လူတိုင်းက လှည့်ကြည့်ကြသည်။
ပေါ့ပေါ့ပါးပါး၀တ်စားထားသောပိုင်ကျင်းထျန်သည် တံခါးဝတွင်ပေါ်လာသည်။
သူသည် တံခါးဝမှသရုပ်ဆောင်များကို ပေါ့ပေါ့ပါးပါး နှုတ်ဆက်ရန်ရည်ရွယ်ထားသော်လည်း ရှီရန်က အဝတ်လဲခန်းတွင်ရပ်နေသည်ကို တွေ့လိုက်ရသည်။
သူ စိတ်ပြောင်းသွားသည်။
ပိုင်ကျင်းထျန်သည် ခြေလှမ်းလှမ်းပြီးအဝတ်လဲခန်းထဲသို့ ဝင်သွားသည်။
လူတိုင်းက ပိုင်ကျင်းထျန်ကို ချက်ချင်းတွေ့ရရန် မမျှော်လင့်ထား၍ အလွန်စိတ်လှုပ်ရှားနေကြသည်။
အထူးသဖြင့် ကုံးကျင်လိန်သည် ပိုင်ကျင်းထျန်ပေါ်လာသည်နှင့် သူမ၏အသက်ရှူသံ မြန်လာသည်။
သူမ၏မျက်လုံးများသည် ပိုင်ကျင်းထျန်ကိုအသေးစိတ်လိုက်ကြည့်သည်။
ပိုင်ကျင်းထျန်က ရှီရန်၏နံဘေးကို လျှောက်သွားနေသည်ကို သူမ မြင်၍ မနာလိုစိတ်ပြည့်နှက်နေသွားသည်။
"ဘာဖြစ်နေကြတာလဲ?" ပိုင်ကျင်းထျန်က ရှီရန်ကို မေးသည်။
"ဒါအားလုံးက သူတို့အမှားပဲ။ မမရန်ကို အနိုင်ကျင့်ဖို့ ပူးပေါင်းခဲ့ကြတာ။" ဖန်တုံတုံသည် ပိုင်ကျင်းထျန်ကို မြင်သောအခါ သူမ၏ဒေါသကို ဖွင့်ဟရန်နေရာရှာတွေ့သွားသည်။
သူမ အခြေအနေကို အသေးစိတ်ရှင်းပြသည်။
ပိုင်ကျင်းထျန်ဂရုတစိုက်နားထောင်ပြီး သူ့မျက်ခုံးကြားအရေးအကြောင်းက သိသိသာသာ ပေါ်လာသည်။
သူက ကုံးကျင်လိန်ကိုကြည့်ပြီး ညင်သာစွာမေးသည်။ "ဟုတ်လား?"
သူ့မျက်နှာပေါ်ရှိအပြုံးကို မြင်လိုက်ရသောအခါ ကုံးကျင်လိန်၏နှလုံးသားသည် အရည်ပျော်သွားသည်။ သူ့မေးခွန်းကိုပင် သူမ ဂရုမစိုက်နိုင်တော့ပေ။
အဆုံးတွင် ကုံးကျင်လိန်၏လက်ထောက်က ဝင်ဖြေသည်။ "မင်းသားပိုင်၊ သူတို့က မမကျင်လိန်ကို အပုပ်ချနေကြတာ"
"မမကျင်လိန်ရဲ့ မျက်နှာပေါ်က ပါးရိုက်ခံထားရတဲ့အချိုးရာကိုလည်း ကြည့်လိုက်ပါဦး။ မမကို ရိုက်ဖို့ ဘယ်လောက်တောင်အင်အားသုံးခဲ့တာလဲ။အခုမှ လာစောဒကတက်နေသေးတယ်။"
"မယုံရင် အဝတ်လဲခန်းထဲတခြားသူတွေကို မေးလို့ရပါတယ်။ သူတို့က ဒီမှာတစ်ချိန်လုံးရှိနေတာ။"
လက်ထောက်စကားပြောပြီးသောအခါ ကုံးကျင်လိန်သည် သူမအားသဘောကျသောအကြည့်ဖြင့် ကြည့်လိုက်သည်။
ထိုလူများက သူမကို သစ္စာဖောက်မည်ကို သူမ မစိုးရိမ်ပေ။
သူတို့ဖျော်ဖြေရေးနယ်ပယ်မှာဆက်မရှင်သန်ချင်တော့သည်မဟုတ်ပါက သူမအား ဆိုးရွားသောစကားများ ပြောဝံ့မည်မဟုတ်ပေ။
အမှန်တကယ်ပင် ကုံးကျင်လိန် မျှော်လင့်ထားသလိုဖြစ်လာသည်။
ထိုလူများသည် ပိုင်ကျင်းထျန်၏အကြည့်ကိုဆုံတွေ့သောအခါတွင် သူတို့သည် တစ်ညီတစ်ညွတ်တည်း ခေါင်းငုံ့ကာ ကုံးကျင်လိန်၏လက်ထောက်နှင့်တိတ်တဆိတ်သဘောတူကြသည်။
ဖန်တုံတုံသည် ဒေါသအလွန်ထွက်ကာ သူမ၏နှလုံးသားတောင်နာကျင်လာသည်။
လူ့နှလုံးသားက ဤမျှလောက်အေးစက်နိုင်မှန်း သူမ မမျှော်လင့်ထားပေ။
ပိုင်ကျင်းထျန်က ရှီရန်ကို မယုံလိမ့်မည်ကိုကြောက်၍ ဖန်တုံတုံက ဆက်ရှင်းပြချင်နေတုန်းပင်ဖြစ်သည်။
ထိုအခိုက်အတန့်တွင် ဝမ်ယုဖေးက ညင်သာစွာပြောသည်။ "တကယ်တော့ ဒီကိစ္စကို အရမ်းကြီးမီးလောင်ရာလေပင့်လုပ်နေစရာမလိုဘူးထင်တယ်။ ကျွန်မရဲ့ စိတ်ကူးကတော့ ဒီကိစ္စကို အသေးအမွှားအထိလျှော့ချဖို့ပါပဲ"
"ကျွန်မ ကျင်လိန်ကို သိနေခဲ့တာကြာပြီ။ သူမက လိမ်ညာတတ်တဲ့သူမဟုတ်ဘူး။ ဒါကြောင့် ရှီရန်က တောင်းပန်ပေးပြီး ကျေအေးလိုက်တာက ပိုကောင်းမယ်လို့ ကျွန်မထင်တယ်။"
သူမပြောသောအခါတွင် သူမ၏အသံသည် ဂွမ်းစကဲ့သို့ ပျော့ပျောင်းနေပြီး သူမ၏မျက်လုံးများတွင်ယုံကြည်မှုအပြည့်ရှိသည်။
ရှီရန်ကို စိုက်ကြည့်ရင်း သူမ၏အပြုံးသည် နက်ရှိုင်းလာသည်။
သူမသည် ကျင်းထျန်ကို သိလာသည်မှာနှစ်ပေါင်းများစွာရှိပြီဖြစ်သည်။ ကျင်းထျန်က သူများကိစ္စကိုဝင်ပါတတ်သူမဟုတ်ပေ။
ဤတစ်ကြိမ်တွင် ကျင်းထျန်က ထိုအခြေအနေကို ကိုယ်တိုင်မမြင်ခဲ့သောကြောင့် သူက ရှီရန်ဘက်မှာ ရပ်တည်လိမ့်မည်လို့ သူမ မထင်ပေ။
သူမ ပြောသလိုဖြစ်လာပေမည်။
သူမက ရှီရန်ကို လွတ်လမ်းပေးပြီးသားဖြစ်သည်။ သူမသည် ကျင်းထျန်ဝင်မစွက်ဖက်ဘဲဘေးဖယ်ပေးရန် စောင့်ဆိုင်းနေသည်။
ပိုင်ကျင်းထျန် ခဏလောက် စဉ်းစားသည်။ "ဟုတ်ပါတယ် ကျွန်တော် ဝမ်ယုဖေးကိုယုံပါတယ်"
၎င်းကိုကြား၍ ဝမ်ယုဖေးက ပိုလို့တောင် ဝမ်းသာအားရ ပြုံးလိုက်သည်။
"ဒါပေမယ့် ကျွန်တော် ရှီရန်ကို ပိုယုံတယ်။"
ဝမ်ယုဖေး၏အပြုံးသည် သူမ၏မျက်နှာပေါ်တွင်ရပ်တန့်သွားကာ သူမ၏အမူအရာကို မထိန်းချုပ်နိုင်လုနီးပါးဖြစ်သွားသည်။
"ကျင်းထျန်..."
သူမ တစ်ခုခု ပြောချင်သော်လည်း ပိုင်ကျင်းထျန်က သူမကိုတားရန် လက်ကာလိုက်သည်။
ကုံးကျင်လိန်သည် ပိုင်ကျင်းထျန်က ရှီရန်ကို ပွင့်ပွင့်လင်းလင်းကာကွယ်ရန် မမျှော်လင့်ခဲ့ပေ။ သူမ မယုံနိုင်စွာမျက်လုံးပြူးသွားသည်။
သူမကိုယ်အတွင်း၌မရှင်းပြနိုင်သောမီးတောက်တစ်ခုတောက်လောင်နေသည်။
ရှီရန်၏မျက်နှာကို ကြည့်လိုက်ရာ သူမသည် ပို၍ပင်မနာလိုဖြစ်လာသည်။
သူမ၏မနာလိုစိတ်အဆုံးထိရောက်သွားကာကိုယ့်ကိုယ်ကိုယ် မထိန်းနိုင်တော့ဘဲ လက်လွတ်စပယ်မေးလိုက်သည်။"အစ်ကို ကျင်းထျန်က ရှီရန်ကို အရမ်းကာကွယ်ပေးနေတာ အစ်ကိုနဲ့သူမကြားမှာ ဘာဆက်ဆံရေးမှမရှိဘူးလို့ပြောနေတုန်းပဲလား။"
တစ်ခန်းလုံး တိတ်ဆိတ်သွားသည်။
ကုံးကျင်လိန်က ဤမျှရဲလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ကြပေ။
ပိုင်ကျင်းထျန်၏အပြုံးက မှိန်သွားသည်။
တခြားသူများက စကားတစ်ခွန်းမှ မပြောဝံ့ကြပေ။
လေထုက ချက်ချင်းအေးခဲသွားသည်။
ပိုင်ကျင်းထျန်က ကုံးကျင်လိန်ကိုကြည့်ပြီး အေးစက်စွာပြောသည်။ "မစ္စကုံး၊ မနေ့က မင်းထားခဲ့တဲ့အခန်းသော့ကို အမှိုက်ပုံးထဲ ပစ်ထားခဲ့တယ်ဆိုတာကို ပြောဖို့မေ့နေတာ။ပြန်သွားယူဖို့မမေ့နဲ့ဦး"
လူတိုင်း ဆွံအသွားသည်။
'အခန်းသော့လား'
အားလုံးက ကုံးကျင်လိန်ကိုကြည့်လိုက်ပြီး သူမ၏မျက်နှာက ဖြူဖျော့ပြီးနီရဲတက်လာသည်ကို တွေ့လိုက်ရသည်။
"ဆိုလိုတာက ကုံးကျင်လိန်က သူမရဲ့အခန်းသော့ကို အကောင်းဆုံးမင်းသားပိုင်ကို တိတ်တဆိတ်ပေးခဲ့တာလား။"
"အဲ့ဒါက ဘာဆန်းလို့လဲ။ လူတော်တော်များများက ငါတို့ရဲ့ အကောင်းဆုံးမင်းသားပိုင်နဲ့ အချိန်ကုန်ဆုံးချင်ကြတာ။"
"ဖူး၊ ကုံးကျင်လိန်က ရှီရန်နဲ့သူ့ဆက်ဆံရေးအကြောင်းထောက်ပြဖို့ သတ္တိရှိနေသေးတယ်။ သူမကလည်း သူ့နောက်ကိုလိုက်နေတာပဲမဟုတ်လား"
"ဒါပေမယ့် ငါတို့ရဲ့အကောင်းဆုံးမင်းသားပိုင်က သူမကို လျစ်လျူရှုပြီး သူမရဲ့သော့ကတ်ကို အမှိုက်ပုံးထဲ ပစ်ချခဲ့တယ်။ ဒီနေ့ ရှီရန်ကို သူမ ဒီလောက်ထိဆန့်ကျင်နေတာ အံ့သြစရာတော့မရှိဘူး။"
"ကုံးကျင်လိန်က မာနကြီးပြီး မုန်းစရာကောင်းတယ်လို့ နာမည်ကြီးတယ်။ ရှီရန်ရဲ့လက်ထောက်ရဲ့ပြောတဲ့ပုံစံက ပိုယုံစရာကောင်းလောက်မယ်ထင်တယ်။"
ရှီရန်၏မျက်လုံးများတွင် အပြုံးတစ်ခု တောက်ပလာသည်။ သူမ နားမလည်ဟန်ဆောင်ပြီး ပိုင်ကျင်းထျန်ကို လှည့်ကြည့်လိုက်သည်။ “အခန်းသော့? ဘယ်အခန်းသော့လဲ"
ပိုင်ကျင်းထျန်က အလွန်ပူးပေါင်းလိုက်နာသည်။ "မနေ့က ဟိုတယ်စားသောက်ဆိုင်မှာ အခန်းသော့ကို မစ္စကုံးကိုယ်တိုင်တိုက်ရိုက်ပေးခဲ့တာ။ ကျွန်တော် စိတ်ထဲမထည့်ထားဘဲ လွှင့်ပစ်လိုက်မိတယ်။"
ထို့နောက် သူက ကုံးကျင်လိန်ကို တောင်းပန်ပြီး ပြုံးလိုက်သည်။ "ကျွန်တော်တောင်းပန်ပါတယ်။ မင်းက ဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်မှာကို ကျွန်တော်မသိခဲ့ဘူး"
"ခွီး" တစ်ယောက်ယောက်က ရယ်ချင်စိတ်ကို မထိန်းထားနိုင်တော့ပေ။
"ဒါက ကုံးကျင်လိန်ကို ပြည့်တန်ဆာမလို့ အထင်မှားခဲ့တာမဟုတ်ဘူးလား။"
"ဒီဝတ်စုံနဲ့သူမက ပြည့်တန်ဆာမတစ်ယောက်နဲ့တူနေတယ်။ နားလည်မှုလွဲမှားမှုအတွက် အကောင်းဆုံးသရုပ်ဆောင်ပိုင်ကို အပြစ်တင်လို့မရဘူး။"
"ငါ ရယ်သေတော့မယ်။ အကောင်းဆုံးမင်းသားနဲ့ရှီရန်က တကယ်ကို လိုက်ဖက်တဲ့စုံတွဲဖြစ်နိုင်တယ်။"
"နင်က ထျန်ရန်စုံတွဲဖန်လား"
"မဟုတ်ဘူး။ ငါက နတ်ဘုရားစုံတွဲရဲ့ ပရိတ်သတ်။"
ကုံးကျင်လိန်ဒေါသထွက်လွန်းလို့ တစ်ကိုယ်လုံးတုန်နေသည်။
သူမက ရှီရန်ကို ပြင်းပြင်းထန်ထန်စိုက်ကြည့်သည်။
ထိုအချိန်တွင် သူမသည် ရှီရန်ကို အပိုင်းပိုင်းဖြတ်ခုတ်လိုက်ချင်သည်။
ကုံးကျင်လိန်၏အမူအရာကို ဝမ်ယုဖေးသတိပြုမိသည်။ သူမ အတွေးတစ်ခုဝင်လာသည်နှင့် သူမ မျက်လုံးထဲတွင် မှောင်မဲသော အလင်းရောင်တစ်ခု လင်းလက်လာသည်။
သူမ လှည့်ကြည့်လိုက်ပြီး ကုံးကျင်လိန်ကို ကြည့်လိုက်သည်။ "ကျင်လိန်၊ အစ်မကိုပြော။ အမှန်တရားကဘာလဲ"
"အမှန်တရားက အစ်မရှီရန်ရဲ့ လက်ထောက်ပြောတဲ့အတိုင်းပါပဲ" မင်းသမီးငယ်သည် ရုတ်တရက် ပြောလာသည်။
သူမ၏သတ္တိကို စုဆောင်းပြီး ကုံးကျင်လိန်လုပ်ခဲ့သည့်အရာများကို လူတိုင်းကို ပြောပြသည်။
၎င်းက ဖန်တုံတုံပြောခဲ့သည့်အတိုင်းထပ်တူညီသည်။
ထိုအခိုက်အတန့်တွင် လူတိုင်းက ကုံးကျင်လိန်ကို ပို၍ပင်အထင်အမြင်သေးစွာဖြင့် ကြည့်လာကြသည်။
မာနကြီးပြီး အာဏာရှင်ဆန်တာက လက်ခံလို့ရပေမယ့် မလွယ်ကူတဲ့ပြိုင်ဘက်နဲ့ ကြုံလာတဲ့အခါ စောဒကတက်ပြီး အမှန်တရားကိုပြောင်းလဲပစ်လိုက်တယ်။
ဘယ်လောက်တောင် ရွံရှာစရာကောင်းလိုက်လဲ။
ကုံးကျင်လိန်အထုတ်ဖြည်ခံရပြီးနောက် သူမ မရှင်းပြနိုင်တော့ပေ။
ဝမ်ယုဖေးပင်လျှင် နာကျင်သောအမူအရာဖြင့် သူမကို ကြည့်နေလေသည်။"ကျင်လိန်၊ အစ်မ ညီမကို အရမ်းယုံပြီး ညီမဘက်မှာ မားမားမတ်မတ်ရပ်တည်ပေးခဲ့ပေမယ့် အစ်မကို လူဆိုးတစ်ယောက်ပုံစံဖြစ်စေခဲ့တယ်"
သူမက ရှီရန်ကိုကြည့်ပြီး "တောင်းပန်ပါတယ် ရှီရန်။ ရှီရန်ကို နားလည်မှုလွဲသွားမိပြီ" လို့ အပြစ်ရှိစွာပြောသည်။
ရှီရန်က တစ်ဝက်တစ်ပျက်ပြုံးပြသည်။ "ရပါတယ်။"
ကုံးကျင်လိန်၏ပုခုံးကို အားကိုးရာမဲ့ လက်ဖြင့်ပုတ်လိုက်ရင်း သူမ၏မျက်ခုံးများ ပြေလျော့သွားသည်။ "အစ်မအ၀တ်လဲခန်းကိုသွားရအောင်။ အားလုံးရဲ့မိတ်ကပ်ကို ပျက်စီးအောင်မနှောက်ယှက်နဲ့တော့။"
ဝမ်ယုဖေးသည် ဤအရာကြောင့် သူမကို မစိမ်းကားသွားသည်ကို မြင်လိုက်ရသဖြင့် ကုံးကျင်လိန်သည် ပျော်ရွှင်စွာ ပြုံးကာ သူမနောက်သို့ လိုက်သွားသည်။
တခြားသူများက သူတို့သွားနေသည်ကို ကြည့်ရင်း ကျစ်လုပ်ကြသည်။
"ငါ ဝန်ခံရမယ်။ ရုပ်ရှင်ဘုရင်မဝမ်က တကယ်ကိုနူးညံ့တယ်!"
"မှန်တယ်။ သူမဟာ လူတိုင်းအပေါ်အရမ်းကောင်းတယ်။ ခုနက ကုံးကျင်လိန်ဆီက သူမလှည့်စားခံလိုက်ရပုံပဲ။"
"ငါက ဖေးဖေးရဲ့အမာခံပရိသတ်တစ်ယောက်လေ။ သူမက ငါတွေ့ဖူးသမျှထဲမှာအနူးညံ့ဆုံး နာမည်ကြီးအမျိုးသမီးပဲ။ သူမနဲ့ထိုက်တန်လွန်းပါတယ်။"
ကိစ္စပြီးဆုံးသွားသည်ကိုမြင်၍ ပိုင်ကျင်းထျန်က ရှီရန်အပေါ်ဒုက္ခပေးမိမည်ကို စိုးရိမ်မိသည့်အတွက် သူ ဆက်မနေတော့ဘဲ အနည်းငယ်နှုတ်ဆက်ပြီး ထွက်သွားသည်။
အဝတ်လဲခန်းထဲက တခြားသူများက ဖြစ်ပျက်ခဲ့သည့်အဖြစ်အပျက်ကြောင့် လွန်စွာအပြစ်ရှိသလိုခံစားရပြီး ရှီရန်ကိုမကြည့်ဝံ့ပေ။
ရှီရန်၏မိတ်ကပ်လိမ်းရန်နောက်ဆုံးကူညီပေးမည့်သူမှာ ယခုမှရောက်ရှိလာသောမိတ်ကပ်ပညာရှင်ဖြစ်သည်။
အဝတ်လဲခန်းသည် တိတ်ဆိတ်သွားပြန်သည်။
ထိုအချိန်တွင် မထင်ရှားသောထောင့်တစ်ခု၌တစ်စုံတစ်ယောက်သည် ကင်မရာကို ပြန်ရုပ်သိမ်းနေသည်။
သူမ ရိုက်ကူးမိထားသောအကြောင်းအရာကိုကြည့်ပြီး ချောက်ချားစရာကောင်းစွာ ပြုံးလိုက်မိသည်။