⛰️Chapter - 11
အပြင်ဘက် ၉ ခုမြောက်အလွှာရဲ့ အမတတစ်ယောက်
ကျောက်တုံးအိမ်က မှောင်မဲအေးစက်ကာ တိတ်ဆိတ်နေ၏။
ကျွင်းယန်ကျစ်က ဝမ်ကျင်းကို ခါးမှဖက်ပြီးချီလာကာ အောက်သို့ဆင်းလိုက်လေသည်။ သူ၏ မျက်နှာကမူ အမူအရာကင်းမဲ့နေ၏။
“ကိုယ်တို့ ရောက်ပြီ…”
“ကျေးဇူးအများကြီးတင်ပါတယ်… ကျွင်းရှစ်ရှုန်း…”
ဝမ်ကျင်း၏ခြေထောက်က မြေသို့ထိပြီးသည်နှင့် သူက အိမ်ထဲသို့ မြန်မြန်ပြေးဝင်သွားလေသည်။
အိမ်ထဲတွင် မီးထွန်းလိုက်ပြီးနောက် အိပ်ရာပေါ်ရှိ မွေ့ယာလိပ်ပေါ်တွင် လိပ်ကြီးကို မြင်လိုက်ရလေသည်။
ဝမ်ကျင်းက ညင်သာစွာဖြင့် လိပ်ကြီးကို ချီကာ လက်ထဲတွင် ပွေ့ထားလိုက်၏။
လိပ်၏ အနက်ရောင် မျက်လုံးဝိုင်းဝိုင်းများက သူ့အား ကြည့်နေကာ ခြေလက်များက လေထဲတွင် ယက်ကန်ယက်ကန် ဖြစ်နေလေသည်။
လိပ်ကို သေချာကိုင်ထားပြီး နောက်ပြန်လှည့်ကြည့်လိုက်ချိန်တွင် ပုံရိပ်တစ်ခုက အိမ်ထဲသို့ ရောက်နေလေသည်။ ဖယောင်းတိုင်မီးကြောင့် သူ၏ပုံရိပ်က ဝိုးတဝါးဖြစ်နေလေ၏။
ဝမ်ကျင်းက လိပ်ကို ကျွင်းယန်ကျစ်ထံ ကမ်းပေးလိုက်ပြီးနောက် လိပ်၏ ခေါင်းကို ပုတ်လိုက်သည်။
“ဒီအခန်းက နည်းနည်းတော့ ဗလာဖြစ်နေတယ်…”
“အစတည်းက လူ (၁၅) ယောက်စာ အခန်းကို ဖွဲ့ထားတာလေ… ဗလာဖြစ်နေသလို ခံစားရတာက ပုံမှန်ပါပဲ…”
ကျွင်းယန်ကျစ်က လိပ်ကို ယူပြီးသော်လည်း ပြန်ထွက်သွားမည့် အရိပ်အယောင် မပြသေးချေ။
ဝမ်ကျင်းက သူ့ကို ဗလာဖြစ်စွာဖြင့် ကြည့်နေလေ၏။
သူ မသွားဘူးလား… ဒီမှာ ဧည့်သည်အဖြစ်နေဖို့ စီစဉ်ထားတာလား…
နောက်ဆုံးတွင် သူက မေးရန် ဆုံးဖြတ်လိုက်သည်။
“ကျွင်းရှစ်ရှုန်း အိမ်မပြန်ဘူးလား…ဒီမှာနေပြီး စကားပြောချင်လို့လား…”
“ကောင်းသားပဲ…”
ဝမ်ကျင်းက ကျွင်းယန်ကျစ် ထွက်သွားမည်ဟု ထင်ထားသော်လည်း သူက ဤသို့ ပြောမည်ကို လုံးဝမထင်ထားပေ။
သူပြောပြီးနောက် ထိုင်ခုံတွင် ထိုင်ကာ လိပ်ကို သူ့ပေါင်ပေါ်တွင် တင်ထားလေသည်။
ဝမ်ကျင်းကလည်း အနည်းငယ် ရှုပ်ထွေးနေသော အမူအရာဖြင့်ထိုင်လိုက်၏။ သူက ပျော်နေသော်လည်း ပြောစရာအကြောင်းအရာ မရှိချေ။ တစ်ခဏကြာသည့်တိုင်အောင် တိတ်ဆိတ်နေပြီး ဝမ်ကျင်းက မျက်ခုံးကို ကြုံ့ကာ တစ်ခုခုပြောရန် စဉ်းစားနေလေသည်။
ကျွင်းယန်ကျစ်က တည်တည်ငြိမ်ငြိမ်ဖြင့် ပြောလေ၏။
“ဘာတွေစဉ်းစားနေတာလဲ… စိတ်ပင်ပန်းနေတဲ့ပုံပဲ…”
ထို့နောက် ဝမ်ကျင်းက အနည်းငယ်ရှက်ရွံ့စွာဖြင့် ပြောလိုက်သည်။
“ကျွန်တော်စဉ်းစားလို့မရတာ တစ်ခုရှိတယ်…”
“ဘာကိုလဲ…”
“ထျန်းဟန့်တောင်ထိပ်ရဲ့ ဝမ်ရမ်မုကလေ အရမ်းကောင်းပြီး ဖြောင့်မှန်တဲ့လူ ဖြစ်ပုံပေါ်ပေမဲ့ အမှားအမှန်ကို မခွဲခြားဘဲ ဘာလို့ ဝူယင်းဘက်က ပါနေတာလဲ…”
ကျွင်းယန်ကျစ်က ပေါ့ပေါ့ပါးပါး ပြောလိုက်၏။
“အဲ့ဒါက ကိုယ်ကျင့်တရားနဲ့ မဆိုင်ဘူး… သူက အရည်အချင်း မပြည့်မီတာ… သူက သူ့ရဲ့ချို့ယွင်းချက်တွေကို မာနကြီးကြီးနဲ့ ကာကွယ်ထားပြီးတော့ သူ့ရဲ့လက်အောက်က လူတွေကိုပါ သူ့အပြုအမူတွေကို လက်ဆင့်ကမ်းနေတာ… သူက ဝူယင်းလှည့်စားတာကို လွယ်လွယ်ကူကူ ခံလိုက်ရပြီးတော့ တစ်ဖက်က ပြောတာကိုပဲ ယုံကြည်နေတာ… ကိုယ်တို့ကပဲ ဝူယင်းကို အနိုင်ကျင့်တာဆိုပြီး သူ ခံစားနေရတာ…”
ဝမ်ကျင်းက ခေါင်းညိတ်လိုက်၏။
“ဒါဆို ထျန်းဟန့်တောင်ထိပ်ကလူတွေ အကုန် ကန်းနေကြတာလား…”
“အနည်းနဲ့ အများပေါ့… ဝူယင်းက အမှန်တရားကို ထုတ်ပြောရဲရင် သူ့ကို ထောက်ခံမယ့်လူ သိပ်ရှိမှာမဟုတ်တော့ဘူး… စိတ်ဝိညာဉ်သားရဲတစ်ကောင်ကို မထိန်းနိုင်တာက ခွင့်လွှတ်လို့ရတဲ့ အမှားတစ်ခုပဲ... ဒါပေမယ့် ကိုယ်တို့ရဲ့ စိတ်ဝိညာဉ်မြက်တွေကို ခိုးစားဖို့အတွက် ဝညာဉ်သားရဲကို တမင်သက်သက် လွှတ်ပေးတာကတော့ ယုတ်မာတဲ့စိတ် ဖြစ်သွားပြီ... အဲဒါကြောင့် သူ့ကို သင်ခန်းစာ ပေးလိုက်တာက မှန်တယ်...”
“ကံမကောင်းတာက သူ့ရဲ့ မကောင်းတဲ့ ရည်ရွယ်ချက်တွေကို ပြဖို့အတွက် ကိုယ်တို့မှာ သက်သေမရှိဘူး... “
”ဟုတ်တယ်... ကျွန်တော်တို့မှာ ဘာသက်သေမှ မရှိဘူး...”
ကျွင်းယန်ကျစ်က အချိန် အတော်ကြာသည်အထိ ခေါင်းငုံ့နေ၏။ သူ ဘာတွေးနေသည်ကို မသိပေ။ ရုတ်တရက် သူက လိပ်ကိုကိုင်ကာ ထရပ်လိုက်ပြီး ပြောလိုက်သည်။
“နောက်ကျနေပြီ... မင်းမအိပ်သေးဘူးလား...”
“အာ… အိပ်တော့မယ်…”
ဝမ်ကျင်းကလည်း မတ်တတ်ထရပ်လိုက်၏။
ဝမ်ကျင်းမှာ ကျွင်းယန်ကျစ်က ပြန်တော့မည်ဟု ထင်လိုက်သော်လည်း သူက မျက်နှာသေဖြင့် ရပ်နေဆဲဖြစ်လေသည်။ ဝမ်ကျင်း၏ မျက်လုံးများက လေးလံလာပြီး သမ်းဝေလိုက်၏။
“ကျွင်းရှစ်ရှုန်းကို အပြင်လိုက်ပို့ပါမယ်…”
“မလိုပါဘူး… မင်း အိပ်ငိုက်နေပြီ… အိပ်လိုက်တော့… ကိုယ့်ဘာသာသွားလိုက်မယ်…”
သူ၏ အသံက နူးညံ့ညင်သာနေလေသည်။
“အာ… ဟုတ်… ကောင်းကောင်း ဂရုစိုက်သွားပါ… ကျွင်းရှစ်ရှုန်း…”
ကျွင်းယန်ကျစ်က ဖယောင်းတိုင်မီးကို ငြှိမ်းလိုက်ပြီးနောက် အခန်းထဲရှိ အလင်းရောင်က ရေးတေးတေး ဖြစ်နေသည်ကို ဝမ်ကျင်းခံစားလိုက်ရ၏။ ထို့နောက် တစ်စုံတစ်ယောက်က တံခါးနားသို့ သွားပြီးနောက် တံခါးကိုဖွင့်ကာ ပိတ်လိုက်သည့်အသံကို ကြားလိုက်ရလေသည်။
ဝမ်ကျင်းက အလွန်ပင်ပန်းနေပြီး မျက်လုံးပင်မဖွင့်နိုင်တော့ချေ။ သူက အိပ်ရာပေါ်သို့ ပစ်လှဲချလိုက်ပြီး စောင်ခြုံလိုက်၏။ ထို့နောက် အခန်းထဲတွင် အသက်ရှူသံမှန်မှန် ပေါ်ထွက်လာလေသည်။
တစ်ခဏကြာပြီးနောက် တံခါးနားရှိ လူအရိပ်တစ်ခုက လှုပ်ရှားလာလေသည်။ သူက လိပ်ကြီးကိုကိုင်ထားပြီး ဝမ်ကျင်းနားသို့ ချဉ်းကပ်လာ၏။ သူက ဝမ်ကျင်း၏ဘေးတွင် ထိုင်လိုက်ပြီး သူ၏ အမူအရာက နားလည်ရန် ခက်ခဲနေလေသည်။
“လုကျင်း… အိပ်ပျော်နေပြီလား…”
အိပ်ရာပေါ်ရှိ လူငယ်လေးက မလှုပ်သော်လည်း ဝိုးတဝါး အသံပြုလိုက်၏။
“အမ်း…”
“မင်း အသက်ဘယ်နှစ်နှစ်လဲ…”
“၁၃ နှစ်…”
“မင်းရဲ့ အကြီးဆုံးရှစ်ရှုန်းက ဘယ်သူလဲ…”
“လျိုချန်မော့…”
“အရမ်းကောင်းတယ်…”
ကျွင်းယန်ကျစ်၏ မျက်လုံးများက မှေးကျဉ်းနေပြီး သူ၏ စိတ်အခြေအနေကမူ နားလည်ရန်ခက်နေလေ၏။ ထို့နောက် နူးညံ့သော အသံဖြင့်ပြောလိုက်သည်။ လေသံထဲတွင်မူ အေးစက်သော ခြိမ်းခြောက်မှုတစ်ခုက ပါဝင်နေလေသည်။
“လုကျင်း… ကိုယ့်အနား ချဉ်းကပ်လာတဲ့ ရည်ရွယ်ချက်က ဘာလဲ…”
စောင်ထဲရှိလူက တစ်ခဏခန့် တိတ်ဆိတ်နေ၏။
“မင်းရဲ့ ရည်ရွယ်ချက်ကဘာလဲ… ကိုယ့်ကိုပြော…”
သူ၏ အသံက နှစ်လိုဖွယ်ကောင်းပြီး ဆွဲဆောင်နေကာ နူးညံ့ညင်သာနေလေသည်။
“ဘာရည်ရွယ်ချက်မှ မရှိဘူး… လေးစားလို့…”
ကျွင်းယန်ကျစ်က အနည်းငယ် အံ့ဩသွား၏။ ဤကဲ့သို့ အဖြေကို သူ မမျှော်လင့်ထားခဲ့ချေ။ သူက မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။
“ကိုယ်ဘယ်သူလဲဆိုတာ သိလား…”
“သိတယ်…”
ကျွင်းယန်ကျစ်၏ မျက်ဝန်းထဲတွင် နာကျင်မှု အရိပ်အယောင်များ စွန်းထင်းနေပြီး ဝမ်ကျင်း၏ လည်ပင်းပေါ်တွင် သူ့လက်ကို တင်ထားလေ၏။ ၎င်းက တစ်ချက်လှုပ်လိုက်ရုံဖြင့် လည်ပင်းကို ချိုးနိုင်မည့် ပုံစံပေါ်နေလေသည်။ သူက နူးညံ့သော အသံဖြင့်မေးလိုက်သည်။
“ငါက ဘယ်သူလဲ…”
“ရှစ်ရှုန်းက…”
သွယ်လျသော လက်ချောင်းများက တဖြည်းဖြည်း စုလာပြီး သူ၏ ဝင်သက်ထွက်သက်ကို ချုပ်ကိုင်ထားလေသည်။
“အပြင်ဘက် ၉ ခုမြောက်အလွှာရဲ့ အမတတစ်ယောက်…”
ကျွင်းယန်ကျစ်က မျက်မှောင်ကြုတ်ပြီး လက်ကို ဖြည်းဖြည်းချင်း လွှတ်လိုက်၏။
“ဒါကလွဲပြီး မင်းမှာ တခြားရည်ရွယ်ချက်ရှိသေးလား…”
“မရှိဘူး… အာ… ရှိတယ်…”
“ဘာရည်ရွယ်ချက်လဲ…”
သူ၏ အကြည့်က ဝမ်ကျင်း၏ ကိုယ်ပေါ်သို့ ထပ်မံရောက်သွားလေသည်။
“ကျွန်တော်သိချင်တယ်… နောက်ဆုံးမှာ ရှစ်ရှုန်းက ဘယ်သူနဲ့အတူ ရှိသွားမလဲဆိုတာ…”
သူက VIPအပိုင်းကို ဝယ်ခဲ့သော်လည်း မဖတ်နိုင်ခဲ့ပေ။ အိပ်မက်ထဲတွင် တစ်ခုခုမှားနေသကဲ့သို့ ခံစားနေရ၏။
ကျွင်းယန်ကျစ်က တိတ်တဆိတ်ဖြင့် မတ်တတ်ရပ်နေပြီး ဝမ်ကျင်းကို စိုက်ကြည့်နေလေသည်။ သူ၏ အမူအရာက ဇဝေဇဝါဖြစ်နေ၏။ အမှောင်ထဲတွင် အချိန်အတော်ကြာ မတ်တတ်ရပ်နေပြီးနောက် အဆုံးတွင် လိပ်ကိုကိုင်တာ ထွက်သွားလိုက်လေသည်။
********
ထိုနေ့ညပြီးနောက် ကျွင်းယန်ကျစ်က ဝမ်ကျင်းရှေ့တွင် ထပ်ပေါ်မလာခဲ့ချေ။ သို့ရာတွင် ဟွေ့ရှစ်တောင်ထိပ်ရှိ အခြားတစ်ယောက်က တဖြည်းဖြည်း ဝမ်ကျင်းနှင့် စတင် ရင်းနှီးလာလေသည်။
ကွေ့ရှင်းပိက သူ့နှင့်အတူလေ့ကျင့်ရန် ဝမ်ကျင်းအား မကြာခဏလာခေါ်လေ့ရှိသည်။ ကွေ့ရှင်းပိက အပေါက်ဆိုးပြီး သူ့အား သင်ကြားပေးသော်လည်း ကိုယ်ဖော့သိုင်းအပါအဝင် လှုပ်ရှားမှု အနည်းငယ်ကိုပင် မပြခဲ့ချေ။
ဝမ်ကျင်း အပြစ်ရှာခံရချိန်တွင် မော့ရှောက်ယန်က တစ်ခွန်းမှ ဝင်မပြောသော်လည်း နောက်ရက်တွင် မည်သည့်ရှင်းပြချက်မှ မပေးဘဲ သူ့အတွက် သိုင်းပညာအညွှန်းစာအုပ်ကို ယူလာပေးသည်။
လျိုချန့်မော့ကလည်း သူနှင့် နှစ်ပတ်တစ်ကြိမ် အမြဲတမ်းတွေ့လေ၏။ သူ၏ လမ်းညွှန်ချက်များက ကွေ့ရှင်းပိပြောသည်နှင့် ကွာခြားပြီး တစ်ခါတစ်ရံတွင် သူ့အား ရှုပ်ထွေးစေလေသည်။
ဆောင်းရာသီ မနက်စောစော တစ်ရက်တွင် နှင်းချပ်ကြီးများက ဘဲငှက်မွေးကဲ့သို့ ကျနေလေ၏။ ထိုအချိန်တွင် ဝမ်ကျင်းက သူ့ကျောက်တုံးအိမ်ထဲတွင် ကျင့်ကြံနေလေသည်။ ထို့နောက် အပြင်ဘက်မှ မော့ရှောက်ယန်၏ မှေးကွေးသောအသံကို ကြားလိုက်ရလေသည်။
“လုကျင်း… ထွက်လာခဲ့… ငါနဲ့အတူ ကစားရအောင်…”
************
ဝမ်ကျင်းက သူ့အိပ်ရာပေါ်ရှိ လိပ်ကြီးကို ကြည့်လိုက်သည်။ လိပ်က ကျွင်းယန်ကျစ်နှင့် ၁၀ ရက်ခန့် နေပြီးနောက် သူ့ထံသို့ ပြန်ပြေးလာလေ၏။ ၎င်းက ဤနေရာတွင် ရှိနေသည်မှာ နှစ်ပတ်ခန့် ကြာနေပြီဖြစ်ပြီး သူ၏အိပ်ရာတွင် ရေရှည် နေထိုင်ရန် ရည်ရွယ်ထားပုံရသည်။ သူက လိပ်ကြီးကို စောင်နှင့် ပတ်ပေးလိုက်ပြီးနောက် ရှေ့တွင် စားစရာပန်းကန်ကို ချပေးကာ ထွက်လာခဲ့လိုက်သည်။
သူ ထွက်လာသည့်အချိန်တွင် ရှစ်ရှုန်း(၅) ကွေ့ရှင်းပိ၊ ရှစ်ရှုန်း(၂) ဟယ့်လင်နှင့် ရှစ်ရှုန်း(၈) မော့ရှောက်ယန်တို့ကိုမြင်လိုက်ရသည်။ အားလုံးက အောက်ခံမပါသော အပေါ်ဝတ်စုံ တစ်ထပ်တည်းကိုသာ ဝတ်ဆင်ထားပြီး အေးနေသည့်ပုံ လုံးဝမပေါ်ချေ။
ကွေ့ရှင်းပိက ပြောလိုက်၏။
“တစ်နေကုန် အိမ်ထဲမှာ ဘာလုပ်နေတာလဲ… ဒီနေ့ စိတ်ဝိညာဉ်မြက်တွေသွားရှာဖို့ မင်းကိုလာခေါ်တာ…”
ဝမ်ကျင်းက ချက်ချင်း အပေါ်ထပ်အင်္ကျီ ဝတ်လိုက်၏။
“ဘယ်လို စိတ်ဝိညာဉ်မြက်ကို ရှာမှာလဲ...”
ကွေ့ရှင်းပိက ပြောလိုက်သည်။
“ရွှင်းယန်တောင်ခြေမှာ ဆောင်းရာသီမှာပဲ ပေါက်တဲ့ စိတ်ဝိညာဉ်ဂျင်ဆင်း အမျိုးအစားတွေ အများကြီးရှိတယ်... တစ်ခုခု ရနိုင်မလားဆိုတာ သွားရှာကြည့်မလို့...”
နှင်းတောင်ကျောက်စိမ်းဂျင်ဆင်းလား...
ဝမ်ကျင်းက အနည်းငယ် စိတ်လှုပ်ရှားနေ၏။
[နှင်းတောင်ကျောက်စိမ်းဂျင်ဆင်း၏ ကိုယ်ထည်မှာ အစိမ်းပုပ်ရောင်ရှိပြီး ၅လက်မ ၆လက်မခန့် ရှည်လျားသည်။ ၎င်းက ထူထဲသော နှင်းများကြားတွင်သာ ပေါက်ရောက်ပြီး အလွန်လျင်မြန်၏။ ၎င်းကိုဖမ်းမိလျှင် ကိုယ်ထည်ကို မထိခိုက်အောင်လုပ်ပြီး လက်ဖက်ရည်ပြုလုပ်ရာတွင် သုံးလျှင် ကျင့်ကြံဆင့်တိုးတက်ရာ၌ အလွန်အထောက်အကူပြုလေသည်။]
‘သက်ရှိတိုင်းအတွက် ကပ်ဘေးတစ်ခု’ အပိုင်း(၈)မှ ကောက်နုတ်ချက်ဖြစ်သည်။
ကွေ့ရှင်းပိနှင့် အခြားနှစ်ယောက်က ကိုယ်ဖော့သိုင်းကိုသုံးကာ ပျံသန်းသွားကြသည်။ ဝမ်ကျင်းကလည်း သူတို့ကဲ့သို့ပင် ကိုယ်ဖော့သိုင်းကိုကာ ယိုင်တိယိုင်တိုင်ဖြင့် ပျံတက်သွားလေသည်။
တောင်တန်းများတစ်လျှောက်တွင် နှင်းများ ဖုံးလွှမ်းနေ၏။ သူတို့ခြေထောက်အောက်ရှိ လျှိုမြောင်များက ပေပေါင်း သောင်းချီ အနက်ရှိလေသည်။ လန်းဆန်းတက်ကြွစေသော လေအေးများကလည်း တိုက်ခတ်နေလေသည်။
လေးယောက်သားက တောင်တန်းများအပေါ်တွင် ဖြတ်ပျံနေကြစဉ် ရုတ်တရက် နှင်းများက လှိုင်းဂယက်ထလာ၏။ တိရစ္ဆာန်အနည်းစုက ပြေးလွှားနေကြပုံပေါ်သည်။ ဟယ့်လင်က အောက်သို့မြန်မြန်ဆင်းလိုက်ပြီးနောက် နှင်းများကြားတွင် လှန်လှောရှာဖွေနေလေသည်။
သူက ခန္ဓာကိုယ်ပေါ်ရှိ နှင်းများကို ခါချလိုက်ပြီး မတ်တတ်ထရပ်လိုက်၏။ သူ၏လက်ထဲတွင် အစိမ်းပုပ်ရောင် နှင်းတောင်ကျောက်စိမ်းဂျင်ဆင်းက ရုန်းကန်နေပြီး သူ့အား ကိုက်နေလေသည်။
ဟယ့်လင်က မေးလိုက်၏။
“ဘယ်သူလိုချင်လဲ…”
ဝမ်ကျင်းက ချက်ချင်း လက်မြှောက်လိုက်သည်။
ဟယ့်လင်က ဝမ်ကျင်းထံပစ်ပေးလိုက်ပြီးနောက် ထပ်ရှာနေလေ၏။
ဝမ်ကျင်းက တောင်ဂျင်ဆင်းကို ပုလင်းထဲသို့ထည့်လိုက်သည်။ ၎င်းက ပုလင်းကို တဒုန်းဒုန်းဖြင့် ရိုက်နေပြီး ဆူညံသံများ လုပ်နေသည်ကို နားထောင်ပြီးနောက် မေးလိုက်၏။
“ရှစ်ရှုန်း(၂)က သူဖမ်းမိထားတာကို မလိုချင်ဘူးလား…”
မော့ရှောက်ယန်က ပြောလိုက်သည်။
“ရှစ်ရှုန်း(၂)က သူ့ရဲ့တိကျမှုကို လေ့ကျင့်ဖို့အတွက်ပဲ ဂျင်ဆင်းလာရှာတာ… သူသုံးစရာမလိုဘူး…”
ကွေ့ရှင်းပိက ပြောလိုက်၏။
“အကုန်လုံးကို မင်းလို ဘာမှမမြင်ဖူးတဲ့ ငတုံးထင်နေလား…”
မော့ရှောက်ယန်က ဖြည်းညင်းစွာ ပြောလိုက်သည်။
“ရှစ်ရှုန်း(၅)… စကားကို နည်းနည်းလောက် နားထောင်ကောင်းအောင်ပြောရင် သေမှာမလို့လား… သူ့နောက်ကွယ်မှာတော့ ရိုးသားပြီး ချစ်စရာကောင်းလို့ဆိုပြီး ချီးကျူးနေပြီးတော့… မျက်နှာချင်းဆိုင်လည်းတွေ့ရော အပြစ်ပဲရှာနေတယ်… တစ်သမတ်တည်း နေလို့မရဘူးလား…”
ကွေ့ရှင်းပိ၏မျက်နှာက တည်တံ့သွားပြီး သူတို့နှစ်ယောက်ကို လျစ်လျူရှုထားလိုက်သည်။
လူသုံးယောက်က ဖြည်းဖြည်းချင်း ပျံသန်းနေကြ၏။ ဟယ့်လင်ကမူ သူတို့ရှေ့မှ ပျောက်သွားပြီဖြစ်သည်။ ရုတ်တရက် တောနက်ထဲမှ လူအချို့၏ သစ်ကိုင်းများကို ခုတ်ကာ ပွက်လောရိုက်နေသံကို ကြားလိုက်ရလေသည်။
“ဟယ့်လင်… မင်းလာရှုပ်နေပြန်ပြီလား…”
“ပြောစရာမလိုဘူး… ဟွေ့ရှစ်တောင်ထိပ်ကလူ ရောက်လာပြန်ပြီ…”
သူတို့က ချက်ချင်း သွားကြည့်လိုက်သည့်အချိန်တွင် ဟယ့်လင်နှင့် လူသုံးယောက်ကို မြင်လိုက်ရလေ၏။ သူတို့အနက်မှတစ်ယောက်က ဝူယင်းဖြစ်သည်။ ယခုအချိန်တွင် သူက အလွန်ထိတ်လန့်နေပုံရလေသည်။ သူ၏ မျက်လုံးများက အသက်မဲ့နေပြီး ဟယ့်လင်ကို ဆွံ့အစွာဖြင့် စိုက်ကြည့်နေလေ၏။
ဟယ့်လင်၏ လက်ထဲတွင် ကိုင်ထားသည်မှာ ရွှေရောင်ဝိညာဉ်သားရဲဖြစ်ပြီး သူက စကားတစ်ခွန်းမှ မပြောဘဲ အမူအရာက အလွန်အေးစက်နေလေသည်။
⛰️⛰️⛰️