⛰️Chapter - 6
ဂိုဏ်းသို့ဝင်ရန်ကြိုးစားခြင်း
ခန်းမဆောင်အတွင်း၌ တပည့်အသစ် ရှစ်ယောက်က တောင်ထိပ်သခင်များရှေ့တွင် တစ်ယောက်နှင့်တစ်ယောက် ခြောက်မီတာခန့် ခွာပြီး မတ်တတ်ရပ်နေကြ၏။ အခြားအဆင့်မီသော တပည့်များအားလုံးတွင် အိမ်အသစ်ရှိပြီ ဖြစ်ပြီး သူတို့က ဘေးတွင်ရပ်ကာ ခပ်ဖျော့ဖျော့ပြုံးလျက် ကြည့်နေကြသည်။ တောင်ထိပ်ရှိ ဆရာသခင်များနှင့် ဝမ်ရမ်မုကလည်း ရှိနေလေသည်။
ရှီဖန့်က ဖြည်းဖြည်းချင်း စကားပြောလေသည်။
“မင်းတို့အားလုံး ဒီတောင်ပေါ်တက်ဖို့ ကြိုးစားခဲ့ကြတယ်... မင်းတို့ရဲ့ အားထုတ်မှုက ချီးကျူးလောက်ပါတယ်... ကံမကောင်းတာကတော့ ဂိုဏ်းမှာ တပည့်တွေ အများကြီးရှိပြီး နေရာက အများကြီး မကျန်တော့ဘူး... အဲဒါကြောင့် ဂိုဏ်းက ဆုံးဖြတ်ချက်တစ်ခု ချခဲ့တယ်... တောင်ထိပ်ရှစ်ခုမှာပဲ တပည့်တစ်ယောက်စီကို လက်ခံနိုင်မယ်...”
ထိုစကားကို ကြားသောအခါ လူရှစ်ယောက်က ချက်ချင်း စိတ်သက်သာရာ ရသွားခဲ့သည်။ သို့ရာတွင် သူတို့က မည်သည့်တောင်ထိပ်သို့ ဝင်ရမည်ကို မသိသေးသဖြင့် အနည်းငယ် စိုးရိမ်စိတ်များရှိ နေသေးသည်။
ရှီဖန့်က လူရှစ်ယောက်လုံးကို ကြည့်ပြီးပြောလိုက်၏။
“အထုံပါရမီနဲ့ ကျင့်ကြံဆင့်တွေကို နှိုင်းယှဉ်တဲ့အခါမှာ မင်းတို့ရှစ်ယောက်လုံးက အတူတူပဲ... ဒီတစ်ကြိမ်မှာ ယွီရုန်တောင်ထိပ်၊ ပါးကျန့်တောင်ထိပ် ၊ ဟွမ်ဟွားတောင်ထိပ်၊ ဟုန်ရှို့တောင်ထိပ်၊ ပေယန်တောင်ထိပ်၊ နန်ရန်တောင်ထိပ် ၊ ဟွေ့ရှစ်တောင်ထိပ်နဲ့ ရှီကျူးတောင်ထိပ်တွေမှာ နေရာတစ်ခုစီရှိတယ်... ထုံးတမ်းစဉ်လာအရ တရားဝင် တပည့်အသစ်အဖြစ် လက်ခံဖို့အတွက် မင်းတို့မှာ ယှဉ်ပြိုင်ဖို့ အခွင့်အရေးတစ်ခု ရှိတယ်...”
[T.N_ Eng translatorက ဖုန်းကို တောင်ထိပ်လို့ ပြောင်းရေးထားတာမလို့ နောက်ပိုင်းကစပြီး ဖုန်းနေရာမှာ တောင်ထိပ်လို့ပြောင်းရေးပါမယ်... ဥပမာ- ဟွေ့ရှစ်ဖုန်းဆိုရင် ဟွေ့ရှစ်တောင်ထိပ်လို့ ရေးသွားပါမယ်...]
ရှီဖန့်က စကားကို ရပ်လိုက်ပြီးနောက် လူရှစ်ယောက်ကို ကြည့်လိုက်သည်။ ထို့နောက် တောင်ထိပ်တစ်ခုစီ၏ နာမည်ကို ရေးထားသော အပြာရောင်အလံလေး ပါရှိသည့် တိုင်ရှစ်တိုင်ကို တစ်ယောက်လျှင် တစ်တိုင်စီ ယူရန်ပြောလေ၏။
“မင်းတို့ရွေးလိုက်တဲ့ အလံက မင်းတို့ဝင်ရမယ့် တောင်ထိပ်ပဲ...”
ပုံမှန်အားဖြင့် အားလုံးက ကောင်းချီးပေးခံထားရသည့် တပည့်သစ်များကို လိုချင်ကြသည်။ သို့ရာတွင် ဤသာမန်အရည်အချင်းသာရှိသော လူရှစ်ယောက်ကို လုယူရန် မထိုက်တန်ချေ။
ဤတပည့်အချို့ကို ဂိုဏ်းထဲတွင် လက်ခံရန် အရည်အချင်းပြည့်မီမှု အနည်းငယ်သာရှိသည်။ ထို့ကြောင့် သူတို့က တရားဝင်တပည့်ဖြစ်လာရန် အခွင့်အရေးကို ဆုပ်ကိုင်ချင်ကြ၏။ ဤလူများကို ညံ့ဖျင်းသောလူများ ဟုပြောနိုင်ရုံသာ မဟုတ်ဘဲ ဝန်ထုတ်ဝန်ပိုးဟုပင် ပြောနိုင်လေသည်။ တောင်ထိပ်တစ်ခုစီတွင် သူတို့အား အတင်းအကျပ် ခွဲထုတ်မည့်အစား သူတို့၏ စိတ်ဆန္ဒကို ကြည့်ရသည်က ပိုကောင်းလေ၏။ သူတို့က တောင်ထိပ်များတွင် ရင်းနှီးကျွမ်းဝင်သွားလျှင် သူတို့အား လမ်းညွှန်ချက်များပေးပြီး ထားလိုက်သည်က ပိုကောင်းလေသည်။
ထိုအချိန်တွင် အဖြူရောင်ဝတ်စုံနှင့်လူနှင့် အနက်ရောင်ရောင်ဝတ်စုံနှင့် လူတစ်ယောက်က ခန်းမဆောင်ထဲသို့ ဝင်လာလေသည်။ ရှီဖန့်ကို မနှောင့်ယှက်ချင်သောကြောင့် သူတို့က ဘေးဘက်တွင် ရပ်နေလိုက်၏။ သူတို့ဘေးတွင် ရပ်နေသည့် တပည့်တစ်ယောက်က အသံတိုးတိုးဖြင့် သူတို့အား သရော်နေလေသည်။
“လျိုရှစ်ရှုန်း… ကျွင်းရှစ်ရှုန်း… ဘာလို့ ဒီကို ရောက်နေတာလဲ… ရှစ်ရှုန်းတို့ရဲ့ ရှစ်ဖူက အခုထိ မရောက်သေးဘူးလေ…”
ထိုလူနှစ်ယောက်က လျိုချန်မော့နှင့် ကျွင်းယန်ကျစ်တို့ဖြစ်သည်။ လျိုချန်မော့က တပည့်အသစ်ရှစ်ယောက်၏ နောက်ကျောကို ကြည့်နေပြီးနောက် သူ့အကြည့်က ဝမ်ကျင်းထံ ရောက်သွားလေ၏။
“ဂိုဏ်းချုပ်ရှီက ငါတို့ကို လာခိုင်းထားတာ… ဒီနေ့ ဟွေ့ရှစ်တောင်ထိပ်က တပည့်အသစ်တစ်ယောက် ခေါ်ရမယ်လို့ ပြောတယ်…”
“ဒီရှစ်ယောက်ထဲက တစ်ယောက်…”
ထိုရန်စသော တပည့်က ရယ်လိုက်၏။
“ရှစ်ရှုန်းရဲ့ ရှစ်ဖူက ဘယ်သူ့ကို သဘောကျလို့လဲ… ဘာလို့ တောင်းဆိုတာကို ရုတ်တရက်ကြီး လက်ခံလိုက်တာလဲ…”
လျိုချန်မော့က မတုံ့ပြန်ခဲ့ပေ။
လက်ရှိတွင် ဟွေ့ရှစ်တောင်ထိပ်၌ တပည့်(၉)ဦးသာ ရှိသည်။ တိုးတက်မှုကို အကဲဖြတ်ရန်အတွက် တောင်ထိပ်တိုင်းက သုံးနှစ်တစ်ကြိမ် တပည့်(၁၀)ယောက်ကို ပို့ပေးရန် လိုအပ်သည်။ ဟွေ့ရှစ်တောင်ထိပ်၏ အကြီးဆုံးတပည့်အနေဖြင့် သူက စိုးရိမ်နေခဲ့၏။ အတွေးအချို့ တွေးပြီးနောက် သူက နောက်တစ်ကြိမ် ဂိတ်တံခါးဖွင့်လျှင် ဟွေ့ရှစ်တောင်ထိပ်အတွက် တပည့်အချို့ကို ခေါ်ယူချင်သည်ဟု ဂိုဏ်းချုပ်ရှီအား ခိုးကြောင်ခိုးဝှက်ဖြင့် တောင်းဆိုခဲ့လေသည်။ သူတို့က အဆင့်ချခံထားရသဖြင့် ဤတပည့်အသစ်များ၏ အထုံပါရမီမှာ အားနည်းလိမ့်မည်ဖြစ်၏။
ဒီထဲက တစ်ယောက် ရွေးဖို့လိုသေးတာလား…
ရန်စသည့် တပည့်က အသံတိုးတိုးဖြင့် ပြောလိုက်သည်။
“ရှစ်ရှုန်း တစ်ယောက်ကို ရွေးလိုက်လေ… အရွေးခံရတဲ့တစ်ယောက်က အော်ငိုနေမှာ မြင်ယောင်ပါသေးတယ်…”
ထိုစကားကို ကြားချိန်တွင် လျိုချန်မော့က ဒေါသထွက်လာသော်လည်း သူပြန်ပြောနိုင်သည့် အကြောင်းအရာ မရှိချေ။ ထို့ကြောင့် အေးစက်စက် မျက်နှာနှင့် ကြိတ်မှိတ်သည်းခံနေလိုက်၏။ ယနေ့တွင် သူက တပည့်အသစ်ရွေးရန် ရောက်လာခြင်းဖြစ်သည်။ ဒေါသထွက်ပြီး ရန်ဖြစ်ရန် ရောက်လာခြင်းမဟုတ်ချေ။ ထိုလူငယ်လေး၏ နောက်ကျောက ချင်ချွမ်ရွာတွင် တွေ့ခဲ့သော ကောင်လေးနှင့် အလွန်ဆင်လေသည်။
လျိုချန်မော့က စဉ်းစားနေစဉ်တွင် ဝမ်ကျင်းကို ငေးကြည့်နေ၏။ ထိုကောင်လေးက လှည့်ကြည့်လိုက်သောအခါ သူတို့နှစ်ယောက် မျက်လုံးချင်ဆုံသွားပြီး ဝမ်ကျင်းက ကြောင်တောင်တောင်ဖြင့် ရှေ့ပြန်လှည့်လိုက်လေသည်။
လျိုချန်မော့က ပြုံးလိုက်၏။
“တကယ်ကြီး ဝမ်ကျင်းပဲ…”
သူက ကောင်လေး၏ အမူအရာကိုကြည့်ပြီးနောက် ကျွင်းယန်ကျစ်ကို လှည့်ကြည့်လိုက်သည်။ လျိုချန်မော့က မျက်ခုံးပင့်ပြီး စနောက်လိုက်၏။
“အာ… ဒီကြောင်တောင်တောင် ကောင်လေးက မင်းကို လေးစားပုံရတယ်… မင်းရဲ့ဆွဲဆောင်မှုတွေကို ထုတ်သုံးပြီး အနစ်နာခံလိုက်ရင် ကောင်လေးက ငါတို့ဆီလာချင်လိမ့်မယ်… မင်းရဲ့ ဆွဲဆောင်မှုရှိတဲ့ ရုပ်ရည်က အားသာချက်တစ်ခုပဲလေ…”
ကျွင်းယန်ကျစ်က စကားလမ်းကြောင်းကို ချောချောမွေ့မွေ့ လွှဲလိုက်၏။
“ရှစ်ရှုန်း… ဆယ်ယောက်မြောက် တပည့်ကို လက်ခံဖို့လုပ်တဲ့ကိစ္စ ရှစ်ဖူကို ဘယ်လိုရှင်းပြဖို့ စီစဉ်ထားလဲ…”
လျိုချန်မော့က မျက်မှောင်ကြုတ်လိုက်သည်။
“ဂိုဏ်းချုပ်ရှီက သူ့ကို နေရာချပေးလိမ့်မယ်… ရှစ်ဖူ ဘာမှပြောလို့ရမှာမလုပ်ဘူး… ရှစ်ဖူက သူ့ကို လက်မခံရင် ဒီရှစ်ရှုန်းက သူ့ကို တပည့်အဖြစ် လက်ခံလိုက်မယ်…”
အများဆုံးရှိမှ ရက်နည်းနည်းလောက် အပိတ်ခံထားရရုံပေါ့… ဒီကိစ္စကို ပြန်ပြောနေစရာမလိုပါဘူး…အဲဒါက သူ့ကို မသက်မသာဖြစ်စေလိမ့်မယ်…
[လျိုချန်မော့နှင့် ကျွင်းယန်ကျစ်မှာ ချင်ချွမ်ရွာတွင် သူတို့ကယ်လိုက်သည့် ကောင်လေးက နှစ်တစ်ထောင်တွင် တစ်ယောက်ပင် တွေ့ရခဲသည့် တတိယယန်ခန္ဓာကိုယ်ပိုင်ရှင် ဖြစ်မည်ဟု လုံးဝမမျှော်လင့်ထားခဲ့ချေ။ တောင်ထိပ်ဆရာသခင်များက သူ့ကိုရရန် တိုက်ခိုက်နေကြပြီး နောက်ဆုံးတွင် ထျန်းဟန့်တောင်ထိပ်က သူ့ကို ရသွားလေ၏။ လျိုချန်မော့က သုံးနှစ်တစ်ကြိမ်လုပ်သည့် တောင်ထိပ်များအပေါ် အကဲဖြတ်မှုတွင် အနည်းဆုံး တပည့်(၁၀)ယောက် လိုအပ်သဖြင့် စိတ်ပူပြီး ဂိုဏ်းချုပ်ရှီအား ဟွေ့ရှစ်တောင်ထိပ်သို့ တပည့်တစ်ယောက်ပို့ပေးရန် တောင်းဆိုခဲ့လေသည်။ သူတို့၏ အလံကိုယူရန် မည်သူကမှ ဆန္ဒမရှိခဲ့ချေ။ နောက်ဆုံးတွင် တပည့်တစ်ယောက်ကို ရှုံးနိမ့်ပြီးနောက် ပိုကောင်းသည့်ရွေးချယ်မှုမရှိသဖြင့် သူက ဟွေ့ရှစ်အလံကို လက်ခံပြီး လျိုချန်မော့နောက်သို့ လိုက်သွားရလေ၏။]
‘သက်ရှိတိုင်းအတွက် ကပ်ဘေးတစ်ခု’ အပိုင်း(၁၃) မှ ကောက်နုတ်ချက်ဖြစ်သည်။
ဝမ်ကျင်းက နှာခေါင်းကိုထိလိုက်၏ မည်သူကမှ ဟွေ့ရှစ်တောင်ထိပ်၏ အလံကို ယူရန်ဆန္ဒမရှိသည်ကို သိသိသာသာ သတိထားမိလေသည်။ လုယွင်ဖေးက အမြင့်သို့ ခြေတစ်လှမ်းတည်းဖြင့် တက်ချင်သော်လည်း သူကမူ ဟွေ့ရှစ်တောင်ထိပ်ကို ဝင်ရန် ကိုယ့်သဘောဆန္ဒဖြင့် ဆုံးဖြတ်ခဲ့၏
ချင်ရှု၏ တပည့်တစ်ယောက်က ရှင်းလင်းသောအသံဖြင့် ပြောလေ၏
“မင်းတို့မှာ အလံတစ်ခုကို ရွေးဖို့ အချိန်ကန့်သတ်ချက်ရှိတယ်… စလို့ရပြီ…”
လူရှစ်ယောက်က စဉ်းစားမနေဘဲ မြန်မြန်ပြေးသွားကြလေ၏။ လေထုက ရုတ်တရက် အသက်ဝင်လာလေသည်။ ချင်ရှုခန်းမဆောင်ထဲရှိ လူတိုင်းက ပြုံးနေကြပြီး တိတ်တဆိတ်ဖြင့် မှတ်ချက်များ ပေးနေကြလေသည်။ သူတို့က ပြိုင်ပွဲတစ်ခုကို ကြည့်နေသကဲ့သို့ လူရှစ်ယောက်ကို ကြည့်နေလေ၏။ ရှစ်ယောက်ထဲတွင် သုံးယောက်က ရှီဖန့်ရှိသည့် ယွီရုန်တောင်ထိပ်အလံကို ယူရန်ကြိုးစားကြလေသည်။ နှစ်ယောက်က အချမ်းသာဆုံးတောင်ထိပ်ဖြစ်သည့် ပါးကျန့်တောင်ထိပ်အလံဆီသို့ အလျင်အမြန် ပြေးသွားကြပြီး အချင်းချင်း လုံးထွေးသတ်ပုတ်ကြတော့သည်။ တိုက်ခိုက်ရန် သဘောမကျသည့် လူတစ်ယောက်က မည်သည့်ယှဉ်ပြိုင်မှုမှ မရှိဘဲ ရှီကျူးအလံကို ယူလိုက်လေ၏။ ယိုစစ်ကမူ တစ်ခဏခန့် ရပ်ကြည့်နေပြီးနောက် တည်တည်ငြိမ်ငြိမ်ဖြင့် ပေယန်အလံကို ဆွဲယူလိုက်ပြီး ဝမ်ကျင်းက ဟွေ့ရှစ်အလံကို ဆွဲယူလိုက်လေသည်။
လူအုပ်ထဲရှိ အချို့က အံ့အားသင့်စွာဖြင့် အော်ပြောကြလေ၏
“ကြည့်လိုက် ဟွေ့ရှစ်အလံကို ယူတဲ့လူတစ်ယောက် ရှိတယ်…”
လျိုချန်မော့က အလွန်အားရကျေနပ်ကာ ကျွင်းယန်ကျစ်ကို တိုးတိုးပြောလိုက်သည်။
“ရှစ်တိရဲ့ တုံးအတဲ့ကောင်လေးက တကယ်ကြီး ဟွေ့ရှစ်တောင်ထိပ်ကို လာချင်နေတာပဲ…”
ကျွင်းယန်ကျစ်က တည်တည်ငြိမ်ငြိမ်ဖြင့် ပြန်ပြောလိုက်၏။
“သူက ကျွန်တော့်ရဲ့ တုံးအတဲ့ကောင်လေး မဟုတ်ဘူး…”
လျိုချန်မော့က သူ့ကို လျစ်လျူရှုထားလိုက်ပြီး ဝမ်ကျင်း၏ အပြုအမူများကိုသာ ပြုံးပြီး လိုက်ကြည့်နေလေသည်။
ဝမ်ကျင်းက မည်သည့် သိုင်းပညာကိုမှ မသင်ခဲ့ရပေ။ သူကငယ်ရွယ်ပြီး အရပ်လည်းပုလေ၏။ သူက တိုင်ထိပ်တွင်စိုက်ထားသည့် အလံကို မော့ကြည့်ကာ အကြိမ်အနည်းငယ်ခန့် ခုန်ပြီးယူသော်လည်း မမှီသဖြင့် လူအုပ်က သူ့ကိုရယ်နေကြလေသည်။ ကံကောင်းစွာဖြင့် သူနှင့်အလံပြိုင်လုရန် မည်သူကမှ စိတ်မဝင်စားချေ။ သူက တိုင်ကိုထောက်ပြီး ကြိုးစားပမ်းစားဖြင့် ဖြည်းဖြည်းချင်း အပေါ်သို့တက်လေသည်။ လျိုချန်မော့က သူ့အား စိုးရိမ်စွာဖြင့် ကြည့်နေပြီး စိတ်ထဲမှ အားပေးနေလေ၏။
ထို့နောက် မီးခိုးရောင်ပုံရိပ်တစ်ခုက ပေါ်လာပြီး အလံကိုလုယူရန် ခုန်လိုက်လေ၏။ ဝမ်ကျင်းက လန့်သွားပြီ ‘အာ’ ဟု အသံထွက်ကာ မိုးပြာရောင်အလံကို ဆုပ်ကိုင်လိုက်ပြီး မီးခိုးရောင်အဝတ်အစားနှင့်လူငယ်ပေါ်သို့ ပြုတ်ကျသွားလေသည်။ မီးခိုးရောင်နှင့်လူငယ်က ဒေါသတကြီးပြောလေ၏။
“ငါ့ကို အလံပေးစမ်း…”
သူက အကြောင်းပြချက်မပေးဘဲ ဝမ်ကျင်းထံသို့ အစိမ်းရောင်အလင်းကို ပစ်လိုက်လေသည်။ ဝမ်ကျင်းက အောက်တွင်လှိမ့်ပြီး အန္တရာယ်ရှိသော ရိုက်ချက်များကို ရှောင်ရှားကာ အလံကို တင်းတင်းဆုပ်ကိုင်ထား၏။
ချင်ရှုခန်းမဆောင်ထဲရှိ လူတိုင်းက မေးရိုးပြုတ်ကျလုနီးပါး ပါးစပ်အဟောင်းသား ဖြစ်ကုန်ကြလေသည်။ ငယ်ရွယ်သော တပည့်အနည်းစုက အချင်းချင်း တီးတိုးပြောနေကြ၏။
“လူနှစ်ယောက်က ဟွေ့ရှစ်အလံကို ရဖို့ လုနေမယ်လို့ မထင်ထားဘူး… လောကကြီးက ဘာတွေဖြစ်ကုန်ပြီလဲ…”
“အာ… ဟုန်ရှို့တောင်ထိပ်ကို ဘယ်သူမှ စိတ်မဝင်စားကြဘူး…”
လျိုချန်မော့က မယုံကြည်နိုင်ဖြစ်နေပြီး ခံစားချက်များ ရှုပ်ထွေးနေ၏။ သူက ဝမ်ကျင်းကို စိတ်ပူနေသော်လည်း ဟွေ့ရှစ်တောင်ထိပ်ကို ဝင်နိုင်ရန် လူနှစ်ယောက်က အပြန်အလှန် တိုက်ခိုက်နေသည်က အလွန်စိတ်လှုပ်ရှားဖွယ် ကောင်းနေလေသည်။
ယခုအချိန်တွင် အလံရှစ်ခုအနက် အလံခြောက်ခုကို ယူပြီးကြပြီဖြစ်၏။ ဝမ်ကျင်းနှင့် မီးခိုးရောင်ဝတ်စုံလူငယ်က ဟွေ့ရှစ်တောင်ထိပ်အလံကို ရရန် အပြန်အလှန် တိုက်ခိုက်နေကြပြီး ဟုန်ရှို့တောင်ထိပ်ကိုမူ မည်သူကမှ စိတ်မဝင်စားချေ။ ဟုန်ရှို့တောင်ထိပ်တွင် ရှည်လျားသော ရာဇဝင်တစ်ခုရှိ၏။ ဟုန်ရှို့တောင်ထိပ်၏ ခေါင်းဆောင်က ချင်ရှုဇီ၏ အထူးခြားဆုံးတပည့်ဟု ယူဆနိုင်လေသည်။ သို့ရာတွင် ဂိုဏ်းအချင်းချင်းတိုက်ပွဲ၌ ပါဝင်သောကြောင့် ကြံစည်ခံလိုက်ရပြီး သူက ထွက်ပြေးရန် ဖိအားပေးခံလိုက်ရလေ၏။ လွန်ခဲ့သော နှစ်ထောင်ချီအတွင်း ဟုန်ရှို့တောင်ထိပ်က ကောင်းကင်ဘုံထံမှ ပြက်ရယ်ပြုခံရပြီး ၎င်း အရည်အချင်းများက တိုးတက်ရန် အရိပ်အယောင်မပြခဲ့ချေ။ လက်ရှိတောင်ထိပ်သခင် ကျောက်ကျူးထျန်းက အလွန်ပုပြီး ဝကာ အမြင်ကျဉ်းပြီး ဆိုးဝါးသော သဘောထားရှိလေ၏။
လျိုချန်မော့က ကျွင်းယန်ကျစ်ကို ပြောလိုက်သည်။
“ကျောက်ရှစ်စွမ်းက မျက်နှာအရမ်းရချင်တာ… ဘယ်သူကမှ ဟုန်ရှို့တောင်ထိပ်ကို မလာချင်လို့ တော်တော် စိတ်ဆိုးနေပုံရတယ်…”
ကျွင်းယန်ကျစ်က မတုံ့ပြန်ခဲ့ပေ။ ထိုအချိန်တွင် ကျောက်ကျူးထျန်းက အေးစက်စက်ဖြင့် နှာမှုတ်လိုက်ပြီး သူ၏ ဝဝပုပုခန္ဓာကိုယ်ကြီးဖြင့် လေထဲသို့ ခုန်လွှားပြီး ဟုန်ရှို့တောင်ထိပ်အလံကို ဆွဲယူလိုက်သည်။ ထို့နောက် အလံကို ဆုတ်ဖြဲကာ မြေပေါ်သို့ လွှင့်ပစ်လိုက်လေ၏။
ဝမ်ကျင်းက မီးခိုးရောင်နှင့်လူငယ်အား အော်လိုက်သည်။
“ဘာလို့ ဟွေ့ရှစ်တောင်ထိပ်ကို ဝင်ချင်နေတာလဲ…”
“ဟွေ့ရှစ်တောင်ထိပ်လား… ငါ့ကို လာမလိမ်နဲ့…”
မီးခိုးရောင်ဝတ်စုံနှင့် လူငယ်က ဒေါသတကြီး တုံ့ပြန်လိုက်လေ၏။
မယူရသေးသည့် အလံမှာ ဟုန်ရှို့အလံတစ်ခုသာ ဖြစ်၏။ ကျန်သော အလံခြောက်ခုကိုမူ မျက်စိတစ်မှိတ်အတွင်း အားလုံးက ယူပြီးကြပြီဖြစ်သည်။ ဘေးတွင်ရပ်ကြည့်နေသော တပည့်တစ်ယောက်က မြေပေါ်ရှိ အလံတိုင်ကို သတိထားမိသွားလေ၏။ မီးခိုးရောင်ဝတ်စုံနှင့်လူငယ်မှာ တစ်ခုတည်းကျန်ပြီး လျစ်လျူရှုခံထားရသော အလံက ဟွေ့ရှစ်အလံဟု တစ်ထစ်ချယုံကြည့်ထားသဖြင့် ထိတ်လန့်သွားလေ၏။
“မင်းကန်းနေလား… ဒါက ဟွေ့ရှစ်အလံ…”
“သေစမ်း…”
သူက ပြောလိုက်သော်လည်း မယုံကြည့်နိုင်သေးသဖြင့် ကိုင်ထားသည့်အလံကို ဖြန့်ကြည့်လိုက်ရာ ‘ဟွေ့ရှစ်’ ဟူသော စာနှစ်လုံးကို မြင်လိုက်ရလေသည်။ သူက ကျိန်ဆဲကာ ကိုင်ထားသည့် အလံကို လွှတ်ချပြီး ကျန်တစ်ခုထံ အပြေးအလွှားသွားလေ၏။ ထိုအချိန်မှသာ ဝမ်ကျင်းက အလံကို မြန်မြန်ဆွဲယူလိုက်ပြီး စိတ်သက်သာရာရသွားလေသည်။
မီးခိုးရောင်ဝတ်စုံနှင့်လူငယ်က အလံတိုင်နားသို့ ရောက်သွားချိန်တွင် ဗလာဖြစ်နေသော အလံတိုင်နှင့် ဆုတ်ဖြဲခံထားရသော ‘ဟုန်ရှို့’ ဟုရေးထားသည့် အလံကို တွေ့လိုက်ရသဖြင့် တစ်ခဏခန့် ထိတ်လန့်သွားပြီး ဝမ်ကျင်းလက်ထဲမှ အလံကို ခိုးရန် နောက်ပြန်လှည့်လာလေသည်။ ဝမ်ကျင်းက ခေါင်းမာမာဖြင့် အလံကို ဖက်တွယ်ထားလေ၏။ အလံမရှိလျှင် ချင်ရှုဂိုဏ်းသို့ သူဝင်နိုင်မည်မဟုတ်ချေ။ မီးခိုးရောင်ဝတ်စုံနှင့် လူငယ်က ဒေါသတကြီး အော်ဟစ်ကာ ပြင်းထန်သော အစိမ်းရောင် အလင်းတန်းကို ထုတ်လိုက်လေ၏။ ၎င်းက ‘အလင်းထိုးဖောက်ခြင်း’ ဟုခေါ်သည့် အခြေခံအဆင့် တိုက်ခိုက်ရေးသိုင်းပညာဖြစ်သည်။
မဝေးလှသည့်နေရာမှ အော်သံတစ်ခု ထွက်ပေါ်လာ၏။
“လုကျင်း… သတိထား…”
(လုကျင်းက ဝမ်ကျင်းကူးပြောင်းသွားတဲ့ ခန္ဓာကိုယ်ပိုင်ရှင်ရဲ့နာမည်ပါ)
“သေစမ်း…”
ဝမ်ကျင်းက အော်ဟစ်လိုက်၏။
ငါမှ သိုင်းပညာကို မသိတာ… ဘယ်လိုလုပ် ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရမှာလဲ…
ဝမ်ကျင်းက သေရမည်ကိုကြောက်သဖြင့် သူအကျွမ်းကျင်ဆုံးဖြစ်သော ရှောင်ပြေးသည့်နည်းလမ်းကို သုံးသော်လည်း အဆုံးတွင် ထပ်ခါထပ်ခါ အညှာအတာမရှိ အရိုက်ခံရလေသည်။
ဘယ်တော့မှ ပြီးမှာလဲ…
ထို့နောက် ချင်ရှုဂိုဏ်း၏ ဂိုဏ်းသားတစ်ယောက်က အချိန်ပြည့်သွားကြောင်း အော်လိုက်လေ၏။
“အမွှေးတိုင်တစ်တိုင်စာ အချိန်ကုန်ပြီ…”
ထိုစကားကိုကြားသောအခါ မီးခိုးရောင်ဝတ်စုံနှင့် လူငယ်က ဒေါသကြောင့် မျက်ရည်ဝဲလာပြီး ပိုမိုခက်ထန်လာကာ ဝမ်ကျင်းကို နေရာတွင် အသေသတ်ချင်စိတ်များ ဖြစ်ပေါ်လာလေ၏။ ဝမ်ကျင်းက သနားစရာကောင်းနေပြီး သူ့ပခုံးက အရိုက်ခံထားရသဖြင့် အလွန်နာကျင်နေလေသည်။
ဝမ်ကျင်းက ဟိုဟိုသည်သည်လျှောက်ပြေးနေခဲ့သဖြင့် လူအချို့က သူ့ကို ရယ်နေကြလေ၏။ ထို့နောက် အချိန်ပြည့်သွားချိန်တွင် ဘေးဘက်မှ အဖြူရောင်အလင်းတန်းတစ်ခုက ထွက်ပေါ်လာ၍ မီးခိုးရောင်ဝတ်စုံနှင့် လူငယ်က အလန့်တကြား အော်မိသွားလေသည်။ ဝမ်ကျင်းက အလင်းတန်းလာရာကို ကြည့်လိုက်ချိန်တွင် လူငယ်တစ်ယောက်၏ ပုံရိပ်တစ်ခုက သူ့ရှေ့၌ ပေါ်လာလေ၏။ အေးမြသည့် လေပြေလေးတစ်ခုကဲ့သို့ သူက မီးခိုးရောင်ဝတ်စုံနှင့်လူငယ်၏ တိုက်ခိုက်မှုများကို တားဆီးလိုက်လေသည်။
“ဒီညီငယ်လေးကို ညှာတာပေးပါ…”
လျိုချန်မော့က ချက်ချင်း ထပ်ပြောလိုက်၏။
“ဂိုဏ်းချုပ်ကို တင်ပြပါတယ်… ဟွေ့ရှစ်တောင်ထိပ်အလံကို ယူပြီးသွားပါပြီ… ဂိုဏ်းချုပ်က ဆုံးဖြတ်ချက်ချပေးလို့ရမလား…”
ရှီဖန့်က ယဉ်ကျေးသိမ်မွေ့သော အနက်ရောင်ဝတ်စုံနှင့် လူငယ်ကို ကြည့်လိုက်ပြီးနောက် သူ၏ အသံက ခန်းမဆောင်တစ်ခုလုံးတွင် ပျံ့နှံ့သွားလေသည်။
“ရလဒ်ကို သတ်မှတ်ပြီးသားပဲ… ထပ်ပြီး တိုက်ခိုက်ဖို့ မလိုဘူး…”
ဝမ်ကျင်းက အလံကို ချက်ချင်းဖက်ထားလိုက်၏။ သူက ခေါင်းအစခြေအဆုံး ဖုံများဖြင့် ပေကျံနေလေသည်။ သူက ပခုံးကို ကိုင်ထားပြီး ပွင့်လန်းလာသည့် မက်မွန်ပွင့်ကဲ့သို့ မျက်နှာက တောက်ပနေလေ၏။ မီးခိုးရောင်ဝတ်စုံနှင့်လူငယ်က နေရာတွင် ဗလာဖြစ်နေသောအမူအရာဖြင့် ကြောင်အနေပြီးနောက် တစ်ရှုံရှုံ့ငိုနေလေတော့သည်။
⛰️⛰️⛰️