⛰️Chapter - 10
ဒီကမ္ဘာမှာ ရှစ်ရှုန်းပဲကောင်းတယ်
ဝမ်ကျင်းက အထိတ်တလန့်ဖြင့် အော်လိုက်၏။
“ရှစ်ရှုန်း… သူ့ကို မသတ်နဲ့…”
ဟယ့်လင်၏ လက်ဖဝါးထဲတွင် ဝိညာဉ်စွမ်းအားလုံးကို ထုတ်လွှတ်လိုက်သည်။ ဝူယင်း၏ ရင်ဘတ်က လေဖြင့်အရိုက်ခံလိုက်ရပြီးနောက် သူ၏ ခန္ဓာကိုယ်က နောက်သို့ ခြေဆယ်လှမ်းခန့် ရောက်သွားလေ၏။ သူက သွေးတစ်လုတ်အန်ကာ မြေပေါ်သို့လဲကျသွားပြီးနောက် အသက်ရှင်သေးလားဆိုသည်ကို မသိတော့ချေ။
ဝမ်ကျင်းက ဗလာဖြစ်စွာဖြင့် စိုက်ကြည့်နေ၏။
ဂိုဏ်းတူတပည့်ကို သတ်ခြင်းအတွက် အပြစ်ဒဏ်က ကျူးလွန်သူ၏ ကျင့်ကြံဆင့်များကို ဖျက်ဆီးကာ ဂိုဏ်းမှနှင်ထုတ်ခြင်းဖြစ်သည်။
ဒုတိယရှစ်ရှုန်းကို သီးခြားခွဲထားတာ မဟုတ်ဘူးလား… ဘယ်လိုလုပ် ဒီကို ရောက်လာတာလဲ…
ဟယ့်လင်က အေးစက်စွာပြောလိုက်၏။
“သူ မသေသေးဘူး… နောက်ဆက်တွဲကိစ္စတွေကို ဖြေရှင်းဖို့ အကြီးဆုံးရှစ်ရှုန်းကို သွားရှာလိုက်…“
ထိုသို့ပြောပြီးနောက် မီးခိုးရောင်ဝတ်စုံနှင့် လူက လေထဲသို့ ပျံတက်ကာပျောက်သွားလေသည်။
ဝမ်ကျင်းက ဝူယင်းကို အလောတကြီးဖြင့် ကြိုးချည်ထားပြီးနောက် လျိုချန်မော့ရှိရာသို့ အမြန်ပြေးသွားလေသည်။
သူရောက်သွားသည့်အချိန်တွင် လျိုချန်မော့နှင့် တတိယရှစ်ရှုန်း ဖန်းရှောက်က စကားပြောနေကြလေ၏။ အကြောင်းအရာကို ကြားပြီးနောက် သူတို့က လန့်သွားပြီး ဝမ်ကျင်းနှင့်အတူ လိုက်လာကြလေသည်။ ဝါးခြံစည်းရိုးသို့ ရောက်သောအခါ လူအချို့ကအော်ဟစ်နေကြသည်ကို ကြားလိုက်ရလေ၏။ သူက အေးစက်စွာဖြင့် ခြံထဲသို့စိုက်ကြည့်လိုက်ပြီးနောက် အထဲသို့ ဝင်လာလိုက်သည်။
အထဲတွင် တပည့်သုံးယောက်က သတိမေ့နေသော ဝူယင်းကို တွဲထားကာ လျိုချန်မော့ကို ကြည့်နေကြ၏။
အခြေတည် တည်ဆောက်နေဆဲအဆင့် ရောက်နေသည့် ခေါင်းဆောင်ဖြစ်သူက ပြောလိုက်သည်။
“အဲ့ဒီသားရဲငတုံးလေးက မင်းတို့ရဲ့ စိတ်ဝိညာဉ်မြက်တွေကို စားတာနဲ့ပဲ သူ့ကို ဒီလောက်ထိရိုက်ဖို့ လိုလို့လား…”
ထို့နောက် အရပ်ပုသည့် အခြားတပည့်တစ်ယောက်က ပြောလိုက်သည်။
“ဂိုဏ်းတူတပည့်ကို ရိုက်တာက အပြစ်ရှိတယ်…”
“တကယ်လို့ ဝူရှစ်ရှုန်းက ကျွန်တော်တို့ကို အကူအညီမတောင်းခဲ့ရင် သူ့ကို သေအောင်ထိရိုက်ပစ်မလို့လား…”
လျိုချန်မော့က တည်တည်ငြိမ်ငြိမ်ဖြင့် ပြန်ပြောလိုက်၏။
“မင်းတို့ဘာတွေလာပြောနေတာလဲ… သူ့ရဲ့ သားရဲက ငါတို့ခြံကို ခဏခဏလာဖျက်ဆီးတယ်… အခုတော့ သူက ခြံကိုမီးရှို့တယ်… ငါတို့အနေနဲ့ သည်းခံနေလို့မှမရတာ…”
လူသုံးယောက်က ချက်ချင်းဒေါသထွက်ကာ ပြောလေသည်။
“မဟုတ်တာတွေ… မင်းတို့က အရင်တိုက်ခိုက်တာ… ဒီကိစ္စကို ဂိုဏ်းချုပ်ဆီတင်ပြရမယ်…”
ထိုသို့ပြောပြီးနောက် လူသုံးယောက်က ဝူယင်းကို တွဲကာ ထွက်သွားလေသည်။
လျိုချန်မော့က ဝမ်ကျင်းကိုကြည့်ပြီးနောက် ပြောလိုက်၏။
“မင်းရဲ့ ရှစ်ရှုန်း (၂) ရော…”
“သူ ဘယ်ကိုထွက်သွားလဲမသိဘူး… ကျွန်တော့်ကို အကြီးဆုံးရှစ်ရှုန်းဆီသွားလို့ပြောပြီး ထွက်သွားတာပဲ…”
လျိုချန်မော့က တတွတ်တွတ်ရေရွတ်ကာ အလျင်အမြန် ထွက်သွားလေ၏။
ထိုနေ့၌ လျိုချန်မော့နှင့် ဟယ့်လင်ကို ယွီရုန်တောင်ထိပ်မှ ဆင့်ခေါ်ပြီး ညနေရောက်သည်အထိ ပြန်မလာသေးချေ။
ဟွေ့ရှစ်တောင်ထိပ်ရှိ အခြားတပည့်များအားလုံးက ထိုကိစ္စကိုသိပြီးနောက် ဟွေ့ရှစ်တောင်ထိပ်၏ အဓိကခန်းမတွင် အရေးပေါ်အစည်းအဝေးတစ်ခု လုပ်ကြလေသည်။
ဝမ်ကျင်းက ဟွေ့ရှစ်တောင်ထိပ်သို့ ရောက်ပြီးနောက်တွင် သူ၏ ရှစ်ရှုန်းများကို တစ်ကြိမ်သာ တွေ့ရသဖြင့် သူတို့နှင့် မရင်းနှီးဘဲ နေရခက်နေလေ၏။
လူတိုင်းတွင် ဂုဏ်သိက္ခာရှိသည့် အပြုအမူများရှိပြီး သူတို့က မြေပေါ်တွင် ရုန်းကန်နေသော ရွှေရောင်သားရဲလေးကို ကြည့်နေကြသည်။
ဝမ်ကျင်းက အဖြစ်အပျက်အား အစမှအဆုံးအထိ ပြောပြလိုက်ပြီးနောက် စီရင်ချက်ကို စောင့်နေခဲ့သည်။
ရှစ်ရှုန်း(၅)က သူ့ကို ဒေါသတကြီးဖြင့် အပြစ်တင်နေ၏။
“မင်း ဘာလို့ ဒီလောက်တောင် ဂရုမစိုက်တာလဲ... တစ်ခုခု မလုပ်ခင် အကြီးဆုံးရှစ်ရှုန်းနဲ့ ဆွေးနွေးပြီး အစီအစဉ်ချရမှာ... အခုတော့ ရှစ်ရှုန်း(၂)ကို ငါတို့ဘယ်လို ကာကွယ်ရတော့မှာလဲ...
“ကျွန်တော်...”
ရှစ်ရှုန်း (၃) ဖန်းရှောက်က ပြောလိုက်၏။
“ထားလိုက်တော့... ထားလိုက်တော့... သူကလည်း ကောင်းတဲ့ရည်ရွယ်ချက်နဲ့ ချိုင်ကျီသားရဲကို ဖမ်းခဲ့တာပါ... သူတစ်ယောက်တည်း ဝူယင်းကို ရင်မဆိုင်သင့်တာပဲရှိတာ...”
“အကယ်၍ ရှစ်ရှုန်း (၂) သာ မြန်မြန်ရောက်မလာရင်တော့ မင်းကိုသူက အပြင်းအထန် ရိုက်လိုက်လိမ့်မယ်... ပြီးတော့ အသီးအရွက်ခြံကလည်း မီးလောင်ပြာကျသွားမှာ...”
“မင်းရဲ့ရည်ရွယ်ချက်တွေက ကောင်းရင်တောင် ကိစ္စတွေကို ရေရှည်မစဉ်းစားဘူး...”
ဖန်းရှောက်က ပြောလိုက်၏။
“အကြီးဆုံး ရှစ်ရှုန်း နဲ့ ရှစ်ရှုန်း (၂) ပြန်လာတော့မှာပါ... ဘာမှမဖြစ်လောက်ပါဘူး... သူကလည်း ဟွေ့ရှစ်တောင်ထိပ်အတွက် စဉ်းစားပေးပြီး လုပ်ခဲ့တာပဲ... သူ့ကို မဆူနဲ့တော့...”
“ရှစ်ရှုန်း(၂)ကလည်းအတူတူပဲ... သူ့ကို ဒီလောက်ထိ အပြင်းအထန်ရိုက်ဖို့ လိုလို့လား... ဒီတစ်ကြိမ်မှာ ကံကောင်းသွားတယ်…”
“ရှစ်ရှုန်း (၂)ရဲ့ အကျင့်စရိုက်က ဒီလိုပဲ... သူက အမြဲတမ်း အကြီးဆုံး ရှစ်ရှုန်းဆီက အဆူခံရတယ်...”
ခန်းမထဲရှိ လူတိုင်း၏ စိတ်အခြေအနေက ဆိုးဝါးနေလေသည်။ မည်သူကမှ ပြောစရာမရှိဘဲ စိုးရိမ်မှုများနှင့်သာ ပြည့်နေလေသည်။ လွန်ခဲ့သောနှစ်ပိုင်းများတွင် အတွင်းတပည့်များ အသတ်ခံရမှုက ဂိုဏ်းရှိ လူအများစုကို ရှင်းလင်းပစ်သကဲ့သို့ ဖြစ်ခဲ့သဖြင့် ဂိုဏ်းသားအချင်းချင်း သဘောထားကွဲလွဲမှုအား အပြင်းအထန် တားမြစ်လေသည်။ လူတိုင်းက စိုးရိမ်နေ၏။ ဝမ်ကျင်းက သူ မမှားခဲ့ဟု ခံစားနေရသော်လည်း အနည်းငယ် နောင်တရနေပြီး မည်ကဲ့သို့ ရှင်းပြရမည်ကို မသိတော့ပေ။
ကွေ့ရှင်းပိ(ရှစ်ရှုန်း ၅)က မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။
“မင်း ငါတို့ဆီကိုလာတာ နှစ်လတောင် မပြည့်သေးဘူး... ဒီလိုကိစ္စတွေ ဖြစ်နေပြီ... မင်းက ပြဿနာကောင်လေးပဲ...”
ဝမ်ကျင်းက တိတ်တဆိတ် ခေါင်းငုံ့ထားလိုက်၏။
“ဟုတ်ကဲ့...”
သူက ရွှေရောင်သားရဲကို ဖမ်းပြီး ဟွေ့ရှစ်တောင်ထိပ်၏ ဒေါသကို ပြချင်ရုံသာ ဖြစ်သည်။ ဤကဲ့သို့ ဖြစ်သွားမည်ကို သူ မမျှော်လင့်ထားခဲ့ပေ။
သူ၏ ခါးသီးသော အတွေးများကို တုံ့ပြန်နေစဉ်တွင် ထောင့်နားရှိ လူတစ်ယောက်က ညင်သာစွာပြောလိုက်လေ၏။
“ကျွန်တော်ကတော့ သူကောင်းကောင်း လုပ်ခဲ့တယ်လို့ ထင်တာပဲ…”
သူ့အသံကို ကြားသောအခါ လူတိုင်းက သူ့ကို လှည့်ကြည့်လိုက်ကြ၏။ ပြောလိုက်သူက ကျွင်းယန်ကျစ်ဖြစ်သည်။
ကျွင်းယန်ကျစ်က ဖြည်းဖြည်းချင်း ပြောလေ၏။
“အသီးအရွက်ခြံကို စောင့်ရှောက်ရတဲ့ လူတစ်ယောက်အနေနဲ့ ဝိညာဉ်သားရဲကို ဖမ်းဖို့က သူ့တာဝန်ပဲလေ… ဝူယင်းကသာ မသင့်လျော်တာတွေလုပ်နေတာ…. အရင်တည်းက ဒီကိစ္စကို ကျွန်တော်တို့ ဖြေရှင်းသင့်တယ်… ဘာပဲဖြစ်ဖြစ် အဲ့သားရဲလေးက လတိုင်းလာပြီး ကျွန်တော်တို့ကလည်း တစ်ခါမှ မဖမ်းနိုင်ဘူးလေ… ဒီကိစ္စကို အဆင်ခြင်မဲ့တယ်လို့ ပြောနိုင်ပေမဲ့ ကျွန်တော်တို့ မျက်နှာနည်းနည်းရတယ်လို့ မှတ်ယူနိုင်တာပဲ… ကျွန်တော်တို့ အပြစ်ပေးခံရရင်တောင် နောင်မှာ ကျွန်တော်တို့ကို လာအနိုင်ကျင့်ရဲမှာ မဟုတ်တော့ဘူး… သူတို့က နောက်ထပ်လုပ်ဖို့ တုံ့ဆိုင်းနေလိမ့်မယ်… ဒါ့အပြင် အရင်ကိစ္စတွေလည်းရှိတော့ ဂိုဏ်းချုပ်ရှီက သေသေချာချာ မြင်နိုင်မှာပါ… ရှစ်ရှုန်း(၂) ကို အပြစ်မပေးတော့တာတောင် ဖြစ်နိုင်တယ်...”
ဝမ်ကျင်းက ကျွင်းယန်ကျစ်ကို ကြည့်နေကာ သူ၏ ခေါင်းပေါ်တွင် နတ်သားလေးကဲ့သို့ ရောင်ခြည်များ တောက်ပနေသည်ဟု ခံစားလိုက်ရပြီး မိန်းမောတွေဝေနေလေ၏။ သူ၏ မျက်လုံးထဲတွင် ကြည်ညိုလေးစားမှုများနှင့် ပြည့်နှက်နေလေသည်။
ကျွင်းယန်ကျစ်က သူ့ကို ကြည့်လိုက်၏။
ထို့နောက် ခန်းမအပြင်ဘက်မှ နူးညံ့သောအသံတစ်သံကို ကြားလိုက်ရပြီး အဖြူရောင်ဝတ်စုံနှင့် လူက ခန်းမဆောင်ထဲသို့ ဝင်လာလေ၏။ လူတိုင်းက သူ့ဆီသို့ ပြေးသွားကြလေသည်။
“အကြီးဆုံး ရှစ်ရှုန်း...”
“ဘယ်လိုဖြစ်သွားပြီလဲ….”
လျိုချန်မော့၏ ပုံစံက ပင်ပန်းနေပုံပေါ်ပြီး လူတိုင်းကို ထိုင်ရန် လက်အမူအရာပြလိုက်သည်။
“ရလဒ်က ဘယ်လိုလဲ… ရှစ်ရှုန်း(၂) ကရော...”
လျိုချန်မော့က ပြောလိုက်၏။
“ထျန်းဟန့်တောင်ထိပ်က တကယ်ကို ရွံစရာကောင်းတယ်... သူတို့ရဲ့ ဝိညာဉ်သားရဲက ငါတို့ရဲ့ စိတ်ဝိညာဉ်မြက်တွေကို လာပြီးစားတဲ့ကိစ္စကို ငါတို့အပြစ်ဖြစ်အောင် အခြေအနေကို ပြောင်းပြန်လှန်ပြီး အရင်ငိုပြနေတယ်...”
“သူတို့ဘာပြောတာလဲ...”
“ဝူယင်းက ပြောတယ်... သူက ဝိညာဉ်သားရဲကို ပျိုးထောင်ထားပေမယ့် ဂရုတစိုက် သေချာမကြည့်နိုင်လို့ သားရဲက ဟွေ့ရှစ်တောင်ထိပ်ကိုလာပြီး စိတ်ဝိညာဉ်မြက်တွေကို လာစားတာပါတဲ့... သူက အဲ့ဒါကြောင့် အပြစ်ရှိသလို ခံစားနေရတယ်တဲ့... အမြဲတမ်း သူ့သားရဲက ပျောက်သွားပြီဆိုတာနဲ့ ဟွေ့ရှစ်တောင်ထိပ်ကို ချက်ချင်းလာပြီး သားရဲကို ပြန်လာခေါ်ပါတယ်တဲ့... ဒီတစ်ကြိမ် သူလာခေါ်တဲ့အချိန်မှာ ဟွေ့ရှစ်တောင်ထိပ်က သူ့ကိုဒဏ်ရာတွေရအောင် ရိုက်ပစ်ပြီး သားရဲကိုလည်း ရှာမတွေ့သေးဘူးတဲ့...”
ကုကျင်းပိုင်က ဒေါသတကြီး ပြောလိုက်သည်။
“ဘယ်တုန်းကများ သူ့ရဲ့သားရဲကို ပြန်လာခေါ်လို့လဲ... အပြစ်ရှိသလို မခံစားရတာ အသိသာကြီးပါ... သူက ကိစ္စတွေအားလုံးကို ပြောင်းပြန်လှန်ပစ်လိုက်တာပဲ...”
လျိုချန်မော့က လက်ဖြင့် နဖူးကို ထောက်ထားလိုက်၏။
“ဒါပေမယ့် ဒီတစ်ကြိမ်မှာ သူက ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားပြီးတော့ ထျန်းဟန့်တောင်ထိပ်က လူတွေကလည်း တခြားလူတွေကို သွေးထိုးနေတာ... ဒါဇင်နဲ့ချီတဲ့ ထျန်းဟန့်တောင်ထိပ်က တပည့်တွေက ယွီရုန်တောင်ထိပ်မှာ စုစည်းပြီးတော့ တစ်ယောက်ပြီးတစ်ယောက် ဟွေ့ရှစ်တောင်ထိပ်ကို အပြစ်ပေးဖို့အတွက် ဂိုဏ်းချုပ်ကို တောင်းဆိုနေကြတယ်...”
“ဝမ်ရမ်မုက ဘာပြောသေးလဲ...”
လျိုချန်မော့က ပင်ပန်းစွာဖြင့် ပြောလိုက်သည်။
“သူကတော့ တောင်းပန်နေတာပဲ... သူက ဝူယင်းကို အကြိမ်ပေါင်းများစွာ ဆူပူကြိမ်းမောင်းခဲ့တယ်တဲ့... ဒီကိစ္စကို ကိစ္စသေးသေးလေးလို့ပဲ ထင်လို့ပါတဲ့... သူက ဒီလိုတွေ ဖြစ်ပျက်လိမ့်မယ်လို့ မမျှော်လင့်ခဲ့ပါဘူးတဲ့...”
“သူက တာဝန်ယူဖို့အတွက် လုံးဝခေါင်းရှောင်နေတာ...”
လျိုချန်မော့က ပြောလိုက်သည်။
“ထျန်းဟန့်တောင်ထိပ်က လူအင်အားများတယ်… ဝူယင်းကလည်း သူ စွပ်စွဲခံရတယ်လို့ အခိုင်အမာပြောပြီးတော့ သူ့ဝိညာဉ်သားရဲကို ငါတို့က လိုချင်လို့ သူ့ကို ဒဏ်ရာရအောင်လုပ်တယ်ဆိုပြီး အရိပ်အမြွက်လည်း ပြောခဲ့သေးတယ်…. ဝူယင်းက ငါတို့ရဲ့ခြံကို မီးရှို့တယ်ဆိုတဲ့ သက်သေမရှိဘူး… အဲ့ဒါကြောင့် ငါတို့မှာ ခုခံပြောစရာ အများကြီး မရှိဘူး…”
“ပြီးတော့ရော…”
လျိုချန်မော့က တစ်ခဏခန့် တိတ်ဆိတ်နေပြီးနောက် ပြောလိုက်သည်။
“ငါလည်း ဖြစ်ချင်ရာဖြစ်ဆိုပြီး သူတို့ကို မေးလိုက်တယ်… ဘာလို့ ထျန်းဟန့်တောင်ထိပ်က စိတ်ဝိညာဉ်မြက်ခင်းက တစ်ခါမှ မပျက်စီးဘဲနဲ့ သားရဲက ဘာလို့ ဟွေ့ရှစ်တောင်ထိပ်ကိုပဲ လာပြီး စိတ်ဝိညာဉ်မြက်တွေ လာစားနေတာလဲ… ပြီးတော့ ဝူယင်းကို အနိုင်ကျင့်တတ်ပြီး အကျင့်မကောင်းတဲ့လူလို့လည်း ပြောခဲ့လိုက်တယ်… ငါတို့က ဒီကိစ္စနဲ့ ပတ်သက်ပြီး ဝမ်ရမ်မုကို အကြိမ်ကြိမ်ပြောပေမဲ့ ဘာမှ မလုပ်ပေးခဲ့ဘူးဆိုတာရောပဲ… အဲ့ဒါကြောင့် ဟွေ့ရှစ်တောင်ထိပ်က တပည့်က ရွေးချယ်စရာမရှိတော့လို့ သားရဲကို ဖမ်းလိုက်တာပါ… ဝူယင်းရဲ့ ဒဏ်ရာတွေအတွက်တော့ ငါတို့ရဲ့ သာမန်တပည့်တွေကလည်း အနိုင်ကျင့်ခံလိုက်ရတယ်လို့ ပြောခဲ့လိုက်တယ်….”
“ထျန်းဟန့်တောင်ထိပ် အာရုံစိုက်တာက သူတို့က တခြားလူတွေရှေ့မှာ ဆိုးဝါးနေမှာကိုပဲ…”
လျိုချန်မော့က ပြောလိုက်သည်။
“ငါ့စကားကို ဝူယင်းကြားတော့ တော်တော် ဒေါသထွက်သွားတယ်… ဝမ်ရမ်မုကလည်း နည်းဗျူဟာကိုပြောင်းပြီးတော့ ဝူယင်းက မကောင်းရင်တောင် ဂိုဏ်းတူတပည့်ကို လုံးဝအနိုင်မကျင့်တတ်ပါဘူးဆိုပြီး ငြင်းတယ်…”
ဝမ်ကျင်းက တီးတိုးပြောလိုက်၏။
“ဂိုဏ်းချုပ်ကရော အမှန်ကို သိရဲ့လား…”
‘သက်ရှိတိုင်းအတွက် ကပ်ဘေးတစ်ခု’တွင် ဂိုဏ်းချုပ်ရှီက အမြဲတမ်း တရားမျှတပြီး ကိစ္စများကို ရှင်းရှင်းလင်းလင်း ထိုးဖောက်သိနိုင်စွမ်းရှိသည်။
ကျွင်းယန်ကျစ်ကတောင် ငါ့ကို အကောင်းမြင်တာ ဂိုဏ်းချုပ်ရှီက အဖြစ်အပျက်ကို နားမလည်ဘူးလား…
ကွေ့ရှင်းပိက ပြောလိုက်၏။
“အမှန်ကို သိတော့ရော ဘာလုပ်လို့ရမှာလဲ… ဂိုဏ်းချုပ်ရှီက အခြေအနေကို သေချာသိရင်တောင် ဝူယင်းက ဒဏ်ရာရထားတယ်လေ… ငါတို့မှာ ဘာသက်သေမှ မရှိဘူး… သူတို့က ဇာတ်လမ်းတွေ ထွင်ထားတာ… ထျန်းဟန့်တောင်ထိပ်ကလည်း တစ်ယောက်မှ ယုံလို့မရဘူး…သူတို့က တစ်ကြိတ်တည်း တစ်ဉာဏ်တည်းတွေပဲ… ထျန်းဟန့်တောင်ထိပ်မှာ အခြေတည် တည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတွေက အယောက် ၃၀ လောက်ရှိတာ… သူတို့က ချင်ရှုဂိုဏ်းရဲ့ အဓိက ထောက်တိုင်တွေပဲ… သူတို့ကို ဆန့်ကျင်ချင်လို့လား…”
လျိုချန်မော့က ပြောလိုက်သည်။
“ဂိုဏ်းချုပ်က အချိန်အကြာကြီး စဉ်းစားနေပြီးတော့ ရှစ်တိ(၂)က ကြိမ်ဒဏ် ၁၀ ချက်အပေးခံရပြီး ဝိညာဉ်သားရဲကို ပြန်ပေးရမယ်တဲ့… အခုချိန်ကစပြီး ဝိညာဉ်သားရဲက ဟွေ့ရှစ်တောင်ထိပ်မှာ စိတ်ဝိညာဉ်မြက်ကို လာခိုးစားရင် ငါတို့ ချက်ချင်း သတ်ပစ်လို့ရတယ်လို့ ပြောလိုက်တယ်…”
လူတိုင်း၏ အမူအရာက ဗလာဖြစ်သွားပြီးနောက် လက်ခုပ်တီးကာ ပြုံးပျော်နေကြလေ၏။
“ဂိုဏ်းချုပ်က တကယ်ကို ပညာရှိတယ်… ဒါက အရမ်းကောင်းတဲ့ ရလဒ်ပဲ…”
“ရှစ်ရှုန်း (၂) အသတ်ခံရမှာကို ကြောက်နေတာ… သူရော ဘယ်လိုနေလဲ…”
လျိုချန်မော့၏ နှုတ်ခမ်းထောင့်စွန်းက ကွေးတက်သွားလေသည်။
“အစကနေ အဆုံးအထိ ဘာမှမပြောဘဲ ဘေးမှာပဲရပ်နေတာ... အဆုံးသတ်လည်းကျရော ပြစ်ဒဏ်ခံယူဖို့အတွက် ခုန်ပေါက်ပြေးသွားတာပဲ...”
ကွေ့ရှင်းပိက ပြောလိုက်၏။
“ဒီလိုလုပ်တာ မှန်တယ်... လျှောက်သွားနေပြီး လူတွေကို တိုက်ခိုက်နေတဲ့လူ ဘယ်သူရှိလို့လဲ... သူ အပြစ်ပေးမခံရဘူးဆိုရင် တခြားလူတွေက ကျေနပ်မှာမဟုတ်ဘူး...”
လျိုချန်မော့က ဖြည်းညင်းစွာ ပြောလိုက်သည်။
“ဒါပေမယ့် အခုကစပြီး ငါတို့နဲ့ ထျန်းဟန့်တောင်ထိပ်က ဟန်ဆောင်ပြီးတောင် ဖော်ရွေပြမှာ မဟုတ်တော့ဘူး... ငါတို့က ရန်သူတွေ ဖြစ်လာကြပြီ...”
လူတိုင်းက တိတ်ဆိတ်နေ၏။ ထို့နောက် ကွေ့ရှင်းပိက ဝမ်ကျင်းကို ပြောလိုက်သည်။
“နောက်ဆုံးက မင်းက ဒီကိစ္စတွေရဲ့ တရားခံပဲ...”
ဝမ်ကျင်းက ခေါင်းကို ငုံ့ထားလိုက်၏။
“ဟုတ်ကဲ့...”
လက်ရှိအချိန်တွင် မည်သည့် ရန်ငြိုးမှမရှိသော်လည်း အနာဂတ်တွင်မူ ရန်ငြှိုးများ ရှိလာနိုင်သည်။ ဝမ်ကျင်း၏ ခေါင်းထဲတွင် သူ့အား အပြစ်တင်မှုများက စုပုံနေလေ၏။
ဒီရှစ်ရှုန်း (၅) ရဲ့ ပါးစပ်က တော်တော်ဆိုးတာပဲ...
ဝမ်ကျင်းမှာ သည်းခံထားရုံသာ တတ်နိုင်လေသည်။
ကျွင်းယန်ကျစ်က ကိစ္စများကို နားထောင်နေပြီးနောက် ဖြည်းဖြည်းချင်းပြောလိုက်၏။
“ရေရှည်မှာ တစ်ခုခုကြောင့် ထျန်းဟန့်တောင်ထိပ်နဲ့ ကျွန်တော်တို့နဲ့ အမုန်းပွားကြမှာပါ… သိပ်အရေးမကြီးတဲ့ ကိစ္စကို ရေးကြီးခွင်ကျယ်ဖြစ်အောင်လုပ်ပြီး သဘောထားကွဲလွဲနေတာကို ပေါ်တင်ဖြစ်အောင် လုပ်လိုက်တာလည်း နည်းဗျူဟာတစ်ခုလို့ ပြောလို့ရပါတယ်…”
ဝမ်ကျင်းက အပျော်များဖြင့် ပြည့်နေပြီး တိတ်ဆိတ်စွာ ခေါင်းကို ငုံ့ထားလေ၏။
လျိုချန်မော့က ရုတ်တရက်ပြောလိုက်သည်။
“လုကျင်း… ချိုင်ကျီသားရဲကို ဘယ်လိုရင်ဆိုင်ရမလဲဆိုတာ ဘယ်လိုသိတာလဲ…”
“ကျွန်တော် တစ်နေရာရာကနေ ဖတ်ခဲ့ဖူးတာ… အဲ့ဒါမှန်မယ်လို့ ကျွန်တော်လည်း သိပ်မသေချာခဲ့ဘူး… မှားနေရင် အရယ်ခံရမှာစိုးလို့ ကျွန်တော် ဘာမှ မပြောခဲ့တာ… အဲ့ဒါကြောင့် ကျွန်တော် ကြိုးစားကြည့်လိုက်တာပါ… အောင်မြင်သွားမယ်လို့ မထင်ခဲ့ဘူး…”
ကွေ့ရှင်းပိက ပြောလိုက်၏။
“ရေနဲ့ရောထားတဲ့ ရှာလကာရည်ကို သုံးလိုက်တာတဲ့လား… ငါ့မျက်လုံးနဲ့သာ မမြင်ရရင် ယုံမှာမဟုတ်ဘူး…”
လျိုချန်မော့က ပင်ပန်းနွမ်းနယ်စွာဖြင့် ပြောလိုက်သည်။
“ကိစ္စလည်း ပြီးပြီဆိုတော့ အားလုံး ကိုယ့်နေရာဆီ ပြန်လို့ရပြီ…”
ထို့နောက် အားလုံးက ဟွေ့ရှစ်ခန်းမဆောင်မှ ပျံပြီး သွားနေချိန်တွင် ကျွင်းယန်ကျစ်က ဖြည်းဖြည်းချင်း လမ်းလျှောက်ကာ ထွက်သွားလေ၏။ ဝမ်ကျင်းက သူ့ကို အမီလိုက်ကာ ပြောလိုက်သည်။
“ကျွန်တော့်ကို ကူညီခဲ့လို့ ကျေးဇူးတင်ပါတယ်… ကျွင်းရှစ်ရှုန်း…”
ကျွင်းယန်ကျစ်က ရပ်ပြီး သူ့ကိုလှည့်ကြည့်လိုက်၏။
“ကျေးဇူးတင်ဖို့မလိုပါဘူး… ခက်ခက်ခဲခဲ ကိစ္စမှ မဟုတ်တာ…”
ဝမ်ကျင်းက လက်ကို ပွတ်သပ်နေလေသည်။
“နောက်ကျနေပြီ…ရှစ်ရှုန်း အိမ်ကိုပြန်ပြီး စောစော အနားယူပါ…”
“မှောင်နေပြီ… အိမ်ကို ပြန်ပို့ပေးရမလား…”
ဝမ်ကျင်းက မြန်မြန် တုံ့ပြန်လိုက်၏။
“ရပါတယ်… ကိုယ့်ဘာသာပြန်လိုက်ပါမယ်…”
“ကိုယ့်လိပ်က အိမ်ပြန်မလာတာ ၇ရက် ၈ရက် လောက်ရှိပြီ... မင်းဆီမှာပဲထင်တယ်... လမ်းမှာ တစ်ခါတည်း ဝင်ယူလိုက်မယ်လေ...”
“အာ... ဟုတ်တယ်... လိပ်က ကျွန်တော့်အိမ်မှာ...”
ကျွင်းယန်ကျစ်က ဝမ်ကျင်း၏ခါးကိုဖက်ကာ ချီလိုက်၏။ ဝမ်ကျင်းက ချက်ချင်း သူ့လည်ပင်းကို ဖက်လိုက်လေသည်။ ကျွင်းယန်ကျစ်၏ မျက်နှာပေါ်တွင် အပြုံးရိပ်တစ်ခုက ဖြတ်ပြေးသွားလေ၏။
“ရှစ်တိက ကြောက်လို့လား...”
“မဟုတ်ဘူး... မဟုတ်ဘူး... မကြောက်ပါဘူး...”
နောက်ဆုံးတစ်ကြိမ် ပျံတုန်းက အကြီးဆုံးရှုစ်ရှုန်းလုပ်တာ ငါကြောက်လို့သေတော့မယ်...
လျိုချန်မော့က ဝမ်ကျင်းအား ပုခုံးပေါ်တွင် ထမ်းခေါ်ခဲ့သဖြင့် သူ၏ ခန္ဓာကိုယ်က ဇောက်ထိုးဖြစ်နေခဲ့၏။ အလွန်နက်သော ကျောက်ကမ်းပါးများကို မျက်နှာချင်းဆိုင်ခဲ့ရသဖြင့် အန်ထွက်လုနီးပါး ဖြစ်ခဲ့သည်။
ကျွင်းရှစ်ရှုန်းရဲ့ နူးညံ့တဲ့ အပြုအမူနဲ့ ဘယ်လိုယှဉ်လို့ရမှာလဲ…
“သွားကြစို့…”
ကျွင်းယန်ကျစ်က ဝမ်ကျင်းကို ငုံ့ကြည့်ပြီးနောက် လေဟုန်စီးသွားလေတော့သည်။
⛰️⛰️⛰️