… ငါ အရမ်းကျေးဇူးတင်ပါတယ်… မင်း စွမ်းအားတွေ ပြန်ဖြည့်လို့ရတယ်… ကောင်းပြီ… ငါသွားတော့မယ်…”
သူပြောပြီးနောက် ဝိညာဉ်စွမ်းအားကို ပြန်ရုပ်သိမ်းကာ ပြန်ပြေးလာခဲ့လေသည်။
သူပြန်လှည့်ကြည့်လိုက်သည့်အချိန်တွင် မြွေကြီးက စိုးရိမ်နေသည့်ပုံဖြင့် ခေါင်းထောင်နေသည်ကို မြင်လိုက်ရလေသည်။
*******
နောက်တစ်ရက် ညနက်ပိုင်းတွင် ဝမ်ကျင်းက သူချပေးခဲ့သည့် စိတ်ဝိညာဉ်မြက်နှစ်ပင်က ကျောက်တုံးရှေ့တွင်သာ ရှိနေပြီး လုံးဝထိမထားသည်ကို တွေ့လိုက်ရလေသည်။ ဝမ်ကျင်းက ငုံ့ကြည့်နေပြီး အနည်းငယ် စိတ်ပျက်အားလျော့နေလေ၏။
မြွေကြီးက ခွေနေဆဲဖြစ်ကာ သူ့ကို လျစ်လျူရှုထားမြဲ ဖြစ်သည်။
ဝမ်ကျင်းက မြွေကြီး၏ ခန္ဓာကိုယ်ကို ပုတ်လိုက်၏။
“မင်း ဘာလို့ ဒီလောက် ပြောရခက်နေတာလဲ… ဒါက စိတ်ဝိညာဉ်မြက်လေး နှစ်ပင်ပဲကို… အဲ့လောက်လေးတောင် လက်မခံနိုင်ဘူးလား…. ဒီမှာကြည့် ငါဘာယူလာလဲဆိုတာ….”
သူက ပြောပြီး အနီရောင်အသီးအချို့ကို သိုလှောင်အိတ်ထဲမှ ထုတ်လိုက်လေသည်။
“မင်း အနံ့ရလား… အရမ်းမွှေးတာပဲ…”
ဝမ်ကျင်းက အသီးတစ်လုံးကိုယူကာ စားဟန်ပြင်လိုက်လေ၏။
သူ့လက်ထဲရှိ အသီးက ဟုန်ဖန်သီးဖြစ်သည်။
ဟုန်ဖန်သီး၏ အသားက အနံ့မွှေးပြီး အရည်ရွှမ်းကာ မိစ္ဆာသားရဲများ အကြိုက်ဆုံးအသီးဟု ဆိုကြလေသည်။ ဝမ်ကျင်းက ဤထိန်းမနိုင်သိမ်းမရသော မြွေကြီးကို ချော့ရန်အတွက် အသီးများကို ကွေ့ရှင်းပိထံမှ တောင်းခဲ့လေသည်။
မြွေ၏ခေါင်းက တဖြည်းဖြည်းထောင်လာပြီး ဝမ်ကျင်းကို စိတ်ဝင်စားစွာကြည့်ကာ လျှာသပ်လိုက်လေ၏။
ဝမ်ကျင်းက အသီးကို အခွံနွှာလိုက်သည်။ အလွန်ချိုမြိန်သော မွှေးရနံ့က လေထဲတွင် ပျံ့နှံ့သွားပြီး တစ်ကိုက်လောက် ကိုက်ချင်စိတ်ဖြစ်အောင် လှုံ့ဆော်နေလေ၏။ ဝမ်ကျင်းက အသီးကို မြွေကြီး၏ရှေ့တွင် ယမ်းပြလိုက်ပြီး သွားရည်ကျအောင် ကြိုးစားလေသည်။
“မင်းမစားဘူးဆိုရင် ငါစားလိုက်တော့မယ်… ဟုတ်ပြီလား…”
ထိုသို့ပြောပြီး တစ်ကိုက်ကိုက်လိုက်ချိန်တွင် သူ့ကိုယ်သူ အရူးဟု ခံစားလိုက်ရ၏။ အသီး၏ အရည်က အလွန်ချဉ်ကာ မြိုချရန်ခက်ခဲပြီး ထွေးထုတ်လုနီးပါးပင် ဖြစ်သွားလေသည်။
ဝမ်ကျင်း၏ ရင်ထဲတွင် ခါးသီးမှုများနှင့် ပြည့်နှက်နေ၏။
ဤအသီးကို မိစ္ဆာသားရဲများက အလွန်ကြိုက်သည်ဟု ကွေ့ရှင်းပိက ထပ်ခါထပ်ခါပြောခဲ့သည်။
ဒါပေမဲ့ ဒါက လူတွေစားလို့မရဘူးလား… တော်တော် ဆိုးရွားတာပဲ…
သူ၏ အသားအရေက ဖြူတစ်လှည့် ပြာတစ်လှည့်ဖြစ်နေသော်လည်း ထွေးမထုတ်ရဲချေ။ သူက အတင်းမြိုချပြီး မျက်နှာမဲ့လိုက်၏။
“အရသာရှိတယ်… အရမ်းစားကောင်းတာပဲ… မင်း မစားဘူးဆိုရင် ငါ အကုန်စားလိုက်တော့မယ်…”
သူပြောပြီးနောက် ခဏရပ်လိုက်သည်။ သို့ရာတွင် သေလျှင်ပင် နောက်တစ်ကိုက် လုံးဝ မကိုက်နိုင်ပေ။
မြွေကြီးက သူ့အား အေးစက်စွာ စိုက်ကြည့်နေလေ၏။
၎င်းက ခေါင်းကို ခန္ဓာကိုယ်ပေါ်တွင် ဖြည်းဖြည်းချင်း တင်လိုက်ပြီးနောက် တုန်ယင်နေပြန်လေသည်။
ဝမ်ကျင်းက စိတ်မကောင်းဖြစ်သွားပြီး ဝိညာဉ်စွမ်းအားကို စုစည်းကာ မြွေကြီး၏ အရေပြားကို ထိလိုက်ပြီးနောက် ဝိညာဉ်စွမ်းအားကို လွှဲပြောင်းပေးလိုက်သည်။
“ငါမင်းကို နည်းနည်းကူညီမယ်… မငြင်းနဲ့…”
မြွေကြီးက ခေါင်းမော့လိုက်၏။ ၎င်းက နာကျင်နေသော်လည်း စိတ်အခြေအနေကမူ ဆိုးသွမ်းမနေတော့ပေ။ ၎င်းက ဝမ်ကျင်း၏ လက်ဖဝါးကို တွန်းလိုက်ပြီး ယမန်နေ့ညက ဝမ်ကျင်း ယူလာပေးသော စိတ်ဝိညာဉ်မြက်နှစ်ပင်ကို သန့်ရှင်းကာ ဖြည်းဖြည်းချင်း စားလိုက်လေသည်။
ဝမ်ကျင်းက မြွေကြီးကို ဖြည်းညင်းစွာ ပုတ်လိုက်၏။
“မနက်ဖြန်ကျရင် မင်းအတွက် စိတ်ဝိညာဉ်မြက်တွေ ထပ်ရှာလာပေးမယ်…”
**
မြွေကြီး၏ သဘောထားက အနည်းငယ် ပြေလျော့သွားပြီး ဝမ်ကျင်းထံမှ စိတ်ဝိညာဉ်မြက်များကို လက်ခံခဲ့သည်။ သို့ရာတွင် ဝမ်ကျင်းနှင့် နီးကပ်ရန် ငြင်းဆန်နေဆဲဖြစ်၏။ ထို့အပြင် မြွေကြီးခံစားနေရသည်က ညတိုင်းမဟုတ်ဘဲ လကွယ်ညများတွင်သာ တုန်ယင်နေသည်ကို ဝမ်ကျင်း သိခဲ့ရလေသည်။
ချင်ရှုဓားဂိုဏ်းရှိ တပည့်များက တောင်ပေါ်တွင် ညတိုင်းကင်းလှည့်ရလေသည်။ မြွေကြီးကို တစ်ယောက်ယောက် တွေ့သွားနိုင်ခြေက အလွန်မြင့်သဖြင့် ဝမ်ကျင်းက ရင်တမမဖြစ်နေလေ၏။
‘သက်ရှိတိုင်းအတွက်ကပ်ဘေးတစ်ခု’ တွင် ကျွင်းယန်ကျစ်က မုကျစ်ချိုး၏ သရုပ်မှန်ကို ဖော်ထုတ်ပြီးနောက် တောင်ပေါ်တွင် ကင်းစောင့်ရသည့် တာဝန်များကိုရပ်တန့်ခဲ့သည်။ သို့ရာတွင် ဝတ္ထုထဲ၌ ကျွင်းယန်ကျစ်က မုကျစ်ချိုးကို မည်သည့်အချိန်တွင် ဖော်ထုတ်ခဲ့သည်ကို ဖော်မပြထားချေ။
ဆောင်းရာသီ အကုန်လောက်မှာများလား…
၁၂လပိုင်း ၁၈ ရက်နေ့တွင် ဝမ်ကျင်းက အိပ်တစ်ဝက်နိုးတစ်ဝက်ဖြစ်နေချိန်၌ ခေါင်းထဲတွင် မစ်ရှင်တစ်ခု အသိပေးစာက ရုတ်တရက်ပေါ်လာလေသည်။
[စနစ်မှ အသိပေးချက် _ အကြောင်းအရာ- ကျွင်းယန်ကျစ် (အဓိက ဆိုးယုတ်မှု)။ မစ်ရှင်ကို လက်ခံရန် အကြံပြုပါသည်။]
အဓိက ဆိုးယုတ်မှုလား… လူသတ်တာလား… မီးရှို့တာလား…
ဝမ်ကျင်းက ချက်ချင်းနိုးသွားပြီး အဝတ်အစားလဲလိုက်၏။ လိပ်ကြီးကဘေးရှိ မွေ့ရာလိပ်ထဲတွင် လှဲနေပြီး ခေါင်းထွက်ကာ ဝမ်ကျင်းကို ကြည့်နေလေသည်။ ဝမ်ကျင်းက လိပ်၏ခေါင်းကို ပုတ်ကာ စိတ်ကိုတည်တည်ငြိမ်ငြိမ် ထားလိုက်ပြီးနောက် စဉ်းစားမနေဘဲ အပြင်ဘက်သို့ ပြေးထွက်သွားလေသည်။
အလိုအလျောက်လမ်းကြောင်းရှာဖွေမှုကို ဖွင့်လိုက်ပြီးနောက် ဝမ်ကျင်းက အနည်းငယ် သံသယဖြစ်နေ၏။
ကျွင်းယန်ကျစ်ဆီမှာ ဘာဖြစ်တာလဲ…
ဝမ်ကျင်းက ဝတ္ထုထဲမှ မှတ်မိသည့်ကိစ္စ မရှိတော့ချေ။
ရုတ်တရက် အရေးပေါ်ဖြစ်သွားတာလို့တော့ မပြောနဲ့နော်…
စနစ်၏ လမ်းညွှန်မှုအတိုင်း တစ်ခဏကြာသည်အထိ တောင်တန်းများအပေါ်တွင် ပျံသန်းကာ အဆုံးတွင် ထျန်းဟန့်နှင့် ဟွေ့ရှစ်တောင်ထိပ်နယ်နိမိတ်ရှိ တောင်ကြားသို့ ရောက်လာလေသည်။
ယခုညတွင် လရောင်က တောက်ပနေပြီး ကောင်းကင်တွင် ဓူဝံကြယ်ကိုပင် မြင်ရလေသည်။ တောင်ကြားထဲတွင် ဝိညာဉ်စွမ်းအားကို ရိပ်ခနဲ ဖမ်းမိလိုက်၏။ နောက်ဆုံးတွင် အဖြူရောင် ဝိညာဉ်စွမ်းအားနှင့်အတူ အေးစက်သော အသွင်အပြင်ရှိသည့် တစ်စုံတစ်ယောက်ကို ဝမ်ကျင်းမြင်လိုက်ရသဖြင့် အနားသို့ တိုးသွားလေသည်။
လရောင်ကဲ့သို့ နူးညံ့ကြော့ရှင်းသော အသွင်အပြင်ရှိသူတစ်ယောက်က သူ့အပြာရောင်ဝတ်စုံတွင် သွေးများစွန်းထင်းနေကာ သတိမေ့နေပြီး သေသည် ရှင်သည်ကို မသေချာပေ။
ဝမ်ကျင်းက အနည်းငယ်ထိတ်လန့်လာ၏။
သူက ကျွင်းယန်ကျစ်၏လက်ကို တင်းကျပ်စွာ ဆုပ်ကိုင်ပြီး တုန်ရီစွာ ပြောလိုက်လေသည်။
“ကျွင်းရှစ်ရှုန်း… အဆင်ပြေရဲ့လား…”
ကျွင်းယန်ကျစ်က ပြန်မဖြေပေ။ သူ့၏ ခန္ဓာကိုယ်မှ ဖျော့တော့သော ဝိညာဉ်စွမ်းအားများ ထွက်နေပြီး မျက်လုံးများကမူ မှိတ်ထားလေသည်။
ဝမ်ကျင်းက သူ၏ ဝင်သက်ထွက်သက်ကို စစ်ဆေးကြည့်လိုက်၏။ အလွန်အားနည်းကာ စမ်းသပ်၍မရလုနီးပါး ဖြစ်နေလေသည်။
ဝမ်ကျင်းက အံ့ကြိတ်ကာ ကျွင်းယန်ကျစ်ကို ဆွဲထူလိုက်၏။
၁၂လပိုင်းမှာ ကျွင်းယန်ကျစ် ဒဏ်ရာရတယ်လို့ ဝတ္ထုထဲမှာ မပြောထားပါဘူး… လောကကြီးက ဘာတွေဖြစ်ကုန်ပြီလဲ…
သူက ဒီကမ္ဘာကြီးရဲ့ အဓိကဇာတ်လိုက်လေ… သူသေရင် ဘယ်လိုဖြစ်သွားမှာလဲ…
သူစိုးရိမ်နေစဉ်တွင် ကောင်းကင်မှ ခရမ်းရောင်ဝိညာဉ်စွမ်းအားတစ်ခုကို ပစ်ချလိုက်လေ၏။
ဝမ်ကျင်းက မော့ကြည့်လိုက်ချိန်တွင် နှင်းကဲ့သို့ဖြူစွတ်နေသော အသားအရေနှင့် ပျံ့လွင့်နေသော ဝတ်ရုံကို မြင်လိုက်ရလေသည်။ အလွန်လှပသော အမျိုးသမီးတစ်ယောက်က မြေပေါ်သို့ဆင်းသက်လာလေ၏။ ကြည်လင်နေသောလရောင်အောက်တွင် သူမ၏အသွင်အပြင်က ခမ်းနားတင့်တယ်နေကာ ပြိုင်ဘက်ကင်းနေလေသည်။ မိန်းမငယ်လေးက သူတို့နှစ်ယောက်အားကြည့်ကာ အေးစက်စွာဖြင့် ပြောလိုက်၏။
“ကျွန်မက ဝမ်ယွဲ့တောင်ထိပ်က ကျိခယ့်ချင်းပါ… ကျွန်မကင်းလှည့်နေတုန်း ဒီနေရာမှာ အဖြူရောင်ဝိညာဉ်စွမ်းအားကို တွေ့လိုက်လို့ရောက်လာတာ… ဒီဂိုဏ်းတူတပည့်က ဒဏ်ရာရနေတာလား…”
ဝမ်ကျင်းက မျက်လုံးပြူးကာ သူမကို စိုက်ကြည့်နေ၏။ ရုတ်တရက် မကောင်းသည့် ခံစားချက်တစ်ခုရလိုက်သည်။
ကျိခယ့်ချင်းရောက်လာတာဆိုရင် ဒီဇာတ်ဝင်ခန်းက….
ကျွင်းယန်ကျစ်က ကင်းလှည့်နေစဉ်တွင် မတော်တဆဖြင့် ဒဏ်ရာရခဲ့၏။ ကျိခယ့်ချင်းက သူ့အား အချိန်မီကယ်ဆယ်လိုက်ပြီးနောက် နှစ်ယောက်အတူပူးပေါင်းကာ မုကျစ်ချိုးကို ဖော်ထုတ်ခဲ့လေသည်။ ၎င်းက ‘သက်ရှိတိုင်းအတွက်ကပ်ဘေးတစ်ခု’ ထဲမှ ဂန္တဝင်ဇာတ်ဝင်ခန်းဖြစ်လေသည်။ ၎င်းက ကျိခယ့်ချင်းနှင့် ကျွင်းယန်ကျစ်တို့၏ ခံစားချက်များ စတင်ပေါက်ဖွားလာသည့် အဓိကဖြစ်ရပ်လည်း ဖြစ်လေသည်။
ဘာလို့လဲ… ဒါက ဝတ္ထုထဲကထက် နှစ်လတောင်စောနေတယ်…
ကျိခယ့်ချင်းက ကျွင်းယန်ကျစ်ကို သာမန်မျှသာကြည့်လိုက်သည်။
“ရှင်တို့နှစ်ယောက်လုံးက ဟွေ့ရှစ်တောင်ထိပ်ကလား…”
ဝမ်ကျင်းက ခေါင်းညိတ်လိုက်၏။
“သူ့ကို ကုသဖို့အတွက် ရှင် ပြန်ခေါ်သွားပေးလိုက်ပါ… ကျွန်မ ဆက်ပြီး ကင်းလှည့်လိုက်ဦးမယ်…”
ထိုသို့ပြောပြီးနောက် ကျိခယ့်ချင်းက ပြန်သွားရန် ပြင်လိုက်သည်။
“မသွားပါနဲ့…”
ဝမ်ကျင်းက စိုးရိမ်တကြီးဖြင့် အော်ပြောလိုက်၏။
“ကျွန်တော် သူ့ကိုမကူနိုင်ဘူး… မင်းသူ့ကို ပြန်ပို့ပေးလိုက်… ကျွန်တော် ကင်းစောင့်လိုက်မယ်…”
အမျိုးသမီးဇာတ်လိုက်နှင့် အမျိုးသားဇာတ်လိုက်ကြားရှိ ဆက်ဆံရေးများက ဇာတ်ကြောင်းတိုးတက်မှုနှင့် တိုက်ရိုက်ဆက်စပ်နေလေသည်။ အခွင့်အရေးက လွဲချော်သွားလျှင် မည်ကဲ့သို့အကျိုးဆက်ဖြစ်လာမည်ကို ဝမ်ကျင်း မသိပေ။
သူပြောနေစဉ်တွင် လက်တစ်ဖက်က သူ့ကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်လိုက်သည်ကို ခံစားလိုက်ရ၏။
ဝမ်ကျင်းက ချက်ချင်း ခေါင်းလှည့်ကာပြောလိုက်သည်။
“ကျွင်းရှစ်ရှုန်း… နိုးလာပြီလား…”
ကျိခယ့်ချင်းတွင် အေးစက်သော ပင်ကိုစရိုက်ရှိပြီး စိတ်ခံစားချက်ဆိုင်ရာ အခြေအနေများကို သဘောမကျပေ။ ကျွင်းယန်ကျစ်က သူ၏ လက်ကို လွှတ်မပေးချင်သည်ကို မြင်ချိန်တွင် ချက်ချင်း လှည့်ထွက်ကာ ကောင်းကင်သို့ ပျံသွားလေ၏။
“သူနိုးလာတဲ့ပုံပဲ… ဒီလိုဆိုမှတော့ သူ့အသက် အန္တရာယ်မရှိတော့ပါဘူး… သူ့ကိုမြန်မြန် ပြန်ပို့လိုက်ပါ… ကျွန်မ ကင်းလှည့်လိုက်ဦးမယ်…”
မျက်စိတစ်မှိတ်အတွင်းတွင် ခရမ်းရောင်ဝတ်စုံနှင့်အမျိုးသမီးက ပျောက်ကွယ်သွားလေသည်။
ဝမ်ကျင်းက မျက်ရည်ဝဲကာ ဘေးရှိလူကို လှည့်ကြည့်လိုက်လေ၏။
“ကျွင်းရှစ်ရှုန်း… အဲ့ဒါ ကျိခယ့်ချင်းလေ…”
ကျွင်းယန်ကျစ်က သူ့ခေါင်းကို ဝမ်ကျင်း၏ လည်ပင်းနားတွင် မှီထားတာ တိတ်ဆိတ်နေလေသည်။
⛰️⛰️⛰️