Ch 9
Viewers 3k

⛰️Chapter - 9

ဒုတိယရှစ်ရှုန်း ဟယ့်လင်



အနက်ရောင်ဝတ်စုံနှင့်လူက သူ့တစ်ကိုယ်လုံးကို ကြည့်ပြီးနောက် ချက်ချင်း အကြည့်လွှဲလိုက်လေသည်။ ထို့နောက် သူ့အကြည့်က မြေပေါ်ရှိ လိပ်ဆီသို့ရောက်သွားပြီးနောက် ပြောလိုက်၏။

“ကိုယ့်လိပ်က ပျောက်နေတာ လေးရက်ရှိပြီ… မင်းဆီရောက်နေတယ်လို့ကြားတယ်…”


ဝမ်ကျင်းက ဖြည်းဖြည်းချင်း ဘေးဘက်တွင် ရပ်လိုက်ပြီး သူ၏ခန္ဓာကိုယ်အစိတ်အပိုင်းကို ဖုံးကွယ်ထားကာ စိတ်သောကရောက်နေလေသည်။

“ဟုတ်တယ် သူဒီမှာနေနေတာ”


သူ့ခြေထောက်နားရှိ အဝတ်အစားများတွင် ရွှံ့နှင့်ချွေးများ ပေကျံနေ၍ ပြန်ဝတ်ရန် အဆင်မပြေပေ။


သန့်ရှင်းတဲ့အဝတ်အစားတွေက…..


ကျွင်းယန်ကျစ်၏ နောက်ရှိ ဝါးတိုင်ပေါ်တွင် ချိတ်ထားပြီး အဝတ်အစားများက လေထဲတွင် တဖျတ်ဖျတ်ခတ်နေလေ၏။


ကျွင်းယန်ကျစ်က လိပ်ကိုကြည့်ပြီးပြောလိုက်သည်။

“သူ ဒုက္ခပေးသေးလား…”


ဝမ်ကျင်းက ရှက်ရွံ့နေပြီး တစ်ချက်ရယ်လိုက်၏။

“သူက အရမ်းသိတတ်တယ်… ဘာဒုက္ခမှမပေးပါဘူး… ကျွင်းရှစ်ရှုန်း… နောက်ကဝါးတိုင်မှာ အင်္ကျီချိတ်ထားတယ်… အဲ့ဒါ….”


သူ စကားမဆုံးခင်အချိန်တွင် မီခိုးဖျော့ရောင် အင်္ကျီနှင့် ဘောင်းဘီက သူ့ထံသို့ ပျံ့လွင့်လာလေသည်။ ဝမ်ကျင်းက ခန္ဓာကိုယ်ကို ချက်ချင်းရေသုတ်လိုက်ပြီး ဘောင်းဘီဝတ်ကာ ခါးစည်းကြိုးကို အမြန်ချည်လိုက်၏။ ထိုအချိန်မှသာ စိတ်သက်သာရာ ရသွားလေသည်။


ကျွင်းယန်ကျစ်၏ အကြည့်က ဝမ်ကျင်း၏ ခန္ဓာကိုယ်ပေါ်တွင်သာ ရှိနေလေ၏။ သူက ခပ်ဖွဖွပြုံးလိုက်ပြီးနောက် တစ်ခုခုကို ပြောရန်ဟန်ပြင်လိုက်သော် ဘာမှမပြောခဲ့ပေ။


သူက စိမ်ပြေနပြေဖြင့် ဆောင့်ကြောင့်ထိုင်ချကာ လိပ်ကို ကောက်ယူလိုက်၏။

“သူ့ကိုစောင့်ရှောက်ပေးထားတဲ့ အရမ်းကျေးဇူးတင်ပါတယ်… ကိုယ်သူ့ကို ပြန်ခေါ်သွားတော့မယ်…”


ကျွင်းယန်ကျစ်တွင် တိမ်ကဲ့သို့ ရိုးရှင်းပြီး ကျက်သရေရှိသော မျက်နှာရှိ၏။ အဆင့်(၉) အမတကဲ့သို့ သူ့ခန္ဓာကိုယ်နောက်တွင် မြူများက ရစ်ဝဲနေလေသည်။ 


ဝမ်ကျင်းက ချက်ချင်း အမူအရာကို ပြင်ကာ ပြောလိုက်သည်။

“ကောင်းကောင်းသွားပါ… ကျွင်းရှစ်ရှုန်း…”


အနက်ရောင်ဝတ်စုံနှင့် အမျိုးသားက လိပ်ကိုသယ်ဆောင်ပြီး လေထဲသို့ ပျံတက်သွားလေသည်။ ထို့နောက် သူက နောက်သို့ တစ်ချက်ပြန်လှည့်ကြည့်ပြီး မျက်ခုံးပင့်လိုက်၏။

“နောက်မှ တွေ့ကြတာပေါ့…”


လိပ်လေးက စိတ်ပျံ့လွင့်နေပုံပေါ်နေသော်လည်း ခြေလက်တိုတိုများကို လှုပ်ရှားကာ ဝမ်ကျင်းကို ကြည့်နေလေသည်။


ဝမ်ကျင်းက ကျွင်းယန်ကျစ် အဝေးသို့ရောက်သွားအထိ ကြည့်နေလိုက်၏။ ထို့နောက် သာနေသည့်နေက တဖြည်းဖြည်း တိမ်များကြားတွင် ပျောက်ကွယ်သွားပြီး မှောင်ရီပျိုးလာလေသည်။


*********


တစ်လကြာပြီးနောက် ဆောင်းရာသီ နှောင်းပိုင်းတွင် မြေသားက တဖြည်းဖြည်း မာလာပြီဖြစ်သည်။ ဝမ်ကျင်း၊ ကုကျင်းပိုင်နှင့် မော့ရှောက်ယန်တို့က ခြံထဲတွင် အသီးအရွက်များကို နေ့တိုင်းခူးဆွတ်ပြီး အလုပ်များနေကြ၏။ ယခုအချိန်တွင် သူတို့က အစည်းအဝေးလေးတစ်ခု ကျင်းပနေလေသည်။


လျိုချန်မော့ကလည်း ရှိနေပြီး လက်ဖက်ရည်သောက်ကာ သူတို့၏ ဆွေးနွေးမှုကို နားထောင်နေလေသည်။


အကြီးဆုံးဖြစ်သည့် ကုကျင်းပိုင်က စကားပြောရန် လည်ချောင်းရှင်းလိုက်၏။


“ခြံထဲကနေ ပဲနီလေး၊ ပဲဝါလေး၊ ပဲတောင့်ရှည်၊ ကျောက်ဖရုံသီး၊ ကုန်စွန်းဥ၊ ဝဥ၊ ဂေါ်ဖီထုပ်နဲ့ ဗိုလ်စားပဲတွေကို ခူးပြီးပြီ… အသီးတွေကတော့ အများကြီးမရှိဘူး… သစ်တော်သီး၊ ဘယ်ရီသီးနဲ့ မက်မွန်သီးပဲရှိတယ်… သိုလှောင်ရုံသုံးခုလုံးကတော့ ပြည့်သွားပြီ… အဲ့ဒါတွေကို ရောင်းမယ်ဆိုရင် ဆောင်းတွင်းအတွက်တော့ ကောင်းကောင်းဖူလုံလိမ့်မယ်…”


“စိတ်ဝိညာဉ်မြက်ကရော...”


ကုကျင်းပိုင်က ပြောလိုက်သည်။

“စိုက်ထားတဲ့ စိတ်ဝိညာဉ်မြက်တွေက နဂါးဝါဆေးလုံးကို သန့်စင်ဖို့ပဲ သုံးတယ်... အကုန်လုံးကို ခူးပြီးပြီ... စုစုပေါင်း ၁၄၈ ပင်ရတယ်... ကျန်တဲ့အပင်တွေကတော့ ဆောင်းရာသီမှာ ခြံထဲမှာပဲ ရှိနေဦးမယ်ထင်တယ်...”


လျိုချန်မော့က ခေါင်းညိတ်လိုက်၏။

“စိတ်ဝိညာဉ်မြက်တွေက ရင့်မှည့်ဖို့အတွက် သုံးနှစ်ကနေ ငါးနှစ်အထိ အချိန်ပေးရတယ်... မင်းတို့ ကောင်းကောင်း ဂရုစိုက်ရမယ်...”


ကုကျင်းပိုင်က ပြောလိုက်သည်။

“ရှစ်ရှုန်း... နောက်တစ်ခုက ခြံထဲမှာရှိတဲ့ ပျိုးပင်ပေါက်တွေကို ဂရုစိုက်ဖို့အတွက် လူကို အလှည့်ကျတာဝန်ပေးချင်လား... “


လျိုချန်မော့က ပြန်ပြောတော့မည့်အချိန်တွင် မော့ရှောက်ယန်က  ဖြည်းညင်းစွာ ပြောလိုက်၏။

“ရှစ်ရှုန်း... သူပြောတာနားမထောင်နဲ့... သူက ပျင်းနေရုံပဲ...”


ကုကျင်းပိုင်က ဒေါသတကြီးပြောလိုက်၏။

“ဘယ်လိုလုပ် ပျင်းမှာလဲ… ငါတို့မှာ လုပ်စရာမှ အများကြီးမရှိတော့တာ… ရှစ်ရှုန်း… တွေ့လား…သူကျွန်တော့်ကို ဘယ်လိုစကားပြောလဲဆိုတာ ရှစ်ရှုန်းမြင်တယ်မလား...”


လျိုချန်မော့၏ နှုတ်ခမ်းထောင့်က ကွေးတတ်သွားလေ၏။

“ကျင်းပိုင်ပြောတာ အဓိပ္ပါယ်ရှိတယ်... ဒီသုံးနှစ်အတွင်း တောင်ထိပ်ရဲ့ အရည်အချင်း အကဲဖြတ်ပွဲက ရောက်လာတော့မှာ... ဒီဆောင်းရာသီလတွေကို အခွင့်ကောင်းယူပြီး ကြိုကြိုစားစား လေ့ကျင့်သင့်တယ်... အနည်းဆုံး ကျင့်ကြံဆင့် ၂ဆင့်တော့ တိုးတက်အောင် လုပ်ရမယ်... လာမယ့်နွေဦးကျရင် မင်းတို့ရဲ့ ကျင့်ကြံဆင့်တွေကို ငါလာကြည့်မယ်...”


ကုကျင်းပိုင်က လျိုချန်မော့ပြောသည်ကို နားထောင်ပြီးနောက် သူပြောခဲ့သည့် စကားများကို နောင်တရသွားလေသည်။

“ပျိုးပင်တွေကို ကြည့်ရဦးမှာပေါ့…”


မော့ရှောက်ယန်က ဖြည်းဖြည်းချင်းပြောလိုက်၏။

“မင်းဘာပြောလိုက်တာ…”


ကုကျင်းပိုင်က ဒေါသထွက်လာ၏။

“မင်းပါးစပ်ပိတ်ထား…”


လျိုချန်မော့က ပြောလိုက်၏။

“ဒီလိုဆိုမှတော့ ပျိုးပင်တွေကို အလှည့်ကျကြည့်လေ… ပထမက ကျင်းပိုင်… ဒုတိယက ရှောက်ယန်… တတိယက လုကျင်း… အဲ့လိုမျိုး အလှည့်နဲ့သွားလိုက်ပေါ့… ကျန်တဲ့အချိန်တွေမှာ လျှောက်မသွားနေနဲ့… ကိုယ့်အိမ်မှာပဲနေပြီး ကျင့်ကြံနေ…”


သုံးယောက်သားက ခေါင်းညိတ်လိုက်သည်။

“နားလည်ပါပြီ….”


ထိုအချိန်မှစပြီး ဝမ်ကျင်းက ပျိုးပင်များကို ကြည့်ရန် သုံးရက်တစ်ကြိမ်သာ အသီးအရွက်ခြံသို့သွားရန် လိုအပ်လေသည်။ သူ့ထံတွင်အားလပ်ချိန်များစွာ ရှိလာ၏။ နောက်တစ်လသို့ရောက်သောအခါ သူ၏ ချီသန့်စင်ခြင်း ကျင့်ကြံဆင့်က အဆင့်(၆)သို့ ချိုးဖြတ်ရန် အရိပ်အယောင်များ ပြလာလေသည်။ သူ၏ မွေးရာပါနားလည်နိုင်စွမ်းက သာမန်မျှသာဖြစ်သည်မှာ ဝမ်းနည်းစရာကောင်းလေသည်။ ထို့ကြောင့် သိုင်းပညာများကို  လေ့ကျင့်ခြင်းလုပ်ငန်းစဉ်က ပိုပြီးနှေးလေ၏။


တစ်ရက်တွင် ဝမ်ကျင်းအပြင်သို့ ထွက်လိုက်သောအခါ နှင်းပွင့်များကျနေသည်ကို မြင်လိုက်ရပြီး ကျယ်ပြောသော အဖြူရောင်လွင်ပြင်ကိုလည်း မြင်လိုက်ရလေသည်။


နောက်ဆုံးတွင် ဆောင်းရာသီရောက်ရှိပြီ ဖြစ်လေသည်။


ခြံထဲတွင် ပါးလွှာသော နှင်းအလွှာလေးရှိနေ၏။ ထိုနေရာတွင် အနက်ရောင်လိပ်ကြီး၏ အခွံကိုမြင်လိုက်ရပြီး ၎င်း၏ ခေါင်းနှင့် ခြေလက်များက အခွံထဲတွင်ဝင်နေလေသည်။


လိပ်က အအေးဒဏ်ကို ခံနိုင်လားဆိုသည်ကို ဝမ်ကျင်း မသိသဖြင့် လိပ်ကိုချီကာ အိမ်ထဲသို့ သယ်လာလိုက်ပြီး အိပ်ရာပေါ်တွင် တင်ပေးလိုက်၏။


ဝမ်ကျင်းက လိပ်ကို စောင့်နှင့်ပတ်ပေးလိုက်သဖြင့် လိပ်၏ခေါင်းနှင့် ခြေလက်များက အခွံထဲမှထွက်လာကာ အနက်ရောင်မျက်လုံးများက ဝမ်ကျင်းကို ကြည့်နေလေသည်။


လိပ်က ဝမ်ကျင်း၏အိမ်တွင် နေသည်မှာ ဆယ်ရက်ရှိပြီဖြစ်သော်လည်း ကျွင်းယန်ကျစ်က ပေါ်မလာခဲ့ပေ။ ဝမ်ကျင်းက လိပ်ကို သူ၏အိမ်မွေးတိရစ္ဆာန်ကဲ့သို့ ဆက်ဆံပြီး တစ်ခါတစ်ရံ လိပ်အိပ်နေချိန်တွင် ဝမ်ကျင်းက ချီပေးထားလေသည်။


ယခုနေ့လည်ခင်းက ခြံထဲသို့ ဝမ်ကျင်းသွားရမည့်အလှည့်ဖြစ်သည်။ သူက လိပ်ကို အိပ်ရာထဲတွင် ထားခဲ့ပြီး ပြောင်းဖူးပန်ကန်ကိုလည်း သူ မသွားခင် ချထားပေးခဲ့၏။


သူဥယျာဉ်ခြံသို့ ရောက်သည့်အချိန်တွင် ခြံထဲ၌ ရှုပ်ပွနေသည်ကိုမြင်လိုက်ရလေသည်။


စိတ်ဝိညာဉ်မြက်များ၏ ၂၀ရာခိုင်နှုန်းခန့်က အစားခံထားရပြီး သစ်ရွက်များက နေရာအနှံ့တွင် ပျံ့ကြဲနေလေ၏။ ခြံ၏ အလယ်တွင်မူ ရွှေရောင်သားရဲက အငမ်းမရစားသောက်နေပြီး ဆူဆူညံညံလုပ်နေလေသည်။ 


ဝမ်ကျင်း၏မျက်နှာက ဖြူဖျော့လာပြီး စဉ်းစားမနေဘဲ မီးဖိုချောင်သို့ အပြေးသွားကာ ရှာလကာရည်ပုလင်းကို ယူလိုက်သည်။ ယခုအချိန်က ဆောင်းရာသီဖြစ်သဖြင့် ပုံးထဲရှိ ရေကခဲနေ၏။ သူက အတွင်းအားကိုသုံးကာ ရေခဲကို အရည်ဖျော်လိုက်ပြီးနောက် ပုလင်းထဲရှိ ရှာလကာရည်ကို လောင်းထည့်လိုက်သည်။ 


ရွှေရောင်သားရဲက ရှာလကာရည်နံ့ကို ရသဖြင့် ခေါင်းမော့ကြည့်လိုက်သော်လည်း စိတ်ဝိညာဉ်မြက်များက ဆွဲဆောင်နေသဖြင့် တစ်ဖန်ခေါင်းကိုငုံ့ကာ ဆက်စားနေလေသည်။ ဝမ်ကျင်းက ပုံးကိုသယ်လာပြီး ဖြည်းဖြည်းချင်း အနားကပ်လာကာ သားရဲ၏တစ်ကိုယ်လုံးကို အညှာအတာမရှိ ပက်လိုက်လေ၏။


ရှာလကာရည် တစ်ပုံးလုံးက ရွှေရောင်သားရဲ၏ တစ်ကိုယ်လုံးပေါ်တွင် စိုရွှဲနေလေသည်။


ရှာလကာရည်က ၎င်း၏ခန္ဓာကိုယ်ကို ပုရွက်ဆိတ် ထောင်ပေါင်းများစွာက ကိုက်ဖြတ်နေသကဲ့သို့ မခံမရပ်နိုင်သည်မထိ ယားယံစေလေသည်။ ဤကဲ့သို့ ညှဉ်းပန်းနှိပ်စက်ခံရပြီးနောက် နာကျင်စွာ အော်ဟစ်ကာ လူးလှိမ့်နေပြီးနောက် ဝမ်ကျင်းအား သေသည်အထိကိုက်ပစ်ရန် ဝမ်ကျင်းထံသို့ ဦးတည်သွားလေသည်။ 


ဝမ်ကျင်းက ဂရုမစိုက်ဘဲ မနေရဲပေ။ သူက ရှိသမျှ အားကုန်သုံးပြီး အသီးအရွက်ခြံထဲမှ ထွက်ပြေးလေ၏။ 


သူက အချိန်အတော်ကြာ ပြေးနေပြီးနောက် မာကျောသည့် မြေပေါ်မှ ‘ဘုန်း’ ဟုအသံကြားကာ ရွှေရောင်သားရဲက လဲကျသွားသည်ကို မြင်လိုက်ရလေသည်။


[ချိုင်ကျီဝိညာဉ်သားရဲတွင် ရွှေရောင်အဆင်းရှိသော ခန္ဓာကိုယ်ရှိသည်။ ၎င်း၏ အပြင်ပိုင်းခန္ဓာကိုယ်က မာကျောပြီး ရှာလကာရည်ကို အလွန်ကြောက်သည်။ ရေနှင့်ရောထားသော ရှာလကာရည်နှင့် အပက်ခံရလျှင် ၎င်းက ယားယံလာပြီးနောက် မေ့မျောသွားလိမ့်မည်။ ထိုအကြောင်းအရာကို လူအနည်းငယ်ကသာ သိ၏။ သူ၏ပိုင်ရှင်ဖြစ်သော ဝူယင်းပင်လျှင် ဤအကြောင်းအရာကို မသိ‌ပေ။ ]


‘သက်ရှိတိုင်းအတွက် ကပ်ဘေးတစ်ခု’ အပိုင်း ၁၅ မှ ကောက်နှုတ်ချက် ဖြစ်သည်။ 


သားရဲကို ကြိုးနှင့်ချည်ပြီးနောက် အနည်းငယ်လှမ်းသည့် နေရာမှ လူတစ်ယောက်၏ အသံကို ကြားလိုက်ရသည်။

“ပါးဖုန်း... လာစမ်း...”


ဝမ်ကျင်းက ရွှေရောင်သားရဲကိုဆွဲလာပြီး ခြံထဲရှိ လျှို့ဝှက်မြေအောက်ခန်းထဲသို့ သယ်သွားကာ ခပ်ပြင်းပြင်းတစ်ချက် ကန်လိုက်၏။


“ပါးဖုန်း… ပြန်ကြမယ်…” 


အပြင်ဘက်ရှိလူက အချိန်အတော်ကြာ စောင့်နေသော်လည်း မည်သည့်အရိပ်အယောင်မှ မတွေ့ချေ။ ထို့ကြောင့် သူက တည်တည်ငြိမ်ငြိမ်ဖြင့် အသီးအရွက်ခြံထဲသို့ ဝင်လာခဲ့သည်။

“ပါးဖုန်း… စားလို့ဝပြီလား…”


ဝူယင်းက လှည့်ပတ်ကြည့်လိုက်သော်လည်း ရွှေရောင်သားရဲလေးကို မတွေ့ဘဲ လူငယ်တစ်ယောက်ကိုသာ မြင်လိုက်ရလေ၏။


ဝူယင်းက မျက်မှောင်ကြုတ်လိုက်သည်။

“ပါးဖုန်းကို တွေ့မိသေးလား…”


ဝမ်ကျင်းက ခေါင်းညိတ်လိုက်၏။

“တွေ့မိတယ်… ကျွန်တော်သူ့ကိုဖမ်းထားတယ်…”


ဝူယင်းက လှောင်ပြောင်လိုက်၏။

“မင်းကလား… ဖမ်းနိုင်တယ်ပေါ့…”


ဝမ်ကျင်းက သူ့အား အေးစက်စွာဖြင့်ကြည့်ကာ သရော်လိုက်သည်။

“ယုံချင်ယုံ မယုံချင်နေ…”


ဝူယင်းက သံသယဖြင့် မျက်မှောင်ကြုတ်ကာ အော်လိုက်ပြန်၏။

“ပါးဖုန်း…”


သို့ရာတွင် မည်သည့် တုံ့ပြန်မှုမှ ပြန်မရချေ။

“မင်း သူ့ကို ဘာလုပ်လိုက်တာလဲ….”


“မသေသေးပါဘူး… ဒါပေမဲ့ သတ်လိုက်လို့တော့ရတယ်…”


ဝူယင်းက ချိုင်ကျီဝိညာဉ်သားရဲကို နှစ်ပေါင်းများစွာ ပျိုးထောင်ခဲ့သည်။ သူ၏ ကျင့်ကြံဆင့်တက်ရန် ၎င်းကိုသာ အားကိုးနေရ၏။ သို့ရာတွင် သူ့ရှေ့ရှိလူငယ်က သူ့သားရဲကို သတ်ပစ်မည်ဟု ခြိမ်းခြောက်နေသည်။ သူက လက်ဖဝါးထဲတွင် အဖြူရောင် ဝိညာဉ်စွမ်းအားလုံးကို စုစည်းကာ ဝမ်ကျင်းကို ခြိမ်းခြောက်လိုက်၏။

“ပါးဖုန်းကို ငါ့ဆီပြန်ပေးစမ်း…”


ဝမ်ကျင်းက အော်ဟစ်ကာ ထွက်ပြေးလေသည်။

“ခင်ဗျားရဲ့ သားရဲက ကျွန်တော်တို့ရဲ့ စိတ်ဝိညာဉ်မြက်တွေကို အများကြီး စားပစ်ထားတာ… ပိုက်ဆံပြန်လျော်ပေး…”


ဝူယင်းက ဝိညာဉ်စွမ်းအားလုံးကို  ဝမ်ကျင်းဆီသို့ ပစ်လိုက်ချိန်တွင် ဝမ်ကျင်း၏ ခြေအဖျားကို ထိမှန်သွားပြီးနောက် ကျောက်တုံးတစ်တုံးက အပိုင်းပိုင်းကွဲထွက်သွားလေသည်။


“ပါးဖုန်းကို ပြန်ပေးစမ်း…”


“ပိုက်ဆံပြန်လျော်ပေး… စုစုပေါင်း စိတ်ဝိညာဉ်ကျောက်တုံး ၂၁၂ တုံး… ပိုက်ဆံပြန်လျော်ရင် ပါးဖုန်းကိုပြန်ပေးမယ်…”


ဝူယင်းက ဒေါသတကြီးပြောလေသည်။

“ငါ မပေးနိုင်ဘူး…”


ဝမ်ကျင်းက စိတ်ထဲတွင် တွေးလိုက်၏။


ဒီကလိမ်ကကျစ်ကောင်က အရမ်းဆင်းရဲတယ်… သူ့မှာ စိတ်ဝိညာဉ်ကျောက်တုံး အလုံး ၂၀ တောင်ရှိမှာမဟုတ်ဘူး… စိတ်ဝိညာဉ်မြက်ဝယ်ဖို့ ပိုက်ဆံမရှိတာနဲ့ပဲ ငါတို့ကို လာအနိုင်ကျင့်နေတာ… ဒီလောက် အရှက်မရှိတဲ့လူမျိုး မမြင်ဖူးသေးဘူး…


‘ဘန်း’ ဟုအသံထွက်ကာ သူ့နောက်ကျောကို အရိုက်ခံလိုက်ရပြီးနောက် ဝမ်ကျင်းက လဲကျသွားလေသည်။


ဝူယင်းက ဒေါသတကြီးဖြင့် သူ့အနားသို့ရောက်လာ၏။

“ပါးဖုန်းကို ပြန်ပေး…”


ဝမ်ကျင်းက အေးစက်စွာဖြင့် ပုခုံးကိုထိကာ ပြန်ပြောလိုက်သည်။

“ကိုယ့်ဘာသာရှာ…”


ဝူယင်းက စိုးရိမ်စွာဖြင့် ခြံတစ်ခြံလုံးကို လှည့်ပတ်ရှာနေသော်လည်း သူ့သားရဲ၏ အရိပ်အယောင်ကိုပင် မမြင်ရချေ။ 


“မင်းပြောမှာလား… မင်းမပြောရင် မင်းတို့ရဲ့ ခြံကို မီးရှို့ပစ်လိုက်မယ်…”


သူပြောပြီးနောက် မြေကြီးပေါ်ရှိ မြက်ခြောက်တစ်ထုပ်ကို မီးရှို့လိုက်၏။


ဝမ်ကျင်းက စိတ်ထဲတွင် ကြောက်လန့်နေလေသည်။


ခြံသာ မီးလောင်သွားရင် ဆောင်းတွင်းတစ်တွင်းလုံး ဟွေ့ရှစ်တောင်ထိပ်ကလူတွေ ဘယ်လိုစားသောက်ကြတော့မှာလဲ… ဒါပေမဲ့ အခု ငါ အားနည်းပြီး အရှုံးပေးလိုက်ရင် ဝူယင်းက ငါတို့ကို ဆက်အနိုင်ကျင့်နေမှာပဲ…


ဝမ်ကျင်းက စိတ်ကို ကြံ့ကြံ့ခံထားလိုက်သည်။

“ဒါဆိုလည်း ရှို့လိုက်ပေါ့… ခြံနဲ့အတူ ကျွန်တော့်ကိုပါ တစ်ခါတည်းရှို့လိုက်တာ ကောင်းမယ်… အဲ့ဒါဆို ခင်ဗျားရဲ့သားရဲကို ရှာမတွေ့ရုံမဟုတ်ဘဲ ဟွေ့ရှစ်တောင်ထိပ်ကို မီးရှို့တဲ့ လူလည်း ဖြစ်သွားမှာ… ဂိုဏ်းသားအချင်းချင်းကို သတ်ဖြတ်တဲ့ အပြစ်သားဖြစ်လာမှာ…”


ဝူယင်း၏ အသားအရေက ဖြူဖျော့လာလေ၏။ မီးက အလွန်ကြီးမားလာပြီး သိုလှောင်ရုံနားရောက်သည်အထိ လျင်မြန်စွာ မီးကူးလာလေသည်။


ထို့နောက် လေပွေတစ်ပွေက ခြံထဲသို့ရောက်၏။ ရုတ်တရက် ကောင်းကင်မှ မိုးရွာချလာပြီး မီးကို ငြှိမ်းသတ်လိုက်လေသည်။ မီးခိုးရင့်ရောင်ဝတ်ထားသည့် လူတစ်ယောက်က သူတို့နှစ်ယောက်နားသို့ ရောက်လာပြီး အေးစက်စွာပြောလိုက်လေသည်။

“မီးကို ဘယ်သူရှို့တာလဲ…”


ထိုလူက အရပ်ရှည်ပြီး အသက် ၂၅၊ ၂၆ နှစ်အရွယ်ရှိလေသည်။ သူ၏ အသွင်အပြင်က ခက်ထန်နေပြီး သုန်သုန်မှုန်မှုန် မျက်နှာထားဖြစ်နေလေ၏။


တောင်ထိပ်သို့ ဝမ်ကျင်းရောက်သည့်အချိန်တွင် လျိုချန်မော့က ဝမ်ကျင်းအား လူတိုင်းနှင့် မိတ်ဆက်ပေးခဲ့သည်။


“ဒုတိယရှစ်ရှုန်း… ဒီဝူယင်းဆိုတဲ့လူက ကျွန်တော်တို့ ခြံကို မီးရှို့လိုက်တာ…”


မီးခိုးရောင်ဝတ်စုံနှင့်လူက ဝူယင်း၏ အပြုအမူကို ဒေါသထွက်သွားပြီး ဝူယင်းကို လက်ဝါးဖြင့် တစ်ချက် ရိုက်လိုက်၏။


“အာ့…”

ဝူယင်းက အော်ဟစ်ကာ မြေပေါ်သို့ လဲကျသွားပြီး မျက်နှာက ဖြူဖျော့လာလေသည်။ 


[ဒုတိယ ရှစ်ရှုန်း ဟယ့်လင်တွင် လေပြောင်းလဲခြင်း ဝိညာဉ်ဇစ်မြစ်ရှိသည်။ သူက နှလုံးသားကင်းမဲ့သူ တစ်ယောက်ဖြစ်ပြီး အဓိပ္ပာယ်မရှိသော စကားများကို သည်းမခံပေ။ သူ မကြိုက်သောလူတစ်ယောက်ကို တွေ့လျှင် ထိုတစ်ယောက်ကို ချက်ချင်း ရိုက်ပစ်၏။ ဟွေ့ရှစ်တောင်ထိပ်တွင် နေစဉ်အတွင်း မရေမတွက်နိုင်သော ပြဿနာများကို ကြုံရလေသည်။ အခြားလူများ၏ အကြောင်းကိစ္စများကို ဝင်စွက်ဖက်ခြင်းမှ ရှောင်ကြဉ်ရန် လျိုချန်မော့က သူ့အား သီးခြားခွဲကာ ကျင့်ကြံစေလေသည်။]


‘သက်ရှိတိုင်းအတွက် ကပ်ဘေးတစ်ခု’ အပိုင်း (၁၅) မှ ကောက်နုတ်ချက်ဖြစ်သည်။


ဝမ်ကျင်းက ဟယ့်လင်ကို တွေဝေစွာကြည့်နေချိန်တွင် သူက နောက်တစ်ချက်ရိုက်လိုက်သည်ကို မြင်လိုက်ရလေ၏။ သူ့ကို ရန်စရန် မလွယ်ပေ။



⛰️⛰️⛰️