⛰️Chapter - 12
ညသန်းခေါင်တွင် အလွန်ကြီးမားသောအရာနှင့် တွေ့ဆုံခြင်း
ဟယ့်လင်က ရွှေရောင်သားရဲလေးကို မြေကြီးပေါ်သို့ ချလိုက်ပြီး အေးစက်စက်ဖြင့် ပြောလိုက်သည်။
“ငါသူ့ကို ဘာမှမလုပ်ဘူး…”
ဝူယင်းက ဆောင့်ကြောင့်ထိုင်ချကာ ချိုင်ကျီဝိညာဉ်သားရဲကို ခပ်ဖွဖွ ပုတ်လိုက်၏။ သူ့၏ မျက်လုံးထောင့်များက နီရဲနေလေသည်။
“သေသွားပြီလား…”
ဘေးရှိ တစ်ယောက်က မေးလိုက်သည်။
“မသေသေးဘူး… သူ့ရဲ့ စိတ်ဝိညာဉ်စွမ်းအားကို ဆုံးရှုံးသွားတာ… တစ်ညကုန်သွားတာတောင် ပြန်မရသေးဘူး… သူ သတိလစ်နေတယ်… ဘယ်အချိန်ပြန်နိုးလာမလဲဆိုတာတော့ ငါလည်းမသိဘူး…”
ဝူယင်း၏အသံက တုန်ယင်နေလေသည်။
ချိုင်ကျီဝိညာဉ်သားရဲ၏ မွေးရာပါစွမ်းရည်မှာ ဝိညာဉ်စွမ်းအား စုဆောင်းခြင်းဖြစ်သည်။ ကျင့်ကြံဆင့် မြင့်လာသည်နှင့်အမျှ ဝိညာဉ်စွမ်းအားကို ပိုပြီး စုဆောင်းလာနိုင်လေသည်။ သူက ဤဝိညာဉ်သားရဲကို သေချာဂရုစိုက်ပြီး ပျိုးထောင်ထားခဲ့၏။ မူလတွင် ၎င်းက သူ့အား အခြေတည်အဆင့် ရောက်သည်အထိ ကူညီနိုင်ရန် မျှော်လင့်ထားခဲ့သည်။ သို့ရာတွင် သူ အားထုတ်ခဲ့သမျှက အလဟဿ ဖြစ်သွားလေသည်။
ငါ ဘာလုပ်သင့်လဲ...
ဝူယင်း၏ ဘေးရှိ လူနှစ်ယောက်က ဟယ့်လင်ကို စိုက်ကြည့်နေကြသည်။ နှစ်ယောက်ထဲမှ တစ်ယောက်က ထိုနေ့တွင် ဝူယင်းကို လာခေါ်သွားသည့် လူသုံးယောက်ထဲမှ တစ်ယောက်ဖြစ်သည်။ သူ၏ နာမည်က ရုန်သုန်းယဲ့ဖြစ်ပြီး အခြေတည် တည်ဆောက်နေဆဲအဆင့် ဖြစ်သည်။
ရုန်သုန်းယဲ့က ပြောလိုက်၏။
“ဒီသားရဲလေးက ဟွေ့ရှစ်တောင်ထိပ်ရဲ့ နယ်နိမိတ်နားကို ရောက်လာရင်တောင် မင်းတို့ရဲ့ စိတ်ဝိညာဉ်မြက်တွေကို မစားဘူးလေ... ဘာလို့ ဒီလောက်တောင် ယုတ်မာပြီး သားရဲလေးရဲ့ ကျင့်ကြံဆင့်ကို ဖျက်ဆီးပစ်ရတာလဲ...”
သူ၏စကားလုံးများက ပြင်းထန်နေပြီး လေထုက ရန်လိုနေလေသည်။
မော့ရှောက်ယန်က ဖြည်းညင်းစွာ ပြောလိုက်၏။
“သားရဲက ငါတို့ရဲ့ စိတ်ဝိညာဉ်မြက်တွေကို မစားဘူးဆိုမှတော့ ဟွေ့ရှစ်တောင်ထိပ်နားကို ဘာလာလုပ်တာလဲ...”
ဟယ့်လင်က သူတို့အား အေးစက်စွာ ကြည့်လိုက်၏။
“ဒီကိစ္စက ငါနဲ့မဆိုင်ဘူး...”
ကွေ့ရှင်းပိက ရှေ့သို့ အမြန်ပြေးသွားပြီဂ ကြားဝင်စေ့စပ်ပေးရန် ကြိုးစားလိုက်သည်။
“ရှစ်ရှုန်းနဲ့ မဆိုင်ဘူးဆိုတော့ ဒီကို အရင်ပြန်လာခဲ့လေ...”
ဟယ့်လင်၏ မျက်လုံးထဲတွင် တစ်ယောက်ယောက်ကို ရိုက်ချင်နေသည့် အရိပ်အယောင်များ ပေါ်နေလေသည်။ သူ လွှတ်ပေးထားလိုက်လျှင် ကျိန်းသေပေါက် ရန်ပွဲဖြစ်မည်မှာ သေချာလေ၏။
ဒီရှစ်ရှုန်း(၂)က တကယ့်ကို ပြဿနာနတ်ဘုရားပဲ… တစ်ချက်လေး အပြင်ထွက်တာနဲ့ အခြားလူတွေကို ရန်စပြီးပြီ…
ဝမ်ကျင်း၏ရင်ထဲ၌ လှိုင်းဂယက်များ ထနေသကဲ့သို့ တုန်ရီနေလေသည်။ ချိုင်ကျီဝိညာဉ်သားရဲလေးက ဝိညာဉ်စွမ်းအားများကို အလွန်အကျွံ စုပ်ယူခံလိုက်ရပြီး ကျင့်ကြံဆင့် ပျက်စီးသွားပုံရ၏။
ကျူးလွန်သူက….
[ချင်ရှုဓားဂိုဏ်းတွင် ပါးကျန့်တောင်ထိပ်၊ ပေယန်တောင်ထိပ်နှင့် နန်ရန်တောင်ထိပ်တို့က အရင်းအမြစ်များ ပေါကြွယ်ဝကာ ချမ်းသာပြီး ချင်ရှုဓားဂိုဏ်းအား ထိုတောင်ထိပ်သုံးခုမှ အဓိကထောက်ပံ့ပေးလေသည်။ ကျင့်ကြံရေးဂိုဏ်းများထဲရှိ တပည့်များမှာ ကလေးဘဝတည်းက အလိုလိုက်ခံထားရသည်ကမူ နှမြောစရာကောင်းလေ၏။ လူဆိုးလူကောင်းများက ရောနှောနေကာ တစ်ခါတစ်ရံတွင် သူတို့ထဲ၌ အလွန်ယုတ်မာသောသူများ ပါတတ်လေသည်။
ယနေ့တွင် ပါးကျန့်တောင်ထိပ်မှ တပည့်သုံးယောက်က ဆင်းလာပြီး ငယ်ရွယ်သော ရွာသူအမျိုးသမီးတစ်ယောက်ကို တောင်နက်ပိုင်းထဲသို့ အတင်းအဓမ္မ ခေါ်ဆောင်သွားခဲ့လေသည်။ ဖြူစင်သော ရွာသူအမျိုးသမီးလေးကို သူတို့ ခေါ်ဆောင်လာသည့် အချိန်၌ ကောင်းကင်ဘုံကပင် သူတို့၏ ယုတ်မာသော အကြံအစည်များကို ကြည့်မနေနိုင်တော့ပုံ ရလေသည်။ သူတို့၏ စက်ဆုပ်ဖွယ်ကောင်းသော စိတ်ဆန္ဒများကို ကျူးလွန်တော့မည့် အချိန်တွင် သူတို့က တစ်စုံတစ်ခုနှင့် ကြုံတွေ့ခဲ့ရ၏။
နောက်ပိုင်းတွင် သတိမေ့နေသော ခန္ဓာကိုယ်သုံးခုကို ရှာတွေ့ခဲ့လေသည်။ သူတို့၏ ဝိညာဉ်စွမ်းအားများက လုံးဝ ပျောက်ကွယ်သွားပြီး ကျင့်ကြံဆင့်ကလည်း ဖျက်ဆီးခံထားရကာ အသုံးမဝင်သည့်လူများ ဖြစ်လာတော့လေသည်။ ]
‘သက်ရှိတိုင်းအတွက် ကပ်ဘေးတစ်ခု’ အပိုင်း၂ဝမှ ကောက်နှုတ်ချက်ဖြစ်သည်။
သူတို့သုံးယောက်၏ ဝိညာဉ်စွမ်းအားများ အစုပ်ယူခံလိုက်ရခြင်းက အလွန် ကြောက်မက်ဖွယ်ကောင်းလေ၏။ နောက်ပိုင်းတွင် ထိုကိစ္စက ဝမ်ရမ်မု၏ ယုံကြည်ရသော လက်ထောက်ဖြစ်သည့် ထျန်းဟန့်တောင်ထိပ်မှ မုကျစ်ချိုး၏ လက်ချက်ဖြစ်ကြောင်း ကျွင်းယန်ကျစ်က ဖော်ထုတ်ခဲ့လေသည်။
သို့ရာတွင် ထိုလူယုတ်မာသုံးယောက်က သူတို့ မမြင်ဖူးသည့်အရာနှင့် ကြုံတွေ့ခဲ့သည်ဟု ပြော၏။ မုကျစ်ချိုးက မိစ္ဆာအတတ်ကို ကျင့်ကြံနေပုံရသည်။
ထို့ကြောင့် ဤဝိညာဉ်သားရဲကို တိုက်ခိုက်သူကလည်း မုကျစ်ချိုးဟု သူထင်လေ၏။
ထျန်းဟန့်တောင်ထိပ်… သားရဲတွေ အသေအကြေတိုက်ခိုက်တဲ့နေရာ…
ဝမ်ကျင်းက ချက်ချင်း စိတ်သက်သာရာရသွားလေသည်။
ယနေ့ကိစ္စမှာ တဖြည်းဖြည်း အမှန်တရား ပေါ်လာမည်ဖြစ်သည်။ စိုးရိမ်ရန် မလိုပေ။ ဖြစ်ပျက်ပုံက ဟယ့်လင်၏ ထူးဆန်းသော မွေးရာပါအရည်အချင်းဖြစ်သည့် ‘အလိုအလျောက်ရှေ့ဆောင်လမ်းပြ’ စွမ်းရည်ကြောင့်ဖြစ်သည်။ နှင်းများအပေါ်တွင် ပျံသန်းနေစဉ်တွင် သူက ချိုင်ကျီဝိညာဉ်သားရဲကို တွေ့ခဲ့လေ၏။ ၎င်းက နှစ်လိုဖွယ်ကောင်းနေလေသည်။
‘သက်ရှိတိုင်းအတွက် ကပ်ဘေးတစ်ခု’ တွင် ဇာတ်ကြောင်းက ကျွင်းယန်ကျစ်ကိုသာ အဓိကထားသည်။ ချိုင်ကျီဝိညာဉ်သားရဲက သူ့အတွက် အရေးမကြီးသောကြောင့် ထည့်သွင်း မဖော်ပြသည်က ဖြစ်နိုင်၏။
ဝူယင်းက မိန်းမောတွေဝေနေလေသည်။
“မင်း ငါ့သားရဲလေးဆီက စိတ်ဝိညာဉ်စွမ်းအားတွေအကုန် စုပ်ယူပစ်တာ… သူပြန်ကောင်းလာဖို့ နှစ်တွေအကြာကြီး အချိန်ပေးရမှာ… ငါ့ကို ဘယ်လိုပြန်အလျော်ပေးမှာလဲ…”
မော့ရှောက်ယန်က ပြောလိုက်၏။
“ရှစ်ရှုန်း(၂)က သူ မလုပ်ဘူးလို့ ပြောနေတယ်လေ…”
ထို့နောက် ရွှေရောင်သားရဲလေး၏ ခြေထောက်များက လှုပ်လာလေသည်။ ၎င်းက ခေါင်းကိုခါယမ်းကာ ဖြည်းဖြည်းချင်း ထလာပြီး ဝူယင်းနားတွင် ထိုင်ချလျက် ဝူယင်း၏ ခြေထောက်ကိုပွတ်သပ်နေလေ၏။ ၎င်းက ဖြစ်ပျက်နေသည်များကို သိပုံမပေါ်ချေ။
ဝမ်ကျင်းက ရှင်းပြလိုက်သည်။
“ရှစ်ရှုန်း(၂)ကသာ သူ့ကိုသတ်ချင်ရင် အခုချိန် သူအသက်ရှင်ပါဦးမလား…”
ဟယ့်လင်က ဝမ်ကျင်းကို စိုက်ကြည့်လိုက်၏။
“မသေဘူးဆိုမှတော့ ငါ အကြီးဆုံးရှစ်ရှုန်းကို သွားရှာလိုက်ဦးမယ်…”
ပြောပြီးနောက် လေပေါ်သို့ ပျံသွားကာ ချက်ချင်းပျောက်သွားလေတော့သည်။
ကွေ့ရှင်းပိက ကြိတ်ပြီး ကျိန်ဆဲလိုက်၏။
“သေစမ်း… ပြဿနာတော့ ရှာတတ်ပြီး တာဝန်ကျတော့ မယူဘူး…”
ဝူယင်းက သူ့ခြေထောက်ကိုလျက်နေသည့် သားရဲလေးကို ငုံ့ကြည့်လိုက်သည်။ ထို့နောက် တစ်စုံတစ်ခုကို ရုတ်တရက် သတိရသွားပြီး ၎င်းကို ရိုက်ပစ်လိုက်၏။
“စား…စား…စား… မင်းသိတာ စားဖို့ပဲ… ကျန်တာ ဘာမှကိုမသိဘူး… ငါမင်းကို ဘာကျွေးရတော့မှာလဲ…”
သားရဲလေးက တအီအီ အသံပြုနေ၏။ ၎င်းက ထရပ်ချင်သော်လည်း မလှုပ်ရဲဘဲ နေရာတွင်သာ ကြောက်လန့်တုန်ယင်နေလေသည်။
ရုန်သုန်းယဲ့က အေးစက်စွာပြောလိုက်သည်။
“ဝူယင်း… သွားကြစို့… ဒီနေ့ကိစ္စက မပြီးသေးဘူး… ဟွေ့ရှစ်တောင်ထိပ်က အပြစ်ရှိတယ်… မဟုတ်ရင် သူတို့ဘာလို့ ဒီမှာ လာစုရုံးနေမှာလဲ…”
ထျန်းဟန့်တောင်ထိပ်မှ သုံးယောက်က ပြန်ရန်လှည့်လိုက်သည်။ ချိုင်ကျီသားရဲလေးက အလောတကြီးဖြင့် သူတို့ကို အမီလိုက်ရန် ကြိုးစားနေသော်လည်း နောက်ဆုံးတွင် သူ၏ သခင်က သူ့အား မလိုချင်တော့သည်ကို သိရှိလိုက်ရလေသည်။ ၎င်းက နေရာတွင်သာရပ်နေပြီး ငိုနေတော့လေ၏။
အမှန်ပင် ဝမ်းနည်းဖွယ်ကောင်းသော မြင်ကွင်းတစ်ခုဖြစ်သည်။
ဝူယင်းက ခြေလှမ်းအနည်းငယ် လှမ်းပြီးနောက် ရုတ်တရက် သားရဲလေးကို ပြန်လှည့်ကြည့်လိုက်သည်။ အဆုံးတွင် ရင်ဘတ်ကို ဖိကိုင်ထားပြီး ပျံသန်းသွားတော့၏။
မော့ရှောက်ယန်က ဖြည်းဖြည်းချင်းပြောလိုက်သည်။
“ရှစ်ရှုန်း(၂)က စိတ်မရှည်ဘဲ အကြီးဆုံးရှစ်ရှုန်းကို သွားရှာနေပြီ… ငါတို့ ဂျင်ဆင်းဆက်ရှာသင့်လား… ပြန်သင့်လား…”
“ဆက်ရှာမယ်… သူ မပါဘဲ ငါတို့မရှာနိုင်ဘူးလား…”
လူသုံးယောက်က ဆက်လက်ပျံသန်းနေကြသည်။ သူတို့က နှင်းထဲတွင် နှင်းတောင်ကျောက်စိမ်းဂျင်ဆင်းကို အကြိမ်ပေါင်းများစွာ ရှာတွေ့ခဲ့သော်လည်း ဟယ့်လင်၏ အလွန်လျင်မြန်သော စွမ်းရည်မရှိဘဲ မည်သည့်အရာကိုမှ မဖမ်းနိုင်ခဲ့ပေ။
*********
တစ်လကြာပြီးနောက်…
တစ်ခုသော မနက်ခင်းတွင် လျိုချန်မော့က ဟွေ့ရှစ်တောင်ထိပ်ရှိ တပည့်များအား ခန်းမဆောင်ထဲတွင် စုဝေးစေလိုက်သည်။ သူ၏ အမူအရာက အလေးအနက်ဖြစ်နေ၏။
“မနေ့ညက ဂိုဏ်းချုပ် ငါ့ကိုခေါ်ပြီး အရေးကြီးကိစ္စတစ်ခုကို အသိပေးတယ်…”
ကွေ့ရှင်းပိက မေးလိုက်သည်။
“ဘာကိစ္စလဲ…”
“လွန်ခဲ့တဲ့ ငါးရက်က ပါးကျန့်တောင်ထိပ်က တပည့်သုံးယောက်ကို ယွီရုန်နဲ့ဟုန်ရှို့တောင်ထိပ် ပေါင်းကူးနေရာမှာ သတိမေ့နေတာကို ရှာတွေ့ခဲ့တယ်… သူတို့ရဲ့ ဝိညာဉ်စွမ်းအားတွေအကုန် စုပ်ယူခံထားရပြီး ကျင့်ကြံဆင့်လည်း ဆုံးရှုံးသွားတယ်… သူတို့ အခုထိ သတိမရသေးဘူး… ဂိုဏ်းချုပ်နဲ့ တခြားတောင်ထိပ်သခင်တွေ စုပြီး ဒီကိစ္စကို ဆွေးနွေးလိုက်တော့ တကယ်ကို အရေးကြီးတဲ့ကိစ္စလို့ ယူဆခဲ့တယ်… ဒါက မိစ္ဆာအတတ် ကျင့်ကြံသူကြောင့် ဖြစ်နိုင်တယ်… အဲဒါကြောင့် ဂိုဏ်းချုပ်က တောင်ထိပ်မှာရှိတဲ့ တပည့်တွေကို ညဘက်မှာ တောင်ကို အလှည့်ကျကင်းစောင့်ဖို့ ပြောလိုက်တယ်…”
လူတိုင်း၏ အမူအရာက ဗလာဖြစ်သွားပြီးနောက် တစ်ခဏအကြာတွင် သက်ပြင်းချလိုက်ကြသည်။
“တောင်ကို ကင်းစောင့်ဖို့ ပြောတာတော့ များသွားပြီ….”
“ငါ ကောင်းကောင်း အိပ်လို့မရတော့ဘူးပေါ့…”
“ဘယ်လို မိစ္ဆာကျင့်ကြံသူလဲ… ဘယ်လောက် အန္တရာယ်များလို့လဲ…”
ဝမ်ကျင်းက ကျွင်းယန်ကျစ်ကို ကြည့်လိုက်ချိန်တွင် သူက ရိုးရှင်းသော အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး တိတ်တဆိတ် ရပ်နေလေသည်။ ဝမ်ကျင်းက သူ့ကို တစ်ချက်ကြည့်လိုက်ပြီးနောက် ချက်ချင်း အကြည့်လွှဲလိုက်၏။
ပါးကျန့်တောင်ထိပ်ရှိ သုံးယောက်၏ ယုတ်မာသော အကြံအစည်များက ကင်းစောင့်ရမည်ဟူသော အကျိုးရလဒ် ဖြစ်လာစေသောကြောင့် ‘သက်ရှိတိုင်းအတွက် ကပ်ဘေးတစ်ခု’၏ အစောပိုင်း ဇာတ်ကြောင်းများက အရေးကြီးသည်ဟု ယူဆနိုင်လေသည်။
ကျိခယ့်ရှင်းက ဝမ်ကျင်း သဘောအကျဆုံး အမျိုးသမီးဇာတ်လိုက်ဖြစ်သည်။ သူမက ဆွဲဆောင်မှုရှိပြီး သဘာဝဆန်ကာ သူမ၏ စိတ်နေသဘောထားက ပွင့်လင်းလေ၏။ နောက်ဆုံးတွင် ကျွင်းယန်ကျစ်က သူမနှင့် အတူရှိပါက အကောင်းဆုံးရွေးချယ်မှု ဖြစ်မည်မှာ သေချာလေသည်။
၎င်းက ဝမ်ကျင်း၏ ကိုယ်ပိုင်စိတ်ဆန္ဒသာ ဖြစ်လေ၏။
ကျွင်းယန်ကျစ်ရဲ့ နောက်ဆုံးရွေးချယ်မှုက ဘယ်သူဖြစ်မလဲ… နည်းနည်းသိချင်ရုံပဲ…
ဝမ်ကျင်းက အတွေးထဲတွင် နစ်မျောနေချိန်တွင် လျိုချန်မော့ပြောသည်ကို ကြားလိုက်ရသည်။
“ငါတို့မှာ စုစုပေါင်း တပည့်(၁၀)ယောက်ရှိတယ်… လူတိုင်းက တစ်လမှာ သုံးကြိမ် ကင်းစောင့်ရမယ်… ပြီးတော့ တခြားတောင်ထိပ်ကလူတွေနဲ့ လုံးဝရန်မဖြစ်နဲ့နော်… ဆက်သွယ်ရေး စိတ်ဝိညာဉ်ကျောက်တုံးကို လူတိုင်းယူသွာတာ ကောင်းမယ်… ပြေးရမယ့် ကိစ္စတစ်ခုခုပေါ်လာရင် ငါတို့ကို အကူအညီတောင်းဖို့အတွက် စိတ်ဝိညာဉ်ကျောက်တုံးကို သုံးလို့ရတယ်…”
လူတိုင်းက စိတ်ပျက်လက်ပျက်ဖြင့် မျက်နှာကို အုပ်ထားလိုက်ကြလေသည်။ အခြားတောင်ထိပ်ရှိ တပည့်များက လအနည်းငယ်ကြာမှ တစ်ကြိမ်သာ ကင်းစောင့်ရမည် ဖြစ်သော်လည်း သူတို့က တစ်လသုံးကြိမ် ကင်းစောင့်ရမည် ဖြစ်လေသည်။
လျိုချန်မော့က ပြောလိုက်၏။
“မင်းတို့က တစ်လသုံးကြိမ် ကင်းစောင့်ရမှာ… ငါနဲ့ ကျွင်းရှစ်တိဆိုရင် တစ်လကို လေးကြိမ်ကင်းစောင့်ရမှာ… ငါလည်း မကြိုက်ဘူး... အဲ့ဒါကြောင့် အထွန့်တက်မနေနဲ့တော့…”
မူလတွင် တောင်ကို လက်ရှိကင်းစောင့်ရမည့် တာဝန်မှလွဲပြီး ချင်ရှု၏ တောင်ထိပ်(၁၆)ခုကို ကင်းလှည့်ရန် ညတိုင်း အခြေတည် တည်ဆောက်နေဆဲအဆင့် ကျင့်ကြံသူတစ်ယောက်ကို လိုလေ၏။ ရှီဖန့်က တောင်ထိပ်တိုင်းကို အခြေတည် တည်ဆောက်နေဆဲအဆင့် ကျင့်ကြံသူ နှစ်ယောက်စီ နေ့တိုင်း ပို့ပေးရန် ပြောခဲ့လေသည်။
ဟွေ့ရှစ်တောင်ထိပ်တွင် အခြေတည် တည်ဆောက်နေဆဲအဆင့် ကျင့်ကြံသူက သုံးယောက်သာ ရှိသည်။ ဟယ့်လင်၏ ကျင့်ကြံဆင့်က အမြင့်ဆုံးဖြစ်သော်လည်း သူက အားမကိုးရဘဲ ပြဿနာသာ ရှာတတ်လေ၏။ လျိုချန်မော့က သူ အခြားကိစ္စများကို ဂြိုဟ်မွှေမည်ကိုကြောက်သဖြင့် သူနှင့် ကျွင်းယန်ကျစ်သာ အတူတူသွားရန် လုပ်လိုက်သည်။
ဝမ်ကျင်းက မဲနှိုက်လိုက်ချိန်တွင် လတိုင်း၏ ပထမဆုံးသုံးရက်၌ သွားရမည်ကို ကျလေသည်။
လျိုချန်မော့က ပြောလိုက်သည်။
“မင်း ကင်းစောင့်ရမယ့်နေ့မှာဆိုရင် နေ့ဘက်မှာ အိပ်ပြီး ညဘက်မှာ ကင်းစောင့်ရမယ်… လူတိုင်းက အခြေတည် အုတ်မြစ်တည်အဆင့်ရှိတဲ့ ကိုယ်ကို မမြင်ရအောင် ဖုံးကွယ်ပေးထားတဲ့ အဆောင်လက်ဖွဲ့တစ်ခုစီ ရလိမ့်မယ်… မသင်္ကာစရာတစ်ခုခုတွေ့ရင် ချက်ချင်းတင်ပြ… သူတို့နား မသွားရဘူးနော်…”
လူအချို့က ပင့်သက်ရှိုက်လိုက်ကြ၏။ ကွေ့ရှင်းပိက ပြောလိုက်သည်။
“ဂိုဏ်းချုပ်က အရမ်း အလေးအနက်ထားနေတယ်… တောင်ထိပ်တိုင်းက ညတိုင်း အဆောင်လက်ဖွဲ့တစ်ခုစီ သုံးရမယ်ဆို စိတ်ဝိညာဉ်ကျောက်တုံးတွေ ဘယ်လောက်တောင် ကုန်မှာလဲ…”
လျိုချန်မော့က သူ့ကိုကြည့်လိုက်၏။
“ငတုံး…”
ကျွင်းယန်ကျစ်က ပြောလိုက်သည်။
“ပါးကျန့်တောင်ထိပ်က တပည့်သုံးယောက် လို့ပြောလိုက်တာမလား… သူတို့က အာဏာရှိတဲ့ ကျင့်ကြံရေးမိသားစုက သားသမီးတွေ ဖြစ်နေမှာစိုးတယ်… ဂိုဏ်းချုပ်က ကျူးလွန်တဲ့လူကို တတ်နိုင်သမျှ မြန်မြန်ရှာတွေ့စေချင်နေတယ်… စိတ်ဝိညာဉ်ကျောက်တုံး နည်းနည်းလောက် သုံးလိုက်ရတာက ပြဿနာမဟုတ်ပါဘူး… အဲ့ဒီ အဆောင်လက်ဖွဲ့အများစုကို ပါးကျန့်တောင်ထိပ်က ပေးမှာ…”
ကွေ့ရှင်းပိက ခေါင်းညိတ်လိုက်၏။
“ပါးကျန့်တောင်ထိပ်မှာ အရင်းအမြစ်တွေ မရှားပါဘူး… ဒီအဆောင်လက်ဖွဲ့လောက်က သူတို့အတွက် ဘာမှ ပြောပလောက်စရာမဟုတ်ဘူး…”
ထို့နောက်လူတိုင်းက စိတ်ဝိညာဉ်ကျောက်တုံးနှင့် အဆောင်လက်ဖွဲ့များကိုယူရန် လျိုချန်မော့နားသို့ ကပ်သွားကြသည်။ ညဘက်ကင်းစောင့်ရမည့်အလုပ်က ရက်အနည်းငယ်အတွင်း စတင်တော့မည်ဖြစ်လေသည်။
**
ယနေ့ညတွင် လမသာဘဲ လေထန်နေ၏။ ကောင်ကင်က မည်းမှောင်နေပြီး လနှင့်ကြယ်များ၏ အရိပ်အယောင် လုံးဝမရှိချေ။
လေအေးအေးလေး တိုက်ခတ်နေပြီး နှင်းပွင့်များက သူ့မျက်နှာပေါ်သို့ ကျနေလေည်။
ဝမ်ကျင်းက စိတ်ထဲတွင် ညည်းညူနေလိုက်၏။
လတစ်လ၏ ပထမဆုံး သုံးရက်က လကွယ်ညများဖြစ်သည်။ လကွယ်ညများတွင် နေရာတိုင်းက မှောင်မည်းနေပြီး လူသွားလမ်းကို မြင်နိုင်ရန်ပင် ခက်ခဲလေ၏။ သူက အဆောင်လက်ဖွဲ့ကို သုံးလိုက်သော်လည်း ဝိညာဉ်စွမ်းအား အနည်းငယ်ပင် ထွက်မလာချေ။ သည်းမခံနိုင်လောက်အောင် အလွန်ဆိုးရွားလေ၏။
ဝမ်ကျင်းက တိုက်ခတ်နေသောလေကို ကြံ့ကြံ့ခံကာ ဖြည်းဖြည်းချင်း လမ်းလျှောက်ပြီး ဟွေ့ရှစ်တောင်ထိပ်မှ ဆင်းနေလေသည်။
ဤသည်က သူကင်းစောင့်ရသည့် ဒုတိယညဖြစ်သဖြင့် ယမန်နေ့ကထက်ပိုပြီး အနည်းငယ် အတွေ့အကြုံရှိလေ၏။ သူ ဖြည်းဖြည်းချင်း လျှောက်နေသရွေ့ အဆင်ပြေမည်ဖြစ်သည်။
သာမန်ထက်ထူးသော အရာများနှင့် သူ မတွေ့ပေ။ အခြား ကင်းစောင့်နေသော အခြေတည် တည်ဆောက်နေဆဲအဆင့် ကျင့်ကြံသူများနှင့် တွေ့မည်ကို စိုးရိမ်နေလေသည်။ သူက ဂရုမစိုက်ဘဲ မနေရဲချေ။ ထို့ကြောင့် သူက နိုးနိုးကြားကြားဖြင့် တာဝန်ကို လုပ်ဆောင်နေလေ၏။
တောင်၏ အခြားဘက်ခြမ်းသို့ ရောက်ပြီးနောက် ဝမ်ကျင်းက ထိုင်ကာ တစ်ခဏခန့် နားနေလိုက်သည်။ ရုတ်တရက် မဝေးလှသည့်နေရာမှ တရှဲရှဲမြည်သံများကို ကြားလိုက်ရ၏။ အမှောင်ထဲတွင် တစ်စုံတစ်ခု ရှိနေပုံရသည်။
ဝမ်ကျင်းက အသံကို နားထောင်နေသော်လည်း ဝေခွဲမရဖြစ်နေ၏။
အဲ့ဒါဘာလဲ… မိစ္ဆာသားရဲလား…
အသံက နည်းနည်းတော့ ကြောက်စရာကောင်းတယ်…
ငါ သွားကြည့်ရမှာလား… ထွက်ပြေးရမှာလား…
ဝမ်ကျင်းက တွေးတောနေ၏။ သူ၏ ချီသန့်စင်ခြင်းက အဆင့်(၆) ဖြစ်သည်။ အလင်းထိုးဖောက်သိုင်းနှင့် ကိုယ်ဖော့သိုင်းကိုသာ တတ်မြောက်လေ၏။
ကျောက်တုံးကို ကြက်ဥနှင့် ပေါက်နေသည်နှင့်တူပြီး သူ၏ အသက်လေးက အလဟဿ ဆုံးရှုံးသွားမည်ဖြစ်သည်။ ဝမ်ကျင်းက အချိန်ကြာမြင့်စွာ တွေးမနေခဲ့ချေ။ သူက တိတ်တဆိတ်ဖြင့် ကောင်းကင်သို့ပျံကာ ဆုတ်ခွာရန် ဆုံးဖြတ်လိုက်သည်။
အလွန်ကြီးမားသော မိစ္ဆာသားရဲဆိုလျှင်လည်း သူ မသိချင်ပေ။ ထို့အပြင် ၎င်းက ပါးကျန့်တောင်ထိပ်ရှိ တပည့်သုံးယောက် ကိစ္စ၏ အကြောင်းအရင်း မဟုတ်သဖြင့် တင်ပြရန် မလိုအပ်ပေ။
ထို့နောက် အသံက သူ့နားသို့ ချဉ်းကပ်လာသည်ကို ခံစားမိလိုက်သည်။ တစ်ခဏအတွင်း ၎င်းက သူ့ထံသို့ ရောက်လာတော့မည့်ပုံစံဖြစ်သည်။
ချက်ချင်းပင် ဝမ်ကျင်း၏ ခန္ဓာကိုယ်ကို တစ်စုံတစ်ခုက ရစ်ပတ်ထားလေသည်။ ၎င်းက ပို၍ တင်းကျပ်လာပြီး သူ၏လည်ပင်းနားထိရောက်လာတာ တုန်ယင်နေပုံပေါ်လေ၏။
ချောမွေ့ပြီး ရေခဲကဲ့သို့ အေးစက်သည့်အရာတစ်ခုက သူ့လည်ပင်းကို လျက်လိုက်သဖြင့် ဆတ်ခနဲတုန်သွားလေသည်။
ဝမ်ကျင်းက ထိတ်လန့်ကာ ကြက်သေသေနေလေ၏။ သူ့လက်ထဲတွင် တင်းတင်းဆုပ်ကိုင်ထားသည်က ဆက်သွယ်ရေး စိတ်ဝိညာဉ်ကျောက်တုံးဖြစ်သည်။
ငါ့ခန္ဓာကိုယ်ကို သေချာဖျောက်ထားတာပါ… ဒီဟာက သူ့ကို ဘယ်လိုရှာတွေ့သွားတာလဲ… ဒီမိစ္ဆာသားရဲက ဘာအမျိုးအစားလဲ…
သူ၏ မေးခွန်းကို ပြန်ဖြေပေးလိုက်သကဲ့သို့ သူ့ကို ရစ်ပတ်ထားသည့်အရာ၏ ခန္ဓာကိုယ်က ရုတ်တရက် အပြာဖျော့ရောင် အလင်းများဖြင့် ဖုံးလွှမ်းသွားလေသည်။ ထို့နောက် သူ့အားရစ်ပတ်ထားသော မြွေ၏ခေါင်းက ပေါ်ထွက်လာတော့လေ၏။
မြွေက တစ်နေရာရာမှ ထွက်ပေါ်လာပြီး သူ့အား အေးစက်စက် စိုက်ကြည့်နေလေသည်။
အားးးး…..
အဆောင်လက်ဖွဲ့ရော… တစ်ခါပဲ သုံးလို့ရတာလား…
မြွေ၏ ခန္ဓာကိုယ်က သူ့ကို ရုတ်တရက် ညှစ်လိုက်ပြီး ၎င်း၏ခေါင်းရှိ ကြီးမားအဆိပ်ပြင်းသော အစွယ်ကို ထုတ်ဖော်ပြသလျက် သူ့အနားသို့ ကပ်လာလေတော့သည်။
⛰️⛰️⛰️