🌹Chapter 19
စာတော်တဲ့နတ်ဘုရား အဖြစ်ဟန်ဆောင်ရတာ ခဏတာတော့ ကောင်းပေမဲ့ လပတ်စာမေးပွဲရောက်ရင် ငါတော့သေပြီပဲ…
ရှက်စရာများကို ရှောင်ရှားရန်အတွက် စုန့်ယွီက ရူပဗေဒ စာမေးပွဲစာရွက်ကို ထုတ်ပြီး ရူပဗေဒကို စတင်လေ့လာခဲ့သည်။
မာရှောင်တင်းက မငြိမ်မသက်ဖြစ်နေသည်။ စုန့်ယွီက 'မဖြစ်မနေလုပ်ရမည့် ရူပဗေဒ' လေ့ကျင့်ခန်းစာအုပ်ကို ပြောင်း၍ လေ့လာနေသည်ကို မြင်သာအခါ သူက အလွန်စိတ်လှုပ်ရှားသွားပြီး ပြောလိုက်သည်။
"ယွီကော… ကော နောက်ဆုံးတော့ သင်္ချာကို လက်လျှော့လိုက်ပြီလား…"
ယခုမှ ပထမဆုံးကို စာမျက်နှာ ဖွင့်ခဲ့သော စုန့်ယွီက သူ့စကားများတွင် ပြဿနာရှိနေသည်ဟု ခံစားလိုက်ရသည်။ သူ့နှုတ်ခမ်းထောင့်လေးက ကွေးညွှတ်သွားပြီး ပြောလိုက်သည်။
"မင်းရဲ့စကားတွေက ပိုပြီးလေးစားမှုရှိသင့်တယ်… လက်လျှော့လိုက်ပြီဆိုတာ ဘာကိုဆိုလိုတာလဲ…"
မာရှောင်တင်းက ယခုမှသာ သဘောပေါက်ခဲ့သည်။
ယွီကောမှာ မြို့တော် A ရဲ့ စာတော်တဲ့နတ်ဘုရားဆိုတဲ့ ဂုဏ်ပုဒ်လည်း ရှိသေးတာကိုး…
သူ ချက်ချင်းပင် ရှက်သွားခဲ့သည်။
"အိုး… ငါက အရမ်းရူးတာပဲ… ယွီကောက အားလုံးကို ကျွမ်းကျင်ပြီးသားဖြစ်ရမယ်…."
ရှီးပေါ်ဝမ်က စိတ်အားထက်သန်မှုအပြည့်နှင့် ပြောခဲ့သည်။
"ယွီကော သင်္ချာသင်ယူဖို့ ကောင်းတဲ့ နည်းလမ်းတွေ ရှိသေးလား…"
စုန့်ယွီက ခေတ္တလောက် မျက်လုံးပင့်ကြည့်လိုက်သည်။ သူက သူ၏ ယခင်ဘဝ၌ စာတော်သည့်နတ်ဘုရား မဟုတ်ခဲ့သော်လည်း သူ့အဆင့်များက မဆိုးခဲ့ပေ။ သူက အသုံးဝင်သော်လည်း ရှေးကျသော အကြံဉာဏ်များကို ပေါ့ပေါ့ပါးပါးနှင့် ပြောလိုက်သည်။
"မှတ်စုတွေကို သေချာရေး…အကျဉ်းချုပ်ကို သင်ယူပြီးတော့ ကောင်းကောင်း ခြုံငုံမှတ်သားတတ်အောင် သင်ယူပါ…နားမလည်ရင် မေး… ကိုယ့်ရဲ့ အသိပညာမှာ ဘာကွက်လပ်မှ မချန်ထားနဲ့…"
မဟုတ်ရင် အထက်တန်းရဲ့တတိယနှစ်မှာ ခံရလိမ့်မယ်…
မာရှောင်တင်းက မကျေမနပ်ဖြစ်နေခဲ့သည်။
"ယွီကော မင်းရဲ့ စကားတွေက ဘာမှမပြောတာထက် မသာဘူး…"
စုန့်ယွီက မျက်လုံးလှန်ကြည့်ပြီး ပြောသည်။
"မင်းက မျှော်လင့်ချက်မဲ့နေတာပဲ…”
ရှဲ့ဆွေ့၏ ဘောပင်က ရပ်တန့်သွားပြီး ခဏတာ ရယ်မောလိုက်သည်။
စုန့်ယွီက ထူးဆန်းတဲ့ သင်ယူမှုနည်းလမ်းတွေ မျှဝေလိမ့်မယ်လို့ ငါထင်ခဲ့တာ… ဘာပဲဖြစ်ဖြစ် သူက အလယ်တန်းပြီးတာနဲ့ Lagrange ကို စိန်ခေါ်ချင်တဲ့သူပဲလေ… သူ့ရဲ့ အကြံဉာဏ်တွေက ဒီလောက်သင့်လျော်လိမ့်မယ်လို့ ငါ မထင်ခဲ့ဘူး…
မာရှောင်တင်းက ဆက်ပြီး ပွစိပွစိ ပြောနေသည်။
"မင်း ငါ့ကို မေးမယ်ဆိုရင် သင်္ချာက လူသားကို ဆန့်ကျင်တဲ့အရာပဲ… အထူးသဖြင့် ငါ့အပေါ် ရန်ငြိုးအထားဆုံးက functions တွေပဲ… ငါ အလယ်တန်းတုန်းက ဘောပင်ကောက်ဖို့ ကုန်းလိုက်တာနဲ့ အဲ့ဒီအတန်းချိန်ကို ဘယ်မှ နားမလည်တော့ဘူး…"
ရှီးပေါ်ဝမ်က သူ့ကို အထင်အမြင်သေးစွာနှင့် ပြောလိုက်သည်။
"ဒါဆို မင်း အမှတ် (၁) ကျောင်းကို ဘယ်လိုဝင်ခဲ့တာလဲ…"
မာရှောင်တင်းက အနည်းငယ် မာန်တက်စွာနှင့် ရင်ဘတ်ကော့လိုက်သည်။
"ငါက တရုတ်စာမှာကောင်းတယ်လေ…လူမှုရေးဘာသာရပ်ကိုပဲ အထူးပြုတဲ့ စာတော်တဲ့နတ်ဘုရားကို ဘယ်တော့မှ မမြင်ဖူးဘူးလား…”
ရှီးပေါ်ဝမ်: "......"
သူ့ဘာသာစကားက ကောင်းလို့လား…
သူ့ရဲ့ 'ဆယ်နှစ်တာ သေခြင်းရှင်ခြင်းနှင့် မှိန်ပျပျ ခွဲနေကြ' ဆိုတဲ့ စကားလုံးတွေပေါ် အခြေခံပြီးတော့လား…
မာရှောင်တင်းက သူ့ကိုယ်သူ ဆက်၍ထိန်းမရသဖြင့် ဆက်ပြောနေခဲ့သည်။
"ငါက ပုံမှန်ဆို ဂန်းစတားလို ပုံစံပေါက်နေပေမဲ့ အရိုးသားဆုံးပြောရရင် စာပေချစ်မြတ်နိုးတဲ့ လူငယ် တစ်ယောက်ပဲ….ငါက ကဗျာတွေ ရွတ်ရတာကို အရမ်းကြိုက်တယ်… ငါသာ ရှေးခေတ်မှာဆိုရင် ငါက လူတစ်ယောက်ကို သတ်တိုင်း ကဗျာတစ်ပုဒ် ရွတ်ဆိုမဲ့ ဓားသမားတစ်ယောက် ဖြစ်သင့်တယ်… ငါက ဆိုးသွမ်းသူတွေကို အပြစ်ပေးပြီးတော့ ကောင်းတဲ့သူတွေ မြှင့်တင်မယ်… ပြီးတော့ အရမ်းမိုက်ပြီး ဆန်းပြားတဲ့သူ ဖြစ်ရမယ်…"
"ငါ မင်းတို့အတွက် ကဗျာတချို့ ရွတ်ပြမယ်..."
မာရှောင်တင်းက သူ့ထိုင်ခုံဖော်ကို တွယ်ကပ်ပြီး သူ့ကိုယ်ပိုင်ဖျော်ဖြေပွဲကို စတင်လိုက်သည်။
ရှီးပေါ်ဝမ်: "......"
မာရှောင်တင်း၏ကဗျာများကို ဆက်နားထောင်နေရလျှင် သူ့ဘာသာစကားနှင့် ကဗျာအပေါ်နားလည်မှုများက အန္တရာယ်ရှိနိုင်သည်ဟု သူ ခံစားလိုက်ရသည်။
စုန့်ယွီက သူတို့ကို ဆက်ပြီး အာရုံမစိုက်တော့ဘဲ တိတ်ဆိတ်စွာ စာလေ့လာတော့သည်။
ညဘက် စာကျက်ပြီး ရူပဗေဒစာမေးပွဲစာရွက်တစ်ရွက် ဖြေပြီးနောက်တွင် သူက လုံလောက်သည့် ယုံကြည်မှု ရရှိခဲ့သည်။
"ငါ့ အရည်အချင်းတွေက ရူပဗေဒမှာ ရှိနေတာလို့ ထင်တယ်…"
အဖြေများကို တိုက်ကာစစ်ဆေးပြီးနောက် ဘောပင်ကို ပိတ်လိုက်ရင်း စုန့်ယွီက သက်ပြင်းချလိုက်သည်။
သူက စာရွက်ကို လှမ်းပေးလိုက်ပြီး သူ့ဘောပင်က စက်ပိုင်းဆိုင်ရာ ယူနစ်၏အဆုံးကို ထောက်ပြနေခဲ့သည်။
"ကြည့်ဦး… နောက်ဆုံးမေးခွန်းကိုတောင် ငါ လုပ်နိုင်တယ်… အံ့ဩစရာပဲ ဟုတ်တယ်မလား…"
ရှဲ့ဆွေ့က သူ့ကို ကြည့်ရန် ခေါင်းစောင်းလိုက်သည်။
အမှန်တွင် မည်သည့်ဖွဲ့စည်းပုံ၊ မည်သည့်စီမံကိန်းမှမရှိဘဲ မျက်စိမှိတ် မေးခွန်းများလုပ်နေခြင်းက စုန့်ယွီအတွက် မည်သို့အသုံးဝင်မည်ကို သူ နားမလည်ခဲ့ပေ။
သို့သော် စုန့်ယွီ၏ မျက်လုံးများက ကြွေကျနေသည့် ကြယ်များစီးဆင်းနေသကဲ့သို့ တောက်ပနေသည်ကို သူတွေ့လိုက်ရသောအခါ စကားလုံးအချို့က သူ့လည်ချောင်းနားမှတစ်ဆင့် U-turn လှည့်ပြီး ပြန်ဆင်းသွားခဲ့သည်။
သူ စာမေးပွဲစာရွက်ကို ငုံ့ကြည့်လိုက်သည်။
စုန့်ယွီ ပြီးမြောက်ခဲ့သည်က အထက်တန်း၏ ရူပဗေဒစက်ပိုင်းဆိုင်ရာ စာမေးပွဲစာရွက်ပင်ဖြစ်သည်။ နောက်ဆုံးမေးခွန်းက principle of leverage နှင့် ပတ်သက်သည်။
စုန့်ယွီက မေးသည်။
"အံ့ဩစရာပဲ… ဟုတ်တယ်မလား..."
ရှဲ့ဆွေ့က သူ့ကို စိုက်ကြည့်ပြီး ဖြည်းဖြည်းချင်း ပြောလိုက်သည်။
"အံ့ဩစရာပါပဲ…"
စုန့်ယွီက “ကျွတ်" ဟု အသံပြုလိုက်ပြီး ပို၍ပင် မာန်တက်လာခဲ့သည်။
"ငါ့ အရည်အချင်းတွေက ရူပဗေဒမှာ ရှိနေတာကိုး…"
ရှဲ့ဆွေ့က ကျောင်းမဖွင့်မီတွင် စုန့်ယွီ၏ IP ကို ခြေရာခံခဲ့စဉ်က မြင်ခဲ့ရသည့် ဖိုရမ်အဖြေများကို ရုတ်တရက် သတိရသွားခဲ့ပြီး ညင်သာစွာ ပြုံးလိုက်သည်။
"မဟုတ်ဘူး… မင်းရဲ့အရည်အချင်းက ရန်ဖြစ်တဲ့နေရာမှာ ရှိတယ်လို့ ငါထင်တယ်…"
စုန့်ယွီ: "……???"
အတန်းပြီးပြီဆိုသည့် ခေါင်းလောင်းသံ မြည်လာခဲ့သည်။
အိုးယီလျန်က အတန်းကိစ္စများကို အမြန်ဆုံး ရှင်းလင်းရန် ရှေ့သို့ သွားပြီး ပြောခဲ့သည်။
"မင်းတို့ နေ့ခင်းဘက်မှာ အားလပ်ချိန် ရမယ်… ကြိုဆိုပွဲအခမ်းအနားက ညနေဘက်မှာ ရှိမယ်… ည ၇ နာရီမှာ အတန်းသားတွေ စုပြီး ခန်းမကို အတူတူသွားကြမယ်…. နောက်မကျအောင် သတိရကြပါ…"
"ကောင်းပြီ… အတန်းပြီးပြီ… စုန့်ယွီ၊ ဆရာမ ရုံးခန်းကို လာခဲ့…"
အဘယ်ကြောင့်မှန်းမသိ ရုတ်တရက် အခေါ်ခံလိုက်ရသော စုန့်ယွီက စိတ်ရှုပ်ထွေးမှုများနှင့် ပြည့်နှက်နေလေသည်။
မာရှောင်တင်းလည်း မှင်သက်သွားခဲ့သည်။
"ယွီကော၊ ငါ မင်းကို စောင့်နေရမလား…"
စုန့်ယွီက သူ့စာအုပ်များကို ကောက်ကိုင်ပြီး နှာရှုံ့လိုက်သည်။
"ငါတို့နေတာက ဆန့်ကျင်ဘက် လမ်းတွေပဲ.. မင်း ငါ့ကို ဘာလို့ စောင့်နေမှာလဲ…."
မာရှောင်တင်းက "ဪ" ဟု နှစ်ချက်ပြောပြီး ပြန်လှည့်ကြည့်ကာ နှုတ်ဆက်ပြီး ထွက်သွားလေသည်။
"ဒါဆိုလည်း ကော ကိုယ့်ဘာသာ ဂရုစိုက်သွားနော်…"
အိုးယီလျန်က စုန့်ယွီက သူ့စာအုပ်များနှင့် ဝင်လာသည်ကို မြင်သောအခါ မကျေနပ်သော မျက်နှာနှင့် မျက်မှောင်ကြုတ်လိုက်သည်။ သူမက ဘာစကားမျှ ထပ်မပြောဘဲ ဒေါက်မြင့်ဖိနပ်နှင့် ရုံးခန်းထဲသို့ လျှောက်ဝင်သွားခဲ့သည်။
ရုံးခန်းထဲတွင် အိုးယီလျန်က စုန့်ယွီကို ကြည့်ပင်မကြည့်ဘဲ သူ့နာမည်စာရင်းကိုသာ အာရုံစိုက်နေသည်။
"စုန့်ယွီ၊ ဟုတ်တယ်မလား.. ကျောင်းအုပ်ကြီးပြောတာ မင်းက အထူးကျောင်းသားဖြစ်ပြီးတော့ အထူးပြုစုစောင့်ရှောက်မှု လိုအပ်တယ်ဆို…"
အိုးယီလျန်၏ <နူးညံ့သောထိန်းချုပ်ခြင်း> ဝတ္ထုထဲရှိ စရိုက်က ချီးကျူးစရာမကောင်းသော်လည်း ဤအချိန်တွင် သူမက ဆရာမတစ်ယောက်အနေနှင့် ထူးထူးခြားခြား ဘာမျှ မလုပ်သေးပေ။
စုန့်ယွီကလည်း သူမကို အရှက်ရအောင် လုပ်ချင်သည့်အဆင့်အထိ မရောက်သေးပေ။
ဤသည်ကို ကြားသောအခါ သူ ခေါင်းခါလိုက်သည်။
"မဟုတ်ပါဘူး…အထူးပြုစုစောင့်ရှောက်မှု မလိုပါဘူး… ကျေးဇူးတင်ပါတယ် လောင်ရှီး…"
အိုးယီလျန်က ဘာမျှ မပြောဘဲ သူ့လက်ထဲရှိ ဘောပင်နီနှင့် စာရွက်ပေါ်တွင် အမှတ်အသားနှစ်ခု ပြုလုပ်လိုက်သည်။ သူမက ပြောလိုက်သည်။
"မင်းရဲ့ ထိုင်ခုံကို စင်မြင့်အစွန်ဘက်ကို ပြောင်းပေးရင် ဘယ်လိုလဲ…မင်းရဲ့ ခန္ဓာကိုယ်က အထူးအခြေအနေမှာရှိလို့ သန့်ရှင်းတဲ့ ပတ်ဝန်းကျင် လိုအပ်တယ်… ဆူညံတဲ့ စားပွဲမှာ မဟုတ်ရင် ပိုပြီး တည်ငြိမ်လိမ့်မယ်…"
စုန့်ယွီ: "......"
စုန့်ယွီသည်လည်း ဘာမျှ မပြောဘဲ ပြန်မေးလိုက်သည်။
"စင်မြင့်အစွန်မှာ ထိုင်ခုံမရှိဘူး မဟုတ်လား…"
အိုးယီလျန်: "ငါ မင်းအတွက် တစ်ခု စီစဉ်ပေးလို့ရတယ်…"
စုန့်ယွီက ရယ်မောလိုက်သည်။
"ကျေးဇူးတင်ပါတယ် လောင်ရှီး…ဒါပေမဲ့ ကျွန်တော့်အဆုတ်က သိပ်မကောင်းဘူး…"
အိုးယီလျန်က သူ့ဘောပင်ကို ချလိုက်သည်။ သူမ၏ လှုပ်ရှားမှုများက အလွန်ကို ပိုလွန်းနေသည်။ သူမက မျက်မှောင်ကြုတ်ပြီး စုန့်ယွီအပေါ် သူ၏ စိတ်အနှောင့်အယှက်ဖြစ်မှုကို ရှင်းရှင်းလင်းလင်း ပြသနေခဲ့သည်။
သူမ၏ လေသံက အေးစက်နေသည်။
"ရှဲ့ဆွေ့က မြို့ရဲ့ နံပါတ်တစ်ဆိုတဲ့ ရလဒ်တွေ ထွက်လာပြီ… မင်း သူ့ဘေးမှာ ထိုင်ရတာ ဖိအားတွေ အများကြီး မခံစားရဘူးလား…"
စုန့်ယွီက မေးခွန်းနှင့် ပြန်ဖြေလိုက်သည်။
“ဒါဆိုရင် ဝမ်စစ်က သူ့ဘေးမှာ ထိုင်ရင်ရော ဖိအားတွေ မခံစားရဘူးလား…”
အိုးယီလျန်၏ ရည်ရွယ်ချက်များက ပေါ်လွင်သွားပြီဖြစ်သည်။ သူမ ဘာစကားမျှ မပြောတော့ဘဲ သူ့ကို စိုက်ကြည့်နေခဲ့သည်။
စုန့်ယွီ၏ မျက်လုံများက ကြည်လင်ပြီး မှောင်မည်းနေခဲ့သည်။ သူ့မျက်နှာတွင် အပြုံးလေးတစ်စက်ပင် မရှိသောအခါ သူက အေးစက်ပြီး ဆင်ခြင်တုံတရားမရှိသည့် ပုံစံမျိုး ပေါ်နေခဲ့သည်။
"လောင်ရှီး၊ ကျွန်တော့်ကို ရုံးခန်းခေါ်တာ ဝမ်စစ်အတွက် ကျွန်တော့်နေရာကို ပေးဖို့ပဲလား…"
အိုးယီလျန်က ခေါင်းစဉ်ကို ရှောင်လွှဲပြီး အေးစက်စွာ ပြောသည်။
"စုန့်ယွီ၊ ဒါက မင်း ဆရာအပေါ်ထားတဲ့ သဘောထားလား… မင်းက ကျောင်းသားတစ်ယောက်အနေနဲ့ ဒီလိုပဲလား…"
စုန့်ယွီက သူမကို ဆက်ပြီး အာရုံစိုက်ရန် ပျင်းရိနေသည်။ သူက သူ့ဖုန်းကို ထုတ်လိုက်ပြီး ပြောလိုက်သည်။
"ကျွန်တော်က ရှဲ့ဆွေ့ရဲ့ ထိုင်ခုံဖော်ဖြစ်ပြီးတော့ ကျောင်းသားတွေက သူတို့ ထိုင်ချင်တဲ့နေရာမှာ ထိုင်လို့ရတယ်လို့ လောင်ရှီးကိုယ်တိုင် ပြောခဲ့တာပဲ… ဒါဆို ဘာလို့ သူ့ဆန္ဒကို မမေးတာလဲ…"
အိုးယီလျန်က ဒေါသထွက်လွန်း၍ စိတ်မထိန်းနိုင်တော့ပေ။
"သူနဲ့ စကားပြောတာ ငါ့ကိစ္စ…မင်းနဲ့မဆိုင်ဘူး… ငါတို့ အခုပြောနေတာ မင်းရဲ့ သဘောထားပဲ… မင်းရဲ့ ဆရာမက ထိုင်ခုံပြောင်းခိုင်းတာကို မင်းက ပြန်ပြီး ဆန့်ကျင်နေပြီ… မင်း ဒီလောက် တော်ရင်တော့ အတန်းပြောင်းလိုက်...မင်းလိုလူတွေကို ငါ တာဝန်ယူချင်စိတ်မရှိဘူး… ဘာပဲဖြစ်ဖြစ် မင်းတို့က အပြင်ရောက်ရင် လူ့အဖွဲ့အစည်းရဲ့ အမှိုက်တွေ ဖြစ်မှာပဲ…"
စုန့်ယွီက ညှိနှိုင်းရန် အစီအစဉ်မရှိပေ။ သူ နံပါတ်အချို့ကို နှိပ်လိုက်သည်။
"ဘီး——"
ဖုန်းခေါ်ဆိုသံက မြည်လာခဲ့သည်။
စုန့်ယွီက သူ့ဖုန်းကို သူမလက်ထဲသို့ ထည့်ပေးလိုက်သည်။
"အတန်းပြောင်းတာနဲ့ ပတ်သက်ပြီးတော့ ဆရာမ ကျောင်းအုပ်ကြီးနဲ့ ပြောကြည့်လိုက်ပါ…"
အိုးယီလျန်၏ စကားလုံးအားလုံးက သူမ၏ လည်ချောင်းထဲတွင် ပိတ်ဆို့သွားခဲ့သည်။
သူမ၏ အကြည့်က စုန့်ယွီ၏ ခန္ဓာကိုယ်ပေါ်တွင် ရောက်နေပြီး သူ့အရေပြားတစ်ထပ်ချင်းစီကို လှန်ချွတ်ပစ်ချင်နေသကဲ့သို့ ဖြစ်နေလေသည်။
သူမက ဒေါသတကြီး ရယ်မောလိုက်သည်။
"မင်း ငါ့ကို ခြိမ်းခြောက်နေတာလား… ငါ ဘာမှမလုပ်နိုင်ဘူးလို့ တကယ်ထင်နေတာလား…"
စုန့်ယွီက ခဏတာ ရယ်မောလိုက်သည်။
ဖုန်းခေါ်ဆိုမှုက အဆက်အသွယ် ရသွားပြီဖြစ်သည်။
တစ်ဖက်က ကျောင်းအုပ်ကြီးက ကြင်နာသောလေသံနှင့် ပြောသည်။
"ယွီယွီ၊ ဘာလို့ ရုတ်တရက် ဖုန်းခေါ်တာလဲ…"
အိုးယီလျန်က မှင်သက်သွားခဲ့သည်။ ထို့နောက် သူ့လေသံကို ပြောင်းလိုက်ပြီး သူက စိတ်ထိခိုက်နေသော လေသံနှင့် ပြောလိုက်သည်။
"ကျောင်းအုပ်ကြီး၊ ကျွန်မပါ… အိုးလောင်ရှီး… စုန့်ယွီရဲ့ အတန်းပိုင်ဆရာမပါ…"
ကျောင်းအုပ်ကြီး: "ဪ၊ အိုးလောင်ရှီးလား...ဘာကိစ္စလဲ…"
အိုးယီလျန်၏ လေသံက သူမက ကောင်းကင်လောက်ကြီးမားသည့် ခံပြင်းများကို ခံစားခဲ့ရသကဲ့သို့ ဖြစ်နေခဲ့သည်။
"ကျောင်းအုပ်ကြီး၊ ကျွန်မ ဒီကျောင်းသားကို မထိန်းနိုင်ဘူး… ကျွန်မ သူ့ကို သူ့ထိုင်ခုံအကြောင်း မေးဖို့ ခေါ်လိုက်ရုံနဲ့ သူက ကျွန်မကို ဒေါသထွက်ပြီး ကျောင်းအုပ်ကြီးကို ဖုန်းဆက်ပြီး ကျွန်မကို ခြိမ်းခြောက်တယ်… ကျွန်မ နှစ်ပေါင်းများစွာ စာသင်ခဲ့တာ၊ ဒီလိုမျိုး ပုံမှန်မဟုတ်တဲ့ ကျောင်းသားမျိုး တစ်ခါမှ မမြင်ဖူးဘူး… သူ ကျန်းမာရေးမကောင်းတော့ ကျွန်မ ဘာမှမပြောရဲဘူး.. ကျွန်မ သူ့ကို မထိရဲဘူး၊ မဆူရဲဘူး၊ သူ့ကို မသင်ကြားပေးနိုင်ဘူး… သူ့ကို ပိုပြီး အရည်အချင်းရှိတဲ့ ဆရာတစ်ယောက်ဆီ ပြောင်းပေးတာ ပိုကောင်းပါလိမ့်မယ်…"
ကျောင်းအုပ်ကြီးဘက်မှ အကြာကြီး တိတ်ဆိတ်သွားခဲ့သည်။
"ယွီယွီက ကျန်းမာရေးမကောင်းဘူး... လောင်ရှီး နည်းနည်း ပိုပြီး သည်းခံသင့်တယ်…"
အိုးလောင်ရှီးက ခါးခါးသီးသီးနှင့် ပြောသည်။
"ကျောင်းအုပ်ကြီး၊ ကျွန်မ သည်းမခံတာ မဟုတ်ပါဘူး… သူက ကျွန်မကို အထင်သေးပြီး ကျွန်မရဲ့ အလုပ်ကို မလေးစားလို့ပါ… ကျောင်းစတက်တဲ့ ပထမဆုံးနေ့မှာပဲ ဆရာမကို ဆန့်ကျင်တဲ့ ကျောင်းသားတစ်ယောက်ကို ကျောင်းအုပ်ကြီး ဘယ်တုန်းက မြင်ဖူးလဲ…"
ကျောင်းအုပ်ကြီး: "ဖုန်းကို ယွီယွီဆီ ပေးလိုက်…"
စုန့်ယွီက သူမ၏ အခြေအမြစ်မရှိသော စွပ်စွဲချက်များကို အေးစက်စွာ ကြည့်နေခဲ့ပြီး ဖုန်းကို ယူလိုက်သည်။
"ဟဲလို၊ ကျောင်းအုပ်ကြီး…"
အိုးယီလျန်က သူ့ကို စိုက်ကြည့်ပြီး လှောင်ပြောင်လိုက်သည်။
စုန့်ယွီက မျက်လွှာချလိုက်ပြီး အထူးသဖြင့် ယဉ်ကျေးသိမ်မွေ့သည့်ပုံ ပေါ်နေသည်။
သူ အိုးယီလျန်၏ မျက်နှာအမူအရာကို မြင်လိုက်ရသောအခါ သူ့နှုတ်ခမ်းထောင့်လေးများက ပေါ့ပါးစွာနှင့် ကွေးညွှတ်သွားသည်။
"မဟုတ်ပါဘူး…ကျွန်တော်တော့ အတန်း(၁) က အရမ်းကောင်းတယ်လို့ ထင်ပါတယ်… အိုးလောင်ရှီးကလည်း အရမ်းကောင်းပါတယ်…"
"ကျွန်တော် အတန်းပြောင်းဖို့ အစီအစဉ် မရှိသေးပါဘူး…လောင်ရှီးက ကျွန်တော့်ကို စင်မြင့်နားမှာ ထိုင်ခိုင်းချင်တာ… ဒါပေမဲ့ ကျွန်တော်က မထိုင်ချင်တော့ ကျွန်တော့်ကို စဆူတယ်… နောင်တစ်ချိန်ကျရင် ကျွန်တော် လူ့အဖွဲ့အစည်းရဲ့ အမှိုက် ဖြစ်လာလိမ့်မယ်လို့ ပြောတယ်လေ…"
အိုးယီလျန်၏ အပြုံးက တောင့်တင်းသွားခဲ့သည်။
ကျောင်းအုပ်ကြီးက သိသာစွာပင် ဒေါသထွက်သွားခဲ့သည်။
"အိုးလောင်ရှီး၊ ယွီယွီပြောတာ အမှန်ပဲလား…"
အိုးယီလျန်က အလွန်အမင်း ဝေဒနာ ခံစားနေရ၏။
"ကျောင်းအုပ်ကြီး၊ ဒီကလေး… အင်း… ဒီကလေးက စကားတွေကို မူရင်းအဓိပ္ပာယ်နဲ့ လွဲပြီး ပြောနေတာ… ကျွန်မက သူ့ကျန်းမာရေးကို စိုးရိမ်လို့ သူ့ကို အနီးကပ် စောင့်ကြည့်ချင်တာကြောင့် စင်မြင့်ပေါ်မှာ သူ့အတွက် ထိုင်ခုံ စီစဉ်ပေးမယ်လို့ ပြောခဲ့တာ… သူ့ရဲ့ သဘောထားကို မေးလိုက်တာ...
သူက ကျွန်မကို ပြန်ပြီး ငြင်းခုံတော့တာပဲ…ကျွန်မက ကြမ်းတမ်းတဲ့ ချစ်ခြင်းမေတ္တာ နည်းနည်း ပေးတာပဲ မဟုတ်ဘူးလား…ကျွန်မက ကျောင်းသားတိုင်းကို ကိုယ့်သားသမီးလို သဘောထားတာပါ… သူက နားမထောင်ချင်တာကို မြင်တော့ ကျွန်မစကားတွေ နည်းနည်း ကြမ်းသွားတာ မှန်ပါတယ်… ဒါပေမဲ့ သူ့အတွက် ကောင်းတာပဲလေ… ဒါပေမဲ့ သူက ကျွန်မ သူ့အပေါ် ဆိုးတာ၊ ကျွန်မ သူ့ကို မကြိုက်ဘူးလို့ နားလည်သွားတာ ဖြစ်နိုင်ပါတယ်… ဒါကလည်း ကျွန်မရင်ထဲမှာ အထုံးအဖွဲ့တစ်ခု ဖြစ်နေပြီမို့ ထပ်ပြီး မပြောချင်တော့ပါဘူး… သူ့အတွက်ရော၊ ကျွန်မအတွက်ရော ကောင်းတာကတော့ ကျောင်းအုပ်ကြီး ဒီကလေးကို အတန်းပြောင်းပေးသင့်တယ်လို့ ကျွန်မ မြင်ပါတယ်…"
အကြာကြီး တိတ်ဆိတ်သွားပြီးနောက် ကျောင်းအုပ်ကြီး၏ စကားများက ထပ်ထွက်လာခဲ့သည်။
"ယွီယွီက အိုးလောင်ရှီးကို သဘောကျတယ်…အတန်း (၁) ကို ကြိုက်တယ်လို့ ခုနကပဲ ပြောသွားတယ်… သူ မထွက်ချင်ရင် သူ့ကို နေခိုင်းလိုက်ပါ… ဒါ့အပြင် အိုးလောင်ရှီး 'သူ့အတွက် ကောင်းတာ' ဆိုတဲ့ ခေါင်းစဉ်အောက်မှာ စကားလုံးအားလုံးကို စိတ်ကြိုက် ပြောလို့မရပါဘူး… အိုးလောင်ရှီးမှာ ကိုယ်ပိုင်သင်ကြားရေး နည်းလမ်းတွေ ရှိပါတယ်… ဒါပေမဲ့ ကလေးတွေရဲ့ ခံနိုင်ရည်အဆင့်ကိုလည်း ထည့်သွင်းစဉ်းစားပေးပါ…"
"ယွီယွီက ကျန်းမာရေး မကောင်းဘဲ မွေးလာတာဆိုတော့ လောင်ရှီးတို့ သူ့ကို ဂရုတစိုက် ပြုစုစောင့်ရှောက်သင့်တယ်… အသေးအဖွဲ ကိစ္စလေးတွေနဲ့တော့ ငါ့ရှေ့မှာ လာငိုမနေနဲ့…"
အိုးယီလျန်က လုံးဝ မှင်သက်သွားခဲ့သည်။
စုန့်ယွီက သူ့စာအုပ်များကို ကိုင်ထားဆဲဖြစ်ပြီး ပြုံးလိုက်သည်။
ဖုန်းချလိုက်သည့်အသံ ထွက်လာခဲ့သည်။
အိုးယီလျန်၏ မျက်နှာအမူအရာက နီလိုက်၊ မည်းလိုက်၊ စိမ်းလိုက်နှင့် ကြည့်ရသည်က အလွန် စိတ်ဝင်စားစရာကောင်းသည်။
စုန့်ယွီက ကျက်သရေရှိစွာ ပြုံးလိုက်သည်။
"အိုးလောင်ရှီး… ဒီသုံးနှစ်လုံး ကျွန်တော့်ကို ဂရုစိုက်ပေးပါဦးနော်…"
ငါက ဒီဆရာမရဲ့ သင်ကြားရေးသမိုင်းမှာ အထူးခြားဆုံး ကျောင်းသားတစ်ယောက် ဖြစ်လာမှာ သေချာတယ်…ဆရာမကို လူတစ်ယောက်အနေနဲ့ ဘယ်လိုနေထိုင်ရမယ်ဆိုတာ သင်ပေးမယ်လေ…
အိုးယီလျန်၏ ဘောပင်က ဒေါသတကြီးနှင့် သူ့နာမည်စာရင်းကို ထိုးဖောက်သွားမတတ်နီးပါးပင်။ သူမက စုန့်ယွီ၏ အချက်အလက်များကို အလောတကြီး လှန်လှောကြည့်လိုက်သည်။
သူက သာမန်လုပ်ငန်းခွင် မိသားစုကပဲ ဖြစ်ပုံရတယ်… ဒါဆို သူက ချူချာလို့လား.. ဒါကြောင့် ဒီလောက်ကြီး အထူးအခွင့်အရေးတွေ ရခဲ့တာလား…
ငါ ဝမ်စစ်ကို ဘယ်လို ရှင်းပြရမယ်ဆိုတာ မသိတော့ဘူး… ဝမ်မိသားစုနဲ့လည်း မျက်နှာသာရဖို့ အခွင့်အရေး ဆုံးရှုံးသွားပြီ…
သူမက အလွန်ဒေါသထွက်နေသောကြောင့် သွားများပင် ကြိတ်နေမိခဲ့သည်။
"ကောင်းပြီ၊ လပတ်စာမေးပွဲပြီးရင် ထိုင်ခုံတွေ လဲကြမယ်… အဲ့ဒီကျရင် မင်း ရှဲ့ဆွေ့ဘေးမှာ ထိုင်နိုင်သေးလားဆိုတာ ကြည့်ရသေးတာပေါ့…"
စုန့်ယွီက သူ့ဖုန်းကို သိမ်းပြီး ညင်သာစွာ ပြုံးလိုက်သည်။
"ကောင်းပါပြီ လောင်ရှီး… ဒါဖြင့် ခွင့်ပြုပါဦး…"
နောက်တစ်ခါ လောင်ရှီး ဒီအတန်းမှာ ရှိဦးမလား မသေချာပါဘူးလေ…
ကျင်းချန် အမှတ် (၁) အထက်တန်းကျောင်းမှာ အသိပညာ ကြွယ်ဝပြီး သဘောထားပြည့်ဝတဲ့ အတန်းပိုင်ဆရာမတွေ အများကြီး ရှိနေတာကို ရှဲ့ဆွေ့က ဘာလို့ ဒီလိုထူးခြားတဲ့ စရိုက်ရှိတဲ့သူမျိုးနဲ့မှ ဆုံရတာလဲဆိုတာကို ငါ နားမလည်နိုင်ဘူး…
သူ(အိုးယီလျန်)က မိုက်မဲပြီး အဆိပ်ပြင်းတယ်… သူ့ရဲ့ ဉာဏ်ရည်နဲ့ စရိုက်နဲ့ဆိုရင် ဆရာမအဖြစ် အရည်အချင်းပြည့်မီဖို့ ကိုယ့်ဘာသာကိုယ် ရခဲ့တာ သေချာရဲ့လား.…
စုန့်ယွီက ရုံးခန်းမှ ထွက်လာပြီး အောက်ထပ်ဆင်းသွားသောအခါ လမ်းမီးတိုင်အောက်တွင် ရှဲ့ဆွေ့ကို တွေ့လိုက်ရသည်။
ရှဲ့ဆွေ့က ယခုအခါ ဒူးထောက်ထိုင်နေပြီး လမ်းဘေးခွေးတစ်ကောင်ကို သူ့လက်ချောင်းများနှင့် ဆော့ကစားပေးနေသည်။ အေးစက်သော အလင်းရောင်က သူ၏ မျက်နှာတစ်ခြမ်း၊ သူ၏ မျက်တောင်ထူထူတွေနှင့် ဖြူဖျော့နေသည့် နှုတ်ခမ်းများပေါ်တွင် ကျရောက်နေခဲ့သည်။ သူ့ခန္ဓာကိုယ်တစ်ခုလုံး၏ စရိုက်က မြင့်မြတ်ပြီး အေးစက်နေသကဲ့သို့ပင်။
စုန့်ယွီက အံ့ဩသွားခဲ့သည်။
"မင်း ငါ့ကို စောင့်နေတာလား…”
ရှဲ့ဆွေ့က ထရပ်လိုက်ပြီး မငြင်းဆိုခဲ့ပေ။ သူက ပြုံးရုံသာ ပြုံးပြီး မေးလိုက်သည်။
"ဗိုက်ဆာလား…တစ်ခုခု စားချင်လား…"
စုန့်ယွီက တကယ်ပင် အနည်းငယ် ဗိုက်ဆာနေသည်။ သူက ခေါင်းညိတ်လိုက်သည်။
သူက သူတို့အတူ လမ်းလျှောက်ရင်း မေးလိုက်သည်။
"မင်း အရင်ဆုံး မင်းရဲ့အိပ်ဆောင်ကို မပြန်ဘူးလား…"
"ငါက မင်းနဲ့တူတဲ့ တိုက်ခန်းမှာပဲနေတာ… လမ်းကြုံတာပေါ့…"
သောက်ကျိုးနဲ…
စုန့်ယွီ၏ မျက်လုံးများက ပြူးကျယ်သွားသည်။
"မင်းလည်း ဘယ်လိုလုပ် အဲ့ဒီမှာ နေဖြစ်သွားတာလဲ…”
ရှဲ့ဆွေ့က ပေါ့ပေါ့ပါးပါးနှင့် ပြောလိုက်သည်။
"ကျောင်းအုပ်ကြီး စီစဉ်ပေးတာ…"
စုန့်ယွီက သဘောပေါက်သွားခဲ့သည်။
သူက မြို့မှာ နံပါတ်တစ်ဖြစ်လို့လား…သူက ကျောင်းစတက်ကတည်းက တစ်ယောက်တည်းနေဖို့ အခန်းတစ်ခန်း ရခဲ့တာကိုး…
ခဏလေး၊ မူရင်းဝတ္ထုမှာ ဒီလို အခြေအနေမျိုးရော ရှိခဲ့ဖူးလား… ငါ့မှတ်ဉာဏ်က ခွေးမှတ်ဉာဏ်မို့ မှတ်မိမနေဘူး….
🌹🌹🌹