Chapter : 16 ( ညီမ‌လေးက အရုပ်ကလေးကို သယ်ထားတယ် [13] )
Viewers 3k

Chapter : 16 ( ညီမ‌လေးက အရုပ်ကလေးကို သယ်ထားတယ် [13] )



ချန်ဇယ်သည် အရုပ်တစ်ရုပ်ကို ထုတ်ယူကာ စားပွဲပေါ်တင်လိုက်သည်။


"အရုပ်တစ်ရုပ်ပဲ"


ဟိုင်ရိသည် ထိုအရုပ်ကို တစ်ချက်ကြည့်လိုက်သည်နှင့် ရွှယ်ချွမ်း၏အရုပ်နှင့် အနည်းငယ် ကွဲပြားနေသည်ကို ရုတ်တရက် သတိပြုမိ၏။ ၎င်းတွင် ပါးစပ်သာရှိပြီး ရှန့်ချန့်ယန်၏ ဤအရုပ်သည် ဆံပင်ပုံစံ ကွဲပြားခြားနားသည်။ ၎င်းတွင် မိန်းကလေးငယ်တစ်ဦး၏ ဆံပင်ပုံစံရှိပြီး ရွှယ်ချွမ်း၏အရုပ်တွင်မူ လူကြီးမိန်းမတစ်ဦးကဲ့သို့ ဆံပင်ကို ဖြီးထား၏။


ဟိုင်ရိသည် ခဏတာမျှ ငေးစိုက်ကြည့်နေခဲ့သည်။


အရုပ်နှစ်ရုပ်စလုံးကို တစ်ချိန်တည်းမြင်ဖူးပြီး ၎င်းတို့၏ ကွဲပြားမှုများကို သိသူများမှာ ဟိုင်ရိ၊ ရှန့်ချန့်ယန်နှင့် ရွှယ်ချွမ်းတို့သာ ဖြစ်သည်။


ယုတ္တိရှိစွာပင် ထိုလူနှစ်ဦးသာ သိသင့်၏။ ဟိုင်ရိသည် မတော်တဆ တွေ့လိုက်ရခြင်းသာဖြစ်သည်။


ရှန့်ချန့်ယန်သည် ရွှယ်ချွမ်း၏ အခန်းကို ရှာဖွေခဲ့ပြီး ရွှယ်ချွမ်းကလည်း ရှန့်ချန့်ယန်၏ အခန်းကို ရှာဖွေခဲ့သည်။ ဤနည်းဖြင့် နှစ်ဦးသားပေါင်းပြီး ဤသဲလွန်စကို အခြားမည်သူမှ မမြင်စေရန် အာမခံနိုင်ခဲ့၏။


ဟိုင်ရိသည် ဤအချိန်တွင် ဤသဲလွန်စ၏ အဓိပ္ပာယ်ကို တိကျစွာ ဆုံးဖြတ်ရန် ခက်ခဲနေပြီး ရှန့်ချန့်ယန်က ဤသဲလွန်စကို သူ့အား အဘယ်ကြောင့် ပြခွင့်ပြုခဲ့သည်ကို နားမလည်ပေ။ သူ့ထံမှ မည်သည့်ဆင်ခြင်သုံးသပ်ခြင်းမျိုးမှ မတွေ့ရဘဲ တိတ်ဆိတ်ငြိမ်သက်နေခြင်းသာ ရှိနေသည်။


ချန်ဇယ်သည် အရုပ်၏ ဝတ်စုံအစွန်းကို မလိုက်သောအခါ ရင်ဘတ်ပေါ်တွင် သွေးစွန်းနေသည်ကို တွေ့လိုက်ရ၏။


"ဒါဘာလဲ"


ရှန့်ချန့်ယန်က ပြန်ဖြေသည်။


"သွေး"


ချန်ဇယ် : "ဘာလို့ ရင်ဘတ်မှာရှိနေတာလဲ"


"ဘာတွေ ထပ်တွေ့သေးလဲ"


ရှန့်ချန့်ယန်က ပြန်မေးလိုက်သည်။


"အားလုံးထုတ်လိုက်၊ အားလုံးကို တစ်ခါတည်း ရှင်းပြမယ်"


သို့သော် ချန်ဇယ်က ပြန်လည် ထိုးနှက်ပြောလိုက်သည်။


"အားလုံးကို ထုတ်လိုက်ပြီး မင်း တစ်ခုခု ဖန်တီးချင်လို့လား"


ရှန့်ချန့်ယန်၏ အပြုံးသည် မှေးမှိန်သွားပြီး ခေါင်းခါလိုက်၏။


"ထားလိုက်ပါတော့၊ ကျွန်တော်အပ်နဲ့စိုက်မိသွားလို့ ဖြစ်တာပါ... ခင်ဗျားအပ်တစ်ချောင်းတွေ့ရင် တွေ့မှာပဲ၊ အဲဒါက အရုပ်ကို ကျွန်တော်စိုက်မိတဲ့ အပ်ပဲ၊ သွေးထွက်လာတာကို နောက်မှ သဘောပေါက်တယ်၊ ဒီအရုပ်မှာ တစ်ခုခုမှားနေပုံပဲ၊ ဒါပေမယ့် အပ်နဲ့စူးမိပြီးမှပဲ ကျွန်တော်သိလိုက်ရတာ"


ချန်ဇယ် : "ဘာလို့ အရုပ်ကို စိုက်တာလဲ၊ မင်း အစ်မကို အရမ်းချစ်တာ မဟုတ်ဘူးလား"


"...ကျွန်တော့်အစ်မကို အရမ်းချစ်တာ မှန်ပါတယ်"


ရှန့်ချန့်ယန်က ပြောသည်။


"ဒါပေမယ့် ကျွန်တော့်အမေကိုလည်း အရမ်းမုန်းတယ်၊ သူပို့တဲ့ ပစ္စည်းမှန်သမျှကို မကြိုက်ဘူး၊ အပ်နဲ့တစ်ခါစိုက်ပြီး သွေးတွေ့ပြီးကတည်းက ကျွန်တော်ဘာမှလုပ်ရဲတာ မဟုတ်ဘူး၊ ကျွန်တော့်အစ်မက အရုပ်ထဲမှာ တကယ်ရှိနေတာလားဆိုပြီး ကြောက်နေခဲ့တာ"


ချန်ဇယ်၏ မျက်ခုံးများသည် အနည်းငယ်တွန့်ချိုးသွားသည်။


သူမ သူ့ကို ယုံသင့်မယုံသင့် မသေချာပေ။


ရှန့်ချန့်ယန် : "တခြားဘာများ ရှိသေးလဲ"


ချန်ဇယ်က ယုတ္တိမရှိသေးဟု ခံစားနေရ၏။


"မင်းရဲ့ မုန်းတီးမှုက ဘယ်လောက်ပဲ နက်ရှိုင်းနေပါစေ၊ မင်းအစ်မရဲ့ အရုပ်ကို ထိခိုက်အောင်လုပ်တဲ့အထိတော့ မရောက်သင့်ဘူးမလား"


ရှန့်ချန့်ယန် စဉ်းစားလိုက်သည်။ သူအားလုံးကို တစ်ချက်ကြည့်လိုက်၏။


"ဇာတ်လမ်းအကြောင်းအရာကို ပြောလို့ရမလား"


ဖျင်ကျယ့် ခဏတာ တွေဝေသွားသည်။


"ရတယ်"


ဟိုင်ရိ၏ အကြည့်သည် လူတိုင်းအပေါ် ဝေ့ဝဲသွားပြီး ရွှယ်ချွမ်း၏ မျက်နှာအမူအရာ ပြောင်းလဲသွားပုံနှင့် အနည်းငယ် စိုးရိမ်ပူပန်နေသော ပုံစံကို သတိပြုမိလိုက်သည်။


ထို့နောက် ရှန့်ချန့်ယန်က ဆက်ပြောသည်။


"ကျွန်တော့်အမေက ကျွန်‌တော့်အစ်မရဲ့ အရုပ်တွေကို လုပ်ဖို့ ထိုက်တန်တယ်လို့ မခံစားရလို့ ကျွန်တော်အရုပ်ကို ဖျက်ဆီးလိုက်တာ.. သူက ညီမလေးကို သတ်ခဲ့တဲ့သူမှန်း ကျွန်တော်သိတယ်"


အားလုံး : ...


ရှန့်ချန့်ယန် : "ကျွန်တော်က လူသတ်သမား မဟုတ်ဘူး... အချိန်ဇယားတွေ ချိန်ဆကြည့်လိုက်ရင် ခင်ဗျားတို့နားလည်လိမ့်မယ်.. ကျွန်တော်ပြောနိုင်တာက ယွိရှန့်က ကိုယ့်ကိုယ်ကို သတ်သေသွားတာပဲ.. သူ့ကိုယ်သူ အရမ်းရုပ်ဆိုးတယ်လို့ ခံစားရလို့လေ.. သူ့ရဲ့လှပမှုတွေကို သေဆုံးသူက ဆယ့်ငါးနှစ်ကြာ ခိုးယူထားခဲ့တာ. အဲဒါကြောင့် သူစိတ်ဓာတ်ကျပြီး ကိုယ့်ကိုယ်ကို သတ်သေသွားတာ.. ဒါကို လူတိုင်းသိလားတော့ မသိဘူး"


ဟိုင်ရိသည် မသိစိတ်ကပင် သေဆုံးသွားသူကို တစ်ချက်ကြည့်လိုက်သည်။ အဘယ်ကြောင့် သူတစ်ခါမျှ မေးမြန်းခြင်း မရှိခဲ့သနည်း။ ထူးချွန်သော ရုပ်ရည်၊ နူးညံ့ဖြူဖွေးသော အသားအရေနှင့် တောက်ပသော ဆံပင်ရှိသည့် သေဆုံးသူက အဘယ်ကြောင့် ဤမျှရုပ်ဆိုးကာ ကိုယ့်ကိုယ်ကို သတ်သေသွားသော သမီးတစ်ယောက်ကို မွေးဖွားခဲ့ရသနည်း။


မည်သူမျှ ဤထင်ရှားသော ချို့ယွင်းချက်ကို သတိမထားမိခဲ့ကြပေ။


ဟိုင်ရိက အံ့သြစွာ ပြောလိုက်၏။


"သူ(မ)ဘယ်လိုလုပ်ခဲ့တာလဲ"


"မသိဘူး"


ရှန့်ချန့်ယန်က ပြန်ဖြေသည်။


"ဒါပေမယ့် ပထမဆုံးနေ့က ရခင်ဗျားရဲ့ သံသယတွေ မှန်တယ်ဆိုတာ ကျွန်တော်သိတယ်၊ ဒီမှာ တစ်ယောက်ယောက်က သရဲပဲ"


လူတိုင်းသည် မသိစိတ်ကပင် ရွှယ်ချွမ်းကို ကြည့်လိုက်ကြသည်။ သူမက အကူအညီမဲ့စွာ ပြောလိုက်၏။



"ကျွန်မကို မကြည့်ကြပါနဲ့၊ ကျွန်မက လူပါ"


ဟိုင်ရိ ဘာမှမပြောပေ။ သူ ထိုအမျိုးသမီးစကားကို မယုံပေ။


ရွှယ်ချွမ်းသည် ခဏမျှ တုံ့ဆိုင်းနေပြီး တစ်ခုခုပြောချင်ပုံရသည်။ သို့သော် ခဏတာ တိတ်ဆိတ်ပြီးနောက်တွင်ပင် သူမဘာမျှ မပြောရသေးပေ။


ချန်ဇယ်က ရှန့်ချန့်ယန်ကို ပြောလိုက်၏။


"ငါ မင်းကိုမယုံဘူး"


"ခင်ဗျားသဘောပါပဲ"


ရှန့်ချန့်ယန်က ယဉ်ကျေးစွာ ပြောလိုက်သည်။


"အချစ်"


( TN - ရှန့်ချန့်ယန်က ရှင့်ဇီပါနော် ဇာတ်လမ်းအရ ချန်ဇယ်က စေ့စပ်ထားတဲ့လူမလို့ပါ )


ဤအကြောင်းအရာသည် ဟိုင်ရိ၏ မှတ်ဉာဏ်ကို နှိုးဆွလိုက်သည်။ သူချန်ဇယ်ကို မေးလိုက်၏။


"ခင်ဗျားအခန်းထဲမှာ မိန်းကလေးအတွင်းခံ ဘာလို့ရှိနေတာလဲ"


ချန်ဇယ်က ဤမေးခွန်းအတွက် ကြိုတင်ပြင်ဆင်ထားပြီး ဖြစ်ဟန်တူသည်။ သူမ တုံးတိတိပင် ပြန်ဖြေလိုက်၏။


"ငါ ခိုးထားတာ၊ ငါ့ရဲ့ လိင်ပိုင်းဆိုင်ရာ စွဲလမ်းမှုတစ်ခုပဲ"


ဟိုင်ရိ : ...


ဟိုင်ရိ : "ဘယ်သူ့ဆီက ခိုးတာလဲ"


ချန်ဇယ် : "မမေးနဲ့၊ အရမ်းရွံဖို့ကောင်းတယ်"


သေဆုံးသူသည် သူမ၏ပါးစပ်ကို ဖုံးအုပ်ထားရင်း ရယ်မောသံများ တဟီးဟီး ထွက်ပေါ်လာသည်။


ဟိုင်ရိသည် ချက်ချင်းပင် အလွန်ကောင်းမွန်သော ယူဆချက်မဟုတ်သည့် တစ်ခုကို ခန့်မှန်းမိလိုက်၏။ သူ၏ တစ်ကိုယ်လုံး ကြက်သီးမွေးညှင်းများ ထသွားသည်။


ချန်ဇယ်က ပခုံးတွန့်ပြကာ ထိုသို့ပင် ဖြစ်ကြောင်း ပြသလိုက်သည်။


ဖျင်ကျယ့်က စူးစမ်းစွာ မေးလာ၏။



"ဘယ်လိုဟာမျိုးလဲ ဘယ်သူ့ဟာလဲ"


ဟိုင်ရိ : "မမေးနဲ့"


ဖျင်ကျယ့် : "ငါတောင် ဘာမှမတုံ့ပြန်ရသေးဘူး.. မင်းတို့က အကြောင်းအရာတွေ ပြောင်းကုန်ပြီ၊ မင်းတို့ရဲ့ အရှိန်ကို မလိုက်နိုင်ဘူး၊ အရမ်းမြန်တယ်၊ မင်းတို့အမြဲတမ်း ဒီလိုပဲ ကစားကြတာလား"


"အမြန်ရှင်းနည်း"


ဖျင်ကျယ့်က ပြောသည်။


"အဲဒါလား ရိုးရိုးသားသားပြောရရင် ပထမဆုံးညမှာ လူနှစ်ယောက်ကို ခေါ်ထုတ်သွားတာ ပထမဆုံးအကြိမ်ပဲ"


အမြန်ရှင်းနည်း...


ဟိုင်ရိသည် ဤစကားလုံးနှစ်လုံးကို စိတ်ထဲတွင် ဝါးစားနေခဲ့သည်။ တကယ်တော့ ဂိမ်း၏အရှိန်ကို လူသတ်သမားက အဓိက ထိန်းချုပ်ထားခြင်း ဖြစ်၏။ မဲများပေးသည်ဖြစ်စေ မပေးသည်ဖြစ်စေ၊ ပထမဆုံးညတွင် သတ်ရန်၊ မည်မျှသတ်ရန် ဟူသော ကိစ္စအားလုံးသည် လူသတ်သမား၏ ထိန်းချုပ်မှုအောက်တွင် ရှိသည်။


သူတို့ ဒီကိုမလာမီ ရှန့်ချန့်ယန်က သူ့အားပြောခဲ့သော စကားများကို ပြန်စဉ်းစားမိသည်။ ဟိုင်ရိက သူ့အား အလုပ်များတွင် ပါဝင်ရန် အဘယ်ကြောင့် ဤမျှ အလျင်လိုနေရသနည်းဟု မေးသောအခါ ရှန့်ချန့်ယန်၏ အဖြေမှာ "ကျွန်တော်သေဖို့ လောနေလို့" ဟူ၍ ဖြစ်၏။


ရှန့်ချန့်ယန်သည် ဂိမ်းများစွာကို သံသယဝင်စရာ မလိုဘဲ ဆော့ဖူးပြီးဖြစ်လိမ့်မည်။ ဤလူငါးဦးထဲတွင် သူ့ကိုယ်သူ လူသတ်သမားမဟုတ်ကြောင်း ဟိုင်ရိသိထား၏။ ဖျင်ကျယ့်၏ နောက်ဆုံးဂိမ်းဖြစ်ပြီး ပြီးမြောက်ပြီးနောက် သေရန် လျှောက်ထားနိုင်မည်ဖြစ်ရာ သူအလျင်စလိုလုပ်မည်မဟုတ်ပေ။ ချန်ဇယ်နှင့် သူမ၏ ချစ်သူမှာ အသစ်ဝင်ရောက်လာသူများဖြစ်ပြီး အသစ်ဝင်ရောက်လာသူများသည် ပုံမှန်အားဖြင့် တည်ငြိမ်မှုကို ရှာဖွေကြသည်။ သူတို့သည် ဤမျှရဲရင့်ပြီး ပြတ်သားမည်မဟုတ်ပေ။ ရှန့်ချန့်ယန်သည် ၎င်းတို့အားလုံးထဲတွင် အလျင်အလိုဆုံးဖြစ်နေ၏။


ဟိုင်ရိသည် ငယ်စဉ်ကတည်းက ဉာဏ်ကောင်းပြီး သူ၏ဦးနှောက်သည် လျင်မြန်စွာ အလုပ်လုပ်သည်။ ရှန့်ချန့်ယန်သည် လူသတ်သမားဖြစ်ကြောင်း သို့မဟုတ် ၎င်းတို့ထဲမှ တစ်ဦးဖြစ်ကြောင်း သူသေချာသလောက် ဖြစ်နေ၏။


သူသည် စားပွဲအောက်ရှိ လက်ကို ဖြည်းညှင်းစွာ ဆုပ်ကိုင်လိုက်သည်။ သူ၏ချွေးများထွက်နေခြင်းနှင့် နှလုံးခုန်နှုန်းမြန်လာခြင်းကို ခံစားမိပြီး ၎င်းတို့သည် သူစိတ်ပူလာနေသည့် လက္ခဏာများဖြစ်ကြောင်း သိ၏။


သူသည် ရှန့်ချန့်ယန်ကို အစကတည်းက သံသယရှိခဲ့သည်။ တစ်ခါတစ်ရံတွင် လူ့ပင်ကိုယ်ဉာဏ်သည် ရိုးရှင်းစွာမဟုတ်ဘဲ ဦးနှောက်က မသိသေးသော အချက်အလက်များစွာကို ကိုင်တွယ်ဖြေရှင်းသည့် မသိစိတ်ဖြစ်စဉ်တစ်ခုဖြစ်၏။ ဤအချက်အလက်များသည် ရှန့်ချန့်ယန်သည် လူသတ်သမားဖြစ်ကြောင်း ဟိုင်ရိကို အရိပ်အမြွက်ပြနေသည်။


ရှန့်ချန့်ယန်သည် ၎င်းကိုတစ်ခါမျှ ဝန်မခံခဲ့သော်လည်း သူ၏လုပ်ရပ်များသည် လူသတ်သမားတစ်ဦးနှင့် တူနေ၏။


ယခု ဟိုင်ရိ အလိုအပ်ဆုံးမှာ ရှန့်ချန့်ယန်အပေါ်ရှိ သံသယကို ဖယ်ရှားပြီး အခြားတစ်ယောက်ယောက်ပေါ် သံသယကို လွှဲပြောင်းရန်ဖြစ်သည်။ သူက မေးလိုက်၏။


"ချန်ဇယ်၊ သေဆုံးသူကို နောက်ဆုံးဘယ်တုန်းက မြင်ခဲ့တာလဲ"


ချန်ဇယ်သည် ခဏမျှ ငေးစိုက်ကြည့်နေပြီးနောက် သူမ၏ဖုန်းကို ကောက်ကိုင်ရန် မသိစိတ်က လှုပ်ရှားလိုက်သည်။ သို့သော် သူမ၏လက်သည် တစ်ဝက်တစ်ပျက်တွင် ရပ်တန့်သွား၏။


"ည ၈ နာရီကျော်လောက်ကလို့ မှတ်မိတယ်၊ စင်္ကြံလမ်းမှာ သူ(မ)ကို တိုက်မိခဲ့တာ၊ သူ(မ)က..."


သူမ စကားမဆုံးခင် ဟိုင်ရိက ဖြတ်ပြောလိုက်သည်။


"မင်း လိမ်နေတာပဲ"


သူသည် စက္ကူအပိုင်းအစကို ထုတ်ယူကာ ဝှေ့ယမ်းပြပြီး စကားလုံးတစ်လုံးချင်းစီကို ဖတ်ပြသည်။


"ရှန်းရှင့်ရဲ့ မှတ်တမ်း : ည ၁၀ နာရီ ၅ မိနစ်မှာ မင်း(ရှန်းရှင့်) ချန်ဇယ်ကို အိပ်ခန်းကနေ အလျင်အမြန်ထွက်လာတာကို မြင်လိုက်ရတယ်၊ မင်း(ရှန်းရှင့်) သူ့ကို နှုတ်ဆက်ချင်ခဲ့ပေမယ့် သူအရမ်းမြန်မြန်ထွက်သွားတယ်"


ချန်ဇယ်၏ လက်များသည် စားပွဲပေါ်တင်ထား၏။ သူမ ဤစကားကို ကြားသောအခါ မည်သည့်ပုံမှန်မဟုတ်သည့် အမူအရာကိုမှ မပြခဲ့ဘဲ သူမ၏လက်များကိုသာ စိုက်ကြည့်နေသည်။ ခဏတာ တိတ်ဆိတ်ပြီးနောက် သူမက ပြန်ဖြေ၏။


"ဟုတ်တယ်... ည ၁၀ နာရီ ၅ မိနစ်မှာ ငါသွားခဲ့တာ မှန်တယ် ဒါကို ဖုံးကွယ်ထားတာ မှားနေတာမျိုး မရှိဘူးမလား... မင်းညက ည ၁၀ နာရီမှာ သေဆုံးသူကို တွေ့တယ်လို့ ပြောတုန်းက ဘယ်သူမှ နောက်ပိုင်းမှာ သူ့ကိုတွေ့တယ်လို့ မပြောကြဘူး၊ အဲတော့ မင်းတို့ ငါ့ကို သံသယရှိမှာစိုးလို့ ငါမပြောခဲ့တာ"


ဟိုင်ရိက တိုက်ရိုက်မေးလိုက်သည်။



"ခင်ဗျား အဲဒီကို ဘာသွားလုပ်တာလဲ"


ချန်ဇယ် : "ငါ သူ့ကိုကြိုက်တယ်၊ ဒါက ဖောက်ပြန်မှုတစ်ခုပဲ"


ဟိုင်ရိက ရယ်စရာကောင်းသည်ဟု တွေးလိုက်သည်။


"ခင်ဗျားက ခင်ဗျားရဲ့စေ့စပ်ထားသူကို ဒီနေရာကနေ ခေါ်ထုတ်သွားဖို့ ပြောနေခဲ့တာလေ၊ အခုကျတော့ သေဆုံးသူကို ကြိုက်တယ်လား"


ချန်ဇယ်သည် အနည်းငယ် စိတ်မရှည်စွာဖြင့် ပြောလိုက်၏။


"မင်းတို့ လမ်းခွဲပြီးမှလိင်ဆက်ဆံတယ်ဆိုတာ တစ်ခါမှ မကြားဖူးဘူးလား"


သူမသည် သူမချစ်သူ(သတင်းထောက်) ထွက်ခွာသွားသည်ဟူသော အဖြစ်မှန်နှင့် လုံးဝအဆက်အသွယ်ပြတ်တောက်နေပုံရပြီး စိတ်မပါ့တပါနှင့် စိတ်မရှည်ပုံ ပေါ်လွင်နေသည်။


ရွှယ်ချွမ်းက ပြုံးလိုက်၏။


"ကျင်းထျန်က သေဆုံးသူကို ည ၁၀ နာရီမှာ အသက်ရှင်လျက် တွေ့လိုက်ရတယ်၊ ည ၁၀ နာရီ ၁၅ မိနစ်မှာ ဖျင်ကျယ့်က သေဆုံးသူကို မျက်နှာကျက်ကနေ ဆွဲကြိုးချထားတာကို တွေ့လိုက်ရတယ်၊ မင်းက ည ၁၀ နာရီ ၅ မိနစ်မှာ သွားတာ မဟုတ်လား၊ ဒီလမ်းခွဲပြီးလိင်ဆက်ဆံတာက နည်းနည်းမြန်လွန်းတယ် မဟုတ်ဘူးလား"


ချန်ဇယ်က အသက်ပြင်းပြင်း ရှူလိုက်သည်။


"မင်းတို့လည်း အမှန်အတိုင်းပြောတာ မဟုတ်ဘူးမလား၊ သက်သေအထောက်အထားတွေ လိုက်ရှာနေမှတော့ ကောင်းကောင်းလုပ်ပေါ့၊ ဘာလို့ အချိန်ဇယားတွေကိုပါ ဆွဲထည့်ရတာလဲ.. မင်းတို့အားလုံးရဲ့ အချိန်ဇယားတွေကို တွက်ချက်ထားပြီးပြီလား"


"ဟုတ်ပြီ၊ ဟုတ်ပြီ၊ ဟုတ်ပြီ"


ဖျင််ကျယ့်က ငြိမ်းချမ်းရေးဖန်တီးသူအဖြစ် ရပ်တည်ပြောဆိုလိုက်သည်။


"ငါ့ကို တစ်ယောက်ယောက် ရှာချင်လား ငါက နောက်ဆုံးတစ်ယောက်ပဲ"


ရွှယ်ချွမ်းသည် ချန်ဇယ်၏ သဘောထားကို ဒေါသမထွက်ဘဲ နူးညံ့စွာ ပြုံးပြလိုက်၏။


"ကျွန်မ ရှင့်ဟာကို ရှာပြီးပြီ"


ဖျင်ကျယ့်က အလွန်ပျော်ရွှင်သွားသည်။


"ဘာတွေ့ခဲ့လဲ"


ထို့နောက် ချက်ချင်းပင် ရွှယ်ချွမ်းသည် သွေးစွန်းနေသော အဝတ်တစ်စ၊ ကြိုးတစ်ချောင်း၊ ကတ်ကြေး၊ ခွေးသွားစိပ်တစ်ခုနှင့် ကွဲကြေနေသော ပန်းအိုးတစ်လုံးကို ထုတ်ပြလိုက်၏။


ဖျင်ကျယ့် : ...


🌟🌟🌟