⛰️Chapter - 7
ဟွေ့ရှစ်သို့ဝင်ရောက်ခြင်း
ခန်းမဆောင်၏ အပြင်ဘက်တွင် ကောင်းကင်က မှောင်ရီပျိုးချိန်ရောက်နေ၏။ ဝမ်ကျင်းက အခြားတပည့်အသစ် အယောက် ၇၀ နှင့်အတူ မတ်တတ်ရပ်နေပြီး ဂိုဏ်းချုပ်က ဂိုဏ်း၏စည်းမျဉ်းများကို စေ့စေ့စပ်စပ်ပြောနေလေသည်။
“မင်းတို့အားလုံး တရားမျှတမှုကို လက်ကိုင်ထားပြီး မိစ္ဆာဝိညာဉ်တွေရဲ့ မရိုးဖြောင့်တဲ့ နည်းလမ်းတွေကို လုံးဝပယ်ရှားရမယ်… မိစ္ဆာကျင့်ကြံနည်းကို ပြင်းပြင်းထန်ထန် တားမြစ်တယ်… ခိုက်ရန်ဖြစ်ပွားခြင်းကို တားမြစ်တယ်…”
ဝမ်ကျင်းက တောင်ပေါ်မှ ဆင်းသွားသည့် မီးခိုးရောင်ဝတ်စုံနှင့်လူငယ်ကို တိတ်တဆိတ်ကြည့်ကာ စနစ်ကို ဖွင့်လိုက်၏။
[ကိုယ်ကျင့်တရားအမှတ် ၃၁၂မှတ်၊ အလွန်ကောင်း၏။ ဂရုတစိုက် ဆက်ဆံမည်ဆိုလျှင် အလွန်လုပ်နိုင်စွမ်းရှိသော လူတစ်ယောက်ဖြစ်သည်။]
“နောက်ကျနေပြီ… လူတိုင်း ကိုယ်သွားရမယ့်နေရာကို သွားလို့ရပြီ…”
အချိန်တစ်ခဏအတွင်း ဂိုဏ်းချုပ်က ဂိုဏ်း၏ စည်းမျဉ်းစည်းကမ်းများကို ပြောကာ တပည့်များများကို ဝီရိယရှိရှိ ကျင့်ကြံရန် ပြောကြားခဲ့သည်။
လျိုချန်မော့က အပျော်များဖြင့် ပြည့်နှက်နေပြီး ဝမ်ကျင်းဘေးသို့ တိတ်တိတ်လေး ကပ်သွားကာ ပြောလိုက်၏။
“ငတုံးကောင်လေး… ဘာလို့ ဟွေ့ရှစ်တောင်ထိပ်ကိုလာဖို့ ဆုံးဖြတ်လိုက်တာလဲ…”
ဝမ်ကျင်းက ဘေးတွင်ရပ်နေသော ကြော့ရှင်းသိမ်မွေ့သည့်လူကို ခိုးကြည့်ပြီး ရှက်ရွံ့စွာဖြင့် ပြန်ဖြေလိုက်လေသည်။
“နောက်ဆုံးအကြိမ်တွေ့ခဲ့တုန်းက ရှစ်ရှုန်းတို့က ကျွန်တော့်ကို ကယ်ခဲ့တာ… ရှစ်ရှုန်းတို့က လူကောင်းတွေလို့ ယုံကြည်တာမလို့ အတူတူသင်ကြားနိုင်ရင်ကောင်းမယ်လို့ ကျွန်တော်ဆုတောင်းနေခဲ့တာ…”
လျိုချန်မော့ ထပ်ပြုံးလိုက်၏။
“ရှစ်တိက လူကဲခတ်တော်တာပဲ… သွားကြစို့…”
ကမ်းပါးထိပ်သို့ ရောက်ချိန်တွင် လျိုချန်မော့က ဝမ်ကျင်း၏ ညစ်ပေနေသော ခန္ဓာကိုယ်ကို ဂရုမစိုက်ဘဲ သူ့ကိုချီကာ လေပေါ်သို့ ပျံလိုက်လေသည်။
လေသံကသူ့နားကို ရိုက်ခတ်ကာ ကျယ်ပြောသည့် ကျောက်ကမ်းပါးများက သူ့ခြေထောက်အောက်တွင် ရှိနေလေသည်။ ပတ်ပတ်လည်တွင် မီးခိုးရောင်မြူများဖြင့် ဖုံးလွှမ်းနေသဖြင့် ဝမ်ကျင်းက မြေပြင်ကို မမြင်ရချေ။ သူ့တစ်ကိုယ်လုံးက တောင့်တင်းနေပြီး မျက်လုံးကိုမှိတ်ကာ တိုးတိုးလေး ရေရွတ်နေလေ၏။
ငါသေတော့မယ်... ငါသေတော့မယ်... ငါသေတော့မယ်...
အချိန်အတော်ကြာပြီးနောက် နောက်ဆုံးတွင် သူခြေထောက်များက မြေကြီးကို ထိသွားလေသည်။
ဝမ်ကျင်းက လျိုချန်မော့လက်ထဲမှ ဆင်းလိုက်ပြီး ပတ်ဝန်းကျင်ကို ဂရုတစိုက် ကြည့်လိုက်သောအခါ ကောင်းကင်တစ်ခုလုံးတွင် အနီရောင်တိမ်များဖြင့် ဖုံးလွှမ်းနေသည်ကို မြင်လိုက်ရလေသည်။ အုံ့မှိုင်းနေသော တောတောင်၏အပြင်တွင် ကျောက်တိုင်ကြီး တစ်တိုင်ရှိလေ၏။ ၎င်းမှာ ဓားသမားတစ်ယောက်က သူ၏ဓားကို ကောင်းကင်သို့ ညွှန်ပြထားပြီး အင်္ကျီလက်များက လေထဲတွင် လွင့်မျောနေသည့် ပုံစံနှင့် ဆင်တူလေသည်။
လျိုချန်မော့က ကြားရရုံအသံဖြင့် ပြောလိုက်၏။
“ဒဏ္ဍာရီအရတော့ ချင်ရှုဇီက ဓားသိုင်းကို ဒီနေရာမှာ လေ့ကျင့်ခဲ့တယ်လို့ ပြောတယ်... အချိန်တစ်ခု ကြာပြီးတဲ့နောက်မှာ တောင်မှာရှိတဲ့ ကျောက်တုံးက သူ့ရဲ့ ဝိညာဉ်စွမ်းအားတွေကို စုပ်ယူပြီး လေးစားမှုအပြည့်ရှိတဲ့ နှလုံးသားတစ်စုံကို မွေးဖွားပေးလိုက်တယ်... တဖြည်းဖြည်းနဲ့ အဲ့ကျောက်တုံးက သူ့ရဲ့ပုံပန်းသဏ္ဍာန်အတိုင်း ဖြစ်လာတာမလို့ ‘ဟွေ့ရှစ်’ လို့ခေါ်လာကြတာ... ဒါက ရွှင်းယန်တောင်ရဲ့ အံ့ဖွယ် (၈) နေရာထဲက တစ်နေရာပဲ...”
[T.N_ ‘ဟွေ့ရှစ်’ ဆိုတာက ‘ဉာဏ်ကောင်းသောကျောက်တုံး’ ဒါမှမဟုတ် ‘ပညာရှိတဲ့ ကျောက်တုံး’ ကို ဆိုလိုတာပါ...]
ဝမ်ကျင်းက ရင်ထဲတွင် စိတ်လှုပ်ရှားမှု လှိုင်းလုံးကြီးကို ခံစားလိုက်ရပြီး ခေါင်းညိတ်လိုက်၏။
လျိုချန်မော့က ဝမ်ကျင်းကို ဦးဆောင်ကာ တောင်ရှိတောအုပ်ထဲသို့ ခေါ်သွားပေးလိုက်သည်။ ကျွင်းယန်ကျစ်က တိတ်ဆိတ်စွာဖြင့် ထိုနှစ်ယောက်နောက်မှ လိုက်လာလေသည်။ အချိန်တစ်ခဏကြာပြီးနောက် လူသုံးယောက်က ကျောက်တုံးအိမ်တစ်အိမ်ရှေ့တွင် ရပ်လိုက်ကြ၏။ အိမ်၏ဘေးဘက်တွင် ကြည်လင်နေသော စမ်းချောင်းတစ်ခုကို မြင်ရပြီး အိမ်ရှေ့တွင် သိုင်းပညာလေ့ကျင့်ရန် အသုံးပြုနိုင်သည့် နေရာတစ်ခုရှိလေသည်။ လက်ရှိအချိန်တွင် သစ်ရွက်ကြွေများနှင့် ပြည့်နေပြီး နေရာတစ်ခုလုံးက ဖုန်များထူထပ်နေ၏။ တစ်ဖက်ရှိ ကျောက်ကမ်းပါးကို ငုံ့ကြည့်လိုက်ပါက ကျယ်ပြောသော အက်ကွဲကြောင်းတစ်ခုကို မြင်ရလေသည်။ ဤနေရာတွင် လူမနေသည်မှာ အလွန်ကြာနေသည့်ပုံ ပေါ်နေလေ၏။
လျိုချန်မော့က အသံတိုးတိုးဖြင့် ဂါထာရွတ်လိုက်ပြီးနောက် လက်ဖဝါးထဲတွင် လေပွေတစ်ခု ပေါ်လာလေသည်။ ထို့နောက် မကြာမီတွင် ခြံထဲရှိ သစ်ရွက်ကြွေများအားလုံးက ကျောက်ကမ်းပါးအောက်သို့ လွင့်စင်သွားလေ၏။
“ဟွေ့ရှစ်တောင်ထိပ်မှာ လူနည်းနည်းပဲ ရှိပေမယ့် ကံကောင်းတာက အိမ်တွေအများကြီးရှိတယ်... လူတိုင်းက ကိုယ်ပိုင်အိမ်တစ်လုံးစီ ယူလို့ရတယ်... တကယ်တော့ ဒီနေရာက တပည့် ၁၅ ယောက်လောက် နေဖို့အတွက် ရည်ရွယ်ထားခဲ့တာ... လက်ရှိမှာတော့ တစ်အိမ်လုံးက မင်းအပိုင်ပဲ...”
ဝမ်ကျင်းက ခေါင်းညိတ်လိုက်၏။
လျိုချန်မော့က သိုလှောင်အိတ်ကို ထုတ်ပေးလိုက်သည်။
“အထဲမှာ အိပ်ရာရယ် အဝတ်အစားတွေရယ် စားစရာတွေရယ် ရှိတယ်... ဒီည မအိပ်ခင်မှာ နေရာကို သန့်ရှင်းဖို့တော့ လိုလိမ့်မယ်... အကူအညီလိုသေးလား...”
ဝမ်ကျင်းက ချက်ချင်း ခေါင်းခါပြလိုက်၏။
“မလိုပါဘူး... အဘိုးနဲ့နေတော့ ဒီလိုကိစ္စတွေက ကျွမ်းကျင်နေပြီ...”
လျိုချန်မော့က ခေါင်းညိတ်ကာ ဝမ်ကျင်း၏ခေါင်းကို ပုတ်လိုက်သည်။ သူက တစ်ခဏတွေးပြီးနောက် အပြာရောင် စာအုပ်တစ်အုပ်ကို ထုတ်လိုက်၏။
“ဒါက အခြေခံကျင့်ကြံနည်း ၁၅နည်းပဲ... အချိန်ရှိရင် လေ့ကျင့်လို့ရတယ်... တစ်ခုရှိတာက ဒါတွေကို ဘယ်သူ့ကိုမှ ဝေမျှခွင့်မပြုဘူးနော်... ဒါက ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့အတွက်ပဲ... လက်ရှိမှာ ရှစ်တိက ချီသန့်စင်ခြင်း အဆင့်(၅)ပဲ ရှိသေးတယ်... အဲ့ဒါကြောင့် ဒီထဲက နှစ်ခု သုံးခုကိုပဲ လေ့ကျင့်လို့ရဦးမှာ... ကြိုးကြိုးစားစား လေ့ကျင့်နော်...”
ဝမ်ကျင်းက မြန်မြန် ခေါင်းညိတ်ပြလိုက်၏။
လျိုချန်မော့က ရယ်လိုက်သည်။
“ခေါင်းညိတ်တာကလွဲပြီး ဘာမှ မလုပ်တော့ဘူး… တကယ့်ကို ငတုံးလေးပဲ…”
ဝမ်ကျင်းက ရှက်ရွံစွာဖြင့် ပြန်ပြောလိုက်၏။
“ကျွန်တော်က သေချာမှ မသိသေးတာ… အဲ့ဒါကြောင့် ဘာမှမပြောတာ ပိုကောင်းတယ်…”
ထို့နောက် လျိုချန်မော့က ပြုံးပြီးပြောလိုက်သည်။
“နောက်ကျနေပြီမလို့ ရှစ်ရှုန်းတို့ သွားတော့မယ်… ဒီမှာရက်နည်းနည်းလောက် လေ့ကျင့်ပြီး ပတ်ဝန်းကျင်နဲ့ ရင်းနှီးအောင်လုပ်ထား… သုံးရက်ကြာပြီးရင် ရှစ်ရှုန်း မင်းကိုလာတွေ့မယ်…”
သူပြောပြီးနောက် ကောင်းကင်ကို မော့ကြည့်လိုက်သည်။
ကျွင်းယန်ကျစ်က မည်သည့်စကားမှ မပြောဘဲ သူတို့နှစ်ယောက်နောက်တွင် ရပ်နေ၏။ ယခုတစ်ကြိမ်တွင်လည်း သူက ဝမ်ကျင်းကို တစ်ချက်ကြည့်ကာ လှည့်ထွက်သွားလေသည်။
ကျွင်းယန်ကျစ်က အလွန်စကားနည်းပြီး စိတ်အနှောင့်အယှက် မခံနိုင်သည့်လူတစ်ယောက် ဆိုသည်ကို ဝမ်ကျင်းသိသဖြင့် သူမြန်မြန်ပြောလိုက်၏။
“ကောင်းကောင်းသွားပါ… ရှစ်ရှုန်းတို့…”
လျိုချန်မော့က ကျွင်းယန်ကျစ်နှင့်အတူ လေပေါ်သို့ ပျံသွားလေသည်။
“ဒီငတုံးလေးက ချစ်စရာကောင်းတာပဲ…”
ကျွင်းယန်ကျစ်က တိတ်ဆိတ်နေမြဲပင် ဖြစ်၏။
လျိုချန်မော့က တွေးဆနေပုံပေါ်ပြီး ထပ်ပြောလိုက်သည်။
“သူ့ရဲ့အဘိုးက အရမ်းရက်စက်တတ်တာ နှမြောစရာပဲ… ဘယ်သိုင်းပညာကိုမှ သင်ကြားခွင့်မပေးဘဲ ကျင့်ကြံဆင့်တက်အောင်ပဲ လုပ်ခိုင်းတာ… လုကျင်းက သိုင်းပညာသင်ပြီးရင် သူ့ကို ဆန့်ကျင်မှာ ကြောက်နေတာပဲဖြစ်မယ်… နှစ်တွေအများကြီး ပြုစုပျိုးထောင်လာပြီးတော့ ဒီလိုဆက်ဆံလိုက်တာ… လုကျင်းရဲ့ စိတ်ဒဏ်ရာက မသေးမှာစိုးတယ်…”
“…..အင်း…”
လျိုချန်မော့က အကြောင်းအရာအချို့ကို စိတ်ထဲတွင် ပူပန်နေပုံရသည်။
ထို့နောက် သူက ပြောလိုက်၏။
“အနည်းဆုံးတော့ ငါတို့လိုတဲ့ တပည့်(၁၀)ယောက်ရှိပါပြီ… လူတိုင်းက ကြိုးကြိုးစားစား ကျင့်ကြံနေမယ်ဆိုရင် နောက်သုံးနှစ်အတွင်းမှာ မကောင်းတဲ့ပုံရိပ်တွေ အများကြီး မရှိတော့ဘူးလို့ မျှော်လင့်ရတာပဲ… ဒါနဲ့ မင်းရဲ့ မူလသက်ဝင်ကျင့်ကြံနည်း ကရော ဘယ်အဆင့်ရောက်ပြီလဲ…”
“တတိယအဆင့်ကိုရောက်ပြီ…”
“နောက်သုံးနှစ်အတွင်း ပဥ္စမအဆင့်ထိရောက်အောင် ကြိုးစား… အဲ့ဒါဆို အခြေတည်အဆင့်ရောက်ဖို့ လမ်းတစ်ဝက်ရောက်ပြီ…”
ကျွင်းယန်ကျစ်က မထုံတတ်တေးပုံစံဖြင့် တုံ့ပြန်လိုက်၏။
“ကျွန်တော် အကောင်းဆုံးကြိုးစားမှာပါ…”
“ရှစ်ဖူက… နှစ်ဝက်လောက်နေရင် တံခါးပိတ်ကျင့်ကြံတာကနေ ထွက်လာတော့မှာ...”
ပြောနေစဉ် သူစကားကိုရပ်လိုက်သည်။
ဘာလို့ သူထွက်လာတာကို စဉ်းစားမိနေတာပါလိမ့်… ပြီးတော့ သူက ငါတို့ကို ဂရုစိုက်တာမှမဟုတ်တာ…
လျိုချန်မော့က ဝမ်းနည်းလာသကဲ့သို့ ခံစားနေရပြီး ကျွင်းယန်ကျစ်နှင့် လမ်းခွဲကာ ကိုယ်ပိုင်နေရာသို့ ပြန်သွားလိုက်လေ၏။
×××××
မှောင်နေပြီဖြစ်သဖြင့် ဝမ်ကျင်းက ဖယောင်းတိုင်မီးထွန်းလိုက်ပြီး ကျောက်တုံးအိမ်၏ တံခါးကို ဖွင့်လိုက်ချိန်တွင် အလွန်ကျယ်သည့်အခန်းတစ်ခန်းကို တွေ့လိုက်ရ၏။ ထို့နောက် အခန်းထဲတွင် လူဆယ်ယောက်ထက်ပိုပြီး အိပ်နိုင်သည့် အပူပေးနိုင်သော အုတ်ခဲဖြင့်လုပ်ထားသည့် အိပ်ရာကိုလည်း တွေ့ရလေသည်။ ပရိဘောဂများက ရိုးရှင်းပြီး ကုလားထိုင်များနှင့် စားပွဲတစ်လုံးရှိသည်။ နေရာတစ်ခုလုံးတွင် ဖုန်များဖုံးလွှမ်းနေပြီး ထောင့်တိုင်းတွင် ပင့်ကူအိမ်များ အထပ်လိုက်ရှိနေ၏။ ၎င်းက နေထိုင်ရန် မသင့်လျော်ပေ။
ဝမ်ကျင်းက နောက်သုံးရက်တွင် အားလပ်သဖြင့် ယနေ့ညတွင် မအိပ်ရန်ဆုံးဖြတ်လိုက်သည်။ သိုလှောင်အိတ်ထဲမှ သန့်ရှင်းရေးပစ္စည်းများကို ထုတ်လိုက်ပြီး ကျောက်အိမ်ဘေးရှိ တောင်ကျချောင်းမှရေကို သုံးကာ စားပွဲ၊ ကြမ်းပြင်နှင့် ပင့်ကူအိမ်များကို သန့်ရှင်းလိုက်၏။ ညနက်သည်အထိ အပြေးအလွှား လုပ်နေပြီးနောက် နောက်ဆုံးတွင် အိမ်က ပြောင်းလဲသွားလေသည်။
တစ်ကိုယ်လုံးတွင် ချွေးများစိုရွှဲနေပြီး ဗိုက်ထဲမှလည်း အသံမြည်နေသဖြင့် ခေါက်ဆွဲတစ်ပန်းကန်ကို ချက်ချင်းစားလိုက်၏။ ထို့နောက် ရေဇလားထဲသို့ တောင်ကျချောင်းမှ ရေများဖြည့်ကာ ရေချိုးလိုက်လေသည်။
အေးစိမ့်နေသောလေနှင့် တောင်ကျချောင်းရေကြောင့် ဝမ်ကျင်းက ကြက်သီးများထလာပြီး ခိုက်ခိုက်တုန်နေလေ၏။
ရေချိုးပြီးနောက် နေစထွက်နေပြီဖြစ်သည်။ ဝမ်ကျင်းက အဝတ်အစားလဲပြီးနောက် အားပြန်ပြည့်သည်အထိ တစ်နေ့လုံး တစ်ညလုံး အိပ်လေတော့သည်။
မနက်ခင်းတွင် တောင်လေက လတ်ဆတ်အေးမြနေ၏။ အဖြူရောင်မြူများကလည်း ဟိုဟိုသည်သည်တွင် ရှိနေကြသည်။ ဝမ်ကျင်းက ကျောက်တုံးအိမ်ရှေ့ရှိ သန့်ရှင်းသောနေရာတွင် ထိုင်လိုက်ပြီး အပြာရောင်စာအုပ်ကိုထုတ်ကာ အခြေခံတိုက်ခိုက်ရေး သိုင်းပညာဖြစ်သည့် ‘အလင်းထိုးဖောက်ခြင်း’ ကို စတင်လေ့ကျင့်လေသည်။
‘သန့်စင်တောက်ပစွမ်းအားကျင့်ကြံနည်း’ က ကျင့်ကြံဆင့်ကိုတိုးမြှင့်ရာတွင် အသုံးပြုသည့် နည်းလမ်းဖြစ်သည်။
ကျင့်ကြံဆင့်မြင့်လေလေ သိုင်းပညာက ပိုပြီး သန်မာလေလေဖြစ်၏။
စာအုပ်ထဲတွင် ရေးထားသည်က ရိုးရှင်းသည်။ ဝမ်ကျင်းက ဂရုတစိုက်လေ့လာပြီးနောက် ညွှန်ကြားထားသည့်ကဲ့သို့ ဖြည်းဖြည်းချင်း ဝိညာဉ်စွမ်းအားများကို စုစည်းကာ ခန္ဓာကိုယ်တစ်လျှောက်တွင် လှည့်ပတ်စေလိုက်၏။ နေ့ရက်များက မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွားလေသည်။
ဤရက်များအတွင်း သူ၏စိတ်ကို လေ့ကျင့်ရာတွင်သာ မြှုပ်နှံထား၏။ လက်ဖဝါးထဲတွင် ဝိညာဉ်စွမ်းအားလုံးကို ဖြည်းဖြည်းချင်းစုစည်းလိုက်သည်။ ၎င်းက အပြာဖျော့ရောင်အလင်းဖြစ်ပြီး ဝိုးတိုးဝါးတားဖြစ်ကာ မြင်ရသည်က အလွန်စိတ်ချမ်းသာဖွယ်ကောင်းလေသည်။ ဝမ်ကျင်း၏ အပျော်များက မဖော်ပြနိုင်လောက်အောင် ဖြစ်နေ၏။
ထို့နောက် သူ့နောက်မှ လူတစ်ယောက်၏ ရယ်သံထွက်လာပြီး စကားပြောသံကို ကြားလိုက်ရသည်။
“မင်း ဒီအဆင့်ထိတောင် ရောက်ပြီပေါ့…”
ဝမ်ကျင်းက လှည့်ကြည့်လိုက်သောအခါ စမ်းချောင်းနားတွင် ရပ်နေသည့် လျိုချန်မော့ကို မြင်လိုက်ရလေ၏။ သူက မြန်မြန်ထလိုက်ပြီး ဝိညာဉ်စွမ်းအားလုံးကို ရတနာကဲ့သို့ လျိုချန်မော့အား ပြလိုက်လေသည်။
လျိုချန်မော့က ခပ်ဖွဖွ ခေါင်းညိတ်လိုက်၏။
“မဆိုးပါဘူး…”
ဤကလေး၏ အထုံပါရမီက မကောင်းသကဲ့သို့ ဉာဏ်လည်း မကောင်းပေ။ အတိတ်နေ့ရက်များတွင် ကျွင်းယန်ကျစ်က အလင်းထိုးဖောက်ခြင်းကို တတ်မြောက်ရန် နာရီဝက်သာ အချိန်လိုသည်။ နားလည်သဘောပေါက်နိုင်စွမ်းတွင် သူက ဟွေ့ရှစ်တောင်ထိပ်တစ်ခုလုံး၌ အကောင်းဆုံးဖြစ်ပြီး ချင်ရှုဓားဂိုဏ်းတစ်ခုလုံးတွင် ပထမတန်းစားဖြစ်၏။ သူကမူ အလင်းထိုးဖောက်ခြင်းကို တတ်မြောက်ရန် နေ့တစ်ဝက်ခန့်ချိန်ယူရသည်။ ဤကလေးက သုံးရက်ကြာပြီးမှ တက်မြောက်၏။ သူ၏ နားလည်သဘောပေါက်နိုင်စွမ်းကလည်း သာမန်ဟု ဆိုနိုင်လေ၏။
သို့ရာတွင် အဆိုးဆုံးမဟုတ်ပေ။
ရှစ်တိ (၆)နှင့် ရှစ်တိ(၉)ကလည်း အလင်းထိုးဖောက်ခြင်းကို တတ်မြောက်ရန် လေးငါးရက်ခန့် အချိန်ယူခဲ့ရသည်။
လျိုချန်မော့က ပြောလိုက်၏။
“မင်းရဲ့ ဝိညာဉ်စွမ်းအားလုံးက နူးညံ့ပြီး သိမ်မွေ့တယ်… ဒါကိုသုံးပြီး ဘယ်လိုတိုက်ခိုက်မှာလဲ…”
ဝမ်ကျင်းက ပြန်ဖြေလိုက်သည်။
“ကျွန်တော် ဒါနဲ့ မတိုက်ခိုက်နိုင်ဘူး…”
လျိုချန်မော့က လက်မြှောက်ပြီး ဝိညာဉ်စွမ်းအားလုံးကို စုစည်းလိုက်၏။ မူလတွင် အဖြူရောင်အလင်းလုံးက ဝမ်ကျင်း၏ အလင်းလုံးကဲ့သို့ နူးညံ့သော်လည်း ရုတ်တရက် သိပ်သည်းလာပြီး ပြင်းထန်သောအရှိန်ဖြင့် စီးဆင်းကာ ဓားမြှောင်တစ်ချောင်းအဖြစ် ပြောင်းလဲသွားလေသည်။ သူရှေ့ရှိ သစ်ပင်၏ပင်စည်တွင် နက်ရှိုင်းသော အပေါက်တစ်ခုက ချက်ချင်း ပေါ်ပေါက်လာလေ၏။
“ဝိညာဉ်စွမ်းအားကို ဒီလိုသိပ်သည်းအောင် လုပ်မယ်ဆိုရင် ဖျက်ဆီးလို့မရတော့ဘူး... ပြီးခဲ့တဲ့ရက်က မင်းနဲ့ရန်ဖြစ်ခဲ့တဲ့ မီးခိုးရောင်ဝတ်စုံနဲ့ လူငယ်ဆိုရင် သူ့ရဲ့ဝိညာဉ်စွမ်းအားက ကျောက်တုံးလိုပဲ... အဲ့ဒါနဲ့ တိုက်ခိုက်မယ်ဆိုရင် ဒဏ်ရာရပြီး သွေးထွက်သံယို ဖြစ်သွားလိမ့်မယ်... ဒါပေမဲ့ သူ့ရဲ့စွမ်းအားက ဓားနဲ့တော့မယှဉ်နိုင်ဘူး... ဒီသိုင်းပညာက ရိုးရှင်းပေမယ့် နည်းအမျိုးမျိုး ပြောင်းလဲနိုင်တယ်... အသုံးပြုပုံကလည်း တော်တော်လေးများတယ်... သေချာ နားလည်သဘောပေါက်အောင် လုပ်ပြီး ကြိုးကြိုးစားစား လေ့ကျင့်သင့်တယ်...”
“ဟုတ်ကဲ့...”
လျိုချန်မော့က ထပ်ပြောလိုက်သည်။
“အခုကစပြီးတော့ မနက်ပိုင်းမှာ လေ့ကျင့်ရမယ်.. နေ့လယ်ကျရင် လက်တိုလက်တောင်းလုပ်ဖို့ တာဝန်ပေးမယ်... လာရမယ့်လမ်းကို သိလား...”
ဝမ်ကျင်းက ချက်ချင်း ခေါင်းညိတ်လိုက်၏။
လျိုချန်မော့က သူ့ကိုခေါ်သွားပြီး တစ်ခဏအကြာတွင် စိမ်းလန်းစိုပြေနေသော ဟင်းသီးဟင်းရွက်များနှင့် ဆေးဖက်ဝင်အပင်များ စိုက်ပျိုးထားသည့်နေရာသို့ ရောက်လာလေ၏။ ထိုနေရာကို ဝါးခြံစည်းရိုးဖြင့် ဝန်းရံထားပြီး အထဲတွင် အလုပ်လုပ်နေသည့် လူငယ်နှစ်ယောက်ကို မြင်ရလေသည်။ ဝမ်ကျင်းက ဟင်းသီးဟင်းရွက်ခြံကို ကြည့်ပြီးနောက် ချင်ချွမ်ရွာကို ပြန်သတိရသွားပြီး လှည့်ပြောလိုက်၏။
“ရှစ်ရှုန်းတို့ အသီးအရွက်တွေ စိုက်တာလား...”
လျိုချန်မော့က ပြောလိုက်၏။
“အရင်က အသီးအရွက် စိုက်ဖူးလား...”
ဝမ်ကျင်းက ခေါင်းညိတ်ပြလိုက်၏။
“အရင်တုန်းက ခြံကိုစောင့်ရှောက်ဖို့ အဘိုးနဲ့ နေ့တိုင်းလိုက်သွားတယ်...”
“ချင်ရှုဓားဂိုဏ်းက တပည့်တွေက ကျင့်ကြံရုံပဲ... အစားအသောက်နဲ့ အဝတ်အစားတွေအတွက်ကို တောင်ထိပ်တစ်ခုဆီက ကိုယ့်ဘာသာ ဖြေရှင်းရမှာ... ပိုပြီးအလုပ်လုပ်လေ ပိုရလေပဲ...”
လျိုချန်မော့က အနည်းငယ် ရှက်ရွံ့စွာဖြင့် ပြောလိုက်သည်။
“တပည့်က ဆယ်ယောက်ပဲရှိတော့ စားဝတ်နေရေးက အရမ်းအဆင်မပြေဘူး... အသီးအရွက်တွေစိုက်ပြီး စိတ်ဝိညာဉ်မြက်တွေကို ပျိုးထောင်တာက ငါတို့ရဲ့ ပထမဦးစားပေးပဲ...”
ဝမ်ကျင်းက ခေါင်းညိတ်လိုက်၏။
“ကိစ္စမရှိဘူး... ကျွန်တော် အသီးအရွက်တွေ စိုက်လိုက်မယ်...”
လျိုချန်မော့က ပြုံးပြီးပြောလေ၏။
“ကောင်းတယ်... အခြေခံအဆင့်ကို တည်ဆောက်ပြီးရင် ဂိုဏ်းက ဝိညာဉ်ကျောက်တုံးတွေနဲ့ ဆေးတွေကို တစ်လတစ်ကြိမ် ပေးလိမ့်မယ်... ဘာပဲဖြစ်ဖြစ် အခုကနေစပြီး အလုပ်ကြိုးစား...”
လျိုချန်မော့က သူ့ကို အသီးအရွက်ခြံထဲသို့ ခေါ်သွားပြီး ပြောလိုက်သည်။
“မင်းရဲ့ မော့ရှစ်ရှုန်းရယ် ကုရှစ်ရှုန်းရယ်နဲ့အတူတူ အလုပ်လုပ်ရမယ်...”
ထိုအချိန်တွင် အလုပ်လုပ်နေသည့် နှစ်ယောက်က သူတို့၏စကားကို ကြားပြီးနောက် အလုပ်ကို ရပ်ကာ ဝမ်ကျင်းကို မော့ကြည့်လိုက်သည်။ ထိုနှစ်ယောက်ထဲမှ တစ်ယောက်က ချင်ချွမ်ရွာတွင် တွေ့ခဲ့သည့် ချောမောသော်လည်း ကြမ်းတမ်းသည့် မော့ရှောက်ယန်ဖြစ်သည်။
လျိုချန်မော့က ပြုံးပြီးပြောလိုက်၏။
“သူက ငါပြောထားတဲ့ လုကျင်း... ဒီနေ့ကစပြီး သူလည်း အသီးအရွက်ခြံထဲမှာ အလုပ်လုပ်လိမ့်မယ်… သူ့ကိုဂရုစိုက်လိုက်ဦး… အနိုင်မကျင့်နဲ့နော်…”
မော့ရှောက်ယန်က ပြုံးပြီးပြောလိုက်၏။
“အကြီးဆုံးရှစ်ရှုန်းက တော်လိုက်တာ… သူ့ကို ဒီနေရာကို လာအောင် လှည့်ဖြားနိုင်တယ်…”
အခြားလူငယ်တစ်ယောက်က ကုကျင်းပိုင်ဟုခေါ်ပြီး ပိန်ပိန်ရှည်ရှည်ပုံစံဖြစ်ကာ အသက် ၁၇၊ ၁၈ ခန့်ရှိလေ၏။ သူက ဝမ်ကျင်းကို ခေါင်းအစခြေအဆုံးကြည့်ပြီး ပြောလိုက်၏။
“အကြီးဆုံးရှစ်ရှုန်း… ဒီကလေးက အရမ်းသေးတယ်… သူလုပ်နိုင်ပါ့မလား…”
မော့ရှောက်ယန်က ပြောလိုက်သည်။
“သူက မင်းထက်ပိုပြီး လုပ်နိုင်တယ်…”
ကုကျင်းပိုင်က အနည်းငယ် ဒေါသထွက်သွား၏။
“ဘာလို့ အဲ့လိုလာယှဉ်နေတာလဲ… ငါက မင်းရဲ့ ရှစ်ရှုန်း(၇)နော်…”
မော့ရှောက်ယန်က ပြောလိုက်၏။
“ငါက စကားမပြောတတ်ဘူး… မင်းက အလုပ်မလုပ်တတ်ဘူး… ငါတို့အတူတူပဲ…”
ကုကျင်းပိုင်က စိတ်မလျှော့ချေ။
“ရှစ်ရှုန်း… သူက အကြောင်းပြချက်လည်း မရှိဘဲ ကျွန်တော့်အပေါ် လာရိုင်းနေတယ်…”
မော့ရှောက်ယန်က ဖြည်းဖြည်းပြောလိုက်၏။
“အကြီးဆုံးရှစ်ရှုန်းက ထက်မြက်တယ်…”
လျိုချန်မော့က ခေါင်းကိုက်လာသည်။
“မင်းတို့နှစ်ယောက် ရန်ထပ်ဖြစ်ပြန်ပြီ… နောက်နှစ်ကျရင် မင်းတို့ကို တောင်အောက်ခေါ်မသွားတော့ဘူး… အရင်ဆုံး လုကျင်းကို ခြံနဲ့ပတ်သက်ပြီး သင်ပေးလိုက်…”
ကုကျင်းပိုင်က စိတ်ကောက်ကာ စကားမပြောတော့ပေ။ ထို့ကြောင့် မော့ရှောက်ယန်ကသာ ဝမ်ကျင်းကို ခြံထဲလိုက်ပြလိုက်ရ၏။
ဝမ်ကျင်းက ပြောစရာများစွာမရှိချေ။ အသီးအရွက်ခြံ တစ်ခြံလုံးနီးပါးကို လှည့်ပတ်ကြည့်ပြီးနောက် ရေပုံးယူကာ တောင်ကျချောင်းသို့ သွားလိုက်ပြီး အသီးအရွက်များကို ဂရုတစိုက် ရေလောင်းလေသည်။
သူက ခက်ခက်ခဲခဲကြိုးစားပြီး ရိုးသားနာခံစွာဖြင့် အလုပ်လုပ်နေသည်ကို မြင်သောအခါ လျိုချန်မော့က ဝမ်းသာသွားပြီး အသိအမှတ် ပြုလိုက်လေသည်။ သူ့မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာပြီး ပြောလိုက်၏။
“အရမ်းကောင်းတယ်... မင်း အလုပ်စလုပ်နေပြီပဲ... နောက်ရက်ကျရင် ရှစ်ရှုန်းပြန်လာကြည့်မယ်...”
လျိုချန်မော့က ထိုသို့ပြောပြီးနောက် ထွက်သွားလေသည်။
ထိုအချိန်မှစပြီး ဝမ်ကျင်းက ဟွေ့ရှစ်တောင်ထိပ်တွင် နေထိုင်ကာ မနက်ရောက်လျှင် လေ့ကျင့်ပြီး နေ့လယ်ရောက်လျှင် ခြံသို့ အလုပ်လုပ်ရန် သွားလေသည်။ မော့ရှောက်ယန်နှင့် ကုကျင်းပိုင်ကလည်း မကြာခဏ ငြင်းခုံကာ ရန်ဖြစ်လေ့ရှိ၏။ ထိုအရာမှလွဲပြီး ဝမ်ကျင်း၏ ဘဝက ပြီးပြည့်စုံနေလေသည်။ ချင်ချွမ်ရွာတွင် နေထိုင်ခဲ့သော ဘဝနှင့်ယှဉ်လျှင် ပို၍ ပျော်ရွှင်ပြီး သက်တောင့်သက်သာရှိစွာဖြင့် နေထိုင်နေလေ၏။ နေ့ရက်တိုင်းတွင် သူ၏ ရယ်သံကို ကြားရမည်ဖြစ်လေသည်။
⛰️⛰️⛰️