Chapter : 17 ( ညီမလေးက အရုပ်ကလေးကို သယ်ထားတယ် [14] )
ဖျင့်ကျယ်သက်ပြင်းချကာ ရယ်မောလိုက်ပြီး လူတိုင်းကို ရည်ရွယ်ကာ ဤစကားများကို ပြောလိုက်သည်။
"ငါဖုံးကွယ်စရာ ဘာမှမရှိဘူး၊ အလောင်းကို ငါဆွဲကြိုးချခဲ့တာ၊ ကြိုးတစ်ချောင်းကို ဖြတ်ပြီး ခွေးသွားစိပ်ကိုသုံးပြီး မျက်နှာကျက်ကနေ ဆွဲကြိုးချခဲ့တယ်၊ သူကိုယ့်ကိုယ်ကို သတ်သေသွားသလို ဖြစ်အောင်လို့၊ ငါဝင်သွားတော့ သူက သေနေပြီ၊ ငါတို့ဆက်ဆံရေးက ဘယ်တော့မှ မကောင်းခဲ့ဘူး၊ တခြားသူတွေက ငါ့ကိုသတ်တယ်လို့ သံသယရှိမှာစိုးလို့ ငါဒီလို ဟန်ဆောင်ခဲ့တာ"
ဖျင်ကျယ့်သည် စဉ်းစားရင်း သတိထားစွာ ပြောလိုက်၏။
"မင်းတို့မနေ့က သေဆုံးသူက ဆွဲကြိုးချပြီး သေတာမဟုတ်ဘူးလို့ ပြောခဲ့ကြတယ်၊ တကယ်တော့ ငါက လူသတ်သမားမဟုတ်ဘူးဆိုတာ ငါသိပြီးသား၊ ငါလုပ်ခဲ့တာက သူ့ကိုဆွဲကြိုးချခဲ့တာပဲ၊ အဲဒီဖြစ်စဉ်မှာ သွေးတွေက ငါ့ကိုယ်ပေါ် စွန်းထင်းကုန်တာ"
ဟိုင်ရိက ယဉ်ကျေးစွာ မေးလိုက်သည်။
"အခု အချိန်ဇယားတွေကို ချိန်လို့ရပြီလား"
ကြည့်ရသည်မှာ သဲလွန်စများအားလုံး ပေါ်နေပြီဖြစ်ရာ သူတို့သည် နောက်ဆုံးအဆင့်သို့ ဆက်လက်လုပ်ဆောင်နိုင်ပြီဖြစ်သည်။ လူသတ်သမားကို ဆုံးဖြတ်ရန် အချိန်ဇယားများနှင့် မှတ်တမ်းများကို တိုက်ဆိုင်စစ်ဆေးခြင်း ဖြစ်၏။
ကန့်ကွက်ခြင်းများ မရှိကြပေ။
ဖျင်ကျယ့်က ဦးဆောင်ပြီး ပြောလိုက်သည်။
"ငါဝင်သွားတုန်းက သူ့ကို ဓားနဲ့ အကြိမ်ကြိမ်ထိုးခံထားရပြီးပြီ၊ သူ့လည်ပင်းမှာ ကြိုးရာတွေတောင် မြင်ခဲ့ရတယ်၊ သူက အဲဒီတုန်းတည်းက သေနေပြီ"
ရွှယ်ချွမ်းက ချန်ဇယ်ကို ကြည့်လိုက်သည်။
"အခု ရှင်အဲဒီကို ဘာသွားလုပ်ခဲ့လဲဆိုတာ ပြောဖို့ ဆန္ဒရှိပြီလား?ရှင်နဲ့ ဖျင်ကျယ့်တို့မှာပဲ ကြိုးရှိတယ်၊ ရှင့်ရဲ့ကြိုးက ရှင့်ဇီကို ကြိုးချည်ဖို့ဆိုတာ ကျွန်မဘယ်တော့မှ မယုံဘူး"
ချန်ဇယ်သည် သူမ၏ မျက်ခုံးများကို တွန့်ချိုးလိုက်သည်။ ခဏတာ တွေဝေပြီးနောက် သူမ၏လက်ကို နဖူးပေါ်တင်ကာ နောက်ဆုံးတွင် ဝန်ခံလိုက်၏။
"သူ့လည်ပင်းက ကြိုးရာတွေက ငါလုပ်ခဲ့တာ"
"ငါ ရှင့်ဇီကို ခေါ်ထုတ်သွားတော့မယ်ဆိုတာ သူသိတယ်"
ချန်ဇယ်က ပြောလိုက်သည်။
"ညဘက် သူ့(မ)အခန်းထဲမှာ ငါ့ကို ရှာတွေ့ခိုင်းတယ်၊ ငါသွားတော့ သူ(မ)က ငါ့ကို ရုပ်ပျက်ဆင်းပျက် ကျိန်ဆဲတယ်လေ၊ ငါ သူ(မ)နဲ့စကားများပြီး ရှင့်ဇီအတွက် ရည်ရွယ်ထားတဲ့ကြိုးနဲ့ သူ့ကို လည်ပင်းညှစ်ခဲ့တယ်"
သူမ တုန်လှုပ်စွာဖြင့် ရွေ့လျားလိုက်၏။
"ဒါပေမယ့် ငါ မသတ်ခဲ့ဘူး၊ ငါ သူ့ကို သတိလစ်သွားအောင်ပဲ လုပ်ပြီးတော့ မြန်မြန် ထွက်သွားခဲ့တာ၊ မင်းတို့အားလုံးလည်း မြင်ခဲ့ကြတယ်၊ သေဆုံးသူရဲ့ သေစေလောက်တဲ့ ဒဏ်ရာတွေက ဓားဒဏ်ရာတွေပဲ"
ဟိုင်ရိသည် သေဆုံးသူကို ကြည့်လိုက်ပြီး ခဏတာမျှ မိမိကိုယ်ကို မချင့်မရဲဖြင့် တီးတိုး ကျိန်ဆဲလိုက်သည်။
ဖျင်ကျယ့် : "အဲဒါ မဟုတ်နိုင်ဘူး၊ အခြေအနေအများစုမှာ သေဆုံးသူကို လည်ပင်းညှစ်သတ်ခဲ့ပြီး ဓားဒဏ်ရာတွေကို နောက်မှ ထပ်ဖြည့်တာ ဖြစ်နိုင်တယ်"
"ငါသာဆိုရင်"
ချန်ဇယ်က ထပ်ပြောလိုက်သည်။
"ည ၁၀ နာရီ ၅ မိနစ်မှာ သေဆုံးသူရဲ့ အခန်းကို ငါသွားခဲ့တယ်လို့ သဲလွန်စက ဒီလောက်တောင် တိုက်ရိုက်ပြောမှာလား ဒါဆို ငါဝင်သွားတုန်းက သေဆုံးသူက မသေသေးဘူးလို့ ငါသံသယဖြစ်မိတယ်၊ မင်းက သူ့ကို ဓားဒဏ်ရာတွေ ပေးခဲ့တာလား"
ဖျင်ကျယ့်သည် မိမိကိုယ်ကို ထိန်းချုပ်ထားခဲ့သော်လည်း သူမ၏သဘောထားနှင့် အသံနေအထားက သူ့ကို အနည်းငယ် စိတ်မကျေနပ်စေခဲ့၏။
"မင်းဆက်မကစားချင်ဘူးဆိုရင် ငါတို့မင်းကို မဲပေးပြီး ထုတ်လိုက်မယ်၊ ဘာလို့ စိတ်ဆိုးနေတာလဲ"
ဤစကားကြောင့် သိသာထင်ရှားသော အကျိုးသက်ရောက်မှု ရှိခဲ့သည်။ ချန်ဇယ်သည် ချက်ချင်း တိတ်ဆိတ်သွား၏။
ဤသို့သော လုပ်ဆောင်မှုကို ဟိုင်ရိ ပထမဆုံးအကြိမ် ကြားဖူးခြင်း ဖြစ်သည်။ သူရှန့်ချန့်ယန်ကို ကြည့်လိုက်၏။ သူတို့၏ နှလုံးသားများ တစ်သားတည်းခုန်နေသကဲ့သို့ ရှန့်ချန့်ယန်က လှည့်ကာ သူ့နားထဲသို့ တီးတိုးပြောလိုက်သည်။
"ဒီလိုအခြေအနေမျိုးနဲ့ ပူးပေါင်းဆောင်ရွက်မှုမရှိတဲ့ ကစားသမားတစ်ယောက်ရှိရင် မဲပေးပြီး ထုတ်လိုက်၊ အချိန်မဖြုန်းနဲ့"
ချန်ဇယ်သည် ပြန်ထိုင်လိုက်ပြီး သူမ၏လက်များကို မှိုင်တွေစွာ စိုက်ကြည့်နေသည်။ ကြည့်ရသည်မှာ သူမဂိမ်းတွင် ပါဝင်ရန် ဆန္ဒများများစားစား မရှိတော့ပုံရ၏။ သို့သော်လည်း သူမ စိတ်ဆိုးဒေါသ မထွက်တော့ပေ။
ရွှယ်ချွမ်းသည် အရာရာကို တမင်တကာ ခက်ခဲအောင် လုပ်ချင်ပုံရပြီး သူမကို ယဉ်ကျေးသောမေးခွန်းတစ်ခု မေးရန် အတင်းအကျပ် တောင်းဆိုခဲ့သည်။
"ချန်ဇယ်၊ သေဆုံးသူရဲ့အခန်းက ထွက်လာပြီး ဘာလုပ်ခဲ့သေးလဲ"
ချန်ဇယ်က ပြောလိုက်သည်။
"ရှင့်ဇီကို ခေါ်ထုတ်သွားဖို့ သွားရှာတာ"
ရွှယ်ချွမ်း : "ရှင့်ဇီနဲ့ တွေ့ခဲ့လား"
ဟိုင်ရိသည် သူ့လက်ကို တစ်ဖန်ပြန် ဆုပ်လိုက်သည်။ သူ့နှလုံးခုန်နှုန်းမြန်လာပြီး သူ့အသက်ရှူသံ ခဏတာ ရပ်တန့်သွားသလို ဖြစ်သွား၏။
"တွေ့တယ်"
ချန်ဇယ်က ဖြစ်ပျက်ခဲ့သည့်အရာကို တစ်လုံးတည်းဖြင့် အကျဉ်းချုပ်လိုက်သည်။
"သူ အိပ်နေတာ၊ ငါ့ဆေးကြောင့် မေ့လဲနေတာ"
ရွှယ်ချွမ်းသည် ရှန့်ချန့်ယန်ကို ကြည့်လိုက်ရာ သူက ခေါင်းညိတ်ပြီး ပြန်ပြောလိုက်၏။
"ကျွန်တော့်ဇာတ်လမ်းအရ ည ၇ နာရီနောက်ပိုင်း ညစာစားပြီး ခေါင်းမူးပြီး အိပ်ပျော်သွားတယ်၊ ချန်ဇယ်က ကျွန်တော့်ကို မနှိုးခင်အထိ အိပ်ပျော်နေတာ၊ ကျွန်တော်နိုးလာတော့ ည ၁၀ နာရီ ၁၅ မိနစ် ဖြစ်နေပြီ၊ စင်္ကြံကနေ အော်သံကြားပြီး အပြင်ထွက်လိုက်တော့ ကျွန်တော့်အမေသေနေတာကို တွေ့လိုက်ရတယ်"
ရွှယ်ချွမ်းက ဒါကို မယုံနိုင်အောင် ဖြစ်သွားသည်။
"ရှင် တစ်ချိန်လုံး အိပ်နေခဲ့တာလား"
ရှန့်ချန့်ယန်က ပြောလိုက်၏။
"ကျွန်တော် ဆေးမိနေတာ"
ချန်ဇယ်က ပေါ့ပေါ့ပါးပါး ထပ်ပြောလိုက်သည်။
"သူ(ရှင့်ဇီ)စားတာကို ငါကြည့်နေခဲ့တာပါ အဲဒါ ဇာတ်လမ်းထဲမှာ ဖော်ပြထားတာပဲ"
ရွှယ်ချွမ်း : "ဒါဆို သေဆုံးသူ သေတာ ရှင်လုံးဝ မသိခဲ့ဘူးပေါ့"
"မသိဘူး"
ရှန့်ချန့်ယန်က ပြန်ဖြေသည်။
"ကျွန်တော်ဘယ်လိုသိမှာလဲ"
ဟိုင်ရိသည် သက်ပြင်းတစ်ချက်ချလိုက်ရာ 'စိတ်သက်သာရာရခြင်း' နှင့် 'သံသယ' နှစ်မျိုးစလုံး ပြိုင်တူပါဝင်နေသည်။ ထိုသို့ဆိုလျှင် ရှန့်ချန့်ယန်က မည်သို့ သတ်ခဲ့သနည်း။
သို့သော် ရှန့်ချန့်ယန်က ဦးဆောင်ပြီး ကမ်းလှမ်းလိုက်၏။
"ဘာလို့ လူတိုင်း ကိုယ်သိတာကို မပြောကြတာလဲ၊ ခင်ဗျားတို့အားလုံး ဒီကိုဘာလို့ရောက်နေကြတာလဲဆိုတာ ကျွန်တော်တောင် မသိဘူး"
ဟိုင်ရိက ပူးပေါင်းဆောင်ရွက်ရန် ဦးဆောင်လိုက်သည်။
"ငါ ဖျင်ကျယ့်ကို သတ်ဖို့လာခဲ့တာ၊ ငါည ၁၀ နာရီမှာ သေဆုံးသူကို သွားရှာခဲ့တာက ဖျင်ကျယ့်က ဆေးမိထားတဲ့ အစားအစာကို စားခဲ့လားလို့ မေးချင်လို့၊ သူက ဖျင့်ကျယ် စားခဲ့တယ်လို့ ပြောတယ်"
ရွှယ်ချွမ်းက သူ့ကို လှောင်ပြောင်လိုက်၏။
"ကျင်းထျန်က ဒီကိုရောက်လာပေမယ့် ဘာတစ်ခုမှ မပါဝင်သလိုပဲ၊ မျက်စိမှိတ်ကစားတဲ့ ကစားသမားတစ်ယောက်စစ်စစ်ပဲ"
ဟိုင်ရိသည် ဂိမ်းတစ်လျှောက်လုံး ရေစီးကြောင်းအတိုင်း လိုက်ပါနေခဲ့သည်မှာ မှန်သည်။ နောက်ဆုံးတွင် သူသည် လူသတ်သမားမဟုတ်ဘဲနှင့် လူသတ်သမား၏ လက်ထောက်အလုပ်ကို လုပ်ခဲ့ရသည့် အချက်ကြောင့် သူ့နှလုံးသားက ပင်ပန်းနွမ်းနယ်ခြင်း မရှိခဲ့ပေ။
ဟိုင်ရိ : "ရွှယ်ကျဲ၊ ဆက်ပြောပါ"
ရွှယ်ချွမ်း : "ကောင်းပြီ၊ ရွှယ်ကျဲ ပြောမယ်"
"ကျွန်မ သိတာတွေကို အရင်ပြောပြမယ်"
ရွှယ်ချွမ်းက နူးညံ့စွာ ပြောလိုက်သည်။
"ကျွန်မက လူ၊ ဝိဉာဉ်မဟုတ်ဘူး၊ ဒါပေမယ့် ကျွန်မသမီးက ဝိဉာဉ်ဖြစ်နိုင်ခြေရှိတယ်၊ ရှင်တို့မသိတာက ယွိရှန့်က ကျွန်မသမီးအရင်းဖြစ်ပြီး သေဆုံးသူရဲ့သမီး မဟုတ်ဘူးဆိုတာပဲ၊ သူ့ကို ချယ်ရီပန်းပင်အောက်မှာ မြှုပ်ထားတယ်"
ဤသဲလွန်စသည် အမှန်တကယ် မမျှော်လင့်ဘဲ အနည်းငယ် ထိတ်လန့်စရာပင်။ ခဏတာမျှ လူတိုင်းသည် မျက်လုံးများကို ပြူးကြည့်ကာ အရပ်မျက်နှာအနှံ့ ကြည့်နေကြ၏။ သူတို့အားလုံး အကျပ်အတည်း ရောက်နေကြသည်။
ဟိုင်ရိသည် သတိပြန်ဝင်လာပြီးနောက် တစ်ခုခုမှားနေသည်ဟု ခံစားရသည်။
"ဒါဆို ရှင့်ဇီကရော"
"သူကလည်း ကျွန်မသမီးပါပဲ"
ရွှယ်ချွမ်း၏အကြည့်က လှုပ်ခတ်သွား၏။
"သခင်မကြီးရဲ့ ခန္ဓာကိုယ်မှာ ပြဿနာရှိခဲ့တယ်၊ သူ ကလေးမွေးလို့ မရဘူး"
ဟိုင်ရိသည် ရှန့်ချန့်ယန်ကို တစ်ချက်ကြည့်လိုက်သည်။ သူဘာမေးချင်သည်ကို သိသော ရွှယ်ချွမ်းက ပြောလိုက်၏။
"ရှင့်ဇီက ဒီအကြောင်းကို မသိဘူး"
ရှန့်ချန့်ယန်က ထပ်ပြောသည်။
"ကျွန်တော်တကယ်မသိခဲ့ဘူး"
ဤစကားများကို ဟိုင်ရိအတွက် အထူးပြောခဲ့ခြင်း ဖြစ်၏။
ဟိုင်ရိ : "ဒါဆို... သေဆုံးသူသေတုန်းက ခင်ဗျားဘာလုပ်နေတာလဲ၊ သူက ခင်ဗျား သမီးကို သတ်ခဲ့တာ၊ ခင်ဗျားသူ့ကို သတ်ချင်မှာပဲ မဟုတ်လား"
ရွှယ်ချွမ်း : "ဟုတ်တယ်၊ ဒါပေမယ့် ကျွန်မမှာ စွမ်းရည်မရှိဘူး၊ ကျွန်မသမီးက ကျွန်မကို တစ်ခါတရံ ပူးတတ်လို့ ကျွန်မရဲ့အားအင်အဆင့်တွေ လုံးဝမကောင်းဘူး၊ အဲဒီညက ကျွန်မစောစောအိပ်ရာဝင်ခဲ့တာ"
"အဲဒါကြောင့် ခင်ဗျားသူ့ကို ဖိနှိပ်ဖို့ မှန်ကိုသုံးတာလား"
ဟိုင်ရိက မေးမြန်းလိုက်သည်။
"အင်း"
ရွှယ်ချွမ်းက ခေါင်းညိတ်၏။
"ကျွန်မ မကြာခဏ အိပ်မက်မက်တယ်၊ သူချယ်ရီပန်းပင်အောက်ကနေ ထွက်လာပြီး လက်ထဲမှာ အရုပ်တစ်ရုပ်ကို ကိုင်၊ ကလေးသီချင်းဆိုနေတာကိုပေါ့၊ အရမ်းကြောက်ဖို့ကောင်းလို့ ပါးစပ်မရှိတဲ့ ဒီအရုပ်ကို ချုပ်ပေးဖို့ ဗိုလ်ချုပ်ကို တစ်ယောက်ယောက် ရှာခိုင်းခဲ့တာ"
ဒီအချက်မှာ ရှန့်ချန့်ယန်က ရုတ်တရက် ဖြတ်ပြောလိုက်၏။
"ခင်ဗျားလိမ်နေတာ မလား"
ဟိုင်ရိသည် စဉ်းစားငြိမ်သက်နေစဉ် အဆိုပါစကားများကို ကြားရသောအခါ ရုတ်တရက် သူ့ကို လှည့်ကြည့်လိုက်သည်။ လျှပ်စစ်ဓာတ်လိုက်ခံရသော ကြွက်ကလေးတစ်ကောင်လိုပင်။ ရှန့်ချန့်ယန် ဘာပြောတော့မည်ကို သူ မသိပေ။
ရှန့်ချန့်ယန် : "ခင်ဗျားအခန်းထဲက အရုပ်က ကျွန်တော့်ဟာနဲ့ မတူဘူး၊ ခင်ဗျားဟာက ယွိရှန့် မဟုတ်ဘူး''
ရွှယ်ချွမ်းသာမက ဟိုင်ရိပါ စကားမပြောနိုင်အောင် ဖြစ်သွားသည်။ အဓိကအကြောင်းရင်းက ရှန့်ချန့်ယန်က ဤသဲလွန်စကို ဘာကြောင့် ရုတ်တရက် ထုတ်ဖော်ပြသရသည်ကို သူ မသိသောကြောင့်ပင်။
သူက လူသတ်သမားမဟုတ်တာလား...
ရွှယ်ချွမ်းက ပြုံးလိုက်၏။
"မတူညီတဲ့ လူတွေလုပ်ခဲ့လို့များလား.. ရှင့်ဟာက ရှင့်အမေလုပ်တာ၊ ကျွန်မဟာက ဗိုလ်ချုပ် ရှာတွေ့ခဲ့တဲ့လူလုပ်တာ..."
သို့သော် ရှန့်ချန့်ယန်က သူမစကားမဆုံးခင်ကပင် ဆက်ပြောလိုက်သည်။
"ခင်ဗျားရဲ့အရုပ်က ခင်ဗျားကိုယ်တိုင်ပဲ"
ရှန့်ချန့်ယန်သည် အရုပ်ကို ထုတ်ယူကာ စားပွဲပေါ်တင်လိုက်သည်။
တံတောင်ဆစ်နှစ်ဖက်လုံးကို စားပွဲပေါ်တင်ရင်း အရုပ်ခေါင်းပေါ် လက်ချောင်းတစ်ဖက်ဖြင့် တို့ကာ ပြောလိုက်၏။
"ဒီဆံပင်ပုံစံက အိမ်ထောင်သည် အမျိုးသမီးတစ်ဦးရဲ့ ဆံပင်ပုံစံပဲ၊ ကျွန်တော်နဲ့ ယွိရှန့်က အနောက်တိုင်းဝတ်စုံတွေကိုပဲ အမြဲဝတ်ပြီး ကီမိုနိုကို ဘယ်တော့မှ မဝတ်ဖူးဘူး၊ ဒီလိုဆံပင်ပုံစံမျိုး ရှိဖို့ဆိုတာ မဖြစ်နိုင်ဘူး၊ ဒီအရုပ်က ခင်ဗျားလား၊ ဒါမှမဟုတ်... ဒီအရုပ်က ရွှယ်ချွမ်းပဲ၊ မှန်ရဲ့လား၊ ယွိရှန့်"
ရွှယ်ချွမ်းက ဒါကို နားမလည်နိုင်အောင် ဖြစ်ကာ လှောင်ပြောင်ရယ်မောလိုက်၏။
"ဘာလို့ အဲဒီလို ထင်ရတာလဲ"
ရှန့်ချန့်ယန် : "ခင်ဗျားရဲ့သမီးက ခင်ဗျား ကိုယ်ထဲမှာရှိရုံပဲ မဟုတ်ဘူးလို့ ကျွန်တော်ထင်တယ်၊ သူက ခင်ဗျားကိုပါ ထိန်းချုပ်နေတာ မဟုတ်လား ခင်ဗျားကို ကြောက်နေတာက ယွိရှန့်ပဲ၊ ပြောင်းပြန်မဟုတ်ဘူး၊ အဲဒါကြောင့် ယွိရှန့်က ရွှယ်ချွမ်းပုံစံ အရုပ်လုပ်ပြီး ရွှယ်ချွမ်းရဲ့ ဝိညာဉ်ကို ဖိနှိပ်နိုင်အောင် လုပ်ခဲ့တာ၊ ခင်ဗျားပြန်လာမှာကို သူကြောက်ခဲ့တာ"
ရှန့်ချန့်ယန်သည် နောက်သို့မှီလိုက်ပြီး အလွန်အမင်း ဂရုမစိုက်သလို ပုံပေါ်နေသော်လည်း အရာအားလုံးကို သူ့လက်ဖဝါးထဲတွင် ထိန်းချုပ်ထား၏။ သူက မေးလိုက်သည်။
"ခင်ဗျားက ယွိရှန့်ပဲ မဟုတ်လား"
ရွှယ်ချွမ်း၏ အကြည့်သည် ရှန့်ချန့်ယန်ပေါ်တွင် စူးစိုက်နေခဲ့သည်။ နောက်ဆုံးတွင် သူမ၏ နူးညံ့သော အပြုံးကို ဖယ်ရှားလိုက်၏။
ဟိုင်ရိ ပထမဆုံးအကြိမ် ရွှယ်ချွမ်းကို မြင်တုန်းကပင် သူ့ရင်ထဲမှာ ပူပန်မှုတွေ အရမ်းများနေတာကို ခံစားမိခဲ့သည်။ သူမ၏ အမြဲနွေးထွေးပြီး နူးညံ့တဲ့ပုံစံရှိပေမယ့် သူ့ကို ချဉ်းကပ်ရန် ခက်ခဲ၏။ အဲဒီခံစားချက်က သူတို့ရဲ့ ကြာရှည်စွာ အပြန်အလှန်ဆက်ဆံမှုတွေကြောင့် နည်းနည်းမှေးမှိန်သွားခဲ့ပေမယ့် အခု ရွှယ်ချွမ်းက သူမရဲ့ အပြုံးကို ဖယ်ရှားလိုက်သည်နှင့် ထိုခံစားချက် ပြန်ပေါ်လာသည်။
မကြာခင်မှာပဲ ရွှယ်ချွမ်းက လေးလေးနက်နက် ပြောလိုက်၏။
"ကျွန်မက ယွိရှန့်ဆိုရင်၊ ရှင်က ဘယ်သူလဲ... ရှင့်ဇီလား"
ရှန့်ချန့်ယန် : "ကျွန်တော့်ကို မပူးခဲ့ဘူး"
"ရှင့်အရုပ်ပေါ်က သွေးစက်လေး"
ရွှယ်ချွမ်းက အေးစက်စက် ရယ်မောလိုက်သည်။
"ကျွန်မ ရှင့်ကို ယုံမယ်ထင်လား"
"မဟုတ်ရင် ကျွန်တော်ဘယ်သူဖြစ်နိုင်သေးလို့လဲ"
ရှန့်ချန့်ယန်က လျစ်လျူရှုစွာ မေးလိုက်သည်။
"ဘယ်သူက ကျွန်တော့်ကို ပူးနိုင်သေးလဲ ဒီအိမ်ထဲမှာ တစ်ယောက်ပဲ သေခဲ့တာ... အဲ့တာခင််ဗျားပဲ၊ ကျဲ"
ဟိုင်ရိက အံ့သြတုန်လှုပ်နေသည်။
"နေဦး ရွှယ်ချွမ်း၊ ခင်ဗျားက တကယ်တော့... ယွိရှန့်လား ခင်ဗျားက ရှင့်ဇီရဲ့ အစ်မလား"
ရွှယ်ချွမ်းရဲ့ နှုတ်ခမ်းထောင့်လေးက အေးစက်စက် ပြုံးလိုက်၏။ သူမ ဝန်မခံခဲ့သော်လည်း ငြင်းလည်း မငြင်းခဲ့ပေ။
🌟🌟🌟