Ch 3
Viewers 3k

⛰️Chapter - 3

ဩဂုတ်လအစောပိုင်း (၉)ရက်နေ့



ဆောင်းဦးရာသီ အစောပိုင်း နေဝင်ရီတရောအချိန်တွင်


ကောင်ကင်က မည်းမှောင်နေပြီး တိမ်မည်းများက အုံ့ဆိုင်းနေ၏။ ပြတင်းပေါက်မှ အပြင်ဘက်သို့ ကြည့်လိုက်ချိန်တွင် သည်းထန်စွာရွာသွန်းနေသော မိုးရေထဲ၌ မဲမှောင်နေသော တောင်ထိပ်များကို မှုန်ဝါးဝါးမြင်ရလေသည်။ ၎င်းက လူတစ်ယောက်လုံးကိုပင် ဝါးမျိုတော့မည့်ပုံစံ ပေါ်နေလေ၏။ ရုတ်တရက် ကျယ်လောင်သော မိုးခြိမ်းသံများကို ကြားလိုက်ရပြီး လေပြင်းမုန်တိုင်းတစ်ခု ကျရောက်လာလေသည်။


ဝမ်ကျင်းက အပြင်ဘက်သို့ကြည့်ပြီး ပြင်းပြင်းထန်ထန် ခါယမ်းနေသော ပြတင်းပေါက်တံခါးကိုပိတ်ရန် လက်ထုတ်လိုက်သည်။ သူ့ဆံပင်များက လေပြင်းကြောင့် ရှုပ်ပွသွားပြီး နှုတ်ခမ်းမှ တီးတိုးပြောလိုက်လေ၏။


“ဩဂုတ်လအစောပိုင်း ကိုးရက်နေ့ နေဝင်ရီတရောအချိန်၊ ဩဂုတ်လအစောပိုင်း ကိုးရက်နေ့ နေဝင်ရီတရောအချိန်…”


လုယွင်ဖေးက သူ့ကို အေးစက်စွာ စိုက်ကြည့်လိုက်၏။

“ကျင်းအာ… ဘာတွေ တတွတ်တွတ်ပြောနေတာလဲ…”


ဝမ်ကျင်းက နောက်လှည့်လိုက်ပြီး လုယွင်ဖေးကို တည်ငြိမ်စွာ ကြည့်ကာ လုယွင်ဖေး နှစ်ပေါင်းများစွာ စောင့်မျှော်နေခဲ့ရသည့် စကားကို ပြောလိုက်လေသည်။

“အဘိုး… ကျွန်တော် ချီသန့်စင်ခြင်း စတုတ္ထအဆင့်ကို တက်သွားပြီ…”


လုယွင်ဖေး၏ မျက်လုံးများက ကျေနပ်အားရမှုဖြင့် တောက်ပလာပြီးနောက် အရောင်ပြန်မှိန်သွားလေသည်။ သူက ဝမ်ကျင်းအတွက် အံ့ဩပျော်ရွှင်နေသကဲ့သို့ ဟန်ဆောင်ပြီး အားပေးလိုက်၏။

“တော်တယ်… တော်တယ်… မြေးလုပ်နိုင်ခဲ့ပြီပဲ… မနက်ဖြန်ကျရင် ရွှင်းယန်မြို့မှာ လျှောက်လည်ဖို့ အဘိုး ခေါ်သွားပေးမယ်…”


ထိုသို့ပြောလိုက်သော်လည်း လုယွင်ဖေးက မျက်မှောင်ကြုတ်ထားဆဲဖြစ်သည်။


အာ… ဒီရှုပ်ထွေးတဲ့ ခံစားချက်က ဘာပါလိမ့်…


ဝမ်ကျင်းက သူ၏ တုံ့ဆိုင်းနေမှုကို မြင်ရသည်။ အဆုံးတွင် ခန္ဓာကိုယ်ကို အပိုင်စီးခြင်းက သဘာဝကိုဖီဆန်နေသော အရာဖြစ်ပြီး ရှုံးနိမ့်နိုင်ချေက အလွန်မြင့်လေ၏။ လုယွင်ဖေးက သူ့တစ်ဘဝလုံး သေရမည်ကို ကြောက်နေခဲ့သည်။ သူ မစိုးရိမ်ဘဲ နေမည်မဟုတ်ပေ။ 


သူက မရိုးသားသော ပျော်ရွှင်မှုဖြင့် ပြောလေ၏။

“ဒါဆိုရင် ကျွန်တော် အရင်သွားအိပ်နှင့်တော့မယ်နော်…”


“ကောင်းတယ်… မနက်ဖြန် အဘိုးတို့ နည်းနည်းစောစောထရမယ်…”


ဝမ်ကျင်းက နောက်လှည့်ပြီး သူ့အခန်းလေးဆီသို့ ပြန်တော့မည့်အချိန်တွင် အနောက်မှ အေးစက်နေသောလေထုကို ရုတ်တရက် ခံစားလိုက်ရ၏။ သေနေသော သစ်ပင်ကဲ့သို့ ညှိုးရော်ပြီး အရေးကြောင်းများထနေသော လက်တစ်ဖက်မှာ သင်္ချိုင်းမှ လူလက်အရိုးက ထွက်လာသကဲ့သို့ သူ့ပုခုံးပေါ်ကို ရောက်လာလေသည်။ ဝမ်ကျင်းမှာ တစ်ကိုယ်လုံး ကြက်သီးမွေးညင်းများထလာပြီး တောင့်တင်းသွာလေ၏။ 


လုယွင်ဖေးက ခြောက်ကပ်နေသည့် လေသံဖြင့် ညင်သာစွာပြောလိုက်သည်။

"ကျင်းအာ... အဘိုးတို့စကားမ‌ပြောဖြစ်တာပြီ... ဒီညပြောကြရင် မကောင်းဘူးလား..."


လေသံက သည်းခံထားနိုင်စွမ်း မရှိတော့ချေ။ ဝမ်ကျင်းမှာ ကြက်သီးမွေးညင်းများ ထလာ၏။ ရွေးချယ်စရာမရှိတော့သဖြင့် သူက အသက်ပြင်းပြင်းရှူကာ ထိုင်ပြီး ပြောလိုက်သည်။

"အဘိုးက ဘာအကြောင်းပြောချင်လို့လဲ..."


လုယွင်ဖေးက ဖြည်းဖြည်းချင်း လျှောက်လာပြီး မီးအိမ်လေးကို မြှောက်လိုက်သည်။ သူ၏ ပိန်ပါး‌သော အသွင်အပြင်က မှိန်ပျပျ အလင်းရောင်ထဲတွင် ရှည်လျားသော အရိပ်တစ်ခု ကျနေလေ၏။


သူက အတိတ်ကို ပြန်စဉ်းစားနေပုံပေါ်နေပြီး အိုမင်းရင့်ရော်နေသော မျက်လုံးများကို မှိတ်ထားလေသည်။ ထို့နောက် ပါးစပ်ကို ဖြည်းဖြည်းဖွင့်ကာ ပြောလိုက်၏။


“ကျင်းအာ… အဘိုးက မင်းကို ဆယ်နှစ်ကျော်လောက် ပြုစုစောင့်ရှောက်ပေးခဲ့တယ်… အဘိုး မင်းကို ကောင်းကောင်းဆက်ဆံခဲ့ရဲ့လား…”


“ပုံမှန်အားဖြင့်တော့ အဘိုးက ကျွန်တော့်အပေါ်ကောင်းပါတယ်…”


“ကျင်းအာ… အဘိုးရဲ့ အဖေက ဘယ်သူလဲသိလား…”


နံရံပေါ်ရှိ အရိပ်က တဖျပ်ဖျပ်ဖြစ်နေသော မီးရောင်ကြောင့် ယိမ်းထိုးနေပြီး ကြောက်စရာကောင်းသော ပုံရိပ်နှင့် တူနေလေသည်။


“အဘိုးရဲ့အဖေလား… သူ ဘယ်သူလဲ…”


“အဘိုးရဲ့အဖေက ကျော်ကြားတဲ့ဂိုဏ်းတစ်ခုဖြစ်တဲ့ ကုကျင်းဂိုဏ်းရဲ့ အကြီးအကဲ လုကျစ်ရှန်း… မြေး ကြားဖူးလား…”


လုယွင်ဖေး၏ အရေးကြောင်းထနေသာ မျက်နှာက ချက်ချင်းနူးညံ့သွားပြီး မျက်ဝန်းများက တောက်ပနေလေသည်။


ဝမ်ကျင်း၏ အမူအရာမှာ ဗလာဖြစ်သွား၏။


ဒီလောက်အရေးကြီးတဲ့ကိစ္စကို ဘာလို့ ဝတ္ထုထဲမှာ မရေးထားတာလဲ… 


‘သက်ရှိတိုင်းအတွက် ကပ်ဘေးတစ်ခု’ တွင် လုယွင်ဖေးက အရံဇာတ်ကောင်သာဖြစ်သည်။ စာအုပ်ထဲတွင် သူ့အား ခန္ဓာကိုယ်ကို အပိုင်စီးနိုင်ရန် မြေးတစ်ယောက်ကို ပျိုးထောင်ထားသည့်လူဟု စာကြောင်းအနည်းငယ်ဖြင့်သာ ဖော်ပြထားခဲ့သည်။ သူ၏နောက်ကြောင်းကိုလည်း အနည်းငယ်မျှပင် ရှင်းပြထားခြင်း မရှိချေ။


အရံဇာတ်ကောင်အနေဖြင့် သူက မြင့်မားသောနောက်ခံ မရှိနိုင်ပေ။ ဂိုဏ်းကြီးငါးဂိုဏ်းထဲတွင် ထိုလုကျစ်ရှန်းကသာ ကောင်းကင်သစ်သားဝိညာဉ်အမြစ်ကို ကိုင်ဆောင်သူဖြစ်ပြီး နှစ်တစ်ရာမတိုင်မီ ဗဟိုချက်တည်ဆောက်ခြင်း အဆင့်ကို ရောက်ရှိသူဖြစ်သည်။ 


အဲ့လူက တကယ်ပဲ ဒီလူအိုကြီးရဲ့ အဖေလား… 


လုယွင်ဖေးက မျက်ဝန်းများက တစ်ဖန်မှိန်ပျသွားပြီး နာကျင်သော ဝမ်းနည်းမှုကို ဖော်ပြထားလေ၏။

“ကံမကောင်းစွာပဲ အဘိုးရဲ့ အထုံပါရမီက အရမ်းကို နိမ့်တယ်… မွေးလာကတည်းက အဘိုးရဲ့ အစ်ကိုသုံးယောက်ကပဲ အဖေ့မျက်လုံးထဲမှာရှိတယ်… သူက အဘိုးကို တစ်ခါမှ လာမကြည့်ဖူးသလို တစ်ခါမှလည်း မဆုံးမဖူးဘူး… ကျင်းအာ… အဘိုးရဲ့ခံစားချက်ကို နားလည်နိုင်လား…”


ဝမ်ကျင်းက တိတ်ဆိတ်စွာဖြင့် ခေါင်းကိုငုံ့ထားပြီး စကားမပြောခဲ့ပေ။


လုယွင်ဖေးက စိတ်လှုပ်ရှားနေ၏။

“အဘိုး ဒါကို လက်မခံနိုင်ဘူး… အဘိုးကလည်း သူ့သားပဲလေ… ဘာလို့ အဲ့လိုဆက်ဆံနိုင်ရတာလဲ… အဘိုးရဲ့ ချီသန့်စင်ခြင်း အဆင့်(၁၀)ရှိတဲ့ ဆယ့်ငါးနှစ်အရွယ် ညီလေးက သူ့ကိုဒေါသဖြစ်အောင် ရန်စမိတဲ့အချိန်မှာ အဖေက သူ့ကို နောင်မှာ အနာဂတ်မရှိတော့ဘူးလို့ အပြစ်တင်ရှုတ်ချခဲ့တယ်… ဒါပေမဲ့ အဘိုးရဲ့အသက်က အဲ့အချိန်မှာ ၂၀ ကျော်နေပြီ… သူက အဘိုးရဲ့ကျင့်ကြံဆင့် ဘယ်လောက်ရောက်နေပြီကိုတောင် မသိခဲ့ဘူး… တစ်နေ့ကျရင် မလွှဲမသွေ အဘိုးရဲ့ကျင့်ကြံဆင့်က ကန့်သတ်ချက်ကို ကျော်ပြီး သူ့ကို နောင်တရအောင်လုပ်မယ်လို့ တွေးခဲ့တယ်… သူတစ်ခါမှ သားလို့တောင် မခေါ်ဖူးတဲ့လူကို လှည့်ကြည့်အောင်လုပ်မယ်… ဘယ်လို…”


ပြင်းထန်သည့် ချောင်းဆိုးမှုက သူ့စကားကို ဖြတ်တောက်လိုက်လေသည်။


ဝမ်ကျင်းက တိတ်ဆိတ်နေဆဲဖြစ်ကာ အမူအရာ ကင်းမဲ့နေ၏။


လုယွင်ဖေးက တုန်ယင်စွာဖြင့် သူ့ရင်ဘတ်ထဲရှိ အနက်ရောင်အပြားလေးကို ထုတ်လိုက်သည်။ ၎င်းက သတ္တုနှင့်သာမက သစ်သားနှင့်‌ပါ လုပ်ထားသည် မဟုတ်ပေ။ သူ၏ မျက်ဝန်းထောင့်တွင် မျက်ရည်များစိုစွတ်နေ၏။ သူက မမျှော်လင့်ထားစွာဖြင့် မျက်နှာအမူအရာက နူးညံ့နေပြီး ဝမ်ကျင်း၏လက်ကောက်ဝတ်ကို ညင်သာစွာဆုပ်ကိုင်လိုက်သည်။


“ကျင်းအာ… အဘိုးက လုပ်စရာတစ်ခုရှိတယ်… အဘိုးသေရင် ဒီဟာကိုယူပြီး ကုကျင်းဂိုဏ်းမှာရှိတဲ့ အဘိုးရဲ့အဖေကို သွားတွေ့ပါ… သူ အဘိုးကို မမှတ်မိရင်တောင် မြေးက လုမျိုးရိုးရဲ့ မြေးမြစ်လို့ပြောလို့ရတယ်… သူ မြေးကိုလျစ်လျူရှုမှာ မဟုတ်ပါဘူး… မြေးရဲ့ အထုံပါရမီကို မဖော်ပြနဲ့...”


ထိုကိစ္စကို ပြောနေစဉ်တွင် လုယွင်ဖေး၏ မျက်ဝန်းများက တောက်ပနေကာ ဝမ်ကျင်းကို မတော်လောဘဖြင့် စိုက်ကြည့်လိုက်၏… 


ဝမ်ကျင်းက လှောင်ပြောင်လိုက်သည်။


လုယွင်ဖေးက သူ့ခန္ဓာကိုယ်ကို အပိုင်ရသွားလျှင် သူ၏ အသက်လေးက ဆုံးရှုံးမည်ဖြစ်သည်။ လုယွင်ဖေးက ကျရှုံးလျှင် သူ့အား အလွန်ဝေးသော ခရီးကိုသွားပြီး မိသားစုကို အမှာစကား ပြောခိုင်း၏။ ၎င်းက သူ၏ ပျက်စီးခြင်းလည်း ဖြစ်လိမ့်မည်။


သူက ရှုံ့တွနေသော လုယွင်ဖေး၏ လက်ချောင်းများကို ကြည့်လိုက်သည်။ ထိုအသွင်အပြင်က နုပျိုမှုများကို စုပ်ယူချင်နေသည့်ပုံစံကဲ့သို့ ဖြစ်၏။


“ကျင်းအာ… အဘိုးပြောတာ နားထောင်နေလား…”


ဝမ်ကျင်းက သူ့လက်ကောက်ဝတ်ကို ဖြည်းဖြည်းချင်းပြန်ဆွဲယူကာ ပြောလိုက်သည်။

“သေရမှာကို ကြောက်တာ လူတိုင်းပါပဲ… နောက်ဆုံးတော့ ကျွန်တော့်ခန္ဓာကိုယ်ကို ခင်ဗျား ဘာလို့ လိုချင်နေတာလဲဆိုတာ သိသွားပြီ… ဒါပေမဲ့ ခင်ဗျားလောက် ရွံစရာကောင်းတဲ့လူမျိုး ကျွန်တော် မတွေ့ဖူးသေးဘူး…”


လုယွင်ဖေးက တစ်ခဏခန့် ကြောင်အသွား၏။

“မင်းဘာပြောလိုက်တာ…”


ဝမ်ကျင်းက တံခါးဆီသို့မြန်မြန်ပေးသွားပြီး အပြင်သို့ထွက်ကာ အဆုတ်ကွဲမတတ် အော်လိုက်လေသည်။


“တာအိုဆရာအမတ… တာအိုဆရာအမတကောကော… ကျွန်တော့်ကိုကယ်ပါဦး… တာအိုဆရာအမတကောကော…”


*************


တိမ်မည်းများက အုံ့ဆိုင်းနေပြီး တောင်ပေါ်တွင် မိုးအသည်းအထန်ရွာသွန်းနေကာ အဝေးမှပင် မိုးကြိုးမုန်တိုင်းကို မြင်ရလေသည်။


ရွာအဝင်ရှိ တောင်ကျစမ်းချောင်းတွင် လူသုံးယောက်က မတ်တတ်ရပ်နေလေ၏။ 


ရည်မွန်သော စာသင်သားတစ်ယောက်က အဖြူရောင်ဝတ်စုံကိုဝတ်ထားပြီး မျက်နှာက ကြည်လင်နေကာ အသက်က ၂၇၊ ၂၈ ခန့် ရှိလေသည်။ သူက တစ်ရွာလုံးကို ကြည့်နေပြီး ရွာအဝင်ပေါက်ရှိ ကျောက်ကမ္ဗည်းတိုင်ကိုမြင်သောအခါ တစ်ခဏခန့်ရပ်တန့်သွားပြီးနောက် ပြောလိုက်လေ၏။ 


“ချင်ချွမ်ရွာ… အချိန်က နောက်ကျနေပြီ… ဒီနေ့ညတော့ ဒီရွာမှာပဲ တည်းရမယ်ထင်တယ်…”


မိုးခိုးရောင်ဝတ်စုံကို ဝတ်ထားပြီး နူးညံ့သည့်အသွင်အပြင်ရှိသော ၁၇၊ ၁၈ အရွယ်ခန့်ရှိသည့် လူငယ်လေးက ပြောလိုက်သည်။


“ဟုတ်ကဲ့… ယင်းမင်ရှစ်ရှုန်း…”


ထို့နောက်သူ့ဘေးရှိ မိုးရေများစိုရွှဲနေသော အနက်ရောင်ဝတ်စုံဝတ်ထားသည့် လူက ပြောလိုက်၏။

“တစ်အိမ်အိမ်က ကျွန်တော်တို့ကို တည်းခိုခွင့်ပေးမလားဆိုတာ ကျွန်တော် လိုက်ရှာကြည့်လိုက်ဦးမယ်…”


မိုးခိုးရောင်ဝတ်ထားသည့်လူငယ်က နောက်သို့တစ်လှမ်း ဆုတ်လိုက်သည်။


“ရှစ်ရှုန်း(၄)… နောက်ဆုံးတစ်ကြိမ် ရှစ်ရှုန်း(၃) ဒီနေရာကို ဖြတ်သွားတုန်းက ထင်းတွေခုတ်ခဲ့တာ…  ကျွန်တော်တို့ အမတတွေအနေနဲ့ ဒီလိုအပြုအမူမျိုး လုပ်တာရဲ့ နောက်ကွယ်မှာ ဘာရှိတာလဲ…”


အဖြူရောင်ဝတ်ထားသည့် လူငယ်၏ နှုတ်ခမ်းထောင့်က ကွေးတက်သွားလေ၏။

“သူ့အတွက်တော့ သူ့ကိုယ်သူ အမတလို့ ခေါ်ဖို့က တကယ်ကို…”


အရှက်မရှိဘူး……


ရွာရှိလူများက အိမ်သို့ပြန်ကြပြီဖြစ်ပြီး မိုးမပက်စေရန် တံခါးရွက်များကို ပိတ်ထားကြသည်။ ရွာထဲတွင် သူတို့ကိုကြည့်နေသည့် ကလေးအနည်းငယ်သာ ကျန်ရှိလေ၏။


မည်းမှောင်နေသာ ဆည်းဆာချိန်တွင် သူတို့သုံးယောက်၏ ဆံပင်ရှည်များက လေထဲတွင် ဝေ့ဝဲနေလေသည်။


အနက်ရောင်ဝတ်စုံနှင့် လူငယ်က ရှေ့မှ ဖြည်းဖြည်းချင်းသွားနေပြီး အိမ်အနည်းငယ်ကို ဖြတ်ကျော်လာသော်လည်း မရပ်ခဲ့ပေ။ မေးမြန်းကြည့်ရန်အတွက် အိမ်တစ်အိမ်ရှိ တံခါးကို ခေါက်တော့မည့်အချိန်တွင် ထိုနေရာနှင့် မဝေးလှသည့်နေရာမှ ကောင်လေးတစ်ယောက်၏ အော်သံကို ရုတ်တရက် ကြားလိုက်ရလေသည်။ သူ့အသံက စူးရှတုန်လှုပ်နေပြီး ကြောက်ရွံ့မှုကြောင့် ပြတ်တောင်းပြတ်တောင်း ဖြစ်နေကာ စိုးရိမ်ဖွယ်ဖြစ်နေလေ၏။


“တာအိုဆရာအမတ… တာအိုဆရာအမတကောကော… ကျွန်တော့်ကိုကယ်ပါဦး… တာအိုဆရာအမတကောကော…”


မီးခိုးရောင်ဝတ်ထားသည့် လူငယ်က ပြောလိုက်သည်။

“ဘယ်သူအော်ပြီး အကူအညီတောင်းနေတာလဲ…”


အဖြူရောင်ဝတ်စုံနှင့်လူက ချက်ချင်း မျက်နှာအမူအရာပြောင်းသွားပြီး ရှေ့သို့ မြန်မြန်သွားလိုက်လေသည်။ ခြေထောက်တစ်ဖက်ဖြင့် တံခါးကိုကန်ကာ အထဲသို့ မြန်မြန်ဝင်သွားလိုက်၏။ မျက်စိတစ်မှိတ်အတွင်း အနက်ရောင်ဝတ်စုံနှင့် လူငယ်ကလည်း ရောက်လာကာ ခြံဝန်းထဲကို အေးစက်စွာကြည့်လိုက်သည်။


မြေပြင်ပေါ်တွင် ဒူးထောက်နေသည့် ကောင်လေးက ရွံ့များ ပေကျံနေပြီး အဝါရောင်ဖျော့ဖျော့ အလင်းလုံးတစ်လုံးက သူ့ခန္ဓာကိုယ်ထဲသို့ အတင်းဝင်နေလေ၏။ 


“တာအိုဆရာအမတကောကော…. ကျွန်တော့်ကို ကူညီပါဦး…”


ကောင်လေး၏ အသားအရေက အလွန်အမင်းနာကျင်မှုကြောင့် ဖြူဖျော့နေလေသည်။ အဝါရောင်အလင်းက ဓားတစ်ချောင်းကဲ့သို့ သူ့ခန္ဓာကိုယ်ကို ထိုးဖောက်နေ၏။


“ခန္ဓာကိုယ်အပိုင်စီးခြင်း…”

မီးခိုးရောင်ဝတ်စုံနှင့်လူငယ်က အော်လိုက်ပြီး လေသံက အတော်အသင့်တည်ငြိမ်နေကာ အလျင်လိုမနေပေ။


ထိုအချိန်တွင် တစ်စုံတစ်ယောက်၏လက်ထဲမှ အဖြူရောင်အလင်းက ချက်ချင်းထွက်လာသဖြင့် အဝါရောင်အလင်းလုံးက ရုတ်တရက် အံ့အားသင့်သွားလေ၏။


အလင်းလုံးနှစ်လုံးက အချင်းချင်း ယှဉ်ပြိုင်တိုက်ခိုက်နေပြီး ခမ်းနားထည်ဝါသော အရှိန်အဝါတစ်ခုက ပတ်ဝန်းကျင်ကို နေ့ဘက်ကဲ့သို့ တောက်ပလာစေလေသည်။ ရုတ်တရက် အရှိန်အဝါက သူ၏အင်အား ကုန်ခမ်းသွားသကဲ့သို့ ပျောက်ကွယ်လွင့်စင်သွား၏။


ဝမ်ကျင်း၏မျက်နှာက ရွံ့များပေနေပြီး နှဖူးတွင် ချွေးများစိုရွှဲနေလေသည်။ ဗိုက်ကိုဓားမြှောင်ဖြင့် အထိုးခံထားရသော လူအိုကြီး၏ အလောင်းက တဖြည်းဖြည်းတောင့်တင်းလာသည်ကို ဝမ်ကျင်းက မျက်လုံးထောင့်မှ မြင်လိုက်ရလေ၏။ 


သေဖို့ နည်းနည်းပဲ လိုတော့တယ်…


အနက်ရောင်ဝတ်စုံနှင့် လူငယ်က မိုးရေကြောင့် လုံးဝ စိုရွှဲသွားလေသည်။ သူက အထဲသို့ ဖြည်းဖြည်းချင်း လျှောက်လာပြီး လူအိုကြီး၏အလောင်းကို ထိကြည့်လိုက်၏။ 


“သူက ခန္ဓာကိုယ်ကို အပိုင်သိမ်းဖို့ ရည်ရွယ်ပြီး သူ့ရဲ့ ကနဦးဝိညာဉ်ထွက်လာအောင် ကိုယ့်ကိုယ်ကိုယ် သတ်သေခဲ့တာပဲ…”


သူက ဝမ်ကျင်းကို လှည့်ကြည့်လိုက်၏။

“ဒီလူက ဘယ်သူလဲ…”


ဝမ်ကျင်းက သူ့ကို ဗလာဖြစ်စွာ မော့ကြည့်လိုက်သည်။


မိုးရေက အနက်ရောင်ဝတ်စုံဝတ်ထားသည့် လူငယ်၏ မျက်နှာပေါ်သို့ စီးကျနေလေသည်။ သူ၏ မျက်လုံးများက အေးစက်နေပြီး အကြင်နာမဲ့သော နှုတ်ခမ်းတစ်စုံရှိကာ သူ၏ ခန္ဓာကိုယ်တည်ဆောက်ပုံကမူ နွေဦးလေညင်းလေးကဲ့သို့ ဖြစ်လေသည်။ ထိုနေရာတွင် ရပ်နေသောလူက နွေးထွေးသည့် အရိပ်အယောင်ရှိပြီး ကြောက်လန့်ဖွယ်ကောင်းသည့် ခြံဝန်းကို နှစ်သက်ဖွယ်တစ်စုံတစ်ခုအဖြစ်သို့ ပြောင်းလဲနေလေ၏။


“ခင်ဗျားက…”


ကျွင်းယန်ကျစ်လား…



⛰️⛰️⛰️