Ch 21
Viewers 5k

🌹Chapter 21

ကျူးကျစ်ရှင်း



ဖိုရမ်များပေါ်ရှိ ‘နတ်ဘုရားရှဲ့’နှင့် ’ယွီကော’ ဆိုသည့် စကားလုံးနှစ်လုံးစလုံးက သွေးစွန်းသည့် မိုးများကို ဖြစ်ပေါ်စေနိုင်သည်။ မူလက စုန့်ယွီ၏ ရုပ်ရည်ကို ကြည့်ခြင်းအားဖြင့် သူ့ပုံများက ယခုဆိုလျှင် တင်ပြီးသား ဖြစ်နိုင်သည်။ သို့သော် ဝမ်စစ်နှင့် ဖြစ်ခဲ့သော ကိစ္စများကြောင့် အတန်း(၁)မှ  ကောင်မလေးများက ပုံများ ပို့ရဲကြမည် မဟုတ်ပေ။ သို့တိုင်အောင် သူတို့၏ လက်များက တကယ်ပင်ယားနေပြီး သူတို့အတန်းထဲတွင် နတ်ဘုရားရှဲ့ ရှိနေသည့်အပြင် နောက်ထပ် ချောမောသည့် ကောင်လေးတစ်ယောက် ရှိနေသည်ကို လူတိုင်းအား တကယ်ပင် ပြောပြချင်နေကြသည်။ ထို့နောက် သူတို့နှစ်ယောက်က စားပွဲခုံတစ်ခုတည်းကို အတူတူအသုံးပြုကြသေးသည်။


စုန့်ယွီက ဖိုရမ်ပေါ်ရှိ ဓာတ်ပုံများကို သိမ်းပြီး ရှဲ့ဆွေ့ထံသို့ ပို့လိုက်သည်။ သူက ယခုလေးတင်မှ ရေချိုးပြီးခါစဖြစ်ပြီး သူ့မျက်ခွံများက ပျင်းရိစွာ ကျနေပြီး သူ့မျက်တောင်များသည်လည်း စိုနေဆဲပင်။ သူက အထူးသဖြင့် ယဉ်ကျေးသိမ်မွေ့သောပုံ ပေါ်နေသည်။


[ စုန့်ယွီ: ကြည့်ပါဦး… ဒါ မင်းပဲ… ]


ရှဲ့ဆွေ့က သူ့စိတ်ကို သန့်စင်ပြီး သူ့ဆန္ဒများကို ကန့်သတ်ထားမည်ဆိုလျှင်ပင် သူ့ကိုယ်သူ တကယ့် အထက်တန်းကျောင်းသားတစ်ယောက်ဟု မမှတ်ယူနိုင်သေးပေ။ သူက ရှုရှီးအန်း ပေးခဲ့သော ပိုက်ဆံများကို သုံး၍ လျှို့ဝှက်အထောက်အထားဖြင့် သူ့လက်အောက်ခံများနှင့် ဆက်သွယ်ခဲ့သည်။ လက်ရှိအချိန်တွင် ချွီရုန်ဆိုသူကို အလုပ်ဖြုတ်ထားပြီး ထိုသူ့အမေကလည်း ဆိုးဆိုးရွားရွား ဖျားနေသည်။


သူ သူ့ခုတင်ကို မှီရင်း သူ့မျက်ခုံးများက အေးစက်နေသည်။ သူ့လက်ချောင်းရှည်များက ကီးဘုတ်ပေါ်တွင် လျင်မြန်စွာ ကခုန်နေသည်။


စုန့်ယွီ၏ မက်ဆေ့ခ်ျရောက်လာသောအခါ…


ချွီရုန်က သူ့နှင့် ညှိနှိုင်းမှုများတွင် ယခုမှ လုံးဝ ရှုံးနိမ့်သွားခဲ့သည်။ သူ့ဘဝက အကြီးအကျယ် ပြိုလဲလုစဲစဲအချိန်တွင် မိုးပေါ်မှ ပြုတ်ကျလာသည့် ဤလူက သူ့ကို ဆုပ်ကိုင်နိုင်သည့် တစ်ခုတည်းသော အခွင့်အရေးကို ပေးခဲ့သည်။

"ကောင်းပြီ…ငါ့ကို အခု ၃၀၀,၀၀၀ ပေးပါ… ငါ ငါ့ကိုယ်ပိုင်ဂုဏ်သိက္ခာကို ချိုးဖျက်ပြီး ရှဲ့မိသားစုဆီ ပြန်သွားမယ်…"


ရှဲ့ဆွေ့က သူ့ဖုန်းကို ငုံ့ကြည့်လိုက်သည်။


 ဒါက စုန့်ယွီဆီက မက်ဆေ့ခ်ျပဲ…


သူ့အကြည့်ကို အောက်ချလိုက်သည်။ သူ့နှုတ်ခမ်းထောင့်များက ကွေးညွှတ်သွားပြီး ကွန်ပျူတာပေါ်တွင် ရိုက်လိုက်သည်။

"ပျော်ရွှင်စရာကောင်းတဲ့ ပူးပေါင်းဆောင်ရွက်မှုပါ…" 


သူက ချွီရုန်ကို ဂရုစိုက်တော့ဘဲ သူ့ဖုန်းကို ကောက်ကိုင်လိုက်သည်။


သူ ဖွင့်ကြည့်လိုက်သောအခါ သူ၏ ပုံနှစ်ပုံ ဖြစ်နေသည်ကို တွေ့လိုက်ရသည်။ စုန့်ယွီက မက်ဆေ့ခ်ျများ ဆက်ပို့နေဆဲပင်။


[ စုန့်ယွီ: နတ်ဘုရားရှဲ့… မင်းသိလား... ဖိုရမ်တွေမှာ မင်းရဲ့မိန်းကလေးပရိသတ်တွေ ရေတွက်လို့မရအောင် ရှိတယ်ဆိုတာ… ]


[ စုန့်ယွီ: မင်းကို ကြိုက်တဲ့သူတွေ အများကြီးပဲ… ]


ဤစကားများအားလုံးကို သူ ရှဲ့ဆွေ့အတွက် ရိုးသားစွာနှင့် ပျော်ရွှင်သဖြင့် ပြောခဲ့ခြင်းဖြစ်သည်။


မင်းတွေ့လား…မင်းရဲ့ကမ္ဘာကို လင်းလက်စေဖို့ အဲ့ဒီလူမိုက်တွေရဲ့ ဟန်ဆောင်မှုတွေကို မလိုပါဘူး… မင်းကို အရူးအမူး ကြိုက်တဲ့သူတွေ အများကြီး ရှိပါတယ်… သူတို့အတွက် မင်းက သူတို့မျက်လုံးတွေကို လင်းစေတဲ့ တောက်ပမှုပါပဲ…


ရှဲ့ဆွေ့၏ လက်ချောင်းများက ရပ်တန့်သွားခဲ့သည်။ အဘယ်ကြောင့်မှန်း သူ မသိသော်လည်း ထိုညက ပူရှိန်းရနံ့နှင့် ပွေ့ဖက်မှုကို သူ သတိရလိုက်သည်။


နက်ရှိုင်းတဲ့ လမ်းကျဉ်း… အဲ့ဒီ နံရံမြင့်ကြီး… ပြီးတော့ သင်္ချာစာအုပ်နဲ့ ဆယ်ကျော်သက်လေး…


သန့်ရှင်းပြီး ချိုမြိန်ပေမယ့် နည်းနည်းလေးတော့ စပ်တယ်…


ဤသို့ဖြင့် နမ်းခြင်းက မည်သို့ ဖြစ်လိမ့်မည်ဆိုသည်ကို သူ မတွေးဘဲ မနေနိုင်ခဲ့ပေ။


ရှဲ့ဆွေ့ ပြုံးလိုက်သည်။


ထို့နောက် သူ ပြန်ဖြေလိုက်သည်။ သို့သော် စကားလုံးတစ်လုံးတည်းနှင့် တိုတိုလေးသာ ဖြစ်သည်။


[ ရှဲ့ဆွေ့: အင်း… ]


[ စုန့်ယွီ: ဘာကို 'အင်း' လဲ… မင်းက အရမ်း အေးစက်တာပဲ…မင်းရဲ့ မိန်းကလေးပရိသတ်တွေ ဘယ်လိုဖွင့်ပြောနေကြလဲဆိုတာ ကြည့်လို့ရအောင် ဖိုရမ်လိပ်စာ ပို့ပေးမယ်… ]


[ ရှဲ့ဆွေ့: မင်းရော…]


[ စုန့်ယွီ: ??? ငါက ဘာဖြစ်လဲ… ]


ရှဲ့ဆွေ့၏ မျက်တောင်များးက အနည်းငယ် တုန်ယင်သွားသည်။ သူ့မျက်ဝန်းနက်များထဲတွင် အပြုံးတစ်စွန်းတစ်စ ရှိနေသည်။


[ ရှဲ့ဆွေ့: ငါ့ကို ကြိုက်တဲ့သူတွေ အများကြီးပဲ… ] 


မင်းရော… မင်း ငါ့ကို ကြိုက်လား…


သို့သော်လည်း အဆုံးတွင် စုန့်ယွီက ဖိုရမ်များပေါ်တွင် 'မင်း ဒီလိုတွေးချင်ရင် ငါ ဘာမှမတတ်နိုင်ဘူး' ဆိုသည့် ပုံစံမျိုးနှင့် အဖြောင့်ယောက်ျားစစ်စစ်တစ်ယောက်ဖြစ်သောကြောင့် သူ၏ ထုတ်ပြန်ချက်ကို လုံးဝ ကွဲပြားစွာ အဓိပ္ပာယ်ဖွင့်ဆိုလိုက်သည်။


[ စုန့်ယွီ: ??? ဘာကိုဆိုလိုတာလဲ…မင်း စပြီး ကြွားတော့မလို့လား…]


[ စုန့်ယွီ: ငါ့ကို ကြိုက်တဲ့သူတွေလည်း အများကြီး ရှိတယ်…မင်း သွားကြည့်လိုက်…ငါ့နာမည်က နေရာတိုင်းမှာ သွေးစွန်းတဲ့မိုးနဲ့ ဝိုင်းရံထားတာ… ]


[ စုန့်ယွီ: မင်းလိုပဲ ငါ့မှာလည်း မိန်းကလေးပရိသတ်တွေ အများကြီး ရှိတယ်…]


ရှဲ့ဆွေ့: "......"


[ ရှဲ့ဆွေ့: ဪ…]


စုန့်ယွီက မျက်မှောင်ကြုတ်ပြီး စိုးရိမ်စပြုလာခဲ့သည်။ သူက ကြွားဝါစက်တစ်ခုကဲ့သို့ စတင် ပြုမူတော့သည်။


[ စုန့်ယွီ: ငါ ဘာလို့ မင်းကို လိမ်ရမှာလဲ… မင်း စောင့်နေဦး… ငါ လိပ်စာပို့ပေးမယ်… ]


[ စုန့်ယွီ: URL မျှဝေသည်…]


[ စုန့်ယွီ: သွားကြည့်လိုက်…]


ရှဲ့ဆွေ့ နှိပ်ဝင်လိုက်သည်။


[ နတ်ဘုရားရှဲ့ကို လျှာဖျားနဲ့ ချီးမွမ်းတဲ့ thread သီးသန့်ရှိနေတာ ဘာလို့ ငါတို့ ယွီကောအတွက်ကျ မရှိတာလဲ… ယွီကောရဲ့ မိန်းကလေးပရိသတ်တွေ၊ လာပြီး စာရင်းသွင်းကြပါ…. ]


1L: စာရင်းသွင်း…


2L: စာရင်းသွင်း…


3L: စာရင်းသွင်း…


5L: ယွီကောကို ရုပ်ဆိုးတဲ့လူလို့ ပြောတာ လက်မခံနိုင်ဘူး…


6L: လက်မခံနိုင်ဘူး… +၁


……


71L : ဘာကြောင့်မှန်းတော့ မသိဘူး… ဒါပေမဲ့ ယွီကောလို ပေါ့ပေါ့ပါးပါးနဲ့ တောဆန်တဲ့ ဆယ်ကျော်သက်မျိုးက တကယ်တော့ လက်တွေ့ဘဝမှာ အရမ်းချစ်စရာကောင်းတယ်လို့ အမြဲခံစားရတယ်… ဟီးဟီး…


သူ့အကြည့်က ဤပို့စ်ပေါ်သို့ ရောက်သွားခဲ့သည်။


ရှဲ့ဆွေ့၏ နှုတ်ခမ်းတွင် အပြုံးတစ်ခုအဖြစ် ကွေးညွှတ်သွားခဲ့သည်။


သူက တကယ်ပဲ အရမ်းချစ်စရာကောင်းတယ်…


နောက်တစ်နေ့နံနက်တွင် စုန့်ယွီ နိုးလာသောအခါ ဒေါ်လေးပိုင်က နို့များ ထည့်နေပြီဖြစ်သည်။


စားပွဲပေါ်တွင် ဆန်းဒ်ဝစ် (sandwich)၊ ကြက်ဥ၊ ဆန်ပြုတ်နှင့် ပေါက်စီကြော်များ အပြည့်ရှိနေသည်။


စုန့်ယွီ ထိတ်လန့်သွားသည်။

"ဒါက အရမ်းများတယ်… ကျွန်တော် သေချာပေါက် ကုန်အောင် စားနိုင်မှာမဟုတ်ဘူး…"


ဒေါ်လေးပိုင်က သူ့လက်များကို သုတ်ပြီး ရယ်လိုက်သည်။

"ဒါက မင်းအတွက် မနက်စာ လုပ်ပေးဖူးတာ ပထမဆုံးအကြိမ်ပဲ… မင်း ဘာစားရတာ ကြိုက်တယ်ဆိုတာ မသိတော့ နည်းနည်း ပိုပြင်ဆင်လိုက်တာ…"


စုန့်ယွီ: "ကျေးဇူးတင်ပါတယ် ဒေါ်လေးပိုင်… ဒါပေမဲ့ နောင်ကျရင် နို့နဲ့ ပေါင်မုန့်လောက်ဆို လုံလောက်ပါတယ်…"


ကျောင်းနှစ်သစ်အတွက် အခမ်းအနားကို ထိုနေ့ညနေပိုင်းတွင် ကျင်းပခဲ့သည်။


စုန့်ယွီတွင် တစ်နေ့လုံး ဘာအစီအစဉ်မျှ မရှိပေ။ ယနေ့တွင် ကျောင်းသားအများစုက နေ့စဉ်သုံးပစ္စည်းများ ဝယ်ရန် အပြင်ထွက်ကြလိမ့်မည်ဖြစ်သည်။ သို့သော် သူ့အတွက် အဖွားမုန့်က အားလုံးကို ကြိုတင်စီစဉ်ထားပြီးသားဖြစ်၍ သူ ဘာမျှ လုပ်စရာမရှိပေ။


သူ ပေါင်မုန့်ကို ကိုက်ရင်း သူ့ဖုန်းကို ကြည့်လိုက်သည်။ စုန့်ယွီ၏ QQ တွင် သူငယ်ချင်း အနည်းငယ်သာ ရှိသည်။


မာရှောင်တင်း၏ မှောင်မိုက်နေသည့် ဆာဒါကို (Sadako) ပရိုဖိုင်ပုံက သူ မက်ဆေ့ခ်ျပို့လိုက်သောအခါ ထူးခြားစွာ ပေါ်လွင်နေပြီး သူ့နာမည်ကို ထိပ်ဆုံးသို့ တွန်းပို့လိုက်သည်။


[ ရေတွင်းတူးခဲ့တဲ့သူကို ဆာဒါကိုက ဘယ်တော့မှ မမေ့ဘူး: ယွီကော ငါ့ရဲ့ အလယ်တန်းက ရန်သူဟောင်းက ကျောင်းပထမဆုံးနေ့မှာပဲ ငါနဲ့ ရန်ဖြစ်ချင်နေတယ်…ကျင်းချန် အမှတ် (၁) အထက်တန်းကျောင်း ဝင်ပေါက်မှာ… ငါ သွားမှာ… ဒါပေမဲ့ မစိုးရိမ်ပါနဲ့… ]


စုန့်ယွီ: "......"


ဒီအမှိုက် ဆယ်ကျော်သက်တွေက ဘာလဲ… အထက်တန်းကျောင်း ပထမဆုံးနေ့မှာ ရန်ဖြစ်နေကြတာ… သောက်ကျိုးနဲ ဘာဖြစ်လို့ ကျောင်းကို လာနေသေးလဲ…အိမ်ပြန်ပြီး လယ်ပဲ လုပ်ပါတော့…


သူ့ကိုယ်သူ စာတော်သည့်နတ်ဘုရားအဖြစ် လုံ့လစိုက်ပြီး ပြောင်းလဲခဲ့သည့် စုန့်ယွီက မာရှောင်တင်းကို အစက်ခြောက်လုံး ပို့လိုက်သည်။


သူ ဘာပြင်ဆင်မှုမျှ လုပ်စရာမလိုသော်လည်း ရှဲ့ဆွေ့မူကား လိုအပ်လိမ့်မည်ဖြစ်သည်။ ရှဲ့ဆွေ့က တစ်ယောက်တည်းနေသားကျနေပြီး ငယ်စဉ်ဘဝမှ လူကြီးဘဝအထိ သူငယ်ချင်းမရှိသဖြင့် သူ့နောက် လိုက်ပါမည့်သူလည်း သေချာပေါက် ရှိမည်မဟုတ်ပေ။


အင်း... သနားစရာပဲ…


ထို့ကြောင့် အလွန်နားလည်တတ်သည့် စုန့်ယွီက ရှဲ့ဆွေ့ကို မက်ဆေ့ခ်ျတစ်စောင် ပို့လိုက်သည်။


[ စူပါမားကတ် အတူတူ သွားမလား…]


ရှဲ့ဆွေ့က ပြန်ဖြေရန် မကြာခဲ့ပေ။

[ အင်း… ]


စုန့်ယွီ အပြင်ထွက်လာသောအခါ ရှဲ့ဆွေ့က သူ့ကို စောင့်နေနှင့်ပြီဖြစ်သည်။ လူငယ်လေးက တိုက်ခန်းရှေ့က လမ်းမကြီးတွင် ရပ်နေပြီး သူ့ဖုန်းကို ပေါ့ပေါ့ပါးပါးနှင့် ကစားနေသည်။ လှုပ်ရှားသံကြားသောအခါ သူက ခေါင်းထောင်ကြည့်လိုက်သည်။ သူ့မျက်နှာအမူအရာက သဘာဝကျပြီး သူ့မျက်လုံးများက မနက်ခင်း မြူခိုးကဲ့သို့ပင် ပေါ့ပါးပြီး ဝေးကွာသည်။


"အရမ်းမြန်တာပဲ…"


စုန့်ယွီက မက်ဆေ့ခ်ျပို့ပြီးသည်နှင့် အောက်ထပ်သို့ ပြေးဆင်းလာခဲ့သည်။ သို့သော် ရှဲ့ဆွေ့၏ ကိုယ်ဟန်အနေအထားကို ကြည့်လိုက်သောအခါ သူက အကြာကြီး စောင့်နေခဲ့ကြောင်း သိသာသည်။


ရှဲ့ဆွေ့: "ငါ မနက်စာ စားဖို့ ထွက်သွားခဲ့တာ… အပြန်လမ်းမှာ မင်းရဲ့ မက်ဆေ့ခ်ျကို ရခဲ့တာ..."


"အိုး...အိုး…"


သို့သော် နှစ်လှမ်းလျှောက်ပြီးသည်နှင့် စုန့်ယွီက ချက်ချင်း ပြဿနာကို သတိထားမိပြီး ရပ်လိုက်ကာ ပြန်ကြည့်လိုက်သည်။

"မင်း စားပြီး ပြန်လာတာလား… ဒီနေ့ အပြင်ထပ်မထွက်ဖို့ ရည်ရွယ်ထားတာလား…"


ရှဲ့ဆွေ့က တည်ငြိမ်ပြီး ကျက်သရေရှိနေသည်။

"အင်း၊ အစက မထွက်တော့ဘူး…မင်းကို အဖော်ပြုပေးမလို့…"


စုန့်ယွီ: "......"


ဒါဆို နောက်ဆုံးမှာ ငါက ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုလွန်ကဲပြီးတော့ သူ့ကို မှီခိုနေရတဲ့သူ ဖြစ်သွားတာလား…


သူတို့နှစ်ယောက်က ဘာမှဝယ်စရာမလိုသောကြောင့် ဈေးဝယ်ခြင်းက ပျင်းစရာကောင်းနေခဲ့သည်။ စုန့်ယွီက အလကားလာခြင်းမျိုး မဖြစ်ချင်သဖြင့် အဆာပြေဆိုင်မှ မုန့်များစွာ ဝယ်လိုက်သည်။ ထိုနေရာတွင် ကောင်မလေးများစွာ စုနေကြသည်။ သူတို့က ကျင်းချန် အမှတ် (၁) အထက်တန်းကျောင်း၏ ကျောင်းဝတ်စုံများ ဝတ်ထားကြပြီး သူတို့အား ခိုးကြည့်နေကြသည်။


ထိုအကြည့်များက အလွန်ပြင်းထန်သောကြောင့် စုန့်ယွီပင် မမြင်ချင်ယောင်ဆောင်၍ မရတော့ပေ။ သူ ခဏခဏ ပြန်ကြည့်သော်လည်း ပြန်ကြည့်လိုက်သည်နှင့် သူတို့က ချက်ချင်းပင် အချင်းချင်း စကားပြောဟန်ဆောင်ပြီး ဖုန်းကစားကြလေသည်။ သူက သူတို့ကို ဖမ်းမမိနိုင်ခဲ့ပေ။


"သူတို့ တစ်ချိန်လုံး ငါတို့ကို ကြည့်နေတာကို မင်း သတိထားမိလား…"


စုန့်ယွီက သူ့မျက်နှာကို အာလူးကြော်တစ်ထုပ်နှင့် ဖုံးလိုက်ပြီး ရှဲ့ဆွေ့၏ နားနားသို့ ကပ်ပြောလိုက်သည်။


ရှဲ့ဆွေ့: "အင်း…"


စုန့်ယွီ: "အဲ့ဒီအကြည့်တွေက ငါ့ကို ကြက်သီးထစေတယ်…သောက်ကျိုးနဲ… မင်း မြင်လိုက်လား…သူတို့က ပိုတောင် စိတ်လှုပ်ရှားနေပုံရတယ်…"


စုန့်ယွီက သဘာဝအတိုင်းပင် ရုပ်ချောပြီး ငယ်စဉ်ကတည်းက ချစ်ခင်မြတ်နိုးပြီး အံ့ဩတုန်လှုပ်သည့် အကြည့်များစွာကို ရခဲ့သော်လည်း ဤသို့ ထူးဆန်းသော အကြည့်မျိုးကို တစ်ခါမျှ မကြုံဖူးပေ။ ထိုသည်က ထူးထူးဆန်းဆန်းပင် ပူပြင်းနေပြီး စိတ်လှုပ်ရှားမှုကြောင့် သူ့ဦးရေပြားပင် ထုံကျဉ်လာခဲ့သည်။


ရှဲ့ဆွေ့က လျစ်လျူရှုစွာ ကြည့်လိုက်သည်။ သူက အရပ်ရှည်ပြီး ခြေတံရှည်ကာ သူ၏ ကိုယ်ရောင်ကိုယ်ဝါက အလွန်အားကောင်းသည်။ ကောင်မလေးများက ကြောက်လန့်သွားပြီး ကျုံ့သွားကာ တိတ်ဆိတ်စွာနှင့် လှည့်ထွက်သွားကြသည်။


သူတို့ ထွက်သွားသောအခါ ကောင်မလေးများက သူတို့အသံများကို တမင်တကာ နှိမ့်လိုက်သော်လည်း သူတို့၏ စိတ်လှုပ်ရှားနေသည့် စကားလုံးများကို ဖုံးကွယ်၍ မရပေ။


"သူတို့ ဘယ်လိုလုပ် ဒီလောက် ချစ်စရာကောင်းနေတာလဲ…"


"သူတို့က ကောင်းကင်ဘုံကနေ ဖန်ဆင်းထားတဲ့ ပြီးပြည့်စုံတဲ့ အတွဲပဲ…"


"ဝူးဝူးဝူး… ငါ ship တဲ့ အတွဲ(CP) တွေအားလုံးက သူတို့လောက် လိုက်ဖက်မှု မရှိဘူး…"


"စူပါမားကတ်ကို အတူတူသွားရတာ ဘယ်လောက်တောင် ရိုမန့်တစ်ဆန်လိုက်လဲ.."


အားလုံးကို ရှင်းရှင်းလင်းလင်း ကြားနေရတဲ့ စုန့်ယွီ: "......"


သူက အာလူးကြော်များကို ထပ်ကိုင်လိုက်ပြီး မယုံကြည်နိုင်စွာ ခေါင်းလှည့်ကြည့်လိုက်သည်။ သူ့မျက်လုံးများက ပြူးကျယ်နေပြီး မယုံကြည်နိုင်စွာနှင့် စိုက်ကြည့်နေခဲ့သည်။

"မင်း ကြားလိုက်လား…"


ရှဲ့ဆွေ့ ခေါင်းညိတ်လိုက်သည်။


စုန့်ယွီ: "မင်း စိတ်မဆိုးဘူးလား…"


ရှဲ့ဆွေ့က သူ့အကြည့်ကို အောက်ချလိုက်ပြီး သူ့မျက်နှာအမူအရာက လျစ်လျူရှုနေခဲ့သည်။

 "မင်း ဒီအာလူးကြော်ထုပ်ကို လိုချင်လား.."


သူ၏ သဘောထားက စုန့်ယွီအား တောင်ကို မြူမှုန်များ ပြည့်အောင်လုပ်နေသကဲ့သို့ ခံစားရစေသည်။


သူများတွေ ဘာပြောပြော ဘာဂရုစိုက်စရာ လိုလို့လဲ…


သူ ခေါင်းကုတ်လိုက်ပြီး ဈေးဝယ်လှည်းကို ငုံ့ကြည့်လိုက်သောအခါ ထိုမုန့်ရှိမနေသည်ကို တွေ့လိုက်ရသည်။ ထို့နောက် သူ(စုန့်ယွီ)က ခေါင်းညိတ်လိုက်သည်။

"အင်း…အင်း..အင်း…"


သူတို့က နောက်တစ်ဖက်သို့ လျှောက်သွားကြလေသည်။

စုန့်ယွီက စင်ပေါ်ရှိ ပူရှိန်းသကြားလုံးကို မြင်သောအခါ သူ့မျက်လုံးများက တောက်ပသွားသည်။

 "ဟုတ်ပြီ… ဒီတစ်ခု…ငါ ငယ်ငယ်က ဒါကို အရမ်းကြိုက်ခဲ့တာ…"


ရှဲ့ဆွေ့က ပြုံးလိုက်သည်။


ရှဲ့ဆွေ့အတွက်မူကား တစ်စုံတစ်ယောက်ကို စူပါမားကတ်သို့ လိုက်ပို့ခြင်းက အလွန်ဆန်းသစ်သော အတွေ့အကြုံပင်ဖြစ်သည်။


ဒါက အသစ်အဆန်းဖြစ်ပြီးတော့ ပျင်းစရာကောင်းတယ်…


ထို့ကြောင့် သူ့စိတ်ထဲတွင် အချို့အရာများကို မှတ်မိလာခဲ့သည်။


စုန့်ယွီ၏ သိမ်မွေ့သော မျက်နှာအမူအရာများနှင့် လှုပ်ရှားမှုများပေါ် အခြေခံပြီး သူ ကြိုက်သည့် အရောင်များ၊ ကြိုက်သည့်အရာများနှင့် ကြိုက်သည့် အရသာများကို သူ စပြီး မှန်းဆလာခဲ့သည်။ ဤအရာများက ပျင်းစရာကောင်းသော်လည်း ငြီးငွေ့စရာမကောင်းပေ။


ရှဲ့ဆွေ့အတွက်မူကား တစ်စုံတစ်ယောက်ကို ကျေနပ်အောင် လုပ်ပေးခြင်းက အလွန်လွယ်ကူသော ကိစ္စပင်ဖြစ်သည်။


သူ၏ စိတ်ဓာတ်ကျစရာကောင်းပြီ မှောင်မိုက်သော ကလေးဘဝနှင့် ထိုဆိုးဝါးပြီး ရွံစရာကောင်းသော ကျောင်းသားဘဝနေ့ရက်များက သူ့အပေါ်တွင် သက်ရောက်မှု အချို့ ရှိခဲ့သည်။ ဤသည်က မသေးငယ်သော်လည်း မကြီးမားပေ။ သို့သော် သူ၏ ယခင်က အာရုံခံနိုင်စွမ်း၊ စိတ်ထိခိုက်လွယ်မှုများနှင့် သူ၏ ခံစားချက်များကို လွယ်လွယ်ကူကူ ထိန်းချုပ်ခံရသည့် ပုံစံများက အဆုံးတွင် သူ့အား အခြားလူများ၏ ခံစားချက်များကို ထိန်းချုပ်သည့် Master တစ်ယောက် ဖြစ်လာစေခဲ့သည်။


သူက အချိန်ကို ကြည့်လိုက်သည်။


မိနစ်လေးဆယ်…


သူတို့ စူပါမားကတ်မှ ထွက်လာခဲ့ကြသည်။


စုန့်ယွီက မေးလိုက်သည်။

 "နေ့လယ်စာ ငါ့ဆီ လာစားမလား…" 


ရှဲ့ဆွေ့ ပြုံးလိုက်သည်။

 "ကျေးဇူးတင်ပါတယ်... ဒါပေမဲ့ မစားတော့ဘူး…"


စုန့်ယွီက အဆာပြေမုန့်များ အပြည့်ထည့်ထားသော အထုပ်တစ်ထုပ်ကို သယ်လာခဲ့သည်။ စက်တင်ဘာလ ဖြစ်သော်လည်း အပူရှိန်က မပြေပျောက်သေးပေ။ ဘတ်စ်ကားမှတ်တိုင်သို့ နှစ်လှမ်းသုံးလှမ်း လျှောက်ပြီးသည်နှင့် သူ့မျက်နှာက ပူသောကြောင့် ရဲတွတ်နေပြီဖြစ်သည်။


မြို့တော် A တွင် အိမ်မှ ထွက်စရာမလိုသော သူဌေးသားတစ်ယောက်အနေနှင့် ဤသို့သော ဒုက္ခမျိုးကို ဘယ်သောအခါကမျှ မကြုံဖူးပေ။


သို့သော် သူက တက္ကစီ ခေါ်ချင်စိတ် မရှိပေ။


စုန့်ယွီတွင် လုပ်စရာများစွာ ရှိသည်။ ဖုန်းနှင့် ဘတ်စ်ကားလမ်းကြောင်း စစ်ရမည်ဖြစ်ပြီး ဘတ်စ်ကားမှတ်တိုင် ဆိုင်းဘုတ်ကို ကြည့်ရမည်ဖြစ်သည်။ လက်ထဲတွင်လည်း လေးလံသော အထုပ်ကြီးကို ကိုင်ထားရမည်ဖြစ်သည်။


သစ်ပင်ပေါ်မှ မြည်နေသည့် ပိုးကောင်များကြောင့် သူ စိတ်တိုလာပြီး မျက်မှောင်ကြုတ်လိုက်သည်။


ရှဲ့ဆွေ့က သူ့လက်ရှည်အင်္ကျီလက်များကို ခေါက်တင်လိုက်သောအခါ သူ၏ ဖြူဖျော့ပြီး ကြံ့ခိုင်သော လက်မောင်းအရှေ့ပိုင်းများက ပေါ်လာခဲ့သည်။ သူက သူ့လက်ထဲရှိ အဆာပြေမုန့်အထုပ်ကို ယူလိုက်ပြီး ပြောလိုက်သည်။

"မင်း လမ်းကြောင်းရှာလိုက်… ငါ အရင် ကိုင်ထားပေးမယ်…" 


စုန့်ယွီက လေးသည်ဟု မထင်သောကြောင့် ရိုးရိုးလေးသာ ပေးလိုက်သည်။

"လမ်းကြောင်း ၇…လမ်းကြောင်း ၂၅၈…"


ဘတ်စ်ကားစောင့်နေသော အခြားလူများ၏ အမြင်ထဲတွင် ဤလုပ်ရပ်များက အခြားအဓိပ္ပာယ်သက်ရောက်နေခဲ့သည်။ စကတ်များဝတ်ကာ ကျောပိုးအိတ် လွယ်ထားသည့် ကောင်မလေးနှစ်ယောက်က အချင်းချင်း ကြည့်လိုက်ကြပြီး တစ်ယောက်မျက်လုံးထဲတွင် တစ်ယောက် မကျေနပ်မှုများ ပြည့်နေသည်ကို တွေ့လိုက်ရသည်။

"ဒါက အရမ်း စဉ်းစားပေးလွန်းတာ မဟုတ်ဘူးလား.. ငါ့ရည်းစားက ဒီလောက် နားလည်မှုရှိတဲ့အဆင့်ကို ဘယ်တော့ ရောက်မှာလဲ…”


"နင်က မြည်းနှစ်ရောက်လာတဲ့အထိ စောင့်ရလိမ့်မယ်… နင် တခြားတစ်ယောက်ကို ပြောင်းလိုက်တာ ပိုမြန်လိမ့်မယ်လို့ ငါထင်တယ်…"


{T/N: မြည်းနှစ် – အခြေခံအားဖြင့် ဘယ်တော့မှ မဖြစ်နိုင်ဘူးဆိုတဲ့သဘောပါ။ ဘယ်တော့မှ မရောက်လာမယ့် အချိန် (ဘာကြောင့်လဲဆိုတော့ မြည်းနှစ်ဆိုတာ မရှိလို့ပါ)}


"ဟေး… နင်က အရမ်း စိတ်တိုစရာကောင်းတာပဲ… ဒီကိစ္စနဲ့ပဲ ငါ့ကို လမ်းခွဲခိုင်းဖို့ စပြီး တိုက်တွန်းနေပြီလား…”


သူတို့နှစ်ယောက် ရယ်လိုက်ကြပြီး လမ်းကြောင်း ၇ ဘတ်စ်ကားသို့ ရောက်လာခဲ့သည်။ အဝါရောင်စကတ်နှင့် ကောင်မလေးက ဘတ်စ်ကားပေါ် တက်ရန် ပြင်လိုက်သော်လည်း သူ့နောက်ရှိ ကောင်မလေးက တားလိုက်သည်။

"မတက်နဲ့.. လမ်းကြောင်း ၇ က အဓိကဝင်ပေါက်ကို သွားတာ… အဲ့ဒီမှာ ရန်ဖြစ်နေတယ်.. လမ်းကြောင်း ၃၀၅ စီးကြရအောင်…"


အဝါရောင်စကတ်နှင့် ကောင်မလေးက အံ့ဩသွားသည်။

"ရန်ဖြစ်နေတာလား…ဘယ်သူလဲ…"


သူ့နောက်ရှိ ကောင်မလေးက သူ့နှုတ်ခမ်းကို မဲ့လိုက်သည်။

"မသိဘူး… အဆောင်က chat group က တစ်ယောက်က ပြောတာ… အဓိကဂိတ် တံခါးတစ်ဖက်က လမ်းကြားထဲမှာ ရန်ဖြစ်နေတာ အရမ်းပြင်းထန်ပုံရတယ်တဲ့... အုတ်ခဲတွေ၊ ဓားတွေနဲ့တဲ့…ငါတို့ ရှောင်တာ ပိုကောင်းလိမ့်မယ်…"


တစ်လှမ်း ရှေ့ရောက်နေသည့် စုန့်ယွီက ထပ်ရပ်လိုက်သည်။ သူ့နှုတ်ခမ်းထောင့်လေးက ကယောင်ကတမ်း ဖြစ်သွားပြီး သူ့မျက်နှာအမူအရာက အနည်းငယ် ဆိုးရွားသွားခဲ့သည်။


ဒီရက်တွေမှာ အထက်တန်းကျောင်းသားတွေ တကယ်ပဲ ဒီလောက် အတည်လုပ်ပြီး ရန်ဖြစ်ကြတာလား…


စုန့်ယွီက ပြောလိုက်သည်။

"ခဏစောင့်…"

 

စုန့်ယွီက မာရှောင်တင်းကို တိုက်ရိုက်ခေါ်လိုက်သည်။

ဖုန်းက ချက်ချင်းပင် လိုင်းမိသွားခဲ့သည်။ မာရှောင်တင်း၏ ပတ်ဝန်းကျင်က ဆူညံနေပုံရ၏။ စုန့်ယွီက အေးစက်စွာနှင့် မေးလိုက်သည်။

 "မင်းတို့ မနက်တစ်ပိုင်းလုံး ရန်ဖြစ်နေတာ မပြီးသေးဘူးလား…"


မာရှောင်တင်းက အထူးသဖြင့် စိတ်ထိခိုက်နေသော လေသံနှင့် အော်ပြောလိုက်သည်။

"အဲ့လို မဟုတ်ဘူး... ယွီကော…ငါတို့ကို ကျောင်းဂိတ်က လုံခြုံရေးတွေ ဖမ်းမိသွားတာ… ဘယ်လမ်းသွားလမ်းလာက တိုင်တာလဲ မသိဘူး… အခုတော့ တိုက်ပွဲနယ်မြေ ပြောင်းရတော့မယ်.. ငါတို့ အင်တာနက်ကဖေးမှာ…" 


စုန့်ယွီက တစ်စက္ကန့်လောက် မှင်သက်သွားခဲ့သည်။

 "မင်းတို့ ရန်ဖြစ်ရင်း အင်တာနက်ကဖေးအထိ ရောက်သွားတာလား.."


မာရှောင်တင်း: "ဟုတ်တယ်…ငါတို့ ဓားတွေ သေနတ်တွေနဲ့ ချပြီး ယောက်ျားတွေကြား e-sports ပြိုင်ပွဲ လုပ်ဖို့ ဆုံးဖြတ်လိုက်တာ..."


စုန့်ယွီ: "......"


သူ ဖုန်းချပစ်ချင်စိတ်ပင် ပေါက်သွားခဲ့သည်။


မာရှောင်တင်းက ရုတ်တရက် သူ့အသံကို အဆင့်များစွာ လျှော့ချလိုက်သည်။

"ယွီကော… မြန်မြန်လာခဲ့..မြန်မြန်လာခဲ့…ငါ အခုမှ ရောက်တာနဲ့ ကျူးကျစ်ရှင်း ဒီမှာ ရှိတာကို တွေ့လိုက်ရတယ်... အတူတူ သင်ခန်းစာ ပေးကြရအောင်…"


စုန့်ယွီက ကျူးကျစ်ရှင်းက မည်သူဆိုသည်ကို မှတ်မိနိုင်ရန် အကြာကြီး စဉ်းစားလိုက်ရသည်။ သူ အံကြိတ်ပြီး ဒေါသတကြီးနှင့် ရယ်လိုက်သည်။

"ငါ အရင်က အဲ့လိုပြောခဲ့တာကို မှတ်မိတယ်––"


ငါက မင်း ဝမ်သခင်လေးကို ရိုက်တာလိုချင်တာ...ကျူးကျစ်ရှင်းကို မဟုတ်ဘူး… 


သူ သူ့စကားကို မပြီးမီမှာပင် ဒေါသထွက်နေသော မာရှောင်တင်းက သူ့စကားကို ဖြတ်ပြောလိုက်သည်။

“သောက်ကျိုးနဲ… ဒီအရူးက အထက်တန်းနှစ်က ကျောင်းလူဆိုးကြီးရဲ့ နောက်ကလိုက်ပြီး ဖိနပ်လျက်နေတာ.. ချန်ကျစ်ကျယ် အကြိုက်ဆုံး နတ်ဘုရားမက ရှဲ့ဆွေ့ကို စိတ်ဝင်စားနေတော့ သူတို့က ရှဲ့ဆွေ့နဲ့ အဲ့ဒီကောင်မလေးရှေ့မှာ ရန်ဖြစ်ဖို့ စီစဉ်နေတာ… ကျူးကျစ်ရှင်းက ရှဲ့ဆွေ့ရဲ့ မိသားစုမှာ လူကြီးတစ်ယောက်ပဲ ရှိတာနဲ့ မိဘတွေ မရှိဘူးဆိုတာ သိတယ်လို့ ပြောတယ်… သူ မသေမချင်း သူတို့ ကြိုက်သလို လုပ်လို့ရတယ်တဲ့… ရှဲ့ဆွေ့ ရဲခေါ်ရင်တော့ သူတို့က သူ့အဘွားနဲ့ ခြိမ်းခြောက်မယ်တဲ့… သောက်ကျိုးနဲ…ငါ့ကို ပြောစမ်းပါဦး.. အဲ့ဒါ လူတစ်ယောက် ပြောသင့်တဲ့ စကားလား…”


"ငါ ဒီ BO5 ဂိမ်းကို ပြီးအောင် ကစားပြီး ဒီခွေးတွေကို နိုင်ပြီးရင်တော့ သူ့ကို သင်ခန်းစာ သွားပေးမယ်… ယွီကော လိုက်ခဲ့မလား..."


"......"


စုန့်ယွီ သူ၏ စကားလုံးများကို ပြန်မျိုချလိုက်ပြီး အံကြိတ်လိုက်သည်။


သူ့မျက်လုံးများထဲတွင် အေးစက်သော အလင်းရောင် ရှိနေပြီး သူ့အသံကလည်း အေးစက်နေသည်။

 "လိုက်ခဲ့မယ်.. လိပ်စာပေး…"


သူ့ဖုန်းကို ချပြီးနောက် ခေါင်းစောင်းပြီး ရှဲ့ဆွေ့ကို ကြည့်လိုက်သည်။ သူက ထိုအကြောင်းကို စဉ်းစားလိုက်ပြီး ပြောလိုက်သည်။

"ငါ ခဏနေကျရင် လူတစ်ယောက်ကို သွားရိုက်တော့မလို့…မင်း ငါနဲ့ လိုက်ချင်လား…" 


ရှဲ့ဆွေ့: "......"


စုန့်ယွီက ကျင်းချန် အမှတ် (၁) အထက်တန်းကျောင်းကို တကယ်ပင် ကျောင်းလူမိုက်လုပ်ရန်အတွက် လာခဲ့သည်ဟု သူ ခံစားလိုက်ရသည်။


သူ့စိတ်ထဲတွင် ပြင်းထန်သော စိတ်ဝင်စားမှုတစ်ခု ရုတ်တရက် ထကြွလာခဲ့သည်။ ရှဲ့ဆွေ့က မျက်လုံးနက်များဖြင့် သူ့ကို တိတ်တဆိတ် ကြည့်လိုက်သည်။ အချိန်ခဏကြာပြီးနောက် သူ့နှုတ်ခမ်းထောင့်များက မြင့်တက်လာသည်။

 "ကောင်းပြီ…"



🌹🌹🌹