🌹Chapter 23
ဘိလိယက်ခန်းမက မကြီးပေ။ ဤသည်က သီးသန့်နေရာဖြစ်သောကြောင့် စနစ်တကျ ပြင်ဆင်ထားခြင်းမျိုးလည်း မဟုတ်ပေ။
အခန်းထဲတွင် ဘိလိယက်စားပွဲ ရှစ်ခု ရှိသည်။ လူများစွာက အဖြူရောင်မီးများအောက်တွင် စုဝေးနေကြ၏။ သူတို့အားလုံးက ဂျာကင်များဝတ်ထားပြီး လက်မောင်းများတွင် တက်တူးများရှိသော လူဆိုးဂိုးဏ်ဝင်များဖြစ်ကာ ထောင့်တိုင်းတွင် ထိုင်နေကြသည်။ အချို့က ဆေးလိပ်သောက်နေကြပြီး အချို့က ဖဲရိုက်နေကြကာ အချို့မူကား ဖုန်းကစားနေကြသည်။
ဘိလိယက်ကို အမှတ်တကယ်ပင် ကစားနေသော စားပွဲမူကား ညာဘက် အစွန်ဆုံးတစ်ခုသာဖြစ်သည်။ ထိုနေရာတွင် လူများစွာ ဝိုင်းထားပြီး သူတို့ ကစားသောအသံများက ဆူညံစွာနှင့် ဆက်တိုက် ထွက်ပေါ်နေသည်။ မှောင်မဲသော မီးခိုးငွေ့များသည်လည်း ထိုနေရာအနှံ့ ဝဲပျံနေခဲ့သည်။
မာရှောင်တင်းက ဝင်ပေါက်ကို ရောက်သည်နှင့် အတွင်းက အခြေအနေကို မြင်လိုက်သောအခါ သူ့စကားများကို ပြင်းထန်စွာနှင့် ပြန်မျိုချလိုက်သည်။ တံခါးကို ကန်ဖွင့်ပြီး ရန်ဖြစ်ရန် လုပ်နေသည့် သူ၏ စိတ်သဘောထားမူကား ချက်ချင်းပင် ပျောက်ကွယ်သွားသည်။
"ယွီကော..."
မာရှောင်တင်းက သနားစရာကောင်းသော မျက်နှာနှင့် ဖရဲသီးအခါးကဲ့သို့ တွန့်ကြေနေသော မျက်နှာနှင့် နောက်ပြန်လှည့်လိုက်သည်။
"အဲဒီမှာ… အဲ့ဒီမှာ လူတွေ အများကြီးပဲ…. နောက်တစ်ခါ သူ့ကို တစ်ယောက်တည်း ဖမ်းမိဖို့ စောင့်တာ ပိုကောင်းမယ်ထင်တယ်..."
မင်း တံခါးတွေကိုတောင် ကန်ဖွင့်ပြီးပြီပဲ…ထွက်သွားဖို့ ဖြစ်နိုင်ပါ့မလား…
လူတွေကို တက်ပြီး ရိုက်ဖို့ ဆုံးဖြတ်တုန်းက လူဘယ်နှစ်ယောက်ရှိလဲဆိုတာ မင်း မစစ်ဆေးခဲ့ဘူးလား…
စုန့်ယွီ၏ နှုတ်ခမ်းထောင့်လေးက ကွေးညွှတ်သွားခဲ့သည်။ သူက သူ(မာရှောင်တင်း)၏ နောက်မှ တင်ပါးကို တိုက်ရိုက်ကန်လိုက်သည်။
"မင်း ဘယ်လိုများ ဒီလိုပုံစံမျိုးနဲ့ အလယ်တန်းကျောင်းလူမိုက် ဖြစ်ခဲ့တာလဲ…"
ဒါက ငါ မြင်ဖူးသမျှထဲက အနိမ့်ဆုံးအဆင့် အထက်တန်းကျောင်းလူမိုက်ပဲ…
မာရှောင်တင်းက တံခါးဘောင်ကိုပင် သေချာမကိုင်နိုင်တော့ပေ။ သူ ကန်ခံလိုက်ရသည်နှင့် ခြေလှမ်းမမှန်တော့ဘဲ ရှေ့သို့ ယိုင်တိုင်တိုင်နှင့် ထွက်သွားပြီး လူအုပ်ကြီးရှေ့တွင် ရပ်နေမိလေသည်။
သူ၏ ရုတ်တရက် ထွက်ပေါ်လာမှုက သဘာဝအတိုင်းပင် လူများစွာ၏ အာရုံစိုက်မှုကို ဆွဲဆောင်လိုက်သည်။
လူဆိုးဂိုဏ်းဝင်များက ဆေးလိပ်များကိုင်ပြီး မျက်ခွံများမှေးစင်းကာ ကြည့်လိုက်ကြသည်။ သူတို့၏ အကြည့်များက သိပ်ပြီး ဖော်ရွေမှုမရှိပေ။
ဘိလိယက်ခန်းမထဲတွင် သေးငယ်သော ဂီတဘားလေးတစ်ခု ရှိနေပြီး ထိုနေရာတွင် သာယာနာပျော်ဖွယ် သီချင်းတစ်ပုဒ် ဖွင့်ထားပြီး အေးစက်သည့် ရောင်စုံမီးများက လူတိုင်း၏ မျက်နှာပေါ်သို့ ကျရောက်နေသည်။
မာရှောင်တင်း ငိုချင်စိတ် ပေါက်သွားခဲ့သည်။
ငါက အထက်တန်းကျောင်းသားလေးပဲလေ…ဒီလိုလူကြီးလူဆိုးဂိုဏ်းအုပ်စုရှေ့မှာ ဘယ်လိုလုပ် လူကြီးတစ်ယောက်လို ဟန်ဆောင်ရဲမှာလဲ…
သူက မသိစိတ်မှ နောက်လှည့်ကြည့်လိုက်ပြီး အာခေါင်ခြောက်သည်အထိ မျိုချလိုက်သည်။ သူ့ခြေထောက်များက တုန်ယင်နေ၏။
... အခု ထွက်ပြေးလို့ ရသေးလား…
ပိုနီတေးကို ကပိုကရိုစည်းထားသော လူငယ်တစ်ယောက်က သူ့ဆေးလိပ်ကို ဖိချေလိုက်သည်။ ကောင်လေး၏ ထိတ်လန့်နေသည့်ပုံကို မြင်သောအခါ သူက လေချွန်လိုက်ပြီး ရယ်လိုက်သည်။
"မင်း နေရာမှား ရောက်လာပြီ… လူငယ်လေး… အင်တာနက်ကဖေးက ဒုတိယထပ်မှာ… ဒါက ကျောင်းသားကောင်းတွေ လာတဲ့နေရာ မဟုတ်ဘူး…"
မာရှောင်တင်းက သူ့ကို ပြန်မဖြေရဲပေ။ သူက စုန့်ယွီကို မကြာခဏ ပြန်ကြည့်ပြီး အကူအညီတောင်းနေခဲ့သည်။
စုန့်ယွီက သူ့ကို တစ်ချက်ကြည့်ပြီး ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။
"ဟုတ်လား…"
သူ တစ်လှမ်းရှေ့တိုးပြီး မာရှောင်တင်း၏ နေရာကို ဝင်ယူကာ လူအများအာရုံစိုက်ရာ ဗဟိုဖြစ်လာခဲ့သည်။
ဆယ်ကျော်သက်လေးက အရပ်ရှည်ရှည်နှင့် မတ်မတ်ရပ်နေပြီး အဖြူရောင်ရှပ်အင်္ကျီနှင့် အနက်ရောင်ဘောင်းဘီ ဝတ်ထားသည်။ သူ့ဆံပင်နှင့် မျက်လုံးဝိုင်းများက အညိုနုရောင်ဖြစ်ပြီး သူ့မျက်တောင်များက ကောက်ကွေးရှည်လျားသည်။ သူ့အသားအရည်က ဖြူဖျော့ပြီး ပထမတစ်ခေါက် ကြည့်လိုက်လျှင် နူးညံ့ပြီး အန္တရာယ်ကင်းမည့်ပုံရသည်။ သို့သော် သူ မျက်ခွံများကို အနည်းငယ် မြှင့်လိုက်သောအခါ သူ၏ ဒေါသနှင့် တစ်ဇွတ်ထိုးဆန်မှုများက မသိစိတ်မှ ပျံ့နှံ့ထွက်လာပြီး သူ့ကိုယ်ရောင်ကိုယ်ဝါ၏ အရှိန်အဟုန်က အလွန်အားကောင်းနေသည်။
"ကလေးလေး… မင်း အမေကို ရှာဖို့ လာတာလား…"
ပိုနီတေးကို ကပိုကရိုစည်းထားသော လူက သူတို့အဖွဲ့ကို သိပ်ပြီး ဂရုမစိုက်နေပေ။ သူက ကဲ့ရဲ့ရှုတ်ချရင်း သူ့ပါးစပ်ကို ဖွင့်လိုက်သည်။ စုန့်ယွီက သူ့ကို ဂရုစိုက်ရန် အလွန် ပျင်းနေသည်။ သူ ခေါင်းစောင်းပြီး မာရှောင်တင်းကို မေးလိုက်သည်။
"ကျူးကျစ်ရှင်း ဘယ်မှာလဲ…"
မာရှောင်တင်းက မှင်သက်နေဆဲပင်။
စုန့်ယွီက သူ့ကို ထပ်ပြောလိုက်သည်။
"ကျူးကျစ်ရှင်း ဘယ်မှာလဲ…"
မာရှောင်တင်းက သူ့လေသံထဲမှ အေးစက်မှုကို ကြားလိုက်ရသည်။ သူ တုန်ယင်သွားပြီး ခြေဖျားထောက်ကာ ပတ်ဝန်းကျင်ကို ကြည့်လိုက်သော်လည်း လူများက
အလွန်များနေပြီး ပတ်ဝန်းကျင်က အလွန်ဆူညံနေသည်။ သူ ခေါင်းကို အချိန်ကြာမြင့်စွာ ဆန့်ထုတ်ကြည့်လိုက်သော်လည်း ကျူးကျစ်ရှင်းကို ရှာမတွေ့ခဲ့ပေ။
ပိုနီတေးကို ကပိုကရိုစည်းထားသော လူက စုတ်သပ်လိုက်သည်။ သူ လျစ်လျူရှုခံရသည်နှင့် ပတ်သက်ပြီး အနည်းငယ် မကျေနပ်သောကြောင့် သူက ထရပ်ပြီး မျက်နှာပေါ်တွင် အပေါ်ယံအပြုံးတစ်ခု ပြုံးလိုက်သည်။
"မင်း ဒီမှာ မင်း အမေကို ရှာဖို့လာတာ မဟုတ်ရင် ပိုကောင်းတာပေါ့… မင်းရဲ့ အစ်ကိုကြီးက ငါရ မင်းကို ကူရှာပေးမယ်…"
သူ၏ ရာထူးက လူဆိုးဂိုဏ်းထဲတွင် အလွန်မြင့်ပုံရသည်။ သူ့ဘေးရှိ လူများက သူ့လုပ်ဆောင်ချက်များကို မြင်သောအခါ ပြဿနာမရှာရဲကြတော့ဘဲ ဆူညံနေသည့် ပတ်ဝန်းကျင်ပင် ခဏတာ ငြိမ်သက်သွားခဲ့သည်။
ပိုနီတေးကို ကပိုကရိုစည်းထားသော ထိုလူက အခန်းထဲသို့ အော်လိုက်သည်။
"ကျူးကျစ်ရှင်း… ဘယ်သူက ကျူးကျစ်ရှင်းလဲ… မြန်မြန် ထွက်လာစမ်း…တစ်ယောက်ယောက် မင်းကို ရှာဖို့ ရောက်နေပြီ…"
ဤအချိန်တွင် ဘိလိယက်စားပွဲပတ်ဝန်းကျင်ရှိ လူအုပ်ကြီးက ရုတ်တရက် လက်ခုပ်တီးသံများ၊ အော်ဟစ်အားပေးသံများနှင့် လေချွန်သံများဖြင့် ဆူညံသွားခဲ့သည်။ ရိုက်ခတ်သံက ကြည်လင်ပြီး သာယာနာပျော်ဖွယ်ကောင်းကာ လှပသော လှုပ်ရှားမှုတစ်ခုကို ယခုမှသာ စတင်ကစားလိုက်ပုံရ၏။
ပိုနီတေးကို ကပိုကရိုစည်းထားသော လူ၏ အသံက ဆူညံသံများ၏အကြားတွင် အလွန်ရှင်းလင်းနေခဲ့သည်။
စားပွဲနားရှိ လူအချို့က သူ့အသံကို ကြားသောအခါ တံခါးသို့ လှည့်ကြည့်လိုက်ကြသည်။ သူတို့ကြားတွင် နေရာလွတ်လေး အနည်းငယ်ရှိနေပြီး စားပွဲပေါ်ရှိ နောက်ဆုံး အနက်ရောင်ဘောလုံးက စိမ်းပြာရောင်စားပွဲပေါ်တွင် မတည်မငြိမ် လှုပ်ရှားနေပြီး ထောင့်က အပေါက်ဆီသို့ လိမ့်သွားနေသည်အား ဖော်ပြနေခဲ့သည်။
မာရှောင်တင်း၏ မျက်စိအမြင်က အဆုံးတွင် ပြန်ပြီး ရှင်းလင်းလာခဲ့သည်။ သူက
အတွင်းဘက်ဆုံးထောင့်တွင် ရပ်နေသော အရပ်ပုပု ပိန်ပိန်ကောင်လေးကို လက်ညှိုးထိုးပြလိုက်သည်။
"ယွီကော…အဲ့ဒီကောင်က ကျူးကျစ်ရှင်းပဲ…”
နာမည်ခေါ်ခံလိုက်ရသည့် ကျူးကျစ်ရှင်းက မျက်မှောင်ကြုတ်ပြီး မျက်လုံးပြူးကာ သူတို့ကို ကြည့်လိုက်သည်။ မာရှောင်တင်း ဖြစ်နေသည်ကို မြင်သောအခါ သူ့မျက်နှာအမူအရာက အလွန်အမင်း ထူးဆန်းသွားခဲ့သည်။
ဒုန်း…
အနက်ရောင်ဘောလုံးက အိတ်ထဲသို့ ကျသွားခဲ့သည်။
ဂိမ်းပြီးသွားပြီဖြစ်သည်။
ဘိလိယက်စားပွဲ၏ ရှေ့တွင် အသက်နှစ်ဆယ်အရွယ်ခန့် ရှိပုံပေါ်သည့် အကွက်ပုံစံရှပ်အင်္ကျီဝတ်ထားသည့် အမျိုးသားတစ်ယောက်က မတ်မတ်ရပ်လိုက်ပြီး တုတ်ကို ဖြည်းဖြည်းချင်း သုတ်လိုက်သည်။
ပိုနီတေးကို ကပိုကရိုစည်းထားသော လူက လက်ခုပ်တီးပြီး ရှေ့သို့ လျှောက်သွားလိုက်သည်။
"လောင်ချန်…ဒီ သူငယ်ချင်းလေးအုပ်စုက ဒီကို လူရှာဖို့ လာကြတာလား… မင်း သူတို့ကို သူတို့ရှာနေတဲ့သူကို မြန်မြန် ရှာပေးလိုက်ပါလား…ဒီသူငယ်ချင်းလေးတွေက စောင့်ရင်းနဲ့ စိတ်အရမ်းပူနေရင် နှာရည်ကျနေလိမ့်မယ်…"
ရှပ်အင်္ကျီ ဝတ်ထားသည့် အမျိုးသားက မျက်ရစ်တစ်ထပ်၊ ပါးလွှာသော နှုတ်ခမ်းနှင့် နှာခေါင်းကွင်းတစ်ခု ပါရှိသည်။ သူ့တစ်ကိုယ်လုံးက ဒေါသထွက်အောင်လုပ်ရန် မသင့်တော်သော ပုံစံရှိပြီး သူ့စကားများကလည်း အလွန်ပြတ်သားသည်။ သူက တစ်ချက်ကြည့်လိုက်သည်။
"ဖာ့ခ်… လူရှာနေတာဟုတ်လား… သူတို့ကို ထွက်သွားခိုင်းလိုက်…"
ပိုနီတေးကို ကပိုကရိုစည်းထားသော လူက ဤသည်ကို မျှော်လင့်ထားပြီးသား ဖြစ်သောကြောင့် ရယ်လိုက်သည်။
"ကျွတ်… မင်းက တကယ်ကို စိတ်ဝင်စားစရာမကောင်းဘူး…သူတို့ ရောက်နှင့်ပြီးပြီဆိုတော့ သူတို့ကို နေပြီး နည်းနည်း ဆော့ခိုင်းလိုက်ပါလား…"
မာရှောင်တင်းက ရန်သူကို မြင်လျှင် စိတ်လှုပ်ရှားတတ်သော ပုံစံမျိုးဖြစ်သည်။ သူက အပြေးအလွှားသွားပြီး ကျူးကျစ်ရှင်းကို လူအုပ်ထဲမှ ဆွဲထုတ်ပြီး ရိုက်နှက်ချင်စိတ် ပေါက်နေခဲ့သည်။
မာရှောင်တင်းက ကြောက်ရမည့်အရာကိုပင် မေ့သွားခဲ့ပြီး စုန့်ယွီကို ပြောလိုက်သည်။
"ယွီကော… ဒီမြေးပဲ… သူက မင်းနဲ့ ရှဲ့ဆွေ့ကို ဆဲဆိုခဲ့တာ…ပြီးတော့ အဲ့ဒီလို ယုတ်မာပြီး ရွံစရာကောင်းတဲ့ အကြံအစည်တွေကို ထုတ်ခဲ့တာလည်း သူပဲ…"
{T/N: grandson(မြေး) : စော်ကားတဲ့စကားလုံး။ မင်း တစ်ယောက်ယောက်ကို လေးစားမှုနဲ့ 'အဖေ' လို့ ခေါ်ရင်၊ တစ်ယောက်ယောက်ရဲ့ 'သား' ဖြစ်တာက မင်းက ယုတ်ညံ့တယ်/ နိမ့်ကျတယ်ဆိုတဲ့ သဘောပါ။ 'မြေး' ဆိုတာက အဲ့ဒီထက် တစ်ဆင့်ကျော်ပိုနိမ့်တယ်။}
ကျူးကျစ်ရှင်းက ရှပ်အင်္ကျီ ဝတ်ထားသည့် လူနှင့် ဆင်တူသော လူငယ်တစ်ယောက်၏ နောက်တွင် လိုက်နေခြင်းပင်ဖြစ်သည်။ သူက မာရှောင်တင်းကို ပြင်းပြင်းထန်ထန် မျက်မှောင်ကြုတ်ကြည့်ပြီးနောက် ခြေဖျားထောက်ကာ လူငယ်၏ နားနားသို့ ကပ်ပြောလိုက်သည်။
လူငယ်က ကျောင်းဝတ်စုံ ဝတ်ထားပြီး သူ့ဆံပင်က အမျိုးမျိုးသော အရောင်များကို ဆိုးထားသည်။ သူက ကျင်းချန် အမှတ် (၁) အထက်တန်းကျောင်း၏ ဒုတိယနှစ် ကျောင်းလူမိုက်ဖြစ်ရန် အလားအလာများသည်။
ကျူးကျစ်ရှင်းက အလွန်ကို ယုတ်မာသော ပုံစံနှင့် ကြီးပြင်းလာပြီး သူက မာရှောင်တင်းကို ကြည့်သောအခါ သူ့အကြည့်က မြွေတစ်ကောင်ကဲ့သို့ ကောက်ကျစ်စဉ်းလဲသည်။
ချန်ကျစ်ကျယ်က မျက်ခုံးပင့်လိုက်သည်။ သူ့အကြည့်က မာရှောင်တင်း အပေါ်တွင် မထီမဲ့မြင် ကြည့်နေပြီး မေးလိုက်သည်။
"ဒီလူက မင်းကို ဒုက္ခပေးနေတဲ့သူလား…"
ကျူးကျစ်ရှင်းက ချက်ချင်းပင် စုပ်သပ်လိုက်ပြီး မီးထဲသို့ လောင်စာပစ်ထည့်လိုက်သည်။
"အဲ့ဒါ သူပဲ…ဒီကလေးက အလယ်တန်းတုန်းက ကျွန်တော်တို့ရဲ့ ဆူးပင်တစ်ပင်လိုပဲ… သူက ဥပဒေမဲ့ပြီး ဆိုးသွမ်းတယ်… သူက ကျင်းချန် အမှတ် (၁) အထက်တန်းကျောင်း ကို ဝင်ပြီးရင် ကျောင်းလူမိုက်နေရာကို ယူမယ်လို့တောင် ပြောသေးတယ်…"
ချန်ကျစ်ကျယ်က လှောင်ပြောင်လိုက်သည်။ သူ့မျက်လုံးထဲက မထီမဲ့မြင်ပြုမှုများက တကယ်ပင် လျှံကျနေသည်။
"သူ့ကိုယ်သူ ဘာထင်နေတာလဲ…"
သူက ရှပ်အင်္ကျီ ဝတ်ထားသည့်လူထံ လျှောက်သွားပြီး ပြောလိုက်သည်။
"အစ်ကိုကြီး… သူတို့ကို အပြင်ကို မောင်းထုတ်ဖို့ အလျင်စလို မလုပ်ပါနဲ့ဦး… ဒီလူတွေက ကျွန်တော့်ရဲ့ ကျောင်းနေဖက်တွေပါ…"
သူ့အကြည့်က သူတို့အုပ်စုပေါ်သို့ ကျရောက်သွားပြီး သူ့နှုတ်ခမ်းထောင့်များတွင် ဆိုးသွမ်းသော အပြုံးတစ်ခု ပေါ်လာခဲ့သည်။
"သူတို့က ရန်ဖြစ်ဖို့ ရောက်လာတာ… သူတို့ ဝင်လာပြီးပြီဆိုတော့ ထွက်သွားဖို့ ဘယ်လွယ်တော့မလဲ…"
အခန်းထဲရှိ ပတ်ဝန်းကျင်က ချက်ချင်းဆိုသလို အေးခဲသည့် အမှတ်သို့ ကျရောက်သွားခဲ့သည်။
ပိုနီတေးကို ကပိုကရိုစည်းထားသော လူက နောက်ကလိုက်ပြီး မြှောက်ပေးလိုက်သည်။
"လောင်ချန်…မင်းမြင်လား… မင်းရဲ့ ညီလေးက မင်းထက် ဘာလုပ်သင့်တယ်ဆိုတာ ပိုပြီး ရှင်းရှင်းလင်းလင်း သိတယ်…"
လူဆိုးများအားလုံးက ရယ်ပြီး လှောင်ပြောင်ကြလေသည်။
"ရန်ဖြစ်ဖို့ လာတဲ့ ကျောင်းသားတွေလား…"
"ဟားဟားဟားဟားဟား သူတို့ ဒီကို တကယ် လာတာပဲ…"
"သူတို့က နောက်စရာအဖြစ် ရောက်လာတာ ထင်တယ်…"
"ငါ တံခါးအရင်ပိတ်လိုက်မယ်…”
တံခါးနားတွင် ထိုင်နေသည့် လူဆိုးတစ်ယောက်က ဝမ်းသာအားရ ရယ်လိုက်သည်။ သူက သူ့ဆေးလိပ်ကို ခြေထောက်နှင့် နင်းချေလိုက်ပြီး တံခါးကို ကန်ပိတ်လိုက်သည်။ ထို့နောက် ထိုနေရာတွင် ရပ်ပြီး ပြောလိုက်သည်။
"ကလေးလေးတွေ… ဒီနေ့ အရမ်းမြန်မြန် မပြန်ကြပါနဲ့ဦး…"
မာရှောင်တင်း၏ ညီလေးများက ချက်ချင်းပင် ဖြူဖျော့သွားကြသည်။
အဆုံးတွင် သူတို့က ဆယ့်ငါးနှစ်အရွယ် အထက်တန်းကျောင်းသားလေးများသာဖြစ်ပြီး သူတို့၏ ဆင်စွယ်မျှော်စင် (ivory tower) မှ ယခုထိ မထွက်ရသေးပေ။
[ အပြင်လောကကြီးအကြောင်း မသိသေးတဲ့ ကလေးတွေလို့ ဆိုလိုချင်တာပါ ]
သူတို့ ဤလူများနှင့် ရင်ဆိုင်ရသောအခါ မသိစိတ်မှ ကြောက်လန့်နေခဲ့ကြသည်။ ယခု ဤအခြေအနေကို ရောက်လာသောအခါ သူတို့က မှင်သက်ပြီး ရပ်နေခဲ့ကြသည်။
ပိုနီတေးကို ကပိုကရိုစည်းထားသော လူက မြေခွေးကဲ့သို့ ပြုံးနေပြီး သူ့မျက်နှာအမူအရာက ဆိုးသွမ်းနေသည်။
ရှပ်အင်္ကျီ ဝတ်ထားသည့်လူ၏ မျက်လုံးသေးသေးလေးများက ဖြည်းဖြည်းချင်း ကျဉ်းမြောင်းသွားခဲ့သည်။
ချန်ကျစ်ကျယ်က ဆက်ပြောနေဆဲပင်။
"မင်းတို့ ဒီနေရာအထိ လိုက်လာတာ…. မင်းတို့ တကယ်ပဲ ငါတို့နဲ့ ဖော်ရွေတဲ့ တိုက်ပွဲတစ်ခု လုပ်ချင်ပုံရတယ်… မင်းတို့ ကျူးကျစ်ရှင်းကို ရှာနေတာလို့ ငါ ကြားတယ်…"
မာရှောင်တင်းက အံကြိတ်ပြီး အကုန်ထုတ်ပြောလိုက်သည်။
ဒီအခြေအနေမှ ငါ ကြောက်သလိုဟန်ဆောင်ရင်တောင် နောက်ကျသွားပြီ…
တာဝန်ယူစိတ်ဟူသည့် အသိစိတ်ကို ခံစားနေရသည့် မာရှောင်တင်းက သူ့အတွင်းစိတ်တွင် ကြောက်ရွံ့နေသော်လည်း ခက်ထန်သော ဟန်ဆောင်မှုတစ်ခုကို ပြလိုက်သည်။
"ဟုတ်တယ်…ကျူးကျစ်ရှင်းနဲ့ ငါက ပုဂ္ဂိုလ်ရေး ရန်ငြိုးရှိတယ်… သူ့ကို ငါတို့ကို ပေးလိုက်ရင် ငါတို့ ချက်ချင်း ထွက်သွားမယ်…"
စုန့်ယွီ: "......"
ဒီအရူးကတော့…
ခဏအကြာတွင် သူတို့ အခန်းထဲရှိ လူတိုင်း၏ ထိန်းချုပ်မရသည့် လှောင်ပြောင်မှုများကို မမျှော်လင့်ဘဲ ခံယူလိုက်ရသည်။
ပိုနီတေးကို ကပိုကရိုစည်းထားသော လူက ဘိလိယက်စားပွဲကို ကိုင်ပြီး သူ့မျက်လုံးထောင့်ကို ပွတ်ရင်း ပုံကြီးချဲ့စွာ ရယ်လိုက်သည်။
"လူငယ်လေး… မင်း အခြေအနေကို ခုထိ နားမလည်သေးဘူးပဲ…ဒါက မင်း ထွက်သွားမလား… မထွက်သွားဘူးလားဆိုတဲ့ မေးခွန်းမဟုတ်ဘူး… မင်းနဲ့ မင်းရဲ့ ညီလေးတွေ ထွက်သွားနိုင်လောက်လား… မထွက်နိုင်လောက်ဘူးလားဆိုတဲ့ မေးခွန်းပဲ…"
မာရှောင်တင်းက ယခုတွင် တကယ် ကြောက်နေပြီဖြစ်သည်။ သူ သူ၏ အစပိုင်းက အပြုအမူများကို တကယ်ပင် နောင်တရနေသည်။
ငါ ဘာလို့ ယွီကောကို ဒီကိစ္စထဲ ဆွဲထည့်ခဲ့တာလဲ…
သူ့လက်ဖဝါးများက ချွေးစို့နေပြီး သူ့အသံက တုန်ယင်နေသည်။
"ငါ..."
ချန်ကျစ်ကျယ်သည်လည်း ရယ်နေသည်။ သို့သော် သူ့ရယ်သံက ဤမျှလောက် ပုံကြီးချဲ့မနေပေ။
သူက ပြောလိုက်သည်။
"ဒီလိုဆိုရင် ဘယ်လိုလဲ… နောက်ဆုံးမှာတော့ မင်းက ငါ့ရဲ့ တစ်ကျောင်းတည်းသားချင်းပဲ… ငါ မင်းကို အရှက်ခွဲမှာ မဟုတ်ဘူး… ဒီည ဂိမ်းတစ်ပွဲ ဆော့ကြမယ်လေ…"
"မင်း ငါ့ကို နိုင်ရင် မင်းကို သွားခွင့်ပြုမယ်… ကျူးကျစ်ရှင်းကိုလည်း မင်းကို ပေးလိုက်မယ်… မင်း ရှုံးရင် တနင်္လာနေ့ ကျောင်းမှာ အလံတင်အခမ်းအနားလုပ်တဲ့အခါ နိုင်ငံတော်အလံအောက်မှာ ထွက်ပြေးပြီး ခွေးဟောင်တာကို သင်ယူလိုက်… ဘယ်လိုလဲ…"
စုန့်ယွီက ဆက်မကြည့်နိုင်တော့ပေ။ သူက မာရှောင်တင်းကို ဆွဲချပြီး ကိုယ်တိုင် ရှေ့တက်ချင်ခဲ့သည်။ သို့သော် သူ့ပခုံးပေါ်တွင် လက်တစ်ဖက် ရုတ်တရက် ကျရောက်လာခဲ့သည်။
ဒါက ရှဲ့ဆွေ့ရဲ့ လက်ပဲ…
စုန့်ယွီက အံ့ဩသွားပြီး ခေါင်းစောင်းလိုက်သည်။
ရှဲ့ဆွေ့၏ မျက်နှာအမူအရာက မပြောင်းမလဲရှိနေပြီး သူ၏ သိမ်မွေ့သော မျက်နှာသွင်ပြင်များက အေးစက်သည့် မီးရောင်အောက်တွင် ဝေးကွာပြီး ကမ္ဘာနှင့် အဆက်အသွယ် ပြတ်နေသကဲ့သို့ပင်။
အလံတင်အခမ်းအနားမှာ ခွေးဟောင်တာကို သင်ယူရမယ်တဲ့…
ဒါက ကျောင်းတစ်ကျောင်းလုံးရှေ့မှာ သူ့ဂုဏ်သိက္ခာကို ကြမ်းပြင်ကို သုတ်လိုက်သလို ဖြစ်နေလိမ့်မယ်… မာရှောင်တင်းကလည်း အလယ်တန်းတုန်းက အဓိက နာမည်ကြီးတဲ့ လူတစ်ယောက်လေ…
ဆယ့်ငါးနှစ်အရွယ် လူငယ်လေးတစ်ယောက်အတွက် ဤသည်က အလွန်ကြီးမားသော စော်ကားမှုဖြစ်သည်။
မာရှောင်တင်း၏ မျက်နှာက နီရဲသွားပြီး သူ့လက်သီးများကိုကို ကျစ်ကျစ်ပါအောင် ဆုပ်ထားခဲ့သည်။ သူ၏ မဆင်မခြင် ပြုမူခဲ့ခြင်းက အခြားသူများကိုပါ ဤအခြေအနေအထိ ဆွဲခေါ်ခဲ့သောကြောင့် သူ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်နေခဲ့သည်။ သူက အံကြိတ်ပြီး မျက်မှောင်ကြုတ်ကာ ကြည့်လိုက်သည်။
"ဘာဂိမ်းလဲ.."
ချန်ကျစ်ကျယ်က ရှပ်အင်္ကျီ ဝတ်ထားသည့် လူကို ပြောလိုက်သည်။
"အစ်ကိုကြီး… မင်းရဲ့နေရာကို ကျွန်တော့်ကို ငှားပါဦး…"
ရှပ်အင်္ကျီ ဝတ်ထားသည့် လူအတွက်မူကား သူတို့ ရန်ဖြစ်သည်ကို ကြည့်ရခြင်းက မူလတန်းကျောင်းသားများ ရန်ဖြစ်သည်ကို ကြည့်ရသကဲ့သို့ပင်ဖြစ်နေ၏။ သူက လက်ပိုက်ပြီး ခြေတစ်လှမ်းနောက်ဆုတ်ကာ သူ့မေးစေ့ကို မော့လိုက်သည်။
"သုံးလိုက်…"
ချန်ကျစ်ကျယ်က သူ့ကျောင်းဝတ်စုံ ဂျာကင်ကို ချွတ်လိုက်သည်။ တုတ်တစ်ချောင်းကို ကောက်ကိုင်လိုက်ပြီးနောက် မာရှောင်တင်းကို မဲ့ပြုံးပြုံးပြလိုက်လေသည်။
"မင်း စနူကာ (Snooker)… ဆော့တတ်လား…"
အခန်းထဲက လူဆိုးများအားလုံးက ပြဇာတ်ကြည့်နေသကဲ့သို့ပင်။ ဤဘိလိယက်ခန်းမကို ချန်ကျစ်ကျယ်၏ အစ်ကိုကြီးက ဖွင့်ထားသည်။ ထို့နောက် ချန်ကျစ်ကျယ်က သူ့ဩဇာလွှမ်းမိုးမှုအောက်တွင် ဘိလိယက်ကို ကစားတတ်အောင် သင်ယူခဲ့သည်။ သူက မြင့်မားသောအဆင့် ကစားသမားတစ်ယောက်ဟု မယူဆနိုင်သော်လည်း စတင်ကစားသူများကို အနိုင်ကျင့်ရန် လုံလောက်သည့် ကျွမ်းကျင်မှု ရှိသည်။ ဤသည်က ရှင်းရှင်းလင်းလင်းပင် မမျှတသော ပြိုင်ဆိုင်မှုတစ်ခုဖြစ်သော်လည်း ကံမကောင်းသည့် ကောင်လေးမူကား သူ ဆော့တတ်သည်ဖြစ်စေ၊ မဆော့တတ်သည်ဖြစ်စေ ဆော့ရလိမ့်မည်ဖြစ်သည်။
🌹🌹🌹