Ch 8
Viewers 3k

⛰️Chapter - 8

ကျွင်းရှစ်ရှုန်းရဲ့ ဝိညာဉ်သားရဲ



ဝမ်ကျင်းက တစ်လကျော်ကျော်ခန့် ကြာသည့်တိုင်အောင် ငြိမ်းချမ်းစွာဖြင့် နေခဲ့လေသည်။ ယနေ့တွင် ဝမ်ကျင်းက ကျောက်တုံးအိမ်မှ ထွက်ပြီး အသီးအရွက်ခြံထဲသို့ သွားရန် ပြင်လိုက်သည်။ သူက ခေါင်းငုံ့ကြည့်လိုက်သည့်အချိန်တွင် အတိတ်နိမိတ်မကောင်းသော အနက်ရောင်အရာတစ်ခုက အောက်တွင် တွားသွားနေသည်ကို မြင်လိုက်ရလေ၏။


အနီးကပ် ကြည့်လိုက်သောအခါ ၎င်းက ခြေလက်တိုတို လေးချောင်းနှင့် အခွံတစ်ခုရှိပြီး နူးညံ့ကာ အန္တရာယ်မရှိပုံ ပေါ်လေသည်။


မမျှော်လင့်ထားစွာဖြင့် ၎င်းက လိပ်တစ်ကောင်သာ ဖြစ်လေသည်။


ထိုလိပ်က လက်ဆေးဇလုံတစ်ခုစာ အရွယ်အစားရှိပြီး အစိမ်းပုပ်ရောင်ဖြစ်ကာ ထူထဲသော အခွံတစ်ခုနှင့် အလွန်သေးသော ခေါင်းဝိုင်းဝိုင်းတစ်ခု ရှိလေသည်။ လက်ရှိအချိန်တွင် ထိုလိပ်က မည်သည့်လှုပ်ရှားမှုမှ လုပ်မနေပေ။


ဝမ်ကျင်းက တစ်ခဏတာ တွေးတောနေလိုက်၏။


ဒါဘယ်သူ့လိပ်လဲ...


လိပ်က လူမကြောက်ပေ။ သူထွက်လာသည်ကို မြင်သောအခါ လိပ်က ခေါင်းလှည့်ပြီး စူးရှနက်မှောင်သော မျက်လုံးတစ်စုံဖြင့် သူ့ကိုစိုက်ကြည့်လေ၏။ သူက လိပ်ကို အာရုံမစိုက်တော့ဘဲ အခွံကို ကိုင်ကြည့်လိုက်ပြီးနောက် လိပ်ကိုဖြတ်ကျော်ကာ အသီးအရွက်ခြံထဲသို့ သွားရန် တောင်လမ်းသို့ လျှောက်သွားလိုက်လေသည်။ သူ နောက်ပြန်လှည့်ကြည့်သောအခါ လိပ်လေးကလည်း သူ့ကို လှည့်ကြည့်နေလေ၏။ လိပ်က တုံးအပုံပေါ်ပြီး မည်သည့်လှုပ်ရှားမှုမှ မလုပ်သေးပေ။


ကြည်လင်နေသော ကောင်းကင်ကြီးကို မော့ကြည့်ပြီးနောက် သူ၏စိတ်အခြေအနေက ကောင်းကင်ကဲ့သို့ ကြည်လင်နေလေသည်။ ဝမ်ကျင်းက အသီးအရွက်ခြံသို့ ရောက်သောအခါ ကုကျင်းပိုင်၏ စိတ်ဆိုးနေသောအသံကို မဝေးသောနေရာမှ ကြားလိုက်ရလေ၏။

“ဒီဟာက ရောက်လာပြန်ပြီ... မောင်းထုတ်လိုက်...”


ဝမ်ကျင်းက ခြံထဲသို့ မြန်မြန်ဝင်ကြည့်လိုက်သောအခါ အနည်းငယ် အံ့အားသင့်သွားလေသည်။


အသီးအရွက်တစ်တန်းက ပုံမှန်မဟုတ်စွာဖြင့် ဟိုဘက် သည်ဘက် ယိုင်နေလေသည်။ တစ်စုံတစ်ခုက အသီးအရွက်များကို တိုက်သွားပြီး အရှုပ်အပွများ လုပ်သွားပုံရသည်။ စိတ်ဝိညာဉ်မြက်ခင်းကလည်း ပျက်စီးနေလေ၏။ ဆယ်ပင်ကျော်ခန့်က အပိုင်းအစများ ဖြစ်သည်အထိ အကိုက်ခံထားရပြီး အားလုံးက ပျက်စီးနေလေသည်။ အခြားစိုက်ခင်းတစ်ခုကလည်း ဖရိုဖရဲဖြင့် အပင်များ သေနေလေသည်။ 


မြက်ခင်း၏ အလယ်တွင် ရွှေရောင်သားရဲလေးက မတ်တတ်ရပ်ကာ စားသောက်နေဆဲ ဖြစ်ပြီး ဘေးရှိ ပရမ်းပတာ အခြေအနေများကို လျစ်လျူရှုထားလေသည်။ 


လေထဲတွင် ဝိညာဉ်စွမ်းအား အကြွင်းအကျန်များဖြင့် ပြည့်နှက်နေပြီး ဘေးရှိ လူအားလုံးကို စိတ်ဒုက္ခ‌ပေးနေလေသည်။


မော့ရှောက်ယန်က တည်တည်ငြိမ်ငြိမ်ဖြင့် လက်ထဲမှ အားပျော့သည့် အစိမ်းရောင် အလင်းတန်းကို ထုတ်လိုက်ပြီး သားရဲလေး၏ ကျောက်တုံးကဲ့သို့ ခန္ဓာကိုယ်ကို ပစ်လိုက်၏။ သားရဲလေးက မရှောင်ရှားဘဲ သူ၏ ဝိညာဉ်စွမ်းအားများနှင့် ပိတ်မိနေလေသည်။ ကံမကောင်းစွာဖြင့် မည်သည့်သက်ရောက်မှုမှ မရှိဘဲ သားရဲလေးက ထိခိုက်ဒဏ်ရာမရရှိပေ။ သတ္တုတစ်ခုနှင့် တိုက်မိသည့် အသံကဲ့သို့ ကျယ်လောင်သော အသံတစ်ခုသာ ထွက်လာလေသည်။ 


ထို့ကြောင့် ၎င်းက ခေါင်းကိုပင် မမော့ဘဲ ဆက်လက်စားသောက်နေလေ၏။


မော့ရှောက်ယန်ကလည်း ရွေးချယ်စရာ မရှိတော့သဖြင့် ဒေါသတကြီး ပြောလိုက်လေ၏။ 

“ငါ အကြီးဆုံးရှစ်ရှုန်းကို သွားခေါ်လိုက်ဦးမယ်...”


ထိုသို့ပြောပြီးနောက် ခြံထဲမှ ထွက်သွားလေသည်။


ဝမ်ကျင်းက တစ်ကိုယ်လုံးတွင် ရွှေရောင်အဆင်းရှိသော သားရဲကို ကြည့်ပြီးနောက် တိတ်တဆိတ် ရေရွတ်လိုက်၏။

“ချိုင်ကျီဝိညာဉ်သားရဲ…”


ဤသားရဲက ထျန်းဟန့်တောင်ထိပ်ရှိ မိစ္ဆာသားရဲထိန်းချုပ်သူများ ပျိုးထောင်ထားသည့် သားရဲဖြစ်သည်။ အချိန်ကြာလာပြီးနောက် ၄င်းက ဟွေ့ရှစ်တောင်ထိပ်ကို ပြေးလာပြီး ဝိညာဉ်စွမ်းအား မြက်ခင်းများကို လာဖျက်ဆီးလေသည်။ အခြားလူများအား ရန်စမိမည်ကို စိုးရိမ်သဖြင့် မည်သူကမှ ထိုသားရဲကို မသတ်ရဲကြပေ။


ဤမိစ္ဆာသားရဲ၏ ခန္ဓာကိုယ်ကို မာကျောသော အပြင်အလွှာတစ်ရံဖြင့် ဖုံးအုပ်ထား၏။ ချွန်ထက်သော ဓားသွားကို အသုံးမပြုလျှင် ၎င်းကို ထိုးဖောက်နိုင်မည်မဟုတ်ချေ။ သို့ရာတွင် သေစေနိုင်သော ချို့ယွင်းချက်တစ်ခုရှိသည်။ ၎င်းက ရှာလကာရည်ကို ကြောက်၏။ 


ခြံကိုစောင့်ရှောက်သည့် လူသုံးယောက်အတွက် ချက်ပြုတ်စားသောက်ရန် ခြံထဲတွင် မီးဖိုးချောင်အသေးလေးတစ်ခုရှိသည်။ ဝမ်ကျင်းက လေကဲ့သို့ အလျင်အမြန်ပြေးသွားပြီး ရှာလကာရည်ဘူးကို ယူလိုက်လေ၏။


ထို့နောက် အထက်စီးဆန်သော အသံတစ်သံကို ခြံထဲမှ ကြားလိုက်ရလေသည်။

“ပါးဖုန်း... လာစမ်း...” 


ရွှေရောင်သားရဲလေးက စားနေသည်ကို ရပ်လိုက်ပြီး ခြံအပြင်သို့ အလျင်အမြန် ခုန်ပေါက်ပြေးသွားလေသည်။

 

ဝမ်ကျင်းနှင့် အခြားလူများက ခြံအပြင်သို့ ထွက်ကြည့်လိုက်ချိန်တွင် ပိန်ပိန်ရှည်ရှည်ပုံစံရှိသော တပည့်တစ်ယောက်က ကျောက်တုံးတစ်တုံးပေါ်တွင် ခြေချိတ်ပြီး ထိုင်နေသည်ကို မြင်လိုက်ရလေသည်။ သူက အသက်ကြီးပြီး အနည်းငယ်ရုပ်ဆိုး၏။ သူ၏ ထူထဲသော မျက်ခုံးများက ရှစ်ပုံစံရှိကာ အနည်းငယ် စိုးရိမ်နေပုံ ပေါ်နေလေသည်။


ထိုမျက်နှာကို မြင်ချိန်တွင် ဝမ်ကျင်းက လူတစ်ယောက်ကို စဉ်းစားမိသွား၏။ ထိုင်နေသည့်လူက ထျန်းဟန့်တောင်ထိပ်၏ တပည့်တစ်ယောက်ဖြစ်သော ဝူယင်းဖြစ်သည်။ သူ့ထံတွင် အလယ်အလတ်အထုံပါရမီ ရှိ၏။ သူက အသက် ၃၀ ကျော်ပြီဖြစ်သော်လည်း ချီသန့်စင်ခြင်း အဆင့်တွင်သာ ရှိသေးသည်။ သူ၏ကျင့်ကြံဆင့်ကို တိုးတက်ရန်အတွက် သူက ချိုင်ကျီဝိညာဉ်သားရဲကို ပျိုးထောင်ရန် ဆုံးဖြတ်လိုက်လေသည်။


ချိုင်ကျီဝိညာဉ်သားရဲများက ကျင့်ကြံသူများ စုပ်ယူရန်အတွက် ဝိညာဉ်စွမ်းအားများကို စုဆောင်းပေးနိုင်သည်။ ချိုင်ကျီက အလွန်အသုံးဝင်သော သားရဲဖြစ်သော်လည်း ၎င်းက စိတ်ဝိညာဉ်မြက်များကို အလွန်စွဲလမ်းပြီး ဖျက်ဆီးတတ်လေ၏။ အလွန်စိတ်ဒုက္ခပေးသော သားရဲဖြစ်သည်။ ဝူယင်းက ဤမိစ္ဆာသားရဲကို ပျိုးထောင်ရဲသော်လည်း ထျန်းဟန့်တောင်ထိပ်ရှိ ဝိညာဉ်စွမ်းအားမြက်ခင်းကို ဖျက်ဆီးခွင့်မပြုနိုင်ချေ။ ထို့ကြောင့် အခါအားလျော်စွာ ဟွေ့ရှစ်တောင်ထိပ်ကို ခေါ်လာခဲ့လေသည်။ 


ကုကျင်းပိုင်က ကိုယ့်တောင်ထိပ်တွင် လူစွမ်းကောင်းလုပ်ရဲသော်လည်း အပြင်လူများကို ပြဿနာမရှာရဲသဖြင့် ဝူယင်းကို မျက်မှောင်ကြုတ်ပြရုံသာ တတ်နိုင်လေ၏။ 


မော့ရှောက်ယန်က ပြောလိုက်၏။

“ဝူရှစ်ရှုန်း… ရှစ်ရှုန်းရဲ့ မိစ္ဆာသားရဲကို ဟွေ့ရှစ်တောင်ထိပ်ဆီ မလာအောင် မတားနိုင်ဘူးလား…”


ဝူယင်းက သူ့ရှေ့ရှိသုံးယောက်ကို မကြည့်ဘဲ သူ၏ သားရဲကိုသာ ငုံ့ကြည့်ပြီး ပြောလိုက်သည်။

“ဗိုက်ပြည့်ပြီလား... တခြားလူတွေရဲ့ စိတ်ဝိညာဉ်မြက်ကို သွားမခိုးစားဖို့ ပြောမထားဘူးလား... ဘာလို့ စကားနားမထောင်တာလဲ...”


မိစ္ဆာသားရဲက အလိုလိုက်ခံထားရသကဲ့သို့ ပြုမူကာ ဝူယင်း၏ခြေထောက်ကို ခေါင်းဖြင့် ပွတ်သပ်လေသည်။


ဝမ်ကျင်းက အေးစက်စွာဖြင့် နှာမှုတ်ပြီး ပြောလိုက်သည်။

“ထျန်းဟန့်တောင်ထိပ်မှာ ကြိုးနဲ့ ချည်ထားလို့ရတာပဲ... ဘာလို့ မထိန်းချုပ်နိုင်ရမှာလဲ...”


ဝူယင်းက ခေါင်းမော့ကာ ဝမ်ကျင်းကို ကြည့်ပြီးပြောလိုက်၏။

“မိစ္ဆာသားရဲကလည်း တိရစ္ဆာန်တစ်ကောင်ပဲလေ... သူ့ကို တစ်နေကုန် ကြိုးနဲ့ချည်ထားတာက အရမ်းရက်စက်ရာ မကျဘူးလား... သူ့မှာအသိဉာဏ်မရှိဘူး... ဗိုက်ဝဖို့ပဲသိတာ... ဒီလို တိရစ္ဆာန်လေးကို ရေးကြီးခွင်ကျယ် လာလုပ်နေတယ်လို့တော့ မပြောနဲ့နော်...”


ဝမ်ကျင်းက အေးစက်စွာ တုံ့ပြန်လိုက်၏။

“ဒါဆိုလည်း ဘာလို့ ထျန်းဟန့်တောင်ထိပ်မှာ မထားတာလဲ... စိတ်ဝိညာဉ်မြက်ခင်းကို တာဝန်ယူထားရတဲ့ ရှစ်ရှုန်းတွေက ရေးကြီးခွင်ကျယ် လုပ်လားဆိုတာ ကြည့်လိုက်ပေါ့...”


ဝူယင်းက မတ်တတ်ရပ်ကာ ရယ်လိုက်၏။

“သူ့ကို ထျန်းဟန့်တောင်ထိပ်မှာ ပျိုးထောင်ဖို့ စိတ်မဝင်စားဘူး... မင်းတို့ ဘာလုပ်ချင်လဲ... ငါ့မိစ္ဆာသားရဲ ဝင်လာလို့မရအောင် အုတ်တံတိုင်းတစ်ခု ဆောက်လိုက်လေ... အုတ်တံတိုင်း ဆောက်ဖို့လည်း ပိုက်ဆံမရှိဘူး... ထျန်းဟန့်တောင်ထိပ်ကို ယှဉ်ဖို့အတွက် အရင်းအမြစ်လည်း မရှိဘူး... မင်းတို့လုပ်နိုင်တာ ဘာရှိသေးလဲ...”


လူသုံးယောက်က ဒေါသကြောင့် ဆွံ့အနေလေသည်။


ဝူယင်းက မိစ္ဆာသားရဲ၏ ခေါင်းကို ထိလိုက်ပြီးနောက် လှည့်ထွက်သွားကာ ပြောလိုက်၏။

“ပေါင်ပေ့... ခဏစောင့်... အရသာရှိတာတွေ စားဖို့ ယူလာပေမယ်...”


သားရဲလေးက သူ့ခြေထောက်ကို ပွတ်သပ်လိုက်ပြီး နောက်မှ လိုက်သွားလေသည်။


ဝမ်ကျင်း၏ အသားအရေမှာ ဖြူဖျော့ပြီး စနစ်ကိုဖွင့်ကြည့်လိုက်၏။ ထိုလူ၏ ကိုယ်ကျင့်တရားအမှတ်ကို ကြည့်လိုက်သောအခါ ချက်ချင်း မျက်ခုံးပင့်သွားလေသည်။


[ကိုယ်ကျင့်တရားအမှတ် - ၃၄၁ မှတ်... ကိုယ်ပိုင်စည်းမျဉ်းများအတိုင်း လုပ်ဆောင်သည်။ အလွန်စွမ်းဆောင်နိုင်စွမ်းရှိသော  လူဖြစ်လာလိမ့်မည်။]


ဒီလိုလူရမ်းကားကောင်မှာ ကိုယ်ကျင့်တရားအမှတ်က ၃၄၁ မှတ်တောင်ရှိတယ်လား... လျိုချန်မော့နဲ့ တူတူပဲ... ပြီးတော့ ကိုယ်ကျင့်တရားအမှတ်ကို တိုင်းတာဖို့ စနစ်က ဘာကို အခြေခံထားတာလဲ...


ကုကျင်းပိုင်က ပြောလိုက်၏။

“ငါတို့ဘာလုပ်ရမလဲ... အကြီးဆုံးရှစ်ရှုန်းကို သတင်းပို့လိုက်ရမလား...”


မော့ရှောက်ယန်က တည်တည်ငြိမ်ငြိမ်ဖြင့် အလျင်မလိုဘဲ ပြောလိုက်သည်။

“ငါတို့ အကြီးဆုံးရှစ်ရှုန်းကို ပြောမှရမယ်... မဟုတ်ရင် ဒီအသီးအရွက်ခြံ ပျက်စီးနေတာကို ဘယ်လိုရှင်းပြမှာလဲ...”


ဝမ်ကျင်းက တုံ့ဆိုင်းနေ၏။

“အကြီးဆုံးရှစ်ရှုန်းက ဒီကိစ္စနဲ့ပတ်သက်ပြီး တော်တော် ဒေါသထွက်လိမ့်မယ်... ထျန်းဟန့်တောင်ထိပ်မှာ သူ့ကို ထိန်းချုပ်နိုင်မယ့်လူ မရှိဘူးလား...”


မော့ရှောက်ယန်က သူ့ကိုကြည့်လိုက်၏။

“ရှစ်ရှုန်းက ဒီကိစ္စနဲ့ပတ်သက်ပြီး ထျန်းဟန့်တောင်ထိပ်ရဲ့ ဝမ်ရမ်မုကို အကြိမ်ပေါင်းများစွာ ပြောပြီးပြီ... သူကလည်း အချိန်တိုင်းမှာ တစ်ခုခုလုပ်ပေးမယ်လို့ ကတိပေးခဲ့တယ်... ဒါပေမဲ့ အခုအချိန်အထိ ဘာရလဒ်မှ မရှိသေးဘူး...”


ကုကျင်းပိုင်က မကျေမချမ်းဖြင့် ပြောလိုက်သည်။

“သူ့မှာ ရှစ်တိ အယောက် ၂၀၀ ကျော်တောင်ရှိတယ်... သူဘယ်လောက်ထိ ထိန်းချုပ်နိုင်မယ်လို့ မျှော်လင့်နေတာလဲ... အကောင်းဆုံး မျှော်လင့်နိုင်တာက ဝူယင်းကို သတိပေးဖို့ပဲရှိတာ... ပြီးတော့ ဒီမိစ္ဆာသားရဲကလည်း စိတ်ဝိညာဉ်မြက်တွေကိုပဲ လာခိုးတာ... ဘယ်သူ့ကိုမှ ဒဏ်ရာရအောင် မလုပ်ဘူး... အဲ့ဒါကြောင့်မို့လို့ ဒီကိစ္စကို ဘယ်သူမှ ဂရုမစိုက်တာက ပုံမှန်ပဲ...”


မော့ရှောက်ယန်က ပြောလိုက်၏။

“သူတို့က ဒီကိစ္စကို မဖြစ်စလောက်ကိစ္စလို့ပဲ တွေးနေတာ... ဒါပေမယ့် ဒါက ဒါဇင်ကျော်ရှိတဲ့ စိတ်ဝိညာဉ်မြက်တွေလေ... ဒီမြက်တွေကို သန့်စင်ပြီးရင် ဆေးလုံးဆယ်လုံးကျော်လောက် လုပ်ပြီး စိတ်ဝိညာဉ်ကျောက်တုံး အလုံး၂၀လောက်နဲ့ ရောင်းလို့ရတယ်... ဒီပမာဏက ငါတို့တပည့်ဆယ်ယောက်ကို တစ်လကျော်ကျော် ကျွေးမွေးဖို့ လုံလောက်တယ်...” 


အဆုံးတွင် သူတို့က သက်ပြင်းသာ ချလိုက်လေသည်။


ရုတ်တရက် တရှဲရှဲအသံကို မဝေးလှသည့် ခြုံပုတ်ထဲမှ ကြားရလေ၏။ တစ်စုံတစ်ခုက တွားသွားလာပုံပေါ်သည်။ ဝမ်ကျင်းက ရွှေရောင်သားရဲလေး ပြန်ပြေးလာသည်ဟု ထင်ကာ ထိတ်လန့်နေလေ၏။ ချက်ချင်း တိတ်ဆိတ်သွားပြီး အသံလာရာကို သူ စိုက်ကြည့်နေလေသည်။ ထို့နောက် ၎င်းက တဖြည်းဖြည်း ရွေ့လာလေ၏။


ဝမ်ကျင်းက မျက်မှောင်ကြုတ်လိုက်လေသည်။ တစ်ခဏကြာပြီးနောက် အလွန်သေးငယ်သည့် ခေါင်းလေးက ခြုံပုတ်ထဲမှ ထွက်ပေါ်လာပြီး ဝမ်ကျင်းကို ချောင်းကြည့်နေ၏။ ခေါင်းလေး၏ နောက်တွင် ကြီးမားသော အခွံတစ်ခုရှိပြီး ၎င်းက ၎င်းက ဖြည်းဖြည်းချင်း တွားသွားကာ လာနေလေသည်။


ကုကျင်းပိုင်က စိတ်သက်သာရာရသွားသည်။

“အာ... လိပ်တစ်ကောင်ပါပဲ...”


လိပ်လေးက ဝမ်ကျင်းဆီသို့ တွားသွားလာပြီး ခြေထောက်နားတွင် ရပ်ကာ တုံးအသည့် ပုံစံဖြင့် မော့ကြည့်နေ၏။ 


ဝမ်ကျင်းက အနည်းငယ် ရယ်စရာကောင်းသည်ဟု မတွေးဘဲ မနေနိုင်တော့ပေ။ သူက ထိုင်ချလိုက်ပြီး လိပ်၏ခေါင်းလေးကို ပုတ်လိုက်၏။ လိပ်က သူ၏အထိအတွေ့ကို မရှောင်ရှားဘဲ သူ့ကို ထိခွင့်ပြုထားလေသည်။


ဝမ်ကျင်းက မေးလိုက်၏။

“ဒါက တောရိုင်းလိပ်လား...”


နည်းနည်းတုံးအပြီး ချစ်စရာကောင်းတယ်… အိမ်ကိုခေါ်သွားပြီး မွေးလိုက်ရင်ကောင်းမလား…


မော့ရှောက်ယန်က လိပ်ကိုကြည့်ကာ ဖြည်းဖြည်းချင်းပြောလိုက်သည်။

“ဒါက ကျွင်းရှစ်ရှုန်းရဲ့ မိစ္ဆာသားရဲပဲ… သူက ဘာပြဿနာမှ မရှာဘူး… ဒီလိုပဲ လှည့်ပတ်သွားလာနေပြီး အချိန်ဖြုန်းနေတာ…”


ဝမ်ကျင်းက ရုတ်တရက် တစ်ခုကို မှတ်မိသွား၏။


‘သက်ရှိတိုင်းအတွက် ကပ်ဘေးတစ်ခု’တွင် ကျွင်းယန်ကျစ်က မိစ္ဆာသားရဲတစ်ကောင်ကို ပျိုးထောင်ထားသည်ဟု ဖော်ပြထားသည်။ သို့ရာတွင် မည်သည့်သားရဲအမျိုးအစားဟု တိတိကျကျ ဖော်ပြထားခြင်းမရှိချေ။


တကယ်တော့ သူ့သားရဲက လိပ်တစ်ကောင်ဖြစ်နေတာလား…


ဝူယင်းက မနှစ်သက်ဖွယ်ကောင်းသကဲ့သို့ သူ၏ သားရဲလည်း အတူတူပင်ဖြစ်သည်။ ကျွင်းယန်ကျစ်က သိမ်မွေ့သော အကျင့်စရိုက်ရှိသဖြင့် သူ၏ သားရဲကိုလည်း ကောင်းကောင်းမွန်မွန် ပျိုးထောင်ထားလေ၏။


ပြုစုပျိုးထောင်ခြင်းက လူတစ်ယောက်၏ အကျင့်စရိုက်ကို ဆုံးဖြတ်ပြီး လူအချို့က သူတို့ကိုယ်သူတို့ ဆွဲချနေကြလေသည်။


လူသုံးယောက်က စိတ်ဓာတ်ကျလာသကဲ့သို့ ခံစားနေရသဖြင့် လိပ်ကို အာရုံမစိုက်တော့ဘဲ အသီးအရွက်ခြံကို သန့်ရှင်းရေးလုပ်ရန် လှည့်လာလိုက်သည်။ မှောင်ရီပျိုးလာသည်အထိ ကြွင်းကျန်နေသော အပင်များကို နှုတ်ကာ အလုပ်ရှုပ်နေခဲ့လေသည်။ ညနေစာစားကာ ခြံထဲတွင် အလုပ်ပြန်လုပ်ပြီးနောက် လိပ်လေးက ယခင်နေရာတွင်သာ တုံးတုံးအအဖြင့် ရှိနေသည်ကို မြင်လိုက်ရလေ၏။ ၎င်းက လုံးဝ လှုပ်ပုံမပေါ်ပေ။ ဝမ်ကျင်းက ထိုင်ချလိုက်ပြီးနောက် လိပ်ကိုထိကာ အိမ်ပြန်ခဲ့လိုက်သည်။


အပြန်လမ်းတစ်လျှောက်တွင် ဝမ်ကျင်းက ခေါင်းကိုငုံ့လျက် တွေးတောနေလေ၏။


‘သက်ရှိတိုင်းအတွက် ကပ်ဘေးတစ်ခု’ တွင် ချိုင်ကျီဝိညာဉ်သားရဲအကြောင်းကို တစ်ကြိမ်သာ ဖော်ပြခဲ့သည်။ ထိုသားရဲက အလွန်ရှားပါးသော အမျိုးအစားဖြစ်ပြီး ရှာလကာရည်ကို ကြောက်၏။ သို့သော် ထိုအကြောင်းအရာကို လူအများစုက မသိကြပေ။ ဤသားရဲလေး၏ အဆုံးသတ်ကိုလည်း သူ မသိပေ။ လျိုချန်မော့က ပြဿနာကို ဝမ်ရမ်မုအား အကြိမ်ပေါင်းများစွာ ပြောသော်လည်း မည်သည့်ရလဒ်မှ မရသည်က အံ့ဩဖွယ် ကောင်းလေသည်။ 


ဝမ်ကျင်း၏ ရင်ထဲရှိ ဝမ်ရမ်မု၏တန်ဖိုးက နောက်တစ်ဆင့်သို့ ကျသွားလေသည်။ 


‘သန့်ရှင်းစင်ကြယ်သော အပြုအမူရှိ၊ လူအားလုံး၏ နှစ်သက်မှုကို လက်ခံရန်ထိုက်တန်သည်’ တဲ့လား... ဟားဟား...


စနစ်က လျိုချန်မော့နှင့် ဝမ်ရမ်မုကို အလွန်မြင့်သော တန်ဖိုးတစ်ခု ပေးခဲ့သည်။ 


လျိုချန်မော့က အများကြီးပိုကောင်းတယ်လို့ ငါဘာလို့ ခံစားနေရတာလဲ... စနစ်က ဒီလိုအပြုအမူတွေကို ထည့်မတွက်ဘူးလား...


ကျောက်တုံးအိမ်သို့ ပြန်လာပြီးနောက် ဝမ်ကျင်းက ထပ်ပြီး ဆာလောင်လာသဖြင့် ခေါက်ဆွဲတစ်ပွဲ ချက်စားလိုက်သည်။ ထို့နောက် ပန်းကန်ဆေးရန် အိမ်ဘေးရှိချောင်းသို့ သွားရန်လုပ်လိုက်၏။ သူခေါင်းလှည့်လိုက်သောအချိန်တွင် ခြံထဲ၌ အနက်ရောင်အရာတစ်ခုက ဖြည်းဖြည်းချင်း တွားသွားကာ သူ့ထံသို့ လာနေသည်ကို မြင်လိုက်ရလေသည်။ ဝမ်ကျင်းက သူ့နားသို့သွားပြီးနောက် ထိုင်ချလိုက်၏။


“ရောက်လာပြန်ပြီလား… မင်းရဲ့မင်းသခင်က မင်းကို ကောင်းကောင်းမဆက်ဆံလို့ ဒီည အိမ်မပြန်ချင်တာလား…”


ဝမ်ကျင်းက လိပ်၏ခေါင်းကို ထိလိုက်ပြီးနောက် လိပ်က ယနေ့ည ဤနေရာတွင်နေရန် ဆုံးဖြတ်ထားသကဲ့သို့ မတုန်မလှုပ်အမူအရာကို မြင်လိုက်ရလေသည်။ 


ဝမ်ကျင်းက အိမ်ထဲသို့ မြန်မြန်ပြန်ဝင်လိုက်ပြီး လိပ်ကြိုက်သည့် အစားအစားကို စဉ်းစားနေလိုက်၏။ အဆုံးတွင် ပြောင်းဖူးကို အဆံခြွေကာ ပန်းကန်ထဲတွင် ထည့်လိုက်ပြီး လိပ်၏ရှေ့တွင် ချပေးလိုက်သည်။


လိပ်က ပုံမှန်ထက် ပိုနှေးစွာဖြင့် ပြောင်းဖူးပန်းကန်ကို ကြောင်တောင်တောင်စိုက်ကြည့်နေပြီးနောက် ခေါင်းငုံ့ကာ ဖြည်းဖြည်းချင်း စားလေ၏။


ဝမ်ကျင်းက ၎င်း၏ဘေးတွင် ထိုင်နေပြီး လိပ်စားပြီးသည်အထိ စောင့်နေလေသည်။


ဤကဲ့သို့ပုံစံဖြင့် လိပ်လေးက ဝမ်ကျင်း၏ ကျောက်အိမ်ရှေ့တွင် ရက်အနည်းငယ်ခန့် နေထိုင်ခဲ့လေ၏။ ၎င်းက ကောင်းကောင်း အလေ့ကျင့်ခံထားရသကဲ့သို့ အစားကြေးမများပေ။ မစင်စွန့်သည့်အချိန်တွင် ချုံပုတ်တစ်ခုကို ရှာသခြင့် ခြံထဲတွင် အညစ်အကြေးများ ပျံ့နှံ့နေခြင်းမရှိချေ။ 


ရက်အနည်းငယ်ကြာပြီးနောက် လျိုချန်မော့က ဝူယင်း၏ ဝိညာဉ်သားရဲအကြောင်းကို သိသွားလေသည်။ သူက ဒေါသထွက်နေသော်လည်း ခြံစည်းရိုးကို ပြန်ပြင်ရန် ဝမ်ကျင်းနှင့် အခြားလူများကိုသာ ခေါ်လိုက်လေ၏။


အုတ်တံတိုင်းက ကျူးကျော်လာသူများရန်ကို ကာကွယ်ပေးနိုင်သော်လည်း အုတ်တံတိုင်းတစ်ခုဆောက်ရန် စိတ်ဝိညာဉ်ကျောက်တုံးများစွာ လိုအပ်လေသည်။ အသီးအရွက်ခြံတစ်ခုအတွက် မလိုအပ်ဘဲ ရေးကြီးခွင့်ကျယ်လုပ်ရန် မတတ်နိုင်ချေ။ ပိုလျှံသောအရင်းအမြစ်များစွာရှိသည့် တောင်ထိပ်ရှစ်ခုပင်လျှင် အသီးအရွက်ခြံတစ်ခုကို ခြံစည်းရိုးခတ်ရန် စိတ်ဝိညာဉ်ကျောက်တုံး ရှစ်တုံးကို အသုံးပြုမည်မဟုတ်ချေ။ 


ချင်ရှုဓားဂိုဏ်းရှိ တောင်ထိပ်တိုင်းတွင် ကာကွယ်ရန်တံတိုင်းရှိသော်လည်း ထိုတံတိုင်းများက ပြင်ပရန်သူများကို ကာကွယ်ရန်သာဖြစ်သည်။ ဂိုဏ်းသားအချင်းချင်း ကာကွယ်ရန် မဟုတ်ပေ။


လျိုချန်မော့မှာ ထိုကိစ္စက ဖြေရှင်းရန် မလွယ်ကူဟု ခံစားနေရ၏။ သူတို့က ဂိုဏ်းချုပ်ကို တိုင်ကြားနိုင်သော်လည်း မည်သူကမှ အလေးအနက်မထားမည့်အပြင် အခြားတောင်ထိပ်များထံမှ အလှောင်ခံရနိုင်လေသည်။


သူက ဤပြဿနာနှင့် ပတ်သက်ပြီး ဝမ်ရမ်မုကို အကြိမ်ပေါင်းများစွာ ပြောပြခဲ့၏။ ဝမ်ရမ်မု၏ စိတ်သဘောထားက အလွန်ကောင်းပြီး သူ့ကို အပြည့်အဝတောင်းပန်ကာ ထိုကိစ္စကို စစ်ဆေးမည်ဟု ကတိပေးခဲ့သဖြင့် လျိုချန်မော့က ထိုကိစ္စကို အကျယ်ချဲ့ရန် မဖြစ်နိုင်တော့ချေ။


ထို့အပြင် ချင်ရှုဓားဂိုဏ်းတွင် တပည့်အချင်းချင်း ရန်ဖြစ်ခြင်းကို တားမြစ်ထားလေ၏။ သူက အခြားလူကို ရန်စမိခဲ့လျှင် ဟွေ့ရှစ်တောင်ထိပ်က ပိုပြီး ဆုံးရှုံးရန် များလေသည်။ သူတို့၏ လက်ရှိအခြေအနေများကပင် အလွန်ခက်ခဲနေပြီဖြစ်သည်။ ‘သူတို့က အသီးအရွက်လေးနည်းနည်းအတွက် တပည့်တွေဒဏ်ရာရမှာကို ဂရုမစိုက်ဘူး’ စသည့် စကားများ ထွက်လာကာ အားလုံးက သူတို့၏ အမှားဖြစ်သွားလေမည်။


အတိုချုံးပြောရလျှင် နစ်နာမှုများက သေးငယ်သော်လည်း သူတို့အတွက် ဖြေရှင်းရန် ခက်ခဲလေ၏။


ဝမ်ကျင်းကလည်း ရွေးချယ်စရာမရှိသဖြင့် မျိုးစေ့အသစ်များကိုသာ ပက်ကြဲနေလိုက်သည်။ တစ်နေ့ထက်တစ်နေ့ သူတို့က အလုပ်ကြိုးစားလာ၏။


ဥယျာဉ်ခြံထဲတွင် အလွန်အလုပ်များသော နေ့တစ်နေ့ကို ဖြတ်သန်းပြီးနောက် ညနေဘက်တွင် ဝမ်ကျင်းက အိမ်သို့ ပြန်လာလိုက်သည်။ လိပ်က သူ့ခေါင်းနှင့် ခြေလက်များကို အခွံထဲတွင် ထည့်ထားသည်ကို မြင်လိုက်ရ၏။ ၎င်းက အိပ်ပျော်နေပုံ ပေါ်နေလေသည်။


ဝမ်ကျင်းက ညစ်ပေနေသည့် အဝတ်အစားများကို ချွတ်ကာ အောက်သို့ပစ်ချလိုက်သည်။ ထို့နောက် ခွက်နှင့် စမ်းချောင်းထဲရှိရေကို ခပ်ကာ ခန္ဓာကိုယ်ပေါ်သို့ လောင်းချလိုက်လေသည်။ 


လေအေးများက တိုက်ခတ်နေ၏။ ဝမ်ကျင်းက မျက်လုံးမှိတ်ပြီး ဆုံးဖြတ်ချက်တစ်ခုကို အလျင်အမြန်ချကာ ရေထည့်ထားသည့် စည်ပိုင်းကိုမပြီး  ခေါင်းမှ လောင်းချလိုက်လေသည်။ 


သူ့နားများက ပိတ်သွားသော်လည်း လေထဲတွင် ပျံ့နှံ့နေသည့် အားပျော့သော ဝိညာဉ်စွမ်းအားကို ခံစားမိလေသည်။


ဝမ်ကျင်းက မျက်နှာရှိ ရေများကိုသုတ်ပြီး မျက်လုံးဖွင့်ကြည့်လိုက်၏။ သူနှင့် မဝေးသည့်နေရာတွင် အနက်ရောင်ဝတ်စုံနှင့် လူတစ်ယောက်က မတ်တတ်ရပ်နေလေသည်။ အနီရောင်တိမ်များက သူ့နားတွင် ဝန်းရံနေပြီး သူက လေဟုန်စီးလာပုံရ၏။ 


တစ်ဖက်လူ၏ မျက်လုံးများက သူ၏ ခန္ဓာကိုယ်အနှံ့သို့ တစ်ချက်ကြည့်လိုက်သည်ကို ဝမ်ကျင်း ခံစားလိုက်ရလေသည်။



⛰️⛰️⛰️