⛰️Chapter - 4
ခုခံကာကွယ်ရေးစနစ်
ဩဂုတ်လ (၉)ရက်နေ့ နေဝင်ရီတရောအချိန်တွင်….
ကျွင်းယန်ကျစ်တို့အဖွဲ့က လမ်းတွင် မိုးမိသွားပြီး ချင်ချွမ်ရွာတွင် တည်းခိုရန်နေရာကို ရှာဖွေခဲ့ကြသည်။ ရွာထဲတွင် မျက်ခုံးမွှေးထူထူနှင့် ဆံပင်ဖြူများရှိသော လုယွင်ဖေးဆိုသည့် လူအိုကြီးတစ်ယောက်ရှိလေ၏။ သူက အလွန်သဘောကောင်းပြီး ဧည့်ဝတ်ကျေလေသည်။ သူက သူ၏တစ်ဦးတည်းသောမြေးဖြစ်သူ လုကျင်းနှင့်အတူတူ နေထိုင်ပြီး တစ်ယောက်နှင့်တစ်ယောက် အမှီသဟဲပြုကြလေ၏။ ကံမကောင်းစွာဖြင့် လွန်ခဲ့သောရက်အနည်းငယ်တွင် လူအိုကြီးက ကွယ်လွန်သွားပြီး အိမ်တွင် မြေးတစ်ယောက်တည်းသာ ကျန်ခဲ့လေသည်။ လုကျင်းက ငယ်ရွယ်သေးသော်လည်း သူ့အဘိုး၏ အပြုအမူများကို အမွေဆက်ခံထားကာ ကျွင်းယန်ကျစ်တို့အဖွဲ့ကို အိမ်တွင်နေစေပြီး အလွန်ဧည့်ဝတ်ကျေလေ၏။
_‘သက်ရှိတိုင်းအတွက် ကပ်ဘေးတစ်ခု’ ဝတ္ထု၏ အပိုင်း(၁၀)မှ ကောက်နုတ်ချက်ဖြစ်သည်။
ထိုအချိန်တွင် ဝတ္ထု၌ ခန္ဓာကိုယ် အပိုင်သိမ်းခံရသည့် အကြောင်းကို မရှင်းပြထားသေးချေ။ ထိုစကားလုံးများက အနည်းငယ် အရိပ်အမြွက်ပေးထားရုံသာဖြစ်သည်။ ကျွင်းယန်ကျစ်တို့အဖွဲ့က ချင်ချွမ်ရွာကို ဖြတ်သွားပြီး ခန္ဓာကိုယ်ကိုခိုးယူထားသော လုယွင်ဖေး၏ အိမ်တွင် ဧည့်သည်များအဖြစ် နေခဲ့လေ၏။
ထိုအချိန်တွင် ဝမ်ကျင်းက လူအိုကြီးကို ရန်စခဲ့ပြီး လုယွမ်ဖေးက ခန္ဓာကိုယ်ခိုးရန် ကြိုးစားနေချိန်တွင် ကျွင်းယန်ကျစ်တို့အဖွဲ့က ရောက်လာရန် မျှော်လင့်ထားခဲ့သည်။
“ခင်ဗျားက…”
အနက်ရောင်ဝတ်စုံနှင့်လူက ပြောလိုက်သည်။
“ကိုယ်က ကျွင်းယန်ကျစ်ပါ…”
သူက သူ့ခန္ဓာကိုယ်ပေါ်ရှိ မိုးရေစက်များကို ခါလိုက်ပြီး ရွံ့ထဲတွင်ရှိနေသော ဝမ်ကျင်းကို ဆွဲထူလိုက်၏။ ထိုခံ့ညားသော အသွင်အပြင်တွင် အေးစက်သော အရိပ်အယောင်မရှိဘဲ နူးညံ့သော နွေဦးလေပြေကဲ့သို့ သူ့အား ခံစားရစေလေသည်။ ထိုလူ၏ စကားလုံးများက သူ့ကို စိတ်သက်သာရာရစေပြီး လုံခြုံစေ၏။
ဝမ်ကျင်းက သူ၏ခံစားချက်များကို မဆုံးဖြတ်နိုင်သေးဘဲ အနည်းငယ် မူးဝေနေသည်ကိုသာ သိလေ၏။
အဖြူရောင်ဝတ်စုံနှင့်လူက ရွှံ့ပေနေသော ဝမ်ကျင်းကိုကြည့်ကာနူးညံ့စွာမေးလိုက်၏။
“အစ်ကိုက လျိုချန်မော့ပါ… အစ်ကိုရဲ့ ရှစ်တိနှစ်ယောက်နဲ့အတူတူ ဒီနေရာကို ဖြတ်လာရင်း မိုးမိသွားလို့ ဒီမှာ တစ်ညလောက် နေလို့ရမလားလို့ မေးချင်လို့ပါ...”
သူက မြေကြီးပေါ်ရှိ အလောင်းကို ညွှန်ပြလိုက်သည်။
“ဒါက ဘယ်သူလဲ...”
ဝမ်ကျင်းက ဗလာဖြစ်နေသည့် အမူအရာဖြင့် အဝေးကို စိုက်ကြည့်နေပြီး အဖြူရောင်ဝတ်စုံနှင့်လူ၏ မေးခွန်းကို သတိမထားမိခဲ့ပေ။
လူကြီးလူကောင်းဆန်သော အကျင့်စရိုက်၊ သိမ်မွေ့သောအသွင်အပြင်၊ သန့်ရှင်းရိုးသားပြီး မြင့်မြတ်သောဂုဏ်သိက္ခာရှိပြီး ကြည်လင်သော ကျောက်စိမ်းကဲ့သိုလူ... ၎င်းက ဝတ္ထုထဲမှ ဖော်ပြချက်ဖြစ်သည်။ ဤခံစားချက်က...
လျိုချန်မော့က အနည်းငယ် ရှက်ရွံ့သွားပြီး မသိချင်ယောင်ဆောင်ရန်သာလုပ်လိုက်ပြီး ချောင်းဟန့်ကာ နေရခက်စွာဖြင့် ပြောလိုက်သည်။
"ညီငယ်လေး... ဒီလူက..."
ဝမ်ကျင်းက အသိပြန်ဝင်လာပြီး ခေါင်းငုံ့လိုက်၏။
"သူက ကျွန်တော့်အဘိုးပါ..."
လျိုချန်မော့က တစ်ခဏခန့်တိတ်ဆိတ်သွားပြီးနောက် သက်ပြင်းချလိုက်၏။
"အဘိုးလား... ဆွေမျိုးတစ်ယောက်အနေနဲ့ ညီငယ်လေးရဲ့ ခန္ဓာကိုယ်ကို လုယူဖို့ကြိုးစားတာက....
ထို့နောက် မီးခိုးရောင်ဝတ်စုံနှင့်လူငယ်က ပြောလိုက်သည်။
"ကိုယ့်ရဲ့မြေးကိုတောင် ကြံစည်တာ တကယ်ကို တွေ့ရခဲတဲ့ ကိစ္စမဟုတ်ဘူးလား..."
ဝမ်ကျင်းက ခေါင်းငုံ့ထားပြီး တစ်ခွန်းမှ ဝင်မပြောခဲ့ပေ။
ကျွင်းယန်ကျစ်က မြေကြီးပေါ်ရှိ လူအိုကြီးကိုကြည့်ကာ အသံတိုးတိုးဖြင့် ပြောလိုက်သည်။
"အခုက အရမ်းနောက်ကျနေပြီ... အရင်ဆုံး သူ့ကို မြက်ဖျာနဲ့လိပ်ထားပြီး မနက်ကျမှ မြေမြှုပ်ပေးကြမယ်..."
ဝမ်ချင်းက အသက်ကယ်ပေးသည့် ကျေးဇူးရှင်များကို အိမ်ထဲသို့ ဖိတ်ခေါ်ပြီး အိမ်ထဲရှိ စားစရာမှန်သမျှကို ဆွဲထုတ်လာခဲ့သည်။ နောက်ဆုံးတွင် ဟင်းလေးမျိုးနှင့် စွပ်ပြုတ်တစ်မျိုးကို စားပွဲပေါ်တွင် စီစဉ်ပေးခဲ့၏။
လုယွင်ဖေးရှိနေစဉ်တွင် သူက နှစ်နှစ်ခြိုက်ခြိုက် အိပ်မပျော်သလို အချိန်အကြာကြီးလည်း မအိပ်ရဲပေ။ စိုးရိမ်မှုကို အမြဲတမ်းခံစားနေရသည်။ သေခါနီးမှ လွတ်မြောက်လာရသဖြင့် ဝမ်ကျင်းမှာ အမှန်တကယ် ကျေးဇူးတင်နေခဲ့၏။
အိမ်တွင် လူနှစ်ယောက်သာရှိသဖြင့် ပန်းကန်ခွက်ယောက်များက အနည်းငယ်သာရှိကာ အချို့က ပျက်စီးသွားပြီဖြစ်သည်။ သူက သတိမထားမိစွာဖြင့် အကောင်းဆုံး ပန်းကန်အစုံကို ကျွင်းယန်ကျစ်၏ ရှေ့တွင် ချပေးလိုက်ပြီး ထမင်းထည့်ပေးကာ လက်ဖက်ရည်လည်း ထည့်ပေးလိုက်၏။
ကျွင်းယန်ကျစ်က သူ့ကို တစ်ချက်ကြည့်လိုက်သော်လည်း စကားမပြောခဲ့ပေ။
လျိုချန်မော့က မျက်ခုံးကို ခပ်ဖွဖွ ပင့်လိုက်၏။
ကျွင်းရှစ်တိကို စားစရာများ ထည့်ပေးထားပြီး သူနှင့်ရှစ်တိ၏ ရှေ့တွင်မူ ဘာမှမရှိချေ။
ဧည့်ခံတဲ့အချိန်မှာ ဒီလိုကွဲပြားမှုက….
သို့ရာတွင် ကျွင်းရှစ်တိက သူ့ကို ကိုယ်တိုင်ကယ်ပေးခဲ့သဖြင့် ကောင်လေး၏ သဘောထားကို နားလည်လေသည်။
သူက တစ်ယောက်စီကို မိတ်ဆက်ပေးလိုက်သည်။
“အစ်ကိုတို့အားလုံးက ဟွေ့ရှစ်ဖုန်းမှာရှိတဲ့ ချင်ရှုဂိုဏ်းရဲ့ တပည့်တွေပါ… သူက ရှစ်တိ(၄) ကျွင်းယန်ကျစ်… သူကတော့ ရှစ်တိ(၈) မော့ရှောက်ယန်…”
[T.N_ ဟွေ့ရှစ်ဖုန်းဆိုတာက တောင်ထိပ်နာမည်ကို ပြောတာပါ… ချင်ရှုဂိုဏ်းမှာက တောင်ထိပ်တွေရှိပြီးတော့ တစ်ခုစီမှာနာမည်နဲ့ တောင်ထိပ်ရဲ့ အကြီးအကဲ ဆရာသခင် တစ်ယောက်စီရှိပါတယ်….]
ဝမ်ကျင်းက နှစ်ယောက်ကိုကြည့်ပြီး ခေါင်းညိတ်ပြလိုက်၏။
အကြီးဆုံးရှစ်ရှုန်းက လူကြီးလူကောင်းဆန်ပြီး သိမ်မွေ့သည့်လူဖြစ်သည်။ မော့ရှောက်ယန်ကလည်း ရည်မှန်းချက်ရှိသည့် လူငယ်တစ်ယောက်ဖြစ်သည်။ သူတို့နှစ်ယောက်က စိတ်မချမ်းမြေ့ဖွယ် အဆုံးသတ်နှင့် ကြုံရမည်မှာ ဝမ်းနည်းဖွယ်ကောင်းလေ၏။
မော့ရှောက်ယန်က မေးလိုက်သည်။
“အစ်ကိုတို့ လာနေတာကို သိတာလား… မဟုတ်ရင် တာအိုဆရာအမတကောကောလို့ ဘာလို့ ခေါ်လိုက်တာလဲ…”
ဝမ်ကျင်းက ကိုးရိုးကားရားနိုင်စွာဖြင့် ရှင်းပြလိုက်၏။
“ဒီရွာရဲ့နာမည်ကို အစ်ကိုတို့လို လူတစ်ယောက်ကပဲ ပေးသွားတာ… ကျွန်တော်ထိတ်လန့်နေတဲ့ အချိန်မှာ ဒီအတိုင်း ရောက်တတ်ရာရာ စကားတစ်လုံးကို အော်လိုက်တာပါ…”
လျိုချန်မော့က ပြုံးလိုက်၏။
“ဒီနှစ်ဆို အသက်ဘယ်နှစ်နှစ်ရှိပြီလဲ…”
ဝမ်ကျင်းက သူ့အတွက် ရေထည့်ပေးကာ ပြုံးလိုက်သည်။
“၁၃ နှစ် ပြည့်ပါပြီ…”
ကျွင်းယန်ကျစ်က မေးလိုက်၏။
“ဒီလိုဆို ချင်ရှုဓားဂိုဏ်းကို ဝင်ဖို့ ဆန္ဒရှိလား…”
ဝမ်ကျင်းက ခေါင်းညိတ်လိုက်သည်။
“တံခါးဖွင့်တဲ့အချိန်ကျရင် ကျွန်တော် ကံကောင်းဖို့ မျှော်လင့်ရတာပဲ…”
လျိုချန်မော့က ပြုံးပြီးထပ်ပြော၏။
“မင်း ဟွေ့ရှစ်ဖုန်းကိုလာရင် အစ်ကိုက လူသစ်လေးရဲ့ မိတ်ဆွေဖြစ်ပေးမယ်…”
ထို့သို့ ပြောနေစဉ် လျိုချန်မော့က ရှက်ကိုးရှက်ကန်းဖြင့် ချောင်းတစ်ချက်ဟန့်ကာ ဆက်ပြောလိုက်သည်။
“ဘာပဲဖြစ်ဖြစ် ဟွေ့ရှစ်ဖုန်းက တပည့်သစ်လက်မခံတာ နှစ်တော်တော်ကြာနေပြီ…”
ဝမ်ကျင်းက ခေါင်းငုံ့ထားပြီး စားစရာကိုသာ စားနေကာ မတုံ့ပြန်ခဲ့ပေ။
၎င်းအတွက် အကြောင်းပြချက်တစ်ခုရှိသည်။
ချင်ရှုဓားဂိုဏ်းတွင် စုစုပေါင်း တောင်ထိပ် (၁၆) ခုရှိသည်။ ပင်မတောင်ထိပ်က တစ်ခုနှင့်တစ်ခု အဆင့်အတူတူဖြစ်သော တောင်ထိပ်များကို နောက်ကွယ်တွင် ထိန်းချုပ်ထား၏။ ဟွေ့ရှစ်ဖုန်း၏ ဆရာသခင်က သွမ့်ရွှမ်ဖြစ်ပြီး ချင်ရှုဓားဂိုဏ်း၏ ရွှေရောင်ဗဟိုချက်ရှိသော ကျင့်ကြံသူ(၅)ဦးအနက်မှ တစ်ယောက်ဖြစ်သည်။ သူက လေးနက်ပြီး ခန့်မှန်းရခက်ကာ လောကတစ်ခွင်တွင် နာမည်ကျော်ကြားလေ၏။
သွမ့်ရွှမ်၏ ဦးဆောင်မှုဖြင့် ချင်ရှုဓားဂိုဏ်းက သိုင်းယှဉ်ပြိုင်ပွဲများတွင် နလန်ပြန်ထူလာနိုင်စွမ်းရှိပြီး ချင်ရှုဂိုဏ်း၏ သန်မာမှုကို ပြသရန် ယှဉ်ပြိုင်သင့်သည်။ လွန်ခဲ့သော ဆယ်စုနှစ်များအတွင်း ၎င်းက မည်သည့်ပြိုင်ပွဲများကိုမှ ပါဝင်ယှဉ်ပြိင်ခြင်းမပြုဘဲ အားလုံးကို ယဉ်ယဉ်ကျေးကျေး ငြင်းဆန်ခဲ့သည်က နှမြောစရာကောင်းလေသည်။
ဤသည်က သွမ့်ရွှမ်ကြောင့် ဖြစ်၏။
ပြောရမည်ဆိုလျှင် သူက မည်သည့်အရာကိုမှ ဂရုမစိုက်ပေ။
တပည့်များ၏ ချီသန့်စင်ခြင်းအဆင့်ကို ကြည့်ရှုရာတွင်လည်း သူက စိတ်မဝင်စားဘဲ လုံးဝ ဝင်မပါခဲ့ချေ။ အခြေတည်အဆင့်ကို တည်ဆောက်နေသော တပည့်များအား ကျင့်ကြံခြင်းနည်းကို ရံဖန်ရံခါ သင်ကြားပေးသော်လည်း လမ်းညွှန်ချက်များကို လုံးဝထောက်ပံ့မပေးဘဲ တပည့်များအား ကိုယ်တိုင် ရှာဖွေစေသည်။ ချင်ရှုဓားဂိုဏ်းတွင် တစ်ယောက်နှင့်တစ်ယောက် သတ်ဖြတ်ရန် ခွင့်မပြုထားသော်လည်း လူပေါင်းများစွာကို စီမံခန့်ခွဲရန် အလွန်ခက်ပြီး လူတိုင်းတွင် ကိုယ်ပိုင်စရိုက်ဗီဇများ ရှိလေ၏။ ဥပမာအားဖြင့် ထျန်းဟန့်ဖုန်းတွင် တပည့်အယောက်(၂၀၀)ကျော်ရှိပြီး အချိန်ကြာလာသည်နှင့်အမျှ လူသူကင်းမဲ့သော ဟွေ့ရှစ်ဖုန်းကို နိုင်စားရန် အစပြုလာခဲ့ကြသည်။ နောက်ပိုင်းတွင် ဟွေ့ရှစ်ဖုန်း၏ မကောင်းသတင်းက ပျံ့နှံ့လာခဲ့ပြီး တပည့်အသစ်များက ကျင့်ကြံဆင့် မတိုးတက်မည်ကို စိုးရိမ်ပြီး ဟွေ့ရှစ်ဖုန်းကို ရှောင်ဖယ်ကြလေသည်။ လွန်ခဲ့သည့်ဆယ်နှစ်အတွင်း သွမ့်ရွှမ်ထံသို့ လူတစ်ယောက်မှ ရောက်မလာခဲ့ချေ။
အကြောင်းအရာက အနည်းငယ် ခါးသီးနေသကဲ့သို့ ခံစားရသဖြင့် လျိုချန်မော့က ဗလာသက်သက် ရယ်လိုက်၏။
“မင်းနဲ့အစ်ကိုက မိတ်ဆွေဖြစ်ဖို့ အခွင့်အရေးပါလာပုံ မရမှာပဲစိုးတာ… ရှစ်စွမ်းက တပည့်အသစ်တွေကို သဘောမကျဘူး… ရှိနေတဲ့ လူတွေအပေါ်ပဲ အာရုံစိုက်တယ်…”
ဝမ်ကျင်းက သူ၏ အလိမ်အညာကို မထုတ်ဖော်ရဲသဖြင့် စကားတစ်ခွန်းသာပြောလိုက်သည်။
“ကျွန်တော်သိပါပြီ…”
ဝမ်းနည်းမှုအရိပ်အယောင်က လေထုထဲတွင် ပျံ့နှံ့နေ၏။ ဝမ်ကျင်းက ကျန်သောစားစရာများကို ချက်ပြုတ်ပြီး ဧည့်သည်များအတွက် အိပ်ရာပြင်ပေးကာ အလုပ်ရှုပ်နေလေသည်။
***************
လေကပြင်းထန်ပြီး မိုးကလည်း ညသန်းခေါင်အထိ ဆက်လက်ရွာသွန်းပြီးမှ ရပ်သွားလေသည်။ ဝမ်ကျင်းက သူ့အိပ်ရာကို ကျေးဇူးရှင်များအား ပေးလိုက်ပြီး သူကမူ အေးစက်နေသော ကျောက်ကြမ်းပြင်ထက်တွင် လူးလှိမ့်နေလေ၏။ မိုးရွာသောည၏ အအေးဓာတ်က အရိုးများထဲထိပင် စိမ့်ဝင်နေလေသည်။ အလွန်အေးနေပြီး အိပ်မရဘဲ သွားများက တခိုက်ခိုက်တုန်နေလေ၏။ နောက်ဆုံးတွင် ခြေထောက်ကိုဖက်လိုက်ကာ သက်ပြင်းချလိုက်လေသည်။
အိပ်လို့မရဘူး… အိမ်သာသွားရင်ကောင်းမလား…
လက ကောင်းကင်တွင် တောက်တောက်ပပ သာနေလေသည်။
ပန်းများက ခြံဝန်းလေးအနှံ့တွင် ပြန့်ကျဲနေပြီး သစ်ကိုင်းများက လေပြင်းကြောင့်ကျိုးကာ မြေကြီးပေါ်သို့ကျနေလေ၏။ ခြံဝန်းထောင့်တွင် မြက်ဖျာဖြင့် ပတ်ထားသည့် အလောင်းက စိုရွှဲနေလေသည်။
ဝမ်ကျင်းက အကြံရသွားပြီး ဦးတည်ချက်ကို ပြောင်းကာ လုယွင်ဖေး၏ ဘေးသို့သွားလိုက်သည်။ သူ့လက်များက မြက်ဖျာထဲသို့ နှိုက်ကာ ရှာဖွေနေလေသည်။
သေးငယ်သည့် အနက်ရောင်အပြားလေးက သူ့လက်ထဲသို့ရောက်လာ၏။ ထိုအရာက သူ့အား လုယွင်ဖေးက သူ့အိမ်သို့ သယ်သွားပေးစေချင်သည့် ပစ္စည်းဖြစ်သည်။ ၎င်းက လေးလံပြီး ကျောက်ဖြင့်လုပ်ထားပုံပေါ်၏။ အရှေ့ဘက်ခြမ်း အလယ်တွင် အလွန်ရှေးကျသော စာနှစ်လုံးကို ထွင်းထုထားပြီး ထိုစာလုံးများကို သူ မသိပေ။
ဝမ်ကျင်းက ထပ်ခါထပ်ခါ ဖတ်ရန် ကြိုးစားသော်လည်း သူ ကြည့်နေသည်က မည်သည့်အရာဆိုသည်ကို သူ မသိချေ။
ဒီရင်းနှီးနေတဲ့ ကျောက်ပြားလေးက ဝိညာဉ်ကျောက်တုံးနဲ့တူတယ်…
“ဒီလောက်နောက်ကျနေတာ မအိပ်သေးဘူးလား…”
မဝေးလှသည့်နေရာမှ အသံအောအောဖြင့် လူတစ်ယောက်၏ အသံက ထွက်ပေါ်လာလေသည်။
ဝမ်ကျင်းမှာ ဝိညာဉ်လွင့်လုနီးပါး လန့်သွားပြီး စိတ်ကို တည်ငြိမ်အောင်လုပ်ကာ နောက်သို့ ချက်ချင်းလှည့်လိုက်၏။ ထိုအခါ အနက်ရောင်ဝတ်စုံနှင့်လူက သူနှင့်ဆယ်လှမ်းခန့် ကွာသည့်နေရာတွင် ရပ်နေသည်ကို မြင်လိုက်ရလေသည်။
“ကျွင်း… ကျွင်းရှစ်ရှုန်းလည်း အိပ်လို့မရလို့လား…”
ကျွင်းယန်ကျစ်က အပြည့်သာနေသောလကို မော့ကြည့်လိုက်၏။
“မိုးကတိတ်သွားပြီ… အိပ်ဖို့မလိုတော့ဘူး… အဲ့ဒါကြောင့် လမ်းလျှောက်ဖို့ ထွက်လာတာ…”
“ကျွန်တော်ရောပဲ…”
ဝမ်ကျင်းက ရှက်ရွံ့စွာဖြင့် ပြုံးပြလိုက်ပြီး မတ်တတ်ရပ်ကာ ကျောက်ပြားကို အဝေးသို့ ပစ်လိုက်သည်။
ကျွင်းယန်ကျစ်၏ အကြည့်များက အလောင်းဆီသို့ ရောက်သွား၏။
“မင်းရဲ့အဘိုးက ပုံမှန်အချိန်မှာ မင်းကို ကောင်းကောင်းဆက်ဆံလား…”
“သူက အရမ်းကြင်နာတယ်…”
“သူက ဘာလို့ မင်းရဲ့ခန္ဓာကိုယ်ကို လုယူဖို့ကြိုးစားတာလဲဆိုတာ သိလား…”
ဝမ်ကျင်းက အနည်းငယ် ခါးသီးမှုကို ခံစားလိုက်ရပြီး ပြုံးကာပြောလိုက်သည်။
“ကျွန်တော်က တုံးတော့ သေချာမပြောတတ်ပါဘူး …”
ကျွင်းယန်ကျစ်က ပြန်မပြောဘဲ ခေါင်းငုံ့ကာ အောက်သို့ကြည့်နေသည်။
ကြည်လင်နေသော လရောင်က သူ့ကိုလင်းနေစေပြီး စိတ်တည်ငြိမ်စေသော ရုပ်ထုတစ်ရုပ်၏ အသွင်အပြင်ကို ပေးစွမ်းနေလေသည်။
ဝမ်ကျင်း၏နှလုံးသားက ပြင်းထန်စွာ တဒိတ်ဒိတ်ခုန်နေ၏။
ဒီလူက နောက်နှစ်အနည်းငယ်ကျရင် ကျူးဖုန်းမှာရှိတဲ့ ကျင့်ကြံသူအားလုံးကို တညီတညွတ်တည်းဖြစ်အောင် လုပ်ပေးတော့မှာ…
ကျောက်စိမ်းကဲ့သို့ သန့်စင်သောပုံရိပ်ကို တိတ်ဆိတ်စွာဖြင့် ကြည့်နေခဲ့သည်။ နှလုံးသားနှင့် ဝိညာဉ်ကို ခိုးယူရန်လုံလောက်သည့် အလွန်ကြီးမားသော စွမ်းအားကို ပြစ်ချက်မရှိ ဖုံးကွယ်နိုင်ရန်အလို့ငှာ စဉ်းစားကြည့်ရန် အလွန်ခက်ခဲလေ၏။
ဝမ်ကျင်းက တစ်ခဏခန့် အသိလွတ်သွားသည်။
ငါ အခုလေးတင် မြင်လိုက်တာက…..
စိတ်ပိုင်းဆိုင်ရာက အပြည့်အဝပြန်မကောင်းသေးဘဲ ခေါင်းထဲတွင် အီလက်ထရွန်းနစ် အသံတစ်သံထွက်လာလေ၏။ ထိုအသံက အနီရောင်သတိပေးသည့် ပုံစံနှင့်ဆင်တူပြီး နားကွဲမတတ်ဆူညံသံက စူးစူးဝါးဝါးအော်သံအဖြစ်သို့ပြောင်းလဲသွားလေသည်။
“နှိုးဆော်မှု… ကျွင်းယန်ကျစ်ရဲ့ ကိုယ်ကျင့်တရားက -၁၀၀၀ကို ရောက်သွားပြီ… ကျေးဇူးပြုပြီး မှတ်ထားပါ… ကိုယ်ကျင့်တရားက -၁၀၀၀ကို ရောက်သွားပြီ…”
ကျွင်းယန်ကျစ်က တစ်စုံတစ်ခုကို ညင်သာစွာပြောနေသော်လည်း ဝမ်ကျင်းက မကြားနိုင်ချေ။
သူက စိတ်လွင့်နေ၏။
သူ့ခေါင်းထဲရှိ နှိုးဆော်သံက ဆက်တိုက်ထွက်ပေါ်နေသည်။ လသာသောည၏ တိတ်ဆိတ်မှုတွင် ၎င်းက အလွန်အနှောင့်အယှက်ဖြစ်နေ၏။ ဝမ်ကျင်းက ကျွင်းယန်ကျစ်ကို ဗလာသက်သက်ဖြင့် စိုက်ကြည့်နေပြီး သူ့ခေါင်းထဲရှိအသံကို ပိတ်သွားစေရန်အလို့ငှာ တစ်ခုခုလုပ်နိုင်ရန် ဆုတောင်းနေလေသည်။
ရုတ်တရက် နှိုးဆော်သံက ပျောက်ကွယ်သွားပြီး အရာအားလုံးက ဆိတ်ငြိမ်မှုသို့ ပြန်လည်ရောက်ရှိသွားလေ၏။ မည်သည့်အရာမှ မဖြစ်ပျက်သကဲ့သို့ပင် ဖြစ်သည်။ ကျန်ရှိနေသည့် တစ်ခုတည်းသောအရာက ဦးနှောက်ထဲရှိ ပဲ့တင်ထပ်မှုကြောင့် မူးဝေနေခြင်း ဖြစ်လေသည်။
ဝမ်ကျင်းက အားတင်းပြုံးပြကာ မေးလိုက်၏။
“ကျွင်းရှစ်ရှုန်း… ခုနက ဘာပြောလိုက်တာလဲ…”
ကျွင်းယန်ကျစ်က မျက်ခုံးတွန့်လိုက်ပြီး တောက်ပစွာ သာနေသောလကို တစ်ဖန် မော့ကြည့်လိုက်ကာ ပြော၏။
“ကိုယ် ဘာမှမပြောပါဘူး… နောက်ကျနေပြီ… မင်း ကောင်းကောင်းအိပ်သင့်တယ်…”
“ဟုတ်ကဲ့…”
ဝမ်ကျင်းက တဖြည်းဖြည်း မူးဝေလာပြီး မြေကြီးပေါ်တွင် ထိုင်ချလိုက်၏။ အသက်ကို မှန်မှန်ရှုနေပြီး သူ့ခေါင်းထဲတွင် ပေါ်နေသော အချက်အလက်ကို အာရုံစိုက်နေလေသည်။
[ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်ရေးစနစ် စတင်ပါပြီ_ ဒီနေ့ကစပြီး ကိုယ့်ပတ်ဝန်းကျင်မှာရှိတဲ့လူတွေရဲ့ ကိုယ်ကျင့်တရားအမှတ်ကို သိနိုင်စွမ်းရှိပါတယ်…]
*************
မနက်စောစောတွင် မိုးတဖွဲဖွဲကျနေပြီး အရာအားလုံးက မှုန်ရီမှုန်ဝါးနှင့် မသဲမကွဲဖြစ်နေလေသည်။ ဝမ်ကျင်းက ရွာအဝင်တွင်ရပ်နေပြီး ကျွင်းယန်ကျစ်တို့အဖွဲ့ကို နှုတ်ဆက်နေ၏။ လုယွင်ဖေး၏ အလောင်းကို ချင်ချွမ်ရွာ၏သင်္ချိုင်းတွင် မြှုပ်နှံပြီးဖြစ်သည်။ သူ့အားနှစ်ပေါင်းများစွာ ကျွေးမွေးခဲ့သည့်ကျေးဇူးကို ပြန်ပေးဆပ်သည့်အနေဖြင့် အကြိမ်အနည်းငယ်ခန့် ဦးညွှတ်ခဲ့လေ၏။
သူက သူ၏အသိဉာဏ်ကိုသုံးပြီး သူ့ရှေ့ရှိလူသုံးယောက်၏ ကိုယ်ကျင့်တရားကို တွက်ချက်လိုက်သည်။
ဂဏန်းတန်ဖိုးများက မငြိမ်မသက်ဖြစ်နေ၏။ လျိုချန်မော့က အမှတ်၃၀၀ မှ ၄၀၀ သို့တက်သွားပြီး မော့ရှောက်ယန်က အမှတ် ၃၀၀ ဝန်းကျင်တွင် တည်ငြိမ်နေသည်။ ကျွင်းယန်ကျစ်၏ ကိုယ်ကျင့်တရားတန်ဖိုးကသာ -၁၀၀၀တွင် ပုံသေဖြစ်နေပြီး ‘ကြောက်စရာကောင်းသော ရာဇဝတ်မှုအပြစ်… လူတိုင်းက အပြစ်အတွက် ပြစ်ဒဏ်စီရင်ခံရမည်’ ဟု အညွှန်းပြနေလေ၏။
ဝမ်ကျင်းက အနက်ရောင်ဝတ်စုံနှင့်လူ၏ နူးညံ့သောမျက်နှာကို ကြည့်လိုက်သည်။
ဒီစနစ်က ကြောင်နေတာပဲဖြစ်မယ်… လူတိုင်းက သဘောကျပြီး ဒီလို သိမ်မွေ့အန္တရာယ်ကင်းတဲ့ လူတစ်ယောက်ကို ‘လူတိုင်းက အပြစ်အတွက် ပြစ်ဒဏ်စီရင်ခံရမည်’ လို့ ရုတ်တရက် စာတပ်လိုက်ရတယ်လို့…
လျိုချန်မော့က ပြုံးလိုက်၏။
“မင်းကို ပြန်တွေ့ရဖို့ မျှော်လင့်ပါတယ်… နောက်လဝက်နောက်နေရင် အစ်ကိုတို့ဆီ လာလည်ပေါ့…”
ဝမ်ကျင်းက စနစ်ကို မြန်မြန်ပိတ်လိုက်ပြီး ပြန်ပြောလိုက်၏။
“အစ်ကိုကြီးတို့ရဲ့ကြီးမားတဲ့ ကြင်နာမှုကို ကျေးဇူးတင်ဖို့ ကျွန်တော်မှာ ပြောစရာစကားတောင် မရှိတော့ပါဘူး… အမတတို့… ကောင်းသော လမ်းခရီးဖြစ်ပါစေ…”
ထို့နောက် မော့ရှောက်ယန်က ပြောလိုက်၏။
“ဒါက အစ်ကိုတို့အဖွဲ့အတွက် အသေးအဖွဲကိစ္စပါပဲ… အရမ်းစိတ်ထဲထားနေစရာမလိုပါဘူး… အစ်ကိုတို့ သွားတော့မယ်…”
လျိုချန်မော့က စိတ်ထဲတွင် တွေးလိုက်၏။
ကိုယ့်ကိုယ်ကိုယ် ကျောက်စိမ်းဧကရာဇ်လို့ခေါ်ပြီး လေဟုန်စီးပြလိုက်ပါလား…
“အစ်ကိုတို့ သွားတော့မယ်…”
အဖြူရောင်မြူများဖြင့် လွှမ်းခြုံထားသော အစိမ်းရောင်တောင်တန်းများက လေနှင့်မိုးကြားတွင် ရပ်တည်နေလေသည်။ ပုံရိပ်သုံးခုက ကောင်းကင်သို့ ရောက်သွားပြီးနောက် မြူထူနေသော တောင်တန်းများကြားတွင် ပျောက်ကွယ်သွားလေသည်။
ဝမ်ကျင်းက တစ်ခဏခန့် စောင့်ကြည့်နေပြီးနောက် အိမ်သို့ ပြန်လာလိုက်သည်။
လုယွင်ဖေးက သေသွားသဖြင့် သူ့တွင် ကျန်ရှိနေသောအရာမှာ ခြံဝန်းလေးသာဖြစ်၏။ အနည်းငယ် အေးပြီးတိတ်ဆိတ်သော်လည်း သူက မကြောက်တော့ဘဲ စိတ်အေးသွားသည့် ခံစားချက်ကို ရရှိနေလေသည်။ ဝမ်ကျင်းက အားလုံးကို သိမ်းဆည်းလိုက်ပြီး နေ့စဉ်ကျင့်ကြံခြင်းကို လုပ်ရန် ထိုင်လိုက်၏။ နောက်ဆုံးတွင် မည်သည့်အနှောင့်အယှက်မှ မရှိဘဲ ကျင့်ကြံနိုင်ပြီဖြစ်လေသည်။
ဝမ်ကျင်းမှာ ဤကဲ့သို့ ငြိမ်းချမ်းသော နေ့ရက်များဖြင့် လဝက်ခန့်အချိန်ကို ကုန်ဆုံးပြီး နောက်ဆုံးတွင် ချင်ရှုဓားဂိုဏ်း၏ ဂိတ်တံခါးဖွင့်သည့်ရက်သို့ ရောက်ရှိလာတော့လေသည်။
⛰️⛰️⛰️