Ch 5
Viewers 3k

⛰️Chapter - 5

အပြာရောင်ဝတ်စုံနှင့်လူငယ်



ဩဂုတ်လ(၂၅)ရက်နေ့၊ သာယာလန်းဆန်းသော ဆောင်းဦးရာသီတစ်ရက်တွင်…


ဝမ်ကျင်းက အံကြိတ်ပြီး တောင်ကမ်းပါးရှိ မြက်ပင်များနှင့် ကျောက်တုံးများကို ဆုပ်ကိုင်ထားလေသည်။ သူက အလွန်မတ်စောက်သော တောင်ထိပ်နေရာသို့ ရောက်လုနီးပါးဖြစ်နေလေ၏။


သူ့ဘေးရှိလူများကလည်း သူ့ကဲ့သို့ပင် တောင်ပေါ်သို့အပြိုင် တက်နေကြသည်။ ခက်ခက်ခဲခဲကြိုးစားပြီး ထိုမတ်စောက်သည့် တောင်ကိုသာ သူတို့က တက်နိုင်သမျှ မြန်မြန်တက်နေကြ၏။


ဂိတ်တံခါးဖွင့်သည့်အချိန်တွင် တပည့်အသစ်များက ချင်ရှုခန်းမဆောင်ထဲတွင် စုဝေးရန်လိုလေသည်။ ၎င်းက ချင်ရှုဂိုဏ်း၏ အကြီးအကဲတစ်ယောက်ပိုင်ဆိုင်သော ခန်းမဖြစ်ပြီး ယွီရုန်ဖုန်းတောင်ထိပ်၏ လမ်းတစ်ဝက်ခန့်တွင် တည်ရှိသည်။ တိမ်ဖြူဖြူများဖြင့် ဝန်းရံနေပြီး တစ်ဖက်က တောင်ကို နောက်ခိုင်းထားကာ ကျန်သုံးဖက်တွင် မတ်စောက်သော ချောက်ကမ်းပါးများရှိလေသည်။ တပည့်များက ပျံနိုင်စွမ်းကို ကျင့်ကြံနိုင်ခြင်း သို့မဟုတ် ပျံနိုင်သော ကိရိယာများ၏ အကူအညီယူခြင်းများ မလုပ်မီအချိန်တွင် သူတို့က လေဒဏ်ကို ခံနိုင်စွမ်းရှိရန် လိုအပ်လေ၏။


ချီသန့်စင်ခြင်း ပဥ္စမအဆင့်သို့ရောက်နေသော ဝမ်ကျင်းကဲ့သို့ တပည့်များက မတ်စောက်နေသော တောင်နံရံကိုတက်ရာတွင် အခြားလူများကဲ့သို့ များစွာ အခက်အခဲမရှိပေ။


လွန်ခဲ့သော နှစ်ပေါင်းထောင်ချီအတွင်း လူပေါင်းများစွာက ဤတောင်ကို တက်ခဲ့ကြသည်။ လမ်းက အန္တရာယ်မရှိချေ။ လူတစ်ယောက်၏ စွမ်းဆောင်ရည်ကို စစ်ဆေးရန် ၁၆ မီတာခန့်မြင့်သည့် မတ်စောက်သော တောင်နံရံတစ်ခုသာ ရှိလေ၏။


အခက်အခဲများဖြင့် ဝမ်ကျင်းက ကမ်းပါးထိပ်တွင်ပေါက်နေသော သစ်ပင်၏ ပင်စည်ကို လှမ်းဆုပ်ကိုင်လိုက်သည်။ သူ၏ ညာဘက်ခြေထောက်ကို အားပြုကာ နောက်ဆုံးတွင် အပေါ်သို့ ရောက်သွား၏။


[သူ့မျက်စိရှေ့ရှိ ခန်းမကြီးက တောင်တစ်ခုလုံးကို မြင်နိုင်ရန် ဆောက်လုပ်ထားလေသည်။ အလွန်ကြီးမားသည့် အလျားလိုက်သစ်သားပြားကြီးတွင် ‘ချင်ရှုခန်းမဆောင်’ ဟုရေးထွင်းထားပြီး ချိတ်ဆွဲထား၏။ ခန်းမ၏ အလယ်တွင် အစစ်အမှန်နှင့်တူသည့် ကြေးရုပ်ထုတစ်ခုရှိသည်။ ၎င်းက မီတာ ၃၀၊ ၄၀ ခန့်ရှည်သည့် ငယ်ရွယ်သော တာအိုဆရာတစ်ယောက်၏ ရုပ်ထုဖြစ်သည်။ သူ၏ ဝတ်ရုံလက်က မျောလွင့်နေပြီး မျက်နှာတွင် အပြုံးတစ်ခုကို ပန်ဆင်ထားကာ ဓားရှည်ကို ဆုပ်ကိုင်ထားလေ၏။ သူ့ဘေးတွင် သူ့အရပ်တစ်ဝက်ခန့်ရှိသော ကြီးမားသည့် စပါးအုံးမြွေကြီးရှိပြီး ခမ်းနားသော အသွင်အပြင်ကို ဆောင်နေလေသည်။]


‘သက်ရှိတိုင်းအတွက် ကပ်ဘေးတစ်ခု’ အပိုင်း(၂)မှ ကောက်နုတ်ချက်ဖြစ်သည်။ 


၎င်းက လုယွင်ဖေး ချင်ရှုခန်းမဆောင်ကို ပထမဆုံးမြင်ချိန်တွင် ဖော်ပြထားသော အချက်အလက်ဖြစ်သည်။


ဝမ်ကျင်းက ဤမြင်ကွင်းကို အကြိမ်ပေါင်းများစွာ စိတ်ကူးကြည့်ခဲ့၏။


ယခုအချိန်တွင် လက်တွေ့မြင်လိုက်ရသောအခါ သူစိတ်ကူးထားသည့်ထက် များစွာ ခမ်းနားကြီးကျယ်ပြီး စိတ်လှုပ်ရှားလာလေ၏။


ကံကောင်းစွာဖြင့် ဝတ္ထုစာအုပ်ထဲသို့ ရောက်လာပြီး သူစိတ်ကူးထားသည့် ကမ္ဘာကြီးကို မြင်နိုင်စွမ်းရှိလာလေသည်။ ဇာတ်လိုက်က မကောင်းသည့်စိတ်များဖြင့် ဖုံးလွှမ်းသွားမည်ကို၊ ကမ္ဘာကြီးက ပျက်စီးသွားမည်ကို သို့မဟုတ် အခြားမကောင်းသည့် အခြေအနေများ ဖြစ်သွားမည်ကို သူလုံးဝစိတ်မပူပေ။ သူ့ရင်ထဲတွင် အပျော်များနှင့် ပြည့်လျှံနေ၏။


အရမ်း မိုက်တာပဲ…


ဝမ်ကျင်းက လှပသော မြင်ကွင်းများကို ခံစားတတ်သည်။ သူ့ရှေ့ရှိ မြင်ကွင်းကို အလွန်သဘောကျနေပြီး သူ့ကိုယ်သူ စိတ်တည်ငြိမ်အောင် ထိန်းနေလေ၏။


သူက လူတိုင်း၏ ကိုယ်ကျင့်တရားအမှတ်များကို ကြည့်ရန် စနစ်ကိုဖွင့်လိုက်သည်။


တီ တီ တီ တီ တီ~


လေးထောင့်အကွက်လေးများက တစ်ခုပြီးတစ်ခုပွင့်လာကာ အားလုံးက အစိမ်းရောင်ဖြစ်သည်။ ၎င်းက ဤနေရာရှိလူများအားလုံးမှာ ကောင်းမွန်သော ကိုယ်ကျင့်တရားရှိသည်ဟု ဖော်ပြခြင်းဖြစ်၏။ ဝမ်ကျင်းက တန်ဖိုးများကိုကြည့်လိုက်သောအခါ အနိမ့်ဆုံး ၁၀၀ မှ အမြင့်ဆုံး ၈၀၀ ထိရှိသည်ကို အံ့အားသင့်စွာ မြင်လိုက်ရလေသည်။ လူတိုင်း၏ အမှတ်တန်ဖိုးများက အတက်အကျဖြစ်နေပြီး ပုံသေဖြစ်နေသည့်လူ တစ်ယောက်မှမရှိချေ။


သူက ဘယ်သူလဲ… ဒီလောက် ဖြောင့်မှန်တဲ့ လူတစ်ယောက်က…


ရုတ်တရက် အနီရောင်မီးတစ်ခုက သူ့အကြည့်ထဲသို့ ဝင်လာလေသည်။


ကိုယ်ကျင့်တရားတန်ဖိုးက အနှုတ်ပြနေတာပဲ… သူက မကောင်းတဲ့ မိစ္ဆာဝိညာဉ်များလား…


ဝမ်ကျင်းရှာနေစဉ်တွင် အနီရောင်မီးက ရုတ်တရက် ပျောက်သွားလေ၏။


တစ်ခဏကြာပြီးနောက် ၎င်းက ပြန်ပေါ်လာပြန်သည်။


ဝမ်ကျင်းက မျက်ခုံးပင့်လိုက်ကာ အနီရောင်မီးနောက်သို့ လိုက်ကြည့်နေ၏။ သူ၏ အကြည့်က ၁၄နှစ် ၁၅နှစ်ခန့်ရှိသော လူငယ်တစ်ယောက်ဆီသို့ ရောက်သွားသည်။ ထိုကောင်လေးက အိုဟောင်းနေသော နက်ပြာရောင်ဝတ်စုံကို ဝတ်ထားပြီး အချို့နေရာများတွင် ဖာထေးထားကာ လယ်သမားပုံစံကဲ့သို့ ဝတ်ဆင်ထားလေ၏။ လူငယ်လေး၏ မျက်နှာက အေးစက်နေသော်လည်း ချောမောကြည်လင်နေလေသည်။ မည်သို့ပင်ဆိုစေကာမူ သူဝတ်စားထားသည့်ပုံနှင့် သူ၏ အမူအရာများက ဆန့်ကျင်ဘက်ဖြစ်နေ၏။


သူ့ရဲ့ကိုယ်ကျင့်တရားအမှတ်က အပေါင်းနဲ့အနုတ်ကြားမှာ တက်လိုက်ကျလိုက်ဖြစ်နေတယ်….


သူက ကောင်းတဲ့လူနဲ့ ဆိုးတဲ့လူဖြစ်ဖို့ ကြားမှာ ယိမ်းယိုင်နေတာလား…


သူ့နောက်မှ ရုတ်တရက် အံ့အားသင့်စရာကောင်းသည့် တကျည်ကျည်မြည်သံ ထွက်ပေါ်လာသဖြင့် ဝမ်ကျင်းက လှည့်ကြည့်လိုက်၏။


ခရမ်းရောင်ဝတ်စုံဝတ်ထားပြီး ၁၅နှစ် ၁၆နှစ်ခန့် အရွယ်ရှိသော မိန်းမငယ်လေးတစ်ယောက်က ချောက်ကမ်းပါးပေါ်သို့ ခုန်တက်လာလေသည်။ မျက်နှာ၏ ဘယ်ဘက်ခြမ်းတွင် အနည်းငယ်နီနေပြီး ကျောက်နံရံကို တက်လာရာတွင် ဒဏ်ရာရလာပုံပေါ်သည်။ ကြည်လင်သောမျက်နှာလေးက သန့်စင်သောနှင်းကြာပွင့်ကဲ့သို့ နှိုင်းယှဉ်၍ မရအောင် အလွန်လှပလေ၏။ သူမ၏ တစ်ကိုယ်လုံးက ကျက်သရေရှိပြီး ကောင်းကင်ဘုံမှ လွင့်စင်လာသကဲ့သို့ ဖြစ်လေသည်။


အမျိုးသားတပည့်များ၏ အကြည့်များက သူမထံတွင်သာ စွဲကပ်နေကြလေ၏။


ဝမ်ကျင်းကလည်း ခံစားချက်ကို မထိန်းချုပ်နိုင်ဘဲ အကြိမ်အနည်းငယ်ခန့် ကြည့်လိုက်လေသည်။


ထိုခရမ်းရောင် အဝတ်အစားများနှင့် အနီရောင်အမှတ်အသားများကို သူ့၏စိတ်ကူးထဲတွင် အကြိမ်ပေါင်းများစွာ ပုံဖော်ကြည့်ခဲ့ဖူး၏။


ကျိခယ့်ချင်း…


ဝတ္ထုကို ဖတ်နေစဉ်တွင် သူ၏ အနက်ရှိုင်းဆုံးဆန္ဒမှာ သူမနှင့် ကျွင်းယန်ကျစ်ကို စုံတွဲများဖြစ်စေချင်သော ဆန္ဒဖြစ်သည်။


ထို့နောက် ပြင်းထန်သောလေက တိုက်ခတ်လာပြီး အနက်ရောင်ငှက်သားရဲက ကောင်းကင်မှ အရှိန်ဖြင့် ထိုးဆင်းလာပြီး ၎င်း၏ လက်သည်းများကို ဖွင့်ဟကာ မိန်းမငယ်လေးထံ ချဉ်းကပ်လာလေသည်။ အားလုံးက ဘာလုပ်ရမည်ကို မသိတော့ဘဲ နတ်ဆိုးငှက်သားရဲကို အော်ဟစ်ကြလေ၏။ ထို့နောက် ပြင်းထန်သောလေက ဝမ်ကျင်းနားတွင် ရုတ်တရက်ပေါ်လာပြီး အဖြူရောင်အလင်းတန်း ထွက်လာကာ ငှက်သားရဲကို ရိုက်ချလိုက်သည်။


“အဲ့ဒါက နာမည်ကြီးတဲ့ ရှစ်ရှုန်းတစ်ယောက်ပဲ…”

လူအုပ်ထဲမှ တစ်စုံတစ်ယောက်က ပင့်သက်ရှိုက်ကာ ပြောလိုက်သည်။


ခရမ်းရောင်ဝတ်စုံနှင့် မိန်းမငယ်လေးက ထိုစကားကိုကြားသောအခါ သရော်လိုက်၏။ လျှပ်စီးကဲ့သို့ လျင်မြန်သော ခရမ်းရောင်အလင်းက ငှက်သားရဲကို ဖိနှိပ်ထားပြီးဖြစ်သည်။ ခရမ်းရောင်နှင့် အဖြူရောင်အလင်း၏ ဖိနှိပ်မှုများကြားတွင် ငှက်သားရဲ၏ ငှက်မွေးအချို့က မီးလောင်ပြာကျသွားပြီး စူးစူးဝါးဝါးအော်လျက် အတောင်ပံကို တဖျတ်ဖျတ်ခတ်ကာ ထွက်ပြေးသွားလေ၏။


ပတ်ဝန်းကျင်ရှိလူများက လေးစားနှစ်သက်စွာဖြင့် အချင်းချင်း စကားစပြောနေကြလေသည်။


“ဒီလိုအသက်ငယ်ငယ်လေးမှာ ဒီလောက်မြင့်တဲ့ ကျင့်ကြံဆင့်ရှိမယ်လို့ မထင်ထားဘူး…”


“ချီသန့်စင်ခြင်း အဆင့်(၁၂) လောက် ရောက်ပြီလား…”


“တော်တော်ကောင်းတဲ့ အထုံပါရမီ စွမ်းရည်ပဲ…”


“ပြီးတော့ အရမ်းလည်းလှတယ်…”


ထိုအချိန်တွင် ရုပ်ထုရှေ့၌ မတ်တတ်ရပ်နေသော အဖြူရောင်ဝတ်စုံနှင့်လူက လျှောက်လာ၏။ ပတ်ဝန်းကျင်ရှိလူတိုင်းက သူ့ကိုကြည့်ပြီး ထက်မြက်သည့် ပင်ကိုစရိုက် ရှိပုံပေါ်သည်ဟု ခံစားလိုက်ကြရသည်။ ကြည့်နေသူများက ကိုယ့်ကိုယ်ကိုယ် အဆင့်နိမ့်သည်ဟု နှိုင်းယှဉ်မိလာကြ၏။


ထိုလူငယ်က ညင်သာစွာဖြင့် ပြောလိုက်သည်။

“ကျွန်တော်က ဝမ်ရမ်မုပါ... ဒါက ကျွန်တော့်ရှစ်တိရဲ့ သိမ်းငှက်ပါ… ကျွန်တော် ဂရုမစိုက်လို့ ဒီက မိန်းကလေးကို ထိတ်လန့်စေမိတဲ့အတွက် ခွင့်လွှတ်ပေးဖို့ တောင်းဆိုချင်ပါတယ်…”


သူက လက်သီးနှင့် လက်ဝါးကို ထိကပ်ကာ သူမ၏ စကားကို စောင့်နေခဲ့သည်။


သူရဲကောင်းဆန်သည့် အမျိုးသားနှင့် လှပသော အမျိုးသမီးတို့ နှစ်ယောက်အတူ ရပ်နေသည်မှာ လှပသော ပန်းချီကားတစ်ချပ်ကဲ့သို့ပင် ကြည့်နေသူများကို နှစ်သက်ကြည်နူးစေလေသည်။


မမျှော်လင့်ထားစွာဖြင့် ခရမ်းရောင်ဝတ်စုံနှင့် မိန်းမငယ်လေးက သူ့အား အေးစက်စက်ဖြင့် တစ်ချက်ကြည့်ကာ ဘာမှမပြောဘဲ ထွက်သွားလေသည်။ 


အဖြူရောင်ဝတ်စုံနှင့် လူငယ်က အနည်းငယ် ထိတ်လန့်လာ၏။


သူက အနည်းငယ်မျှပင် စိတ်မဆိုးဘဲ သူမ၏နောက်ကျောကို ကြည့်ကာ ခပ်ဖွဖွပြုံးလိုက်၏။


ဝမ်ကျင်းက အနည်းငယ် လှမ်းသည့်နေရာမှ ပီတိများဖြင့် ရပ်ကြည့်နေလေသည်။


၎င်းက ‘သူရဲကောင်းက အလှလေးကို ကယ်ပြီး စိတ်မဝင်စားတဲ့ တစ်ဖက်လူကို ချစ်ခြင်းမေတ္တာများပေးခြင်း’ ဇာတ်ဝင်ခန်းပင် ဖြစ်သည်။ ဤသည်က စာအုပ်ထဲတွင် ဝမ်ရမ်မုနှင့် ကျိခယ့်ရှင်းတို့၏ ပထမဆုံးတွေ့ဆုံခြင်း ဖြစ်သည်။


ဝမ်ရမ်မုက ထျန်းဟန့်ဖုန်း၏ ပထမတပည့်ဖြစ်သည်။


ထျန်းဟန့်ဖုန်းက ဟွေ့ရှစ်ဖုန်း၏ မဟာရန်သူဖြစ်သည်။


ထို့ကြောင့် ဝမ်ရမ်မုက ကျွင်းယန်ကျစ်၏ မဟာရန်သူဖြစ်သည်။


လက်ရှိအချိန်တွင် ကျွင်းယန်ကျစ်က ကျော်ကြားနိုင်သည့်အလုပ်ကို တစ်ခုမှ မလုပ်ရသေးချေ။ နှစ်ယောက်ကြားရှိ သဘောထားကွဲလွဲမှုက ယခုအချိန်တွင် ပေါ့တန်တန်သာဖြစ်သော်လည်း အနာဂတ်တွင် နှစ်ယောက်လုံးက မီးနှင့်ရေကဲ့သို့ ပြောင်ပြောင်းတင်းတင်း ဆန့်ကျင်ကွဲလွဲကြမည်ဖြစ်၏။


မည်သို့ပင်ဆိုစေကာမူ စနစ်၏ တိုင်းတာချက်အရ ဝမ်ရမ်မု၏ ကိုယ်ကျင့်တရားအမှတ်မှာ ၈၀၀ ခန့် ရှိပြီး သူ့အား ‘သန့်ရှင်းစင်ကြယ်သော အပြုအမူရှိ၊ လူအားလုံး၏ နှစ်သက်မှုကို လက်ခံရန်ထိုက်တန်သည်’ ဟု ဖော်ပြထားလေသည်။


အာ… ဖွီ ဖွီ ဖွီ ဖွီ….


လမ်းတစ်ဝက်မှာ အင်အားကြီးမားတဲ့ ရန်သူနဲ့လည်းတွေ့ရော သူ့ဂိုဏ်းက တခြားလူတွေကို စွန့်ပစ်ပြီး သူတစ်ယောက်တည်း လွတ်မြောက်ဖို့ ကြိုးစားခဲ့တယ်… ပြီးတော့ သူ့အပြုအမူတွေကို ဖုံးကွယ်ဖို့အတွက် တခြားလူကို အပြစ်ပုံချတယ်… သူက သူ့ရဲ့ ကြီးမြတ်တဲ့ ဂုဏ်သတင်းကို ကာကွယ်ဖို့ပဲ ဂရုစိုက်တာ… ဒီလိုလူမျိုးကို ‘လူအားလုံး၏ နှစ်သက်မှုကို လက်ခံရန် ထိုက်တန်သည်’ ဟု ဖော်ပြဖို့ ထိုက်တန်လို့လား…


ဝမ်ကျင်းက ရောက်တတ်ရာရာ အတွေးများထဲတွင် နစ်မြောနေစဉ် အနက်ရောင်ဝတ်စုံဝတ်ထားသည့် လူတစ်ယောက်က သူ့မြင်ကွင်းထဲသို့ ဖြည်းဖြည်းချင်း ဝင်လာလေသည်။ သူ မတုံ့ပြန်ရသေးခင်အချိန်တွင် မျက်စိကျိန်းလောက်စေသည့် အနီရောင်က ထွက်ပေါ်လာပြန်၏။


[ကိုယ်ကျင့်တရားအမှတ် -၁၀၀၀…. ‘ကြောက်စရာကောင်းသော ရာဇဝတ်မှုအပြစ်… လူတိုင်းက အပြစ်အတွက် ပြစ်ဒဏ်စီရင်ခံရမည်’]


အနက်ရောင်ဝတ်စုံနှင့်လူက ခန်းမဆောင်ရှေ့တွင် ရပ်နေသည်မှာ အချိန်အတော်ကြာနေပြီဖြစ်၏။ ရှေးဟောင်းသစ်ပင်၏ ပင်စည်နှင့် ဆင်တူစွာ သူက တစ်ကိုယ်တည်း တိတ်ဆိတ်နေလေသည်။


ဝမ်ကျင်းက သူ့အား တိတ်ဆိတ်စွာ ငေးကြည့်နေလိုက်၏။


ကျွင်းယန်ကျစ်ရဲ့ အမှတ်က တစ်ခုခုမှားနေတာပဲနေမှာ…


တခြားလူတွေရဲ့ ကိုယ်ကျင့်တရားအမှတ်က အမျိုးမျိုးပြောင်းပြီး သူ့အမှတ်ကျတော့ ပုံသေတည်ငြိမ်နေတာ… ဒါက စနစ်မှာ ဗိုင်းရပ်စ်ဝင်နေတာပဲနေမှာ…


အဲ့လိုမှမဟုတ်ရင် ဝမ်ရမ်မုကို ‘လူအားလုံး၏ နှစ်သက်မှုကို လက်ခံရန် ထိုက်တန်သည်’ လို့ ပြထားပြီး ကျွင်းယန်ကျစ်ကိုကျ ‘လူတိုင်းက အပြစ်အတွက် ပြစ်ဒဏ်စီရင်ခံရမည်’ လို့ ပြထားမှာ မဟုတ်ဘူး…


ထိုသို့တွေးလိုက်ပြီးနောက် စိတ်ကကြည့်လင်လာပြီး ကောင်းကင်က ပိုပြာလာသကဲ့သို့ ခံစားရလေသည်။


ချင်ရှုခန်းမဆောင်ထဲမှ နဂါးတစ်ကောင်၏ အော်သံရှည် ထွက်လာလေ၏။ စစ်ဆေးပွဲ စတင်ပြီဖြစ်သည်။


တပည့်အသစ်များက အလျင်အမြန် တန်းစီလိုက်ကြ၏။ ချင်ရှုကျောင်းတော်ရှိလူများက လူတိုင်း၏ အသက်နှင့် ကျင့်ကြံဆင့်ကို သိရှိရန် အရိုးစမ်းသပ်မှုတစ်ခုနှင့် နတ်မျက်စိတစ်လုံးကို လိုအပ်လေသည်။


[ T/N - Etranက ပြောထားတာတော့ ဂိုဏ်းနဲ့ ကျောင်းတော်နဲ့က ဆက်နွယ်နေတာမို့၊ ဒီနေရာမှာ ကျောင်းတော်လို့ သုံးထားတာပါတဲ့၊ ကွဲကွဲပြားပြားသိရရင် notesပြန်ထည့်ပေးပါမယ်တဲ့ ]


ချင်ရှုဓားဂိုဏ်းကိုဝင်ရန် ‘အသက် ၁၅ နှစ်နှင့် အောက်၊ ချီသန့်စင်ခြင်း အဆင့်(၄)နှင့်အထက်’ လိုအပ်လေ၏။


ထို့အပြင် တောင်ထိပ်တိုင်းတွင် တပည့်လက်ခံရန်အတွက် ကိုယ်ပိုင်စည်းမျဉ်းများလည်း ရှိလေသည်။


ဥပမာအားဖြင့် ထျန်းဟန့်ဖုန်းနှင့် ဝမ်ယွဲ့ဖုန်းက လူအနည်းငယ်သာလက်ခံသဖြင့် ကျန်သောလူများက ငေးကြည့်ပြီး သက်ပြင်းချနေရုံသာ တတ်နိုင်သည်။ 


အချိန်တစ်ခဏခန့်ကြာပြီးနောက် အရည်အချင်း မပြည့်မီသူများက ပယ်ချခံရပြီး လူ ၇၂ ယောက် ကျန်ခဲ့လေသည်။  သူတို့၏ ဝိညာဉ်ဇစ်မြစ် အရည်အသွေးအလိုက် တောင်ထိပ်တစ်ခုစီ၏ ဆရာသခင်များက သူတို့ကို ရွေးချယ်လေ၏။ 


အခြေခံ ဝိညာဉ်ဇစ်မြစ်က အမျိုးအစားငါးမျိုးအနက်မှ တစ်မျိုးဖြစ်သည်။ တစ်နည်းအားဖြင့် ရွှေ၊ သစ်သား၊ ရေ၊ မီး၊ မြေ တို့ ဖြစ်၏။


ကျင့်ကြံသူ ကိုးဆယ်ရာခိုင်နှုန်းခန့်တွင် သူတို့၏ ဝိညာဉ်ဇစ်မြစ်တစ်ခု၌ အရည်အသွေး ၅ မျိုးအနက် ၄ မျိုး ပါတတ်ကြသည်။ ထိုကဲ့သို့ အရောအနှော ဝိညာဉ်ဇစ်မြစ်က အလွန်အားနည်းပြီး ကျင့်ကြံစွမ်းအားကို စုပ်ယူရန် ခက်ခဲကာ ကျင့်ကြံဆင့်တက်နှုန်းက အလွန်နှေးလေ၏။ သူတို့က သာမန်လူထက် အနည်းငယ်မျှသာ သာလွန်သည်။ ထို့ကြောင့် သူတို့ကို ‘မစစ်မှန်သော ဝိညာဉ်ဇစ်မြစ်’ သို့မဟုတ် ‘အချည်းနှီး ဝိညာဉ်ဇစ်မြစ်’ ဟုခေါ်သည်။


အရည်အသွေး ၂ ခု သို့မဟုတ် ၃ ခုပါသော ဝိညာဉ်ဇစ်မြစ်ရှိသည့် ကျင့်ကြံသူများက သန်မာသည်ဟု ပြောနိုင်၏။ သူတို့၏ ကျင့်ကြံစွမ်းအား စုပ်ယူနိုင်စွမ်းက မြန်သဖြင့် သူတို့ကို ‘အစစ်အမှန် ဝိညာဉ်ဇစ်မြစ်’ ဟု ခေါ်သည်။


‘ကောင်းကင်ဘုံ ဝိညာဉ်ဇစ်မြစ်’ ရှိသော ကျင့်ကြံသူများကို ကောင်းကင်ဘုံမှ နှစ်သက်ခံရသူများဟု ပြောကြ၏။ သူတို့တွင် အရည်အသွေးတစ်ခုသာရှိပြီး အလွန်သန်မာကာ ကျင့်ကြံနှုန်းက အခြားလူများထက် အဆပေါင်းများစွာ မြန်ဆန်လေသည်။ ထို့အပြင် ဗဟိုချက်တည်ဆောက်မှုအဆင့်သို့ ရောက်သောအခါ အတားအဆီးများကို မခံစားရပေ။ သူတို့ကို လူတိုင်းက အားကျကြ၏။ ထိုကောင်းကင်ဘုံဝိညာဉ်ဇစ်မြစ် ရှိသူများက အလွန်နည်းပါးသည်မှာ စိတ်မကောင်းစရာကောင်းလေသည်။ ဂိုဏ်းကြီးငါးဂိုဏ်းရှိ ကျောင်းများတွင်ပင် အလွန်နည်းပါးလေ၏။


ထို့အပြင် ရှားပါးသော ဝိညာဉ်ဇစ်မြစ် အမျိုးအစားများလည်းရှိသည်။ အကြောင်းမူကား ၎င်းတို့တွင် စွမ်းရည် ၂ မျိုး သို့မဟုတ် ၃ မျိုးရှိပြီး ဆင့်ကဲပြောင်းလဲမှုများကို အမျိုးမျိုးသော အရင်းအမြစ်များမှ ပြောင်းလဲသန့်စင်နိုင်ကာ ကျင့်ကြံနှုန်းက အလွန်မြန်လေ၏။ 


ဝမ်ရမ်မုက ချင်ရှုဂိုဏ်းရှိ တစ်ဦးတည်းသောမြေအမျိုးအစား ကောင်းကင်ဘုံဝိညာဉ်ဇစ်မြစ် ရှိသူဖြစ်သည်။


ကျိခယ့်ရှင်းကမူ ဆန့်ကျင်ဘက်ဖြစ်သည့် ရှားပါးသော ရေခဲပြောင်းလဲခြင်း ဝိညာဉ်ဇစ်မြစ် ရှိသူဖြစ်သည်။


သူမက ရေနှင့်မြေကိုသုံးကာ စွမ်းအားအဖြစ် ပြောင်းလဲအသုံးပြုနိုင်၏။


နှိုင်းယှဉ်ကြည့်လျှင် ကျွင်းယန်ကျစ်၏ အထုံပါရမီက ပိုပြီး သာမညဖြစ်လေသည်။ သူက ရွှေနှင့်သစ်သား အမျိုးအစား ဝိညာဉ်ဇစ်မြစ် ပိုင်ရှင်ဖြစ်လေ၏။


ဝမ်ကျင်းက ရွှေ၊ သစ်သား၊ ရေ၊ မီး၊ မြေ အရည်အသွေးငါးခုလုံးရှိသော ဝိညာဉ်ဇစ်မြစ် ပိုင်ရှင်ဖြစ်သဖြင့် သူက အချည်းနှီးဝိညာဉ်ဇစ်မြစ် ဖြစ်သည်။


သူ၏ အထုံပါရမီက အနိမ့်ဆုံးဖြစ်သော်လည်း သူ့ထံတွင် ထူးခြားသော ခန္ဓာကိုယ်အမျိုးအစားဖြစ်သည့် တတိယယန် ခန္ဓာကိုယ် ရှိ၏။


တတိယယန် ခန္ဓာကိုယ်က အလွန်ရှားပါးပြီး နှစ်တစ်ထောင်တွင် တစ်ယောက်ပင်မရှိချေ။ သူတို့၏ ကျင့်ကြံနှုန်းက ကောင်းကင်ဝိညာဉ်ဇစ်မြစ် ပိုင်ရှင်များပြီးလျှင် ဒုတိယလိုက်သည်။


၎င်းကို ထုတ်ဖော်လိုက်လျှင် တောင်ထိပ်တိုင်းရှိ ဆရာသခင်များအားလုံးက သူ့ကို လက်ခံလိမ့်မည်ဖြစ်၏။


သို့ရာတွင် ချင်ရှုဂိုဏ်းက တစ်ယောက်ယောက်ကို တတိယယန်ခန္ဓာကိုယ် ဟုတ်မဟုတ် စစ်ဆေးရန် အကြောင်းအရင်းမရှိသဖြင့် ဝမ်ကျင်းက ၎င်းကို မထုတ်ဖော်နိုင်ပေ။


သူနှင့် အခြားလူ ၇၁ ယောက်က ၈ တန်းစီထားပြီး ချင်ရှုခန်းမဆောင်ထဲသို့ဝင်ရန် စောင့်နေကြ၏။


တပည့်များရှေ့တွင် ရှည်လျားသော စင်မြင့်တစ်ခုရှိပြီး ဆယ်ယောက်ထက်မနည်းသော တာအိုဆရာများက ထိုင်နေကြလေသည်။ အမျိုးသားများသာမက အမျိုးသမီးများပါရှိပြီး အားလုံးက ကျက်သရေရှိသော ဟန်ပန်အမူအရာများ ရှိလေသည်။ အားလုံးက သာမန်မဟုတ်ချေ။ အလယ်တွင် အဝါဖျော့ရောင်ဝတ်စုံကို ဝတ်ဆင်ထားသော အမျိုးသားတစ်ယောက်ရှိပြီး အမြော်အမြင်ကြီးသော အသွင်အပြင် ရှိလေသည်။ သူ၏မျက်ဝန်းများက နူးညံ့ကာ တောက်ပလေ၏။ ထိုသူက ချင်ရှုဓားဂိုဏ်း၏ လက်ရှိဂိုဏ်းချုပ် ရှိီဖန့် ဖြစ်လေသည်။ 


ရှီဖန့်နှင့်အတူ စင်မြင်ထက်တွင် တာအိုဆရာ ၁၄ ယောက်ထိုင်နေလေ၏။


အခြားတစ်နည်းဖြင့် ပြောရလျှင် မရောက်သေးသည့် တောင်ထိပ်သခင် တစ်ယောက်ရှိလေသည်။


မည်သူဆိုသည်ကို ခန့်မှန်းရန် မလိုချေ။


ကျွင်းယန်ကျစ်၏ ရှစ်ဖူ သွမ့်ရွှမ်က မျက်နှာမပြသည်မှာ နှစ်များစွာကြာပြီဖြစ်သည်။ အခြား ‌တောင်ထိပ်သခင်များက ‌မပြောသော်လည်း နားလည်လေ၏။ သူက တပည့်အသစ်ခေါ်ယူရန် ရည်ရွယ်ချက်မရှိသဖြင့် အလုပ်ရှုပ်ခံပြီး ချင်ရှုခန်းမဆောင်ကိုလာကာ အချိန်မဖြုန်းလိုခြင်း ဖြစ်လေသည်။


တောင်ထိပ်တိုင်း၏ ဆရာသခင်များက တပည့်အသစ်များ၏ အထုံပါရမီ၊ အသွင်အပြင်နှင့် ဟန်ပန်အမူအရာများကို ပြင်းပြင်းထန်ထန် စစ်ဆေးကြလေ၏။ လူများစွာက အဆင့်အလိုက် ရှေ့သို့ထွက်ကာ မေးခွန်းအချို့ကို ဖြေရလေသည်။ ထို့နောက် တပည့်အသစ်များက ချင်ရှုခန်းမဆောင်မှ ထွက်သွားချိန်တွင် တောင်ထိပ်သခင်များက သူတို့၏ ကံတရားကို ဆုံးဖြတ်ရန် ကျန်ခဲ့လေ၏။ 


အရည်အသွေး ၅ ခုရှိသော အချည်းနှီး ဝိညာဉ်ဇစ်မြစ်ပိုင်ရှင် ဖြစ်သည့် သူအား မည်သူကမှ နှစ်ခါပြန်မကြည့်ချေ။ 


ထင်ထားသည်ကဲ့သို့ ကျိခယ့်ရှင်းနှင့် အခြား လေပြောင်းလဲခြင်း ဝိညာဉ်ဇစ်မြစ်ပိုင်ရှင်က ပထမဆုံး အခေါ်ခံရလေ၏။ 


ထို့နောက် အစစ်အမှန် ဝိညာဉ်ဇစ်မြစ် ပိုင်ရှင်များက တစ်ယောက်ပြီးတစ်ယောက် ခန်းမဆောင်ထဲသို့ အခေါ်ခံရလေသည်။ 


တစ်ခဏကြာပြီးနောက် အရည်အသွေး နှစ်ခု သုံးခု ရှိသော ဝိညာဉ်ဇစ်မြစ်ပိုင်ရှင်များက အခေါ်ခံရပြီး နောက်ဆုံးတွင် အပြင်၌ လူ ၈ ယောက်သာ ကျန်ခဲ့လေသည်။ အချို့က စိုးရိမ်ပူပန်နေကြပြီး အချို့က ငိုကြွေးနေကြလေ၏။


မမျှော်လင့်ထားစွာဖြင့် ၈ ယောက်ထဲတွင် အပြာရောင်ဝတ်စုံနှင့် လူငယ်လည်း ပါလေသည်။


ဝမ်ကျင်းက သူ့ကိုကြည့်နေချိန်တွင် ထိူလူငယ်ကလည်း သူ့ကို လှည့်ကြည့်လေ၏။ 


ဝမ်ကျင်းက စနစ်၏ အသိပေးချက်ကို ရလိုက်သည်။


[ကိုယ်ကျင့်တရား အမှတ် ၁ မှတ်… ညှာတာတတ်သော စရိုက်ရှိ… သူငယ်ချင်းဖွဲ့နိုင်သည်…]


[ကိုယ်ကျင့်တရား အမှတ် (- ၁)… မကောင်းသောစရိုက်ရှိ… သူငယ်ချင်းဖွဲ့ပါက သတိထားရန်…]


ဒါဆို သူငယ်ချင်း လုပ်ရမှာလား… မလုပ်ရဘူးလား…


လူငယ်က ပြုံးပြလိုက်၏။

“ငါ့နာမည်က ယိုစစ်ပါ… မင်းကရော…”


“… လုကျင်း…”


“ဘယ်စကားလုံးရဲ့ ‘ကျင်း’လဲ…”


“ပိုးစာသီး(ကျင်းကျီ)ရဲ့ ကျင်းပါ…”


“လမ်းမှာ ပိုးစာသီးတွေရှိတယ်… အလွန်ခက်ခဲတဲ့ အခြေအနေမှာ ရှိနေရမယ်… အဲ့အဓိပ္ပာယ်လား…”


[T.N_ သူပြောချင်တာကလေ ကျင်းက ပိုးစာသီးဆိုတော့ လုဆိုတာက လမ်းခရီးကို ပြောတာ… လုကျင်းရဲ့ နာမည်နှစ်လုံးကို အပြည့်အစုံအဓိပ္ပာယ်ဖွင့်လိုက်တဲ့ သဘောပါ… ]


“….”


“ဘယ်တောင်ထိပ်ကို သွားချင်လဲ…”


ဝမ်ကျင်းက သူ့ကိုကြည့်လိုက်သည်။

“ငါ့ကို လက်ခံတဲ့တောင် ဘယ်တောင်ဖြစ်ဖြစ်ရတယ်…”


လူငယ်က ပြုံးကာ ပြောလိုက်၏။

“မင်းနဲငါက အတူတူပဲ… ငါတို့ကို သူများက ရွေးချယ်ပေးမှာ… ငါတို့ ကိုယ့်ဘာသာ ရွေးချယ်ခွင့်မရှိဘူး…”


“ဟုတ်တယ်…”


ယိုစစ်၏ လေသံက လယ်သမား၏သားနှင့် မတူဘဲ ချမ်းသာသည့်အိမ်မှ သားတစ်ယောက်နှင့် တူလေသည်။


သူ့ကို သူငယ်ချင်းလုပ်ရမှာလား... မလုပ်ရဘူးလား…


သူ့နာမည်ကို တစ်ခါမှ မကြားဖူးဘူး… အနည်းဆုံးတော့ သူက ကျွင်းယန်ကျစ်နဲ့ ဆက်စပ်မှုမရှိဘူး…


ထို့နောက် အဝါဖျော့ရောင်ဝတ်ထားသည့် အမျိုးသားက ခန်းမထဲမှ ထွက်လာပြီး ပြောလေ၏။

“ကျန်တဲ့ ၈ ယောက် ဝင်လာလို့ ရပါပြီ…”


မြေကြီးပေါ်တွင် ထိုင်နေသည့် လူအားလုံးက မော့ကြည့်ပြီး မတ်တတ်ရပ်လိုက်ကြလေသည်။



⛰️⛰️⛰️